← Chapters

ခန်းမများ

Vol. 115 Ch. 1507

ခန်းမများ

Vol. 115 Ch. 1507

ချင်မူက တာအိုရရှိပြီးသော ပုဂ္ဂိုလ်များ၏ နန်းဆောင်များ အနီးတစ်ဝိုက်တွင် လျှောက်သွားနေသည်။ နန်းဆောင်တစ်ဆောင် တွေ့တိုင်း ထိုနန်းဆောင်များတွင် ကိန်းအောင်းနေသော အဆန်းကတြယ် မဟာတာအိုသဘောတရားတို့အား သိမြင်နားလည်လေရာ အကျိုးအမြတ်များစွာ ရရှိနေ၏။

တန်ခိုးရှင်သစ်ခုတ်သမား၏ ကောင်းကင်နန်းဆောင် ၃၆ ဆောင်၊ ပလ္လင်ခန်းမ ၇၂ ခုနှင့် မဟာကောင်းကင်နတ်ဘုံအား ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရှိ ခန်းမများနှင့် ယှဥ်လျှင် ဤရတနာခန်းမများသည် ကမ္ဘာခေတ်နှောင်းတာအိုလမ်းစဉ်ကို ဗဟိုပြု၍ ကမ္ဘာခေတ်ဦးမွေးရာပါတာအိုတို့ဖြင့် ခြံရံထားသော လမ်းစဉ်နောက် မလိုက်ပေ။ ပြောင်းပြန်လမ်းစဉ်ကို လိုက်သည်။

‘ဆရာသစ်ခုတ်သမားရဲ့ ကျင့်စဉ်က အလုပ်ဖြစ်ရင် မီလော့နန်းတော်အရှင်သခင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ကောင်း ရုန်းထွက်နိုင်လိမ့်မယ်’

ချင်မူမှာ စိတ်ထဲမှ တွေးနေမိသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ ကျင့်စဉ်၌ ပလ္လင်ခန်းမ ၇၂ ခုက မွေးရာပါတာအို ဖြစ်ပြီး ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကတော့ ကမ္ဘာခေတ်နှောင်းတာအိုဖြစ်၏။

ကျင့်စဉ်နှစ်ခုသည် တူသယောင် ထင်ရသော်လည်း မတူပေ။ သစ်ခုတ်သမား၏ နည်းလမ်းက ကမ္ဘာခေတ်နှောင်းတာအိုကို ပင်မအဖြစ် ထားပြီး ကမ္ဘာခေတ်ဦးမွေးရာပါတာကို အရန်အဖြစ်သာ ထားချေသည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် ဤကျင့်စဉ်ကို ကိုယ်တိုင် မကျင့်ကြံခဲ့သော်လည်း ကျန်းပိုင်ကွေ့အား လွှဲပြောင်းပေးခဲ့သည်။

ထိုနေ့ရက်များတုန်းက ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့သည် သစ်ခုတ်သမား ရှိနေသည့် ယဇ်ပလ္လင်ပေါ်သို့ တက်ရောက်ခဲ့၏။ တန်ခိုးရှင်သစ်ခုတ်သမားက မေးခွန်းတချို့ မေးမြန်းခဲ့ပြီး ကျန်းပိုင်ကွေ့က ဖြေဆိုခဲ့၏။ ထို့နောက် ကျန်းပိုင်ကွေ့မှာ တန်ခိုးရှင်သစ်ခုတ်သမား၏ မျှော်လင့်ချက်များအား ရယူနိုင်ခဲ့လေသည်။

ကျန်းပိုင်ကွေ့သည် နှစ်အနည်းငယ်ကြာ ကုန်ဆုံးပြီးနောက် ၃၆၀ သော ကမ္ဘာခေတ်နှောင်းမဟာတာအိုတို့အနက် မဟာတာအို ၃၆ ခုက သူနှင့် အသင့်တော်ဆုံးဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ကိုယ်ပိုင်ကျင့်ကြံလမ်းစဉ်ကို ရွေးချယ်ခဲ့၏။

