← Chapters

အခန်း ၂၀၀၀(က)

Vol. 134 Ch. 2000-A

အခန်း ၂၀၀၀(က)

Vol. 134 Ch. 2000-A

အပိုင်း (၂၀၀၀)

စိတ်ပျက်ခြင်းချောက်ကမ်းပါးမှာတုန်းက ကျွင်းချောင်ရှောင်းသည် စတေးရန် ရွေးချယ်ခဲ့၏။ သူမ သိသည်မှာ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည်လည်း ရွေးချယ်ခွင့် ရရှိခဲ့ကြပြီး ၎င်းတို့သည် လည်း စတေးခြင်းကိုသာ ရွေးချယ်ခဲ့၏။ ဤကဲ့သို့သော တူညီသည့် ဆုံးဖြတ်ချက်မျိုးသည် ယုံကြည်ရန် ခက်ခဲလွန်းလှ၏။ ကြည့်ရသည်မှာ ပြိုင်စံရှားဂိုဏ်းသည် တစ်သွေးတည်း တစ်သားတည်း ဖြစ်တည်နေသကဲ့သို့ပင်။

အတိတ်တုန်းကသာဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် စိတ်လှုပ်ရှားပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်း၏ တပည့်များ၏ စွမ်းအင်ကို ရရှိခဲ့ပြီးသည့်နောက် သူသည် ပိုမိုကြီးမားလှသည့် ဂုဏ်သိက္ခာတရားများကို ခံစားနေမိ တော့၏။ ၎င်းအတွက်နှင့် ဂိုဏ်းထဲရှိ လူပေါင်းများစွာတို့သည် စတေးခြင်းကို ပြုလုပ်ခဲ့၏။

အထူးသဖြင့် စွမ်းအင်များကို ပေါင်းစပ်သည့်လုပ်ငန်းစဉ်၌ သူ၏သိစိတ်ပင်လယ်ထဲတွင် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး၏ မျက်နှာများက ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ပြုံးရွှင်လျက် ရှိနေပြီး ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ဆက်တိုက်ဆိုသလိုပဲ တိုးတက်လျက် ရှိနေသည်။ ထိုကဲ့သို့ တိုးတက် နေသည့် အချိန်အတိုင်းအတာအတွင်းမှာလည်း နာကျင်မှုကို ခံစားနေရ၏။ ထို့အပြင် သူ၏နှလုံးသားထဲတွင် အလွန် ကြီးမားလွန်းလှသည့် မိသားစု၏ ချစ်ခြင်းမေတ္တာများကိုလည်း ခံစားနေမိသည်။

လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန် တပည့်တစ်ယောက်ချင်းစီတိုင်းသည် သူ၏ သိစိတ်ပင်လယ်ထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက် လက်များကို ဝှေ့ယမ်းကာဖြင့် ပျောက်ကွယ်သွားခဲ့ကြ၏။ နှလုံးသားထဲတွင် ခံစား နေရသည့် နာကျင်မှုသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံးကို ဖျက်ဆီးနေသကဲ့သို့ပင်။ သူသည် ဦးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်လျက် ရှိနေ၏။

နောက်ဆုံး လူတစ်ယောက်သာ ကျန်ရှိတော့၏။ ထိုသူသည် ဟွာမင်ကွေ့သာ ဖြစ်တော့၏။ သူမသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် သူ၏သိစိတ်ပင်လယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ မျက်နှာပေါ်တွင် ချိုသာသည့် အပြုံးတစ်ခု တည်ရှိနေပြီး အပြစ်ကင်းစင်လှသည့် အမျိုးသမီးလေး တစ်ယောက်ကဲ့သို့ပင် သူ့အား ကြည့်ရှုနေ၏။ သို့ပေမဲ့ သူမ၏ မျက်လုံးထဲတွင်တော့ စိတ်ပျက်အားငယ်သည့် အမူအရာမျိုး တည်ရှိနေခဲ့၏။ ဖြစ်နိုင်သည်မှာ မင်္ဂလာပွဲ မကျင်းပခဲ့ရသောကြောင့် စိတ်မကျေနပ်သေးပုံပင်။

အား.. အား...

