အခန်း ၁၉၈၄
Vol. 133 Ch. 1984
အပိုင်း (၁၉၈၄)
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဂြိုဟ်များကို ဝါးမြိုလျက်ရှိသည်ဟူသော သတင်းပျံ့နှံ့သွားခဲ့ပြီးသည့်နောက် မည်သူ ယုံသည်၊ မယုံသည်ကို တွေးတောနေလိမ့်မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းအနေနှင့် သက်ရှိ သတ္တဝါ များ ပိုမိုအသက်ရှင်နိုင်ဖို့ အချိန်ဆွဲနိုင်ရန်အတွက် တစ်ဖက်လူကို သွားရောက်ကာ တားဆီးရပေလိမ့်မည်။ ကြီးကျယ်မြင့်မြတ်လှသော သူရဲကောင်းတစ်ယောက်အဖြစ် ပြုလုပ်ချင်သည်ဆိုလျှင် လူသန်းပေါင်းများစွာကို ကယ်တင်မှ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားရောက်ကာ ရှာဖွေရဲခြင်း သည် နတ်ဘုရားလျှို့ဝှက်ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့်လည်းဖြစ်၏။ အတိတ်တုန်းက ဆိုလျှင် ထိုကဲ့သို့သောအရာများကို ပြုလုပ်ရန် သေသေချာချာ ဆုံးဖြတ်ရပေလိမ့်မည်။
“လက်ရှိ ငါ့ရဲ့အားအင်အဆင့်အရဆိုရင် မနိုင်ဘူးဆိုရင်တောင်မှ ထွက်ပြေးလို့ ရနိုင်သေးတယ်”
လမ်းတလျှောက်မှာတော့ ကုန်းရှန့်သည် တွေးတောလျက်ရှိနေမိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တစ်ယောက် ဂြိုဟ်များကို ဝါးမြိုခြင်းအား တားဆီးနိုင်မည့်သူသည် သူသာလျှင်ရှိ၏။ သို့ပေမဲ့ သေဆုံးသည်အထိ တိုက်ခိုက်နေမည်တော့ မဟုတ်ချေ။ အခြေအနေဆိုးရွားသည်ဆိုပါက ကျိန်းသေပေါက် ထွက်ပြေးရပေလိမ့်မည်။
“ဆိုးဆိုးရွားရွား ရိုက်နှက်မခံရဖို့ မျှော်လင့်မိတယ်” စနစ်က ပြောလိုက်သည်။
“တော်စမ်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းပြောချင်တာတွေ လျှောက်ပြောနေတာ များနေပြီ”
“……..”
စနစ်သည် ဆွံ့အသွားမိသည်။ “ရန်သူက အတိတ်တုန်းကနဲ့ လုံးဝကို ကွာခြားတယ်ဆိုတာကို လက်ခံသူ နားလည်ဖို့ လိုတယ်။ ကိုယ့်ဆီမှာ လုံလောက်တဲ့ အားအင်မရှိဘူးဆိုရင် သူနဲ့ ထိပ်တိုက် ရင်မဆိုင်တာ အကောင်းဆုံးပဲ။ ထွက်မပြေးနိုင်တဲ့ အခြေအနေဆီ ရောက်သွားရင် ဘယ်လိုလုပ်မလဲ”
“ဆုံးဖြတ်ပြီးပြီ”
ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ငါသွားပြီး ရင်ဆိုင်ရမယ်”
“ကောင်းပြီ”
စနစ်က ပြောလိုက်သည်။ “ငါ ဘာမှ မပြောဘူးလို့ ထားလိုက်တော့”
“ပြီးတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ့ဆီမှာ မင်းရှိတယ် မဟုတ်လား။ ငါ မလုပ်နိုင်ဘူးဆိုရင် မင်းထွက်ပြီးတော့ တိုက်ခိုက်ပေါ့”
“လက်ခံသူက ဒီလိုစိတ်ဓာတ်မျိုး ရှိနေတယ်ဆိုရင် ချက်ချင်းလှည့်ပြန်သွားဖို့ အကြံပြုချင်တယ်” စနစ်က ပြောလိုက်သည်။
“ဘာကိုဆိုလိုတာလဲ”
“ငါက အနှိုင်းမဲ့ မဟုတ်ဘူးလေ”
စနစ်က ပြောလိုက်၏။ “အလုံးစုံစွမ်းအင်နဲ့ ရင်ဆိုင်တဲ့အချိန်မှာ ငါက ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရာတစ်ခု မဟုတ်တော့ဘူး”
“……….”
