အခန်း ၁၉၇၃
Vol. 133 Ch. 1973
အပိုင်း (၁၉၇၃)
သူသည် အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ခွင့်ရလိမ့်မည်ဟု တွေးတောခဲ့၏။ သို့ပေမဲ့ အထဲသို့ဝင်ရောက်နိုင်စွမ်း ရှိသည့်တံခါးကြီးသည် ရုတ်တရက်ပြိုလဲကာ မည်သည့်အခါမှမရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။ ဆိုလိုသည်မှာ သူနှင့်အတူလိုက်ပါလာခဲ့သည့်လူသည် အထဲသို့ဝင်ရောက်ရန် ငြင်းပယ်ခဲ့ခြင်းပင် ဖြစ်ပေ လိမ့်မည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စိတ်တစ်ခုလုံးသည် အလုံးစုံ ပြိုလဲလျက် ရှိနေ၏။ ဘဝတစ်သက်တာတွင် တစ်ကြိမ်ထဲသာ ရရှိသည့်အခွင့်အရေးကို ဤအရူးသည် လွယ်လွယ် ကူကူဖြင့် ငြင်းပယ်ခဲ့လေ၏။ ပိုမိုကာဒေါသထွက်စရာကောင်းသည်မှာ တစ်ဖက်လူသည် ဤကဲ့သို့ ကြီးမား လွန်းလှသည့် အမှားအယွင်းကို ပြုလုပ်ထားသည်ဆိုလျှင်တောင်မှ မည်သည့်အပြစ်မှ မပြုလုပ်ထားခဲ့သလို နဝေတိမ်တောင် မျက်နှာအမူအယာဖြင့် တည်ရှိနေခြင်းပင်။ မည်မျှဆိုးရွားလှသည့် ကိစ္စရပ်မျိုးကို ပြုလုပ် ခဲ့သည်ဖြစ်ကြောင်း သူ့ကိုယ်သူပင်မသိပုံပေါ်၏။
“သောက်ခွေးသူတောင်းစား။”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ရှိနေသည်ကို မြင်ရသည့်အချိန် မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။ ပြီးသည့်နောက် သူသည် ရုတ်တရက် လှည့်ကာ ထွက်ပြေးတော့သည်။ “ချီးထဲမှ... သူ ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ”
“ကျွင်းချောင်ရှောင်း”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဒေါသတကြီးအော်ဟစ်သံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ “ငါ မင်းကို အစိတ်စိတ်အပိုင်းပိုင်းလုပ်ပစ်မယ်”
သူ၏စစ်တပ်ကြီးတစ်ခုလုံး ဖျက်ဆီးခံရမှုကို သူလက်ခံနိုင်၏။ ထို့ပြင် သူ၏နောက်လိုက်များ သေဆုံးသွား ခဲ့ခြင်းကိုလည်း လက်ခံနိုင်၏။ သို့ပေမဲ့ အန္တိမကုန်းမြေတိုက်သို့ ဝင်ရောက်ခွင့်ရနိုင်သည့် အခွင့်အရေးကို တစ်ဖက်လူသည် ဖျက်ဆီးသွားခဲ့ပြီဖြစ်၏။ ဤအရာသည် လုံးဝသည်းခံနိုင်သည့် အရာမျိုးမဟုတ်တော့ချေ။
“သေစမ်း။ မင်းကျိန်းသေပေါက် သေရမယ်”
ရန်ငြိုးအသစ်နှင့် အဟောင်းတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စိတ်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးစွမ်းအင်များသည် သူ၏လက်တွင် စုဝေးလာခဲ့၏။
တဖြည်းဖြည်းနှင့် သူ၏နောက်ဖက်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်လိုခြင်းဆန္ဒများ ဖြစ်တည်လာသည်ကို ခံစားမိသည့်အချိန်မှာတော့ ထွက်ပြေးလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၌ ခြေနှစ်ချောင်း ထပ်မံ ပေါက်လာစေပင် ဆုတောင်းနေမိ၏။ သူသည် အော်ဟစ်လိုက်မိသည်။ “ သောက်ကျိုးနည်း .... ငါ ဒီကနေ ဘယ်လိုထွက်ရမလဲ”
ဟုတ်ပေသည်။ သူ ဤနေရာကနေ မည်ကဲ့သို့ထွက်ရမည်နည်း။ လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် အပြင်လောကဆီသို့ ထွက်နိုင်ရန် ထွက်ပေါက်ဟူ၍လည်း မရှိပုံပေါ်၏။
