အခန်း ၁၉၉၇
Vol. 134 Ch. 1997
အပိုင်း (၁၉၉၇)
“ခေါင်းဆောင် ဘာတွေကိုစိုးရိမ်နေတာလဲ”
ဂြိုဟ်တစ်ခု၏ နန်းတော်အတွင်းမှာတော့ အဘိုးအိုတစ်ယောက်သည် မျက်နှာပျက်လို့နေ၏။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် အထက်စကြဝဠာတစ်ခုလုံးသည် အစောကြီး ကတည်းက မျှော်မှန်းတောင့်တနေသည့် ငြိမ်းချမ်းမှုကိုရရှိခဲ့ပြီဖြစ်၏။ ဤအရာသည် ပျော်ရွှင်ဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဤနယ်မြေ၏အရှင်ကတော့ နှစ်ရက်တိတိ မျက်မှောင်ကုတ်လျက်ရှိနေမိသည်။
“အင်း ဘာလို့လဲမသိဘူး နည်းနည်းစိတ်ပူနေမိတယ်” ထိုနယ်မြေအရှင်က မျက်မှောင်ကုတ်လိုက်၏။ နတ်ဘုရား လျှို့ဝှက်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့်အညီ သူ၏ ဆဌမအာရုံသည် အလွန်တိကျ ကောင်းမွန် လွန်း၏။
အဘိုးအိုသည် စိုးရိမ်ပူပန်နေမိသည်။ “တစ်ခြား ကပ်ဘေးတစ်ခုခုရှိနေသေးတာလား”
“မသိဘူး”
“သတင်းပို့ပါတယ်”
နောက်လိုက်တစ်ယောက်သည် လှမ်းဝင်လာပြီး ဒူးထောက်ကာပြောလိုက်၏။ “ပြိုင်စံရှားရဲ့ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းက ဖိတ်စာပို့လိုက်ပါတယ်”
ထိုခေါင်းဆောင်သည် ဆွံ့အသွားမိ၏။ အထက်စကြဝဠာတစ်ခုလုံး၏ ကောင်းကျိုးကို ဖန်တီးပေးပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုသည့် လူ၏အကြောင်းကို ကြားခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ အဘယ့်ကြောင့် ဘာအကြောင်းအရာမှမရှိဘဲ ဖိတ်စာပို့ရသနည်း။
ကျွင်းချောင်ရှောင်းအနေနှင့် ထာဝရလောကကြီးဆီသို့ ဂြိုဟ်ပေါင်းများစွာကို ရွှေ့ပြောင်းဖို့ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ အားလုံးသော ဂြိုဟ်များအားလုံးကို ပေါင်းစပ်နိုင်ခြင်းတော့ မရှိသေးချေ။ အထက် စကြဝဠာကြီးဆိုသည်မှာ အလွန်တရာများပြားလှပြီး အထက်စကြဝဠာတစ်ခုလုံးတွင် လှည့်ပတ်လျက် ရှိနေသည့် ဂြိုဟ်များသည် မရေတွက်နိုင်အောင် များပြားလို့နေ၏။ ထို့ကြောင့် ထိုအရာများအားလုံးကို ပေါင်းစပ်ရန်မှာ အချိန်အတော်ကြာမြင့်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ကောင်းကောင်းသိ၏။ ထာဝရလောကကြီးနှင့် ပေါင်းစပ်မည့်အစီအစဉ်ကို သူသည် နှစ်တစ်ရာအစီအစဉ်ဖြင့် ချမှတ်ထားခဲ့၏။ ဂြိုဟ်ကြီးတစ်ခုလုံးကို ရွှေ့ပြောင်းရန်ဆိုသည်မှာ ခက်ခဲလှ၏။ သို့ပေမဲ့ ဖိတ်စာပို့ခြင်းကတော့ လွယ်ကူလှချေသည်။ အထူးသဖြင့် ဂိုဏ်းချုပ်၏ မင်္ဂလာပွဲသည် ကိစ္စကြီးတစ်ခုဖြစ်သည်မို့ မိုးဆွေဟောခန်း တပည့်များများသည် ချက်ခြင်းပဲ လှုပ်ရှားကြတော့၏။
“ဘာဖိတ်စာလဲ”
နယ်မြေအရှင်သည် ယူကာဖွင့်ကြည့်လိုက်၏။ သူ၏ လက်များသည် တုန်ယင်သွားခဲ့သည်။ ဖိတ်စာမှာပါဝင်သည်မှာ-
