← Chapters

အခန်း ၁၉၈၂

Vol. 133 Ch. 1982

အခန်း ၁၉၈၂

Vol. 133 Ch. 1982

အပိုင်း (၁၉၈၂)

ကျင့်ကြံခြင်းတစ်သောင်း လျှို့ဝှက်နယ်မြေသည် မကြီးမားလှချေ။ လှိုဏ်ဂူငယ်လေး တစ်ခုကဲ့သို့ပင်။ ပတ်ဝန်းကျင်နံရံအသီးသီးတွင် စာအုပ်စင်ကဲ့သို့သော ချိုင့်များ တည်ရှိနေခဲ့၏။ ထိုအထဲတွင် များပြားလှသည့် စာအုပ်များ အစီအရီ တည်ရှိနေ၏။ မှန်ပေ၏။ အားလုံးသောအရာများသည် သိုင်းကျင့်ကြံခြင်းနည်းစနစ်နှင့် သဘာဝလွန် သိုင်းနည်းစနစ်များပင် ဖြစ်လေ၏။

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်ပြီးသည့်နောက် နံရံပေါ်တွင် ရေးထိုးထားသည့် ကျင့်ကြံခြင်း တစ်သောင်း တာအိုတစ်ထောင် နည်းစနစ်ဆိုသည့် စာတမ်းကို မြင်လိုက်ရ၏။ ဆိုလိုသည်မှာ ဤလျှို့ဝှက်ခန်း ထဲတွင် တာအိုအဆင့် သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ထောင်တိတိ တည်ရှိနေလေသည်လား။

“ဒါက လွန်လွန်းတာပဲ”

ကျွင်းချောင်ရှောင်းသည် သိစိတ်ကို အသာဖြန့်ကျက်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ တကယ်ပင် သေးငယ်လှသည့် လှိုဏ်ဂူလေးထဲတွင် တာအို စာအုပ်ပေါင်း တစ်ထောင်တည်ရှိနေသည်ကို တွေ့လိုက်ရ၏။

“မယုံကြည်နိုင်စရာပဲ”

အတိအကျ ပြောရမည်ဆိုလျှင် ဤလျှို့ဝှက်နယ်မြေသည် တကယ်ပင် အဆင့်အတန်း မြင့်မားလှသည့် စာကြည့်တိုက်ကြီးတစ်ခုနှင့်ပင် ဆင်တူနေ၏။ တကယ့်ကို အထူး အထူး ကောင်းမွန်သည့်အရာပင် ဖြစ်သည်။ ဤစာအုပ်များသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် အဆင့်နှင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိရှိလို့နေသည်။

သူသည် စာအုပ်တစ်အုပ်ကို အမှတ်မထင် လှမ်းယူကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အလုံးစုံ ဖျက်ဆီးခြင်း တာအိုနည်းစနစ်ဟု ရေးသားထားသည်ကို မြင်လိုက်ရ၏။ ထိုအရာဆီမှ အလွန်ကြမ်းတမ်း လှသည့်အော်ရာများ ထွက်ပေါ်နေသည်။ စာလုံးများကို ကြည့်ရှုလိုက်သည်နှင့် လူတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင်။ ဤစာလုံးများကို ရေးသားထားသည့် သိုင်းကျင့်ကြံသူ၏ အားအင်အဆင့်သည် သာမန်ထက်ပိုသည့်အရာပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း အနေဖြင့် ပထမစာရွက်ကို အသာလှန်ကာ ဖတ်ရှုပြီး မှတ်သားထားသည် များကို ကြည်ရှုလိုက်သည်။ သူသည် အမှန်ပင် တုန်လှုပ်သွားခဲ့တော့၏။ ဤသိုင်းနည်းစနစ်ကို အဆုံးစွန်အထိ ကျင့်ကြံနိုင်သည်ဆိုပါက လေဟာနယ်တစ်ခုလုံးကို ပိုင်းဖြတ်နိုင်သည်သာမက စကြဝဠာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။