“ဘာကိုကြောက်နေတာလဲ”
စနစ်ကပြောလိုက်သည်။ “သူ့ကို ချရအောင်”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ငါ နောက်ဆုံးဆရာကြီးနဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ဆိုတာ အဆင်သင့် မဖြစ်သေးဘူး”
သူသည် ပုံမှန်အတိုင်း ကျမ်းစာကို လေ့လာရန် ထုတ်ယူခဲ့ခြင်းဖြစ်၏။ ပြီးနောက် အူကြောင်ကြောင်နှင့် ဤထူးခြားလှသော တည်နေရာထဲသို့ရောက်ရှိခဲ့၏။ ယခု မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရ၏။ ထိုအရာသည် အမှန်ပင် ရုတ်တရက် ဆန်လွန်းလှသည်။
“သေစမ်း”
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ခြေလှမ်းကျဲကြီးများဖြင့် အသာချဉ်းကပ်လာခဲ့၏။ သူ၏ ညာဘက်လက်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များ ထွက်ပေါ်လျက်ရှိ၏။ ဤတိုက်ခိုက်မှု၊ ဤအရှိန်အဟုန် ... အရာအားလုံးသည် ကျွင်းချောင်ရှောင်းကို ဇောချွေးပြန်သည် အထိ ကြောက်လန့်တုန်လှုပ်စေခဲ့၏။
သူတို့နှစ်ယောက်ကြား ကွာခြားချက်မှာ အလွန်ပင်ကြီးမားလွန်းလှသည်။ မည်သည့်ဂိမ်းဆာဗာကိုမှ ခိုးယူ ထားခြင်း မရှိသော ကုန်းရှန့်သည် လက်ရှိအခြေအနေမှာတော့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ရှေ့တွင် အမြီးကုပ်လျက်ရှိနေသည့် သနားစရာ ခွေးလေးတစ်ကောင်ကဲ့သို့ပင်။
“သေတော့မှာပဲ”
ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်များသည် တဖြည်းဖြည်းဖြစ်တည်လာခဲ့ပြီး ကျွင်းချောင်ရှောင်း ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများ အထင်းသားပေါ်ပေါက်လာခဲ့သည်။
ဝှစ်
တွေးနေရန်အချိန်မရှိတော့ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ညာလက်တစ်ခုလုံးသည် သူ၏နောက် ကျောဆီသို့ ရောက်ရှိလာခဲ့၏။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်း၏ အမူအယာသည် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် ထအော်ရန် ပြင်လိုက်သည့် အချိန်မှာပဲ တစ်ဖက်လူ၏ ညာဘက်လက်ဝါးရိုက်ချက်သည် သူ၏ခန္ဓာကိုယ်ကို ထိမှန်ခဲ့သည်ဆိုသော်လည်း လက်ဝါးရိုက်ချက်မှာ ခန္ဓာကိုယ်ကို ထွင်းဖောက်ကာထွက်သွားခဲ့၏။ ထို့ကြောင့် သူသည် သွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်မိသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည်လည်း ရပ်တန့်သွားမိ၏။ သူသည် ကျွင်းချောင်ရှောင်းကို အံအား တသင့်ဖြင့် အသာလှည့်ကာကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်ကဲ့သို့ ဖြစ်တည် နေသည်ကို မြင်ရသည့်အချိန်မှာတော့ ဒေါသတကြီးအော်ဟစ်လိုက်၏။ “ဒါ ပုံရိပ်ယောင်တစ်ခုလား။ ဘယ်လိုအခြေအနေပါလိမ့်”
ကျွင်းချောင်ရှောင်းသည်လည်း ဆွံ့အသွားခဲ့၏။ သူသည် လက်ကိုမြှောက်၍ သူ၏ပါးကို ရိုက်ကြည့်လိုက်၏။ သို့ပေမဲ့ လက်ဝါးရိုက်ချက်သည် သူ၏ မျက်နှာကို ထွင်းဖောက်ထွက်သွားခဲ့သည်။ နားလည်ပြီ။ သူသည် လွတ်လပ်သည့် ကိုယ်ပိုင် သိစိတ်ရှိသည်ဆိုသော်လည်း ခန္ဓာကိုယ်မှာမူ အစစ်အမှန် မဟုတ်ချေ။ ပုံရိပ်ယောင် အနေဖြင့် ရောက်ရှိလာခြင်းသာ ဖြစ်သည်။
