အခန်း ၁၉၇၉
Vol. 133 Ch. 1979
အပိုင်း (၁၉၇၉)
“ဒါက”
စောဏတုန်းက ဟန်ထုတ်လျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏အနားပတ်ဝန်းကျင်တွင် ရှိနေသည့် တည်နေရာလွတ်ကြီးကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်မိသည်။ “ဒါ ဘယ်လို နေရာမျိုးလဲ”
“ဝိညာဉ်နယ်မြေလေ” ရုတ်တရက် သူ၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာ၏။
“..........”
“စီနီယာသက်တန့်ရောင်သူတော်စင်လား” ကျွင်းချောင်ရှောင်းသည် ဝမ်းမြောက်သွားမိ၏။ အသံကို နားထောင်ရမည်ဆိုလျှင် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် သူမြင်ခဲ့သည့်အသံနှင့် ထပ်တူ တူညီနေသည်။
“ဂိုဏ်းချုပ်ကျွင်း”
အသံတစ်ခုသည် ထပ်မံကာ ထွက်ပေါ်လာ၏။ “စီစဉ်ထားတဲ့အတိုင်းပဲ ဖြစ်လာတာပဲ။ ထပ်ဆုံရပြန်ပြီ”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင် ပြောလိုက်သည်။ “ကျိန်းသေပေါက် ကံကြမ္မာရေစက် ပါတာပေါ့”
“ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်က သက်ရှိသတ္တဝါတွေအပေါ်မှာ ဆိုးသွမ်းခဲ့တယ်။ ငါက ဒီလူကို ဖြေရှင်းခဲ့တယ် ဆိုပေမဲ့ လောကကြီးမှာ မိစ္ဆာအတွေးအခေါ်တွေက ကျန်ရှိခဲ့တုန်းပဲ။ ဒီအရာကို တခြားသူတစ်ယောက်က အမွေဆက်ခံသွားမယ်ဆိုရင် လောကကြီးတစ်ခုလုံးကို ဆိုးရွားအောင် ပြုလုပ်တော့ မှာပဲ”
အသံရှင်က ထပ်မံကာ ပြောလိုက်၏။ “ဒါကြောင့် စိတ်ပျက်ခြင်း ချောက်ကမ်းပါးထဲမှာ အမွေအနှစ်တစ်ခု ချန်ခဲ့တယ်။ ဒီအရာကို ဆက်ခံဖို့အတွက် မင်းကို စောင့်မျှော်နေတာ”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ တကယ်တမ်းမှာတော့ သူ ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဆိုသည်မှာ သက်တန့်ရောင်စဉ်ကျမ်း အကြွင်းအကျန် ခုနှစ်ခုကြောင့်ပင်ဖြစ်သည်။ အားလုံးအဆင်ပြေအောင် အရင်ဘဝက ကြိုတင်စီစဉ်ခဲ့ပုံပေါ်သည်။
“.........”
စနစ်က အော်ဟစ်လိုက်သည်။ “မင်း ဒီလိုတွေးနေတာကို ရပ်ပေးလို့ရမလား”
“ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအရှင်က ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးအသွင်ပြောင်း နည်းစနစ်ဆိုတဲ့ လျှို့ဝှက်ကျမ်းစာ ကို ဖန်တီးခဲ့တယ်။ ဒါကို တခြားသူတွေသာ နားလည်သွားမယ်ဆိုရင် စကြဝဠာတစ်ခုလုံးက ဘေးဒုက္ခကြီး ဖြစ်လာလိမ့်မယ်”
“တစ်စုံတစ်ယောက်က တကယ်ပဲ နားလည်သွားပြီ”
“ဟုတ်လား”
သက်တန့်ရောင်သူတော်စင်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်တော့ သည်။ “အင်း... မထင်ထားတဲ့ အခြေအနေတစ်ခုကို ရောက်သွားတာပဲ”
“ဒါဆိုရင် စီနီယာချန်ထားတဲ့ အခွင့်အရေးဆိုတာ အဲဘေးဒုက္ခကြီးကို ဖြေရှင်းနိုင်စွမ်း ရှိရဲ့လား”
“ရှိတယ်”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။
“ဒါပေမဲ့”
သက်တန့်ရောင်သူတော်စင်သည် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းမြင့် လိမ့်မယ်”