“ပြီးတော့”
စနစ်က ထပ်ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကိုယ့်ဘာကိုယ် ရင်ဆိုင်ဖို့ လိုအပ်တဲ့အရာတွေ ရှိတယ်လေ။ ပြင်ပရဲ့အားအင်တွေကို အားကိုးနေလို့ မဖြစ်ဘူး။ ဒါဆိုရင် အရာအားလုံးက အဓိပ္ပာယ် ကင်းမဲ့ နေမှာပေါ့”
သူသည် လှောင်ပြောင်နေခြင်း မဟုတ်သလို၊ စနောက်နေခြင်းလည်း မဟုတ်ချေ။ အလွန် လေးနက်လျက် ရှိနေ၏။ ယခင်က စနစ်နှင့် အလုံးစုံ ကွာခြားလျက် ရှိနေလေ၏။
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် ပိုမိုကာ လေးနက်လာခဲ့သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားပြီးတော့ ရှာရမယ်”
“ဒီနှစ်ပိုင်းအတွင်း လက်ခံသူနဲ့အတူတူ နေထိုင်ခဲ့တာ ကြာခဲ့ပြီ။ ပျော်ရွှင်မှု၊ စိတ်ဓာတ်ကျမှုတွေ၊ ခက်ခဲမှုတွေ၊ အောင်မြင်မှုတွေကို အတူတကွ ကျော်ဖြတ်ခဲ့တယ်”
စနစ်က ပြောလိုက်၏။ “အနာဂတ်မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါတို့ ပြန်ပြီးတော့ ပေါင်းစပ်နိုင်ဖို့ မျှော်လင့်မိတယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ငါ့ကို နောက်ဆုံးစကား ချန်ထားခဲ့စေချင်တာလား”
“အင်း… ဘာလို့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သွားရှာနေရတာလဲ။ ကိုယ့်အသက်ကို သွားပြီး ဝကွက်အပ်လိုက်တာနဲ့ အတူတူပဲလေ။ ဒီတော့ နောက်ဆုံးအမှာစကားလေး ဘာလေးချန်ခဲ့တာ မဆိုးဘူးမို့လား” စနစ်သည် အငေါ်တူးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခဏလောက် ဆွံ့အသွားမိ၏။ သို့ပေမဲ့ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ စနစ်သည် သူ့အား စိုးရိမ်ပူပန်လျက် ရှိနေခြင်းပင်။ သို့ပေမဲ့ အနည်းငယ် ဆောင့်ကြွားကြွား နှင့် ဟိန်းဟောက်လျက်တော့ ရှိနေသေးသည်။ အချိုးမပြေသေးချေ။
“မသွားနဲ့တော့”
စနစ်က ပြောလိုက်သည်။ “ငါတို့ သိုသိုသိပ်သိပ်နဲ့ အေးအေးဆေးဆေး နေတာ မကောင်းဘူးလား”
“ငါ ဒီအချိန် ပုန်းကွယ်လိုက်မယ်ဆိုရင် စကြဝဠာတစ်ခုလုံးက ဖျက်ဆီးခံဖို့ စောင့်မျှော်နေသလို ဖြစ်သွားလိမ့်မယ်”
အသက်မရှင်ချင်သည့်သူဟူ၍ မည်သူရှိသနည်း။
သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဂြိုဟ်များကို ဝါးမြိုလျက် ရှိနေ၏။ ထိုအရာသည် အဆုံးသတ်တွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဘေးအန္တရာယ်ကြီး ဖြစ်သွားလာမှာ သေချာ၏။ လက်ရှိအချိန်တွင် အောင်မြင်လား၊ မအောင်မြင်လားဆိုသည်က ကိစ္စမရှိချေ။ ကျိန်းသေပေါက် တားဆီးရပေတော့မည်။ အနည်းဆုံးအနေနှင့် အကောင်းဆုံး ကြိုးစားခဲ့ပါသည်ဆိုသော အသိစိတ် ပိုင်ဆိုင်ခဲ့လေ၏။
“တကယ်လို့ သေသွားရင်ကော”
“ကိစ္စမရှိဘူး” ကျွင်းချောင်ရှောင်းသည် သေခြင်းနှင့်ရှင်ခြင်းကို လုံးဝဂရုစိုက်သည့်ပုံ မပေါ်ချေ။
“…….”