ရွှီး
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည်လည်း သူ့မျက်နှာကို သူရိုက်၍ကြိုးစားကြည့်၏။ နောက်ဆုံးမှာတော့ ၎င်း၏ လက်သည်လည်း ပါးကို ထွင်းဖောက်၍ ထွက်သွားပြန်၏။ ၎င်းတို့နှစ်ယောက်လုံးသည် ပုံရိပ်ယောင်များ အဖြစ် တည်ရှိနေခြင်းပင်။
ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာဖြင့် ရယ်မောလိုက်၏။ “လာစမ်း လာစမ်း။ ခင်ဗျား ကြိုက်သလောက် ရိုက်။ ကျုပ်ဒီမှာရပ်နေတယ်”
ပုံရိပ်ယောင်ဖြစ်နေသည်ဆိုမှတော့ တစ်ဖက်လူ ရိုက်နှက်နိုင်သည်ဆိုလျှင်တောင်မှ သူ့ကိုထိမှန်လိမ့်မည် မဟုတ် ချေ။ အဘယ့်ကြောင့် ကြောက်ရွံ့နေရတော့မည်နည်း။
“ထိအောင်မရိုက်နိုင်ရင် ခွေးပဲ .. ဟားဟား .. ရိုက်စမ်းပါ”
“...........”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဒေါသတကြီးဖြင့် ရှေ့ကိုလှမ်းတက်လိုက်၏။ သူသည် ရုတ်တရက် ဆိုသလိုပဲ ဘယ်ဖြောင့်၊ ညာဖြောင့်လက်သီးများကို ထုတ်ဖော်ကာဖြင့် ကျွင်းချောင်ရှောင်းကို ထိုးနှက်နေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ခန္ဓာကိုယ်ကို လက်သီးချက်များသည် ထွင်းဖောက်ထွက်သွားခဲ့၏။ ထိုသို့ဆိုလျှင် တောင်မှ သူသည် မရပ်တန့်ချေ။ ဆက်တိုက်ဆိုသလိုပဲ လေထုထဲတွင် နာရီဝက်ခန့်နီးပါးကြာအောင် ထိုးနှက် လျက်ရှိနေလေ၏။
“ကျုပ်ပြောပြမယ်”
ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ခန္ဓာကိုယ်ကို ကွေးညွတ်ကာဖြင့် အပျင်းကြောပင် ဆန့်လို့နေသည်။ “ခင်ဗျား မပင်ပန်းသေးဘူးလား”
“..........”
တစ်ဖက်လူကို ထိခိုက်နာကျင်အောင်မပြုလုပ်နိုင်မှန်း သိရှိပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် သူ၏ ဒေါသတရားများကို ထိန်းချုပ်ရန်သာ တတ်နိုင်တော့၏။ သို့ပေမဲ့ ဤကြောင်တောင်တောင်နှင့် ပြောင်စပ်စပ်မျက်နှာကို မြင်နေရစဉ်မှာတော့ သူသည် ကြည့်လေ ဒေါသထွက်လေ ဖြစ်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူကို ဂရုမစိုက်ချေ။ ဤတည်နေရာကြီးထဲကို စတင်ကာ ပတ်ကြည့်နေ၏။ သူက တွေးလိုက်မိသည်။ “ဒီထဲမှာ လျှို့ဝှက်ချက် တစ်ခုခုများရှိနေနိုင်မလား”
သက်တန့်ရောင်စဉ်ကျမ်းခုနှစ်တွဲဆီမှ အသက်ဝင်လာခဲ့သည့် လေဝဲကြီးသည် အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို ရရှိခဲ့၏။ စိတ်တည်ငြိမ်သွားခဲ့ပြီဖြစ်သော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည်လည်း ထိုအရာကို တွေးတောမိ၏။ သူသည် ရည်မှန်းချက်ကင်းမဲ့စွာဖြင့် တည်နေရာထဲသို့ လှည့်လည် သွားလာနေမိ၏။
ဝှစ် ဝှစ် ဝှစ်
လေများသည် တဟူးဟူးနှင့် တိုက်ခိုက်လျက်ရှိ၏။
“ဟမ်”
ကျွင်းချောင်ရှောင်းနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတို့သည် တစ်ပြိုင်နက်တည်း ရပ်တန့်လိုက် ကြ၏။ ဤစည်းတည်နေရာကြီးတွင် အဘယ့်ကြောင့် လေများတိုက်ခတ်လာသနည်း ဆိုသည်က သူတို့က စဉ်းစားလိုက်မိကြသည်။
