← Chapters

အခန်း ၁၉၈၀

Vol. 133 Ch. 1980

အခန်း ၁၉၈၀

Vol. 133 Ch. 1980

အပိုင်း (၁၉၈၀)

အရှေ့တွင် ကြီးမားလှသည့် ကျောက်တံခါးကြီးတစ်ခုက တည်ရှိနေ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် ထိုကဲ့သို့သော ကျောက်တံခါးမျိုးကို မြင်ရသည်မှာ တတိယအကြိမ်မြောက်ပင် ဖြစ်သည်။ အကွာအဝေးမှာ မရှည်လျားလွန်းလှချေ။ ထို့အတူ နီးလည်း မနီးပေ။

တံခါးက အဓိက မဟုတ်ပေ။ အဓိကမှာ သစ်ပင်ကြီးသာလျှင် ဖြစ်သည်။

ဟယ်ဝူတီ စောဏက အော်ဟစ်လိုက်ပုံအတိုင်းဆိုလျှင် ဤအရာသည် မူလအရင်းအမြစ် သစ်ပင်ပင် ဖြစ်ပေမည်။ ဂြိုဟ်တွင် မူလအရင်းအမြစ်တစ်ခု ရှိ၏။ သေသေချာချာ ဖော်ညွှန်းရမည်ဆိုလျှင် ဤသစ်ပင်ကြီး သည် စကြဝဠာတစ်ခုလုံး၏ မူလအရင်းအမြစ်ကို ဖော်ညွှန်းနေသည့်အရာပေလား။

သူခန့်မှန်းမိတာ အမှန်ပင် ဖြစ်လေ၏။ မူလအရင်းအမြစ်တည်ရှိခြင်းအားဖြင့် ဂြိုဟ်တစ်ခု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ဤအုံ့မှိုင်းလျက်ရှိသည့် သစ်ပင်ရှည်ကြီးမှာတော့ စကြဝဠာ၏ အရင်းအမြစ် ဖြစ်လေသည်။

အတိုချုပ် ပြောရမည်ဆိုလျှင် ဤအရာသည် လောက၏ ပထမဦးဆုံး သစ်ပင်ကြီးသာလျှင် ဖြစ်၏။ ပြီးသည့် နောက်မှ စကြဝဠာကြီးတစ်ခု ဖြစ်တည်လာခဲ့ခြင်းပင်။ ရေတွက်လို့မရအောင် များပြားလှသည့်ဂြိုဟ်များ ဆိုသည်မှာ အချိန်မြစ်ရေစီးကြောင်းအတိုင်း တဖြည်းဖြည်းချင်း ပေါက်ဖွားလာသည့် အရာမျိုးပင်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ဟယ်ဝူတီသည် ပိုမိုကာ တုန်လှုပ်မိသွား၏။ သူသိသလောက်ဆိုရင် စကြဝဠာ၏ မူလ အရင်းအမြစ်ကို ဖော်ညွှန်းသည့် သစ်ပင်ဆိုသည်မှာ သာမန်လူများ မြင်တွေ့နိုင်သည့်အရာမျိုး မဟုတ်ချေ။ လက်ရှိ စိတ်ပျက်ခြင်းချောက်ကမ်းပါးတွင် ပေါ်ပေါက်နေ၏။ ထို့အပြင် ဂိုဏ်းတူရောင်းရင်များ အားလုံး တို့သည် မျက်ဝါးထင်ထင် မြင်တွေ့နေရ၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားကြစို့”

ကျန့်ကွေ့ရှုသည် စိုးရိမ်စွာဖြင့် လှမ်းမေးလိုက်၏။ “ဒါ အန္တရာယ်များလား”

သူထိုသို့ ပြောလိုက်သည် ဆိုသော်လည်း ခြေထောက်များမှာတော့ ရှေ့ဆီသို့ လှမ်းခဲ့ပြီးသား ဖြစ်တော့၏။ မြင့်မားလှသည့်သစ်ပင်ကြီး ဆီမှ ထွက်ပေါ်နေသည့် နတ်ကဲ့သို့ အလင်းရောင်များသည် အားလုံးသောသူတို့ကို နွေဦးရာသီ၏ အေးစိမ့်သော စမ်းချောင်းထဲတွင် ရေဆင်းချိုးလိုက်သကဲ့သို့ ခံစားချက်မျိုး ရရှိစေသည်။

