အခန်း ၁၉၈၅
Vol. 133 Ch. 1985
အပိုင်း (၁၉၈၅)
ငရဲလောက …
အဓိကမြို့အသီးသီး၏ လေဟာနယ်ထဲ၌ ရွက်သင်္ဘောများ တစ်စီးပြီးတစ်စီး ပေါ်ပေါက်လာခဲ့၏။ သိုင်းကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ထိုအပေါ်သို့ တက်လိုက်ကြ၏။ ၎င်းတို့သည် အသက်ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန် ထွက်ပြေးကြတော့မှာ ဖြစ်၏။ သို့ပေမဲ့ လူပေါင်းများစွာ တည်ရှိနေသည့် အတွက် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနိုင်ရန်မှာ မဖြစ်နိုင်ချေ။
"ခေါင်းဆောင်"
အထက်ပိုင်း အကြီးအကဲများထဲမှ တစ်ယောက်သည် စိုးရိမ်စွာဖြင့် ပြောလိုက်၏။ "ကျုပ်တို့နောက်ကျသွားမှာ စိုးရိမ်ရတယ်"
ကောင်းကင်ယံတွင် ရှိနေသော ခေါင်းဆောင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသည် ဤဂြိုဟ်ကြီး၏ အုပ်စိုးသူဖြစ်သည်။ အားလုံးသောသူတို့ ထွက်ခွာသွားနိုင်ရန်မှာ သူ၏ မျှော်လင့်ချက်ပင်။ ယခု ခက်ခဲနေသည် ဆိုမှတော့ ရွေးချယ်မှုကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ တခြားသော နည်းလမ်းလည်း မရှိချေ။ အရင်ဆုံး ထွက်သွားနိုင်သည့် သူများကို ထွက်ခွာသွားခိုင်းခြင်းသည် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
ခေါင်းဆောင်သည် သက်ပြင်းချကာ ပြောလိုက်သည်။ "နိုင်သမျှလူတွေကို ခေါ်ပြီးတော ပြေးကြ"
ဘုန်း …..။
ပြင်ဆင်နေတုန်းမှာပဲ ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာခဲ့၏။ မြေပြင်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ တစ်စုံတစ်ယောက် တိုက်ခိုက်နေလေသည်လား။
ခေါင်းဆောင်နှင့် အထက်ပိုင်းအကြီးအကဲများ၏ တုံ့ပြန်မှုသည် မြန်ဆန်လွန်း၏။ အသိစိတ်ကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အပြိုအပျက်များကြားတွင် အစိမ်းရောင် ဓားတစ်စင်းကို ကိုင်ဆောင်ကာဖြင့် လျှောက်လှမ်းနေသည့် လူတစ်ယောက်ကို မြင်လိုက်၏။ ၎င်း၏ ဓားသည် ထက်ရှလွန်း၏။ မျက်နှာရှိ အေးစက်သော မျက်လုံးများကို ကြည့်ရှုလိုက်သည်နှင့် ဤလူသည် ပုံရိပ်ယောက်မြင်ကွင်းထဲတွင် မြင်ခဲ့ရသော လူဖြစ်မှန်း သိရှိလိုက်ရသည်။
"သူဘာလို့ ဒီရောက်လာတာလဲ" ခေါင်းဆောင်သည် ကြောင်အသွားမိ၏။
ရှေ့တွင် မတ်တပ်ရပ်နေသည့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို မြင်သည့်အချိန်မှာတော့ သူ၏မျက်နှာသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွား၏။ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ သူသည် နတ်ဘုရားလျို့ဝှက်အဆင့်သို့ ရောက်ရှိပြီးသား ဖြစ်၏။ သို့ပေမဲ့ ဤနတ်ဆိုးနှင့် တိုက်ခိုက်ရမည် ဆိုလျှင် တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။
