← Chapters

ကျောက်စိမ်းမြို့တော်သို့ တစ်ယောက်တည်း သွားခြင်း

Vol. 115 Ch. 1505

ကျောက်စိမ်းမြို့တော်သို့ တစ်ယောက်တည်း သွားခြင်း

Vol. 115 Ch. 1505

ချင်မူက ဓားကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်ပြီး သူ့အား ကူညီရန် အရောက် လာခဲ့ကြသည့် နတ်မင်းလေးပါးအား တစ်ယောက်ချင်း ကျေးဇူးတင်နေသည်။ အရှေ့နတ်မင်းချင်းလုံကို ကျေးဇူးတင်စကားဆိုသည့်အချိန်တွင် အရှေ့နတ်မင်းက ပြုံး၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့အပေါ် အကြွေးတင်သွားပြီ… ငါ့ချီနဲ့သွေး အားဖြည့်ပေးတာကြောင့် မဟုတ်ရင် မင်း ဒီဓားကို ဖွဲ့တည်နိုင်မှာ မဟုတ်ဘူး… မင်းနတ်ဓားရဲ့ စွမ်းအားက ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ ရတနာထက်တောင် သာလွန်သေးတယ်… ဒါက ကြီးမားတဲ့ အကြွေးမြီတစ်ခုဆိုတော့ အနာဂတ်မှာ င့ါကို သေချာပေါက် ပြန်ဆပ်ရမယ်”

ချင်မူက ခေါင်းညိတ်ကာ မေးလိုက်သည်။ “စာချုပ်လိုချင်သေးလားဗျ”

အရှေ့နတ်မင်းလည်း သဘောတူတော့မည့်အချိန်တွင် ကောင်းကင်ယင်နတ်ဘုရားမက ဝင်ပြောသည်။ “မယူချင်နဲ့… စာချုပ်တောင်းခဲ့တဲ့ နောက်ဆုံးတစ်ယောက်က ကောင်းကင်နတ်အရှင်ဟုန်ပဲ… ကောင်းကင်နတ်အရှင်ဟုန် စာချုပ်ထုတ်မပြနိုင်တုန်းက ချင်မူက အကြွေးတင်နေတဲ့အကြောင်း ဝန်မခံခဲ့ဘူးလေ... ကျွန်မကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ... ပြီးတော့ ကောင်းကင်နတ်အရှင်ဟုန်ကို သတ်ပစ်ပြီး သူ့ရဲ့ဝိညာဉ်ကို ပြိုကွဲသွားစေခဲ့တယ်”

အရှေ့နတ်မင်းမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ဟန်ဆောင်ပန်ဆောင် ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင် မှတ်မိနေရင် ရပါပြီ… စာချုပ် မလိုပါဘူး”

ချင်မူက သက်ပြင်းချ၏။ “နှမြောစရာပဲဗျာ”

အရှေ့နတ်မင်းသည် သူ့စကား၏ အဓိပ္ပာယ်ကို မသိသဖြင့် နှုတ်ဆက်စကားဆိုကာ ထွက်ခွာသွားတော့သည်။

ချင်မူက သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း နောင်တများဖြင့် ရေရွတ်နေ၏။ “သူ့ကို အကြွေးစာချုပ် ရေးပေးလိုက်ရမှာ … သူ နောင်တစ်ချိန် ထုတ်မပြနိုင်ရင်တော့ ကျွန်တော်အနေနဲ့ အသိအမှတ်မပြုရုံပဲ ရှိမှာပဲဟာ… ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်နေတာကိုဗျာ... အခုတော့ အကြွေးစာချုပ် ရေးမပေးလိုက်ရတော့ သူ ပြဿနာရှာတဲ့အချိန်ကျ ကျေးဇူးကြွေး ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး… ကျွန်တော်က အမြဲတမ်း ကတိတည်တတ်တဲ့သူပါ...”

