မိုးကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားသော ဓား
Vol. 115 Ch. 1504
“ကပ်ဘေးတဲ့လား”
ခိုင်ဧကရာဇ်က ချင်မူ့ကု ကြည့်လိုက်သည့်အခါ ချင်မူသည် နတ်ဓားကို မြှောက်တင်လိုက်သည်အား တွေ့လိုက်ရသည်။ သူသည် ရွှမ်တုမှ ဖြာကျလာသော အလင်းရောင်ကို သုံးလျက် နတ်ဓားကို အကဲခတ်နေ၏။
ခိုင်ဧကရာဇ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ... ရင်ထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များစွာ ဖြစ်ပေါ်လာသည်။
ယခုလို ကပ်ဆိုက်နေသော ကာလတွင် မည်သူက ကံတရားကို ဆုံးဖြတ်နိုင်မည်နည်း။
ခိုင်ဧကရာဇ်ခေတ်၊ ချုံဧကရာဇ်ခေတ်၊ ချိမင်ခေတ်နှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးတို့ ခေတ်တွင် ကပ်ဘေးသည် မကြာခဏ ကျရောက်လာတတ်ပြီး ခမ်းနားတင့်တယ်ခဲ့သည့် ခေတ်များကို အပျက်အစီးများသာ ကျန်ရစ်စေခဲ့သည့်တိုင်အောင် လောကကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သည်။
ထိုကပ်ဘေးများကြောင့် ထွန်းလင်းတောက်ပခဲ့သော ဧကရာဇ်များနှင့် လူနေမှုအဖွဲ့အစည်းများမှာ ပြိုလဲသေဆုံးခဲ့ရသည်။ ခိုင်ဧကရာဇ်ခေတ်ပင်လျှင် အိပ်မက်တစ်ခု ဖြစ်လာခဲ့၏။
ကပ်ဘေးများနှင့် ရင်ဆိုင်ရသည့်အခါတွင် အဘယ်သူသည် လှော်တက်အား ကိုင်၍ လေဟုန်ခွင်းပြီး လှိုင်းလုံးများကို ဖောက်ထွက်ရင်း သတ္တဝါတို့အား တင်ဆောင်သွားပါမည်နည်း။
ခိုင်ဧကရာဇ်သည် ၎င်းလှော်တက်ကို မကိုင်ဆောင်ခဲ့ပေ။
ယခုတွင် ချင်မူ့နတ်ဓားသည် ကပ်ဘေးဟု အမည်တွင်၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် စေလွှတ်မည့် ကပ်ဘေးအား သူ ကြိုတင်တွေ့မြင်နေသည်လော။
သို့မဟုတ် သူက ကောင်းကင်နတ်ဘုံတွင် ကပ်ဘေးကျရောက်စေမည်လား။
နှစ်ခုလုံး ဖြစ်ကောင်းဖြစ်နိုင်သည်။
ကပ်ဘေးဓား၏ စွမ်းအားမှာ အပြည့်အဝ ထိန်းချုပ်ခံထားရချေပြီ။ အပြင်ပန်းမှကြည့်လျှင် သာမန်ဓားတစ်လက်နှင့်သာ တူ၏။ ရှုပ်ထွေးနက်နဲသော တာအိုအမှတ်အသားများ သို့မဟုတ် မလိုအပ်သော အလှပန်းခက်များလည်း မရှိချေ။ ချင်မူ့လက်ထဲတွင် အလင်းတန်းသဖွယ် ဓားသွားရှည်တစ်လက်နှင့် ချွန်ထက်နေသော ဓားထိပ်သာ ရှိသည်။
သို့သော် ဤဓား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဓားကို သွန်းလုပ်ရာတွင် ပါဝင်ခဲ့သူတိုင်း သိထားကြလေသည်။