“ဇွန်လ(၁)ရက်နေ့ လူကြီးမင်း ကျွင်းချောင်ရှောင်းနှင့် ဟွာမင်ဟွေ့တို့သည် လက်ထပ်ပွဲကို ကျင်းပမည်၊ လက်ထပ်ပွဲအခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။ တည်နေရာ - ထာဝရလောကကြီး၊ ပြိုင်စံရှားဂိုဏ်း၏ အဓိကတောင်ထွတ် (ကျွင်းချောင်ရှောင်းနှင့် ဟွာမင်ဟွေ့တို့မှ ဖိတ်ကြားသည်)”
ဖိတ်စာကို ကြည့်ရှုလိုက်မည်ဆိုလျှင် အမှန်ပင် သေသပ်သပ်ရပ်လွန်းလှ၏။ သို့ပေမဲ့ နယ်မြေအရှင်၏ လက်များသည် တုန်ယင်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် အောက်ဆုံးတွင် ရေးသားထားသည့် စာတန်းကြောင့်ပင်။ ပါဝင်သည့်အကြောင်းအရာမှာ “အလုပ်များနေသည်ဆိုလျှင်တောင် မင်္ဂလာလက်ဖွဲ့ ကိုတော့ လက်ခံသည်”
နောက်ဆုံးစကားသည် ရင်ထဲကိုထိခိုက်စေသည့်စကားပင်ဖြစ်၏။
“ဒါက”
နယ်မြေအရှင်၏နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ဖိတ်စာကို ဖတ်ရှု ပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင်ရှိနေသော ပူပန်မှုများသည် ပိုမိုကာအားကောင်းလာခဲ့၏။ သူ၏မကောင်းသည့် စိတ်ခံစား ချက်များသည် ဤအရာကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“နယ်မြေအရှင်”
တပည့်တစ်ယောက်သည် ထိုအခြင်းအရာကို မြင်တော့ နဝေတိမ်တောင်နှင့် မေးမြန်းလိုက်သည်။
“ဒါက မင်္ဂလာဖိတ်စာမဟုတ်ဘူးလား ဘာလို့စိတ်ပူနေရတာလဲ”
“မျက်နှာပြင်မှာတော့ ဒါကမင်္ဂလာဖိတ်စာပေါ့”
နယ်မြေအရှင်၏ မျက်နှာအမူအယာသည် ချက်ခြင်းပဲ တည်ငြိမ်သွားခဲ့၏။ “တကယ့်အစစ်အမှန်ကတော့ ဓားပြတိုက်နေတာပဲကွ”
သူသည် တစ်ကယ်ပင် အတွေ့အကြုံများလှသည့် လူတစ်ယောက်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် မူရင်း ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်သည်။
တခြားသော နယ်မြေအသီးသီးသည်လည်း မင်္ဂလာဆောင် ဖိတ်စာကိုရရှိခဲ့ကြ၏။ ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိရှိကြ၏။ ထို့ကြောင့် အားလုံးတို့သည် သွားရမလား၊ မသွားရမလား ဆိုသည်ကို စတင်ကာစဉ်းစားနေမိ၏။ ထို့ပြင် တစ်ဖက်လူသည် အထက်စကြဝဠာတစ်ခုလုံးကို ကယ်တင် ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူ၏ မင်္ဂလာပွဲသည် တစ်ကယ့်ကို ကြီးမားလှသည့် အရာကြီးဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့၏။ သူတို့သာမသွားလျှင် မကောင်းလှချေ။ သွားမည်ဆိုလျှင် လက်ဆောင် ပမာဏ မည်မျှများများကို ယူဆောင်သွားရမည်နည်း။
အားလုံးသောသူတို့ တွေးဝေငေးငိုက်လျက်ရှိနေတုန်းမှာပဲ ဂြိုဟ်အသီးသီးတို့သည် ထာဝရလောကကြီးဆီသို့ ရွှေ့ပြောင်းရောက်ရှိသွားခဲ့သည် ဆိုသည့်သတင်းကို ရရှိခဲ့၏။ အထူးသဖြင့် ကျွင်းချောင်ရှောင်း၏ စိတ်နေ စိတ်ထားသည် အလွန်မာကျောလွန်းလှပြီး ရွေးချယ်ခွင့်မပေးခဲ့ကြောင့်လည်း ကြားရ၏။ ထို့ကြောင့် သူတို့သည် သွားရန်သာ ရွေးချယ်လိုက်ရ၏။
တစ်ဖက်လူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် တစ်ဖက်လူ၏ အားအင်အဆင့်ကို သံသယရှိစရာမလိုချေ။ ယခု ဂိုဏ်းချုပ်ကျွင်း မင်္ဂလာဆောင်ပြီဆိုမှတော့ သူတို့အနေနှင့် မသွားဘဲနေမည်ဆိုပါက သူတို့၏ ဂြိုဟ်များ၊ လောကများသည် ပြဿနာတက်ပေလိမ့်မည်။