သူက လိပ်နက်နတ်မင်းကို ကျေးဇူးတင်လိုက်သည်။ “အရင်တုန်းက မဟာမိတ်ဖွဲ့ထားခဲ့တာဆိုတော့ လာပြီး ကူညီပေးရမှာ သဘာဝပါပဲ… ကျေးဇူးတင်စရာ မလိုပါဘူး… ငါတို့သားငယ်အပေါ် ဂရုစိုက်ပေးတဲ့အတွက် ငါတို့ဇနီးမောင်နှံက ကောင်းကင်နတ်အရှင်ကိုတောင် ကျေးဇူးမတင်ရသေးဘူး”

ချင်မူလည်း တည်တံ့စွာဖြင့် ပြောသည်။ “ဒီနှစ်တွေအတွင်း ဖန်သားကောင်းကင်စေတီက ကျွန်တော့်လက်ထဲ ရောက်လာခဲ့တော့ ကျွန်တော်လည်း အသိမပေးဘဲ ယူထားခဲ့မိတယ်… နတ်မင်းတို့အပေါ် စိတ်ပျက်အောင် လုပ်မိပါတယ်”

နတ်မင်းဝူက ပြုံးသည်။ “မသိဘဲ ယူတာ အပြစ်မရှိပါဘူး… ဒါပေမဲ့ ရတနာ ပျောက်သွားတာကတော့ သူ့အမှားပဲ… ကောင်းကင်နတ်အရှင် ဖန်သားကောင်းကင်စေတီကို ယူသွားတာက‌တော့ ငါ့သားဆီက ကပ်ဘေးကို ယူသွားသလိုပါပဲ”

နှစ်ယောက်သား အတူထွက်ခွာသွားကြသည်။

ချင်မူက အနောက်နတ်မင်းကျားဖြူ၏ ရှေ့သို့ သွားကာ ပြုံးလိုက်သည်။ “မမကြီး စစ်ခရာကို မှုတ်ပြီး အရှေ့နတ်မင်းရဲ့ ချီနဲ့ သွေးကို အသက်သွင်းပေးလိုက်တာဟာ တကယ်ကို ကောင်းကင်ဘုံက ကောင်းချီးပေးတာပါပဲ”

အနောက်နတ်မင်းက တခစ်ခစ် ရယ်သည်။ “အရှေ့နတ်မင်းက ကောက်ကျစ်ပြီး ကပ်စေးနည်းချက်ပဲ သိလား …. အစ်မတော်တောင်နတ်မင်း သူ့ကို ဘယ်လိုတောင် ချစ်ခဲ့မှန်း ငါ တွေးကြည့်လို့တောင် မရဘူး… သူက ဘာမှလည်း အားစိုက်ထုတ်နေတာ မတွေ့တာနဲ့ ငါ ကူညီပေးခဲ့တာပါ … ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… အရင်တစ်ခါတုန်းက နင် ငါ့ကို ကယ်တင်ပေးခဲ့တာပဲဟာ …”

သူမသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ချင်မူက သူ့ကို ကူညီရန် ရောက်လာခဲ့ကြသော ပန်းပဲပညာရှင်များ၊ ၀င်္ကပါဆရာသခင်များနှင့် ‌ဓားသိုင်းပညာရှင်အားလုံးကို ဦးညွှတ်အရိုအသေပေးလိုက်၏။ ထောင်သောင်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့သည်လည်း ပြန်လည်ဦးညွှတ်အရိုအသေပေးလိုက်ပြီး ရှေ့ဆုံးတွင် ဦးဆောင်နေသူမှာ ယုယွမ်ချူးယွီ ဖြစ်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ဓားသွန်းလုပ်နိုင်အောင် ကူညီပေးခဲ့တာမှာ ကျုပ်တို့လည်း အကျိုးအမြတ်အများကြီး ရခဲ့ပါတယ်… ကျုပ်တို့ရဲ့ ဓားလမ်းစဉ် အနာဂတ်မှာ ပိုပြီးတိုးတက်လာတာက ဒီဓားကို သွန်းလုပ်ပေးခဲ့တဲ့အတွက်ကြောင့်ဆိုတာ သေချာပါတယ်”

သူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ချင်မူလည်း ထွက်ခွာရန် ပြင်ဆင်နေကြသော ဧကရာဇ်ယန်ဖုန်းနှင့် ကျန်းပိုင်ကွေ့ကို တွေ့လိုက်ရ၏။ “အရှင်မင်းကြီး၊ ညီလေး….. ခင်ဗျားတို့ နဂါးသွဲ့စင်မြင့်ဆီ သွားပြီးရင် ကောင်းကင်ပင်လယ်ကို အရင်သွားပြီး အဲဒီ့က ကောင်းကင်နှလုံးသားကို သိမြင်နားလည်လိုက်ပါ… နတ်ဘုရားစီရင်ရာစင်မြင့်ကတော့ နတ်အရှင်မချန်း ယူသွားတယ်… ခိုင်ဧကရာဇ်တောင် တက်ခွင့်မရလိုက်ဘူး… ကျွန်တော် နည်းလမ်းစဉ်းစားပေးပါ့မယ်... အေးဆေးစောင့်နေကြပါ”’