“မယုံကြည်နိုင်စရာပဲ။ ဟုတ်တယ်နော်” ကျွင်းချောင်ရှောင်းသည် သံသယဖြစ်လို့နေခဲ့၏။ သူ၏ လက်ရှိ နတ်ဘုရားလျှို့ဝှက်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအရဆိုလျှင် ဂြိုဟ်တစ်ခုကို ဖျက်ဆီးရန်ဆိုသည်မှာ ကိစ္စ သေးသေးလေးသာ ဖြစ်၏။ သို့ပေမဲ့ စကြဝဠာတစ်ခုလုံးကို တုန်ခါစေဖို့၊ ဖျက်ဆီးနိုင်ဖို့ ဆိုသည်မှာတော့ အဓိပ္ပာယ် မရှိလှချေ။

အလုံးစုံ ဖျက်ဆီးခြင်း တာအိုနည်းစနစ်ကို အသာချပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကောင်းကင် ပျက်သုန်းခြင်း တာအိုနည်းစနစ်ဆိုသည့် စာအုပ်ကို လှမ်းကာကြည့်ရှုလိုက်၏။ မိတ်ဆက်အရ ဖတ်ရှုရမည် ဆိုလျှင် အလွန်အားကောင်းလှသည့်အရာဖြစ်ပြီး ကျွမ်းကျင်သွားသည်ဆိုသည်နှင့် လက်ဝါးရိုက်ချက် တစ်ခုနှင့် ဘုံကိုးပါးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။

“ကောင်းပြီ။ ဒါတွေက တကယ့်ကို ကြမ်းတမ်းတဲ့ အရာတွေပဲ” ကျွင်းချောင်ရှောင်းသည် တခြားသော စာအုပ် များကို ဆက်လက်ကာ ဖတ်ရှုလိုက်သည်။

ကြယ်တာအိုနှင့် နယ်မြေမဲ့တာအို - အရာအားလုံးတို့၏ နာမည်များ သည် ကွာခြားလျက် ရှိနေသည်ဆိုသော်လည်း အကျိုးသက်ရောက်မှုမှာ‌တော့ တူညီလှ၏။ အားလုံးသော သူတို့သည် စကြဝဠာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး လောကဓာတ်များကို ဖျက်ဆီးပစ်နိုင်စွမ်းရှိနေသည့် တာအိုနည်းစနစ်များ ဖြစ်နေခြင်းပင်။

“ဒါတွေအကုန်လုံးကိုသာ ငါကျွမ်းမယ်ဆိုရင်”

ကုန်းရှန့်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ပြိုင်ဘက်ကင်း ဖြစ်သွားနိုင်တယ်”

စနစ်သည် အချိန်ကိုက်ပင် သူ့ကိုရင်နာအောင် ဝင်ရောက်ပြောဆိုလိုက်သည်။ “လက်ခံသူရဲ့ နားလည်နိုင်စွမ်းနဲ့ဆို ဘဝတစ်သက်တာလုံး ဖတ်ရှုမယ်ဆိုရင်တောင် နားလည်နိုင်မှာ မဟုတ်ဘူး”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းရဲ့မျက်လုံးထဲမှာ ငါ အဲလောက်တောင် ဆိုးနေတာလား”

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်”

စနစ်က ပြောလိုက်သည်။ “ငါ့ရဲ့အကူအညီ မရှိဘူးဆိုရင် လက်ခံသူက တကယ့်ကို အမှိုက်လိုပဲလေ”

ဤစကားစုသည် အမှန်ပင် စူးရှလွန်း၏။ ကျွင်းချောင်ရှောင်းသည် သဘောမတူစွာ ပြောလိုက်မိ၏။ “ဘာဖြစ်လဲ။ အဲတော့ ငါက ဂုဏ်ယူရမှာလား”

“………”

