ဓားသွန်းခြင်း
Vol. 115 Ch. 1501
ဘိုးဘေးနန်းတော်ထဲတွင် ရွှေအသည် ချင်မူတို့ ယူလာသည့် တာအိုမီးတောက် ဘိုးဘေးနယ်မြေကို ကြည့်နေ၏။ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ တာအိုမီးတောက်ဘိုးဘေးနယ်မြေကား သူ့အရှိန်အဝါနှင့် ကိုက်ညီမှုရှိ၏။ ရုတ်တရက် တာအိုမီးတောက်အလွှာများက တဟုန်းဟုန်း တောက်လောင်၍ ကောင်းကင်သို့ မြောက်တက်သွားသည်။
ရွှေအ၏ တျန်းထျန်မှာ မီးဖိုကြီးနှင့် တူသည်။ သူ၏ တျန်းထျန်ထဲတွင် ဖွဲ့တည်ထားသော တာအိုမီးတောက်က တာအိုမီးတောက် ဘိုးဘေးနယ်မြေနှင့် ဆက်သွယ်နေ၏။ သူ၏တျန်းထျန်မှာ တဟုန်းဟုန်း တောက်လောင်နေသည့် နေလုံးကြီးကဲ့သို့ တဖြည်းဖြည်း လင်းထိန်လာတော့သည်။
တခဏကြာသော် ဝေါခနဲ ရေစီးသွားသံက သူ၏တန့်ထျန်ဆီမှ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်မြစ်တစ်စင်းက နေလုံးကြီး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး သန့်စင်သော ယန်တာအိုထက် အဆင့်မြင့်မားသည့် မဟာတာအိုစည်းမျဉ်းများကို ထုတ်ဖော်ပြသနေသည်။ ရေနှင့် မီးသည် ဆန့်ကျင်ဘက် ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင်တော့ တစ်သားတည်း ပေါင်းစည်းနေကြ၏။
ချင်မူလည်း ရွှေအကို လှမ်းကြည့်လိုက်သည့်အခါ ရင်ထဲတွင် လှုပ်ရှားလာမိသည်။ ရွှေအ၏ ကောင်းကင်နန်းဆောင်မှာ ပန်းပဲကောင်းကင်နန်းဆောင် ဖြစ်ပြီး ကျင့်စဉ်ကလည်း ပန်းပဲကျင့်စ် ဖြစ်သည်။ သူ၏ကျင့်စဉ်သည် သဘာတရား၏ ဆန်းကြယ်သော ပညာရပ် ဖြစ်သည်သာမက သူ၏ တီထွင်ဖန်တီးနိုင်စွမ်းမှာလည်း ထူးကဲပြောင်မြောက်၏။
ရွှေအသည် သန့်စင်သော ယန်တာအိုနှင့် မီးတာအိုကိုလည်း ကျင့်ကြံမှန်း ချင်မူ သိထားသည့်တိုင် ယခုအတိုင်းအတာအထိ ကျင့်ကြံထားပြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
'တာအိုမီးတောက် ဘိုးဘေးနယ်မြေ ရှိပေမယ့် ယင်ဓာတ် လိုအပ်နေသေးတယ်..’
ရွှေအက တာအိုမီးတောက်ဘိုးဘေးနယ်မြေကို အာရုံခံလျက် လေ့လာစူးစမ်းနေသည်။ “မင်းရဲ့ ဓားကို သွန်းလုပ်ဖို့အတွက် ရတနာတွေကို တာအိုမီးတောက်က တကယ် အရည်ဖျော်နိုင်တယ်… ဒါပေမဲ့ အအေးခံဖို့ ခက်မယ်... မီးပြင်းတိုက်လိုက်၊ အအေးခံလိုက် လုပ်မှ ရတနာရဲ့ အရည်အသွေးက ကောင်းမှာ... ကောင်းကင်ယင်ကမ္ဘာမှာ ကောင်းကင်ယင်ပင်လယ် ရှိတယ်ဆိုတော့ ပင်လယ်ရေကို သုံးပြီး သွန်းလုပ်လို့တော့ ရမယ်…”
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဒါဆို ကောင်းကင်ယင်ကမ္ဘာဆီ သွားကြတာပေါ့..”