ကျန်းပိုင်ကွေ့က ပြောသည်။ “မင်းက ဆရာတန်ခိုးရှင်သစ်ခုတ်သမား သင်ပေးခဲ့တဲ့ မွေးရာပါနဲ့ ကမ္ဘာခေတ်နှောင်းကျင့်စဉ်တွေကို မကျင့်ကြံဘူးလား.. ဒီလိုကျင့်စဉ်မျိုးက မဟာကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံနိုင်ချေအမြင့်ဆုံးပဲ”

ချင်မူမှာ တခဏ တုံ့ဆိုင်းသွားသည်။ သူသည် တန်ခိုးရှင်သစ်ခုတ်သမား၏ ပလ္လင်ခန်းမ ၇၂ ခုနှင့် ကောင်းကင်နန်းဆောင် ၃၆ ခု ကျင့်စဉ်ကို အတော်လေး သိချင်မိ၏။ ၎င်းကိုလည်း ကျင့်ကြံချင်မိသည်။

သို့သော် ဤသို့ကျင့်စဉ်မျိုးကို ကျင့်ကြံပါက အချိန်နှင့် စွမ်းအင်အတော်များများ ကုန်ခမ်းပေလိမ့်မည်။ မဟုတ်လျှင် ကျန်းပိုင်ကွေ့တစ်ယောက် နဂါးသွဲ့ရေကန်အဆင့်၌သာ ရှိနေလိမ့်မည် မဟုတ်ပေ။။

တန်ခိုးရှင်သစ်ခုတ်သမားသည် ၃၆၀ သော ကောင်းကင်နန်းဆောင်များနှင့် ၃၆၀ သော ကမ္ဘာခေတ်နှောင်းတာအို အမျိုးအစားများကို ကျင့်ကြံခဲ့သည်။ ထို့ကြောင့် အချိန်များစွာ ပို၍ပေးရ၏။

သူ၏ တစ်သက်တာ ဉာဏ်အမျှော်အမြင်များဖြင့်ပင် နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် မဆိုထားနှင့် နဂါးသွဲ့ရေကန်အဆင့်အထိပင် မနည်း ကျင့်ကြံနေရသည်မဟုတ်လော။

ချင်မူမှာ သင်ယူလေ့လာလိုစိတ် ပြင်းပြမနေကြောင်း တွေ့လိုက်ရသဖြင့် ကျန်းပိုင်ကွေ့လည်း ဖိအားမပေးတော့ချေ။ သူက ဧကရာဇ်ယန်ဖုန်းနှင့် အတူထွက်ခွာသွားသည်။

ချင်မူက ယမမင်းကို လိုက်လံပို့ဆောင်၍ တောင်နတ်မင်းအား နှုတ်ဆက်စကားဆိုသည်။ “အစ်မတော်…ကျွန်တော် တာအိုမီးတောက် ဘိုးဘေးနယ်မြေကို အချိန်တစ်ခုအထိ ငှားယူထားရဦးမယ်”

“နင် ဆန္ဒရှိသလောက် ယူထားပါ” တောင်နတ်မင်းက ပြော၏။ “ဒီဘိုးဘေးနယ်မြေက ငါ့အပိုင် မဟုတ်တော့ဘူး”

ချင်မူမှာ အနည်းငယ် ငေးကြောင်သွားသည်။

“ငါဟာ သေခဲ့ဖူးပြီးသားမလို့ ဘိုးဘေးနယ်မြေနဲ့ ဆက်နွယ်မှုကို ဖယ်ရှားထားခဲ့တယ်… ဒီဘိုးဘေးနယ်မြေကို ကောင်းကင်နတ်အရှင်ဟွေ့ နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ယူသွားခဲ့ကြတယ်… အခု နင့်လက်ထဲ ရောက်ပြီး ပန်းပဲပညာရှင်တွေကလည်း သန့်စင်ထားကြသေးတယ်… ငါနဲ့ ဘာမှမဆိုင်တော့ဘူး… ရှေးဟောင်းနတ်ဘုရားဆိုတဲ့ သရုပ်မှန်ကို ဖျက်ဆီးဖို့ ငါ့အတွက် မလွယ်ကူခဲ့ဘူး… ဆိုတော့ အိမ်အဟောင်းကို ဘာလို့ ဖက်တွယ်နေရဦးမှာလဲ”