စနစ်သည် စိတ်ဓာတ်ကျသွားမိ၏။ လက်ခံသူသည် တကယ့်ကို အရှက်မဲ့သည့် အခြေအနေဆီသို့ပင် ရောက်ရှိနေလေသည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ပိုမိုကာ စိတ်အားတက်ကြွလာခဲ့၏။ “ငါ မလုပ်နိုင်ဘူးလို့ မင်းထင်တယ်နော်”

“အင်း”

“ငါ ဘယ်လိုလေ့ကျင့်နိုင်လဲဆိုတာ မင်းကို ပြမယ်”

ပြောပြီးသည့်နောက် သူသည် အလုံးစုံ ဖျက်ဆီးခြင်း တာအိုနည်းစနစ်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

“တကယ်လို့ မင်းမှာ စွမ်းရည်ရှိတယ်ဆိုရင် စာအုပ်အနည်းငယ်လောက် ထပ်ပြီးတော့ အတူတူ ကျင့်ကြံလိုက် လေ” စနစ်သည် ဝင်ကာလှောင်ပြောင်လိုက်၏။

“ဟမ့်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်သည့် ကော့တက်သွားခဲသည်။ “ဝါးနိုင်သလောက်ထက် ပိုပြီးတော့ ပါးစပ်ထဲ မထည့်ရဘူးတဲ့။ ဒီနည်းဥပဒေသကို ငါနားလည်တယ်”

သူသည် လောဘမကြီးချေ။ ထို့ကြောင့် တစ်ခုတည်းကိုသာ ရွေးချယ်ခဲ့၏။

လျှို့ဝှက်နယ်မြေထဲတွင် မည်သည့်ကန့်သတ်ချက်မှ မရှိချေ။ တစ်စုံတစ်ယောက်သည် အထဲသို့ ဝင်ပြီးသည်နှင့် ကြိုက်သည့်အချိန်မှ ပြန်လည်ထွက်ခွာနိုင်၏။ ထို့ကြောင့် စာအုပ်ပေါင်းများစွာတို့ကို တစ်ခါတည်း ယူဆောင်သွားရန် မလိုအပ်ချေ။ တစ်ခုပြီးမှ တစ်ခုကို လေ့လာလည်း ရနိုင်သည် မဟုတ်ပါလား။

ရွှီး

သူသည် ကျင့်ကြံခြင်းတစ်သောင်းလျှို့ဝှက်နယ်မြေထဲမှ အသာလှမ်းလျှောက်ထွက်လိုက်၏။

“မင်းတို့အားလုံး”

အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မျှော်လင့်တကြီး မတ်တပ်ရပ်လျက် ရှိနေသည့် တပည့်များကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “အထဲကိုဝင်ပြီး ကြည့်လို့ရတယ်”

“ကောင်းပါပြီ”

အားလုံးသောသူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ကျင့်ကြံခြင်းတစ်သောင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်ကြ၏။ အထဲတွင်ရှိနေသည့် စာအုပ်များကို မြင်ရသည့်အချိန်မှာတော့ သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်၏။ “သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေ အများကြီးပါလား”

“ဘာကိုစောင့်နေတာလဲ”

စုရှောင်မိုသည် အသံမြှင့်ကာ ပြောလိုက်သည်။ “အမြန် ကြိုက်တာရွေးကြလေ”

ရွှီး ရွှီး

အားလုံးတို့သည် ချက်ချင်းလှုပ်ရှားကြတော့၏။ တပည့်များသည် ကြုံရာကို မရွေးကြချေ။ ထိုအစား ကျောက်နံရံ၏ရှေ့တွင် မတ်မတ်ရပ်ကာဖြင့် ၎င်းတို့နှင့် သင့်တော်လှမည့် နည်းစနစ်များကို ရွေးချယ်ကာ ဖတ်ရှုလျက်ရှိ၏။