ဤဓားကို အောင်မြင်စွာ သွန်းလုပ်နိုင်ရန် အလို့ငှာ ရှေးဟောင်းနတ်မင်းလေးပါး၊ ခိုင်ဧကရာဇ်နှင့် ကျန်သူတို့အားလုံးသည် အပူပေးခြင်း၊ သန့်စင်ခြင်း၊ ထုရိုက်ခြင်း၊ အအေးခံခြင်းအစရှိသော လုပ်ငန်းစဉ်များတွင် အတူပါဝင်ကာ ကြိုးစားအားထုတ်ခဲ့ကြရသည်။ ဓား ဖြစ်တည်လာသည့်အချိန်တွင် ၎င်း၏အင်အားသည် မိုးကောင်းကင်ထက်ပင် ကျော်လွန်သွားနိုင်၏။
ကပ်ဘေးဓားသည် မိုးကောင်းကင်ကြီးအား အုပ်စိုး၍ တစ်ချက်မျှ လှုပ်ခါလိုက်ရုံဖြင့် ကြယ်တာရာများအား ကြွေကျလာစေနိုင်သည်။
ကောင်းကင်နတ်ရှင်တစ်ပါး၏ ရတနာပင်လျှင် ဤမျှစွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ချင်မူက ဓားကို ကိုင်လျက် စဉ်းစားနေသည်။ ထို့နောက် အေးဆေးစွာပင် သစ်သားဓားအိမ်တစ်ခု ပြုလုပ်၍ ကပ်ဘေးဓားအား ထည့်လိုက်သည်။
ဤနတ်ဓားနှင့် လိုက်ဖက်သော ဓားအိမ်ဟူ၍ မရှိပေ။ ဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ပါက တစ်လောကလုံးတွင် အကောင်းမွန်ဆုံးဖြစ်သည့် ဓားအိမ်ပင်လျှင် တောင့်ခံနိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် ဒုက္ခခံမနေတော့ဘဲ အရိုးရှင်းဆုံးနှင့် သာမန်အဖြစ်ဆုံး ဓားအိမ်ဖြင့်သာ ဓားမရှအောင် ကာကွယ်ထားလိုက်သည်။
“အရင်က မင်းက ဓားကို အားကိုးပြီး ငါ ရွှင်ပျော်ပျော်ကျေးရွာက ထွက်လာအောင် နားချခဲ့တယ်…. အဲဒီနောက်ပိုင်းတော့ ဓားကို လက်လျှော့ပြီး ကောင်းကင်နတ်သိုင်းတွေကိုပဲ အသုံးပြုခဲ့တယ်”
ခိုင်ဧကရာဇ်က ချင်မူ့အရှေ့သို့ လျှောက်လာကာ ပြောသည်။ “အခုတော့ ဓားကို နောက်တစ်ကြိမ် ကိုင်လိုက်ပြီ… စိတ်မပျက်ရစေနဲ့”
ချင်မူက ခေါင်းညိတ်သည်။ “ကျွန်တော့်ဓားက သန့်ရှင်းစင်ကြယ်တဲ့ ဓားတော့ ဖြစ်လာမှာ မဟုတ်ဘူး… ကျွန်တော်က လူတွေ သတ်ဖို့ ဓားသုံးတာ”
“ကောင်းကင်နတ်သိုင်းတွေကရော လူသတ်ဖို့ မသုံးဘူးလား… လမ်းစဉ်အတိုင်း လျှောက်ပြီး မင်းရဲ့နှလုံးသားကို ကာကွယ်…. မူလနှလုံးသားကနေ သွေဖယ်မသွားစေနဲ့… မူလနှလုံးသားကို မဆန့်ကျင်နဲ့… အဲဒါဆိုရင် မင်းလက်ထဲက ဓားကို လူသတ်ဓားအဖြစ် သုံးလည်း ဘာနစ်နာမှုတွေ ရှိလာနိုင်တော့မှာလဲ”
ခိုင်ဧကရာဇ်က အဝေးသို့ လျှောက်သွားရင်း မှင်သေသေ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ဓားတာအိုမှာ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ... ဒါပေမဲ့ မင်းကိုယ်တိုင်တောင် အဲ့ဒါကို မသိဘူး… ကောင်းကင်နတ်သိုင်းတာအိုဟာ ဓားတာအိုနဲ့ မကိုက်ညီဘူးလို့ ခံစားခဲ့ရပေမယ့် ဓားတာအို ကောင်းကင်နတ်သိုင်းတွေကလည်း ကောင်းကင်နတ်သိုင်းတွေ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး… ဓားကွက်ဆိုတာလည်း ကောင်းကင်နတ်သိုင်းတွေပဲ… သူတို့ကို ချိတ်ဆက်ပြီး လိုက်လျောညီထွေ ဖြစ်စေလို့ရတယ်”