သူမသည် ရက်ရော၍ ဖြောင့်မတ်တည်ကြည်သူတစ်ဦး ဖြစ်သည့်အလျောက် ယခုတွင် သေရာမှ ပြန်ရှင်လာခဲ့ရာရာ ယခင်ကထက် ပို၍ပင် အစွဲအလမ်းမရှိချေ။

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အစ်မတော်က ပေါ့ပါးလွတ်လပ်နေတုန်းပဲနော်… အစ်မတော်က ဘိုးဘေးနယ်မြေကို ဒီအတိုင်း စွန့်ပစ်လိုက်မှတော့ နတ်၀ိညာဉ်ကိုရော ဘာလို့ပြန်ယူမှာလဲ”

တောင်နတ်မင်းကျုချွဲမှာ အနည်းငယ် မျက်နှာပျက်သွားသည်။ “ပိုင်ယွီကျင့်က သူဟာ ငါမဟုတ်ဘူးလို့ ပြောပေမယ့် ငါဖြစ်နေတုန်းပဲ..” သူမက မှင်သေသေ ပြော၏။ “မောင်လေးမူ၊ နင်က ပြိုင်ဘက်ကင်းမှော်ဆရာ ဖြစ်ပြီး ဝိညာဉ်တွေကို ပြန်အသက်သွင်းပေးနိုင်ပေမယ့် ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်အပေါ် နားလည်မှုနဲ့ င့ါဝိညာဉ်အပေါ် နားလည်မှုကတော့ တိမ်နေသေးတယ်… ငါ လူပြန်ဝင်စားလာတုန်းက ငါနောက်တစ်ယောက် ဖြစ်တဲ့ ပိုင်ယွီကျင့်ကို အာရုံခံခဲ့မိတယ်… သူလည်း ငါ့ကို အာရုံခံနိုင်တယ်.. အနာဂတ်မှာ ငါတို့နှစ်ယောက်က တစ်ယောက်တည်း ပြန်ဖြစ်သွားလိမ့်မယ်လို့ ခံစားနေရတယ်”

သူမက ပြုံးလိုက်သည်။ “မောင်လေး၊ တောင်နတ်မင်းကျုချွဲအနေနဲ့ ငါ တစ်ခါပဲ ရှင်သန်ခဲ့ဖူးတယ်… ဒါက ငါ့ရဲ့ ဒုတိယမြောက်ဘဝပဲ… ပိုင်ယွီကျင့်ကတော့ ဘဝပေါင်းနှစ်ရာပြည့်ဖို့ နှစ်ဘဝပဲ လိုတော့တယ်… ငါတို့နှစ်ယောက် ပြန်ပေါင်းစည်းသွားတဲ့အချိန်မှာ ငါဟာ တောင်နတ်မင်းရော ပိုင်ယွီကျင့်ရော ဖြစ်နေမှာ… အဲဒီအချိန် ငါတို့နှစ်ယောက်လုံး ဘဝပေါင်းနှစ်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြန်စဉ်းစားရင်း ပြီးပြည့်စုံတဲ့ တာအိုနှလုံးသားကို ပိုင်ဆိုင်နိုင်ပြီးတော့ ပြုံးနိုင်ကြလိမ့်မယ်”

ချင်မူလည်း စဉ်းစားနေပြီး သူမကို အတင်းအကြပ် မတိုက်တွန်းတော့ပေ။ သူက ယန်အာကို ပြော၏။ “မမကြီးရဲ့ အမေကို ဂရုစိုက်လိုက်ပါဦး… ပြီးတော့ အစားလည်း လျှော့ကျွေးဦး… ဝတုတ်နေပြီ”

တောင်နတ်မင်းမှာ ဒေါသထွက်သွားပြီး သူ့ကို ရိုက်ရန် လက်ပြင်လိုက်သည်။ ချင်မူက ရယ်လျက် ရှောင်လိုက်သည်။