စနစ်က ပြောလိုက်သည်။ “ကံကောင်းပါစေ”
ဆွစ်
ကျွင်းချောင်ရှောင်းသည် ငရဲလောကကြီးဆီသို့ အရှိန်မြှင့်ကာ ဦးတည်လိုက်၏။ အရှေ့တွင် အဆုံးအစမဲ့ မဲမှောင်လျက်ရှိသော ချောက်နက်ကြီးတစ်ခု တည်ရှိနေသည်ဆိုလျှင်တောင်မှ သူသည် နှောင့်နှေးခြင်းမရှိဘဲ လှမ်းဝင်သွားမှာ ဖြစ်၏။
………
“ဒီကောင်က တကယ့်ကို ငပေါပဲ”
“သက်သက်ကြီး သူတို့ဂြိုဟ်မှာ လူအင်အား ကြီးထွားအောင် လုပ်ချင်တာနေမှာ”
“ငါတို့က ဘာလို့ ငါတို့အိမ်ကို စွန့်ပစ်ရမှာလဲ”
ဂြိုဟ်တစ်ခု၏ အတွင်းမှာတော့ များပြားလှသည့် သိုင်းကျင့်ကြံသူများသည် ပုံရိပ်ယောင်မြင်ကွင်းမှတဆင့် ကျွင်းချောင်ရှောင်း ပြောဆိုခဲ့သည့်စကားများကို ပြန်လည်ကာ ပြောဆိုဆွေးနွေးလျက် ရှိရင်းမှ ဆဲဆိုလျက် ရှိနေကြ၏။ သူတို့၏ မောက်မာမှုနှင့် လျစ်လျှူရှုမှုများကို အပြစ်တင်၍လည်း မဖြစ်ချေ။ စကားလုံးအနည်းငယ်ကို နားထောင်ပြီး အိမ်ကို စွန့်ခွာမည့်သူဟူ၍ မရှိချေ။
သို့ပေမဲ့ ဘေးအန္တရာယ်ကပ်ဘေးကြီး ကျရောက်လာသည့်အချိန်မှသာ သိရှိနားလည်ကြပြီး နောင်တတရား အပြည့်နှင့် သေဆုံးသွားကြမှာဖြစ်၏။ မည်မျှ တိုက်ဆိုင်လိုက်သနည်း။ ဘေးအန္တရာယ်ကြီးသည် ရောက်ရှိ လာခဲ့ပြီဖြစ်၏။
ဝှစ် ဝှစ်
ရုတ်တရက် သုန်မှုန်လွန်းလှသည့် အော်ရာကြီးသည် ကောင်းကင်ယံထက်မှ ကျဆင်းလာ၏။ ဤနေရာတွင် နေထိုင်သည့် သက်ရှိသတ္တဝါများ အားလုံးသည် ထိုအရာကို အာရုံခံပြီးသည့်နောက်မှာတော့ ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့ကြသည်။ ၎င်းတို့၏ လက်နှင့် ခြေဖျားများ အားလုံးသည် အေးစက်သွားခဲ့ကြ၏။ မျက်လုံးထဲတွင်လည်း ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားကုန်သည်။
ဝှစ်
အလင်းတန်များသည် တည်နေရာ အတားအဆီးကို ချိုးဖြတ်ပြီးသည့်နောက် မြင့်မားလှသည့် တောင်တစ်ခု ပေါ်သို့ ဆင်းသက်လာသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်တန့်လျက်ရှိသည်။ ၎င်း၏ နှုတ်ခမ်းထောင့်တွင် မိစ္ဆာဆန်သည့် အပြုံး တစ်ခုက ဖြစ်တည်နေသည်။ သူ၏ မျက်လုံးထဲတွင် ဤဂြိုဟ်ကြီးသည် သူ၏ အစာသာလျှင် ဖြစ်၏။
ဆွစ်
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသည့်နောက် မြေဆီလွှာထဲသို့ ၎င်း၏ လက်များကို ထိုးစိုက်လိုက်၏။ ပြီးနောက် ဝါးမြိုခြင်းနည်းစနစ်ကို စတင်ကာ အသက်သွင်းတော့သည်။ နတ်ဆိုး စွမ်းအင်များသည် သူ၏လက်ဆယ်ချောင်းဆီမှ တဆင့် လောကကြီး၏ မြေဆီလွှာထဲသို့ ပျံ့နှံ့သွားခဲ့သည်။