ရွှေအက ခေါင်းရမ်းလိုက်၏။ “ငါ့ကို ကူညီဖို့ ပန်းပဲတာအိုမှာ လမ်းစဉ်အဆင့် ဝင်ရောက်ထားတဲ့ လုပ်သားတွေကိုလည်း လိုအပ်သေးတယ်.. ဒါ့အပြင် အအေးခံတဲ့နေရာမှာ ကူညီပေးဖို့လည်း လုပ်သားတွေ လိုသေးတယ်…”
ချင်မူက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ “ကောင်းကင်နတ်မင်း လီရုံလန်”
ရွှေအသည် သိကြားဗုဒ္ဓ၏ နာမည်အား ထုတ်မပြောလိုသည့်အလား တိတ်ဆိတ်သွား၏။
ရွှေအကား လီရုံလန်၏ မျိုးနွယ်တစ်ယောက် ဖြစ်သည့်အတွက် လီမျိုးရိုး ဖြစ်လေသည်။ သို့သော် ကောင်းကင်နတ်မင်းလီရုံလန်၏ အပြုအမူများကြောင့် အငြိုးအတေးထားပြီး ခွင့်မလွှတ်နိုင်သေးပေ။
ချင်မူက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။ “ကျွန်တော် သူ့ကို ကောင်းကင်ယင်ကမ္ဘာဆီ လာခဲ့ဖို့ လူလွှတ်ပြီး ဖိတ်ခေါ်လိုက်ပါမယ်”
ရွှေအက ဝင်ပြောသည်။ “ဓားသွန်းလုပ်နေတဲ့အချိန်မှာ မင်းရဲ့ မဟာတာအိုသင်္ကေတတွေ၊ မဟာတာအိုအမှတ်အသားတွေနဲ့ နယ်ပယ်ကို တံဆိပ်ခတ်နှိပ်ဖို့ ၀င်္ကပါပညာရှင်တွေလည်း လိုသေးတယ်… မျက်ကန်း ငါ့ကို ကူညီပေးနိုင်ပေမယ့် မင်းရဲ့ သိုင်းအခြေခံက အားကောင်းလွန်းတဲ့အတွက် သူတစ်ယောက်တည်း လုပ်ဖို့ ခက်လိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာက ၀င်္ကပါပညာရှင်တွေအကုန်လုံး စုစည်းလိုက်ရင်တောင် ဓားမှာ မင်းရဲ့ မဟာတာအိုကို အတိအကျ တံဆိပ်ခတ်နှိပ်နိုင်မှာ မဟုတ်ဘူး”
ချင်မူက တုံ့ပြန်လိုက်သည်။ “မင်းသားယိုမင်းက ၀င်္ကပါတွေ ကျင့်ကြံတယ်.. ယန်ယွင်ရှီကလည်း ၀င်္ကပါဆရာသခင်တစ်ယောက်ပဲ”
ရွှေအ ထပ်ပြော၏။ “သွန်းလုပ်နေတဲ့အချိန်မှာ ရေငွေ့တွေကို ထိန်းချုပ်ပြီး ငါ အသေအချာ သွန်းလုပ်နိုင်အောင် ကူညီပေးမယ့် အသန်မာဆုံး ရှေးဟောင်းနတ်ဘုရားတစ်ပါး လိုတယ်…”
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားပြီး သူက ရေရွတ်လိုက်သည်။ “နတ်မင်းရွှမ်းဝူ… သူတို့ကို ၀င်္ကပါမှာ ကူညီဖို့ ဖိတ်ခေါ်လို့ရလောက်တယ်”
“တောင်နတ်မင်းရဲ့ တာအိုမီးတောက် ဘိုးဘေးနယ်မြေ ရှိပေမယ့် မင်း သုံးတဲ့ ကုန်ကြမ်းတွေက အံ့ဖွယ်ကောင်းလွန်းတယ်... ရွှေဓာတ်က အားကောင်းလွန်းနေတယ်”
“အနောက်နတ်မင်း ကျားဖြူက ကျွန်တော့်မိတ်ဆွေဟောင်းတစ်ယောက်ပဲ… ဆိုတော့ ကျွန်တော့် ရတနာကို ကူညီသွန်းလုပ်ပေးဖို့ ဖိတ်ခေါ်လို့ မခက်ဘူး..”
ရွှေအက ဆက်ပြောသည်။ “ငါ မင်းရဲ့ ချီနဲ့ သွေးကို နတ်ဓားမှာ တံဆိပ်ခတ်တဲ့ အချိန်မှာ ... ငါတို့အစွမ်းအစချည်းသက်သက်နဲ့ အောင်မြင်ဖို့ ခက်သေးတယ်”
ချင်မူလည်း ၎င်းကို တွေးတောလိုက်ပြီးနောက် ပြောသည်။ “အရှေ့နတ်မင်းချင်းလုံက ခေါင်းမာပေမယ့် သူ လာပြီး ကူညီအောင် တောင်နတ်မင်းကျုချွဲ သွားဖြောင်းဖျလို့ ရလောက်တယ်…”
ရွှေအသည် တစ်ခဏစဉ်းစားနေပြီးနောက် ထပ်ပြော၏။ “တစ်လောကလုံးမှာ အစွမ်းထက်ဆုံး ဓားတစ်သမားလည်း လိုတယ်... နတ်ဓား ပြီးမြောက်တော့မယ့်အချိန်မှာ အဲဒီလူက သူ့ရဲ့ ကိုယ်ပိုင်ဓားလမ်းစဉ်ကို သုံးပြီး ဓားသွားကို သွေးပေးရမှာ”
ချင်မူက မျက်ခုံးများပင့်လိုက်သည်။ “ခိုင်ဧကရာဇ်က ဓားလမ်းစဉ်မှာ ပြိုင်ဘက်ကင်းပဲလေ .. ရွာလူကြီးစုမူကျဲလည်း ဓားနတ်ဘုရား… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့မှာတော့ မယိုင်လဲတဲ့ ဓားနှလုံးသား ရှိတယ်… ယမမင်းရဲ့ ဖုန်းတုဓားရယ်၊ ကျွန်တော့်အဖေ ချင်းဟန်ကျန့်ရဲ့ ဓားလမ်းစဉ်ရယ်၊ ပထမလူသားဧကရာဇ် ချင်ဝူရဲ့ ကျောက်စိမ်းလင်းရောင်ဓားကိုပါ ပေါင်းထည့်လိုက်ရင် လုံလောက်နိုင်လား..”