"ကျွင်းချောင်ရှောင်း"
မိုးကောင်းကင် နတ်ဆိုးအင်ပါဟာ၏ မျက်လုံးများသည် ပြူးထွက်လျက် ရှိ၏။ သူ၏နောက်လိုက်များသည် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ သူ၏ စစ်တပ်ကို ဖျက်ဆီးခဲ့၏။ အန္တိမကုန်းမြေသို့ ဝင်ရောက်ခွင့်ရနိုင်မည့် အခွင့်အရေးကိုလည်း ဖျက်ဆီးခဲ့၏။ ဤအမုန်းတရားသည် တကယ့်ကို ထိပ်ဆုံးထိပင် ရောက်ရှိစေသည်။
"မိုးကောင်းကင် နတ်ဆိုးအင်ပါယာ"
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက် အေးစက်စက်ဖြင့် ပြောလိုက်၏။ "ခင်ဗျားနဲ့ကျုပ်နဲ့ အခုမှ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် တွေ့တာပဲ"
မှန်ပေ၏။ ခနခန တွေ့ဆုံခဲ့ကြသော်လည်း ကိုယ်ပွား သို့မဟုတ် ပုံရိပ်ယောင်ထဲ၌ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ခန္ဓာကိုယ်အစစ်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်း ဖြစ်လေသည်။
ကျွင်းချောင်ရှောင်း၏ စကားကို ကြားသည့်အချိန်မှာတော့ ငရဲလောကတွင် ရှိနေသည့် ခေါင်းဆောင်နှင့် အထက်ပိုင်း အကြီးအကဲများသည် ပိုမိုကာ ကြောက်လန့်သွား၏။ "သေချာပြီ။ မိုးကောင်ကင် နတ်ဆိုးအင်ပါယာက သူပဲ
“မြန်မြန်ပြေးကြ"
သူတို့သည် လောကထဲရှိ တခြားသူများကို ထားခဲ့၍ ထွက်ပြေးရန်မှာ အမှန်ပင် နာကျင်စရာဖြစ်၏။ သို့ပေမဲ့ အခြေအနေသည် ဤသို့မှ မပြုလုပ်လျှင် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထို့ကြောင့် ခေါင်းဆောင်သည် သူ၏လူများကို အမြန်ဆုံး ထွက်ပြေးရန် ခိုင်းစေလိုက်တော့သည်။
ခေါ်ဆောင်မသွားနိုင်သည့် လူများကိုတော့ ကံတရားပေါ်တွင် ပုံအပ်ရန်သာ ရှိတော့၏။ ဤကဲ့သို့သော အကြင်နာမဲ့သည့် ကိစ္စရပ်ကို ပြုလုပ်နေသည့်အတွက် ခေါင်းဆောင်ကို အပြစ်တင်ရန်လည်း မသင့်ချေ။ ဤကဲ့သို့သော အခြေအနေနှင့် အားလုံးကို အသက်ရှင်အောင် ပြုလုပ်နိုင်ရန်မှာ လွယ်ကူလှသည့် အရာ မဟုတ်ချေ။ ထို့ကြောင့် သူသည် တစ်ချို့သောသူများကိုသာ ကယ်တင်ရန် ရွေးချယ်ခဲ့တော့၏။
"ဂိုဏ်းချုပ်ကျွင်း"
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ မျက်လုံးများသည် အေးစက်လျက်ရှိနေသည်။ "ဒီနေ့ တွေ့ဆုံပြီ ဆိုတော့ မင်းရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့က နောက်နှစ်ရဲ့ ဒီနေ့ဖြစ်ပြီပေါ့"
ဟူး
ပြောနေတုန်းမှာပင် လေများသည် တိုက်ခတ်လျက် ရှိနေ၏။ အေးစက်ပြီး အားကောင်းလှသော နတ်ဆိုး စွမ်းအင်များသည် တည်နေရာထဲတွင် စုဝေးလာခဲ့ကြပြီး ငရဲလောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားသကဲ့သို့ပင်။