သူက တောင်နတ်မင်းနှင့် ကောင်းကင်ယင်နတ်ဘုရားမကို နှုတ်ဆက်စကားဆိုပြီးနောက် တာအိုမီးတောက်ဘိုးဘေးနယ်မြေကို ယူကာ အဘွားစစ်၊ မင်းသားယိုမင်းတို့နှင့်အတူ ကောင်းကင်ယင်ကမ္ဘာမှ ဘိုးဘေးနန်းတော်ဆီသို့ ပြန်လာခဲ့သည်။

ရွှေအသည် ဘိုးဘေးနယ်မြေထဲတွင် ရှိနေဆဲဖြစ်ပြီး ထိုနေရာတွင် ရပ်၍ လမ်းစဉ်ကို သိမြင်နားလည်နေဆဲပင်။

ဤတစ်ခေါက်တွင် ချင်မူအတွက် ဓားသွန်းလုပ်‌ပေးရခြင်းက ရွှေအအား ပန်းပဲလမ်းစဉ်၌ အဆင့်အသစ်တစ်ဆင့်သို့ တက်သွားစေလိမ့်မည်။ ပန်းပဲတာအိုကိုလည်း မကြုံဖူးသော အမြင့်တစ်ခုအထိ တွန်းပို့ကောင်း တွန်းပို့နိုင်လိမ့်မည်။

“မူအာ၊ နင် အနက်ရောင်တောင်တန်းဆီ မပြန်ဘူးလား”

ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်တန်းသို့ ပြန်ရောက်လာသည့်အချိန်တွင် ချင်မူက တာအိုမီးတောက် ဘိုးဘေးနယ်မြေအား အဘွားစစ်ထံ ပေးလိုက်သည်။ အဘွားစစ်က မျက်မှောင်ကြုတ်၍ သူ၏အတွေးကို ခန့်မှန်းနေကာ မေးသည်။ ‘“နင် ကျောက်စိမ်းမြို့တော်ကို သွားမလို့ ကြံနေတာလား”

ချင်မူက ခေါင်းညိတ်၏။ “ထိုက်ယီက ကျောက်စိမ်းမြို့တော်မှာ ပိတ်မိနေတာ... မြေပုံအတိုင်း လိုက်လာပြီး လာကယ်ခိုင်းထားတယ် … ဒါပေမဲ့ မြေပုံအတိုင်း လိုက်လာခဲ့ဆိုတာ ဘာအဓိပ္ပာယ်လဲ ကျွန်တော် နားမလည်သေးဘူး… ကျွန်တော်ကိုယ်တိုင် သွားကြည့်ပြီး စစ်ဆေးကြည့်ရမယ်… ဒါ့အပြင် ကျောက်စိမ်းမြို့တော်နဲ့ ကျောက်စိမ်းမြို့တော်အဆင့်က ဘယ်လိုဆက်နွယ်နေသလဲဆိုတာ ကိုယ်တိုင်တွေ့ချင်သေးတယ်… ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင်မတွေ့ရသ‌ရွေ့ စိတ်အေးနိုင်မှာမဟုတ်ဘူး..”

သူက ခေတ္တရပ်ပြီးနောက် ဆက်လက်ရှင်းပြသည်။ “ကျွန်တော်က အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့်အထိ ကျင့်ကြံပြီးသွားပြီ… ဆက်ပြီး ကျင့်ကြံမယ်ဆိုရင် ကျောက်စိမ်းမြို့တော်ထောင်ချောက်ထဲကို ဝင်ရောက်ရမှာပဲ… မဟုတ်ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးကို မှော်စွမ်းအင်အရ ဘယ်တော့မှ လိုက်မှီနိုင်မှာမဟုတ်ဘူး… တာအိုကျင့်စဉ်စနစ် ကောင်းကင်ဘုံ ၃၆ ဘုံအထိ ကျင့်ကြံရင်တောင်မှ သူတို့ထက် ‌‌မှော်စွမ်းအင် အားကောင်းနေမှာမဟုတ်ဘူး… ကျောက်စိမ်းမြို့တော်ကို ကျွန်တော် သွားရမယ်”

အဘွားစစ်မှာ အနည်းငယ် စိတ်ပူနေသည်။ “နင် တာအိုမီးတောက် ဘိုးဘေးနယ်မြေကို အနက်ရောင်တောင်တန်းမှာ ထားခဲ့ရင် ကောင်းကင်နတ်အရှင်ဟွေ့ လာလုရင်ရော… အဲဒီအခါကျ ဘယ်လိုလုပ်ကြမလဲ”