ရွှေအက ခေါင်းရမ်းသည်။ “ပထမလူသားဧကရာဇ်ရဲ့ ဓားသိုင်းကွက်က သာမာန်ပဲ… သူက ဓားလမ်းစဉ်ကို သိမြင်နားမလည်သေးဘူး…. လူအင်အားဖြည့်ပေးရုံပဲ ရှိလိမ့်မယ်… ဓားလမ်းစဉ်မှာ အထွတ်အထိပ်ကို ရောက်ပြီးတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပုဂ္ဂိုလ်တွေအားလုံး စုစည်းနေဖို့ လိုအပ်တယ်”
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဧကရာဇ်ယွိရှို့ကို အကူအညီတောင်းပြီး အဲဒီ့ဓားလမ်းစဉ် ဉာဏ်ကြီးရှင်တွေကို ရှာလိုက်ပါ့မယ်… သေချာပေါက် ရှာတွေ့မှာပါ”
ရွှေအက သူ့ကျောရှိ မီးဖိုကို ချ၍ တာအိုမီးတောက် ဘိုးဘေးနယ်မြေကို သယ်ဆောင်လိုက်၏။ သူက ရင်ဘတ်ကို ကော့လိုက်ပြီး သူ့အသံကြီးက ခေါင်းလောင်းသံကြီးသဖွယ် မြည်ဟီးထွက်ပေါ်လာသည်။ “အခု သွားပြင်ဆင်တော့… ငါ ဒီဘိုးဘေးနယ်မြေကို ခြေလျင်သယ်ရမယ်…. အဲ့ဒါမှ ငါ့ချီနဲ့ သွေးက မဟာတာအိုနဲ့ ချိတ်ဆက်ပြီး သဟဇာတ ဖြစ်မှာ…”
ချင်မူက လိုအပ်သည်များ ပြင်ဆင်ရန် ချက်ချင်း ထွက်ခွာသွားတော့သည်။
မျက်ကန်းက ရွှေအအနား ရောက်လာ၏။
ရွှေအက ပြောသည်။ “ဒါက ဓားမသွန်းလုပ်ခင် ငါ နောက်ဆုံးပြောမယ့် စကားလုံးတွေပဲ…. ဒီရက်ပိုင်းအတွင်း ပါးစပ်ပိတ်ပြီး တာအိုမီးတောက်ဘိုးဘေးနယ်မြေနဲ့ ဆက်သွယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားရမယ်…. ဒါမှ ငါ လူသား၊ မီးတောက်၊ မြေကြီးတို့နဲ့ တစ်သားတည်း ဖြစ်လာနိုင်မှာ… ငါ့ကို လာမနောက်နဲ့ မဟုတ်ရင် ကြိုးစားထားသမျှ အလဟဿဖြစ်သွားလိမ့်မယ်… အခုကစပြီး ငါက မျက်ကန်းဖြစ်သွားပြီ… ငါ့ကို ကောင်းကင်ယင်ကမ္ဘာဆီ ခေါ်သွားပေး”
မျက်ကန်းက တည်ကြည်လေးနက်စွာဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ရွှေအက မျက်လုံးများကို မှိတ်လျက် မျက်ကန်းအား ဦးဆောင်ခေါ်သွားစေသည်။ သူ့လက်ထဲသို့ လုံး၀အပ်ထားလိုက်၏။
မျက်ကန်းလည်း ရွှေအကို ဦးဆောင်ခေါ်သွားနေစဉ် သူ၏တာအိုနှလုံးသားသည် တာအိုမီးတောက်ဘိုးဘေးနယ်မြေ၏ မဟာတာအိုဖြင့် အဆက်အသွယ်ပြုလုပ်နေကြောင်း မြင်လိုက်ရသည်။ တာအိုမီးတောက်အလွှာများက သူ၏အနောက်တွင် တဟုန်းဟုန်း တောက်လောင်နေကြ၏။ ၎င်းက အလွန်တရာ အံ့သြဖွယ်ကောင်းပေသည်။
‘အ,အတစ်ယောက်က မျက်ကန်းတစ်ယောက်ကို လမ်းပြခိုင်းတယ်တဲ့.... ချောက်ထဲ ကျသွားမှာ မကြောက်ဘူးလားမသိဘူး ...’ မျက်ကန်းက စိတ်ထဲတွင် ညည်းညူလိုက်သည်။
မျက်ကန်းသည် စကားဖွာတတ်သူတစ်ဦး ဖြစ်ပြီး ရွှေအကလည်း ပါးစပ်ပိတ်၍ မနေတတ်သူတစ်ယောက် ဖြစ်သည်။ ထိုမျှသာမက သူ့တွင် ယုတ်မာသောအကြံအစည်များဖြင့် ပြည့်နှက်နေတတ်သဖြင့် မျက်ကန်းသည် ရွှေအနှင့် စကားပြောလေ့ရှိ၏။
ယခု ရွှေအမှာ စကားတစ်ခွန်းမှ မပြောလေရာ မျက်ကန်းအနေဖြင့် ပထမရက်ပိုင်းအတွင်း သည်းခံနိုင်သော်လည်း နောက်ပိုင်းတွင်တော့ ထိန်းချုပ်ထားရလွန်းသဖြင့် ဂနာမငြိမ်ဖြစ်လာတော့သည်။
အခြားတစ်ဖက်တွင် ချင်မူနှင့် အဘွားစစ်က ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်ရှိ ကောင်းကင်နတ်ဘုံဆီသို့ ရောက်သွားကြသည်။ ယခုတွင် ကောင်းကင်နတ်အရှင်ဆယ်ပါး ပြန်မလာသေးကြရာ ကောင်းကင်နတ်ဘုံမှ အစောင့်အကြပ်များသည် ချင်မူ့ကို လျစ်လျူရှုမထားနိုင်ကြပေ။ သူတို့က သူ့အား ကောင်းကင်နတ်အရှင် ဟုခေါ်ကာ ဦးညွှတ်အရိုအသေပေးကြသည်။