“ဘယ်လို ပေးဆပ်ရမှာလဲ”
“မင်း.. မင်းကိုယ်မင်း ပေးဆပ်ပြီးတော့ လောကကို နာကျင်အောင်၊ ထိခိုက်အောင် ပြုလုပ်နေတဲ့ နတ်ဆိုး အားလုံးကို သန့်စင်ပစ်ရမယ်”
ဤစကားစုသည် အမှန်ပင် လေးနက်လွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွားမိသည်။ “တခြားနည်းလမ်း မရှိဘူးလား”
“ဒါပဲလေ”
“တကယ်လို့ လက်လျော့ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် ကျုပ် စိတ်ပျက်ခြင်း ချောက်ကမ်းပါးထဲက အထုတ်ခံရမှာလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
“ဒီအခွင့်အရေးက စတေးမယ့်လူတွေအတွက် စောင့်မျှော်ပြီး ပြင်ဆင်ထားခဲ့တာလေ။ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် အပြင်ဘက်ကို ကျိန်းသေပေါက် အထုတ်ခံရမှာပေါ့”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းပေါ်တွင် နာကျင်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဒဏ္ဍာရီလာ တာဝန် သည် ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်၍ ရတနာကို ရှာဖွေရန်ပင်ဖြစ်သည်။ အပြင်ဘက်သို့ ထုတ်ခံလိုက်ရ သည်ဆိုပါက တာဝန်ကျရှုံးခြင်းနှင့် တူညီပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသွားပြီဖြစ်၏။
“ရွေးချယ်ပါ”
ကျွင်းချောင်ရှောင်းအနေဖြင့် သူ့ကိုယ်သူ စတေးပြီး ကောင်းမွန်လှသည့်အရာများကို ပြုလုပ်ရန် ဆိုသည်ကို စဉ်းစားလျက်ရှိနေကြသည်။
...............
ထို့အတူပဲ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသည့်တပည့်အားလုံးတို့သည်လည်း မိမိ ကိုယ်ပိုင်ရွေးချယ်မှုများကို ပြုလုပ်နေခဲ့ကြ၏။ သူတို့ ဘာကို ရွေးချယ်လိုက်နည်းဆိုသည်မှာ အနာဂတ်တွင် သိသာ ထင်ရှားလာပေလိမ့်မည်။
..............
“ဘာတွေဖြစ်နေတာလဲ”
အပြင်ဘက်လောကမှာတော့ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် နဝေတိမ်တောင် ဖြစ်မိနေသည်။ ဂိုဏ်းချုပ်ကျွင်းနှင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူတို့သာလျှင် ကျန်ရှိခဲ့၏။ ဤအရာသည် မမျှမတ ခွဲခြားဆက်ဆံခြင်းလား။
ဆွစ် ဆွစ်
သူတို့ စိတ်ဓာတ်ကျလျက် ရှိနေတုန်းမှာပဲ တည်နေရာကြီးသည် တုန်ခါလာခဲ့၏။ ကုကျောင်းရှစ်၊ ယုစီနန်နှင့် အခြားသော အထက်ပိုင်းအကြီးအကဲများ၊ လုချင်းချင်းနှင့် တခြားသောတပည့်များ တစ်ယောက်ပြီး တစ်ယောက်သည် အပြင်ဘက်တွင် ပေါ်လာခဲ့ကြ၏။
“သား”
ကုထျန်းရှင်းသည် အလျင်အမြန်ဖြင့် မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”
“အင်း”
ကုကျောင်းရှစ်သည် ဦးခေါင်းကို ကုတ်ကာဖြင့် နဝေတိမ်တောင် ပြောလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲတော့ မသိဘူး။ တည်နေရာတစ်ခုထဲကို ကြောင်တောင်တောင်နဲ့ ရောက်သွားတယ်။ ပြီးတော့ ကြောင်တောင်တောင်နဲ့ ပြန်ထွက်လာရတာပဲ”
“ဘာအန္တရာယ်မှ မရှိဘူးလား”
“မရှိပါဘူး”
“.........”