ကျွင်းချောင်ရှောင်းသည် ပိုမိုကာ နာကျင်လာခဲ့၏။ သူ၏နှလုံးသားတစ်ခုလုံးသည် ကွဲကြေနေ၏။ တပည့် တစ်သိန်းခွဲတို့၏ စွမ်းအင်များကို ပေါင်းစပ်ပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အခြေအနေဆီသို့ တိုးတက်သွားခဲ့၏။ လင်းလီ ဂြိုဟ်ပေါင်းများစွာတို့ကို စုပ်ယူထားသည်ထက်ပင် ပိုမိုကာ သာလွန်သွား၏။

ပြောရမည်ဆိုလျှင် အစစ်အမှန်ကြီးမားလှသည့် ဆာဗာခိုးယူမှုပင် ဖြစ်လေ၏။ သို့ပေမဲ့ သူ့အနေနှင့် ပြိုင်ဘက်ကင်း ဖြစ်နေသည် ဆိုလျှင်တောင်မှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူသည် မိသားစုကို တန်ဖိုးထားသူတစ်ယောက် ဖြစ်သောကြောင့်ပင်။

“ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်”

ထိုအရာသည် အစစ်အမှန်ပင် ဖြစ်လေ၏။ ပြိုင်ဘက်ကင်းနေသည့် အချိန်တွင် သူတစ်ယောက်တည်းသာ ကျန်ရှိခဲ့၏။ သူ ဂရုစိုက်သည့် လူပေါင်းများစွာတို့သည် မရှိတော့ချေ။

“ငါပြိုင်ဘက်ကင်းချင်တယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်းလာတော့ရော ဘာသုံးလို့ရလဲ”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အသံကုန် အော်ဟစ်လျက်ရှိသည်။ သူ၏မျက်လုံးများသည် နီရဲလျက်ရှိပြီး သူ၏ စိတ်ထားများသည်လည်း ကြမ်းတမ်းလာခဲ့၏။ “သေစမ်း။ သေရမယ်”

ဆွစ်

ကျွင်ချောင်ရှောင်းသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာခဲ့သည့် တုန်ခါမှုလှိုင်းများအားလုံးသည် စကြဝဠာ လေဟာနယ်ကြီးတစ်ခုလုံးကိုပင် ချိုင့်ဝင်သွားစေ၏။ ဤစွမ်းအင်သည် အစစ်အမှန်ပင် ပြိုင်ဘက်ကင်းလေသည်။

..........

လင်းလီသည် ကျွင်းချောင်ရှောင်း၏ လက်သီးချက်ကို တားဆီးခဲ့၏။ သူတို့နှစ်ယောက်သည် ပေတော်တော် ဝေးဝေး ဆီသို့ ဝေးလွင့်သွားခဲ့၏။ ထုတ်လွှတ်လိုက်သည့်အားများသည် တဝုန်းဝုန်း နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“ကျွင်းချောင်ရှောင်း”

လင်းလီက အေးစက်စက် ပြောလိုက်၏။ “မိသားစုနဲ့ ဂြိုဟ်တစ်ခုလုံး ဆုံးရှုံးခံလိုက်ရတာ တကယ့်ကို ခံစားလို့ ကောင်းရဲ့လား”

“အင်း.. ကျုပ်က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ဝါးမြိုခြင်းစွမ်းအင်တွေကို ရပြီးတော့ သူ့ထက်ပိုပြီး အားကောင်းတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သွားတာကို မြင်ရတော့ အံ့အားမသင့်ဘူးလား”

“ဟမ့်... မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ကျုပ်ကို လူသားတစ်ယောက်လို ဘယ်တုန်းကမှ မြင်ခဲ့တာ မဟုတ်ဘူး။ သူ့ကို နောက်ကျောကနေ ဓားနဲ့ထိုးပြီး သတ်လိမ့်မယ်လို့ သူ ဘယ်ထင်မိပါ့မလဲ”