ဥပမာအားဖြင့် လီချင်းယန်သည် မိုးကြိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ဓာတ်ငါးပါးမိုးကြိုးစိတ်ဝိညာဉ်မျိုးစေ့ ကိုလည်း ပိုင်ဆိုင်၏။ ထို့ကြောင့် မိုးကြိုးဓာတ်သဘာဝ တာအိုနည်းစနစ်ကို လေ့ကျင့်မှသာလျှင် ပိုမိုကာ ကောင်းမွန်ပေလိမ့်မည်။

အားလုံးသောသူတို့သည် မိမိ၏ တာအိုနှင့် လိုက်ဖက်လှသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို ရွေးချယ်လျက်ရှိနေသောကြောင့် နံရံ၏ရှေ့တွင် တုံဏှီဘာဝဖြင့် မတ်တပ်ရပ်လျက်ရှိနေသည့် ဟယ်ဝူတီကို မည်သူမှ သတိမပြုမိခဲ့ကြချေ။

ဟယ်ဝူတီသည် အလုံးစုံ ဆွံ့အလျက်ရှိ၏။ သူ၏ လက်များသည်လည်း ကြမ်းကြမ်းတမ်းတမ်း တုန်ခါလျက်ရှိသည်။

“မဖြစ်နိုင်တာ”

ခဏလောက်ကြာပြီးသည့်နောက် ဟယ်ဝူတီသည် သတိဝင်လာခဲ့၏။ သူသည် မယုံကြည်နိုင်စွာ ဖြင့်ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး”

သူသည် အန္တိမကုန်းမြေဆီမှ ရောက်ရှိလာသည့် လူတစ်ယောက်ဖြစ်ပြီး အဆင့်အတန်း မြင့်မားလွန်းလှသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံခဲ့ ဖူး၏။

ပြောရမည်ဆိုလျှင် လောကကြီးအကြောင်းကို ကောင်းကောင်းသိ၏။ ထို့အပြင် လောကကြီး၌ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသော မှော်စွမ်းအင်များ ရှိသည်ကိုလည်း သူသိသည်။ သာမန်သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ရှာဖွေရန် မခက်ခဲလှသော်လည်း တာအိုနည်းစနစ်ဆိုသည်မှာ အလွန့် အလွန် အလွန်ကို ရှားပါးလွန်းသည့် နည်းစနစ်များဖြစ်သည်။

လက်ရှိ သူတွေ့နေသည့် တာအိုနည်းစနစ်ဆိုသည်မှာ တစ်ခုတည်းလည်း မဟုတ်ချေ။ တစ်ထောင်နီးပါးခန့်ပင် ရှိ၏။ ဟယ်ဝူတီသည် တာအိုနည်းစနစ်အကြောင်းကို ကောင်းကောင်းသိနေသည်။ သူ ယခင်တုန်းက ကောင်းကင်နှင့် မြေကြီး လှည့်ပတ်ခြင်း တာအိုနည်းစနစ်တစ်ခုကို ရရှိခဲ့ဖူး၏။ နှစ်ပေါင်းများစွာ ကျင့်ကြံ ပြီးသည့်နောက် အပြင်ဘက်ပိုင်းကိုသာ နားလည်နိုင်ခဲ့၏။

သက်တန့်ရောင်စဉ်၏ အကြွင်းအကျန်ကျမ်း ပျောက်သွားသည့်အချိန်တွင် များပြားလွန်းလှသည့် ကျွမ်းကျင်သူများသည် သူ့ကို အမဲလိုက်ကာ သတ်ဖြတ်ခဲ့သည်။ သို့ပေမဲ့ သူသည် အန္တိမကုန်းမြေတိုက်ကြီးဆီမှ အောင်အောင်မြင်မြင်ဖြင့် ထွက်ပြေးနိုင်ခဲ့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ လုံလုံခြုံခြုံဖြင့် ရောက်ရှိ လာခဲ့ခြင်းသည် ဤတာအိုနည်းစနစ်ကြောင့်ဟု ပြောဆိုရပေမည်။