အားလုံးသောသူများသည် လန်းဆန်း သွားခဲ့ကြ၏။ ထို့ကြောင့် အမှတ်မထင် ရှေ့ဆီသို့ လှမ်းသွားရန် အတွေးသာ တည်ရှိကြတော့၏၊

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီမှ ဦးဆောင်ပြီး ပျံသန်းသွားခဲ့၏။ တပည့်များသည် အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြသည်။ သေချာပေသည်။ မူလအရင်းအမြစ် သစ်ပင်နှင့် နီးကပ်လာလေ သူတို့သည် ပိုမို၍ လန်းဆန်းသည့် ခံစားချက်များကို ရရှိလာလေဖြစ်သည်။

တပည့်တော်တော်များများတို့သည် အံ့အားသင့်ဖွယ် ကောင်းလှသည့် ပုံရိပ်ယောင်အခြေအနေထဲသို့ ဝင်ရောက်သွားကြသည်။ ၎င်းတို့၏ ဝိညာဉ်များသည် သိုင်းပညာနှင့်ပတ်သက်သည့် နိယာမပင်လယ်ထဲတွင် လွင့်မျောလျက် ရှိနေကြပြီး အထဲတွင် ရှိနေသည့် သိုင်းနိယာမများ အားလုံးကို ရူးရူးမူးမူး စုပ်ယူလျက်ရှိနေ၏။

ဆွစ် ဆွစ်

နီးကပ်လာသည်နှင့်အမျှ အမြူတေပြောင်းလဲခြင်းအဆင့်ဆီမှ အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ တပည့် တော်တော်များများက ဝင်ရောက်ကုန်ကြ၏။ အမြူတေပြောင်းလဲခြင်းအဆင့်တွင် ရှိသောသူများသည် အလယ် အလတ်အဆင့်၊ အလယ်အလတ်အဆင့်တွင် ရှိနေကြသည့်လူများသည် အထက်အဆင့်သို့ တိုးတက်ရောက်ရှိ ခဲ့ကြ၏။ အကျိုးကျေးဇူး ရရှိသူများမှာ အဆင့်နိမ့်သိုင်းကျင့်ကြံသူများတင် မကပေ။ အဆင့်မြင့် သိုင်းပညာရှင် များလည်း ပါဝင်လျက်ရှိသည်။

ထိုအထဲတွင် ကျွင်းချောင်ရှောင်းလည်း အပါအဝင်ပင်။ မူလသစ်ပင်အရင်းအမြစ်နှင့် နီးကပ် လာလေ သူသည် ပိုမို၍ နက်နဲလွန်းလှသည့် နိယာမများကို နားလည်လာလေဖြစ်၏။ သူ၏ နှလုံးသား တစ်ခုလုံးတွင် ရုတ်တရက် ဉာဏ်အလင်းရရှိမှုများနှင့် ပြည့်နှက်လျက်ရှိ၏ “ဒါ… စီနီယာသက်တန့်ရောင်သူတော်စင် ချန်ထားခဲ့တဲ့ ရတနာများ ဖြစ်မလား”

ဘုတ်

ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သစ်ပင်စိုက်ပျိုးထားရာ မြေတည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။ မြေဆီလွှာများသည် အလွန်ပင် နူးညံ့လွန်းလှပြီး ခြေထောက်ဖြင့် နင်းကာ တက်လိုက်သည့် အချိန်မှာတော့ သက်တောင့်သက်သာဖြစ်မှုကို ခံစားမိစေသည်။

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များသည် အနောက်မှ လိုက်ပါလာခဲ့ကြ၏။ ၎င်းတို့သည် လေထုထဲတွင် ရှိနေသည့် နက်နဲလှသည့် သိုင်းနည်းစနစ်များကို အာရုံခံကာဖြင့် မျက်လုံးကို စုံမှိတ်ထားခဲ့ကြ၏။