ချင်မူက ခပ်ရေးရေး ပြုံးလိုက်၏။ “စိတ်မပူပါနဲ့ ဘွားဘွား… ကျွန်တော် သူနဲ့ ကျောက်စိမ်းမြို့တော်မှာတွေ့ရင် တာအိုမီးတောက် ဘိုးဘေးနယ်မြေက သူနဲ့ မသက်ဆိုင်တော့ဘူးဆိုတာ သိအောင် လုပ်ပေးခဲ့ပါမယ်… ဘိုးဘေးနန်းတော်ရဲ့ မဟူရာသစ်ပင် အနက်ရောင်တောင်တန်းကလည်း သူ ဝင်ရောက်လို့မရတဲ့ ကန့်သတ်နယ်မြေဆိုတာကိုရောပေါ့”

သူ၏စကားလုံးများတွင် ယှဉ်ပြိုင်၍မရနိုင်သော ယုံကြည်ချက်တို့ ပါဝင်နေပြီး ယခင်ချင်မူ ပြန်ဖြစ်သွားသည့်အလားပင်။

“ဒါဆို ထိုက်ယီတောင်ဝှေးကိုတော့ ယူသွားသင့်တယ်မလား”

အဘွားစစ်က ထိုက်ယီတောင်ဝှေးအား သူ့လက်ထဲ ထည့်ကာ မှာ၏။ “နင့်မှာ ကပ်ဘေးဓားရှိပေမယ့် ထိုက်ယီတောင်ဝှေးက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ တောင်ဝှေးမလား… ယူသွားလို့လည်း အကျိုးမယုတ်လောက်ပါဘူး”

ချင်မူလည်း တခဏစဉ်းစားပြီးနောက် တောင်ဝှေးကို ယူထားလိုက်သည်။ သူက အဘွားစစ်နှင့် တခြားသူများ မဟူရာသစ်ပင် အနက်ရောင်တောင်တန်းဆီသို့ ပြန်သွားသည်ကို လက်ပြနှုတ်ဆက်ရင်း စိတ်ထဲမှ တွေးနေ၏။ ‘’ဘွားဘွား၊ ဘိုးဘိုးထော့ကျိုးလိုမျိုး ဘွားဘွားတို့ပါ မဖြစ်စေရဘူး… ကျွန်တော် အခု အရွယ်ရောက်နေပြီ… အတိတ်တုန်းက ဘွားဘွားတို့က ကျွန်တော့်ကို ကာကွယ်ပေးခဲ့ကြတယ် … အခုက ဘွားဘွားတို့ကို ကျွန်တော် ပြန်ကာကွယ်ပေးရမယ့်အချိန်ပဲ”

သူက ဝတ်ရုံကို ခါ၍ ချာခနဲ လှည့်ကာ ထွက်ခွာသွားသည်။

“ညီလေး...”

ဝေစွေ့ဖုန်းက ဒယ်အိုးကြီးတစ်အိုးကို မြှောက်လျက် သူ့အနောက်သို့ ပြေးလိုက်လာပြီး အော်ဟစ်လိုက်သည်။ “ညီလေး… စောင့်ပါဦးကွ”

ချင်မူက မျက်မှောင်ကြုတ်လျက် ရပ်လိုက်သည်။ “အစ်ကိုကြီး… အစ်ကိုကြီးကို ခေါ်သွားလို့ မရဘူး…. ကျောက်စိမ်းမြို့တော်က အန္တရာယ်များလွန်းတယ်… အစ်ကိုကြီးကို အာရုံခွဲပြီး ကာကွယ်ပေးမနေနိုင်ဘူး”

“ဟား…ဟား...ဟား”

ဝေစွေ့ဖုန်းမှာ အောင့်သက်သက် ဖြစ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ငါက အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ပါကွ… နှစ်တစ်သန်းကြာ ဇိုးလုပ်လာခဲ့တဲ့ကောင်… မင်း ကာကွယ်ပေးဖို့ လိုမယ် ထင်လို့လား… ငါ ပြောချင်တာက ငါ ကျောက်စိမ်းမြို့တော်ဆီ သွားတုန်းက ဖရိုဖရဲမြစ် ၁၆စင်းကို ဖြတ်ခဲ့ပြီးတော့ မြေပုံတစ်ခု ထားခဲ့တယ်… မင်း ငါ့မြေပုံကို သုံးပြီး သွားရင် အတော်လေး သက်သာလိမ့်မယ်”

