အခန်း ၁၉၇၇
Vol. 133 Ch. 1977
အပိုင်း (၁၉၇၇)
"ဒဏ္ဍာရီလာတာဝန် ဟုတ်လား"
သတိပေးချက် ထွက်ပေါ်လာသည့်နောက်မှာတော့ ကျွင်ချောင်ရှောင်းသည် တည်နေရာမှာပင် အေးခဲလျက် ရှိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် အဓိကတာဝန်၊ သီးခြားတာဝန်၊ ဖုံးကွယ်ထားသည့် တာဝန်၊ အထူးတာဝန် စသည့် တာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော ဒဏ္ဍာရီလာ တာဝန်မျိုးကိုတော့ တစ်ခါမှ မရရှိခဲ့ဖူးချေ။
ဟင်း …..
စနစ်သည် သက်ပြင်းချလိုက်မိ၏။ "ဖုံးကွယ်ထားတာတွေကို ရပ်ပြီးတော့ ရှိရှိသမျှကို ထုတ်လိုက်ကြတာပေါ့။ ဒဏ္ဍာရီလာ တာဝန်လာပြီဆိုတော့ ဒါကအရမ်းကို ခက်ခဲလိမ့်မယ်။ လက်ခံသူအနေနဲ့ အရမ်းကို ကြိုးစားရမယ်နဲ့ တူတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် လုပ်ရမှာပဲလေ။ မင်းဘာဝင်ပြီးတော့ လျှာရှည်နေတာလဲ"
"ချီးတဲ့မှ"
စနစ်က ပြောလိုက်သည်။ "ဘာလို့ ရန်လိုနေတာလဲ"
"မင်းက သူများကို စောဒကတက်ဖို့ ဖန်တီးထားတဲ့ အရာတစ်ခုလိုပဲ" ကျွင်းချောင်ရှောင်းသည် တည့်တိုးပင် ပြောလိုက်၏။ ပြောရမည်ဆိုလျှင် ဤစနစ်သည် အစစ်အမှန် စနစ်မျိုးမဟုတ်ချေ။ ၎င်းအား အရောင်းစာရေးကဲ့သို့ သို့မဟုတ် စကားပြောစက်အဖြစ်သို့ သတ်မှတ်ရလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
"မင်း " စနစ်ဆိုသည့် အရာဝတ္ထုသည် ဒေသတကြီး ဖြစ်လို့နေခဲ့၏။
ကျွင်းချောင်ရှောင်းသည် စနစ်နှင့် ငြင်းခုံရန်အတွက် ပြင်းရိလို့နေခဲ့၏။ ထို့ကြောင့် အဓိကတာဝန်ကို ဖွင့်ကာကြည့်ရှုလိုက်၏။ ဒဏ္ဍာရီလာ တာဝန်ဖြစ်သည်မို့ တကယ့်ကို ခမ်းနားလွန်းလှသော ပုံစံမျိုးဖြင့် ဖော်ပြထားသည်။
"ငါခံစားမိတယ်"
ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်ကာ ခံစားမိနေ၏။ “ကြီးမားတဲ့ စွမ်းအင်တွေက ငါ့ကိုခေါ်နေသလိုပဲ"
တာဝန်ပေါ်တွင် ရေးသားထားသည့် စကားလုံးပေါင်းများစွာ ရှိနေ၏။ စာလုံးများသည် အလွန် များပြားလှသောကြောင့် အရှည်မချဲ့တော့ချေ။ အတိုချုပ်ပြောရလျှင် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတစ်ခုလုံး ပူပေါင်းကာ လုပ်ဆောင်ရမည့် တာဝန်မျိုးပင်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဂိုဏ်းတစ်ခုလုံး ပါဝင်ဖို့လိုတယ် ဟုတ်လား။ တကယ့်ကို ဒါဏ္ဍာရီလာ တာဝန်တစ်ခုပဲ"
တာဝန်ကို ရှင်းပြရလျှင် ဂိုဏ်းသားအားလုံးသည် ကြီးမားသည့် ဆုလာဒ်ကို ရရှိမှာ ဖြစ်၏။ သို့ပေမဲ့ မည်သည့်ဆုလာဒ်ဖြစ်သည်ကိုတော့ လူတစ်ယောက်ချင်းစီတွင် ကွာခြားပေလိမ့်မည်။
ထိုသို့ဆိုလျှင်တာဝန်သည် မည်သည့်အရာဖြစ်သနည်း။ အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် ဂိုဏ်းထဲတွင် ရှိရှိသမျှ အင်အားစုများကို စုစည်းပြီးသည့်နောက် စိတ်ပျက်ခြင်း ချောက်ကမ်းပါးထဲ၌ ဖုံးကွယ်ထားသည့် ရတနာကို ရရှိရန်ပင်။ ဤအရာသည် တည့်တိုးဆန်ပြီး ရှင်းလင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။ "ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ ရတနာတစ်ခု ရှိနေတာပဲ"
