← Chapters

အခန်း ၂၀၀၀(ခ)

Vol. 134 Ch. 2000-B

အခန်း ၂၀၀၀(ခ)

Vol. 134 Ch. 2000-B

အပိုင်း (၂၀၀၀ - ခ)

ဝှစ် ဝှစ်

လောကကြီး၏ အဆုံးသတ်ကို ဖော်ညွှန်းပြသနိုင်စွမ်းရှိသည့် လက်သီးချက်ကြီးသည် တဖြည်းဖြည်းချင်း ရောက်ရှိ လာ၏။ ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်လှိုင်းများသည်လည်း တလိပ်လိပ် ဖြစ်တည်နေပြီး စကြဝဠာ လေဟာနယ် ပတ်လမ်းကြီးတစ်ခုလုံးသည်လည်း ပြိုလဲလျက် ရှိနေ၏။ တခြားသော စကြဝဠာပတ်လမ်းများသို့ပါ ထိုလက်သီးချက်ကြီးက သက်ရောက်နေခဲ့၏။ မည်မျှကြောက်မက်ဖွယ်ရာကောင်းလှသည်ဆိုသော် လက်ရှိ ဖြစ်တည်နေသည့် မြင်ကွင်းမျိုးကို စာဖြင့် ဖော်ညွှန်းပြသရန်ပင် ခက်ခဲလှချေ၏။

“မဟုတ်သေးဘူး” မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စိတ်ပျက်လက်ပျက်ဖြင့် ထကာ အော်ဟစ်လိုက်၏။ သူ့ မွေးစားသား၏ စွမ်းအင်များကို သူ ရရှိခဲ့၏။ ပြိုင်ဘက်ကင်းလှသည့်ဟူသော ခံစားချက်မျိုးကိုလည်း ရရှိခဲ့၏။ သူ ဘယ်လိုလုပ် ....။

ဂျိန်း

သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် တွေးတောရန် အချိန်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခုလုံး၏ စွမ်းအင်များ ပါဝင်လျက်ရှိသည့် ကျွင်းချောင်ရှောင်း၏ လက်သီးချက်ကြီးသည် တိုက်ရိုက် ဆိုသလိုပဲ သူ၏မျက်နှာကို ထိမှန်သွား၏။ သူ၏ အသားအရေ၊ အရိုး၊ သိစိတ်ပင်လယ်၊ ဝိညာဉ်၊ အတွင်း ကလီစာနှင့် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ပါ အားအင်များက ပျံ့နှံ့ရောက်ရှိသွားသည်။

တစ်ချိန်တည်းမှာပဲ စကြဝဠာ ပတ်လမ်းအသီးသီးတို့သည် ဤကဲ့သို့ ကြီးမားလှသည့် လက်သီးချက်ကြီးကို မည်သို့မှ မခံနိုင်တော့ဘဲ တစ်ပြိုင်နက်တည်း ပြိုလဲကုန်တော့၏။

“ဒါ.. ဒါကမှ တကယ့်ကို အစစ်အမှန် ပြိုင်ဘက်ကင်းပဲ” လက်ရှိအချိန်မှာတော့ အထက်စကြဝဠာတစ်ခုလုံး၏ ကြီးကျယ်ခမ်းနားလွန်းလှသည့် လူဆိုးကြီးသည် ကျွင်းချောင်ရှောင်း၏ လက်သီးချက်ဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ဆန်းကြယ်လွန်းလှပါသည် ဆိုသော တာအို နည်းစနစ်များကိုပင် ထုတ်ဖော် အသုံးမပြုခဲ့ပေ။ နှစ်ဖက်ကြား အားအင်အဆင့်သည် အလုံးစုံ ကွာဟလို့နေခဲ့သည်။

မိမိကိုယ်ကို ပြိုင်ဘက်ကင်းသည်ဟု တွေးတောခဲ့သည့် သနားစရာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဂိမ်းဆာဗာခိုးယူထားသည့် ကျွင်းချောင်ရှောင်း၏ အရှေ့တွင်တော့ ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင်။

..........

ဝှစ် ဝှစ်

တည်နေရာတစ်ခုလုံး ပြိုလဲပြီး လေအေးများသည် တဝှီးဝှီးနှင့် တိုက်ခတ်နေ၏။ ရုတ်တရက် ကုန်းမြေအပိုင်းအစ တစ်ခုသည် မြင်ကွင်းထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာကြီးအပေါ်၌ သစ်ပင်ကြီးတစ်ပင်နှင့် တင်းတင်းပိတ် ထားသော ကျောက်တံခါးတစ်ချပ်က တည်ရှိနေ၏။ စကြဝဠာ၏ မူရင်းသစ်ပင်ကြီးသည် မပျက်ဆီးသွားပေ။ စကြဝဠာတစ်လုံးမှာတော့ မည်သည့်ဂြိုဟ်မှ မရှိတော့ချေ။

ဘုတ်

မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ခဲ့သည် ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသက်လိုက် ပြီးသည့်နောက် အားပျော့စွာဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။ သူသည် ဦးခေါင်းကို ငုံ့ပြီးသည့်နောက် မျက်နှာကို ဖုံးကာထားသည်။ သူ၏လက်ချောင်းများကြားထဲမှ မျက်ရည်များသည် တလိပ်ပြီးတလိပ် ကျဆင်းလာ၏။