ဘယ်လောက်မှန်းမသိသည့် အချိန်တစ်ခုမှာ‌တော့ ကျွင်းချောင်ရှောင်းသည် အသိပြန်ဝင်လာခဲ့၏။ သူသည် အရှေ့တွင် ရှိနေသည့် သစ်ပင်ကြီးကို ကြည့်ရှုရင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ထာဝရလောကကြီးမှာသာ ဒါကို ပြောင်းပြီး စိုက်လိုက်မယ်ဆိုရင် အထဲမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံး အကျိုးကျေးဇူးရမှာ မဟုတ်လား”

“………”

ဟယ်ဝူတီ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့မိ၏။ ဂိုဏ်းချုပ် ပီသစွာဖြင့် အတွေးအခေါ်များသည် သူများထက် ဆန်းပြားလွန်းနေလေ၏။

ဟူး ဟူး

လေထုထဲတွင်ရှိနေသည့် နက်နဲလှသည့် နိယာမများ အားလုံးသည် ပိုမိုကာ အရှိန်အဟုန် ပြင်းထန်လာပြီး တပည့်များ၏ အဆင့်ချိုးဖြတ်နိုင်မှုသည်လည်း ပိုမိုကာ မြန်ဆန်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ယခင်တုန်းကတည်းက ဤကဲ့သို့ ရုတ်တရက် အဆင့်တိုးတက်မှုကို တွေ့ကြုံခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် အံ့အားသင့်မှု မရှိလှ‌ချေ။ သူ ဂရုစိုက်နေသည်မှာ ဤသစ်ပင်ကြီးအား ထာဝရလောကထဲသို့ မည်ကဲ့သို့ ယူဆောင်သွားရမည် ဆိုခြင်းပင်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤအရာသည် သူ၏အကြိုက်ပင် ဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် သိမ်းဆည်းသွားရပေမည်။ ကျွင်းချောင်ရှောင်း အနေဖြင့် သိုင်းကျင့်ကြံခြင်း လမ်းစဉ်ဆီမှ နက်နဲလှသည့် နိယာမ များကို အာရုံခံပြီးသည့်နောက် ဤကဲ့သို့သော အတွေးအခေါ်များသည် ချက်ချင်း တဖွားဖွားနှင့် ဖြစ်တည်လာခဲ့၏။

ထို့အပြင် ဤနေရာတွင် ထားခဲ့ပါက ဖြုန်းတီးရာ ကျပေလိမ့်မည်။ စကြဝဠာတစ်ခုလုံး၏ မူလအရင်းအမြစ် ဖြစ်သည်မို့ ကောင်းမွန်လှသည့်အရာများကို ပြုလုပ်ပြီး လူသားများ၏ အကျိုးကို ထမ်းဆောင်သင့်သည် မဟုတ်ပါလား။

ကျွင်းချောင်ရှောင်း၏ ဤကဲ့သို့ လွန်ကျူးလှသည့် အတွေးအခေါ်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့မှာတော့ သာမန်ကျ၏။ ၎င်းတို့သည် တည်နေရာဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ကျောက်တံခါးကြီးဆီသို့ တည့်တည့်သွားလိုက်ကြ၏။

မူလအရင်းအမြစ်သစ်ပင်ဆီမှ ဆန်းကြယ်ပြီး နက်နဲ လှသည့်အော်ရာများ ထွက်ပေါ်နေသည်။ သို့ပေမဲ့ သူတို့ကဲ့သို့ ကျွမ်းကျင်သူများအတွက် အလွန်ကြီးမားလှသည့်အကျိုးကျေးဇူးတော့ မဖြစ်စေပေ။ သူတို့သည် အန္တိမလမ်းစဉ်၏ လျှို့ဝှက်ချက်များအကြောင်းကို ပိုမိုကာ သိချင်မိ၏။ ဂိတ်တံခါး၏ရှေ့တွင် မတ်မတ်ရပ်ပြီး သည့်နောက် ၎င်းတို့သည် ဂိတ်တံခါးပေါ် လက်တင်ကာဖြင့် အထဲသို့ တွန်းဖွင့်ကြ၏။ သို့ပေမဲ့ မည်မျှကြိုးစား ကြိုးစား တစ်လက်မပင် မရွေ့ခဲ့ချေ။

“အားဖြုန်းမနေနဲ့”

ဟယ်ဝူတီက ပြောလိုက်သည်။ “ဒီတံခါးကို ခင်ဗျားတို့ ဖွင့်လို့မရဘူး”