တန်ခိုးရှင်သစ်ခုတ်သမားက ထိုလမ်းစဉ်သည် အစစ်အမှန် ကောင်းကင်နတ်ဘုံတစ်ခုကို ဖော်ဆောင်၍ ကောင်းကင်နတ်အရှင်ဆယ်ပါးထက် သာလွန်မည့် သိုင်းပညာရှင်တစ်ဦးအား မွေးဖွားပေးနိုင်လိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။ သို့သော် ကောင်းကင်နတ်ဘုံကို တည်‌ဆောက်နိုင်ရန်တော့ သူ မကူညီနိုင်ပေ။ ကျန်းပိုင်ကွေ့အနေဖြင့် ကိုယ်ပိုင်ဉာဏ်ပညာအမျှော်အမြင်ကိုသာ အားကိုးရမည်ဖြစ်သည်။

‘ညီလေးရဲ့ ကမ္ဘာခေတ်နှောင်း ကောင်းကင်နန်းဆောင်က ပွင့်နေပြီးတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်နဲ့ ခန်းမ၇၂ ခုကို ကျင့်ကြံပြီးပြီ… ဆိုတော့ သူက ကျောက်စိမ်းမြို့တော်ဆီ လာစရာ မလိုတော့ဘူး… ကျောက်စိမ်းမြို့တော်အဆင့်က သူ့အတွက် ထောင်ချောက် မဟုတ်တော့ဘူး’

ချင်မူက ရှေ့သို့‌ ဆက်လျှောက်သွားပြီး နောင်တများဖြင့် သက်ပြင်းချလိုက်မိသည်။ သူ၏လမ်းစဉ်မှာ အခက်အခဲ အတားအဆီးများဖြင့် ပြည့်နှက်နေသော်လည်း ကျန်းပိုင်ကွေ့၏ လမ်းစဉ်ကတော့ ချောမွေ့ဖြောင့်ဖြူးနေလေပြီ။

ကျန်းပိုင်ကွေ့သာ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံပြီးပါက နှစ်ပေါင်းတစ်သန်းအတွင်း အမြင့်မားဆုံး အထွတ်အထိပ်အထိ ရောက်ရှိသွားလိမ့်မည်မှာ သံသယရှိစရာပင် မလိုချေ။

‘ထူးဆန်းလိုက်တာ… ကောင်းကင်နတ်အရှင်တွေက နှစ်ဖွဲ့ကွဲသွားပြီ’

သူက ခန်းမနောက်တစ်ခုအရှေ့တွင် ရပ်၍ တိုက်ပွဲအစအနများကို ကြည့်လိုက်သည်။ စတင်တိုက်ခိုက်ခဲ့သူမှာ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်သူများ မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်နှင့် အခြားသူများ ဖြစ်ကြသည်။

ကောင်းကင်နတ်အရှင်များသည် နှစ်ဖွဲ့ကွဲသွားခဲ့ပြီး အသီးသီးတိုက်ခိုက်ခဲ့ကြ၏။ တစ်ဖွဲ့ကို ကောင်းကင်နတ်အရှင်ဟောင်က ဦးဆောင်ပြီး ကျန်တစ်ဖွဲ့ကိုတော့ ကောင်းကင်နတ်အရှင်ရှောင်က ဦးဆောင်သည်။

‘ကောင်းကင်နတ်အရှင်တွေ နှစ်ဖွဲ့ကွဲသွားတာပဲ… ထူးဆန်းလိုက်တာ… ခြေရာတွေအရ ကောင်းကင်နတ်အရှင်ကိုးပါးပဲ ရှိတယ်… နတ်အရှင်မချန်း မပါဘူး…”

ချင်မူက သူ့ဘာသာသူ ကောက်ချက်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခန်းမများအပြင်တွင် လျှောက်သွားနေကြပြီး ၎င်းတို့ထဲတွင် ကိန်းဝပ်နေသည့် မဟာတာအိုများကို သိမြင်နားလည်ရန် ကြိုးစားနေကြခြင်း ဖြစ်ပေလိမ့်မည်။ သိသိသာသာပင် ကောင်းကင်နတ်အရှင်ဟောင်သည် “သိုင်းပညာရှင်’’ တစ်ဦးဆီမှ အကူအညီကြောင့် ပလ္လင်ခန်းမ ၇၂ ခုကို သိမြင်နားလည်နိုင်သည့်အပြင် ကောင်းကင်နတ်အရှင်ရှောင်သည်လည်း “သိုင်းပညာရှင်တစ်ဦး” ထံမှ လမ်းပြသင်ကြားပေးမှုကို ရရှိထားချေပြီ။

ထူးဆန်းသည်က နတ်အရှင်မချန်းကား ကောင်းကင်နတ်အရှင်ဟောင်ရော ကောင်းကင်နတ်အရှင်ရှောင်ထံတွင်ပါ အညံ့မခံခဲ့ပေ။