မှန်ပေ၏။ သူသည် လောကကြီးကို ထပ်မံကယ်တင်ခဲ့၏။ သို့ပေမဲ့ သူသည် ဂိုဏ်းကို စတေးခဲ့ရ၏။ အရာ အားလုံးကို စတေးခဲ့ရ၏။ ပေးဆပ်ရသည့် တန်ဖိုးသည် ကြီးမားလွန်းလှပြီး ကျွင်းချောင်ရှောင်းသည် မည်သို့မှ လက်မခံနိုင်သလို ဖြစ်နေ၏။ အချိန်ကိုသာ နောက်ပြန်သွားနိုင်မည်ဆိုပါက သူသည် သူ့ကိုယ်သူ စတေးပြီး ဂိုဏ်းကို ကာကွယ်ချင်မိ၏။ သူ၏မိန်းမ၊ သူ၏အမျိုးအဆွေနှင့် သူ၏တပည့်များအားလုံးကို မည်သို့မှ စတေးခံခိုင်းလိမ့်မည် မဟုတ်ချေ။

ဘုတ်

လက်တစ်ဖက်သည် ကျွင်းချောင်ရှောင်း၏ ပခုံးပေါ်သို့ ကျဆင်းလာ၏။ ပြီးနောက် နှစ်သိမ့်နေသည့် အသံက ထွက်ပေါ်လာသည်။ “ငါ တကယ့်ကို မင်းနဲ့ထပ်တူ ခံစားမိပါတယ်” မျက်နှာတွင် စနစ်ဟု ရေးထိုးထားသည့် လူတစ်ယောက်က ပေါ်ပေါက်လာခဲ့၏။

မှန်ပေ၏။ စနစ်သည် သူ့အား လာရောက်ကာ နှစ်သိမ့်ပေးနေခြင်းဖြစ်၏။ အချိန်အတိုင်းအတာတိုအတွင်း သူသည် ကျွင်းချောင်ရှောင်း၏ တစ်ဦးတည်းသော မိသားစုဟု ဆုံးဖြတ်၍ရ၏။ ဂိုဏ်းထဲတွင်ရှိသော လူများအားလုံးသည် စတေးခြင်းကို ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် စနစ်သည်သာလျှင် ကျန်ရစ်တော့သည်။

“သွားပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရာအားလုံး မရှိတော့ဘူး”

“ဟင်း” စနစ်သည် သက်ပြင်းချလိုက်၏။ နှစ်ပေါင်းများစွာ လက်ခံသူအနောက်ကို လိုက်ပါလာခဲ့ပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားလှသည့် ဒုက္ခတရားများ၊ ခံစားချက်များ၊ လှိုင်းလေများ အားလုံးကို ကျော်ဖြတ် ခဲ့ရ၏။ လက်ခံသူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့်အိမ် မရှိတော့ချေ။ တပည့်များသည်လည်း မရှိတော့ချေ။ ထို့အတူ သူ၏မိသားစုသည်လည်း မရှိတော့ချေ။ အကယ်၍ ကြိုးစားနေရသည့် စဦးနှင့် အလယ်ပိုင်းအဆင့်များ သာဆိုပါက ထိခိုက်လိမ့်မယ် မဟုတ်သော်လည်း လက်ရှိအချိန်မှာတော့ အလွန်ကြီးမားလှသည့် ခံစားမှုကြီးပင်။ အလွန်ကောင်းမွန်သည့် အခြေအနေဆီ ရောက်အောင် ကြိုးစားပမ်းစားဖြင့် တည်ဆောက်ခဲ့ရသောကြောင့်ပင်။

“ဒင်... လက်ခံသူသည် အထက်စကြဝဠာတစ်ခုလုံး၏ ဘေးအန္တရာယ်ဟု သတ်မှတ်နိုင်သော မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို သုတ်သင်ပစ်ခဲ့၏။ တာဝန်ပြည့်စုံမှုနှုန်းသည် တစ်ရာရာခိုင်နှုန်းဖြစ်၏”

“ဒင်... အဓိကတာဝန် ပြည့်စုံသည်”

ကျွင်းချောင်ရှောင်းတစ်ယောက် စိတ်ဓာတ်ကျလျက် ရှိနေတုန်းမှာပဲ သူ၏နားထဲတွင် ခံစားချက်ကင်းမဲ့လှသည့် စနစ်၏ အသံတစ်ခုက ထွက်ပေါ်လာသည်။

အတိတ်တုန်းကသာဆိုလျှင် ထိုအသံသည် ကုန်းရှန့်အတွက် အလွန်ပင် သာယာနာပျော်ဖွယ်အသံမျိုးဖြစ်၏။ လက်ရှိအခြေအနေတွင် ရွှေပုံ၊ ငွေပုံကြီး သူ့ကို ဆုလာဘ်အဖြစ် ပေးမည်ဆိုလျှင်၊ သို့မဟုတ် အင်မော်တယ်တစ်ယောက်၏ မသေဆုံးနိုင်သည့် လမ်းစဉ်မျိုး ပေးအပ်မည် ဆိုလျှင်တောင်မှ သူသည် ပျော်ရွှင်မှုဟူ၍ ခံစားရလိမ့်မည် မဟုတ်ချေ။ တောင်ထွတ်ပေါ်တွင် တစ်ယောက်တည်း မတ်မတ်ရပ်နေပြီး မည်သည့်အပေါင်းအသင်း၊ မိတ်ဆွေ၊ အဖော်မှ မရှိသည်ဆိုပါက သူ့အတွက် မည်သည့်အရာက အဓိပ္ပာယ်ရှိနေမည်နည်း။