ချင်မူ့ စိတ်ထဲတွင် ဗလာကျင်းသွားပြီး ထိုနေရာ၌ အေးစက်တောင့်တင်းစွာ ရပ်နေမိသည်။
ခိုင်ဧကရာဇ်၏ စကားများက သူ့အတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သကဲ့သို့ သူ့မှာ စိတ်လှုပ်ရှားလာမိ၏။
ကောင်းကင်နတ်သိုင်းများနှင့် ဓားတာအို၏ ကိုက်ညီမှုမှာ အရိုးရှင်းဆုံး နိယာမတစ်ခု ဖြစ်သော်လည်း သူ တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူသည် အတိတ်တုန်းက ကောင်းကင်နတ်သိုင်းများကို သိမြင်နားလည်ခဲ့ပြီး ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ ဝင်ရောက်ကာ ကောင်းကင်ဘုံ ၂၆ ဘုံအထိ ရောက်ရှိနိုင်ခဲ့သည်။ ကောင်းကင်နတ်သိုင်းပညာရပ်၌ ကြိုးစားအားထုတ်၍ မဟာတာအိုမျိုးစုံကို သိမြင်နားလည်ခဲ့သော်လည်း ဓားလမ်းစဉ်ကိုတော့ ပစ်ပယ်ထားခဲ့မိ၏။
ချင်မူမှာ ထော့ကျိုး၏ သေဆုံးမှုကြောင့် သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာသဖြင့် ဓားတာအိုဆီ အာရုံပြောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့ဓားတာအိုအနေဖြင့် တတိယကောင်းကင်ဘုံအထိသာ ကျင့်ကြံထားရသေးသောကြောင့် နောက်ထပ်ခြေတစ်လှမ်းတက်ရန် အလွန်တရာ ခက်ခဲမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသည်။
သို့သော် ခိုင်ဧကရာဇ် ဖွင့်လှစ်ပေးခဲ့သော ဉာဏ်အလင်းက သူ့အား အလွန်တရာ မြင့်မားသော ဖြစ်နိုင်ခြေတစ်ခုကို မြင်လာစေခဲ့ချေပြီ။ ၎င်းက ကောင်းကင်နတ်သိုင်း တာအိုအဆင့်နှင့် ဓားတာအို တာအိုအဆင့်တို့ကို ပေါင်းစည်းရန်ပင်။
ရုတ်တရက် ချင်မူက ထခုန်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်၍ ကပ်ဘေးဓားကို ထုတ်လိုက်သည်။ ဓားရောင်သည် ပြန့်ကျဲသွားပြီး ဓားတာအိုနှင့် ကောင်းကင်နတ်သိုင်းတာအိုတို့မှာ ပေါင်းစည်းသွားကြ၏။
သူ၏လက်ထဲတွင် ဓားရောင်တို့က ဖြာဆင်းနေကာ ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်လေးခုအား ထုတ်ဖော်ပြသထားသည်။ ၎င်းတို့က ကောင်းကင်မြေပြင်စက်၀န်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုတို့အဖြစ် ပြောင်းလဲသွားကြသည်။ စိတ်ခံစားချက်များမှာ ကပ်ဘေးဓားထဲတွင် ဖွဲ့တည်လာလေသည်။ ကောင်းကင်နတ်သိုင်းလမ်းစဉ်နှင့် ဓားလမ်းစဉ်က ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီး အလွန်တရာ အင်အားကြီးမားလာတော့သည်။