နတ်အရှင်မချန်းသည် မဟာဧကရာဇ်ဖြစ်သဖြင့် မည်သူနှင့်မှ မပူးပေါင်းခြင်းက သဘာဝကျပေသည်။ သို့သော် စိတ်ထင်သလို ပြောင်းလဲတတ်သူတစ်ဦးလည်း ဖြစ်သေးသည်။

သူသာ ထိုအဖွဲ့နှစ်ဖွဲ့လုံးတွင် မပါလျှင် တစ်ယောက်တည်း သီးသန့်ခွဲထွက်နေမည်။ ယင်းက သူ၏အင်အားကို လျော့နည်းစေလိမ့်မည်။

ထို့ကြောင့် မဟာဧကရာဇ် တစ်ယောက်တည်း ခွဲထွက်နေရန် ဆုံးဖြတ်ခြင်းက ထူးဆန်းနေသည်။

၎င်းက သူ၏အကျင့်စရိုက်နှင့် သွေဖယ်နေသည် မဟုတ်လော။

“သူတို့အားလုံးက ခန်းမ ၇၂ ခု ကို အရင်ဆုံး သိမြင်နားလည်ပြီး ကျင့်ကြံဖွဲ့တည်နိုင်ဖို့ ကြိုးစားနေကြတာပဲ”

ချင်မူ့အကြည့်များက ဖျတ်ခနဲ လက်သွားပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါသာဆိုရင် ကျင့်ကြံနားလည်နေတုန်း ခန်းမတချို့ ယူသွားမှာ… အဲ့ဒါမှ ကျန်တဲ့သူတွေ ခန်းမ ၇၂ ခုရဲ့ မဟာတာအိုကို မရနိုင်တော့မှာ... အဲဒါဆို သူတို့ရဲ့ မဟာကောင်းကင်နတ်ဘုံလမ်းစဉ်ကို ဖျက်စီးနိုင်သွားပြီ…”

မကြာမီ ချင်မူသည် မျက်နှာကြီး ညိုမည်းနေလျက် အပျက်အစီးများ အရှေ့တွင် ရပ်နေသည်။ ထိုနေရာတွင် ပြိုကျနေသော နံရံအပျက်အစီးများနှင့် တွင်းကြီးတစ်တွင်းသာ ကျန်ရစ်ခဲ့၏။

သူ ထင်ထားသည့်အတိုင်း ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခန်းမအား ယူသွားခဲ့လေပြီ။

ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်ထဲမှ မည်သူယူသွားခြင်းလဲသာ သူ မသိပေ။

“တခြားကောင်းကင်နတ်အရှင်တွေနဲ့ အပေးအယူလုပ်ဖို့ နတ်အရှင်မချန်း ရတနာခန်းမကို ယူသွားတာလည်း ဖြစ်နိုင်တယ်… ဒါပေမဲ့ သူတစ်ယောက်တည်း အဲဒီလိုမလုပ်နိုင်ဘူး... မိုက်ရိုင်းချက်ပဲ”

ချင်မူက ဒေါသတကြီး ဆဲဆိုရင်း ရှေ့သို့ဆက်လျှောက်သွားသည်။ မကြာမီ ခန်းမနောက်တစ်ခု၏ အပျက်အစီးများရှေ့သို့ ရောက်လာသည်။ ထိုခန်းမကိုလည်း တစ်စုံတစ်ယောက် ယူသွားသောကြောင့် နေရာတွင် မရှိတော့ချေ။

ချင်မူ့နဖူးတွင် သွေးကြောများ ထောင်လာသည်။ ကောင်းကင်နတ်အရှင်‌များ ထိုသို့လုပ်ခြင်းမှာ နားလည်ပေး၍ရသေးသည်။ တစ်ဖွဲ့က ကျန်တစ်ဖွဲ့၏ ခန်းမအား ယူသွားခြင်း ဖြစ်လိမ့်မည်။ သူတို့၏ရည်ရွယ်ချက်ကလည်း အသိအသာကြီးပင်။ ကျန်တစ်ဖွဲ့ သိမြင်နားလည်ဖို့ အချိန်မယူနိုင်အောင် အပေးအယူအဖြစ် ရတနာခန်းမအား ယူသွားခြင်းသာ ဖြစ်သည်။

