← Chapters

နတ်ဓား ၊ စမ်းသပ်မှု

Vol. 115 Ch. 1503 (1)

နတ်ဓား ၊ စမ်းသပ်မှု

Vol. 115 Ch. 1503 (1)

နတ်ဓား၏ ကောင်းကင်ဘုံအဆင့် ၃၆ ဆင့်လုံးအား တည်ဆောက်ရန်အတွက် အချိန်များစွာ လိုအပ်ပေသည်။ ခိုင်ဧကရာဇ်ခေတ်၏ နံပါတ်တစ် အကျော်အမော် ပန်းပဲဆရာ၊ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် လီရုံလန်ကိုယ်တိုင်ပင် ဆက်တိုက် သွန်းလုပ်မနေနိုင်ချေ။

သူပင်လျှင် မကြာခဏ အနားယူရန် လိုအပ်ရာ တခြားသူများအတွက်တော့ ဆိုဖွယ်မရှိတော့ပြီ။

ချင်မူတစ်ယောက်တည်းသာ တက်ကြွနေဆဲ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်တို့က မည်သို့မျှ မကုန်ခမ်းတော့မည့်အလား ထင်ရသည်။

အရှေ့နတ်မင်းကတော့ အစောကြီး ရောက်လာခဲ့မိ၍ အနည်းငယ် နောင်တရနေမိသည်။ သို့သော် တောင်နတ်မင်းက လူပြန်ဝင်စားပြီးနောက် ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခဲ့သဖြင့် သူ့အနေဖြင့် အရောက်လာရုံအပြင် ရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော် ယခုလို အချိန်များစွာ ကြာမြင့်လာသည့်အခါ သူသည် အတော်လေးမကျေမနပ် ဖြစ်လာ၏။

ချင်မူက သူ၏ ချီနှင့်သွေးတို့ကို နတ်ဓားအတွင်းသို့ ခတ်နှိပ်နိုင်ရန် အရှေ့နတ်မင်း၏ စွမ်းအားကို ငှားယူလိုသောကြောင့် ဖိတ်ခေါ်ခဲ့ခြင်းပင်။ ယင်းအဆင့်က ဓားကို ယဇ်ပူဇော်သည့်အဆင့် ဟု ဆိုရမည်။ အရှေ့နတ်မင်းချင်းလုံ၏ ချီနှင့်သွေးက အတော်လေး သိပ်သည်းအားကောင်းသည့်အတွက် သူတစ်ယောက်တည်းသာ ချင်မူ ချီနှင့်သွေးတို့ကို ဓားဆီသို့ ယဇ်ပူဇော်နိုင်ရန် ကူညီပေးနိုင်သည်။

သို့သော် ယင်းအဆင့်သည် နတ်ဓားကို သွန်းလုပ်ပြီးနောက်မှသာ စတင်ရမည့် အဆင့် ဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် ဤရက်များအတွင်း အခြားသူများ လက်နက်သွန်းလုပ်နေသည်ကိုသာ ထိုင်ကြည့်နေရပေလိမ့်မည်။

ကံကောင်းစွာဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဤရက်များတွင် ကောင်းကင်နတ်ဘုံတွင် မရှိဘဲ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်နေကြ၏။ ထို့ကြောင့် သူ အရှေ့ကောင်းကင်မှ ထွက်လာသည့်ကိစ္စအတွက် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

နတ်ဓားသည် မီးဆေးမှုများ၊ သန့်စင်မွမ်းမံမှုများအား အကြိမ်ကြိမ် ဖြတ်သန်း၍ နယ်ပယ်အလွှာများထဲ ဝင်ရောက်နေ၏။ ၎င်းအတွက် ပေးရသည့်အချိန်မှာ များပြားလှသလို၊ နတ်ရွှေနှင့် ကောင်းကင်ကုန်ကြမ်းများပမာဏသည်လည်း တဖြည်းဖြည်း နည်းပါးလာချေပြီ။

ကောင်းကင်ယင်ပင်လယ်၏ ရေတို့မှာလည်း ဖြည်းဖြည်းချင်း လျော့ကျလာပြီး ပမာဏအတော်များများ ကုန်ခမ်းသွားမှန်း မြင်လိုက်ရသည့်အချိန်တွင် ကောင်းကင်ယင်နတ်ဘုရားမမှာ ရင်ထဲ နာကျင်လာမိသည်။