“ဒင်... လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါတယ်။ တိုင်တာ၍ မရအောင် များပြားလှသော ကုသိုလ်များကြောင့် လွတ်မြောက်မှုကို ရရှိသည်။”

မကြာခင်မှာပဲ ဘယ်သူမှ မရှိတော့ဘဲ လေဟာနယ်ကြီးသာ ကျန်ရှိတော့သော စကြဝဠာထဲ၌ အလွန်လင်းလက်သော ရောင်စဉ်များ ဖြစ်ပေါ်လာသည်။ ထိုရောင်စဉ်များသည် စူးရှလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို အသာအုပ်ကာပြီးနောက် မျက်စိစူးသည့် ဒဏ်ကို အသားကျအောင် ကြိုးစားလိုက်သည်။ ခဏလောက်ကြာတော့ ကောင်းကင်ယံဆီ ဖြည်းဖြည်းချင်း မြင်လာရသည်။

စူးရှလွန်းသည့် အလင်းတန်းများသည် ဆန်းကြယ်လွန်းလှသော သင်္ကတများပြည့်နှက်လျက်ရှိနေသော စာအုပ်တစ်အုပ် ဆီမှ ထွက်ပေါ်နေခြင်းဖြစ်၏။ ထိုစာအုပ်ဆီ သူ့ဆီသို့ ဆင်းသက်လာ၏။

အနီးသို့ရောက်ရှိလာချိန်မှာတော့ ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်း စာအုပ်ဟူသော နာမည်ကို သူ မြင်လိုက်ရသည်။

“......” ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိသည်။ လက်ရှိအခြေအနေသည် ဘာမှန်းသူသေချာမသိပေ။ စနစ် ၏ ဆုလဘ်ဖြစ်သော လွတ်မြောက်မှုဆိုသည်မှာ ဘာမှန်း သူသေချာမသိချေ။ ထို့အတူ တစ်ချိန်လုံး ရှာဖွေနေခဲ့သည့် စာအုပ်သည် လက်ရှိ သူ၏ ရှေ့၌ ပေါ်ပေါက်လာခဲ့၏။

သူတွေးကောင်းနေတုန်းမှာပဲ သူ၏ ရှေ့သို့ ရောက်ရှိလာသော စာအုပ်သည် သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

“အား ……”

ကောင်းကင်တာအို၏ အထက်၌ ရှိနေသော လောက၏ နိယာမတရားများသည် သူ၏ သိစိတ်ပင်လယ် တစ်ခုလုံးသို့ ဝင်ရောက်လာခဲ့၏။ သူသည် အလွန်အမင်း နာကျင်သည့် ဝေဒနာကို ခံစားနေရသည်။ အရိုးအရေ တင်မက သိစိတ် နှင့် ဦးနှောက်တစ်ခုလုံး ကွဲထွက်သွားတော့မလိုပင်။

ပြီးနောက် …. မကြာခင်မှာပဲ သူ သတိလစ်သွားတော့သည်။

………….

မြူများရစ်သိုင်းနေသော ခမ်းနားလွန်းသည့် နန်းဆောင်ကြီးတစ်ခုအတွင်းရှိ အိမ်ခန်းထဲမှာတော့ ……

အခန်း၏ အပြင်အဆင်သည် ရှေးဆန်လွန်းပြီး အလွန်တန်ဖိုးကြီးမားသော ပစ္စည်းများနှင့် အလှဆင်ထားသောကြောင့် လှပလွန်းကာ တော်ဝင်ဆန်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

အခန်းထဲရှိ အိပ်ရာပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် လှဲလျက်ရှိသည်။ သူသည် မျက်လုံးကို ဖွင့်ကာ ကြည့်ရှုလိုက်၏။

သူ၏ ဘေး ထိုင်ခုံတစ်ခုပေါ်တွင် မိန်းကလေးတစ်ယောက် ထိုင်လျှက်ရှိပြီး ထိုမိန်းကလေးသည် သူ နှင့် ရုပ်ချင်းဆင်တူလွန်းလှသည်။

သူမသည် ရွှေရောင်အနားသပ်များပါသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံထုံးများနှင့်အတူ ဆံပင်ကို ပင့်တင်ကာ စည်းနှောင်ထားသောကြောင့် သပ်ရပ်လှပလွန်းသော ကျောက်စိမ်းကဲ့သို့ မျက်နှာသွင်ပြင်မှာ အထင်းသားပေါ်နေ၏။

သူမသည် ကျွင်းချောင်ရှောင်း၏ မျက်နှာကို လက်ဖြင့် အသာပွတ်သပ်ကာ ကြင်နာစွာ မေးမြန်းလိုက်သည်။ “ကိုကို …. နိုးလာပြီလား”

“မင်း … မင်း ဘယ်သူလဲ” ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာအား ပွတ်သပ်နေသော နူးညံ့သည့် လက်လေးအား အသာဖယ်ရှားကာ မေးမြန်းလိုက်သည်။ သူသည် အမှန်ပင် ဘာတွေဖြစ်နေမှန်း မသိချေ။ သေဆုံးသွားခဲ့သောကြောင့် နောက်ထပ် တည်နေရာတစ်ခုဆီ ဝိညာဉ်ကူးပြောင်း ခံလိုက်ရခြင်းများလား။

မိန်းကလေးသည် သူမ၏ လက်ကို အသာပြန်ရုတ်ကာ ပြုံးလိုက်သည်။ “ထုံးစံအတိုင်း သတိမရတာပါလား။ လွတ်မြောက်သွားတာတောင် ဘာမှသတိမရဘူးလား”

“ဘာကို သတိမရတာလဲ။ မင်း ဘယ်သူလဲ မိန်းကလေး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ငုတ်တုတ်ထထိုင်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်သည်။ သူ တစ်ခါမှ မရောက်ဖူးသော နေရာဆီ ရောက်နေကြောင်း သေချာသွားသည့်နောက် တွန့်ဆုတ်တွန့်ဆုတ် ဖြင့် မေးမြန်းလိုက်မိ၏ “ဒီနေရာက ဘယ်နေရာလဲ။ ကျုပ် ဘယ်ကို ရောက်နေတာလဲ”

“အဲတာတွေ မဖြေရင် ကျွန်မကို သေချာကြည့် …..”