ရွှီး
သူတို့နှစ်ယောက် တပြိုင်နက်တည်းလှုပ်ရှားပြီးသည့်နောက် အဝေးတည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက် သည်။ သူတို့၏ အရှေ့၌ မြူများဖုံးလွှမ်းလျက်ရှိနေသည့် တည်နေရာကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုနေရာဆီမှ လေများတိုက်ခတ်လာခြင်းပင်။
“ပြဿနာတက်ပြီ”
ကျွင်းချောင်ရှောင်းနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတို့သည် အလျှင်အမြန်ဖြင့် လှမ်းလျှောက်သွား ခဲ့ကြ၏။ လေများသည် ဆက်လက်တိုက်ခတ်လျက် ရှိနေတုန်းပင်။ ၎င်းတို့၏ ခြေထောက်အောက်တွင် ရှိနေသော လမ်းသည် အဆုံးအစကင်းမဲ့သလိုပင် ဖြစ်လို့နေခဲ့၏။ သူတို့သည် မြူများဖုံးလွှမ်းနေသောကြောင့် အရှေ့ကိုမမြင်ရဘူး ဆိုသော်လည်း ဆက်၍လျှောက်မိနေကြ၏။
နှစ်ယောက်လုံး၏နှလုံးသားထဲတွင်လည်း သံသယများနှင့် ပြည့်နှက်လာခဲ့ကြ၏။ ဘယ်လောက်မှန်း မသိသည့် အချိန်ကာလတစ်ခုဆီသို့ လှမ်းလျှောက်ပြီးသည့်နောက် နှစ်ယောက်သား ရပ်တန့်လိုက်ကြ၏။ အဘယ့်ကြောင့် ဆိုသော် သူတို့၏ ရှေ့တွင် ချာချာလည်လျက် ရှိနေသည့် လေဝဲကြီး တစ်ခုပေါ်ပေါက်လာခဲ့သောကြောင့်ပင်။ ထို၏ အတွင်းဘက်ဆီမှ လေများ ထွက်ပေါ်နေခြင်းပင်။
“ထွက်ပေါက်လား” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွား၏။
ရွှီး ....။
ထိုအချိန်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အရှေ့ဆီသို့ လှမ်းသွားလိုက်သည်။ ပြီးနောက် ကုန်းရှန့်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “ကောင်လေး... ငါမင်းကို အပြင်မှာ စောင့်နေမယ်”
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ အပြင်ဘက်လောကဆီသို့ထွက်ရန် ထွက်ပေါက်ကြီး ဖြစ်သည် ဆိုပါက သူသည် အရင်ဆုံးထွက်၍ တံခါးကိုပိတ်ရပေလိမ့်မည်။
ရွှီး .....။
တွေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ အားအင်အဆင့်အကုန်လုံးကို ထုတ်ဖော်ကာဖြင့် အရှေ့ဆီသို့ ပြေးလေတော့၏။ သူသည် တစ်ဖက်လူကိုကျော်ဖြတ်ကာ အရင်ဆုံး အပြင်ဘက်သို့ ရောက်မှ ဖြစ်မည်။
“ဟမ့်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် နှာခေါင်းရှုံ့ကာပြောလိုက်၏။ “အမြန်နှုန်းမှာ ငါ့ကိုလာပြီး ယှဉ်ချင်တာလား။ ကောင်းကင်နဲ့မြေကြီးက ဘယ်လောက်ကွာခြားတယ်ဆိုတာ မင်းမသိသေးဘူး”
ရွှီး
ခြေလှမ်းကျဲကြီးများနှင့်အတူ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တစ်ခါတည်းရှေ့ဆီသို့ ပြေးတော့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျပင် ဖြစ်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုလို မြန်ဆန်လှ သည်ဆိုသော်လည်း တစ်ဖက်လူမှာ သူ့ထက်ပင် ပိုမိုကာမြန်ဆန်လေ၏။
ဘုန်း