အထဲတွင် ရှိနေသည့် အသက်ဓာတ်နှင့် စွမ်းအင်များသည် သူ၏ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာခဲ့သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်နှာပေါ်တွင် အလွန်တရာ ကျေနပ်သည့် မျက်နှာ အသွင်အပြင်မျိုး ဖြစ်တည်လာခဲ့၏။
“ဘယ်သူလဲ”
ထိုအချိန်မှာတော့ ဂြိုဟ်ထဲတွင် ရှိနေသည့် အားကောင်းလှသော ကျင့်ကြံသူများသည် တစ်ဖက်လူ ရောက်ရှိနေသည်ကို သိရှိသွားခဲ့၏။ တည်နေရာအနှံ့ဆီမှ အလျင်အမြန် ပျံသန်းလာကြသည်။ “ဘာလုပ်နေတာလဲ”
မဖိတ်ခေါ်ထားသည့် ဧည့်သည်သည် မြေဆီလွှာထဲသို့ လက်ကို ထိုးနှိုက်ရင်း ပြုံးရွှင်လျက်ရှိသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် တစ်စုံတစ်ခု ဆိုးရွားသည့်အရာ ဖြစ်ပေါ်လာတော့မည်ဆိုသည်ကို သိရှိသွားခဲ့ကြ၏။ ထို့ကြောင့် အလျင်အမြန်ဖြင့် ရောက်ရှိလာကာ တားဆီးခဲ့ခြင်းပင်။
“သွားစမ်း”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏ ဝါးမြိုခြင်းစွမ်းအင်များကို ထုတ်ဖော်အသုံးပြုနေရာမှ လှည့်ကာ အော်ငေါက်လိုက်သည်။ တစ်ဖက်လူများသည် ပုရွက်ဆိတ်လေးများ ဖြစ်သောကြောင့် သူ့အနေနှင့် အာရုံစိုက်ရန် အချိန်မရှိလှချေ။ ထို့ကြောင့် ခေါင်းကိုလှည့်ကာဖြင့် အော်ငေါက်လိုက်ခြင်းဖြစ်၏။
ဘန်း ဘန်း ဘန်း ဘန်း
အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် တည်နေရာ အနှံ့ဆီသို့ လွင့်စင်သွားခဲ့ကြ၏။ ၎င်းတို့သည် ချက်ချင်းပဲ သွေးပွက်ပွက် အန်လျက်ရှိသည်။ စကားစု တစ်ခုတည်းနှင့် အားလုံးသောသူများကို ကြီးမားလှသည့် ဖိအားကြီး သက်ရောက်စေခဲ့၏။ တချို့ဆိုလျှင် သေပါ သေဆုံးသွားခဲ့ကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။
ဝှစ် ဝှစ်
မြေအောက်တည်နေရာအတွင်း၌ ဝါးမြိုခြင်းစွမ်းအင်များသည် ပျံ့နှံ့လျက်ရှိပြီး နောက်ဆုံးမှာတော့ ဂြိုဟ်၏ မူလ အရင်းအမြစ် ကို လွှမ်းခြုံသွားခဲ့၏။
ဆွစ် ဆွစ်
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏လက်ဆယ်ချောင်းကို လှုပ်ရှားပြီးသည့်နောက် အဆုံးအစမဲ့ အသတ်ဓာတ်နှင့် စွမ်းအင်များအားလုံးကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်၏။ သူ၏ အားအင်အဆင့်သည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။ ဂြိုဟ်ထဲတွင် ရှိနေသည့် အသက်ဓာတ်များသည်လည်း တဖြည်းဖြည်း ညှိုးခြောက်လာခဲ့၏။ မကြာခင်မှာ အလုံးစုံပျောက်ကွယ်သွားတော့မှာဖြစ်၏။ ဂြိုဟ်နှင့်တကွ အရင်းအမြစ်၊ အရာအားလုံးသည် သူ၏ဝါးမြိုမှုကို ခံရပေတော့မည်။