ရွှမ်တုတိုက်ပွဲတွင် ချင်မူသည် သူ၏မျက်နှာကို ဖုံးကွယ်ထားခဲ့သော်လည်း တိုက်ပွဲအတွင်း၌ ပြဿနာရှာခဲ့သူမှာ ကောင်းကင်နတ်အရှင်မူ ဖြစ်ကြောင်း အတော်များများ သိထားကြသည်။ သူ့ကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်သားများစွာ သေဆုံးခဲ့ရ၏။
ချင်မူက စိတ်ထဲမထားပေ။ လောကတွင် သူ့အပေါ် လုပ်ကြံနိုင်သူများစွာ ရှိသော်လည်း လက်ရှိကောင်းကင်နတ်ဘုံ၌ ရှိနေသူများထဲ၌ သူ့အား မည်သူမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ချေ။
သူက ကောင်းကင်နတ်အရှင်နန်းဆောင်သို့ ချက်ချင်း သွား၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆက်သွယ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများအား စွမ်းအင်အကူးအပြောင်းတံတားမှတစ်ဆင့် ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်သို့ လာရောက်စေသည်။ ထို့နောက် ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်မှ မြောက်၀င်ရိုးစွန်းနှင့် အနောက်၀င်ရိုးစွန်းသို့ ဦးတည်သော စွမ်းအင်အကူးအပြောင်းတံတားဆီသို့ သွားရောက်ကာ အနောက်နတ်မင်းနှင့် မြောက်နတ်မင်းကို ဖိတ်ခေါ်ခဲ့သည်။
လင်ယွိရှို့သည် သူ၏သတင်းကို ကြားလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်လုပ်သားများ၊ ၀င်္ကပါဆရာသခင်များနှင့် ဓားသိုင်းပညာရှင်အားလုံးကို စုစည်းကာ ကောင်းကင်ယင်ကမ္ဘာသို့ ရုတ်ခြည်း သွားရောက်စေ၏။
တစ်ချိန်တည်းမှာပင် အဘွားစစ်က ရွှင်ပျော်ပျော်ကျေးရွာ၌ နေထိုင်နေသော လီရုံလန်နှင့် ယန်ယွင်ရှီကို သွားခေါ်၏။ ချင်မူက ကောင်းကင်စောင့်ကြည့်စင်မြင့်ထက်တွင် ရပ်၍ သူ့အတွက် လိုအပ်နေသူများအား ရှာဖွေနေသော်လည်း ထိုနေရာရှိ ပုဂ္ဂိုလ်များမှာ မည်သည့်စကားမှ မပြောရဲကြပေ။ သူတို့မှာ ဘေးတွင် ရပ်လျက် ရိုကျိုးစွာသာ ကြည့်နေကြသည်။
ချင်မူက ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းကို တွေ့သွားပြီး သူတို့အား ချက်ချင်း သွားခေါ်သည်။
ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းသည် ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကာ မြောက်ကောင်းကင်မုခ်၀ကို ဖြတ်သန်း၍ ၎င်းအထဲရှိ မဟာတာအိုနိယာမများကို သိမြင်နားလည်နေသည်။ ဤသည်က စတုတ္ထမြောက် ကောင်းကင်မုခ်၀ဖြစ်ပြီး သူတို့နှစ်ယောက် ထွက်လာသည့်အချိန်တွင် ကျန်းပိုင်ကွေ့က သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရင်း ကောင်းကင်နန်းဆောင်တစ်ဆောင်ပြီးတစ်ဆောင်အား ထွက်ပေါ်လာစေသည်။ နောက်ဆုံးတွင်တော့ ပြီးပြည့်စုံ၍ ဟာကွက်ကင်းနေသော ကောင်းကင်နတ်ဘုံတစ်ဘုံကား ဖွဲ့တည်သွားခဲ့ချေပြီ။
ကျန်းပိုင်ကွေ့သည် သူ၏ ကောင်းကင်နတ်ဘုံ တည်ငြိမ်နေပြီး ပြိုလဲမည့် အလားအလာ မရှိတော့ကြောင်း ခံစားနေရသည်။
ကျန်းပိုင်ကွေ့က အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည့်အခါ ချီအဆီအနှစ်မျှင်တစ်မျှင် ထွက်လာပြီး ဓားချီအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထဲ၌ သက်တံ့တစ်စင်း ဖြစ်ပေါ်သွားစေသည်။
ဧကရာဇ်ယန်ဖုန်းမှာ အခြေအနေကို မြင်လျှင် အားလည်း အားကျ၊ အံ့လည်း အံဩမိသည်။ သို့သော် ကျန်းပိုင်ကွေ့၏ လမ်းစဉ်က သူနှင့် ကွဲပြားသည့်အတွက် သူ မကျင့်ကြံနိုင်ပေ။
သူတို့နှစ်ယောက်သား ဘိုးဘေးနန်းတော်၏ မြောက်ကောင်းကင်မုခ်၀မှ ထွက်လာကြရာတွင် အပြင်၌ ချင်မူ စောင့်နေသည်ကို တွေ့လိုက်ကြရသည်။