လက်ရှိအချိန်တွင် လင်းလီသည် အစစ်အမှန် စကားပြောသည့်လူတစ်ယောက် ဖြစ်လာခဲ့၏။ အဘယ်ကြောင့် ဆိုသော် သူသည် ပြိုင်ဘက်ကင်းလှသည့်ဟု ခံစားမိသောကြောင့်ပင်။ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ကျွင်းချောင်ရှောင်းသည် သူ့အား တစ်ချက်ကလေးမှ ချိန်းခြောက်မှု မပေးနိုင်ဟု သူက ထင်မှတ်ထား၏။ တစ်ချိန်တည်းမှာပဲ သူသည် တစ်စုံတစ်ယောက်နှင့် စကားပြောချင်၏။ ထို့အပြင် ထိုကဲ့သို့ ပြောမှသာလျှင် နေသာ ထိုင်သာရှိမည်ဟု ခံစားနေမိသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ သူသည် လင်းလီအား လူသေ တစ်ယောက်ကဲ့သို့ပင် ကြည့်ရှုနေ၏။

ဟား ဟား ဟား ဟား

လင်းလီ၏ ခန္ဓာကိုယ်ဆီမှ အလွန် ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့၏။ ထိုအရာကြီး သည် အရိပ်ငွေ့ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။ “ငါ့သား ... မင်းအဖေ တကယ်သေသွားပြီလို့ ထင်နေတာလား”

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ”

လင်းလီသည် ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။ “ခင်ဗျား … ခင်ဗျား မသေသေးဘူးလား”

အား

ရုတ်တရက် သူသည် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအင်လှိုင်းများသည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အရပ်ရှည်ရှည်နှင့် တောင့်တင်း ခိုင်မာလှသည့် လူသားတစ်ယောက်၏ ပုံစံမျိုး ဖြစ်တည်လာခဲ့၏။ ဟုတ်ပေသည်။ ဤလူသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာပင်ဖြစ်၏။ ဤလူသည် အစစ်အမှန် အသက်ရှင်နေခဲ့၏။

ဝေါ့

ခန္ဓာကိုယ်ထဲမှ စွမ်းအင်များသည် မထိန်းချုပ်နိုင်စွာ ဖြစ်တည်လာခဲ့၏။ လင်းလီ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များသည် ဟောင်းလောင်းပေါက် ဖြစ်သွားခဲ့ပြီး သွေးများပင် အန်ထွက်လာခဲ့သည်။

“ငါ့သား”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အသာလှည့်ပြီးသည့်နောက် ကြောက်မက်ဖွယ်ကောင်းလှသည့် အပြုံးတစ်ခုကို ပြုံးကာပြောလိုက်၏။ “ကျွင်းချောင်ရှောင်း လိုက်ဖမ်းတာကနေပြီးတော့ လွတ်မြောက်အောင်လို့ မင်းအဖေကို ကူညီပေးတဲ့အတွက် ကျေးဇူးပဲ”

“ခင်ဗျား”

လင်းလီ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ တစ်ဖက်လူသည် သေချင်ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း နားလည်သွားမိသည်။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ကျွင်းချောင်ရှောင်း သူ့အား လိုက်လံ သတ်ဖြတ်ရန် ကြိုးစားရှာဖွေနေချိန်တွင် ဆိုးရွားသည့် ခံစားချက်များကို ခံစားခဲ့ပြီးသားဖြစ်၏။ သူသည် ဒဏ်ရာရရှိပြီး မပုန်းအောင်းနိုင်ချေ။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ သူ၏မွေးစားသားသည် သူ့အား လာရောက်ကာ သတ်ဖြတ်ခဲ့၏။ အချိန်ကိုက် လာရောက် ကူညီခဲ့သလိုပင်။

လင်းလီကို ပြောရမည်ဆိုလျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင် နိုင်ခဲ့၏။ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးအသွင်ပြောင်း နည်းစနစ်ကိုလည်း အမွေဆက်ခံရယူခဲ့၏။ သို့ပေမဲ့ သူ မသိရှိသည်မှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဝိညာဉ်သည် ထိုကျင့်ကြံခြင်းနည်းစနစ်၏ အထဲတွင် တည်ရှိလျက် ရှိနေခြင်းပင်။ ထိုအရာသည် သိုင်းကျင့်ကြံခြင်းနည်းစနစ်၏ အတွင်းမှတဆင့် ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းကာဖြင့် ဝါးမြိုခဲ့သည့် စွမ်းအင်များကို စုပ်ယူခဲ့၏။