မိန်းကလေးသည် ပြုံးလျက်ရှိနေတုန်းပင် “ကျွန်မ မျက်နှာက ဘယ်သူနဲ့တူလဲ”

ကျွင်းချောင်ရှောင်းသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် စူးစိုက် ကြည့်ရှုလိုက်သည်။ သူသည် ဤမိန်းကလေးကို ရင်းနီးနေသလိုပင်။ သို့ပေမဲ့ တစ်ခါမှ မမြင်ဖူးတာတော့ သေချာ၏။ သေချာ ကြည့်လေး တစ်စုံတယောက် နှင့် တူညီသည်ဟု ခံစားမိလေပင်။

မည်သူနှင့် မျက်နှာချင်း ဆင်တူနေသနည်း။ သူပင် ဖြစ်သည်။ ဤ မိန်းကလေး၏ မျက်နှာသွင်ပြင်သည် သူနှင့် အလွန်ဆင်တူလှသည်။ မျက်နှာအကျ၊ မျက်ခုံး၊ မျက်လုံး ၊ နှုတ်ခမ်းများ အပါအဝင် အားလုံးသည် တူညီလု နီးပါးပင်။ သူနှင့် ကွာခြားသည်မှာ မိန်းမမျက်နှာ နှင့် ယောက်ျား မျက်နှာပင်။

“ကျုပ် …. ကျုပ် နဲ့ တူနေတယ်။ ကျုပ် ရဲ့ အခြားတစ်ဘက်က မိန်းကလေး ဖြစ်နေတာလား။ အမလေး သောက်ကျိုးနည်း ….” ကျွင်းချောင်ရှောင်းသည် အလုံးစုံ ထိတ်လန့်သွားသည်။

ကျွင်းချောင်ရှောင်း ဖြစ်ပျက်သွားသည်ကို ကြည့်ရှုပြီး မိန်းကလေး သည် အားရပါးရ ထကာ ရယ်မောလိုက်မိ၏။

မျက်နှာပိုးသပ်ပြီးနောက် သူမသည် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ကာ ပြောလိုက်သည် “မဟုတ်ပါဘူး။ ကိုကို က ကျွန်မရဲ့ အမွှာအစ်ကိုလေ … ဒါကြောင့် ကျွန်မနဲ့ တူနေတာပေါ့”

ပြောရင်း သူမသည် လက်တစ်ဘက်ကို ဖြန့်ကားလိုက်သည်။ လက်ပေါ်၌ ဆေးလုံးလေး တစ်လုံးက ပေါ်လာ၏ “ရော့ .. ဒါသောက်လိုက်အုံး …. နှလုံးငြိမ်ဆေး”

ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အလျက်ရှိနေသည် “ကျုပ်ဆီမှာ ဘယ်က အမွှာညီမ ရှိနေရတာလဲ”

မိန်းကလေးသည် ပြန်မဖြေချေ။ လက်ထဲရှိ ဆေးလုံးကို ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲ ထိုးထည့်ကာ ပြောလိုက်၏ “ရှိတာပေါ့ .. ဒီမှာလေ .. ငုတ်တုတ်ကြီး ထိုင်နေတာကို”

“………”

ကျွင်းချောင်ရှောင်း “မိန်းကလေး …. မစနောက်ဘဲ သေချာလေး ရှင်းပြပေးပါလား။ ကျုပ် စိတ်မကြည်ဘူး။ ကျုပ်ရဲ့ နှလုံးသားတွေ၊ ကျုပ် ချစ်တဲ့ တပည့်တွေ၊ ကျုပ် တည်ထောင်ထားတဲ့ ဂိုဏ်း နဲ့ ကျုပ် တည်ဆောက်ထားတဲ့ ထာဝရ လောကကြီး အားလုံးက ပျောက်ကွယ်သွားပြီ။ မိန်းကလေး စနောက်နေမယ် ဆိုရင်လည်း ကျုပ် ရယ်မော မိမှာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ပြောရင်း အသံများပါ စို့နင့်လာခဲ့သည်။

မိန်းကလေးသည် သက်ပြင်းချလိုက်၏။ ပြီးနောက် စိတ်မကောင်းသလို ပြောလိုက်၏ “ကိုကို အရမ်းနာကျင်နေမှာပဲ။ ဒါပေမဲ့ ဒါက ဖြစ်ကို ဖြစ်ရမယ့်အရာလေ။ လောကကြီးမှာ ဘာမှန်းမသိဘဲ ဖြစ်လာတဲ့ လူတစ်ယောက်အတွက် လုံလောက်တဲ့ ကံမ္မနှောင်ကြိုးတွေ ရှိဖို့လိုတယ်။ အဲဒီ ကံမ္မနှောင်ကြိုးတွေကပဲ ကိုကို့ကို ခုလို လွတ်မြောက်သူ ဖြစ်လာစေတာပဲ”

“လွတ်မြောက်သူ ဟုတ်လား .. ဘာတွေလဲ အစအဆုံး သေချာ ရှင်းပြပေးနိုင်မလား”

“အင်း … ရှင်းပြရတော့မှာပေါ့ ….. တစ်ခုမှ မှ မမှတ်မိတာ” မိန်းကလေးသည် ပြုံးကာ ပြောလိုက်သည်။ ပြီးနောက် လက်ကို ယမ်းခါလိုက်ချိန်မှာတော့ ပုံရိပ်ယောင် မြင်ကွင်း တစ်ခု ပေါ်ပေါက်လာသည်။

မြင်ကွင်းထဲမှာတော့ …….