ချင်မူက သူတို့ကို ဓားသွန်းလုပ်မည့်အကြောင်း ပြောပြရာ ကျန်းပိုင်ကွေ့က ပြော၏။ “ငါ့သိုင်းအခြေခံက မပြည့်စုံသေးဘူး…. နဂါးသွဲ့စင်မြင့်ဆီ သွားရဦးမယ်… အချိန်မှီနိုင်လောက်လား…”
ချင်မူက ပြောသည်။ “ဒါဆို ခင်ဗျားတို့ ပြန်လာတာ စောင့်နေမယ်… သုံးလနေရင် ကောင်ကင်ယင်ကမ္ဘာမှာ တွေ့ကြတာပေါ့”
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံလည်း ခေါင်းညိတ်ပြီး ထွက်ခွာသွားကြသည်။
ထို့နောက်မှသာ ချင်မူသည် ကောင်းကင်ယင်ကမ္ဘာသို့ သွားရောက်၍ တောင်နတ်မင်းကျုချွဲနှင့် တွေ့ဆုံကာ သူ၏အတွေးများအား ပြောပြ၏။
တောင်နတ်မင်းကျုချွဲက တွန့်ဆုတ်နေသည်။ “ငါ အရင်တုန်းက အရှေ့နတ်မင်းနဲ့ ချစ်ကျွမ်းဝင်မိခဲ့တာ မှန်ပါတယ်... အဲဒီတုန်းက အရှေ့နတ်မင်းနဲ့ ပူးပေါင်းခဲ့ချင်ပေမယ့် စိတ်ရှုပ်ထွေးပြီး သူနဲ့ အိပ်ခဲ့မိတယ်... အဲဒီနောက် ယန်အာကို မွေးခဲ့တယ်… သူနဲ့ မတွေ့ချင်ပေမယ့် မောင်လေးက ငါ့ရဲ့ကျေးဇူးရှင်ပဲလေ.. နင် အကူအညီတောင်းမှတော့ ငါ ကူညီပေးဖို့ သွားပြောပါ့မယ်”
ချင်မူက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ တောင်နတ်မင်းသည် ယန်အာကို လှမ်းခေါ်၏။ “ကဲ နှလုံးသားမရှိတဲ့ ဖအေကို သွားတွေ့ကြတာပေါ့” သူတို့နှစ်ယောက်သား လျင်မြန်စွာ ထွက်သွားကြသည်။
ကောင်းကင်ယင်ကမ္ဘာတွင် ကောင်းကင်ယင်နတ်ဘုရားမသည် ပင်လယ်ဘေးတွင် မေးထောက်လျက် ထိုင်နေပြီး ပင်လယ်ရေမျက်နှာပြင်အား ပျင်းရိစွာ ကြည့်နေသည်။ မကြာခဏ တောင်တစ်လုံးကို ဆွဲယူ၍ ပင်လယ်ထဲ ပစ်ချတတ်၏။
သူမ၏ခန္ဓာကိုယ်မှာ ကြီးမားလွန်းသဖြင့် တောင်သည် သူမအတွက်တော့ ကျောက်ခဲလေးတစ်ခဲအရွယ်သာ ရှိနေသည်။
ဤရက်ပိုင်းအတွင်း သူမ၏ ကောင်းကင်ယင်ကမ္ဘာကား စည်ကားသိုက်မြိုက်နေ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဘိုးဘေးနန်းတော်မှ ထူးဆန်းသော ဝတ်ရုံများဖြင့် ပုဂ္ဂိုလ်များသည် သူမ၏ ကောင်းကင်ယင်ကမ္ဘာသို့ ရောက်လာကြပြီး ဟိုဟိုသည်သည် သွားလာနေကြသဖြင့် သူမမှာ နေသားမကျဖြစ်နေသည်။
ထိုသူများမှ တချို့သည် နတ်ဘုရားများဖြစ်ကြပြီး တချို့ကတော့ ကောင်းကင်နတ်မြစ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ကြသည်။ ပန်းပဲဆရာများက အပေါ်ပိုင်းအဝတ်ဗလာများဖြင့် ဗလများ ထုတ်ပြတတ်ကြပြီး အသံများကလည်း ကျယ်လောင်လောင် ရှိသည်။ ၀င်္ကပါကျင့်ကြံသူများကတော့ ဟိုနေရာသည်နေရာ လျှောက်သွားရင်း ပတ်ဝန်းကျင်အနေအထားကို မှတ်သားနေကြပြီး တချို့ကတော့ သူမကိုပင် စိုက်ကြည့်နေတတ်ကြ၏။ သူတို့သည် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ယင်သင်္ကေတများကို တိုင်းတာရန် စီစဉ်ထားကြလေသည်။
ဓားသမားများကတော့ ပို၍ပင် စိတ်ရှုပ်ဖွယ်ကောင်းသေးသည်။ နေ့စဉ်နေ့တိုင်း ဓားရေးပြနေကြကာ အခြားသူများ၏ အေးဆေးတည်ငြိမ်မှုကို အနှောင့်အယှက်ပေးနေကြသည်။
သူမ၏ ကောင်းကင်ယင်ကမ္ဘာသို့ ရောက်လာနေကြသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မိစ္ဆာနတ်ဘုရားများမှာ သုံးသောင်းမှ ငါးသောင်းအထိ ရှိနေကြပြီ ဖြစ်ပြီး အခုထက်ထိ ရောက်လာနေကြဆဲပင်။