လအနည်းငယ်ကြာပြီးနောက် တာအိုမီးတောက်ဘိုးဘေးနယ်မြေထဲရှိ ဓား၏ စွမ်းအားသည် ပိုပို၍ ပြင်းထန်အားကောင်းလာ၏။ ပန်းပဲဆရာတချို့မှာ ခံနိုင်ရည်မရှိတော့၍ ဘိုးဘေးနယ်မြေထဲမှ ထွက်သွားကြရသည်။ ချင်မူ၊ ရွှေအနှင့် လီရုံလန်တို့သာ ခံနိုင်ရည် ရှိသေးပြီး နတ်ဓားကို ပြီးပြည့်စုံသည့်အထိ ဆက်လက်သွန်းလုပ်နေကြသေးသည်။

ချင်မူက တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ စွမ်းအားကို အဆုံးအစွန်အထိ တွန်းပို့လိုက်သော်လည်း တာအိုမီးတောက် ဘိုးဘေးနယ်မြေပင်လျှင် န‌တ်ဓားကို ထုရိုက်နိုင်အောင် မီးအား ကောင်းစွာ မပေးနိုင် ဖြစ်လာတော့သည်။

တောင်နတ်မင်းသည် ထိုဖြစ်ရပ်ကို မြင်လျှင် ယန်အာအား ခပ်တိုးတိုး ပြောလိုက်၏။ “ငါ့ကို ဘိုးဘေးနယ်မြေဆီ ခေါ်သွားပြီး ဓားစွမ်းအားကို ခုခံကာကွယ်ပေး… ငါ ဘိုးဘေးနယ်မြေရဲ့စွမ်းအားကို အသက်သွင်းပေးမယ်”

ယန်အာ့ခန္ဓာကိုယ်က တုန်ခါလျက် နဂါးစားကလေးတစ်ကောင်အသွင် ပြောင်းသည်။ သူမက တောင်နတ်မင်းအား ကျောပေါ်တွင် တင်၍ ဘိုးဘေးနယ်မြေ၏ ကောင်းကင်ဘုံကိုးဘုံထဲသို့ ပျံသန်းဝင်ရောက်သွား၏။ တောင်နတ်မင်းက သူမ၏ မူလဝိညာဉ်ကို ထုတ်လွှတ်၍ တာအိုမီးတောက်အား အသက်သွင်းလိုက်ရာ ၎င်း၏စွမ်းအားကား နောက်တစ်ကြိမ် မြင့်တက်သွားလေသည်။

ချင်မူနှင့် ကျန်သူများလည်း ချက်ချင်းပင် အခွင့်အရေးအား အသုံးချကာ အရှိန်မြှင့်၍ သွန်းလုပ်တော့သည်။

ယန်အာက သူမ၏ စွမ်းအားအလုံးစုံကို အသုံးပြုရင်း တာအိုမီးတောက် ဘိုးဘေးနယ်မြေထဲရှိ ဓားစွမ်းအားကို ခုခံနေ၏။ အချိန်တခဏအထိတော့ ခုခံထားနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်လာသည်။

နတ်ဓားသည် ပြီးပြည့်စုံသည့်တိုင်အောင် ရုပ်လုံးမပေါ်လာသေးသော်လည်း ဓားစွမ်းအားကမူ ပိုပို၍သန်မာအားကောင်းလာသည်။ ဓားထဲရှိ ‌ရွှေရောင်ချီတို့မှာ ဖိနှိပ်နိုင်ရန် ခက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် သဘာဝဓားနယ်ပယ်တစ်ခုကိုပင် ဖွဲ့တည်လာစေသည်။ ရွှေရောင်ချီကား မည်သည့်အရာကိုမဆို ဖောက်ထွက်သွားနိုင်သည့် ဓားတစ်လက်အလားပင်။

မကြာမီ ယန်အာ့တွင် ဒဏ်ရာတို့ ဖြစ်ပေါ်လာတော့သည်။ တောင်နတ်မင်းမှာ သူမ၏ဒဏ်ရာများကိုမြင်လျှင် စိတ်မကောင်းဖြစ်သွားသည်။ သို့သော် ဤသည်မှာ အရေးကြီးသော အခြေအနေ ဖြစ်ကြောင်း သိထားသဖြင့် နမော်နမဲ့ မပြုမူရဲပေ။ တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ စွမ်းအားကို အသက်သွင်းရာတွင်သာ အာရုံစိုက်ထားနိုင်သည်။