ဖိတ်စာကို လက်ခံရရှိခဲ့သော အဓိက ဂြိုဟ်အသီးသီးတို့သည် လက်ဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ပြီး လှုပ်ရှား ကြတော့၏။ မင်္ဂလာပွဲသည် နှစ်လ၊ သုံးလတွင် ကျင်းပမည်ဖြစ်သည်။ အချိန်သည် အလျင်လိုလျက် ရှိ၏။ ထာဝရလောကကြီးဆီ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားရပေလိမ့်မည်။
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ များပြားလှသည့် စကြဝဠာပတ်လမ်းအသီးသီးမှ ရွက်သင်္ဘောများသည် ထာဝရလောကဆီသို့ ဦးတည်ကာ လှမ်းလာလျက်ရှိနေကြ၏။ အားလုံးသောသူတို့သည် ကျွင်းချောင်ရှောင်း၏ မင်္ဂလာပွဲကို တက်ရောက်ရန်ပင်။
ကျွင်းချောင်ရှောင်းနှင့် ဟွာမင်ဟွေ့တို့လက်ထပ်ပွဲသတင်းသည် အထက်စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ ကြ၏။ ဂြိုဟ်တစ်ခု၏ အရှင်အဆင့် ကျွမ်းကျင်သူများအားလုံးတို့သည့် ကျိန်းသေပေါက် တက်ရောက်ရမည် ဖြစ်ပြီး တခြားသောမိသားစုများ၊ ဂိုဏ်းများအသီးသီးသည်လည်း ဖိတ်ကြားခြင်းကိုခံရ၏။ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် ရောက်ရာနေရာတွင် ဖိတ်စာများ ပေးခဲ့၏။ ကျိန်းသေပေါက် အလုပ်ကြိုးစားခဲ့ခြင်းပင်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားပြီးနောက် ကျွင်းချောင်ရှောင်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အထက်စကြဝဠာတစ်ခုလုံးသည် ငြိမ်းချမ်းသည့် ပုံပန်းသွင်ပြင်မျိုးဖြစ်သည်ဆိုသော်လည်း ချောက်နက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။
ထိုသို့ဆိုလျှင် သူတို့အားမည်သူကကူညီမည်နည်း။ အစစ်အမှန်တရားမှာတော့ ဤလူသည် လင်းလီဖြစ်ပေ လိမ့်မည်။ လက်ရှိ အခြေအနေမှာတော့ လင်းလီသည် စကြဝဠာတစ်ခုလုံးကို လွန်းထိုးသွားလာလျက်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဆိုးအော်ရာများ လွှမ်းခြုံလျက်ရှိနေသည်။ သူ၏ သိစိတ်ပင်လယ်ထဲတွင်တော့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုး အသွင်ပြောင်းနည်းစနစ်သည် အထပ်ထပ် ဖြစ်တည်နေ၏။
သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ပစ်ခဲ့သည်သာမက ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအရှင် ၏ မိစ္ဆာနည်းစနစ်ကို အမွေဆက်ခံရရှိခဲ့သည်။
အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့သည်ဆိုသော်လည်း သူ့၌ ဆက်ခံသူ ကျန်ရှိခဲ့သေး၏။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးနည်းစနစ်၏ နားလည်မှုအရဆိုလျှင်တောင်မှ လင်းလီသည် လက်ရှိအချိန်တွေမှာတော့ စဦးလေ့ကျင့်သူတစ်ယောက်သာရှိသေး၏။ ထို့ကြောင့် ကြိုးစားရပေဦးမည်။