လောက၏ လေဟာနယ်ကြီးတစ်ခုထဲ၌ ဖြူဖွေးနေသည့် ဉကြီးတစ်လုံး တည်ရှိလို့နေ၏။ ထိုဉကြီး၏ မျက်နှာမြင်ပေါ်တွင် တာအို သင်္ကတများနှင့် ပြည့်နှက်နေလို့နေ၏။

တဖြည်းဖြည်းနှင့် ထိုဉကြီးသည် ကွဲအက်လာသည်။ စူးရှလှသည့် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ထိုဉထဲမှ ၃ နှစ်သားအရွယ် ကောင်လေးတစ်ယောက် ထွက်လျှောက်လာသည်။ ထိုကောင်လေးသည် မျက်နှာကို မော့ကာ သန်းဝေလိုက်ပြီးနောက် အပျင်းကြောပင် ဆန့်လိုက်သေးသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာကို ပွတ်သပ်ကာ အံ့အားတကြီးနှင့် ကြည့်ရှုနေမိသည်။ သူသည် မနေနိုင်ဘဲ ထကာ အော်လိုက်မိ၏ “ဒါ ကျုပ်လား”

မိန်းကလေးသည် ပြန်မဖြေချေ။ ပြုံးကာ ခေါင်းသာ ညိတ်ပြလိုက်သည်။

မကြာခင်မှာပဲ ထိုဉထဲမှ မိန်းကလေးတစ်ယောက် ထပ်ထွက်လာပြန်သည်။ ထိုမိန်းကလေးသည် သူ၏ ဘေးထွင် ထိုင်လျက်ရှိသော မိန်းကလေးနှင့် တပုံစံတည်းဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိရှိလိုက်ရ၏။

သူသည် အလွန်အမင်း အံ့အားသင့်မိနေသည်။ ထိုသို့ဆိုလျှင် သူတို့ မောင်နှမ နှစ်ယောက်သည် ဉထဲမှ ထွက်လာသော ကလေးများဖြစ်သည်။ ထို့အပြင် နို့စို့အရွယ်ဖြင့် မွေးဖွားလာခြင်း မဟုတ်ဘဲ လမ်းလျှောက်တတ်သည့် အရွယ်ဖြင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ ဉမှ မွေးသည်ဆိုတော့ မည်သို့သော သတ္တဝါ၏ ကလေးများ ဖြစ်ခဲ့သနည်း။

“………..”

မိန်းကလေး ပြောနေစရာမလိုဘဲ ကျွင်းချောင်ရှောင်းသည် သူတို့နှစ်ယောက်မှာ မောင်နှမများ ဖြစ်ကြောင်း လက်ခံလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် အသာလှမ်းမေးလိုက်သည် “မိန်းကလေး …. ကျုပ်တို့ မိဘတွေက ဘယ်လို သတ္တဝါလဲ။ အကောင်ကြီး သတ္တဝါပဲဖြစ်မယ် ထင်တယ်။ ဉက ကြီးတယ် ဆိုတော့”

“ခစ်ခစ် …..”

မိန်းကလေးသည် ထကာ ရယ်မောလိုက်မိ၏ “ကိုကို ကတော့ ပေါက်ပန်းလေးဆယ် …. ပြီးတော့ မိန်းကလေးလို့ မခေါ်နဲ့။ ညီမလေးလို့ခေါ် ။ ညီမလေးက ကိုကို့ရဲ့ တစ်ဦးတည်းသော ညီမလေးပဲ”

“ဟုတ်ပါပြီ”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြန်ပြောလိုက်သည် “ညီမလေး … ကိုကိုတို့ မိဘတွေအကြောင်း ပြောပြပါ”

“မိဘက တာအိုလေ ကိုကိုရဲ့ …. ညီမလေးတို့က လောကရဲ့ တာအိုနိယာမစွမ်းအင်တွေကနေ ဖြစ်တည်လာခဲ့သော ကောင်းချီးခံ လူသားတွေပဲ”

“နှစ်ယောက်လုံးလား”

“မဟုတ်ဘူး။ တစ်ယောက်တည်းပဲ။ တကယ်ဆို တစ်ယောက်ပဲ ထွက်လာရမှာ .. ဒါပေမဲ့ နှစ်ယောက် ဖြစ်ခဲ့တယ်”

“ကိုကို တစ်ယောက်ပဲ ဖြစ်ရမှာ .. ညီမလေးပါ မွေးဖွားလာခဲ့တာပေါ့....”