သူမသည် တာအိုမီးတောက် ဘိုးဘေးနယ်မြေမှ မွေးဖွားလာခဲ့သော နတ်ဘုရားတစ်ပါး မဟုတ်လော။ သူမ၏ခန္ဓာကိုယ်မှာ ကောင်းကင်နတ်အရှင်ဟွေ့၏လက်ချက်ကြောင့် ပျက်စီးသွားသည့်အပြင် မဟာတာအိုလည်း အတင်းအကြပ် လုယူခံခဲ့ရပြီးကောင်းကင်နတ်အရှင်ဟွေ့အတွက် အထောက်အပံ့အားအင်အဖြစ် ပြောင်းလဲခံခဲ့ရသည့်တိုင် သူမ၏ဝိညာဉ်ကား ဘိုးဘေးနယ်မြေမှ မွေးဖွားလာခဲ့သော ဝိညာဉ်အဆီအနှစ် ဖြစ်နေသေး၏။ သူမအနေဖြင့် ရွှေအထက်ပို၍ တာအိုမီးတောက် ဘိုးဘေးနယ်မြေအပေါ် ကောင်းမွန်စွာ အုပ်ချုပ်နိုင်ပေသည်။

သို့သော် ဤနေရာရှိ ရွှေချောင်ချီတို့မှာ ပြင်းထန်လွန်းသည်။ သူမတို့သားအမိနှစ်ယောက်မှာ အချိန်ကြာလာသည်နှင့်အလျောက် မတောင့်ခံနိုင်ကြတော့ပေ။

ဤအခိုက်အတန့်တွင် အနောက်နတ်မင်း ကျားဖြူက ဘိုးဘေးနယ်မြေထဲသို့ ရုတ်တရက် ခုန်၀င်လာသည်။ စစ်ခရာသံက ထွက်ပေါ်လာပြီး ဓားစွမ်းအားအပေါ်ဖိနှိပ်ရန် ကြိုးစားလိုက်၏။ ထိုအချိန်မှသာ တောင်နတ်မင်းတို့သားအမိ သက်ပြင်းချနိုင်တော့သည်။

သို့သော် ဓားစွမ်းအားမှာ ပိုပို၍ ပြင်းထန်လာပြန်သည်။ နောက်ဆုံးတော့ အနောက်နတ်မင်း ကျားဖြူမှာလည်း ခံနိုင်ရည်မရှိတော့ပေ။ သူမ၏ ကျားနားရွက်လေးများပင် တုန်ရီနေ၏။

“ဖွဲ့တည်လိုက်စမ်း”

ထိုအခိုက်အတန့်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွှေအက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံအလား ဟိန်းထွက်လာ၏။ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့စုံတွဲက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ သူတို့၏မှော်စွမ်းအင်ကို အသုံးပြုလျက် ကောင်းကင်ယင်ပင်လယ်၏ ရေများကို စုစည်းလိုက်သည်။ ကောင်းကင်ယင်ပင်လယ်၏ ရေပမာဏမှာ အတော်များများ လျော့ကျသွားပြန်၏။

ဧကရာဇ်နှစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ပင်လယ်ရေက လိပ်ကြီးအသွင် ပြောင်းလဲသွားပြီး မြွေကြီးတစ်ကောင်နှင့်အတူ တာအိုမီးတောက် ဘိုးဘေးနယ်မြေထဲသို့ ဝင်ရောက်သွားသည်။

ဧကရာဇ်နှစ်ပါးသည် အမျိုးမျိုးသော တာအိုသိုင်းကွက်များအား ၎င်းတို့အပေါ်တွင် တံဆိပ်ခတ်နှိပ်နေကြသဖြင့် သူတို့၏ ၀တ်ရုံများက လေထဲတွင် တဖျတ်ဖျတ် လွှင့်ခတ်နေတော့သည်။ သူတို့က ကိုယ်ပိုင်တာအိုသိုင်းကွက်များကို အသုံးပြုလျက် တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ ကောင်းကင်ဘုံကိုးဘုံကို ကာကွယ်နေကြသည်။ သူတို့၏နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာကြ၏။ “မီးအားက ပြင်းလွန်းတယ်… ငါတို့နှစ်ယောက်တည်းနဲ့ ဖိနှိပ်ဖို့ ခက်လာပြီ … ငါတို့ရဲ့ကိုယ်ပိုင်ဘိုးဘေးနယ်မြေကို ဒီနေရာဆီ ရွှေ့လာခဲ့သင့်တာ…”