ချင်မူက ကျေးဇူးတင်လိုက်သည်။

ဝေစွေ့ဖုန်းက ဒယ်အိုးကြီးကို ချလိုက်ရာ ကြယ်တာရာသဲမှုန်များက ကောင်းကင်ပေါ်သို့ မြောက်တတ်၍ ကျောက်စိမ်းမြို့တော်၏ ပထဝီမြေပုံကို ဖွဲ့တည်လိုက်သည်။

သို့သော် မြေပုံတွင် မှတ်သားထားသည့် နေရာများမှာ ဝေစွေ့ဖုန်းနှင့် ရှုကျွင်း လျှောက်သွားဖူးသည့် နေရာများသာ ဖြစ်ပြီး သူတို့ မရောက်ဖူးသည်နေရာများကတော့ ဗလာကျင်းနေဆဲ ဖြစ်ချေသည်။

ချင်မူက အသေအချာ ဂရုတစိုက်ကြည့်၍ စိတ်ထဲတွင် အလွတ်ကျက်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ကြယ်တာရာသဲမှုန်များက ရုတ်တရက် ပြောင်းလဲသွား၍ နောက်ထပ်မြေပုံတစ်ခုကို ထုတ်ဖော်လိုက်သည်။ ဤမြေပုံမှာ ယခင်မြေပုံနှင့် လုံးဝမတူပေ။ နှိုင်းယှဉ်၍မရနိုင်အောင် ရှုပ်ထွေးပွေလိမ်နေသည့် လမ်းပေါင်း ထောင်နှင့် ချီ၍ ရှိပေသည်။

ချင်မူမှာ အံ့အားသင့်သွားပြီး ဤမြေပုံကို အသေအချာ ကြည့်နေသည်။ ဤမြေပုံပေါ်ရှိ ပထဝီအနေအထားအား ယခင်က မြင်ဖူး၏။

သူက အလားတူငေးကြောင်နေသော ဝေစွေ့ဖုန်းဘက် လှမ်းကြည့်လိုက်ရာ ဝေစွေ့ဖုန်းက ရေရွတ်လိုက်သည်။ “ဒီမြေပုံက ငါ့ကောင်းကင်နတ်သိုင်း ရေးဆွဲထားတဲ့ မြေပုံမဟုတ်ဘူး… ဟုတ်သားပဲ… ငါ မြို့ပြင်မှာထားခဲ့တဲ့ မြေပုံကြောင့် ငါနဲ့ ရှုကျွင်းရဲ့ တည်နေရာကို သိခဲ့တာလို့ ထိုက်ယီ ပြောခဲ့ဖူးတယ်… အဲဒါကြောင့်ပဲ သူ ငါတို့ကို ရှာတွေ့ခဲ့တာ… ထိုက်ယီက သူ ပြန်မလာနိုင်လောက်မှန်း သိနေလို့ ငါ့ဒယ်အိုးကို ပြုပြင်ပြီး သူ့ခြေလှမ်းတွေကို မှတ်တမ်းတင်ခဲ့တာများလား”

“ဖြစ်နိုင်လောက်တယ်”

ချင်မူက ဂရုတစိုက် မှတ်သားလိုက်ရင်း ပြောသည်။ “တာအိုနောင်တော်ထိုက်ယီက မြေပုံအတိုင်း လိုက်လာပြီး သူ့ကို ကယ်လို့ ပြောခဲ့တော့ ဒီမြေပုံက သူနဲ့ ဆက်နွယ်နေရမယ်… ဒီမြေပုံက ကျောက်စိမ်းမြို့တော်ရဲ့ မြေပုံများလား”

သူက ထိုမြေပုံကို ဝေစွေ့ဖုန်း၏ မြေပုံနှင့် တိုက်ကြည့်လိုက်ရာ တစ်စက်ကလေးမှ ဆင်တူမနေကြောင်း သတိထားမိသွားသည်။ သိသိသာသာပင် ထိုက်ယီ ထားခဲ့သည့် မြေပုံမှာ ကျောက်စိမ်းမြို့တော် မဟုတ်ပေ။