သူသည် ကြယ်တာရာမြေပုံကို ထုတ်ယူပြီးသည့်နောက် တည်နေရာကို သတ်မှတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက် အမူအရဖြင့် ပြောလိုက်၏။ "ငါ့နောက်လိုက်ခဲ့ကြ ။ လူစုမကွဲစေနဲ့"
"ကောင်းပါပြီ"
အားလုံးသောသူတို့သည် တုံ့ပြန်လိုက်ကြ၏။ ဤတစ်ကြိမ် ဝင်ရောက်လာခဲ့သည်မှာ ဂိုဏ်း၏ အဓိကတပည့်နှင့် စီနီယာများပင်။ ကုကျောင်းရှစ်၊ အဖြူအမဲညီနောင်၊ လုချင်းချင်း၊ လီချင်းယန်နှင့် အခြားသောသူများ ပါဝင်လာခဲ့၏။
တခြားတပည့်များမှာတော့ ထာဝရလောကကြီးထဲတွင် ထားရှိထား၏။ ကျွင်းချောင်ရှောင်းအနေဖြင့် လက်ရှိအချိန်တွင် ထာဝရလောကကြီးကို သဲမှုန်အဖြစ် ပြောင်းလဲထားသောကြောင့် အချိန်ရှိသလို ဂိုဏ်း၏ စွမ်းအားကို ထုတ်ဖော် အသုံးပြုနိုင်သည်။
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည်လည်း လိုက်ပါလာခဲ့ကြ၏။
"စီနီယာတို့"
ကျွင်းချောင်ရှောင်းသည် လမ်းလျှောက်ရင်းဖြင့် ဆော်ဩလိုက်သည်။ "ဘာကိစ္စပဲဖြစ်ဖြစ် ဘာတစ်ခုမှ မလုပ်ပါနဲ့။ ကျုပ်တို့ပါကျုပ်တို့ ကိုင်တွယ်ပါရစေ။ "
ထိုသူနှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များ မဟုတ်ချေ။ မဟာမိတ်များသာ ဖြစ်၏။ ထို့ကြောင့် ထိုသူတို့ တစ်စုံတစ်ရာ ပြုလုပ်ပြီး သူ၏ တာဝန်ပြည့်စုံမှုနှုန်း လျော့ကျသွားမည်ကို စိုးရိမ်နေမိ၏။ ထို့ကြောင့်ပင်လျှင် လိုက်ရုံသာ လိုက်ပြီး ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် ပြောခဲ့ခြင်းဖြစ်၏။
"ကောင်းပြီ"
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့က သဘောတူညီလိုက်ကြသည်။
စိတ်ပျက်ခြင်း ချောက်ကမ်းပါး၊ အထက်စကြာဝဠာ၏ တားမြစ်တည်နေရာ …..
ဤတည်နေရာကြီးသည် သီးခြားဆန်လွန်းလှပြီး မမြင်ရသော အတားအဆီးများလည်း တည်ရှိနေ၏။ သိုင်းကျင့်ကြံသူများသည် ဤတည်နေရာဆီသို့ မလာရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် အထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် စိတ်ပျက်မှု အတွင်းစိတ်မိစ္ဆာသည် သူတို့၏ နှလုံးအတွင်းကို တိုက်စားမှာ သေချာ၏။
"စိတ်ပျက်ခြင်း ချောက်ကမ်းပါးက အရင်တုန်းက မရေတွက်နိုင်တဲ့ ရတနာတွေ တည်ရှိခဲ့သေးတယ်။"
လမ်းတစ်လျှောက်မှာတော့ ကျန့်ကွေ့ရှုက ပြောပြသည်။ "နောက်ပိုင်းမှာ အားလုံးသောသူတွေက တူးထုတ်လိုက်ကြပြီး နှစ်ပေါင်းတစ်သောင်းလောက် ကြာပြီးတဲ့ အချိန်မှာ ဘယ်သူမှ လှည့်မကြည့်တဲ့ နေရာလွတ်ကြီး ဖြစ်လာတာပေါ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်တို့ နောက်ကျသွားတာပေါ့"
သူတို့သည်သာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းကသာ ရောက်ရှိခဲ့မည် ဆိုပါက ရတနာကို ရရှိရုံသာမက ချောက်ကမ်းပါးထဲတွင် ရှိနေသည့် အရင်းအမြစ်ပေါင်း များကိုလည်း ရရှိလိမ့်မည်။ ထို့သို့ဆိုလျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သလိုပင်။