သူ့ဓားသိုင်းကွက်က ပြောင်းလဲသွားပြန်ပြီး ကောင်းကင်နှင့် မြေကြီး၏ မုခ်၀အဖြစ် ထပ်မံဖွဲ့တည်သွားသည်။ ဓားရောင်တို့က တစ်ခုနှင့်တစ်ခု ရစ်သိုင်းရောယှက်လျက် ရှိနေပြီး ကောင်းကင်မုခ်၀တစ်ခုသည် ကောင်းကင်နှင့်မြေကြီးအား လူ့ပြည်နှင့် ဆက်သွယ်ပေးထား၏။
သူ့လက်ထဲရှိ ဓားရောင်က ပြန့်ကျဲသွားကာ ကောင်းကင်နတ်မြစ်တစ်စင်း ထွက်ပေါ်လာစေသည်။ ထိုမှတစ်ဆ့် ကောင်းကင်နှင့်မြေကြီး၏ ဝင်ရိုးစွန်းလေးခု ပေါ်လာပြီး နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက် ရှေးဟောင်းနတ်မင်းလေးပါးက ကောင်းကင်နတ်မြစ်၏ ဝင်ရိုးစွန်းလေးခုပေါ်တွင် ရပ်နေကြသည်။
ချင်မူသည် သူ၏ခံစားချက်များကို ထုတ်ဖော်ရင်း သိုင်းကွက်တစ်ကွက်ပြီးတစ်ကွက် အသက်သွင်းနေ၏။ သူ့မှာ စိတ်လှုပ်ရှားနေသည်အား မထိန်းချုပ်နိုင် ဖြစ်နေသည်။
ခိုင်ဧကရာဇ်က ကောင်းကင်ယင်ကမ္ဘာမှ ထွက်လာခဲ့ပြီး ယန်ယွင်ရှီနှင့် လီရုံလန်က သူ့အနောက်မှ လိုက်ပါလာကြသည်။ ခိုင်ဧကရာဇ် ပြန်လှည့်ကြည့်လိုက်သည့်အခါ ဓားလမ်းစဉ်သည် ကောင်းကင်နှင့် ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းနေသည်အား တွေ့လိုက်ရ၏။ ၎င်းက အံ့ဩငေးမောဖွယ်ကောင်းလှသည်။
ထိုနေရာတွင် ချင်မူကား သူ၏ အသိပညာနှင့် သိုင်းအခြေခံကို ဓားလမ်းစဉ်အဖြစ် ပြောင်းလဲကာ အဆပေါင်းများစွာ တိုးတက်လာချေပြီ။ သူ၏ ဓားတာအိုအဆင့်သည် တစ်ခါတည်းဖြင့် များစွာခုန်တက်သွားရာ ခိုင်ဧကရာဇ်မှာ လေးစားအားကျနေမိတော့သည်။
“ချင်မိသားစု၀င်တွေရဲ့ ဓားတာအိုက သူတို့အရိုးထဲအထိ ခတ်နှိပ်ထားတာပဲ”
သူက ပြုံးလျက် ပြန်လှည့်ကာ ရှေ့ဆက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် အဘိုးအိုတစ်ဦးက သူ၏လမ်းတွင် ပိတ်ရပ်လိုက်၏။ အဘိုးအိုမှာ ရှက်ရွံ့ကြောက်လန့်နေပြီး သူ့နှင့် မျက်လုံးချင်း မဆုံရဲပေ။
“လူသားဧကရာဇ် စုမူကျဲ”
ခိုင်ဧကရာဇ်က ရပ်၍ အဘိုးအိုကို ကြည့်လိုက်သည်။ ရွာလူကြီးစုမူကျဲသည် သူ့အား အကဲခတ်နေသောမျက်လုံးများဖြင့် ကြည့်နေသော်လည်း မျက်လုံးချင်းမဆုံရဲကြောင်း သတိထားမိလိုက်၏။ ခိုင်ဧကရာဇ်က မေးလိုက်သည်။ “မင်းက ငါ့ကိုတားပြီး ငါ့ဝိညာဉ်ကို ချိုးဖျက်ဖို့ ကြိုးစားပေမယ့် ဓားကိုတော့ ဆွဲမထုတ်ရဲဘူး…. ဓားကိုင်ဖို့ သတ္တိမရှိတာလား”
ယန်ယွင်ရှီနှင့် လီရုံလန်လည်း ရပ်လိုက်ပြီး ရွာလူကြီးအား ကြည့်လိုက်သည်။
ရွာလူကြီး၏ လက်ဖဝါးက သူ၏ခါးရှိ ဓားကို ဖြည်းဖြည်းချင်း ကိုင်လိုက်သော်လည်း လက်မှာ တုန်ရီနေလေသည်။ ဓားကိုင်သော လက်နှင့်ပင် မတူပေ။