ရုတ်တရက် ထိပ်တိုက်တွေ့ဆုံသည့်အသံကြီးထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်း သတိဝင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လေဝဲကြီးဆီသို့ ရောက်ရှိ နေပြီဖြစ်၏။ မျက်နှာနှင့်လေဝဲကြီးနှင့် ထိပ်တိုက် ရိုက်နှက်မိသည့် အခြေအနေမျိုးပင်။ ဤနေရာသည် ထွက်ပေါက်မဟုတ်ချေ။ အလွန်မာကျောလှသော တည်နေရာ အတားအဆီး တစ်ခုသာလျှင် ဖြစ်သည်။
ဟင်
ကျွင်းချောင်ရှောင်းသည် ချက်ခြင်းပဲ လေဝဲ၏အစပ်တွင် ရပ်တန့်လိုက်၏။ ပြီးနောက် လွင့်စင်သွားသော မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို ကြည့်ပြီး ဘဲငန်းတစ်ကောင်ကဲ့သို့ တဂက်ဂက်ရယ်မောနေမိ၏။
ဂက် ဂက် ဂက်
“......”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ခက်ခက်ခဲခဲနှင့်ပြန်လည်ထပြီးသည့်နောက် သူ၏မျက်နှာကို အသာ အုပ်ကာ ဆောင့်ကြောင့်ထိုင်လိုက်မိသည်။
အား အား အိုး အိုး
ဟား ဟား ဟား
ထိုအခြင်းအရာကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် ပိုမိုပျော်ရွှင်စွာဖြင့် ရယ်မောနေမိ၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဒေါသတရားများနှင့် တစ်လိပ်လိပ် တောက်လောင်လာခဲ့၏။ သူသည် ဘာတစ်ခုမှ မလုပ်နိုင်ချေ။ ထိုအချိန်မှာတော့ မှန်ကဲ့သို့သော အတားအဆီးအစီအရင်တစ်ခုဖြစ်တည်လာခဲ့ပြီး ပုံရိပ်ယောင်များ စတင်ပေါ်ပေါက်လာသည်။
“ဟင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုလား” ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။
စကြဝဠာ၏ မဲမှောင်သည့်တည်နေရာကြီးတစ်ခုထဲတွင် အသက်ဓာတ်တစ်ခုမှ မရှိချေ။ အလွန် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခံစားချက်မျိုးကို ပေးစွမ်း၏။ ရုတ်တရက် ဝိညာဉ်မီးကဲ့သို့သော မီးလေးတစ်ခုက ထွန်းတောက်လာခဲ့ပြီး တင်းမာ ခက်ထန်လွန်းသည့် မျက်နှာကြီးတစ်ခုက ပေါ်လာသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက်ပေါ်ပေါက်လာသည့် မျက်နှာကြီးကို မြင်ရသည့် အချိန်မှာတော့ ထိတ်လန့်တကြားဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။
ဟမ့်
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငကြောက်ပဲ”
“.......”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လက်သီးကိုဆုပ်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် သူ့ကို ‘ငကြောက် ပဲ’ ဟု ပြောနေသည့်လူမှာ အနောက်သို့ ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်ခွာပြီးသားလူ ဖြစ်နေသော ကြောင့်ပင်။
ဆက်လက်ကာ ကြည့်ရှုနေချိန်မှာတော့ မြင်ကွင်းတွင် ဆံပင်များပွစာကြဲလျက် ရှိနေသည့် အဘိုးကြီး တစ်ယောက်၏ ပုံပန်းသွင်ပြင်ပေါ်ပေါက်လာ၏။ ၎င်း၏ အရိုးပေါ်အရေတင် လက်ကြီးဆယ်ချောင်းလုံးသည် ထက်မြလွန်းလှသည့် ဓားသွားများကဲ့သို့ပင် မြေဆီလွှာထဲသို့ထိုးစိုက်သွားခဲ့၏။
“ဘာလုပ်နေတာလဲ” ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။
အဘိုး၏လက်ဆယ်ချောင်းသည် မြေဆီလွှာထဲသို့ထည့်သွင်းပြီးသည့် နောက် မြင်ကွင်းသည် ပြည့်စုံသည့် ဂြိုဟ်ကြီးတစ်ခုကို ပြသနေ၏။ ဂြိုဟ်ကြီးသည် မကြီးမားလှချေ။ သို့ပေမဲ့ အထက်နယ်မြေထက်တော့ ပိုမိုကာ ကြီးမား၏။