ဤနည်းဖြင့် နှစ်ဖွဲ့စလုံးသည် ရတနာခန်းမတစ်ခုစီကို ရယူထားကြရာ ကျန်တစ်ဖွဲ့အနေဖြင့် ပြီးပြည့်စုံအောင် ကျင့်ကြံနားလည်နိုင်တော့မည် မဟုတ်ပေ။ ဤသို့ဖြင့် မည်သူမှ အကျိုးယုတ်လိမ့်မည်မဟုတ်။

ချင်မူက စိတ်ထိန်းပြီး နှာခေါင်းရှုံ့လိုက်သည်။ ‘“ငါသာ ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုရင် တခြားတစ်ဖွဲ့နဲ့ ရတနာခန်းမအတွက် အပေးအယူလုပ်မှာပဲ… အခွင့်ကောင်း မယူနိုင်ရင် အကျိုးယုတ်လိမ့်မယ်…. ဒါကြောင့် ခန်းမတွေကို ထပ်ယူလိုက်ရုံပဲ… အဲဒီလိုနည်းနဲ့ ငါ့ဆီမှာ အပေးအယူလုပ်စရာ ပိုများလာပြီးတော့ တခြားတစ်ဖွဲ့အနေနဲ့လည်း အကျိုးအမြတ်ရဖို့အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်”

မကြာမီ သူသည် မည်းမှောင်နေသော မျက်နှာဖြင့် အပျက်အစီးများ၏ အရှေ့တွင် ရပ်နေပြန်သည်။ သိသိသာသာပင် ကောင်းကင်နဆ်အရှင်ဆယ်ပါးထဲမှ တစ်စုံတစ်ယောက်သည် သူနှင့် အကြံတူစွာဖြင့် ခန်းမနောက်တစ်ခုအား အပေးအယူလုပ်ရန် ယူသွားခဲ့ချေပြီ။

“အရှက်မရှိလိုက်ကြတာ… ဒါပေမဲ့ ငါသာ ကောင်းကင်နတ်အရှင်ဆယ်ပါးဆိုရင် သိမြင်နားမလည်ရသေးတဲ့ တခြားခန်းမတွေကိုလည်း ယူသွားမှာပဲ…”

ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ သူ၏မျက်နှာကြီးကား မည်းမှောင်သထက် မည်းမှောင်လာပြီး နဖူးရှိ သွေးကြောများကလည်း ပေါက်ထွက်တော့မည့်အလား ဖောင်းလာတော့သည်။

အသေအချာပင်။ ခန်းမအားလုံး ပျောက်ကွယ်သွားကြချေပြီ။ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများ ယူသွားခြင်း ဖြစ်ကြောင်း သိသာသည်။

ထိုရတနာခန်းမများသည် သူတို့ တစ်ယောက်နှင့် တစ်ယောက် အပေးအယူလုပ်နိုင်မည့် တန်ကြေးများ ဖြစ်လာကြလိမ့်မည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဤသို့ ကောက်ကျစ်သော ကိစ္စမျိုးတွင် ချင်မူ့ထက် ပိုမိုကျွမ်းကျင်ကြ၏။

ချင်မူလည်း လမ်းတလျှောက် သိမြင်နားလည်စရာ တစ်ခုမှ မကျန်တော့သဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးတို့ သွားရာလမ်းအတိုင်းသာ လိုက်လာခဲ့ရသည်။ ဝေစွေ့ဖုန်း ပေးခဲ့သည့်မြေပုံကိုတော့ စိတ်ထဲတွင်သာ မှတ်ထားသည်။

ကျောက်စိမ်းမြို့တော်မှာ အလွန်တရာ ကြီးမားကျယ်ဝန်းသဖြင့် ဝေစွေ့ဖုန်း မှတ်ထားထားသည့်နေရာများကို သတိထားမိနိုင်ရန် ခက်ပေသည်။

ရုတ်တရက် သူ့အရှေ့တွင် ရေစီးနေသံအား ကြားလိုက်ရ၏။ ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ‘ဖရိုဖရဲမြစ်လား… ဒါဆို ငါ ကျောက်စိမ်းမြို့တော်ရဲ့ အလယ်ဗဟိုဆီ ရောက်လာခဲ့ပြီပေါ့’