အန္တိမကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများအနေဖြင့် တခြားသောနေရာများသို့ ဆင်းသက်ခွင့် မရှိခဲ့ချေ။ ဤအရာသည် ကောင်းကင်နှင့်မြေကြီး၏ ဟန်ချက်ညီမှုကို ဖျက်ဆီးသည်ဟု သတ်မှတ်ကာဖြင့် ကောင်းကင်တာအိုသည် ဖျက်ဆီးမှာ သေချာ၏။

သာမန်အခြေအနေအရဆိုလျှင် ဟယ်ဝူတီသည် ကျိန်းသေပေါက် ကောင်းကင်တာအို၏ အပြစ်ပေးမှုကို ခံရပေမည်။ သို့ပေမဲ့ ဤတာအိုနည်းစနစ်ကို အသုံးပြုပြီးသည့်နောက် သူ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်တစ်ခုလုံး သည် တည်ရှိလျက်ရှိနေ၏။ ကျင့်ကြံခြင်းအဆင့်များ ပျောက်ဆုံးသွားခဲ့ခြင်းသာလျှင် ဆိုးကျိုးရှိခဲ့၏။ အတိုချုပ် ပြောရမည်ဆိုလျှင် တာအိုနည်းစနစ်ဆိုသည်မှာ ဤကဲ့သို့ ကြီးမားလှသည့် ကံကြမ္မာ၏ အလှည့် အပြောင်းကိုပင် ဖန်တီးနိုင်စွမ်း ရှိနေသည့် နည်းစနစ်များပင် ဖြစ်လေသည်။

ထို့အပြင် ဤကဲ့သို့သော တာအိုနည်းစနစ်တစ်ခုကို ရရှိရန်အတွက် သူသည် ပြင်းပြင်းထန်ထန် ကြိုးစားကာ ရှာဖွေခဲ့ရ၏။ ထို့အပြင် တာအိုနည်းစနစ်ဆိုသည်မှာ အန္တိမကုန်းမြေတိုက်ကြီးတွင်ပင် ပြိုင်စံရှားနည်းစနစ် ဖြစ်လို့နေ၏။ အလွန်အားကောင်းလှသည့် နောက်ခံနှင့် ဂုဏ်သရေ၊ ဂုဏ်ပုဒ်မျိုး မရှိပါက ထိုကဲ့သို့သော အရာမျိုးကို ရရှိရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

ဟယ်ဝူတီသည် မည်သည့်စွမ်းအင်နှင့် လွှမ်းမိုးမှုမှ မရှိခဲ့ချေ။ သိုသိုသိပ်သိပ်နှင့် နေထိုင်အသက်ရှင်ခဲ့ရ၏။ သူတော်စင်တစ်ယောက်၏ အဆင့်ဆီသို့ ရောက်ရှိသွားခဲ့သည်ဆိုလျှင်တောင်မှ သူ့တွင် တာအိုကျင့်ကြံခြင်း နည်းစနစ်ဟူ၍ တစ်ခုသာလျှင် ရှိ၏။ တကယ့်ကို တန်ဖိုးကြီးမားလှသည့် နည်းစနစ်ပင် ဖြစ်သည်။

လက်ရှိအခြေအနေတွင် သူ၏ရှေ့၌ ထိုတာအိုနည်းစနစ် တစ်ထောင်ကျော်နီးပါးခန့် တည်ရှိနေလေ၏။ ဟယ်ဝူတီသည် အံ့အားသင့်လျက်ရှိသည်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အန္တိမကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများ ထိတွေ့နိုင်စွမ်းမရှိသည့် တာအိုနည်းစနစ်များသည် ပြိုင်စံရှားဂိုဏ်း၏တပည့်များ ထိတွေ့ခွင့်ရသည့်အရာမျိုး ဖြစ်နေ၏။

“ဂျူနီယာညီလေးဟယ်”

လီချင်းယန်သည် အသာလှမ်းလျှောက်လာခဲ့ပြီးနောက် ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “ကြောင်မနေနဲ့။ တစ်ခုကို ရွေးလိုက်လေ”