ကျွင်းချောင်ရှောင်းသည် ကြည့်ရှုလေ ပိုမိုကာ ဇဝေဇဝါ ဖြစ်လာလေပင်။ ထို့ပြင် သူ့ရှေ့က မြင်ကွင်းကို ကြည့်ရှုရင်း တဖြည်းဖြည်း ပိုမိုကာ တုန်လှုပ်လာမိ၏။ ဂြိုဟ်ကြီးသည် တစ်ဖြည်းဖြည်းနှင့် ခြောက်သွေ့ လာခဲ့ပြီး မျက်စိနှင့်မြင်နိုင်စွမ်းရှိသည့် အမြန်နှုန်းအတိုင်း ပြိုလဲလာခဲ့၏။ ပြီးသည့်နောက် ပျက်စီးယိုယွင်းလာခဲ့သည်။
လက်ရှိအခြေအနေတွင်တော့ မြင်ကွင်းသည် အဘိုးကြီးဆီသို့ ပြန်လည်ရောက်ရှိလာ၏။ ထိုအဘိုးကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ဖြစ်တည်နေခဲ့၏။ ၎င်း၏ လက်ဆယ်ချောင်းတွင် စွမ်းအင်လှိုင်းက တလက်လက် တောက်ပနေ၏။ ၎င်းသည် ပါးစပ်ကြီးကိုဟပြီးသည့်နောက် ထိုစွမ်းအင်များကို တစ်ခါတည်း စားသုံးလိုက်၏။
“သူ ... သူ .... ဂြိုဟ်ကြီးကို စားနေတာလား” ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိသည်။
“အမှန်ပဲ” စနစ်ကပြောလိုက်၏။
“...........”
ကုန်းရှန့်သည် မျက်လုံးများပြူးသွားမိ၏။ မျက်စိသူငယ်အိမ်ထဲမှ မျက်လုံးများပြူးထွက်လာလုမတတ်ပင်။ ပြည့်စုံလှသည့်ဂြိုဟ်ကြီးသည် မျက်စိနှင့်မြင်နိုင်စွမ်းရှိသည့် အခြေအနေတစ်ခုစီသို့ ကျုံ့ဝင်သွားခဲ့ပြီးသည့် နောက် ပန်းသီးတစ်လုံး၏ အရွယ်အစားဆီသို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် တစ်ဖက်လူသည် တစ်ခါတည်း ထိုအရာကိုကိုက်ကာ ဝါးစားလျက် ရှိနေတော့သည်။
ဂေ့
အဘိုးကြီးသည် လေချဉ်တက်လိုက်၏။ သူသည် စိတ်မကျေနပ်သေးချေ။ “အင်း မဝသေးဘူး”
“ဟင် မဝသေးဘူး ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ “ဖြစ်နိုင်တာ ဒီလူက ဂြိုဟ်တစ်ခုထက်ပိုပြီး စားချင်တာများလား”
ဟမ်
ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏ဘေးနားတွင် ရပ်တန့်လျက်ရှိနေသည်ကို မြင် လိုက်ရ၏။ တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသည် ဆိုသော်လည်း တုန်ယင်နေသည့် လက်ကို ကြည့်ရှုပြီးသည့်နောက် တစ်ဖက်လူသည် အလွန်အမင်းစိတ်လှုပ်ရှားနေသည့်ပုံပေါ်၏။ ဖြစ်နိုင်သည်မှာ တစ်ယောက်နှင့်တစ်ယောက် သိရှိနေသည်လား။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏စိတ်ထဲတွင် ကျန့်ကွေ့ရှု၏ စကားများပေါ်ပေါက်လာခဲ့၏။ သူသည် အံ့အားတသင့်ဖြင့်ပြောလိုက်၏။ “ဒီအဘိုးကြီးက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်တော့ မဟုတ်ဘူးမလား”
“မင်းခန့်မှန်းတာအမှန်ပဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ သူ၏ လေသံကို ကြည့်ရှုရမည်ဆိုလျှင် အလွန်အမင်းစိတ်လှုပ်ရှားနေကြောင်း သိသာလွန်းလှသည်။
“..........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝါးမြိုသည်ဆိုသည့် စကားလုံး ပါဝင်သည့်အတိုင်းပင်။ ဂြိုဟ်ကြီးတစ်ခုလုံးကို တစ်ကယ်ပင်ဝါးမြိုလျက်ရှိနေ၏။