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ အလွန်တရာ အန္တရာယ်များသော နေရာပင်။ ကမ္ဘာဦးခေတ်တုန်းက မဟာဧကရာဇ်သည် ထိုခေတ်၏ ခွန်အားအကြွယ်ဝဆုံး သိုင်းပညာရှင်များသာမက စွမ်းအားကြီး ရှေးဟောင်းနတ်ဘုရားများဖြစ်သည့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကဲ့သို့ ပုဂ္ဂိုလ်များကို ခေါ်ဆောင်ကာ ဤနေရာတွင် စူးစမ်းသွားလာခဲ့သည်။ သို့သော် အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရ၏။

သို့သော် ချင်မူမှာ ဤနေရာသို့ ဝင်ရောက်လာခဲ့သည့်တိုင်အောင် သေစေနိုင်သည့် မည်သည့်အန္တရာယ်ကိုမှ မကြုံတွေ့ရသေးပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်ဆယ်ပါးက သူ့အရှေ့မှ ဦးဆောင်သွား၍ အန္တရာယ်များကို ရှင်းလင်းခဲ့သဖြင့် သူ အေးအေးဆေးဆေး ဆက်သွားနေနိုင်ခြင်း ဖြစ်ပေသည်။

သို့သော် ဤအချက်ကြောင့် လက်ရှိကောင်းကင်နတ်အရှင်ဆယ်ပါးသည် မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကဲ့သို့ ယခင်ခေတ် ပုဂ္ဂိုလ်များထက် အစွမ်းထက်ကြောင်း သိရှိနိုင်၏။

နောက်ဆုံးတော့ သူ့အရှေ့တွင် ဖရိုဖရဲမြစ်တစ်စင်း တွေ့လိုက်ရသည်။

မြစ်တစ်ဖက်ကမ်းသို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရချေ။

ပတ်ဝန်းကျင်ရှိ ပထဝီအနေအထားကို အကဲခတ်ပြီးနောက် ဝေစွေ့ဖုန်း၏ မြေပုံနှင့် တိုက်ကြည့်လိုက်သော်လည်း မည်သည်ကမှ ဆင်တူမနေပေ။

‘မြစ်က ရေစီးကြောင်း ပြောင်းသွားတာ ဖြစ်မယ်… မြေပုံပေါ်မှာ ရှိမနေဘူး… အစ်ကိုကြီး ပေးလိုက်တဲ့ မြေပုံက ဘာမှလည်း အသုံးမဝင်ပါလား’

ချင်မူက ခေါင်းတရမ်းရမ်းဖြင့် မြေပုံပေါ်ရှိ အမှတ်အသားကို ရှာဖွေရန် လက်လျှော့လိုက်သည်။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ မြစ်အား ကြည့်နေပြီး စိတ်ထဲမှ တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်ဆယ်ပါး မြစ်ကို ဘယ်လိုဖြတ်သွားကြတာပါလိမ့်’

ဖရိုဖရဲမြစ်အား ကြည့်လိုက်သည့်အခါ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကြောင့် မြစ်ထဲရှိ မြင်ကွင်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။

၎င်းက စကြ၀ဠာတစ်ခု ပျက်စီးနေသော မြင်ကွင်းဖြစ်ချေသည်။ မရေမတွက်နိုင်သော သက်ရှိသတ္တဝါအပေါင်းသည် မဟာကပ်‌ဘေးကြီးမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေကြသော်လည်း ကပ်ဘေးကြီးကြောင့် ပြာကျကုန်ကြသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် မဟာကပ်ဘေးကြီးထဲတွင် ခံနိုင်ရည် မရှိကြပေ။ သူတို့သည် သတ်ဖြတ်ချေမှုန်းခံလိုက်ရပြီး ရုပ်ခန္ဓာမရှိ၊ အသွင်သဏ္ဍာန်မရှိ‌သော စွမ်းအင်များသက်သက် ပြောင်းလဲသွားကြ၏။

ဖရိုဖရဲအဖြစ်အပျက်များထဲတွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်တို့က ဖရိုဖရဲမြစ်ကို ဖြတ်လျက် ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေကြသည်။

ချင်မူလည်း စိတ်လှုပ်ရှားသွားပြီး ထိုသူတို့၏နေရာမှ ဝင်ရောက်ခံစားကြည့်လိုက်၏။ သူသာ မဟာကပ်ဘေးကြီးထဲတွင် ဆိုပါက ခေါင်းမော့ကြည့်လိုက်လျှင် အလွန်တရာ ခမ်းနားတင့်တယ်သော မြင်ကွင်းတစ်ခုကို မြင်ရပေလိမ့်မည်။