ရက်အနည်းငယ်ကြာသော် ယမမင်း ကြွလာသည်။ ထိုအချိန်မှသာ ကောင်းကင်ယင်နတ်ဘုရားမမှာ ပျော်ရွှင်လာသည်။ ယမမင်းသည် သူမနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသော မိတ်ဆွေဟောင်းတစ်ယောက် မဟုတ်လော။ သူမ အပျင်းပြေ စကားပြောစရာလူတစ်ယောက် ရောက်ရှိလာခဲ့လေပြီ။
ယမမင်းကတော့ စကားပြောမကောင်းပေ။ သူ၏ဝတ်ရုံအောက်တွင်သာ ပုန်းနေတတ်ပြီး သူမနှင့် စကားသိပ်မပြောချေ။
ရက်အနည်းငယ်ကြာသော် ကောင်းကင်နတ်မင်း လီရုံလန် ရောက်လာသည်။ ကောင်းကင်ယင်နတ်ဘုရားမက ချောမောသည့် ထိုယောက်ျားကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အသွင်အပြင်သည် ကောင်းကင်ယင်သားတော်နှင့် ဆင်တူသလို ခံစားလိုက်ရသည်။ သူမမှာ ချက်ချင်းပင် မျက်စိနောက်သွားပြီး သူ့အား အာရုံပင် မစိုက်တော့ချေ။
ထို့နောက် ခိုင်ဧကရာဇ်ချင်ယဲ့ ရောက်ချလာသည်။ ကောင်းကင်ယင်နတ်ဘုရားမသည် ဤလူသားကောင်းကင်နတ်အရှင်ချင်အပေါ် အမြင်ကြည်၏။ သို့သော် ခိုင်ဧကရာဇ်၏ ဓားတာအိုမှာ အားကောင်းပြင်းထန်လွန်းသောကြောင့် သူ့အနား ကပ်သွားတိုင် မသက်မသာခံစားရသည်။ ထို့ကြောင့် သူနှင့် ခပ်ဝေးဝေးတွင်သာ နေရသည်။
ခိုင်ဧကရာဇ်က လီရုံလန်လောက် အမြင်ကပ်စရာမရှိသော လူငယ်တစ်ဦးကိုလည်း ခေါ်လာခဲ့သည်။ ကောင်းကင်ယင်နတ်ဘုရားမလည်း ထိုလူငယ်နှင့် တခဏကြာ စကားစမြည်ပြောခဲ့ပြီးနောက် ထိုလူငယ်သည် ကောင်းကင်နတ်အရှင်မူ၏ အဖေ ချင်ဟန်ကျန်းမှန်း သိလိုက်ရ၏။
ချင်မူ၏ ဖခင်မှန်း သိလိုက်ရသည်နှင့် သူနှင့် စကားပြောရသည်မှာ ကောင်းကင်ယင်နတ်ဘုရားမ အနေရခက်လာသလို ခံစားရလေသည်။
နောက်ထပ်ဆယ်ရက် ကြာသွားပြီး ကျားဦးခေါင်းနှင့် ကလေးမလေးတစ်ဦးက ကောင်းကင်ယင်ကမ္ဘာဆီသို့ စိတ်လှုပ်တရှား ရောက်ရှိလာ၏။ ထို့နောက်မှသာ ကောင်းကင်နတ်ဘုရားမ စိတ်အေးသက်သာစွာ သက်ပြင်းချနိုင်တော့သည်။ ဤကလေးမလေးမှာ အနောက်နတ်မင်းဖြစ်ပြီး သွက်လက်ပျော်ရွှင်တတ်သူ ဖြစ်၏။ စကားလည်း အရွှန်းဖောက်ဟာသနှော ပြောတတ်သဖြင့် သူမမှာ အပျင်းပြေနေတော့သည်။
ရက်အနည်းငယ်ကြာသော် မြောက်နတ်မင်းတို့ ဇနီးမောင်နှံ ရောက်လာကြသည်။ ကောင်းကင်ယင်နတ်ဘုရားမမှာ ပျော်ရွှင်သွား၏။ နောက်ဆုံးတွင် မိတ်ဆွေဟောင်းများ ရောက်လာသောကြောင့် ပြောစရာစကားများစွာ ရှိလာချေပြီ။
အရှေ့နတ်မင်းလည်း ရောက်လာ၏။ သူက မျက်နှာကို အနက်ရောင်အဝတ်ဖြင့် ဖုံးအုပ်ထားသော်လည်း ကောင်းကင်ယင်နတ်ဘုရားမမှာ ချက်ချင်း သတိထားမိသွားကာ မျက်နှာမည်းမှောင်သွားသည်။ အရှေ့နတ်မင်းသည် ဘဝင်မြင့်ကာ တဏှာကြီးသူတစ်ယောက်အဖြစ် ကျော်ကြား၏။ သူမအနေဖြင့် သူ့အား ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ပေ။
တောင်နတ်မင်းကျူချွဲမှာလည်း မျက်နှာသိပ်မကောင်းချေ။ အရှေ့နတ်မင်းအား လာရောက်ကူညီပေးရန် သွားရောက်တောင်းဆိုခဲ့စဉ်က အတော်လေး ခံစားခဲ့ရကြောင်း သိသာပေသည်။
“ကျုပ်က ကူညီဖို့ပဲ ရောက်လာတာ”
နဂါးမင်းက ပတ်ဝန်းကျင်အား အဖတ်မတန်သလို ကြည့်လိုက်သည်။ လိပ်နက်နှင့် အနောက်နတ်မင်းကို နှုတ်ဆက်ပြီးနောက် သူက ကောင်းကင်ယင်နတ်ဘုရားမအား နှုတ်ဆက်လိုက်ပြီး မပျော်မရွှင် အပြစ်တင်သည်။ “ကူညီပေးမယ့်သူတွေက ရောက်နေကြပြီ... ဓားသွန်းလုပ်မယ့်သူတွေက ရောက်မလာသေးဘူးလား… သိက္ခာကျစရာ ကောင်းလိုက်တာ”
သူ့အသံကြောင့် ခိုင်ဧကရာဇ်ချင်ယဲ့ လမ်းလျှောက်လာသည့်အခါ အရှေ့နတ်မင်း၏ နှလုံးသားထဲတွင် အေးခဲသွားတော့သည်။ သူက သွားရောက်နှုတ်ဆက်လိုက်ရင်း ရိုကျိုးစွာ မေးသည်။ “ကောင်းကင်နတ်အရှင်ချင် ဘယ်တုန်းက ရောက်နေတာပါလဲ”