လင်းလီသည် ဆက်တိုက်ဆိုသလိုပဲ ဂြိုဟ်ပေါင်းများစွာတို့ကို ဝါးမြိုခဲ့၏။ ထို့ကြောင့် သူ၏ အားအင်အဆင့်သည် ထပ်တလဲလဲ တိုးတက်လာခဲ့၏။ ထိုအရာများ အားလုံးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သေဆုံးရာမှ ပြန်လည် အသက်ရှင်သန်လာအောင် ထောက်ပံ့ကျွေးမွေးနေခြင်းနှင့်ပင် ဆင်တူလှ၏။ ပြောရမည်ဆိုလျှင် လင်းလီသည် ရုပ်သေးရုပ် တစ်ခုကဲ့သို့ပင် ဖြစ်ခဲ့သည်။

ယခု ထာဝရလောကကြီးကို ဝါးမြိုလိုက်သည့်အချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဝိညာဉ်သည် အလုံးစုံ ပြန်လည်ကောင်းမွန်ခဲ့၏။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းမနေတော့ချေ။ ချက်ချင်း ဆိုသလိုပဲ အပြင်ဘက်သို့ ထွက်လာခြင်းဖြစ်၏။ လူများသည် အိုမင်းလာလေ ပိုမိုကာ တွေးခေါ်မျှော်မြင်နိုင်စွမ်း ကောင်းလာလေဖြစ်၏။

သနားစရာကောင်းလှသော လင်းလီသည် ငယ်စဉ်ကတည်းက အသုံးချခံအဖြစ် မွေးမြူခြင်းကို ခံရ၏။ လက်ရှိ အခြေအနေမှာလည်း သူ၏ ထိုကံတရားကို မဖယ်ရှားနိုင်ခဲ့သေးချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သွားဖြီးကာဖြင့် ပြောလိုက်သည်။

“မင်းအဖေရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးတဲ့ တောင်းဆုကို မင်းက ဖြည့်ဆည်း ပေးခဲ့တာပဲ။ ဒါပေမဲ့ မင်းလိုမျိုး ကျေးဇူးမသိတဲ့ သားတစ်ယောက်ကို ငါ ဘယ်လိုမျိုး လွှတ်ပေးထားလို့ ရမလဲ”

လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မျှော်လင့်မှုများဖြင့် ပြည့်နှက်လျက်ရှိနေသည်။ သူသည် အောင်မြင်မှုလုနီးပါးဖြစ်ခဲ့၏။ သို့ပေမဲ့ ဤသောက်အဘိုးကြီးသည် ရုတ်တရက် အသက်ဝင်လာခဲ့ပြီးသည့်နောက် သူ၏ အားအင်အဆင့် အကုန်လုံးကို ဝါးမြို ရယူသွားခဲ့၏။

“ငရဲကို သွားပြီးတော့ မင်းချစ်တဲ့ မိန်းမကို သွားရှာတော့”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လင်းလီ၏ လည်ကုပ်ကို ဖမ်းဆုတ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ လင်းလီသည် ဆိုးရွားသည့် အော်ဟစ်သံနှင့်အတူ မည်သည့်အခါကမှ မရှိခဲ့သလို တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လင်းလီ - သူ၏ နောက်ဆုံးကျန်သော မွေးစားသားသည် သေဆုံးသွားခဲ့ပြီဖြစ်၏။

“ဟင်း”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ငါသားက ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ ခံစားချက်ကို ရပြီးမှ သေဆုံးသွားခဲ့တာ … သေရတာ တန်ပါတယ်”

“ခင်ဗျားလည်း တူတူပဲလေ” ကျွင်းချောင်ရှောင်းက ပြောဆိုလိုက်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ပေါ်လာပြီး အဖေနှင့် သားတို့ ပြောဆိုနေသည့် စကားအားလုံးကို သူက ကြားခဲ့ရပြီးဖြစ်သည်။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုနှစ်ယောက်ကြားတွင် ရှိနေသည့် ဇာတ်လမ်းကို စိတ်ဝင်စားမှု မရှိချေ။ မည်သူက စွမ်းအားကြီးသည်ဆိုဆို ကိစ္စမရှိချေ။ နောက်ဆုံးတွင် သေဆုံးရပေမည်။

ဟူး

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အသာလှမ်းကြည့်ပြီးသည့်နောက် သက်ပြင်းကို ချလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက် သူ၏သွေး၊ မရီဒန် အားလုံးဆီ ပျံ့နှံ့သွားခဲ့၏။