စကြ၀ဠာတစ်ခုလုံး ပြိုလဲပျက်စီး၍ ဖိနှိပ်ချေမှုန်းခံနေရသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ဖရိုဖရဲ ဖြစ်နေကြသည်။ ကမ္ဘာလောကကြီးကား မည်သူမျှ မတားဆီးနိုင်တော့အောင် ပျက်သုဉ်းနေချေပြီ။

ထိုအချိန်တွင် မော့ကြည့်လိုက်ပါက ဖရိုဖရဲများအကြားတွင် ရပ်တည်နေသော ရှေးဟောင်းနတ်ဘုရားမြို့တစ်မြို့ကို မြင်တွေ့ရပေလိမ့်မည်။ ကပ်ဘေးကြီးက မည်မျှပင် ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းနေပါစေ ဤနတ်ဘုရားမြို့အား တစ်ချက်လေးမှပင် တုန်လှုပ်မသွားစေနိုင်ချေ။

ထိုနတ်ဘုရားမြို့က ချင်မူ့ခြေဖဝါးအောက်ရှိ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ဖြစ်ချေသည်။

စိတ်ကူးကြည့်ပါလျှင် ၎င်းသည် မဟာကပ်ဘေးကြီး ကျရောက်နေသော စကြ၀ဠာမှ ပုဂ္ဂိုလ်များ မြင်ရသည့်အရာ ဖြစ်၏။

ချင်မူ့အမြင်အရ ဖရိုဖရဲမြစ်ထဲရှိ ထိုစွမ်းအားကြီးမားသော ပုဂ္ဂိုလ်များမှာ ကမ်းစပ်သို့ တက်၍ မြို့ကြီးအတွင်း ဝင်လို့၍သာ ရုန်းကန်နေကြခြင်းပင်။

ယင်းကသာ ပျက်စီးနေသည့်စကြဝဠာမှ သိုင်းပညာရှင်များ မြစ်ကို ဖြတ်ကျော်ရန် ကြိုးစားနေကြသည့် အကြောင်းအရင်း ဖြစ်နိုင်သည်။

'မီလော့နန်းတော်အရှင်သခင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…. ပျက်စီးခြင်း မဟာကပ်ဘေးကြီးကို တောင့်ခံနိုင်တဲ့ နတ်ဘုရားမြို့တစ်မြို့ ဆောက်ထားနိုင်တယ်… ဒါပေမဲ့ လောကသစ်ပင်က ဘယ်မှာလဲ’

သူက ဖရိုဖရဲမြစ်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ဖရိုဖရဲချီကို ဖောက်ထွင်းမြင်နိုင်သော ထိုက်ယီဥခွံအား အသုံးပြုထားခြင်းဖြစ်၏။ တခဏရှာဖွေပြီးနောက် ဘိုးဘေးနန်းတော်၏ လောကသစ်ပင်ကို တွေ့သွားလေပြီ။

လောကသစ်ပင်၏ အမြစ်များမှာ ကျယ်ပြော၍ အဆုံးအသတ် မရှိပေ။ ၎င်းတို့က ဖရိုဖရဲချီများထဲတွင် လူးလွန့်သွားလာနေပြီး မရေမတွက်နိုင်သော လက်တံများကို ပိုင်ဆိုင်ထားသည့် ဧရာမရေဘဝဲကြီးတစ်ကောင်အလား မြောလွင့်နေသည်။

ကပ်ဘေးကြီးထဲတွင် လောကသစ်ပင်အမြစ်များဆီ ကူးခတ်၍ ဆွဲထားနိုင်ရန် ကြိုးစားနေသူများ ရှိ၏။

လောကသစ်ပင်၏ အမြစ်ကို တွယ်တက်နေကြသော အင်အားကြီးပုဂ္ဂိုလ်များစွာလည်း ရှိချေသည်။ ထိုအင်အားကြီး ပုဂ္ဂိုလ်များသည် အမြစ်ကို နှစ်ခြမ်းခွဲ၍ အမြစ်များထဲ တိုးဝင်ကာ မဟာကပ်ဘေးကြီးမှ ရှောင်တိမ်းနိုင်ရန် ကြိုးစားနေကြလေသည်။