"နေအုံး"
တစ်ဖက်လူ တိုက်ခိုက်တော့မည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ထကာပြောလိုက်၏။
"ဘာလဲ နောက်ဆုံးစကား ပြောမလို့လား" မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် အေးစက်စက်ဖြင့် မေးမြန်းလိုက်သည်။
"ဂြိုဟ်ထဲမှာ တိုက်ခိုက်တယ်ဆိုတာ အနှောက်အယှက် ဖြစ်တယ်။ ခင်ဗျားနဲ့ကျုပ် စကြဝဠာထဲ သွားပြီး တိုက်ခိုက်ကြရအောင်"
“ဟား ဟား ဟား”
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ "မင်း ဒီအမှိုက်တွေ အကုန်လုံး ထွက်ပြေးလို့ရအောင် အချိန်ဆွဲနေတာ မဟုတ်လား"
"ခင်ဗျားရဲ့ မျက်လုံးထဲမှာ သူတို့က အမှိုက်တွေ ဖြစ်တယ်ဆိုရင် ဂရုစိုက်မနေနဲ့လေ" ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်သည်။
ဟမ့်
မိုးကောင်းကင် နတ်ဆိုးအင်ပါယာက ရယ်မောလိုက်၏။
"ဒီလိုအမှိုက်တွေကို ငါကဂရုစိုက်တာ မဟုတ်ဘူး"
ပြောပြီးသည့်နောက် သူသည် စကြာဝဠာထဲသို့ ပျံသန်းသွားခဲ့၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။
"ဒီဂြိုဟ်ကြီးက ငါ့ရဲ့အစာဖြစ်လာမှာကိုတော့ လုံးဝတားဆီးလို့မရဘူး"
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ဤဂြိုဟ်ထဲရှိ လူပေါင်းများစွာတို့ သေဆုံးကုန်မည်ကို သူက စိုးရိမ်နေမိ၏။ သို့ပေမဲ့ ယခု အခွင့်အရေး ပေးခဲ့သောကြောင့် စိတ်သက်သာရာ ရသွားမိသည်။
"ဘာကိုစောင့်နေတာလဲ"
ကျွင်းချောင်ရှောင်းသည် ကြောက်လန့်နေသည့် ငရဲလောကမှ လူများကို ကြည့်ကာပြောလိုက်၏။ "မြန်မြန် သူတို့ကို ခေါ်ပြီးသွားတော့"
ပြီးသည့်နောက် သူသည် ငရဲလောကကြီးထဲမှ ပျံသန်းသွားလိုက်သည်။ သူ၏စကားလုံးများသည် အလျင်လိုပြီး ဟိန်းဟောက်သည့်အသံမျိုး ထွက်ပေါ်နေသည် ဆိုသော်လည်း ငရဲလောကမှ အရှင်သည် အလွန်ပင် ကျေးဇူးတင်မိ၏။ သူနှင့် သူ၏လောကသားများ အသက်ရှင်နိုင်ရန်အတွက် တစ်ဖက်လူသည် ကြိုးစားပေးခဲ့သည်။
"သွားကြရအောင်"
ဝှစ် ဝှစ်
ငရဲလောကမှ ရွက်သင်္ဘောရာချီတို့သည် ပျံသန်းသွားခဲ့ကြ၏။ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်၏အပြင်ဘက်သို့ လူများထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် လက်တစ်ဖက်ကို မြောက်ကာဖြင့် ငရဲလောက တစ်ခုလုံးကို တခြားဘက်သို့ တွန်းပို့လိုက်၏။
ဒွီ
ရိုးရှင်းပြီး ကြမ်းတမ်းလှချေသည်။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ရုတ်တရက် တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို မယူခဲ့ချေ။ ထိုအစား သူသည် စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ "မင်းရဲ့ အားအင်အဆင့်က တိုးတက်လာခဲ့တာပဲ"
