အခန်း ၂၀၀၁
Vol. 134 Ch. 2001
အပိုင်း (၂၀၀၁)
ပြိုင်စံရှားဂိုဏ်း၏ အဓိက ဟောခန်းအတွင်းမှာတော့ ……
“ဟင် …. အဲလိုဖြစ်သွားတာလား” အကြီးအကဲဝေသည် အံ့အားတသင့်ဖြင့် မေးမြန်းလိုက်မိသည်။
ကျန်သော အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များ အားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။
“ဒါဆို ဂိုဏ်းချုပ် ညီမရော ……” ယွမ်ဖန်သည် သတိတရဖြင့် လှမ်းမေးလိုက်သည်။
ဤမေးခွန်းကို အားလုံးကလည်း သိချင်နေကြ၏။
“ထမင်းစားဆောင်မှာ …” ကျွင်းချောင်ရှောင်းက ပြန်ဖြေလိုက်သည်။
အားလုံးသောသူတို့သည် ထမင်းစားဆောင်သို့ ထပြေးတော့၏။ အရှေ့ဆုံးမှ ပြေးနေသည့်သူသည် သံသယ ရှိစရာမလိုအောင်ပင် အစ်ကိုကြီးစု ဖြစ်နေလေသတည်း။
……..
ထမင်းစားဆောင်ထဲမှာတော့ …
အလွန်လှပသည့် ရုပ်ရည်သွင်ပြင်နှင့် မိန်းကလေးသည် ထမင်းစားလျက်ရှိသည်။ သူမ ၏ ဘေးတွင် ထမင်း ပန်းကန်များသည် အပုံလိုက် တည်ရှိနေ၏။
သူမ၏ ရှေ့တွင်တော့ လူတစ်ယောက်သည် ငါးခေါင်းကို ရိုရိုသေသေဖြင့် အရိုးနွှာပေးလို့နေသည်။
“ဂိုဏ်းချုပ် အဲတာဘယ်သူလဲ” စုရှောင်မိုသည် စိတ်ဝင်တစားဖြင့် လှမ်းမေးလိုက်၏။
“ဂိုဏ်းခေါင်းဆောင်ဝမ်ပဲ”
ကျွင်းချောင်ရှောင်းသည် တစ်ဆက်တည်း ပြောလိုက်သည် “လက်ရှိ ကောင်းကင်တာအိုပေါ့”
“ဟမ် …” အားလုံးသောသူတို့၏ မေးရိုးများသည် ပြုတ်ကျသွားခဲ့၏။ လက်ရှိ ကောင်းကင်တာအိုသည် ဂိုဏ်းချုပ် ညီမအား အရိုးနွှင်ပေးနေရ၏။ မည်မျှ ကြမ်းတမ်းလိုက်သနည်း။
ကျွင်းချောင်ရှောင်းသည် စုရှောင်မိုကို လျစ်လျူရှူကာဖြင့် ထမင်းစားဆောင်ထဲ ထိုင်နေသည့် လီလိုရှု အား လှမ်းပြောလိုက်သည် “ခန်းမသခင်လီ …. မင်္ဂလာဆောင် ဖိတ်စာတွေ ပြန်ပို့အုံး …..”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
……….
အနှစ်ချုပ်ရမည်ဆိုသော် ကျွင်းချောင်ရှောင်းသည် လွတ်မြောက်သူ ဖြစ်ပြီးနောက် မိမိနှစ်သက်ရာ နေရာတွင် လွတ်လပ်စွာနေထိုင်နိုင်သူ တစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် သူသည် ထာဝရလောကကြီး ၊ ပြိုင်စံရှားဂိုဏ်း ၊ သူ့ညီမ၏ နေအိမ်တင်မက စကြဝဠာအနှံ့သို့ ခရီးလှည့်လည် ထွက်ခွာနေတတ်သည်။
ကောင်းကင်တာအို၏ ကန့်သတ်ချက်များ မရှိတော့သည်မို့ သူသည် ဟွာမင်ကွေ့နှင့်အတူ သားလေးတစ်ယောက် မွေးဖွားခဲ့၏။
……..