ဟား ဟား
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အားရပါးရ အော်ဟစ်ရယ်မောလိုက်၏။ ဤအတောအတွင်း သူသည် အရွယ်အစားမျိုးစုံရှိသော ဂြိုဟ်အသီးသီးကို ဝါးမြိုခဲ့၏။ ထို့ကြောင့် သူ၏အားအင်အဆင့်သည်လည်း သိသိသာသာ တိုးတက်လာ၏။
“အထက်စကြဝဠာထဲက ဂြိုဟ်တွေ အကုန်လုံးကိုသာ ငါစားလိုက်မယ်ဆိုရင် လောကကြီးမှာ ပြိုင်ဘက်ကင်း ဖြစ်လာပြီ။ ဒါဆိုရင် အန္တိမလမ်းစဉ်ရဲ့ ဆန်းကြယ်မှုတွေကို ကြည့်ရှုဖို့ ငါ့အတွက် အရမ်းကို လွယ်သွားမှာပဲ”
ဟား ဟား ဟား
ဟား ဟား ဟား
ချင်းလင်လောကကြီးသည် စားသုံးခြင်းကို ခံခဲ့ရ၏။ သန်းနှင့်ချီသော သက်ရှိသတ္တဝါများ အားလုံးတို့သည် အစားအစာအဖြစ် ဖြစ်တည်သွား၏။ ၎င်းတို့အနေနှင့် ကျွင်းချောင်ရှောင်း၏ စကားစုကို လေးလေးနက်နက် မခံယူခဲ့ကြချေ။ လက်ရှိအခြေအနေမှာတော့ ပြေးလွှားရန်ပင် အချိန်မရတော့ချေ။ ပြောရမည်ဆိုလျှင် အလုံးစုံ ကြီးမားလှသည့် ဘေးအန္တရာယ်ကပ်ဘေးကြီးပင်။ မည်သည့် ဘေးအန္တရာယ်ကပ်ဘေးကြီးဟု ပြောဆိုရမည် ဆိုလျှင် သေခြင်းတရား၏ ကပ်ဘေးကြီးပင်။
“ခေါင်းဆောင်”
ခမ်းနားလွန်းလှသည့် ဟောခန်းကြီးတစ်ခုအတွင်းမှာတော့ အဆင့်မြင့်စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လာရောက်ကာ ပြောဆို၏။ “ချင်းလင်လောကကြီးကတော့ သွားပြီပဲ”
သူတို့၏ဂြိုဟ်သည် ချင်းလင်လောကနှင့် အတော်ပင် နီးစပ်သည့်နေရာဖြစ်၏။ မဟာမိတ်များလည်း ဖွဲ့စည်း ထားခဲ့သည်ဖြစ်သောကြောင့် ရုတ်တရက် တစ်ဖက်ဂြိုဟ် ပျောက်ကွယ်သွားခဲ့သည်ကို ချက်ချင်းပဲ သိရှိလိုက် ကြသည်။
“ဖြစ်နိုင်တာ”
ဂုဏ်သိက္ခာထည်ဝါပုံပေါက်သည့် ခေါင်းဆောင်တစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ပုံရိပ်ယောင်မြင်ကွင်းဆီမှ သတိပေးသည့်အသံကို ချက်ချင်းပဲ သတိရလိုက်၏။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက တကယ်ပဲ ဂြိုဟ်တွေကို ဝါးမြိုနေတာလား။ ရှောင်ကြ၊ မြန်မြန်ရှောင်ကြရအောင်”