ဝေစွေ့ဖုန်းက ကြေးမုံနှစ်ချပ်ကို ထုတ်၍ ပြောသည်။ “ရှုကျွင်းနဲ့ ငါ ကျောက်စိမ်းမြို့တော်ရဲ့ အနက်ရှိုင်းဆုံးအပိုင်း မီလော့နန်းတော်အထိ သွားခဲ့ကြတယ်… မီလော့နန်းတော်ရဲ့ နံရံက တာအိုအမှတ်အသားတွေလည်း ခတ်နှိပ်ခဲ့တယ်… လမ်းမှာ တစ်ခုခု နားလည်နိုင်မလား ကြည့်သွားလိုက်ပေါ့”

ချင်မူက ကြေးမုံနှစ်ချပ်ကို ယူ၍ အကဲခတ်လိုက်သည်။ သူ၏မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွား၏။

ဝေစွေ့ဖုန်းသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် စိတ်ပိုင်းဖြတ်ကာ ထွက်ခွာရန် ပြင်လိုက်၏။ သူက ခေါင်းတခါခါဖြင့် ပြောသည်။ “ငါ မင်းနဲ့ လိုက်ပြီး ကျောက်စိမ်းမြို့တော်ဆီ နောက်တစ်ခေါက် သွားချင်ပေမယ့် သေချာစဉ်းစားလိုက်ရင် ငါက မင်းအတွက် ၀န်ထုပ်၀န်ပိုးပဲ ဖြစ်နေမှာ… အဲဒီနေရာကြီးက တကယ်ကို အန္တရာယ်များတယ်…”

ချင်မူက အော်ဟစ်လိုက်သည်။ “အစ်ကိုကြီး၊ ကြိုးကြိုးစားစား ကျင့်ကြံရမယ်နော်”

“သိပါတယ်ကွာ” ဝေစွေ့ဖုန်းက မအီမသာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ နေရာဟင်းလင်းပြင်ကောင်းကင်နန်းဆောင်ကို ပင်မကောင်းကင်နန်းဆောင်အဖြစ် ဗဟိုပြုပြီးနောက် တောင်တန်းများ၊ မြစ်ချောင်းများကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် ကျော်ဖြတ်သွားရင်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီသို့ ဦးတည်ခရီးနှင်၏။

တစ်ရက်ကြာသော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီသို့ ရောက်လာခဲ့သည်။ သူက မြို့ပြင်တွင် ရပ်၍ မြို့အတွင်းသို့ ကြည့်နေသည်။

ရှေးဟောင်းနတ်ဘုရားမြို့တစ်မြို့ကား ဤအခိုက်အတန့်တွင် ထွက်ပေါ်လာသည်။ ၎င်းက ရှေးကျခမ်းနားပြီး ပျက်စီးယိုယွင်းနေ၏။ ဤနတ်ဘုရားမြို့သည် အစစ်အမှန်ဖြစ်သော်လည်း အစစ်အမှန်မဟုတ်သည့် ခံစားချက်ကို ခံစားရစေသည်။ ၎င်းက ရှေးဟောင်းအချိန်နှင့် နေရာဟင်းလင်းပြင် အနက်ရှိုင်းဆုံးထဲတွင် တည်ရှိနေပြီး ဤစကြ၀ဠာတွင် မဟုတ်သည့်အလားပင်။

၎င်းက ဤစကြ၀ဠာသို့ ရောက်ရှိလာပြီး ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအားလုံးအပေါ် ဖိနှိပ်နိုင်သည့် ခံစားချက်ကိုလည်း ပေးစွမ်းနေသည်။

ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းနေသည့် လေးလံသိပ်သည်းသော အသက်အဖြတ်အရှိန်အဝါတို့က ချင်မူ့ကို အတော်လေး မသက်မသာ ခံစားနေရစေသည်။ ဤမြို့သည် စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးတွင် ပိတ်မိနေပြီး မလွတ်မြောက်သေးသည့်အလားပင်။

တစ်စုံတစ်ယောက် ဤမြို့ထဲ ဝင်ရောက်လိုက်ပါက ပျက်စီးခြင်း မဟာကပ်ဘေးကြီးထဲတွင် ရောထွေးသွားမည့်အလားပင်။ အလွန်တရာ အန္တရာယ်များလွန်း၏။

ချင်မူက စိတ်ထိန်းလိုက်ပြီး ဘယ်လက်ထဲတွင် ကပ်ဘေးဓား ထည့်ထားသည့် ဓားအိမ်ကို ကိုင်ကာ မြို့ထဲ ဝင်ရောက်သွားတော့သည်။

All Chapters