ပြိုင်စံရှားဂိုဏ်းသားများမှာတော့ ဂိုဏ်းချုပ်၏ လမ်းညွှန်မှု၊ ဂိုဏ်းရှိ အရင်းအမြစ် နှင့် ကပ်ဘေးလွန်အဆင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရင်း လောက၏ နိယာမများကို လေ့လာနေကြတုန်းပင်။
၎င်းတို့သည် ၎င်းတို့၏ ဉာဏ်အလင်းကို အသုံးချ၍ အန္တိမကုန်းမြေတိုက်ကြီးဆီသို့ ဝင်ခွင့်ရရန် ကြိုးစားရပေလိမ့်မည်။ ထိုအခြင်းအရာများနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မကူညီပေးနိုင်ပေ။ အားလုံးသောသူတို့သည် မိမိဘာသာ အားစိုက်ကြိုးစားကြရန် လိုအပ်သည်။
ထို့ကြောင့် တစ်ချို့သော လက်ရွေးစင်တပည့်များသည် သံမဏိအရိုးတောင်မှ ထွက်ခွာကာ ဘဝတစ်ခုကို ထူထောင်၍ လောက၏ အနှစ်သာရကို ရရှိရန် ကြိုးစားကြရ၏။
ထိုအတောအတွင်း ရီရှင်းချန်၊ လီချင်းယန် တို့သည် သားတစ်ယောက်ဆီ မွေးဖွားခဲ့ကြသည်။ လုချင်းချင်း မှာမူ သမီးတစ်ယောက်ကဲ့သို့ ချစ်မြတ်နိုးရသည့် တပည့်မ တစ်ဦးကို ခေါ်ယူမွေးစား ပျိုးထောင်ပေးနေသည်။
………
သန့်ရှင်းသပ်ရပ်လွန်းလှသော အိမ်ငယ်လေးတစ်ခု၏ အပြင်ဘက်တွင်တော့ .......
စုရှောင်မိုသည် ဂဏာမငြိမ်သလို ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်လျက်ရှိသည်။ အခန်းထဲတွင်တော့ ရှရွှေယွင်သည် မီးဖွားလျက်ရှိသည်။
အူငဲ … အူငဲ …. ။
“မွေးပြီး ။ မွေးပြီ ,,,, ယောက်ျား … ဝင်လာကြည့်တော့” ရှရွှေယွင်၏ အသံသည် ပေါ်ပေါက်လာ၏။
စုရှောင်မိုသည် အလျှင်စလိုဖြင့် အခန်းထဲပြေးဝင်သွားခဲ့သည်။ သူသည် ချစ်စရာကောင်းသော ကလေး၏ မျက်နှာသွင်ပြင်ကို လှမ်းကြည့်ရင်း ကြည်နူးလို့နေမိသည်။
သူသည် ကလေးကို ပွေ့ချီကာဖြင့် ချစ်မြတ်နိုးစွာ နမ်းရှိုက်လိုက်မိ၏။
“ယောက်ျား … သားလေးက ချစ်စရာလေးနော် …. နာမည် ဘယ်လိုပေးကြမလဲ” ရှရွှေယွင်သည် အားနည်းနေသော အသံလေးဖြင့် မေးမြန်းလိုက်သည်။
“ဘာထူးထူးခြားခြား စဉ်းစားနေစရာလိုလဲကွာ .. စုကုန်းရှန့်ပေါ့…. ဟားဟား ….”
ဂျိန်း …..
ကျယ်လောင်လှသော မိုးခြိမ်သံကြီးထွက်ပေါ်လာသည်။ ထိုမိုးခြိမ်းသံနှင့်အတူ အသံတစ်ခုသည် ရောနှောပါဝင်လျက်ရှိ၏။
“ရှောင်မို …. ကျင့်ကြံခြင်းခန်းမဆောင်ကို ခဏလောက်လာခဲ့ပါအုံး”
“.......” စုရှောင်မို ။ ဂိုဏ်းချုပ် …. စတာပါ။ ဘယ်နေရာရောက်နေမှန်းမသိပေမဲ့ ဘယ်လိုလုပ် ကျုပ်ပြောတာကို ကြားရတာလဲ။ သောက်ကျိုးနည်း .....။
စာစဉ်ပြီး၏။ စာပြီးချိန် (၁၃.၃.၃၀၂၄) မနက် ၁ နာရီ ၂၁ မိနစ်။
……….
ပြီးပါပြီ။ စာစဉ်ပြီးဆုံးသည်အထိ ဖတ်ရှုပေးကြသော စာဖတ်ပရိသတ် အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။ မကြာခင် ထွက်ရှိမည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် စာအုပ်အားလည်း အားပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ။
သိန်းထွန်း ဘာသာပြန်ရေးသားပြီးစီးခဲ့သော စာအုပ်များ ….
1) ကျင့်ကြံသူတို့စကားဝိုင်း
2) ကံကြမ္မာစာအုပ်
3) ပြိုင်စံရှားဂိုဏ်း
အားလုံးပဲ ကိုယ်ရော ၊ စိတ်ပါ ကျန်းမာ၊ ချမ်းသာ ကြပါစေခင်ဗျာ။