“ဘာလို့လဲ” ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့က မေးမြန်းလိုက်၏။

ဟယ်ဝူတီသည် အလွန်ကြီးမားလှသည့် သစ်ပင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်အထင်မမှားဘူး ဆိုရင် ဒီဂိတ်တံခါးကြီးက မူလသစ်ပင်နဲ့ ဆက်စပ်နေလိမ့်မယ်။ တကယ်လို့ ဖွင့်ချင်တယ်ဆိုရင် သူ့ရဲ့ အတည်ပြုမှုကို ရမှ ဖြစ်လိမ့်မယ်”

“အတည်ပြုမှုကို ဘယ်လိုရမှာလဲ” ကျွင်းချောင်ရှောင်းက ရောက်ရှိလာကာ မေးမြန်းလိုက်၏။

“တပည့်လည်း မသိပါဘူး”

ဟယ်ဝူတီအနေနှင့် တစ်ခုနှစ်ခုလောက်ကိုသာ ခန့်မှန်းနိုင်စွမ်းရှိသည်။ သူ၏ အထင်အရဆိုလျှင် ဤသစ်ပင်နှင့် ကျောက်တံခါးကြီးသည် ဆက်စပ်မှု ရှိနေ၏။ ထိုအရာသည် အနာဂတ် မျိုးဆက်သစ်များအတွက် စီနီယာသက်တန့်ရောင်သူတော်စင် ချန်ထားခဲ့သည် အန္တိမကုန်းမြေထဲသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သစ်ပင်ဆီသို့ အသာလှမ်းလျှောက်သွားခဲ့၏။ အလွန်ကြီးမားလှသည့် ပင်စည်ကြီး ရှေ့တွင် ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက် ရှိနေသော်လည်း သစ်ပင်ကြီးသည် ထူးမခြားနားသလိုပင် ရှိလို့နေ၏။ အလွန်နီးကပ်လာသည့် အခြေအနေမှာတော့ သိုင်းကျင့်ကြံခြင်း နည်းလမ်းများ၏ နက်နဲလှသည့် နိယာမများ သည် ပိုမိုကာ အားကောင်းလျက် ရှိနေ၏။

ဖောက်

လက်ကိုမြှောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သစ်ပင်ကြီးပေါ်သို့ အသာတင်ကာ တီးတိုးပြော လိုက်သည်။ “အထက်စကြဝဠာတစ်ခုလုံး အန္တရာယ် ကျရောက်နေတယ်။ ရေတွက်လို့ မရအောင် များပြားတဲ့ ဂြိုဟ်တွေ၊ ဝိညာဉ်တွေ၊ လူသားတွေအားလုံးက အစာအဖြစ် ဖြစ်တည်နေတယ်။ ခင်ဗျား ဒါကို ဒီအတိုင်း ရပ်ကြည့် နေမှာလား”

ဒွီ ဒွီ

သစ်ပင်ကြီးသည် ယိမ်းခါလျက် ရှိနေ၏။ တစ်စုံတစ်ခုကို ပြန်လည်ဖြေကြားနေပုံပင်။

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ခင်ဗျားက စကြဝဠာရဲ့ မူလအရင်းအမြစ် ဖြစ်တယ်။ ဒီတော့ သက်ရှိသတ္တဝါအားလုံးရဲ့ မိခင်ပဲ။ ကိုယ့်ရဲ့ကလေး ဒုက္ခရောက်နေပြီ။ ခင်ဗျား ဘာမှမလုပ်ဘဲ ဒီမှာ ထိုင်ကြည့်နေနိုင်သေးလား”

ဝှီး

သစ်ရွက်များသည် ပြင်းပြင်းထန်ထန်ဖြင့် တုန်ခါလာခဲ့ကြသည်။ သစ်ပင်၏ မူလအရင်းအမြစ်သည် အသိဉာဏ် တည်ရှိပုံပင်။ ကျွင်းချောင်ရှောင်း ပြောသည့်စကားတိုင်းကို ကြားရပုံလည်း ပေါ်၏။

“အင်း…. ကိုင်တွယ်ရတာ လွယ်ကူသားပဲ”