“အင်း... အင်း” ဟယ်ဝူတီသည် သတိပြန်ဝင်သွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် ဖြစ်နေသည့် ပျော်ရွှင်မှုများကို ဖိနှိပ်ကာဖြင့် တလက်လက်တောက်ပလျက်ရှိနေသည့် တာအိုနည်းစနစ်တစ်ခုကို စတင်ကာ ရွေးချယ်ခဲ့၏။ သူသည် စိတ်ထဲမှကြိတ်ကာ ရေရွတ်လျက်ရှိသည်။

“ကောင်းကင်ကြီးက ငါ့ကို ထပ်ပြီး အခွင့်အရေး ပေးခဲ့မယ် ဆိုရင်တောင်မှ ငါပြိုင်စံရှားဂိုဏ်းဆီကို ဆင်းလာပြီးတော့ သူတို့ဂိုဏ်းသားဖြစ်အောင် လုပ်အုံးမှာပဲ။ ငါ ကျိန်းသေပေါက် သူတို့ရဲ့ နောက်ဆုံးတပည့်ပဲ ဖြစ်ရမယ်”

“ဒီဟာကိုရွေးမယ်”

အဝေးတစ်နေရာတွင် ရှိနေသည့် လီဖေးသည် တာအိုနည်းစနစ်တစ်ခုကို ရွေးချယ်လိုက်၏။ သူ၏အမူအရာများကို ကြည့်ရှုရမည်ဆိုလျှင် စာအုပ်တွေ များလွန်းသောကြောင့် ဘာကို ရွေးရမှန်းမသိဘဲ ကြုံရာတစ်ခုကို ရွေးခဲ့ပုံပင်ပေါ်သည်။

“အင်း”

ဟယ်ဝူတီသည် ခေါင်းကိုခါယမ်းကာ တွေးလိုက်မိ၏။ “သူတို့ ဘယ်လောက်ကံကောင်းလဲဆိုတာ သူတို့ မသိဘူး ဖြစ်နေပါလား”

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အန္တိမကုန်းမြေတိုက်ကြီးတွင် နေထိုင်ဖူးကြသည့်လူများ မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ဤလျှို့ဝှက်နယ်မြေထဲ၌ ရှိနေသည့် တာအိုနည်းစနစ်များမှာ သာမန်ထက်ပိုသည်ကို သိသည်ဆိုသော်လည်း သူ့လောက်တော့ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။

သူကတော့ ကွာခြားလို့ နေခဲ့၏။ သူသည် တာအိုနည်းစနစ်တစ်ခုကို ကောင်းကောင်း သိရှိသင်ယူနားလည် ဖူးသားဖြစ်သောကြောင့် မည်မျှ ခက်ခဲလှသည့်အရာဖြစ်ပြီး လောကကြီးတွင် ရရှိရန် မည်မျှကြိုးပမ်းရမည့် အရာမျိုးဖြစ်ကြောင်းလည်း သိရှိနေ၏။

“လာခဲ့... ပျော်ပျော်ကြီး ကျင့်ကြံလိုက်ရအောင်”

တာအိုနည်းစနစ်တစ်ခုကို ရွေးချယ်လျက် ရှိနေသည့် တပည့်များသည် ရုတ်တရက် သီချင်းဆိုသံတစ်ခုကို ကြားလိုက်ရ၏။ အသာ နောက်လှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ စာအုပ်တစ်အုပ်ကို လက်တစ်ဖက်တွင်ကိုင်ကာဖြင့် အသာကွေးနေအောင် ကလျက်ရှိသော ဂျူနီယာညီလေးဟယ်ကို မြင်လိုက်ရ၏။ သူတို့၏ အမူအရာများ အားလုံးသည် ဆွံ့အသွားခဲ့ကြသည်။

“အမ်.. ဘာတွေ ဖြစ်နေတာလဲ”

All Chapters