ဧကရာဇ်နှစ်ပါးမှာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ အသွင်အစစ်တို့အား ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် ကောင်းကင်ယင်ပင်လယ်ပေါ်သို့ ခြေချလိုက်သော နတ်မင်းရွှမ်းဝူအဖြစ် ပြောင်းလဲသွား၏။ သူတို့က တာအိုမီးတောက် ဘိုးဘေးနယ်မြေထဲသို့ ဝင်ရောက်သွားပြီး နတ်ဓားကို ဆေးကြောသန့်စင်နိုင်ရန် ကောင်းကင်ယင်ပင်လယ်ရေများအား ဘိုးဘေးနယ်မြေ၏ ကောင်းကင်ဘုံကိုးဘုံထဲသို့ ပို့လွှတ်လိုက်ကြလေသည်။

ခိုင်ဧကရာဇ်က မျက်ခုံးများပင့်လိုက်သည်။ သူသည် ပန်းပဲတာအိုတွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း ရွှေအက သူ၏တာအိုနှလုံးသား တာအိုမီးတောက် ဘိုးဘေးနယ်မြေနှင့် ကိုက်ညီမှုရှိစေရန် စကားမပြောခဲ့ခြင်းဖြစ်ကြောင်း ပြောနိုင်၏။ ရွှေအသည် တာအိုမီးတောက်ဘိုးဘေးနယ်မြေအား ရနိုင်သမျှ အတိုင်းအတာအထိ ထိန်းချုပ်ချင်နေခြင်းပင်။

ပန်းပဲဆရာတစ်ဦးအနေဖြင့် တာအိုမီးတောက်အပေါ် အသေးစိတ်ထိန်းချုပ်တတ်ရန် လိုအပ်၏။ သူ စကားပြောလိုက်ပါက အမှားများ ထွက်ပေါ်လာနိုင်သည်။

ယခုတွင် ရွှေအ စကားပြောလိုက်ပြီဖြစ်ရာ ဓားသွန်းခြင်း လုပ်ငန်းစဉ်၏ အရေးအကြီးဆုံးနှင့် နောက်ဆုံးအခိုက်အတန့်သို့ ရောက်နေသည့်အဓိပ္ပာယ်ပင်။

“ဒီနတ်ဓားက နောက်ဆုံးတော့ အောင်မြင်တော့မှာလား”

သူ့မှာ အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲမှ အလိုအလျောက် ထွက်သွားတော့မည်အလား တုန်ခါနေလေသည်။

ခိုင်ဧကရာဇ် လှည့်ကြည့်လိုက်သည့်အခါ ရွာလူကြီးစုမူကျဲ၊ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မရေမတွက်နိုင်သော ဓားသိုင်းပညာရှင်များကို တွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူတို့၏ ဓားများသည်လည်း တုန်ခါနေကြပြီး ဓားတချို့ဆိုလျှင် ပိုင်ရှင်များ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ လေထဲတွင် မြောလွင့်ကာ အဆက်မပြတ် လှည့်ပတ်နေကြသည်။ ဓားတို့ကား လေထဲတွင် ဖြည်းဖြည်းချင်း ပျံသန်းနေကြလေသည်။

ထိုဓားများသည် ပျံသန်းနေကြချိန်တွင် ပူဇော်ကိုးကွယ်နေကြသကဲ့သို့ တဝီဝီအသံများ ထုတ်လွှတ်နေကြ၏။

'ဒီဓားက အင်အားကြီးမားလွန်းတယ်”

ခိုင်ဧကရာဇ်၏ နှလုံးသားထဲတွင် အေးစက်တောင့်တင်းသွားပြီး ရွှင်ပျော်ပျော်ဓားကို ဖိနှိပ်ထားလိုက်သည်။

သူသည် ဓားလမ်းစဉ်၏ အမြင့်ဆုံးဓားသမား ဖြစ်သည်။ သူ၏ ရွှင်ပျော်ပျော်ဓားကပါ ဓားအိမ်ထဲမှ ထွက်၍ ဓားတစ်သောင်း၏ ပူဇော်ကိုးကွယ်မှုထဲတွင် ပါဝင်နေပါက သူသည် ချင်မူ့အောက် အားနည်းသည့် အဓိပ္ပါယ်ဖြစ်သွားမည် မဟုတ်ပါလော။

သူ့အနေဖြင့် ချင်မူ့အပေါ် မျှော်လင့်ချက်ကြီးစွာ ထားသည့်အပြင် ချင်မူ၏ အလားအလာနှင့် သိမြင်နိုင်စွမ်းတို့မှာ ဩချလောက်သော်လည်း ဓားလမ်းစဉ်တွင် ချင်မူကား သူ၏ပြိုင်ဘက်ဖြစ်လာရန် ဝေးကွာနေသေးသည်။

All Chapters