“ကျုပ် ကျွင်းချောင်ရှောင်း က”

ကုန်းရှန့်သည် လေးနက်စွာ ပြောလိုက်သည်။ “သာမန်လူတစ်ယောက် ဖြစ်တယ် ဆိုပေမဲ့ စကြဝဠာကြီးရဲ့ ကျရှုံးမှု၊ မြင့်တက်မှုကို တာဝန်ဝင်ယူရဲတဲ့ လူသားတစ်ယောက်လည်း ဖြစ်နေတယ်။ ဒါကြောင့် သေဆုံးရမှာကို မကြောက်လန့်ဘဲ အဆုံးထိ မိစ္ဆာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ပြီးပြီ”

“………”

ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်း တို့သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဂိုဏ်းချုပ်ကျွင်းသည်သာ သာမန်လူ တစ်ယောက်ဖြစ်သည်ဆိုလျှင် အထက်စကြဝဠာတွင် သာမန်လူဟူ၍ ရှိတော့မည် မဟုတ်ချေ။ အဆုံးထိ မိစ္ဆာများနှင့် တိုက်ခိုက်ရန်အတွက်မှာတော့ ၎င်းတို့နှစ်ယောက်သည်လည်း သဘောတူညီပြီးသားဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းနှင့် ပြိုင်စံရှားဂိုဏ်းသာ မရှိဘူးဆိုပါက အထက်စကြဝဠာတစ်ခုလုံး၏ အခြေအနေသည် ပိုမိုကာ ဆိုးရွားသွားပေမည်။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း၏ လက်ရှိ လုပ်ဆောင်မှုပုံစံများသည် အလွန်ပင် အားကောင်းခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏‌ အောက်ဆွဲ ကောင်းကင်နဂါး စစ်သူကြီး ရှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် တစ်ဖက်လူ၏ စစ်သည်ပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့သေး၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုအသွင်ပြောင်း နည်းစနစ်ကို သိရှိနားလည်ခဲ့သည်သာ မဟုတ်ပါက စကြဝဠာကြီးသည် ဤကဲသို့သော အခြေအနေမျိုးကိုပင် ရောက်လာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ‌တော့ ဂြိုဟ်တစ်ခုပြီး တစ်ခုသည် ၎င်း၏ ဝါးမြိုခြင်းကို ခံနေရပြီး နတ်ဆိုးသည် ပိုမိုကာ အားကောင်းလာခဲ့ပြီဖြစ်၏။

မေးစရာရှိသည်မှာ ကျွင်းချောင်ရှောင်းသည် အဘယ်ကြောင့် အဓိကဂြိုဟ်အသီးသီးဆီသို့ သွားရောက်ပြီး ထာဝရလောကကြီး ပိုမိုကာ ကြီးမားလာစေရန်အတွက် မူလအရင်းအမြစ်များအား ပေါင်းစပ်မှု မပြုလုပ်ရသနည်း။

ဤမေးခွန်းမှာ ကလေးဆန်လွန်းလှ၏။ ပေါင်းစပ်မှုဆိုသည်မှာ အချိန်အတော်ကြာလိမ့်မည် ဖြစ်သည်။ ထို့အပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဂြိုဟ်များကို ဝါးမြိုမှုနည်းစနစ်သည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ ပိုမို၍ အရေးကြီးသည်မှာ တစ်ဖက်လူသည် မြန်မြန်ဆန်ဆန် နှင့် အားကောင်းလာနေခြင်းပင်။

ကျွင်းချောင်ရှောင်း အနေနှင့် ဂြိုဟ်များကို ပေါင်းစပ်ချင်သည်ဆိုပါက တစ်ဖက်လူများ ဒုက္ခမရောက်ခင် သွားရောက်ကာ ကယ်တင်ပြီး သဘောတူညီမှု ရရန်လိုအပ်နေသေးသည်။

အတိုချုပ်အားဖြင့်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ သည် အလွန်အန္တရာယ်များသည် အခြေအနေဆီသို့‌ ရောက်ရှိနေ၏။