“ခစ်ခစ် …”

မိန်းကလေးသည် ဆည်းလှည်းသံလို သာယာနာပျော်ဖွယ် ရယ်မောလိုက်ပြန်သည် “တစ်ယောက်တည်း ဖြစ်ရမှာက ညီမလေးပဲ … ကိုကို က ဘယ်လိုလုပ် ပါလာတာလဲမသိဘူး။ ဒါကြောင့် ကိုကို့မှ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ်”

“ဘယ်လိုဆိုလိုတာလဲ ညီမလေး …. သေချာရှင်းပြတော့” ကျွင်းချောင်ရှောင်းသည် သူ၏ မူလ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အလွန်ပဲ စိတ်ဝင်စားနေမိ၏။

“ကောင်းပြီ”

မိန်းကလေးသည် ပြုံးကာ ပြောလိုက်သည် “ပြောရမှာ နည်းနည်းရှည်တယ်။ ရေနွေးလေး ဘာလေး သောက်တာပေါ့”

သူမသည် ပြောရင်း လက်ခုပ်အသာတီးလိုက်၏။

မကြာခင်မှာပဲ ရေနွေးအိုး နှင့် ခွက်ကို သယ်က အခန်းထဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွင်းချောင်ရှောင်း မြင်လိုက်ရ၏။ သူသည် ပါးစပ် အဟောင်းသားဖြင့် ဖြစ်လို့နေသည်။ ပြီးနောက် အံ့အားကြီးစွာဖြင့် ထအော်လိုက်မိ၏ “ဂိုဏ်းခေါင်းဆောင်ဝမ် …. ခင်ဗျား … ခင်ဗျား ဘယ်လိုဖြစ်ပြီး …… ခင်ဗျား သေသွားပြီ မဟုတ်လား”

“သူမသေပါဘူး ။ လောလောဆယ် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတုန်းက ဆောင်ကြာမြိုင်သွားလို့ နှစ်တစ်သိန်း တိတိ ထမင်းချက်၊ ရေနွေးတည် တာဝန်ကျနေတယ်”

မိန်းကလေးသည် တဆက်တည်း ဆက်ပြောလိုက်သည် “သူ့အကြောင်း နောက်မှပြောမယ်။ ညီမလေးတို့ အကြောင်း ဆက်ပြောကြတာပေါ့ …..”

“အင်း” ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။

“သွားလို့ရပြီ” မိန်းကလေးသည် ဂိုဏ်းခေါင်းဆောင်ဝမ်ကို ခပ်တည်တည်ဖြင့် ပြောလိုက်၏ “သွားတော့ ….”

ဂိုဏ်းခေါင်းဆောင်ဝမ်သည် ရို့ကျိုးလွန်းသည့် အိမ်စေ တစ်ယောက်ကဲ့သို့ ပြန်လည် ထွက်ခွာသွားလေသည်။

“တကယ်တော့ ညီမက လောကရဲ့ တာအိုနိယာမ စွမ်းအင်တွေနဲ့ ဖြစ်တည်လာတဲ့ ကောင်းချီးတစ်ခုပဲ။ ဒီလိုဖြစ်တည်လာအောင်လည်း လောကကြီးတစ်ခုလုံး …. အပြိုင်စကြဝဠာ … အချိန်ဆုံမှတ် အမျိုးမျိုးမှာ ကောင်းမွန်တဲ့အရာတွေအဖြစ် ပါရမီဖြည့်ခဲ့ရတယ်။ ဒါကြောင့် မွေးဖွားလာပြီးနောက်မှာ တာအိုရဲ့ ကန့်သတ်ချက်တွေအောက်ကနေ လွတ်မြောက်ပြီး အတိတ်၊ အနာဂတ် ၊ အချိန်ဆုံမှတ် ဘယ်လိုအရာတွေကို ဖြစ်ဖြစ် သွားလာနိုင်တယ်။ လောကရဲ့ အားအကောင်းဆုံးသောသူ ဖြစ်ခဲ့တယ်”

“ဒါဆို အရင်မွေးလာတဲ့ ကိုကိုကရော …..”

“ကိုကို ကလား”

မိန်းကလေးသည် ချစ်စဖွယ် ပြုံးကာ ပြောလိုက်၏ “ကိုကိုကတော့ လောကရဲ့ ကောင်းချီးကို ခံစားရတာတော့ တူတယ်။ ဒါပေမဲ့ ညီမလေးကို အမှီအခိုပြုပြီး မွေးဖွားလာတာ မဟုတ်တော့ ကောင်းကင်တာအိုထက် အားကောင်းတဲ့သူ တစ်ယောက် ဖြစ်တယ် ဆိုရင်တောင် တာအိုရဲ့ ကန့်သတ်ချက်တွေကနေ မလွတ်မြောက်ဘူး။ ဒါကြောင့် အချိန်ဆုံမှတ်တွေကို ဖြတ်သန်းပြီး မသွားနိုင်ဘူး။ ပြီးတော့ ဒီအတိုင်းနေရင် မသေနိုင်ပေမဲ့ တစ်စုံတစ်ယောက် ရဲ့ သတ်ဖြတ်ခြင်းကို ခံရရင် သေနိုင်သေးတယ်။”

“ဘာလို့လဲ … အတူတူ မွေးလာတာချင်းတူတူတောင် ဘာကွာသွားတာလဲ” ကျွင်းချောင်ရှောင်းသည် မချိတင်ကဲဖြင့် မေးမြန်းလိုက်မိသည်။

“ဘာလို့လဲ ဆိုတော့ ညီမက လိုအပ်တဲ့ ကမ္မနှောင်ကြိုးတွေ ဖွဲ့တည်ခဲ့တယ်။ လောကကြီးကို ဖြတ်သန်းခဲ့တယ်။ လုံလောက်တဲ့ စတေးခြင်းတွေ၊ ကုသိုလ်တရားတွေကို ပြုလုပ်ခဲ့တယ်။ ကိုကိုကတော့ … ခစ်ခစ် …. ကပ်ပါးကောင်လိုပဲ ညီမကို အမှီအခို ပြုပြီး မွေးဖွားတာကြောင့်လေ” မိန်းကလေးသည် ရယ်ကာမောကာ ဖြင့် ပြောလိုက်သည်။

“ဆိုလိုတာ ကိုကို တို့က လောကြီးမှာ အားအကောင်းဆုံးပေါ့ .. ဟုတ်တယ်။ အရင်က ကိုကိုတော့ မဟုတ်ဘူး။ အခု ကိုကို ….”

