အခန်း ၁၉၇၅
Vol. 133 Ch. 1975
အပိုင်း (၁၉၇၅)
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏မျက်နှာကို အော်ရာများနှင့် အစဉ်အမြဲ ဖုံးကွယ်ထားသောကြောင့် မည်သူမှသည် သူ၏ မူလရုပ်သွင်ကို မမြင်ဖူးခဲ့ကြချေ။ လက်ရှိအခြေအနေမှာတော့ အလွန်စိတ်လှုပ်ရှားစွာဖြင့် ထကာ ရယ်မောနေသောကြောင့် သူ၏ မျက်နှာသွင်ပြင် ပေါ်ပေါက်လာခဲ့၏။
အမှတ်မထင်ပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် ထိုမျက်နှာသွင်ပြင် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ၎င်းသည် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်နှင့် တပုံစံတည်း တူညီနေသည်ကို ကျွင်းချောင်ရှောင်းက မြင်လိုက် ရ၏။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် မသေဆုံးခင်က ပြန်လာမည်ဟူသည့် စကားကို ပြောဆိုခဲ့သည်။
“ငါက သက်တန့်ရောင်သူတော်စင်၊ သူကတော့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်ပေါ့။ ဒီဘဝမှာ ထပ်ပြီး တွေ့ဆုံ နိုင်ဖို့အတွက် ကံကြမ္မာရေစက်များ ရှိနေတာလား”
“ဟင်း”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အတိတ်က အကြောင်းတရားတွေက အခု အကျိုးတရား ဖြစ်လာခဲ့ပြီပဲ။ ခင်ဗျားနဲ့ ကျုပ်က သေတဲ့အထိ တိုက်ခိုက်ဖို့အတွက် ကံဇာတာ ပါပြီးသားပဲ”
ဆွစ်
ထိုအချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်မှ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်နှင့် တူညီလျက် ရှိနေသည့် အော်ရာများ ပေါ်ပေါက်လာခဲ့သည်။ သူ၏ မျက်နှာသွင်ပြင်သည် ပိုမိုကာ တင်းမာခက်ထန် လာခဲ့သည်။
သက်တန့်ရောင်သူတော်စင်အဖြစ် ဖြစ်တည်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပိုမိုကာ အစစ်အမှန် ဆန်လွန်းလှ၏။ သူသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို အာရုံစိုက်ကာ လေ့လာခဲ့သောကြောင့် နောက်ဆုံးတွင် တိုးတက်မှုများကို ရရှိခဲ့၏။ ပါရမီရှင် တစ်ယောက်ပင်။ မည်သူမှသည် လွယ်လွယ်ကူကူနှင့် ဤကဲ့သို့ အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းမှာတော့ မျက်မှောင်ကုတ်မိလိုက်သည်။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် သူသည် ကျိန်းသေပေါက် သေဆုံးသည်အထိ ရိုက်နှက်ခံရနိုင်လောက်၏။ တစ်ဖက်လူ၏ အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။
“နှစ်ယောက်ကြားမှာရှိတဲ့ ကွာခြားချက်က တဖြည်းဖြည်း ကြီးကြီးလာတာပဲ”
စနစ်က ပြောလိုက်သည်။ “ဒါ ကောင်းတဲ့ သင်္ကေတ မဟုတ်ဘူး”
“ကျွင်းချောင်ရှောင်း”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် မောက်မာစွာဖြင့် သူ၏လက်ကြီးကို မြှောက်လိုက်၏။ သေးငယ်လွန်းလှသည့် အမဲရောင်လေဝဲတစ်ခုသည် ဖြစ်တည်လာ၏။ သူသည် အေးစက်စက်ပြုံးကာ ပြောလိုက် သည်။ “ဟင်း… ဒီနေရာကနေ ထွက်သွားပြီးတာနဲ့ မင်းသေရလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ခင်ဗျားက အထက်စကြဝဠာ တစ်ခုလုံးမှာ တကယ့်ကို အားကောင်းလွန်းတယ်။ ဘယ်လိုဖြစ်ပြီးတော့ သက်ရှိသတ္တဝါတွေကို ဖိနှိပ်နိုင်ဖို့အတွက် သွေးခင်းတဲ့လမ်း ကို လျှောက်ချင်ရတာလဲ”