"ခင်ဗျားလောက် မဟုတ်ပါဘူး" ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
အရင်တစ်ကြိမ် အန္တိမကုန်းမြေတိုက်ကြီး၏ တစ်ဖက်တွင် ပုံရိပ်ယောင်အဖြစ် တွေ့ဆုံခဲ့စဉ်က မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကို ပေးစွမ်းခဲ့၏။ ယခု နတ်ဘုရားလျို့ဝှက်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့ကြားရှိ အကွာအဝေးသည် ကြီးမားလျက် ရှိနေတုန်းပင်။
အချက်အလက်အားဖြင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ဂြိုဟ်တော်တော်များများကိုသာ ဝါးမျိုနိုင်ခြင်း မရှိပါက ၎င်းတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ကြီးမားလိမ့်မည် မဟုတ်ချေ။ မနိုင်ရင်တောင်မှ ကာကွယ်နိုင်သေး၏။ သို့ပေမဲ့ လက်ရှိအခြေအနေသည် ပြောဆိုရန် ခက်ခဲလှချေ၏။ စနစ်သည် ထိုကြောင့်ပင်လျှင် သူ့အား ငြိမ်ငြိမ်သက်သက် နေထိုင်ရန် အကြံပြုခဲ့သည်လား မသိချေ။
ကျွင်းချောင်ရှောင်းသည်လည်း ငြိမ်ငြိ်မ်သက်သက်နှင့် နေထိုင်ချင်မိ၏။ သို့ပေမဲ့ အထက်စကြဝဠာကြီးသည် ဒုက္ခရောက်လျက် ရှိနေ၏။ ထို့ကြောင့်သူသည် မားမားမတ်မတ်နှင့် ရပ်တည်ရပေလိမ့်မည်။
အထူးသဖြင့် ငရဲလောကကြီးပင် ဖြစ်သည်။ သူသည်သာ မရောက်လာပါက မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ရှိရှိသမျှ လူများအား တစ်ခါတည်း အေးအေးသက်သာစွာဖြင့် သတ်ဖြတ်သွားမှာ သေချာ၏။ ဤကဲ့သို့သော ကိစ္စမျိုးကို အပင်ပန်းခံကာ ပြုလုပ်နေသည့်အတွက် တာဝန်တစ်ခုခု ပေါ်ပေါက်လာပြီလားဟု တစ်ချို့လူများက မေးမြန်းပေလိမ့်မည်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ မည်သည့်တာဝန်မှ မရှိချေ။
ထိုကဲ့သို့ လူသားဆန်စွာ ပြုလုပ်နေရခြင်းသည် စိတ်ပျက်ခြင်း ချောက်ကမ်းပါးသို့ ဝင်ရောက်ပြီးနောက် ဖြစ်ပေါ်လာသည့် ကျွင်းချောင်ရှောင်း၏ စိတ်အခြေအနေပင် ဖြစ်ပေလိမ့်မည်။ ထိုချိန်တုန်းက သက်တန့်ရောင် သူတော်စင်သည် လောကကြီးအတွက် မိမိကိုယ်ကို စတေးရဲလား ဟူသော မေးခွန်းကို မေးမြန်းခဲ့၏။ ထိုအချိန်တုန်းက သူသည် တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲ စတေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"ဂိုဏ်းချုပ်ကျွင်း"
ထိုစဉ်က သက်တန့်ရောင် သူတော်စင်က မှာကြားခဲ့၏ "အထက်စကြဝဠာ တစ်ခုလုံးက မင်းရဲ့လက်ထဲမှာပဲ"