ခိုင်ဧကရာဇ်က မှင်သေသေ ဖြေသည်။ “ခင်ဗျားထက် တစ်လစောတယ်… ဒီနေရာက ကောင်းသားပဲနော်”
“ဟုတ်တယ်”
အရှေ့နတ်မင်းက ပြုံးလိုက်သည်။ “ဒီနေရာက သိပ်တော့လည်း မဆိုးပါဘူး”
ရက်အနည်းငယ်ကြာသော် ဘုန်းတော်ကြီးတစ်ပါးနှင့် တာအိုရသေ့တစ်ပါးလည်း အလောတကြီး ရောက်လာကြပြီး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။ အရှေ့နတ်မင်းမှာ သူတို့နှစ်ယောက်ကို မမှတ်မိသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပုဂ္ဂိုလ်အတော်များများသည် သူတို့ထံသို့ သွားရောက်နှုတ်ဆက်၍ ရိုသေလေးစားစွာ စကားစမြည်ပြောနေကြကြောင်း တွေ့လိုက်ရသောကြောင့် ဇဝေဇဝါဖြစ်သွားသည်။ ‘ဒီဘုန်းကြီးနဲ့ တာအိုရသေ့က ဗြဟ္ဗာ့ဗုဒ္ဓနဲ့ တာအိုဘိုးဘေးကြီးများလား… ဟုတ်တဲ့ပုံမပေါ်သလိုပဲ…သူတို့ကို ငါ အရင်က မြင်ဖူးပါတယ်… ကောင်းကင်နတ်အရှင်မူက ဓားသွန်းလုပ်ဖို့ ငါ့တစ်ယောက်တည်းကိုပဲ ဖိတ်ခေါ်ထားတယ် ထင်နေတာ… ဒီလောက်နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေအများကြီးကို ခေါ်ထားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး’
အားလုံး ဆယ်ရက်ကျော် ထပ်စောင့်နေခဲ့သည်။ မျက်ကန်းသည် မျက်စိမှိတ်ထားသော ရွှေအကို ဦးဆောင်လာပြီး နောက်ကျမှ ရောက်လာ၏။
ရွှေအက တာအိုမီးတောက်ဘိုးဘေးနယ်မြေအား ကျောတွင် သယ်ပိုးထားသည်။ ဤအခိုက်အတန့်တွင် တာအိုမီးတောက်ဘိုးဘေးနယ်မြေ၏ မီးတောက်မီးလျှံများက တဟုန်းဟုန်း ထလျက် ဟင်းလင်းပြင်ကို လောင်ကျွမ်းနေစေသည်။ မီးအားက အလွန်တရာ ပြင်းထန်နေသဖြင့် တောင်နတ်မင်းပင်လျှင် ၎င်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားမိသည်။ “ဒီလူရဲ့ မီးတာအိုကျင့်စဉ်စနစ်က အတော်မြင့်တာပဲ…”
မျက်ကန်းက ရွှေအအား ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်ယင်ပင်လယ်ဆီသို့ ခေါ်သွားသည်။ ရုတ်တရက် ရွှေအက မျက်လုံးများ ဖွင့်လိုက်ရာ တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ စွမ်းအားသည် ချက်ချင်း မြင့်တက်သွား၏။ ၎င်းက ကောင်းကင်ယင်ကမ္ဘာတစ်လျှောက် ဖြတ်သန်းလောင်ကျွမ်းသွားကာ ရွှမ်တုကိုပင် ပေါ်လာစေသည်။
ရွှေအက တာအိုမီးတောက်ဘိုးဘေးနယ်မြေကို ချလိုက်သည့်အခါ ဘိုးဘေးနယ်မြေသည် ဖြာထွက်လာ၏။ ကောင်းကင်ဘံုကိုးဘုံက ဟင်းလင်းပြင်ကို ပုံပျက်သွားစေပြီး စကြာ၀ဠာထဲရှိ ကမ္ဘာလောကအားလုံး ကောင်းကင်ဘုံကိုးဘုံတွင် တည်ရှိလာသည့်အလား ထင်ရစေသည်။ ၎င်းက ပြောမပြတတ်သော ဆန်းကြယ်မှုတစ်ခုပင်။
ရွှေအ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ကြွက်သားများ တောင့်တင်းလာသည်။ သူကား သတ္တုသွန်းလုပ်သည့် စုတ်တီးစုတ်ပြတ်နှင့် ခပ်ကြောင်ကြောင် အဘိုးအိုကြီးပုံစံ မရှိတော့ပေ။ လောကကို မီးဖို၊ ကမ္ဘာမြေကြီးကို ပန်းပဲခုံပမာ အသုံးပြုလျက် တစ်လောကလုံးရှိ မည်သည့်အရာကိုမဆို အသွင်ပြောင်းလဲပေးတော့မည့် ဘီလူးကြီးတစ်ကောင်အလားပင်။
တစ်ချိန်တည်းမှာပင် ချင်မူက အပေါ်ပိုင်းအဝတ်ဗလာဖြင့် ရွှေအနှင့်အတူ တာအိုမီးတောက်ထဲသို့ ဝင်ရောက်သွားသည်။
ချင်မူ့အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး တာအိုမီးတောက် ဘိုးဘေးနယ်မြေကို အသက်သွင်းလိုက်ရင်း ကောင်းကင်ဘုံကိုးဘုံ၏ စွမ်းအားအား နောက်ထပ်တစ်ဆင့်အထိ မြှင့်တင်လိုက်၏။ ထို့နောက် ယခင်စကြ၀ဠာသိုင်းပညာရှင်တို့၏ ကောင်းကင်လက်နက်များ ထုတ်၍ တာအိုမီးတောက်ထဲ ပစ်ထည့်လိုက်သည်။