သူသည်အန္တိမကုန်းမြေထဲသို့ ဝင်ရောက်ပြီး သူချစ်ခင် နှစ်သက်သည့်အမျိုးသမီးကို ပြန်လည် အသက်ရှင်သန်နိုင်အောင် ပြုလုပ်ချင်၏။ ထိုလောကဆီသို့ ရောက်ရှိလျှင် သူလုပ်ချင်သလို ပြုလုပ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်လာမည်လား ဆိုသည်ကို သူမသိချေ။ သို့ပေမဲ့ ယခု သူလုပ်ချင်ရမည့်အရာသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကဲ့သို့ပင် လောကအသီးသီးကို လိုက်လံကာ ဝါးမြိုခြင်းပင်။
“ဟင်း” နတ်ဆိုးသတ်ဖြတ်သူသည် အဆုံးသတ်မှာတော့ နတ်ဆိုးဖြစ်လာခဲ့၏။ ပြောရမည်ဆိုလျှင် လင်းလီသည် ဒုတိယမြောက် မိုးကောင်းကင် နတ်ဆိုးအင်ပါယာဖြစ်လို့ လာခဲ့သည်။
“မွေးစားအဖေ ခင်ဗျားက မောက်မာလွန်းတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားနဲ့မတူဘူး”
လမ်းတစ်လျှောက် မှာတော့ လင်းလီက အေးစက်စက်ပြောလိုက်၏။ “ကျုပ်က ဘယ်သူမှမသိဘဲနဲ့ အားကောင်းချင်တာ။ ကျုပ်ဆီမှာ အထက်စကြဝဠာတစ်ခုလုံးကို အသစ်ပြန်လည် မဖန်တီးသေးခင် အဆုံးမဲ့တဲ့ ပြိုင်ဘက်ကင်း အားအင်အဆင့်မျိုးကို ပိုင်ဆိုင်ထားချင်တယ်။
ဝှစ်
အမဲရောင်အလင်းတန်းသည် စကြဝဠာထဲသို့ ပျံသန်းသွားပြီးနောက် လူသူကင်းရှင်းသည့် လောက တစ်ခုဆီ သို့ ဆင်းသက်လိုက်၏။ လင်းလီသည် မြေပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသည့်နောက် သူ၏ လက်ဆယ်ချောင်းကို ထိုးစိုက်လိုက်၏။ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အသုံးပြုသည့် နည်းလမ်း အတိုင်းပဲ ဂြိုဟ်ကြီးကို အချိန်တိုအတွင်းဝါးမြိုခဲ့တော့၏။
လင်းလီသည် ထိုကဲ့သို့သော နည်းစနစ်ကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ တစ်နေ့တွင် ပြိုင်ဘက်ကင်းဖြစ်ရမည်ဆိုသော အတွေးအခေါ်မျိုး ရရှိလာခဲ့၏။ လင်းလီသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကဲ့သို့ ထင်ထင်ရှားရှားပြုမူဆောင်ရွက်ချင် စိတ်မရှိချေ။ တိတ်တဆိတ်ပင် ကြိတ်ကာ လောကအသီးသီးကို ဝါးမြိုရင်း ကျွင်းချောင်ရှောင်းသတိမပြုမီ အချိန်အတောအတွင်း အားကောင်းလှသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ကြိုးစားလျက်ရှိနေသည်။
အခြားတစ်ဖက်မှာတော့ ထာဝရလောကကြီး၌ မင်္ဂလာပွဲကျင်းပရန် ဆယ်ရက်သာ ကျန်ရှိတော့၏။ ဂိုဏ်းတစ်ခုလုံးသည် လှပလှသည့် အသုံးအဆောင်ပစ္စည်းများနှင့် ခြယ်သထားခဲ့၏။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆောင်းဘောက်ကြီးသည် ကောင်းမွန်လွန်းလှသည့် မြူးကြွဖွယ် သီချင်း တေးသံများကို ထုတ်ဖော်ဖွင့်လှစ်လျက်ရှိ၏။
“အကြီးအကဲဝေ”
ဆေးဥယျာဉ်ခန်းမဆောင်ကြီးထဲမှာတော့ ကျွင်းချောင်ရှောင်း၏ ခြေထောက်များသည် တုန်ယင်လျက်ရှိ၏။ သူက ပြောလိုက်သည်။ “ကျုပ်နည်းနည်းကြောက်နေတယ်”
မင်္ဂလာပွဲနီးလာလေ သူသည် ပိုမိုကာ စိုးရွံ့လာလေဖြစ်၏။ ထို့ပြင် သူ့အနေနှင့် ပထမဦးဆုံးအကြိမ် မင်္ဂလာ ဆောင်ဖူးခြင်းဖြစ်သည်။ အတိတ်တုန်းက အတွေ့အကြုံ မရှိလှချေ။
“.........”