ဤစကားစုသည် ရိုးရှင်းလှပေမဲ့ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကို ခံစားရစေ၏။ သို့ပေမဲ့ မိမိကိုယ်ကို စတေးရန် ဆုံးဖြတ်ခဲ့သည် ဆိုမှတော့ အကောင်းဆုံး ပြုလုပ်ရပေတော့မည်။ ဤလမ်းသည် သူရွေးချယ်ခဲ့သော လမ်းဖြစ်သည်။ ဆူးငြောင့်ခလုတ်များ ရှိသည်ဆိုလျှင်တောင်မှ သူသည် တစ်ချက်ကလေးမှ နောင်တမရပဲ လျှောက်သွားရပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ ကုန်းရှမ့်သည် အားလုံးသောသူတို့၏ လေးစားစရာ သူရဲကောင်းစိတ်ဓာတ်ကို ထုတ်ပေါ်ပြလျက် ရှိနေသည်။
"လိုရင်းကိုပြော"
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် အေးစက်စက်ဖြင့် ပြောလိုက်၏။
"သေစမ်း"
ဝှစ် ဝှစ်
ချက်ချင်းပဲ တည်နေရာတစ်ခုလုံး မှောင်မဲသွားပြီး နတ်ဆိုးအော်ရာများသည် ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် အလင်းတန်းတစ်ခုအဖြစ်အသွင်ပြောင်းကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။
သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ စွမ်းအင်လုံးကြီးသည် သူ၏နောက်သို့ လိုက်ပါလာသည့် ပုံစံမျိုးပင်။ မည်မျှပင် ရှောင်ရှောင် သူဆီသို့ ရောက်ရှိလာခဲ့၏။ အလွန်မြန်ဆန်ပြီး အလွန်လည်း အားကောင်းလှသည်။
ဝှစ် ဝှစ်
ထိုအမဲရောင်စွမ်းအင်လုံးကြီး ဖြတ်သန်းသွားရာ နေရာတိုင်းသည် ပြိုလဲနေခဲ့သည်။ ကံကောင်းစွာဖြင့် ငရဲလောကကြီးအား ကျွင်းချောင်ရှောင်း ခပ်ဝေးဝေးဆီသို့ ရွေ့လျားပြီး ဖြစ်နေသည်။ မဟုတ်ပါက ကြီးမားလှသော စွမ်းအင်လုံးကြီး၏ ဒဏ်ကို မခံနိုင်ဘဲ ပိပြားကာ ပျက်စီးသွားလိမ့်မည်။
ဘုန်း ….။
ရုတ်တရက် အမဲရောင်စွမ်းအင်လုံးကြီးသည် ကျဆင်းလာခဲ့၏။ တည်နေရာ တစ်ခုလုံးသည် တုန်ခါသွား၏။ ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို အသာမြောက်ပြီးနောက် ဆုပ်ကိုင်ထား၏။ ခုခံနေသည် ဆိုသော်လည်း နတ်ဆိုးအော်ရာများသည် ဆက်တိုက်ဆိုသလို တိုးတက်နေခဲ့၏။ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် အနောက်ဖက်သို့ ဆုတ်ခွာသွားရသည်။
"ကွာခြားချက်က တကယ့်ကို ကြီးတာပဲ"
စနစ်က ပြောလိုက်၏။ "မြန်မြန် ထွက်သွားရအောင်"
ကျွမ်းကျင်သူများ တိုက်ခိုက်သည့် တိုက်ပွဲသည် တစ်ချက်ကြည့်ရုံနှင့် မည်မျှခက်ခဲကြောင်း သိသာလှ၏။ ဂြိုဟ်ပေါင်းများစွာတို့ကို ဝါးမျိုခဲ့သောကြောင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ အားအင်အဆင့်သည် တိုးတက်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် အံကြိတ်ကာဖြင့် ရွှမ်ယွမ်နတ်ဘုရားဓားထဲသို့ စွမ်းအင်များ ထည့်သွင်းကာ အော်ဟစ်လိုက်သည်။ "ဘယ်ကိုထွက်သွားရမှာလဲ။ ချီးတဲ့မှ"
ဝှစ် ဝှစ်
ရုတ်တရက် သူ၏အနောက်ဖက်ဆီမှ ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် လေထုထဲတွင် ကြာပန်းတစ်ခု ပွင့်လန်းလာ၏။
ဟမ်
မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ကြောင်အသွားခဲ့၏။ ထိုအချိန်မှာပဲ တောက်ပသည့် အနီရောင် အလင်းတန်းများသည် နတ်ဆိုးအင်ပါယာဆီသို့ အလွန်မြန်ဆန်သည့် နှုန်းဖြင့် ရောက်ရှိသွားသည်။
ထိုအရာကို အနီရောင်ဆံပင်နှင့် လူသည် ကြုံခဲ့ဖူး၏။ တစ်ချက်ကလေးမှ မရှောင်နိုင်ခဲ့ချေ။ သို့ပေမဲ့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာမှာတော့ ခြားနားလို့နေ၏။ ဘေးတစ်ဖက်ဆီသို့ ရှောင်လိုက်ပြီး သူ၏နတ်ဆိုးစွမ်းအင်များ စုစည်းနေသည့် လက်ဖြင့် တဖန်ပြန်ကာ တိုက်ခိုက်ခဲ့သေး၏။ တိုက်ခိုက်မှု ဖြစ်စဉ် တစ်ခုလုံးသည် အမှန်ပင် ချောမွေ့လွန်းလှချေ၏။
ဘန်း ….။
အနီရောင်အလင်းတန်းသည် ပစ်မှတ်ကို လွဲချော်သွားသည်သာမက အနောက်ဖက်သို့ပါ လွင့်စင်သွားခဲ့၏။ အဝေးတစ်နေရာတွင် ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးနောက် နီကျား၏ ခန္ဓာကိုယ်သည် ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။
ဝုန်း ….။
တစ်ချိန်တည်းမှာပဲ အမဲရောင်စွမ်းအင်လုံးကြီး၏ ဖိနှိပ်မှုကိုလည်ူ ခံနေရသည်။ ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေးသို့ ရောက်ရှိသွား၏။ သူသည် နဖူးတွင် ရှိနေသော ချွေးများကို သုတ်ကာပြောလိုက်၏။ "အားကောင်းလွန်းတယ်"
"ကောင်လေး"
နီကျားသည် မထူးခြားသလို ပြောလိုက်သည်။ "ဒီနတ်ဆိုးက အရမ်းအပြာင်းအလဲများတယ်"
"သူနဲ့ ရင်ဆိုင်နိုင်လား"
"ရင်မဆိုင်နိုင်ဘူး။ မျောက်မင်းကြီးကို ထွက်ခဲ့ဖို့ ပြောလိုက်"
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော ကျွင်းချောင်ရှောင်းသည် အော်ငိုလုမတတ်ပင် ဖြစ်သွားခဲ့၏။ မျောက်မင်းသာ သူ၏စကားကို နားထောင်ပါက ဤမျှ ဒုက္ခခံနေလိမ့်မည် မဟုတ်ချေ။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ သည် အထင်သေးသလို ပြောလိုက်၏။
"ဒီကိုလာပြီးတော့ သေရဲတာ အံ့အားသင့်စရာ မရှိဘူး။ အကူအညီရှိနေတာကိုး ….. ဆိုးတာက ငါက အထက်စကြဝဠာ တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းဖြစ်နေပြီ။ မင်းကတော့ ပုရွက်ဆိတ်သာသာပဲ"
နီကျားသည် ထိုစကားကို ကြားသည့် အချိန်မှာတော့ သူ၏ လှံကြီးကို ကောက်ကိုင်လိုက်၏။ ပြီးသည့်နောက် ပြောလိုက်၏။ "နတ်ဆိုးတစ်ကောင်က ဒီလောက် မောက်မာလွန်းနေတယ်။ သည်းခံလို့ မရတော့ဘူး"
နှစ်ယောက် ပြောနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် ကျယ်လောင်စွာဖြင့် အားပေးလျက် ရှိနေသည် "တတိယအစ်ကို လုပ်ထား ….. ကျုပ်ခင်ဗျားကို အားပေးတယ်"
စနစ်က အော်ဟစ်လိုက်၏။ "ပြောတော့ ကိုယ့်ကိုယ်ကိုယ် စတေးမယ်ဆို .. အခု ဘယ်လိုကြောင့် ထွက်ပြေးလာရတာလဲ”