ပြီးနောက် အလင်းမြင်ကွင်းသည် အဘိုးကြီး တစ်ယောက် ဂြိုဟ်ကြီး တစ်ဂြိုဟ်ကို ဖြတ်သန်းသွားလာပြီး သူလေ့ကျင့်သည့် နည်းလမ်းများကို အသုံးပြုကာ ဝါးမြိုလျက်ရှိနေသည်ကို ပြသလျက်ရှိ၏။ ထိုအထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါများနှင့် အရင်းအမြစ်များ အားလုံးတို့သည် ၎င်း၏အစားအစာ ဖြစ်ခဲ့ရသည်။
“ရက်စက်လိုက်တာ” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သက်ရှိများကို ဂရုစိုက်လှသူတစ်ယောက်မဟုတ်ချေ။ သူသည် လက်ရှိဖြစ်နေသည့်မြင်ကွင်းကိုကြည့်ပြီး တစ်စုံတစ်ခုကို သင်ယူနေမိ၏။ ထို့ကြောင့် ကောင်းကင် ဝါးမြိုခြင်းနတ်ဆိုးအရှင် ဂြိုဟ်များကို ဝါးမြိုနေသည့်အချိန်တိုင်း အချိန်တိုင်း သူသည် သေသေချာချာ ကြည့်ရှုနေမိ၏။ အသေးစိတ် တစ်ချက်ကလေးကိုမှ မလွတ်သွားအောင် စောင့်ကြည့်နေမိ၏။ သူသည် တစ်ဖက်လူ၏ ထပ်တလဲလဲပြုမူပုံများကို ကြည့်ရှု၍ တစ်စုံတစ်ခုကိုသင်ယူနေခြင်းပင်။
“ကျုပ်နားလည်ပြီ ။ငါနားလည်ပြီ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာက တွေးလိုက်၏။ ဒီပုံရိပ်ယောင် လျှို့ဝှက်ချက်တည်နေရာကြီးက ငါ့ကို ကောင်းကင်ဝါးမြိုခြင်းနည်းစနစ်ကို အသုံးပြုပြီး နတ်ဆိုးအဖြစ် ဘယ်လိုအသွင်ပြောင်းရမလဲဆိုတာကို သင်ကြားပေးနေတာပဲဖြစ်ရမယ်။
ကျွင်းချောင်ရှောင်းသည် နားမလည်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် နတ်ဆိုးနည်းစနစ်ကို မကျင့်ကြံသောကြောင့်ပင်။
လက်ရှိအခြေအနေမှာတော့ ပုံရိပ်ယောင်မြင်ကွင်းသည် ပြန်လည်ကာ ပြောင်းလဲသွားခဲ့ပြန်၏။ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင်သည် တခြားဂြိုဟ်ဆီသို့ရောက်ရှိလာပြီးနောက် မြေဆီလွှာထဲသို့ ၎င်း၏ လက်ချောင်းများကို ထိုးစိုက်လိုက်၏။ ထိုအချိန်မှာတော့ သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်၏။
မြင်ကွင်းသည် ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့၏။ ကောင်းကင်ယံထက်တွင် သက်လတ်ပိုင်း အရွယ် လူတစ်ယောက် က မတ်တပ်ရပ်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် ထိုသူကိုမြင်ရသည့်အချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ တည်နေရာတွင် မတ်မတ်ရပ်နေမိတော့၏။
“ဒါက” စနစ်သည် တုန်လှုပ်သွားမိသည်။
သက်လတ်ပိုင်းလူသည် ရိုးရှင်းလွန်းသည့် အသွင်အပြင်ကိုပိုင်ဆိုင်၏။ သို့ပေမဲ့ သူ၏မျက်နှာ၊ ခန္ဓာကိုယ် အမူအယာ အားလုံးတို့သည် ကျွင်းချောင်ရှောင်းနှင့် အလွန်တူညီလွန်းလှ၏။ အသက်အရွယ်ကွာခြားချက် တစ်ခုသာရှိပြီး ခန္ဓာကိုယ်ပုံစံနှင့် မျက်နှာပုံစံသွင်ပြင်များအားလုံးသည် တူညီလှသည့်မိုရ် တစ်ခုထဲမှ ထွက်ပေါ် လာသည့် လူများကဲ့သို့ပင်။
“မင်းဘယ်သူလဲ”
ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်သည် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်၏။
သက်လတ်ပိုင်းလူသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာဖြင့် ပြောလိုက်သည်။ “နာမည်မရှိဘူး။ မျိုးရိုးနာမည်မရှိဘူး။ အရောင်ကတော့ သက်တန့်ရောင်ပဲ ....”