ခေါင်းဆောင်သည် ချက်ချင်းပဲ ဤအတွေးကို တွေးလိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ အမိန့်ပေးလိုက်တော့ သည်။ ကံဆိုးစွာဖြင့် သူတို့သည် ထွက်ပြေးလွတ်မြောက်ရန် အချိန်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အခွင့်အရေး မပေးခဲ့သောကြောင့်ပင်။ တစ်ရက်အတွင်းမှာပဲ တစ်ဖက်လူ သည် နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းကာဖြင့် ကောင်းကင်ယံထက်သို့ ရောက်ရှိလာခဲ့သည်။
“ဟမ့်.. ဘယ်ကို သွားမလို့လဲ”
ဂြိုဟ်ထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါများ ထွက်ပြေးရန် ပြင်ဆင်နေသည်ကို မြင်ရသည့်အချိန်မှတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ “အင်း.. ငါ ပစ်မှတ်အဖြစ် ထားပြီးတဲ့အရာမှန်သမျှက ငါ့ရဲ့ အစားအစာ ဖြစ်လာရမယ်”
ဆွစ်
ထုံးစံအတိုင်းပဲ ၎င်းသည် မြေကြီးထဲသို့ လက်နှိုက်လိုက်၏။ သို့ပေမဲ့ ဝါးမြိုခြင်းစွမ်းအင်များကို ထုတ်ဖော်ရန် ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ သူ၏ မျက်လုံးများသည် အေးစက်သွား၏။ ချက်ချင်းပဲ လက်ကို ဆွဲထုတ်ကာ သူ၏ရှေ့ဆီသို့ ကာလိုက်ရသည်။
ဘုန်း
မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားပြီး ဖုန်များ အလိပ်လိပ် တက်လာ၏။
ဆွစ်
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကောင်းကင်ယံဆီသို့ အသာခုန်တက်လိုက်ပြီးသည့်နောက် တခြားသော တောင်တစ်ခုဆီသို့ ဆင်းသက်လိုက်သည်။ သူ၏မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
ပြိုလဲလျက်ရှိသည့် တောင်တစ်ခုပေါ်တွင်တော့ ခပ်ဝါးဝါး ပုံရိပ်တစ်ခုသည် တဖြည်းဖြည်း ပေါ်လာ၏။ ထိုသူသည် လက်ထဲတွင် ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်းပင် ဖြစ်လေ၏။
မှန်ပေ၏။ ဤအရာသည် ငရဲလောကကြီးပင်ဖြစ်သည်။ ရှန့်ကွမ်းရှင်းရောင်၏ ခန့်မှန်းချက်သည် မှန်ကန်ခဲ့သည် ဆိုသော်လည်း အနီးအနားတွင် ရှိနေသည့် ချင်းလင်လောကကြီးကိုတော့ ထည့်မတွက်ခဲ့ချေ။ ထို့ကြောင့် ချင်းလင်လောကကြီးသည် အစဦး စားသုံးခြင်းကို ခံခဲ့ရခြင်းပင်။
တစ်ဖက်လူ ရုတ်တရက် ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် လက်သီးကို ဆုပ်ကာဖြင့် နဖူးတွင် ရှိနေသည့် သွေးကြောများ ဖောင်းပွသည်အထိ ဒေါသထွက်လျက် ရှိသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျွင်းချောင်ရှောင်း”