သူတို့က အမြစ်များအထဲတွင် ပုန်းခိုခြင်းဖြင့် သူတို့၏အသက်အား ကယ်တင်နိုင်ရန် မျှော်လင့်နေကြသည်။

ထိုပုဂ္ဂိုလ်များအနေဖြင့် အနာဂတ်စကြ၀ဠာ၏ စွမ်းအင်ပမာဏအား ခိုးယူနိုင်သရွေ့ မဟာကပ်ဘေးကြီးမှ လွတ်မြောက်ကာ ဘဝသစ်စနိုင်မည် မဟုတ်လော။

သို့သော် ချင်မူ့အမြင်တွင် လောကသစ်ပင်ကြီးကိုယ်တိုင်မှာ ပြိုလဲပျက်စီးတော့မည့် အခြေအနေတွင် ဖြစ်နေသဖြင့် ၎င်းကိုယ်၎င်းပင် မကာကွယ်နိုင်ချေ။

ဗလတောင့်တောင့် ဧရာမဘီလူးကြီးတစ်ကောင်က လောကသစ်ပင်ကို ပုဆိန်ဖြင့် ခုတ်နေသည်ကိုလည်း တွေ့လိုက်ရသည်။

ဘီလူးကြီး၏ခန္ဓာကိုယ်မှာ မှုန်ဝါးနေသောကြောင့် အရိပ်တစ်ခုအလား ထင်ရသည်။ ထိုသူသည် စကြ၀ဠာခေတ် ၁၆ ခေတ်အထိ တည်ရှိခဲ့သော ဤလောကသစ်ပင်ကို ခုတ်၍ ကျူးကျော်လာသူများ၏ မျှော်လင့်ချက်ကို ဖျက်စီးနေသော အနာဂတ်မှ ထိုက်ယီဖြစ်ပေလိမ့်မည်။

လောကသစ်ပင်၏ အမြစ်များကို တွယ်တက်နေကြသော ကမ္ဘာဦးသိုင်းပညာရှင်များသည် ဘီလူးကြီးအရိပ်ကို အော်ဟစ်ဆဲရေးနေကြသည်။ ထိုက်ယီပေါ်တွင် ပြင်းထန်လှသည့် ကျိန်စာအမျိုးမျိုးကို ကျိန်ဆိုနေကြခြင်းဖြစ်ပေလိမ့်မည်။

“ထိုက်ယီက တော်တော်ကြမ်းတာပဲ”

ချင်မူက ချီးကျူးလိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။

သူ့အနေဖြင့် ဤဖရိုဖရဲမြစ်အား ကျော်ဖြတ်နိုင်ရန် ယုံကြည်ချက် မရှိပေ။ မြစ်ထဲတွင် အရိုးများ၊ ဝိညာဉ်များ အပြင် တာအိုသစ်သီးများသာ ကျန်ရစ်ခဲ့သည့် အင်အားကြီးပုဂ္ဂိုလ်များစွာ တွေ့နေရသည်။ သူတို့က မြစ်ထဲတွင် အဆက်မပြတ် လှုပ်ရှားနေကြရင်း မြစ်အား ဖြတ်သွားသည့်သူများအား ရေထဲသို့ ဆွဲခေါ်ကာ ကမ်းစပ်သို့ တက်နိုင်ရန် ကြံစည်နေကြသည်။

သူသာ မြစ်ရေထဲ ပြုတ်ကျသွားပါက သေချာပေါက် သေဆုံးပေလိမ့်မည်။

‘ကောင်းကင်နတ်အရှင်ဆယ်ပါး မြစ်ကို ဘယ်လိုဖြတ်သွားတာလဲ’’

ချင်မူလည်း မြစ်ထဲသို့ ကြည့်လိုက်သည့်အခါ ရုတ်တရက် ဖရိုဖရဲချီထဲတွင် ကောင်းကင်နတ်အရှင်ရှောင်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ရှောင်သည် တာအိုသစ်ပင်တစ်ပင်ပေါ်တွင် ရပ်၍ တာအိုသစ်ပင်အား လှေအဖြစ် အသုံးပြုကာ မြစ်တစ်ဖက်ကမ်းသို့ ရွက်လွှင့်နေ၏။

ချင်မူမှာ ခပ်ဝေးဝေးသို့ လှမ်းကြည့်လိုက်ရာ ရင်တဒိန်းဒိန်း ခုန်သွားမိသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ဖရိုဖရဲမြစ်ထဲတွင် ရှိနေကြလေသည်။

All Chapters