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် ဆွံ့အလျက် ရှိနေ၏။
“ဟမ်”
စုရှောင်မိုသည် ဘယ်ညာကို အသာလှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဘယ်မှာလဲ”
ကုထျန်းရှင်းက ပြောလိုက်၏။ “သူလည်း မင်းတို့နဲ့အတူတူ ပျောက်သွားတာပဲလေ”
ဆွစ်
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ သူသည် ကြယ်တာရာမြေပုံ ကြီးကို ထုတ်ယူကာ ပြောလိုက်သည်။ “သွားကြရအောင်”
တပည့်များသည် အနောက်မှ လိုက်သွားကြသည်။ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် နဝေတိမ်တောင်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။
ဂိုဏ်းချုပ်ကျွင်းနှင့် ပြိုင်စံရှားဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်၊ ထွက်လိုက် လုပ်နေနိုင်ကြသည်။ အဘယ်ကြောင့် သူတို့သည် မတူညီသလို ခံစားနေရသနည်း။
မတူညီသည်မှာ သေချာ၏။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် ဘာမတူညီသနည်းဆိုသည်ကိုတော့ သေသေချာချာ မပြောနိင်ခဲ့ကြချေ။ ထို့ကြောင့် အလျင်အမြန်ပဲ အနောက်မှလိုက်ပါသွားခဲ့ကြ၏။
သူတို့သည် ဘာတွေ ရှာဖွေတွေ့ရှိသနည်းဆိုသည်ကို ကျွင်းချောင်ရှောင်းအား မေးမြန်းရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ရရှိခဲ့သည့်အဖြေသည် ဘာတစ်ခုမှ ရှာမတွေ့ခြင်းပင်။ ဟုတ်ပေ၏။ သူတို့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ မြန်မြန်ဆန်ဆန်ပဲ ဝင်သွားပြီး မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့ ခြင်းပင်။
ကုထျန်းရှင်းနှင့် ကျန့်ကွေ့ရှုတို့သည် မြေခွေးအိုကြီးများပင် ဖြစ်၏။ သူတို့သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ် လိုက်၏။ “တစ်စုံတစ်ခု ဖြစ်ခဲ့တာတော့ သေချာတယ်”
ကျွင်းချောင်ရှောင်းသည် မြေပုံအတိုင်း လိုက်လာပြီးသည့်နောက် မင်္ဂလာကုန်းမြေတည်နေရာဆီသို့ ကြိုတင်ကာ ရောက်ရှိသွားခဲ့၏။ ကြီးမားသည့် အန္တရာယ်များကို တည်ရှိနေသောကြောင့် ထိုနေရာဆီသို့ မရောက်ခင် များပြားလှသည့် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ရသေး၏။ ဤအရာသည် ဂိုဏ်းတစ်ခုလုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အလုံးစုံသော အားအင်အဆင့်ကို စမ်းသပ်ခြင်း လည်း ဖြစ်ပေလိမ့်မည်။ သူတို့သည့် အားကောင်းလှသည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို ပိုင်ဆိုင်ပြီး ရှေ့တွင်ရှိသမျှ အမှိုက်အားလုံးကို ဖြေရှင်းနိုင်ခဲ့ကြသည်။
“...........”
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် ဆွံ့အလျက်ရှိနေ၏။ ဤနေရာတွင် ရေတွက်လို့မရသော သိုင်းကျင့်ကြံသူ များ သေဆုံးခဲ့ဖူး၏။ အလွန်အမင်း စိတ်ပျက်စရာ ကိစ္စရပ်မျိုး ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် စိတ်ပျက်ခြင်း ချောက်ကမ်းပါးဟု အမည်တွင်ခဲ့ခြင်းပင်။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသားများသည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် စိတ်ပျက်ခြင်းချောက်ကမ်းပါးကြီးအား စိတ်ပျက်အောင် ပြုမူနေကြ လေ၏။
မင်္ဂလာကုန်းမြေနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ တွေ့ကြုံရသည့် အန္တရာယ်များသည် ပိုမိုကာ ကြီးမားလာခဲ့သည်။ အထူးသဖြင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီးသည့်နောက် ဤနေရာကို စောင့်ကြပ်လျက် ရှိနေသည့် ရှေးသားရဲကြီးတစ်ထောင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့ရသည်။
ဟူး ဟူး