ကျွင်းချောင်ရှောင်း အနေဖြင့် စီနီယာ သက်တန့်ရောင်သူတော်စင် ချန်ထားခဲ့သည့် ရတနာပေါ်တွင် သူ၏ မျှော်လင့်ချက်များကို အလုံးစုံ ပုံအပ်ထားခဲ့၏။ ကံကောင်းစွာဖြင့် သူ ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ စကြဝဠာ၏ မူလအရင်းအမြစ်ကို ကိုယ်စားပြုသော သစ်ပင်ကြီး တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

“စကြဝဠာတစ်ခုလုံးနဲ့ အထဲမှာရှိနေတဲ့ သက်ရှိတွေအကုန်လုံးကို ဂရုစိုက်သေးတယ်ဆိုရင် ကျေးဇူးပြုပြီး ကျုပ်ရဲ့ လောကကြီးနဲ့ ပေါင်းစပ်ပြီးတော့ သေတဲ့အထိ နတ်ဆိုးတွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပါ” ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။

ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် ကြိတ်ကာ ပြောလိုက်သည်။ “ဒီလိုစကားလေး ပြောရုံနဲ့ ဘယ်လိုဖြစ်ပြီး အတည်ပြုမှုကို ရမှာလဲ”

“ကောင်းပြီ… ငါ မင်းကို ကူညီမယ်” ရုတ်တရက် အသံအိုကြီးတစ်ခုက ထွက်ပေါ်လာ၏။

စိတ်ထဲတွင် အပြစ်တင်လျက် ရှိနေသော ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်း တို့သည် ရုတ်တရက် ဆွံ့အသွားခဲ့ကြ၏။ ပြီးနောက် သူတို့အားလုံး၏အရှေ့မှာ ရှိနေသည့် မြင့်မားလှသည့် သစ်ပင်ကြီးသည် တောက်ပလှသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ကျွင်းချောင်ရှောင်း၏ မျက်ခုံးနှစ်ခုကြား နဖူးစပ် တည်နေရာဆီသို့ ဝင်ရောက်သွားခဲ့တော့သည်။

ရုတ်တရက် ဆန်လွန်းလှသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။

၎င်းတို့နှစ်ယောက် သတိပြန်ဝင် မလာခင်မှာပဲ အနောက်ဘက်တွင် ရှိနေသည့် ကျောက်တံခါးကြီးကလည်း လေထုထဲ၌ ပျောက်ကွယ်သွားလေ၏။

“သွားပြီလား။ မရှိတော့ဘူးလား”

ဟယ်ဝူတီသည် ဂိုဏ်းချုပ်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ဒါဆိုရင် ထာဝရလောကကြီးထဲကို ဝင်သွားတာလား”

ဝှစ် ဝှစ်

တွေးတောနေရန် အချိန် မရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်လှသည့် အဆင့်တက်သော အရှိန်အဟုန်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် သူ၏ သိစိတ်ပင်လယ်ထဲတွင် နက်နဲလွန်းသည့် နိယာမများ ဖြစ်တည်လာခဲ့ပြီး အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ဆီ လှမ်းဝင်သွား၏။

“ငါ အဆင့်ချိုးဖြတ်တော့မှာပဲ”

ဟယ်ဝူတီသည် ရုတ်တရက် ဆွံ့အသွားခဲ့မိ၏။ သူသည် သူ၏ ကျင့်ကြံခြင်း အကြောင်းကို ကောင်းကောင်း သိ၏။ အဆင့်ချိုးဖြတ်နိုင်ဖို့ဆိုသည်မှာ အတော်ပင် လိုအပ်နေသေး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တကယ်ပင် အဆင့်ချိုးဖြတ်သွားခဲ့သည်။

သူတင်မကပေ။ လီချင်းယန်၊ စုရှောင်မို၊ လီဖေးနှင့် တခြားသောအတွင်းစည်းတပည့်များ အားလုံးတို့သည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် လှိုင်းများ ဖြစ်တည်လာခဲ့ပြီး အဆင့်ကြီး တစ်ဆင့်ဆီသို့ တိုးတက် ရောက်ရှိကုန်ကြ၏။