“မင်း မှားနေပြီ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ငါက ဖိနှိပ်တာ မဟုတ်ဘူး။ ပြန်လည် တည်ဆောက်နေတာ။ လောကကြီးမှာရှိတဲ့ မညီမျှမှုတွေ၊ မမျှတမှုတွေ အားလုံးကို ပုံစံအသစ်နဲ့ ပြန်လည် တည်ဆောက်နေတာ”
ထွီ
ကျွင်းချောင်ရှောင်းသည် တံတွေး ထထွေးကာ ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ”
“ကောင်းပြီ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏မျက်နှာကို အုပ်ကာကာဖြင့် ရယ်မောလိုက်သည်။ “ပြောရမယ်ဆိုရင် ငါဒီမှာ မရှိဘူးဆိုရင် မင်းဘယ်လိုလုပ်ပြီး သူရဲကောင်းအဖြစ် ဟန်ထုတ်လို့ ရမှာလဲ”
“………”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
“အမဲရှိရင် အဖြူရှိရမယ်။ ကောင်းတာရှိရင်လည်း ဆိုးတာရှိရမယ်။ ငါက ဆိုးတာကို ကိုယ်စားပြုတယ်ဆိုရင် ကောင်းတာကို ကိုယ်စားပြုတဲ့လူတစ်ယောက်ယောက်က ရှိရမယ်။ ဒါက လောကရဲ့နိယာမပဲ”
မိုးကောင်းကင် နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ဒါပေမဲ့ မဲခြင်းနဲ့ဖြူခြင်း၊ ကောင်းခြင်းနဲ့ဆိုးခြင်း ဆိုတာကို ဘယ်သူက သတ်မှတ်ထားတာလဲ။ တရားမျှတမှု - တရားမျှတမှုဆိုတာကကော ဘာလဲ။ ဘယ်သူက သတ်မှတ်ထားတာလဲ။ လူသားတွေရဲ့ နှလုံးသားပဲ။ ဒီလိုဆိုမှတော့ ကောင်းခြင်း၊ ဆိုးခြင်းကို သတ်မှတ်နိုင်တဲ့ လူသားတွေရဲ့ နှလုံးသားကို ငါကသာ လွှမ်းမိုးနိုင်မယ် ဆိုရင် အရာအားလုံး ငါလုပ်ချင်တာ လုပ်လို့ရပြီပေါ့”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အဓိပ္ပာယ်ပါပါ ဖြင့် ပြုံးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ “ခင်ဗျားကတော့ ရူးနေတာပဲ”
ဟား ဟား ဟား
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သဘောမတူသလို ပြောလိုက်၏။ “အရူးတောင်မှ ဒီလို အလုပ်မျိုးကို မလုပ်နိုင်ဘူး။ ငါက အရူးတွေထက် သာတဲ့လူတစ်ယောက်ပဲ”
“အင်း… ပြောရမယ်ဆိုရင် ခင်ဗျားလုပ်နေတာတွေကို မှန်တယ်လို့ ထင်တာလား”
“မှန်ခြင်း၊ မှားခြင်းက အရေးမကြီးဘူးလေ။ ငါ့အနေနဲ့ ခေတ်သစ်ကြီးတစ်ခုကို အောင်မြင်အောင် ဖန်တီးနိုင်မယ် ဆိုရင် မှားနေပါတယ်ဆိုတဲ့ အရာအားလုံးက မှန်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူနှင့် စကားပြောဆိုခြင်းမှာ အဓိပ္ပာယ်ကင်းမဲ့လာသည်ဟု ခံစားမိလိုက်၏။ ထို့ကြောင့် တီးတိုးပြောလိုက်မိသည်။ “သောက်ရူးပဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “မင်းက ပါရမီရှင်လို့ သုံးသပ်လို့ရတယ်။ ငါမင်းကို တော်တော်ကြီး ချီးကျူးပါတယ်။ ဒါပေမဲ့ ဘာလို့ ခေတ်သစ်ကြီးစတဲ့အချိန်မှာ ငါ့ကို ကူညီဖို့ မစဉ်းစား တာလဲ”
“ခင်ဗျားက ကျုပ်ကို ပူးပေါင်းဖို့ ခေါ်နေတာလား”