“နားမလည်တော့ဘူး။ သေချာ ရှင်းပြတော့ ညီမလေး”

“ကိုကို က သက်ရှိသက်မဲ့ လောကမှာ အားကောင်းပြီး ကောင်းကင်ရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကို ထိန်းသိမ်းရတဲ့ ကောင်းကင်တာအို ကိုတောင် အနိုင်ယူနိုင်တယ် ဆိုပေမဲ့ သေနိုင်တယ်။ ဉပမာအားဖြင့် ညီမလေး သတ်ရင် သေနိုင်တယ်။ သတ်မယ်ပြောတာ မဟုတ်ဘူးနော်။ သတ်ရင် သေတယ်။”

“ညီမလေးက မသေနိုင်ဘူးပေါ့”

“ဟုတ်တယ်။ ဘယ်တော့မှ မသေနိုင်ဘူး။ လောကရဲ့ ကန့်သတ်ချက်တွေကနေ လွတ်မြောက်သွားတဲ့ လွတ်မြောက်သူမို့လို့ပဲ”

“အဲတော့ ကိုကိုက လွတ်မြောက်သူဖြစ်အောင် ကြိုးစားရတာပေါ့ ,.. အဲလိုလား”

“အမှန်ပဲ”

“ဘယ်လို ကြိုးစားရလဲ”

“ရိုးရှင်းတယ်လေ။ ကိုကို က ဘာကမ္မနှောင်ကြိုးမှမရှိဘူး။ ဘာ ကုသိုလ်တရားမှ မရှိဘူး။ ဒီတော့ လောကမှာ ကိုယ်နဲ့ နှောင်ဖွဲ့မယ့် ကမ္မနှောင်ကြိုးကို လိုက်ပြီး ဖွဲ့တည်ခဲ့ရတာပေါ့”

“ဘယ်လိုဖွဲ့တည်လဲ” ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

“သာမန် ပြန်လည် မွေးဖွားခြင်း နည်းလမ်းတွေရဲ့ လုပ်လို့ဘယ်ရမလဲ။ ညီမလေးက လွတ်မြောက်သူဆိုတော့ ကိုကို့ ကို မတူညီတဲ့ အချိန်ဆုံမှတ်ရဲ့ အတိတ်ကာလ ၊ အပြိုင်စကြဝဠာတွေမှာ ဝိညာဉ်ကူးပြောင်းနိုင်စွမ်းရှိအောင် လုပ်ပေးခဲ့တယ်။ ဝိညာဉ်ကူးပြောင်းချိန်မှာတောင် ဝိညာဉ်ကူးပြောင်းလာတာကို မသိအောင် လုပ်ပေးထားတယ်။ နောက်ဆုံး ကမ္ဘာမြေရဲ့ ဘဝကနေ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ ရောက်ချိန်မှ ဝိညာဉ်ကူးပြောင်းလာတာကို မှတ်မိသည်အထိပေါ့”

“အကုန်လုံး ညီမလေး … စီစဉ်ထားတာပေါ့ ဒါဆို” ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသားဖြင့် ပြန်မေးလိုက်သည်။

“မဟုတ်ဘူး”

မိန်းကလေးက ပြန်ဖြေလိုက်သည် “ကိုကို့ ဘာသာ စီစဉ်တာ။ စနစ်ကလည်း ကို့ကို့ဘာသာ ဖန်တီးထားတာပဲ။ ညီမလေးက ဝိညာဉ်ကူးပြောင်းချိန်မှာ ကမ္မနှောင်ကြိုး ချိတ်ဆက်မိစေဖို့ စနစ် ဖန်တီးထားတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ နေရာဆီ ပို့ဆောင်တဲ့ အလုပ်ပဲ လုပ်ပေးတာ။ အခုလို လွတ်မြောက်လာတာ ကိုကို့ရဲ့ အားစိုက် ကြိုးစားမှုကြောင့်ပဲ။ ညီမလေးက တစ်ရာ မှာ ၅ ရာခိုင်နှန်းလောက်ပဲ ကူညီခဲ့တာလို့ ပြောရမယ်”

“ဒါဆို အခု ကိုကိုက လွတ်မြောက်သူဖြစ်ပြီပေါ့” ကျွင်းချောင်ရှောင်းသည် ထပ်မံ မေးမြန်းလိုက်သည်။

“သိပ်မှန်တာပေါ့။ မျက်စိမှိတ်ပြီး နတ်ဘုရားအာရုံကို စမ်းသပ်ကြည့်လေ” မိန်းကလေးသည် ပြုံးကာ သတိပေးလိုက်၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခွန်းတုံ့ပြန်လိုက်သည် သူသည် မျက်စိကို မှိတ်ကာ အာရုံခံကြည့်တော့ များပြားလှသည့် လောကအသီးသီး၊ အပြိုင်စကြဝဠာအသီးသီးရှိ လူသားများကို တစ်ယောက်ချင်းစီ ကြည့်ရှု၍ ရနေသည်။ ထိုသူ တစ်ယောက်ချင်းစီ တိုင်း၏ အတိတ် ၊ အနာဂတ်များကိုပါ ကြည့်၍ရနေသည်။