တပည့်များသည် ဒူးပေါ်သို့ လက်တင်ပြီး ကုန်းကုန်းကွကွဖြင့် မောပန်းလျက် ရှိနေကြသည်။ ၎င်းတို့သည် အသက်ပင် မနည်းရှူနေရ၏။ အဆိုးရွားဆုံးသောလူမှာ ရှောင်ကျီပင် ဖြစ်၏။ သူသည် ရှိရှိသမျှသော အားအင်များကို အသုံးပြုခဲ့ရသည်ဖြစ်သောကြောင့် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များအားလုံး ကုန်ခမ်းသွားသကဲ့သို့ပင်။
“စီနီယာအစ်ကိုရှောင်... ကျေးဇူးပါပဲ”
မောပန်းလျက်ရှိနေသည့် တပည့်တော်တော်များများတို့သည် ရှောင်ကျီ အား ကျေးဇူးတင်စကား ပြောလိုက်ကြ၏။ သာမန် အတွင်းစည်းနှင့် အပြင်စည်းတပည့်များ၏ အားအင် အဆင့်သည် ဤကဲ့သို့ အဆင့် သတ္တဝါများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်သည့်အရာမျိုး မဟုတ်ခဲ့ချေ။ သို့ပေမဲ့ ရှောင်ကျီ သေသေချာချာ ကာကွယ်ပေးခဲ့သည် ဖြစ်သောကြောင့် သူတို့သည် ယခုနေရာဆီသို့ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒါ .... ငါ လုပ်ကို လုပ်ရမယ့်အရာပဲလေ” ရှောင်ကျီသည် မောပန်းလျက် ရှိနေသည်ဆိုလျှင်တောင်မှ ဂုဏ်ယူ ဝံ့ကြွားစွာ ပြောလိုက်မိ၏။
“အင်း... ဒီမှာ နားရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဂိုဏ်းထဲရှိ လူပေါင်းများစွာတို့သည် ဤနေရာတွင် ပြန်လည်အားမွေးနေခဲ့ကြ၏။ တစ်နာရီခန့် ကြာပြီးသည့် နောက် အားလုံးတို့သည် ပြန်လည်ကာ အားပြည့်လာကြ၏။
“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် အရှေ့မှ ဦးဆောင်ကာ ထွက်သွားခဲ့၏။ မည်သည့် အန္တရာယ်မှ မရှိတော့သောကြောင့် သူတို့၏ လမ်းခရီးသည် ချောမွေ့လျက် ရှိသည်။ နောက်ဆုံးမှာတော့ မင်္ဂလာကုန်းမြေ ထဲသို့ ရောက်ရှိသွားခဲ့၏။ ဤတည်နေရာကြီးသည် သက်တန့်ရောင်အလင်းတန်းများနှင့် ပြည့်နှက်လျက် ရှိနေသည်။
“အင်း... နေလို့ထိုင်လို့ ကောင်းသွားတာပဲ”
စုရှောင်မိုနှင့် လီဖေးတို့သည် မျက်လုံးများ မှေးကျဉ်းသွားခဲ့ကြ၏။ ၎င်းတို့၏ မရီဒန်ထဲ၌ လုံလောက်သည့် စွမ်းအင်များ ပြန်လည်ရရှိသွားကြ၏။
ကျွင်းချောင်ရှောင်း သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက် တည်ရှိနေရာရှိ ရတနာကို ရှာဖွေလျက် ရှိနေသည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် လက်ညှိုးညွှန်ကာဖြင့် အံ့အားတသင့် ပြောလိုက်၏။ “အဲတာ ဘာကြီးလဲ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်းကာကြည့်ရှုလိုက်သည့်အချိ်နမှာတော့ လေထဲတွင် လွင့်လျက်ရှိနေသည့် ကုန်းမြေတစ်ခုကို မြင်လိုက်ရ၏။ ထိုအရာပေါ်တွင် ကြီးမားသည့် သစ်ကိုင်းများနှင့် သစ်ပင်ကြီးတစ်ခုက တည်ရှိနေ၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးတွင် အသက်ဓာတ်များ ပြည့်နှက်လျက် ရှိနေသည်။ ထို့အပြင် နတ်ကဲ့သို့ ထူးခြားလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။
“ဒါ ဘာကြီးလဲ” ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည်လည်း သတိပြုလိုက်မိကြသည်။ သူတို့၏ အသွင်အပြင် အမူအရာကို ကြည့်ရှုရမည်ဆိုလျှင် ဘာအပင်ဖြစ်ကြောင်း မသိတာ သေချာ၏။
အားလုံး မသိရှိကြချေ။ သို့ပေမဲ့ ဟယ်ဝူတီကတော့ သိရှိလို့နေသည်။
အသက်ဓာတ်များ ပြည့်နှက်လျက် ရှိနေသည့် သစ်ပင်ကြီးကို မြင်ရသည့်အချိန်မှာတော့ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ဒါ စကြဝဠာရဲ့ မူလအရင်းအမြစ် သစ်ပင်လား”
ဖြောက် ဖြောက်
ထိုအချိန်မှာတော့ မြင့်မားလှသည့် သစ်ပင်ကြီးအနောက်ရှိ တည်နေရာကြီးသည် တွန့်လိမ်လာခဲ့ပြီးသည့် နောက် သက်တန့်ရောင်ကဲ့သို့ လမ်းတစ်ခု ဖြစ်တည်လာ၏။ ထိုလမ်းကြီး၏ အဆုံးတွင်တော့ ကြီးမားလှသည့် ကျောက်တံခါးကြီးတစ်ချပ်သည် ပေါ်ပေါက်လာ၏။ ထိုအရာပေါ်တွင် စာတမ်းတစ်ခု တည်ရှိသည်။ ထိုစာတမ်းသည် .....
“အန္တိမကုန်းမြေတိုက်သို့လမ်း”