ဓားကိုင်ထားသော လက်သည်က ခိုင်ဧကရာဇ်ကဲ့သို့ တည်ငြိမ်နေရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဓားသိုင်းပညာရှင်တစ်ဦး၏လက်သည် သူတို့၏ တာအိုနှလုံးသားအဆင့်အား ကိုယ်စားပြု၏။ ဓားကိုင်သော လက်သည် မည်သည့်အနှောင့်အယှက်မှ မခံရဘဲ တာအိုနှလုံးသားကဲ့သို့ တည်ငြိမ်နေရမည် ဖြစ်သည်။ တိုင်းပြည်တစ်ပြည်လုံးကို တည်ငြိမ်စေနိုင်သည့် ဓားတစ်လက်နှင့် တစ်လောကလုံးကို သိမ်းပိုက်နိုင်သည့် ဓားတစ်လက် ဖြစ်လာရန် တာအိုနှလုံးသားအရာတွင် အောင်မြင်မှုများ လိုအပ်ပေသည်။
ရွာလူကြီးစုမူကျဲကား ဓားနယ်ပယ်ကို ဖွဲ့တည်နိုင်ခဲ့သော ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဓားတာအိုအောင်မြင်မှုများမှာ အလွန်တရာ မြင့်မားသည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဓားလမ်းစဉ်သိုင်းပညာရှင်များစွာ ပေါ်ပေါက်ခဲ့ခြင်းမှာလည်း သူ၏ စွမ်းဆောင်မှုကြောင့် ပါသည်။ သူ၏ ဇွဲရှိရှိ သင်ကြားလေ့ကျင့်ပေးမှုကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားလမ်းစဉ်သည် အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဓားနယ်ပယ်ကို ဖွဲ့တည်နိုင်ပြီးနောက် သူ့အတွက် နောက်တစ်ဆင့်တက်ရန် ခက်ခဲခဲ့ပြီး သူ၏သိုင်းအဆင့်ပင်လျှင် နောက်တစ်ဆင့် မတက်နိုင်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ဓားတာအိုအဆင့်မှာ မြင့်မားလွန်းနေ၍ ဖြစ်သည်။ မြင့်မားလွန်းသဖြင့် ဓားကို အသုံးပြုသည့်အခါ သူ၏အရှေ့တွင် အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ရပ်နေပြီး ထိုသူကို ကျော်လွန်၍ အမြင့်ဆုံးသို့ မတက်နိုင်သည့်အလား ခံစားရစေသည်။
ထို ရပ်နေသည့်ပုဂ္ဂိုလ်မှာတော့ ခိုင်ဧကရာဇ်ချင်ယဲ့ပင်။
ခိုင်ကရာဇ်ချင်ယဲ့သည် ဓားတာအို၌ တစ်လောကလုံးတွင် နံပါတ်တစ်ပုဂ္ဂိုလ် မဟုတ်ပါလော။ သူ၏ ဓားတာအိုကို ဟင်းလင်းပြင် ၃၅ လွှာတွင်လည်း ခတ်နှိပ်ထားသည်။ ဓားလမ်းစဉ်သို့ ဝင်ရောက်၍ ဓားနယ်ပယ်ကို ဖွဲ့တည်ထားနိုင်သူမဆို သူ၏နောက်ကျောသို့ လှမ်းကြည့်နေရသည့်အလား၊ ဧရာမတောင်တစ်လုံးကို မော်ကြည့်နေရသည့်အလား ခံစားတတ်ရသည်။
ခိုင်ဧကရာဇ်သည် ဓားသိုင်းပညာရှင်အားလုံးနီးပါး၏ ရင်ဘတ်ထဲက နတ်ဘုရား ဖြစ်၏။ ချိုးဖျက်မရသော နတ်ဘုရားဟု ဆိုရမည်။ အထူးသဖြင့် ရွာလူကြီးအတွက် ပို၍မှန်ကန်သည်။ ဤနတ်ဘုရားသည် သူ အသက်ရှူမရနိုင်သည့်အထိ သူ၏နှလုံးသားအပေါ် ဖိနှိပ်ထားလေသည်။