“ထူးဆန်းလိုက်တာ။ အဲလောက် အားကောင်းတာလား။”

“အင်း” မိန်းကလေးက အတည်ပြုလိုက်၏။ “ဒါပေမဲ့ သူတို့ကို ကြည့်လို့ပဲ ရတယ်။ သူတို့ရဲ့ ဖြစ်တည်မှုကို သွားပြီး ပြောင်းလဲလို့မရဘူး။ အဲ …. ပြောင်းလဲလို့ ရတယ်။ မပြောင်းလဲသင့်ဘူးဆိုရင် ပိုမှန်မယ်။ လူတိုင်းက ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ဖြစ်လာကြတာပဲ။ ကိုယ်က သွားပြီး ပြောင်းလဲပေးနေရင် အကုန်ရှုပ်ကုန်နိုင်တယ်။”

“အရှုပ်ခံပြီး ပြင်ရင် ဘာတွေဖြစ်နိုင်လဲ။” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“မသိဘူး။ ကိုကို့ကိုတောင် လမ်းပဲ စီစဉ်ပေးတာ။ ကိုကို့ဘာသာ လမ်းကို လျှောက်ရတာလေ။ ဘာလို့လဲ .. ဘာကို ပြင်ချင်လို့လဲ” မိန်းကလေးက မေးမြန်းလိုက်၏။

“ထာဝရ လောကကြီး .. ပြိုင်စံရှားဂိုဏ်း … အားလုံးကို အသက်ပြန်သွင်းချင်တယ်” ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ချထားသလို ပြောဆိုလိုက်သည်။

“သိပ်ရတာပေါ့ .. ဒီလူတွေ အကုန်လုံးက ကိုကို နဲ့ ကမ္မနှောင်ကြိုး ထုံးဖွဲ့ထားသူတွေလေ။ အထူးသဖြင့် ကိုကို့ ဂိုဏ်းသား တစ်သိန်းခွဲပေါ့။ သူတို့က လိုအပ်တဲ့ စတေးမှုတွေကိုတောင် ပြုလုပ်ခဲ့ကြတယ်။ သူတို့က အသက်ပြန်ရှင်ရုံတင်မကဘူး။ အချိန်တန်ရင် အန္တိမ လမ်းစဉ်ကိုတောင် လျှောက်လှမ်းနိုင်မှာပဲ”

“အန္တိမ ကုန်းမြေဆီရောက်အောင် တခါတည်း ပို့လိုက်လို့မရဘူးလား”

“ရတယ်။ ဒါပေမဲ့ မပို့သင့်ဘူး။ နိယာမရဲ့ ကန့်သတ်ချက်ကို ကျော်လွန်တာမို့ သူတို့ က မနိုင်ဝန် ထမ်းသလို ဖြစ်မယ်။ အန္တိမ ကုန်းမြေတင်မဟုတ်ဘူး။ အခု ဒီနေရာထိ ရောက်အောင် ခေါ်လာလို့ရတဲ့သူက တစ်ဦးတည်း ရှိတယ်။ အဲတာ ကိုကို့ရဲ့ သွေးသား .. ညီမလေးရဲ့ ယောင်းမ ဟွာမင်ကွေ့ပဲ”

“ဟုတ်လား။ ဒါဆိုလည်း တစ်ခါတည်း အားလုံးကို အသက်ပြန်သွင်းလိုက်ရအောင်။” ပြောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တစ်ချက်တီးလိုက်သည်။

……

ပြောင်းသလင်းခါလျက်ရှိနေသော လေဟာနယ်ထဲတွင် လောကသစ်ပင် ပေါက်ရောက်နေရာ မြေဆီလွှာကြီးတစ်ခုသည် တဖြည်းဖြည်း ဖြန့်ကျက်လာပြီးသည့်နောက် အလွန် ကြီးမားလှသည့် ဂြိုဟ်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့၏။ ထိုအရာသည် လင်းလီ ဖျက်ဆီးခဲ့သည်ဖြစ်သော ထာဝရ လောကကြီးပင် ဖြစ်လေ၏။

အထဲတွင် ရှိနေသည့် မျိုးနွယ်စုများနှင့် မြို့အသီးသီးတို့သည် မူလအတိုင်း ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ သေဆုံးသွားခဲ့ပြီဖြစ်သော သတ္တဝါများသည်လည်း လေထုထဲတွင် အလိုလို ပြန်လည်ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့ အားလုံးသည် ထုံးစံအတိုင်း အလုပ်များလျက် ရှိနေသည်။ သူတို့သည် သေဆုံးပြီး ပြန်လည်ရှင်သန်လာသည် ဆိုသည်ကိုပင် လုံးဝ မသိရှိသကဲ့သို့ပင်။ အရာအားလုံးသည် ရုပ်ရှင်ပြကွက်တစ်ခုကို နောက်ပြန်ရစ်လိုက်သလိုပင်။

အသာလှမ်းကာ ကြည့်ရှုလိုက်ချိန်မှာတော့ သံမဏိအရိုးတောင်ကြီးနှင့် ပြိုင်စံရှားဂိုဏ်းသားများသည် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။

All Chapters