ရွှေအသည် မီးတောက်များထဲတွင် ဘီလူးကြီးတစ်ကောင်ပမာ တူးမြောင်းတစ်ခု တူးနေ၏။ သူက အရည်ပျော်သွားသော ကောင်းကင်လက်နက်များကို တူးမြောင်းတလျှောက် စီးဆင်းနေစေပြီး ထိုသတ္တုရည်ပူများအား ပင်လယ်ထဲသို့ ဆက်လက်စီးဆင်းစေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်စားမင်းတစ်သောင်းကျော်က တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံထဲ လမ်းလျှောက်ဝင်ရောက်သွားကြသည်။ သူတို့အားလုံးတွင် အပေါ်ပိုင်းအဝတ်များ မရှိပေ။ အမျိုးသမီးတချို့လည်း ပါဝင်ပြီး သူတို့သည်လည်း ရိုးရှင်းသော အဝတ်အစားများဖြင့် ခန္ဓာကိုယ်ကြွက်သားဗလတို့အား ထုတ်ဖော်ထားကြသည်။
တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးဘုံထဲတွင် လူသားမျိုးနွယ်၏ ကောင်းကင်လုပ်သားများမှာ တက်ကြွလှုပ်ရှားနေကြသည်။ သူတို့က သတ္တုရည်ပူ၊ ရွှေရည်ပူ၊ ကြေးရည်ပူများကို မြှောက်တင်၍ သွန်းလုပ်ထုရိုက်နေကြ၏။
မျက်ကန်း ဦးဆောင်သည့် ၀င်္ကပါဆရာသခင် တစ်သောင်းကျော်ကလည်း ကောင်းကင်နှင့် မြေကြီးရှိ ၀င်္ကပါများကို ထိန်းချုပ်နေကြသည်။ သူတို့က ယိုတုနှင့် ရွှမ်တုကို ဖွင့်လှစ်ချက် ကောင်းကင်နှင့် မြေကြီး၏ ချီဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင်တို့ကို ဆွဲယူကာ ကောင်းကင်လုပ်သားများ သွန်းလုပ်ထားသည့် သတ္ထုတို့အပေါ်တွင် မဟာတာအိုသင်္ကေတအမှတ်အသားမျိုးစုံ ခတ်နှိပ်နေကြသည်။
ရှေးဟောင်းနတ်မင်းလေးပါးမှာ မြင်ကွင်းကြောင့် အံ့ဩမှင်သက်နေကြပြီး တစ်လောကလုံး တုန်လှုပ်စေနိုင်သည့် ဤစွမ်းအားအပေါ် ချီးကျူးနေကြသည်။
ခိုင်ဧကရာဇ်က ဤမြင်ကွင်းကို ကြည့်ပြီးနောက် လီရုံလန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “မင်းက ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံရဲ့ အစွမ်းထက်ဆုံး ပန်းပဲဆရာပဲ” သူက ဖုံးကွယ်မထားသော စိတ်လှုပ်ရှားတက်ကြွမှုအပြည့်ဖြင့် ပြော၏။ “သွေးပူနေတဲ့ ခေတ်တစ်ခေတ်ကပဲ ဒီလိုအံ့မခန်း အင်အားကို စုစည်းပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေနဲ့အတူ အင်အားအကြီးဆုံး ကောင်းကင်လက်နက်ကို သွန်းလုပ်ရင်း လောကကြီးကို ပြောင်းလဲပစ်နိုင်မှာ... အရင်က ခိုင်ဧကရာဇ်ခေတ်မှာလည်း ဒီလိုတက်ကြွမှုမျိုး ရှိခဲ့တယ်… အရင်တုန်းက မင်းဟာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အစွမ်းထက်ဆုံး ပန်းပဲဆရာ၊ အစွမ်းထက်ဆုံး ကောင်းကင်လုပ်သားပဲ… ရွှင်ပျော်ပျော်ဓား၊ ပရမတ္တလှေ၊ ကောင်းကင်ဘုံ ၃၃ ဘုံနဲ့ ရွှင်ပျော်ပျော်ကျေးရွာကိုတောင် မင်း တည်ဆောက်ခဲ့တယ် … အခု ရွှင်ပျော်ပျော်ကျေးရွာရဲ့ ဝိညာဉ်၊ ချီနဲ့ စိတ်ဓာတ်အားမာန်တို့တွေ လျော့ကျသွားပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကတော့ အဲဒါတွေအကုန်လုံးကို ပြသနေခဲ့ပြီ”
လီရုံလန်က အပေါ်ဝတ်ရုံကို ချွတ်၍ ဘေးတွင် သပ်သပ်ရပ်ရပ် ခေါက်ထားလိုက်ကာ တာအိုမီးတောက်ထဲသို့ ခြေဗလာဖြင့် ဝင်ရောက်သွားသည်။ သူ၏ အသံက တာအိုမီးတောက်ထဲမှ ပျံ့လွင့်လာလေသည်။ “ကျုပ်က အခုအချိန်အထိ အစွမ်းထက်ဆုံး ပန်းပဲဆရာ ဖြစ်နေတုန်းပါပဲ”