“မင်းက မင်းရဲ့ ရင်ဘတ်ထဲက နတ်ဘုရားကို တိုက်ခိုက်ချင်ပေမယ့် တိုက်ခိုက်လိုက်တာနဲ့ ဘယ်ဓားကွက်မဆို မှားယွင်းနေမှာ စိုးရိမ်လို့ မတိုက်ခိုက်ရဲဘူး”
ခိုင်ဧကရာဇ်က ရွာလူကြီး၏လက်ဆီသို့ ကြည့်လိုက်သည်။ သူ၏လက်မှာ တုန်ရီနေဆဲဖြစ်ကာ ဓားကို မကိုင်နိုင်သေးပေ။ ခိုင်ဧကရာဇ်က ခပ်ဩဩလေသံဖြင့် ဆက်ပြော၏။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကို ငါ သင်ပေးခဲ့တာ မဟုတ်ဘူးဆိုတာ သတိရရဲ့လား… သူ့ကို ဓားပညာ သင်ပေးခဲ့တာ မင်းပဲ.... မင်းက သူ့ဆရာ… သူ့နှလုံးသားထဲမှာ ဘာနတ်ဘုရားမှ မရှိဘူး… လမ်းကို ပိတ်ရပ်ထားတဲ့ ငါ့လို နတ်ဘုရားတွေ မရှိဘူး”
ရွာလူကြီး၏အသံက ဩရှအိုမင်းစွာ ထွက်ပေါ်လာသည်။ “သူ့ဓားလမ်းစဉ်က မြင့်မားတဲ့အထိ မကျင့်ကြံရသေးတော့ ခင်ဗျားလို နတ်ဘုရားမျိုး လမ်းပိတ်ရပ်နေတာ မြင်ဖို့ ခက်ခဲနေသေးတာ…”
“မှားတယ်”
ခိုင်ဧကရာဇ်၏ အကြည့်က သူ၏မျက်နှာပေါ်သို့ ကျရောက်လာပြီး မျက်လုံးချင်းဆုံကာ ကြည့်လိုက်သည်။ “သူ့ဓားလမ်းစဉ်က ၂၉ ခုမြောက် ကောင်းကင်ဘုံအထိ ရောက်နေပြီ”
ရွာလူကြီးမှာ အံ့သြမှင်သက်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ ချင်မူ၏ အဆုံးမရှိသော ဓားလမ်းစဉ်သည် မူလချီမဟာကောင်းကင်နတ်သိုင်းအဖြစ် အသွင်ပြောင်း၍ ကမ္ဘာဦးမချီနှင့်အတူ ဖြတ်သန်းစီးဖြာနေသည်အား တွေ့လိုက်ရသည်။
၎င်းက ချင်မူ၏ မဟာတာအို သိမြင်နားလည်ခြင်းသာ မဟုတ်ဘဲ ဓားလမ်းစဉ်အပေါ် သိမြင်နားလည်ခြင်းလည်း ဖြစ်၏။
ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၂၉ ဘုံမှာ ချင်မူ့လက်ထဲတွင် ထိုသို့ အသက်ဝင်လာခဲ့ချေပြီ။ ဓားလမ်းစဉ်ကို အသုံးပြုလျက် ထိုက်ချူလမ်းစဉ်ကို ရှင်းပြနေခြင်းက ပြီးပြည့်စုံလွန်းပြီး သင့်လျော်နေသည်။
“ဒီလို ဓားလမ်းစဉ် ဉာဏ်ကြီးရှင်တစ်ယောက်ကို မင်း သင်ကြားပျိုးထောင်ပေးခဲ့တာပဲ... ငါ မဟုတ်ဘူး”
ခိုင်ဧကရာဇ်၏လက်ဖဝါးက ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်လိုက်သည်။ “ဒီလိုပြိုင်ဘက်ကင်းတဲ့ တပည့်တစ်ယောက်ကို သင်ကြားပေးနိုင်ပေမယ့် ငါအရှေ့မှာတော့ ဓားကိုတောင် မထုတ်ရဲဘူးတဲ့လား…” သူက ခပ်ဩဩ မေးလိုက်၏။ “သူက လောကသခင်ခန္ဓာလို့ မင်းပဲ ပြောခဲ့တာ… သူ့ရဲ့ ယုံကြည်ချက်တွေ ပြိုင်ဘက်ကင်းအောင် မင်းပဲ ပျိုးထောင်ပေးခဲ့တာ… ဘယ်လိုပြုမူနေထိုင်ရမလဲ မင်းပဲ သင်ပေးခဲ့တာ… မင်း ပျိုးထောင်ပေးခဲ့လို့ သူ့ရဲ့နှလုံးသားထဲမှာ နတ်ဘုရားတစ်ပါးမှ ရှိမနေဘူး… သူ့ရဲ့ဆရာ မင်းကတော့ မလုပ်နိုင်ဘူးတဲ့လား… ဓားထုတ်လိုက်စမ်း…”