“မှန်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ပွတ်ကာဖြင့် ပြုံးလိုက်မိသည်။ “သေမျိုးလောကမှာတုန်းက ကျုပ်ကို တစ်စုံတစ်ယောက်က ပူးပေါင်းဖို့ လာခေါ်ခဲ့ဖူးတယ်”
“ပြီးတော့ကော” မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“ပြီးတော့”
ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာ ပြောလိုက်သည်။ “အခုတော့ သူ ကျုပ်ရဲ့လူ ဖြစ်နေပြီ”
မည်သူ့ကို ပြောဆိုခဲ့သနည်း။ ဟုတ်ပေသည်။ ယွမ်ဖန်ကို ပြောဆိုနေခြင်းသာလျှင်ဖြစ်၏။ အတိတ်တုန်းကသာ ဆိုလျှင် ကုန်းရှန့်ဆီမှ လွတ်မြောက်နိုင်ရန်အတွက် သူသည် အရှေ့ပင်လယ်ဆီသို့ပင် အားရပါးရ ပြေးသွားခဲ့ဖူး၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုနေရာတွင် ထပ်မံကာ ဆုံတွေ့ခဲ့ရပြီး နောက်ဆုံး ပြိုင်စံရှားဂိုဏ်းထဲသို့ ရောက်ရှိလာ ခဲ့၏။
“မင်းဆိုလိုတာက ငါ မင်းကို ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်ဆိုတော့ ငါ မင်းရဲ့နောက်လိုက် ဖြစ်လာမယ်ဆိုတဲ့ သဘောလား” မိုးကောင်းကင်နတ်ဆိုးအင်ပါယာက မေးမြန်းလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မဟုတ်ဘူး။ ပြိုင်စံရှားဂိုဏ်းက လူသေတွေကို လက်မခံဘူး”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း… မင်းနဲ့ငါက မနှေးနဲ့မမြန်ဆိုသလို ပြဿနာတွေ ဖြေရှင်းရတော့မှာ။ အဲကျရင် မင်းကော၊ မင်း မိသားစုတစ်ခုလုံးကော အတူတကွ တစ်ယောက်မ မကျန်ဘဲ မြှုပ်နှံပစ်မယ်”
ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်လာခဲ့တော့၏။ တခြားမည်သည့်စကားကိုဆိုဆို ကိစ္စမရှိချေ။ မိသားစုနှင့် ပတ်သက်ဆက်နွယ်လာပြီဆိုလျှင် သူ မထိန်းချုပ်နိုင်ပေ။
ဒွီ
ရုတ်တရက် တည်နေရာကြီးသည် တုန်ခါသွား၏။ ကျွင်းချောင်ရှောင်းနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတို့ မတုန့်ပြန်နိုင်ခင်မှာပဲ ၎င်းတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီးသည့်နောက် တည်နေရာမှ ပျောက်ကွယ်သွား၏။
ကျယ်ပြောလွန်းလှသော စကြဝဠာကောင်းကင်ယံထက် တည်နေရာနှစ်ခုတွင် ဖြစ်တည်နေသည့် ကြီးမားလွန်း လှသော လေဝဲကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ပြီးသွားပြီလား” ကျန့်ကွေ့ရှုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
ဆွစ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လေဝဲကြီးပျောက်ကွယ်သွားရာ တည်နေရာ၌ ပေါ်ပေါက်လာသည်။
“ဂိုဏ်းချုပ်.. ထွက်လာပြီပဲ”
တပည့်များသည် အလောတကြီးဖြင့် ပျံသန်းလာခဲ့ကြ၏။
သူတို့ မမေးခင်မှာပဲ ဂိုဏ်းချုပ်သည် သူ့မျက်နှာကိုသူ ပိတ်ရိုက်လိုက်၏။ ဖြောင်းဆိုသည့်အသံကြီး ထွက်ပေါ် လာပြီးသည့်နောက် နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်အခြေအနေ တွင် မရှိတော့ကြောင်း သေချာသိရှိသွားသည်။
စနစ်က စောဒက တက်လိုက်၏။ “နောက်ကို ဒီလိုစမ်းချင်တယ်ဆိုရင် ငါ မင်းရဲ့ မျက်နှာကို ရိုက်ပေးမယ်”
“တော်စမ်း”
……..