“ပြိုင်ဘက်ကင်းရတဲ့ ခံစားချက်”

၎င်း၏ မျက်နှာပေါ်တွင် အလုံးစုံပျော်ရွှင်နေသည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

ဝှစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူ၏ ညာဘက် လက်ကို သက်တောင့်သက်သာဖြင့် ထိုးနှက်လိုက်၏။ အားအင်၏ အမြန်နှုန်းသည် မနှေးကွေးလှချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ မပြောနှင့် အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူပင်လျှင် ထိုအရာကို ဖမ်းယူနိုင်စွမ်းရှိ၏။ သို့ပေမဲ့ လက်သီးချက်သည် အလွန်တရာ နှေးကွေးလှသည်ဆိုသော်လည်း ကြောက်မက် ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များ ပါဝင်လျက်ရှိနေ၏။ တည်နေရာတစ်ခုလုံးသည် မျက်စိတစ်မှိတ် အတွင်းပင်လျှင် ပိကျလာခဲ့၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပထမတုန်းက ဂရုမစိုက်ချေ။ အထင်သေးစွာဖြင့် ပြုံး၍ပင် နေသေး၏။ သို့ပေမဲ့ ဖိအားဒဏ်ကို ခံစားရသည့်အချိန်မှာတော့ သူ၏ အပြုံးများသည် ရုတ်တရက် အေးခဲသွား၏။ သူ၏ ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ချေ။

“အိုး.... မဟုတ်တော့ဘူး”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုန်းကန်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ ပိုမိုကာ ရုန်းကန်လေ ပိုမိုကာ ချုပ်နှောင်ခြင်းကို ခံရလေပင်ဖြစ်၏။

“ငရဲကိုသွားတော့” ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ၏ စကားသံထဲတွင် မည်သည့် ခံစားချက်မှ မရှိချေ။ တစ်ချိန်တည်းမှာပဲ သူ၏လက်သီးချက်တွင် စုဝေးလျက်ရှိနေသည့် စွမ်းအင်များ သည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့၏။ ထို့အပြင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ချုပ်နှောင် ထားသည့် ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားကြီးကလည်း ပိုမိုကာ ကြီးမားလာခဲ့သည်။

“မဖြစ်နိုင်ဘူး။ ငါက ပြိုင်ဘက်ကင်းပဲ။ ဘယ်လိုဖြစ်ပြီး ငါက ထိန်းချုပ်ခံထားရတာလဲ” မိုးကောင်းကင်နတ်ဆိုး အင်ပါယာက နားမလည်ချေ။ သူ၏မျက်နှာပေါ်တွင် ဒေါသတရားများက ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲ၌ ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ပြိုင်စံရှားဂိုဏ်း၏ ရေတွက်လို့မရအောင် များပြားလှသည့် တပည့်များ မတ်တပ်ရပ်လျက် ရှိနေသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို ဖြစ်တည်လျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လက်သီးထိုးနှက်ချက် ပုံစံကို တပြိုင်နက်တည်း ပြုလုပ်နေခဲ့၏။

“ငါ နားလည်ပြီ” ကျွင်းချောင်ရှောင်း၏ လက်သီးချက်သည် ဂိုဏ်းတစ်ခုလုံး၏ စွမ်းအင်များ ပါဝင်လျက် ရှိနေ၏။ ဂိုဏ်း၏အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးတို့သည် သေဆုံးသွားခဲ့သည်ဆိုလျှင်တောင်မှ တခြားသော ပုံစံတစ်ခုနှင့် ဂိုဏ်းချုပ်အား ထောက်ပံ့ပေးလျက် ရှိနေကြ၏။ အထက်စကြဝဠာတစ်ခုလုံးကို အားနည်းအောင် ပြုလုပ်လျက်ရှိနေသည့် နတ်ဆိုးကြီးကို သုတ်သင်ရှင်းလင်းပစ်ရန် ကူညီနေခြင်းပင်။

လောကကြီးတစ်ခုလုံး၏ ကောင်းကျိုးအတွက် အားလုံးသောသူတို့သည် စတေးခြင်းကို ပြုမူနေကြသည်။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းတစ်ခုတည်းသာလျှင် ပိုင်ဆိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။

……..

All Chapters