အကြီးအကဲဝေက ခေါင်းခါလိုက်၏။ သူသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။ “ကျုပ်လည်း မင်္ဂလာ မဆောင်ဖူးပါဘူး။ ဘာကိစ္စကျုပ်ကို လာမေးနေရတာလဲ”
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် တစ်ခါမှ လက်မထပ်ခဲ့ရသေးဘူးဆိုသော်လည်း အကြံဉာဏ်တော့ ပေး၍ရ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ကျုပ်ပြောပြမယ် စိတ်ကို အေးအေးထား”
“ဒါလား အကြံဉာဏ်”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများချာချာလည်သွား၏။
တစ်ရက်၊ နှစ်ရက် အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့၏။ မင်္ဂလာပွဲကျင်းပရန် သုံးရက်သာလျှင် ကျန်ရှိတော့၏။ ကျွင်းချောင်ရှောင်း၏ ကြောက်လန့်မှုများသည်လည်း ပိုမိုကာအားကောင်းလာခဲ့၏။ မင်္ဂလာဦးညအကြောင်းကို စဉ်းစားပြီးသည့် နောက် သူသည်အချိန်တိုင်း မျက်နှာနှင့် လည်ပင်းများပင် နီရဲလျက်ရှိသည်။
“စိတ်ကို အေးအေးထား စိတ်ကို အေးအေးထား”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာကြိတ်ကာ ဆုံးမလျက်ရှိနေ၏။ “ငါ.. ငါမင်္ဂလာဆောင်ကနေ ထွက်ပြေးရမှာလား”
“တစ်ခြားလူဆိုရင်တော့လုပ်မှာမဟုတ်ဘူး”
စနစ်က ထပြောလိုက်သည်။ “ဒါပေမဲ့ လက်ခံသူလို အရူးကတော့ လုပ်ရင်လုပ်လိမ့်မယ်”
မင်္ဂလာအကြိုနေ့
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာဖြင့် တွန့်ဆုတ်လျက်ရှိ၏။ သူ၏နှလုံးခုန်သံများသည် ပိုမိုကာမြန်ဆန်လာခဲ့၏။ သူသည် လက်ကို မည်သည့်နေရာ၌ ထားရမည်မှန်းပင် မသိချေ။ သူဤကဲ့သို့ ကြောက်လန့်နေသည့်ပုံကို ကြည့်ရှုရသည်မှာ ချစ်စဖွယ်ပင်ကောင်းနေ၏။
ခြံဝင်း၏ရှေ့တွင်တော့ မင်္ဂလာ အိပ်ခန်းရှိနေ၏။ ဟွာမင်ဟွေ့သည် မှန်တင်ခုံရှေ့တွင် ထိုင်လျက်ရှိနေ၏။ သူမ၏ဘေးတွင်တော့ ဖီးနစ်၊ သရဖူနှင့် ဝတ်စုံတစ်ခုက တည်ရှိနေ၏။ မနက်ဖြန်သည် သူမ၏ယောကျ်ားနှင့် မင်္ဂလာဆောင်မည့်နေ့ဖြစ်၏။ လူပေါင်းဘယ်လောက်များများ တက်ရောက်လာမည်ကို မသိရှိချေ။ သူမသည် စိုးရွံ့နေသည်ဆိုသော်လည်း ပျော်ရွှင်လျက်တော့ရှိသည်။
ရုတ်တရက် လေခွင်းသည့် အသံတစ်ခုကို ကြားလိုက်ရ၏။ နှင်းဆီဧကရီသည် အခန်းထဲမှ ပြေးထွက် လာခဲ့ပြီးနောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ အော်ဟစ်လိုက်၏။ “ကျွင်းချောင်ရှောင်း ရှင်ဘယ်သွားမလို့လဲ”
“လုပ်စရာရှိသေးတယ် ဂိုဏ်းကို ခင်ဗျားနဲ့ထားခဲ့မယ်”
“ရှင်”
ဟွာမင်ကွေ့သည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်မိ၏။
ချက်ချင်းထွက်ခွာသွားခဲ့သောကြောင့် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် အလန့်တကြားဖြစ်သွားခဲ့ကြ၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုခဲ့ပြီးသည့်နောက် ထကာ အော်ဟစ်လိုက်မိကြသည်။ “ဂိုဏ်းချုပ် မင်္ဂလာဆောင်ကနေ ထွက်ပြေးတာလား”
“မဟုတ်ဘူး”
လီလိုရှုကပြောလိုက်၏။ “အရေးကြီး ကိစ္စကြောင့်”
“ဘာကိုဆိုလိုတာလဲ” အားလုံးကကြောင်အသွား၏။ လီလိုရှုသည် လေးနက်တည်ကြည်သော အမူအယာနှင့်ပြောလိုက်သည်။ “ရွှေ့ပြောင်းအဖွဲ့ဝင်တွေရဲ့သတင်းပေးချက်အရ အစိမ်းရောင်လောကကြီးက ဆန်းကြယ်စွာနဲ့ ရုတ်တရက် ပျောက်ကွယ်သွားတယ် ”
“ပျောက်ကွယ်သွားတယ် ဟုတ်လား”
ကျန့်ကွေ့ရှု၏ အမူအယာကပြောင်းလဲသွား၏။ သူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ပြန်ပြီးတော့ အသက်ရှင်လာတာလား”