ဝှစ် ဝှစ် ဝှစ်

မကြာခင်မှာပဲ လီချင်းယန်သည် နတ်ဘုရားလျှို့ဝှက် ထိပ်ဆုံးအဆင့်ကို ရောက်ရှိ၏။ စုရှောင်မိုသည်လည်း နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ လှမ်းဝင်ခဲ့၏။ လီဖေး၊ ထျန်းချီနှင့် တခြားသော အတွင်းစည်းတပည့်များ အားလုံးသည်လည်း ထိုကဲ့သို့ပင်။ လီထျန်းထျန်း၊ လင်းယွမ်ရွယ်နှင့် တခြားသော သူများမှာတော့ နတ်ဘုရား လျှို့ဝှက်အဆင့်၏ ခြေလှမ်းဝက်ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

ထို့အပြင် အကြီးအကဲများလည်း ပါဝင်နေခဲ့၏။ သူတို့သည်လည်း အကျိုးကျေးဇူး ရရှိခဲ့သည်။ ကုကျောင်းရှစ်၊ ယုစီနန်၊ ကုန်းစွန်းဟုန့်၊ ပိုင်လီချင်းချောင်နှင့် ဖြူမဲညီနောင်၊ တင်းရှင်းဝမ်၊ ကျန့်ရာနှင့် တခြားသူများ အားလုံးတို့ သည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ရောက်ရှိခဲ့ကြ၏။ ဤအရာမှာ အလွန်ပင် လွယ်ကူပြီး ရိုးရှင်းလွန်းလှချေ၏။

အား…

ခရမ်းရောင်ဘုရင်သည် ဦးခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ သားရဲတစ်ယောက် ဖြစ်သည်နှင့်အညီ သူ့၌ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်သွားသည် ဆိုခြင်းမှာ မရှိချေ။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်နှင့် မရီဒန် များသည် အားကောင်းလွန်းလှသည့် စွမ်းအင်များ၏ သန့်စင်မှုကို ခံရပြီးသည့်နောက် အရည်အသွေးအရ ပြောင်းလဲသွားခဲ့တော့သည်။ ဤအရာသည် နာကျင်မှုကို ခံစားရသည်ဆိုလျှင်တောင်မှ အလွန် သာယာ ဖွယ်ရာ ကိစ္စပင်။

ဘန်း

ထို့ကြောင့် ခရမ်းရောင်ဘုရင်သည် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့တော့ချေ။ ဂိုဏ်းဝတ်စုံကို တစ်ခါတည်း ဖောက်ခွဲပစ်ပြီး သူ၏ သန်မာတောင့်တင်းလှသော ကြွက်သားများကို အမြောင်းမြောင်း ညှစ်ပြ လိုက်မိ၏။ ခဏကြာပြီးသည့်နောက် သူနှင့် စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ အဖွဲ့ဝင်အားလုံးတို့သည် အသွင်ပြောင်းလဲသွားခဲ့ကြသည်။ ၎င်းတို့သည် သားရဲများအဖြစ် အားရပါးရ အော်ဟစ် ဟစ်ကြွေးလျက် ရှိနေကြသည်။

သို့ပေမဲ့ ခရမ်းရောင်ဘုရင်၏ အပျော်များသည် ရုတ်တရက် ရပ်တန့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်သခင်လေးသည် စုတ်တံကို ကိုင်ဆောင်ပြီး တစ်ယောက်ချင်းစီတိုင်းကို ကြည့်ရှုကာ စာရင်းများ ရေးမှတ် နေသောကြောင့်ပင်။

“ဒုဂိုဏ်းချုပ်… ကျုပ်ပြောတာ နားထောင်ပါအုံး”

“နားမထောင်နိုင်ဘူး … ကျိ”

………

ပြိုင်စံရှားဂိုဏ်းအနေဖြင့် အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူစာရင်းဖြင့် အဆင့်တက်သွားရသနည်း။ အကြောင်းအရင်းမှာ ရိုးရှင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် စကြဝဠာ၏ မူလအရင်းအမြစ် သစ်ပင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးသည့်‌နောက် ထာဝရလောကကြီးထဲသို့ သစ်ပင်က ရောက်ရှိလာခဲ့၏။ ထိုအချိန်မှာပဲ သူ၏နားထဲတွင် သတိပေးသံတစ်ခုက ပေါ်ပေါက်လာခဲ့၏။

“ဒင်.. ဒဏ္ဍာရီလာတာဝန် ပြည့်စုံသည်”

All Chapters