လေပြင်းများ တိုက်ခိုက်လာခဲ့၏။ ထိုအရာသည် သီးခြားဆန်လွန်းလှ၏။ တည်နေရာ၏ အထဲတွင် ဥက္ကာခဲများနှင့် နဂါးပတ်လမ်းများ တည်ရှိနေရုံသာမက ဂြိုဟ်များသည်လည်း အသီးသီး ပြန့်ကြဲလို့နေခဲ့၏။ ကံဆိုးစွာဖြင့် ဤအရာများ အားလုံးသည် ခြောက်ခမ်းပြီး မည်သည့် အရင်းအမြစ်မှ မရှိတော့ချေ။ ပြိုင်စံရှားဂိုဏ်း အနေဖြင့် မည်သို့လုပ်ရမည်မှန်း မသိတော့ချေ။
"ဒုတိယ စီနီယာအစ်ကို"
အဝါရောက်သဲများနှင့် ဂြိုဟ်တစ်ခုအပေါ်မှာတော့ စုရှောင်မိုသည် တီးတိုးမေးမြန်းလိုက်၏။ "ဒီလိုနေရာမျိုးမှာ ရတနာတစ်ခုခု ရှိတာရော ဟုတ်ပါ့မလား"
"မေးမနေနဲ့" လီချင်းယန်သည် ပြန်ဖြေလိုက်သည်။
စုရှောင်မိုသည် ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်၏။ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ တည်နေရာအလွတ်ကြီးတွင် ထိုင်ချလိုက်၏။ ပြီးနောက် အကြွင်းအကျန်ကျမ်းမှ မြေပုံကို ထုတ်ယူကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။ အမှတ်အသားများသည် တည်ရှိနေသေး၏။ မည်သည့်လျို့ဝှက်ချက်များ တည်ရှိနေအုန်းမည်နည်း။
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်သည် မြေပုံပေါ်ရှိ တည်နေရာတစ်ခုကို သေသေချာချာ ညွှန်ပြကာ ပြောလိုက်၏။ "ဒီဂြိုဟ်တွေက သေသေချာချာ စီရင်ထားတဲ့ပုံပဲ"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ "အင်း ….. ဟုတ်တယ်"
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "ကြယ်တာရာမြေပုံပေါ်မှာ ထူးခြားတဲ့ အမှတ်အသားမျိုး ရှိနေတယ်။ ဂိုဏ်းချုပ်ကျွင်း … ဖုန်းရွှေသဘော နားလည်တဲ့လူကို သေသေချာချာ မေးကြည့်ရင် ကောင်းမယ်"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သူ၏အဖေကို သတိရမိလိုက်၏။ ထို့ကြောင့် ထာဝရလောကကြီးထဲမှ ခေါ်ထုတ်ကာ မေးမြန်းလိုက်၏။
"အမှန်ပဲ"
ကံကြမ္မာဖတ်ခြင်းအတတ်အား ကျွမ်းကျင်သော ကျန်းစန်းသည် မြေပုံကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ကျန့်ကွေ့ရှု ပြောသည့် တည်နေရာကို လက်ညိုးညွှန်လိုက်သည်။ "ဂြိုဟ်တွေ စီရင်ထားပုံအရဆိုရင် ဒါက နတ်သတ္တဝါပဲ"
"နတ်သတ္တဝါ ဟုတ်လား"
"နဂါးခေါင်း၊ မြင်းခန္ဓာကိုယ်၊ ခြေထောက်မှာ လက်သည်းတွေရှိတယ်”
သူ့အဖေ၏ ဖော်ညွှန်းချက်ကို နားထောင်ရပြီးနောက် ကျွင်းချောင်ရှောင်းသည် ဤအရာမှာ ပီချူးသတ္တဝါဖြစ်ကြောင်း တွေးတောလိုက်မိ၏။ ဂြိုဟ်များ စီရင်ထားသည်ကို သေသေချာချာ ကြည့်ရှုလိုက်မည် ဆိုလျှင် အနည်းငယ် ဆင်တူနေကြောင်း တွေ့လိုက်ရ၏။
"ဒါက မင်္ဂလာပဲလေ"
ကျန်းစန်းက ပြောလိုက်သည်။ "ဖုန်းရွှေရဲ့ သဘောတရားအရဆိုရင် ဒီမှာ အခွင့်အရေးတစ်ချို့ ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်"
"သွားကြရအောင်"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပင် ပြောလိုက်၏။ "ရှာကြစို့"