ပြိုင်စံရှားဂိုဏ်း
ကျန့်ကွေ့ရှုသည် ကျွင်းချောင်ရှောင်းကို အားတက်တရောဖြင့် ကြည့်လိုက်၏။ “ပြီးသွားပြီလား”
“ပြီးသွားပြီလေ”
ကျန့်ကွေ့ရှုသည် လဲပြိုလုမတတ်ပင် ဖြစ်သွားသည်။
ထူးဆန်းလှသည့် သက်တန့်ရောင်လေဝဲထဲသို့ ဝင်ရောက်သွားခဲ့သူသည် ဂိုဏ်းချုပ်ကျွင်း တစ်ယောက်တည်း သာလျှင်ဖြစ်၏။ ထူးဆန်းလှသည့် အတွေ့အကြုံများကို ဂိုဏ်းချုပ်ကျွင်း တစ်ယောက်တည်းသာလျှင် ခံစားနိုင်၏။ သို့ပေမဲ့ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင် သတ်ဖြတ်ခံလိုက်ရသည့် မြင်ကွင်းကိုသာလျှင် မြင်ခဲ့ရ၏။
“အင်း… ဘာတစ်ခုမှ မလွဲချော်ခဲ့ဘူးဆိုတာ သေချာလို့လား”
“သေချာတာပေါ့” ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေ၏။ သူသည် သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ကျမ်းကို ကြည့်ရှုပြီးသည့်နောက် သက်တန့်ရောင်သူတော်စင်တစ်ယောက် ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုး အရှင်ကို သတ်ဖြတ်ပစ်သည့် မြင်ကွင်းကို မြင်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ မည်သည့် အကျိုးကျေးဇူးမှ မရခဲ့ချေ။ သို့ပေမဲ့ တခြားတစ်ဖက်ခြမ်းမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထိုအရာဆီမှ တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်ပြီး အားအင်အဆင့်များသည်လည်း တိုးတက်သွားခဲ့သည်။
“ချီးတဲ့မှ”
စနစ်က ပြောလိုက်၏။ “အန္တိမကုန်းမြေထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဒါပေမဲ့ မင်းဘာမင်း ငြင်းခဲ့တာပဲ”
“…….”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“မဟုတ်သေးဘူး” ကျန့်ကွေ့ရှုသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။
“စီနီယာ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် အထဲမှာ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ တွေ့ခဲ့တယ်။ ဒီလူက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင် ဝင်စားတာ ဖြစ်နိုင်တယ်”
“ဟမ်” ကျန့်ကွေ့ရှုသည် ကြောင်အသွားမိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤနတ်ဆိုးအရှင်၏ မျိုးဆက် ဖြစ်သည်ဆိုသော ကောလဟလများကို သူကြားခဲ့ပြီးပြီဖြစ်၏။ တစ်ဖက်လူ ပြန်လည်ဝင်စားသည်ဆိုလျှင် ပြဿနာ သည် ပိုမိုကာ လေးနက်လာခဲ့၏။
“ကျုပ် ...”
ကျွင်းချောင်ရှောင်းသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ကျုပ်ကတော့ ဒဏ္ဍာရီလာ သိုင်းကျင့်ကြံသူ သက်တန့်ရောင်သူတော်စင် ပြန်လည်မွေးဖွားလာတာ ဖြစ်လိမ့်မယ်”
အရိုးသားဆုံး ပြောနေရသည့်အချိန်မျိုးမှာတော့ ကုန်းရှန့်သည် အမှန်ပင် လေးလေးနက်နက် ပြောဆိုနေ၏။ သို့ပေမဲ့ ကျန့်ကွေ့ရှုသည် ထိုစကားကို ကြားသည့်အချိန်မှာတော့ တစ်စက္ကန့်လောက် ငြိမ်သက်သွား၏။ ပြီးနောက် ဝမ်းဗိုက်ကို ဖိကာ အားရပါးရ ရယ်မောနေမိသည်။
“ကျုပ် တကယ်ပြောနေတာ”
“……..”
ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို ခါယမ်းကာ ဟောခန်းထဲမှ ထွက်ခွာသွား၏။ သူ ထွက်ခွာသွားချင်းချင်း မှာပဲ ကျန့်ကွေ့ရှု၏ အားရပါးရ ရယ်မောသံကို အဆက်မပြတ် ကြားနေရ၏။
“ဟင်း”
သူသည် သက်ပြင်းကိုချပြီးသည့်နောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။ “အရင်ဘဝတုန်းက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီဘဝမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ပစ်ရမယ်”
စာကြည့်ခန်းအတွင်းမှာတော့ ……
ကျွင်းချောင်ရှောင်းသည် ပြန်လည်ရောက်ရှိလာ၏။ မပြည့်စုံသည် ကျမ်းခုနှစ်ကျမ်းတို့ သည် စားပွဲပေါ်တွင် တည်ရှိနေသေး၏။ ထိုအရာသည် ယခင်ကကဲ့သို့ အရောင်များ မထွက်တော့ချေ။
“အန္တိမကုန်းမြေတိုက်ထဲကို ဝင်ဖို့ ဒီလို ရိုးရှင်းတာလား”
ကုန်းရှန့်သည် အသာထိုင်ချပြီးသည့်နောက် ကျမ်းစာကို ထိတွေ့လိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ “ဒီမှာ တစ်ခုခု ချန်ထားတာလည်း ရှိနိုင်အုံးမယ်။ ဟမ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ပထမဦးဆုံးဆီမှ နောက်ဆုံးကျမ်းစာအထိ အဖုံးပေါ်တွင် ခပ်ဖျော့ဖျော့ အရေးအကြောင်းများ တည်ရှိနေသည်ကို သူက မြင်လိုက်ရ၏။
ဝှစ်
သူ ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ခုကို အသာချလိုက်၏။ သေသေချာချာ ကြည့်ရှုပြီးနောက် သူက ထအော်လိုက်သည်။ “ဒါ မြေပုံတစ်ခုလား”