ရွာလူကြီး၏ မျက်လုံးများက တောက်ပသထက် တောက်ပလာသည်။ သူ၏လက်ကလည်း တည်ငြိမ်သထက် တည်ငြိမ်လာ၏။
ရုတ်တရက် ချွင်ခနဲ အသံနှင့်အတူ သူ၏ဓားသည် ဓားအိမ်ထဲမှ ထွက်လာပြီး ဓားရောင်က ကောင်းကင်တွင် ဖြာထွက်သွားသည်။
ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားကလည်း ဓားအိမ်ထဲမှ ထွက်လာပြီး ဓားရောင်ချင်း ဝင်တိုက်သွားကြ၏။ လူရိပ်နှစ်ယောက်ကား တစ်ယောက်ထံတစ်ယောက် ပြေးဝင်ကာ ဖြတ်သန်းသွားကြသည်။
ခိုင်ဧကရာဇ်က ရပ်လိုက်၏။ သူ့အနောက်တွင် ရွာလူကြီးစုမူကျဲ၏ ဖြူဖွေးနေသောဆံပင်များ လွင့်မျောနေသည်။ သူက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က တည်ငြိမ်စွာ ရပ်နေသည်။
ရွှပ်.. ရွှပ်.. ရွှပ်
ထောင်ပေါင်းများစွာသော ဓားဒဏ်ရာတို့က ရွာလူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာကြသည်။ ပြင်းထန်လှသော ချီနှင့် သွေးက ထိုဒဏ်ရာများကို အက်ကွဲလာစေပြီး ချုပ်ထားမရအောင် ဆိုးရွားသွားစေ၏။
ရွာလူကြီးက တစ်ချက် ပြုံးလိုက်ပြီး ယိမ်းယိုင်ကာ မြေပေါ် လဲကျသွားတော့သည်။
ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ဓားအိမ်ထဲ ထည့်လိုက်သည်။ သူ၏နားထင်ဆီမှ ဆံနွယ်တစ်စ ပြတ်ကျလာ၏။ သူက ခေါင်းလှည့်ကြည့်ကာ ပြောသည်။ “စုမူကျဲ၊ မင်း င့ါအရိပ်အောက်ကနေ ထွက်နိုင်ခဲ့ပြီ.. ဓားလမ်းစဉ်မှာ မင်းဟာ ငါ့ရဲ့တာအိုမိတ်ဆွေ ဖြစ်လာနိုင်ပြီ”
ရွာလူကြီး၏ အဆုတ်မှာ ခိုင်ဧကရာဇ်၏ဓားကြောင့် ဒဏ်ရာရသွားခဲ့သည်။ သူသည် ဟောဟဲလိုက်၍ အသက်ရှူနေရသော်လည်း အားရဝမ်းသာစွာ ရယ်မောနေသေး၏။ သူက သွေးအိုင်ထဲတွင် ကလေးငယ်တစ်ဦးအလား လူးလိမ့်နေပြီး လက်ထဲတွင် နတ်ဓားကို ပိုက်ထားသည်။
ခိုင်ဧကရာဇ်လည်း ခေါင်းတခါခါဖြင့် ကောင်းကင်ယင်ကမ္ဘာမှ ထွက်ခွာသွားတော့သည်။
ယန်ယွင်ရှီနှင့် လီရုံလန်တို့မှာ သူ့အနောက်သို့ အလျင်အမြန် လိုက်သွားကြသည်။ ယန်ယွင်ရှီက ခပ်တိုးတိုး မေးသည်။ “အရှင်မင်းကြီး၊ သူ့ကို တမင် အလျှော့ပေးခဲ့တာလား… သူက အရှင်မင်းကြီးရဲ့ ဆံပင်တစ်ချောင်းကိုတောင် ဖြတ်နိုင်ခဲ့တယ်… သူ့ရဲ့ ခွန်အားနဲ့ဆို အဲဒီလိုတောင် လုပ်နိုင်သင့်တာ မဟုတ်ဘူးလေ”
ခိုင်ဧကရာဇ်က ခေါင်းခါရမ်းလိုက်ပြီး အနိမ့်အမြင့်မရှိသော အသံဖြင့် ဖြေသည်။ “ငါ သူ့ကို သိုင်းအဆင့်မှာ အလျှော့ပေးခဲ့ပေမယ့် ဓားတာအိုမှာတော့ အလျှော့မပေးခဲ့ဘူး… ဓားပညာဆိုတာ တိုက်ခိုက်တဲ့ ပညာရပ်ပဲ ... သူ့အနေနဲ့ ငါ့ဆံပင်တစ်ချောင်း ဖြတ်ပိုင်ခွင့် ရှိတယ်..”