ကျန်းစန်းသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "မင်္ဂလာရှိတဲ့ တည်နေရာကြီး ဖြစ်ပေမဲ့ အန္တရာယ်များတဲ့ အရာတွေရဲ့ ဝန်းရံခြင်းကို ခံထားတယ်။ ဒုက္ခရောက်မှာ စိုးရိမ်တယ်"
"ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်"
ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ ရောက်ရှိလာပြီဆိုမှတော့ လက်လျော့ရန် အစီအစဉ် မရှိချေ။ ဒဏ္ဍာရီလာ တာဝန် တည်ရှိနေသောကြောင့် သူသည် ပြီးမြောက်အောင် လုပ်ဆောင်ရပေလိမ့်မည်။ အထူးတာဝန်နှင့် အဓိကတာဝန်တို့၏ အထက်တွင် တည်ရှိနေသော တာဝန်မျိုးသည် မည်ကဲ့သို့သော ဆုလာဘ်မျိုး ပေးမည်နည်းဟု သူက တွေးတောနေမိ၏။
နတ်ဘုရားထိပ်ဆုံးအဆင့်ကို ချိုးဖျက်ပြီး မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို သတ်ဖြတ်နိုင်မည်။ ဤအရာထက် ပိုမိုအရေးကြီးသည်က ရှိသေး၏။ တာဝန်ပြီးမြောက်လျှင် အကျိုးကျေးဇူးရရှိမည့် လူသည် သူတစ်ယောက်တည်း မဟုတ်ချေ။ ထိုအတွေး ခေါင်းထဲသို့ ရောက်ရှိလာသည့် အခါမှာတော့ သူသည် ပိုမိုကာ ရဲတင်းလာခဲ့၏။ တဂိုဏ်းလုံး နတ်ဘုရားနယ်မြေ လျို့ဝှက်အဆင့်သို့ ရောက်ရှိပြီး အန္တိမ ကုန်းမြေသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ပင်လား။
အားလုံးသော ဂိုဏ်းသားတို့သည် မိမိတည်နေရာဆီမှ ထွက်ခွာလာပြီးနောက် ထိုမင်္ဂလာရှိသည့် တည်နေရာဆီသို့ ဦးတည်လိုက်ကြ၏။ ကျွင်းချောင်ရှောင်းသည် တစ်ချိန်လုံး မြေပုံကို လေ့လာလျက် ရှိနေ၏။ တစ်နာရီလောက် လမ်းလျှောက်ပြီးနောက် သူသည် ပြောလိုက်မိသည်။
"မမှားဘူးဆိုရင် ရှေ့မှာရှိတဲ့တည်နေရာက အန္တရာယ်များတယ်"
ဒွီ ဒွီ …..။
ထိုအချိန်မှာပဲ ၎င်းတို့၏ရှေ့တွင် ရှိနေသော တည်နေရာကြီးသည် တုန်ခါသွားခဲ့၏။ ပြီးနောက် အက်ကွဲကြောင်းကြီး တစ်ခုက ဖြစ်တည်လာ၏။
ဝူးဝူး ဝူး
အက်ကွဲကြောင်းကြီးထဲမှ ဝိညာဉ်ကဲ့သို့ ညီးသံများ ထွက်ပေါ်လာခဲ့၏။ ဝိညာဉ်ကဲ့သို့ အကောင်များ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ မျက်လုံးများ၌ အပြာရောင်များ တောက်ပလျက် ရှိနေ၏။ လက်ထဲတွင်လည်း အပြာရောင်စွမ်းအင်များကို စုစည်းထားကြသည်။
"ရတနာကို လိုချင်ရင် ဒီကနေ ဖြတ်သွားရမယ်"
ကြီးမားလှသော အပြာရောင် ဝိညာဉ်ကောင်ကြီးသည် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ခေါင်းဆောင်ဖြစ်ပုံပေါ်၏။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ငုံ့ပြီးသည့်နောက် မီးခြစ် ခြစ်လိုက်၏။ သူ၏နှုတ်ခမ်းဝတွင် စီးကရက်တစ်လိပ်က ရောက်ရှိလာ၏။ ခေါင်းကိုငုံ့ပြီးသည့်နောက် ဆေးလိပ်ကို မီးညှိကာ ပြောလိုက်သည်။ "ခင်ဗျား ဆန္ဒအတိုင်းပဲ"
ကုကျောင်းရှစ်၊ လီချင်းယန်နှင့် အခြားသော အတွင်းစည်းတပည့်များ အားလုံးတို့သည် အရှေ့ဆီသို့ ပျံသန်းသွားခဲ့ကြ၏။ သိုင်းနည်းစနစ် မျိုးစုံကို ထုတ်ဖော်ပြီးသည့်နောက် ရှေ့တွင် ရှိနေသော ဝိညာဉ်မျိုးစုံတို့ကို ဝင်ရောက်ကာ တိုက်ခိုက်တော့၏။ တိုက်ပွဲသည် ယခုမှ တရားဝင် စတင်ခဲ့ခြင်း ဖြစ်၏။