သူက တည်ငြိမ်အေးဆေးစွာဖြင့် ဆက်ပြောသည်။ “ငါ ဓားတာအိုနဲ့ ပတ်သက်လာရင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်လို ဖြစ်မလာချင်ဘူး… အခုမဖြစ်ချင်သလို အနာဂတ်မှာလည်း ဖြစ်မလာချင်ဘူး”
“ဓားတာအိုနဲ့ ပတ်သက်လာရင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်တဲ့လား”
ယန်ယွင်ရှီမှာ ကြောင်အသွားမိသည်။ ခိုင်ဧကရာဇ် ပြောသည်ကို သူမ သဘောပေါက်၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် မျိုးဆက်သစ်များ၏ တက်လမ်းကို ပိတ်၍ အာဏာကို ရူးသွပ်ကာ ရနိုင်သမျှ အရင်းအမြစ်မှန်သမျှ သိမ်းပိုက်ထားသည် မဟုတ်ပါလော။ နောင်မျိုးဆက်သစ်များ သူတို့ကို ကျော်မတတ်နိုင်ရန်အတွက် မည်သည့်အရာကိုမဆို လက်ဝါးကြီးအုပ်ထားခဲ့ကြသည်။
ခိုင်ဧကရာဇ်သည် ရွာလူကြီး ထိုသို့တိုက်ခိုက်နိုင်အောင် တမင်ခွင့်ပြုပေးခဲ့ခြင်း ဟုတ်မဟုတ် ယန်ယွီရှီ မသိနိုင်ပေ။ ခိုင်ဧကရာဇ်နှင့် ရွာလူကြီး၏ ဓားတာအိုအောင်မြင်မှုများက သူမထက် များစွာသာလွန်သည် မဟုတ်လော။
သို့သော် ခိုင်ဧကရာဇ်၏ စိတ်အခြေအနေ၊ တာအိုရရှိပြီးသော ပုဂ္ဂိုလ်တစ်ယောက်၏ စိတ်အခြေအနေကို သူမ ခံစားမိသည်။
ဤသို့ အဆင့်မျိုးသည် ကောင်းကင်နတ်အရှင်ဆယ်ပါး ရရှိနိုင်သည့်အဆင့်တစ်ဆင့် မဟုတ်ပေ။
ကောင်းကင်နတ်မင်း လီရုံလန်က ကောင်းကင်ယင်ကမ္ဘာအား လှည့်ကြည့်နေသည်။ တာအိုမီးတောက် ဘိုးဘေးနယ်မြေထဲတွင် အံ့မခန်းပုဂ္ဂိုလ်တစ်ဦးသည် တာအိုမီးတောက်အလွှာများထဲတွင် ရပ်နေ၏။ သူ့တာအိုအဆင့်ကား ပိုပို၍နက်နဲလာခဲ့ချေပြီ။
ထိုသူ၏ ပန်းပဲတာအို အဆင့်မြင့်တိုးတက်လာသည်ကိုလည်း သူ ခံစားနေရမိ၏။
ထိုကောင်လေးသည် လူသစ်ကလေးတစ်ယောက် မဟုတ်တော့ပေ။
သူ့ထက် သာလွန်တော့မည့်လူပင် ဖြစ်နေလင့်ကစား လီရုံလန်မှာ ထိုသူ့အတွက် အလွန်ပျော်ရွှင်ဝမ်းမြောက်နေမိတော့သည်။