← Chapters

မြစ်ကို ဖြတ်မည့် ကပ်ဘေး

Vol. 115 Ch. 1508

မြစ်ကို ဖြတ်မည့် ကပ်ဘေး

Vol. 115 Ch. 1508

မြစ်ရေပြင်ထက်တွင် နတ်အရှင်မချန်းအပါအဝင် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တာအိုသစ်ပင်တစ်ပင်ကို ခုတ်လှဲ၍ လှေအဖြစ် အသုံးပြုကာ မြစ်အား ဖြတ်သန်းနေကြ၏။

ကျောက်စိမ်းမြို့တော်ထဲရှိ တာအိုသစ်ပင်အားလုံးမှာ မဟာပျက်သုဉ်းခြင်းကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရသော တာအို ရရှိပြီးသား သိုင်းပညာရှင်များ၏ တာအိုသစ်ပင်များ ဖြစ်ကြသည်။ သို့သော် ကောင်းကင်နတ်အရှင်များကား ၎င်းတို့ကို ခုတ်ပစ်၍ လှေအဖြစ် အသုံးပြုနေကြချေသည်။

ချင်မူပင်လျှင် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ဖြတ်ထိုးဉာဏ်နှင့် ရဲတင်းမှုအပေါ် မချီးကျူးဘဲ မနေနိုင်ချေ။ သို့သော် ယနေ့ခေတ် စကြ၀ဠာတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အလျောက် အတွေးအခေါ်များ ဆန်းကြယ်နေသည်မှာ မထူးဆန်းပါပေ။ သူတို့သည် အခြားသူများ စိတ်ပင် မကူးနိုင်သည့် လုပ်ရပ်များကိုလည်း လုပ်တတ်ကြ၏။

ဥပမာအားဖြင့် နတ်ဧကရာဇ်လန်ရွှမ်ကား ကမ္ဘာခေတ်ဦး တာအိုသိုင်းပညာရှင်တစ်ဦး၏ တာအိုသစ်သီးကို လုယူကာ သူ၏အင်အားကို ပြသခဲ့သည်မဟုတ်ပါလော။

ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် ဤသို့ လုပ်ခြင်းမှာ သဘာဝကျ၏။

ချင်မူ အဝေးသို့ ကြည့်လိုက်သည့်အခါ ဖရိုဖရဲချီများထဲတွင် တာအိုသစ်ပင်များ ပေါ်ထွက်လိုက် ပျောက်ကွယ်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။ မကြာခဏ ဧရာမအရိုးစုကြီးများက ဖရိုဖရဲမြစ်ထဲမှ တက်လာကြပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးအား မြစ်ထဲသို့ ဆွဲချရန် ကြိုးစားတတ်ကြသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးက ကိုယ်ပိုင်သိုင်းကွက်များ ထုတ်သုံးလျက် ထိုအင်အားကြီးမားသော သိုင်းပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက် ပြန်တွန်းချနေသည်။

ဖရိုဖရဲမြစ်မှာ ချင်မူ မျှော်မှန်းထားသည်ထက်ပင် ပို၍အန္တရာယ်များနေသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးပင်လျှင် မြစ်ထဲ၌ အန္တရာယ်များ တွေ့ကြုံနေကြရ၏။

ကောင်းကင်နတ်အရှင်ဆယ်ပါး ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီဖြစ်ရာ လမ်းတလျှောက် ဖြတ်ကျော်ခဲ့ရမည့် အန္တရာယ်များကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ သို့သော် ထိုနှစ်နှစ်အတွင်း သူတို့၏ သိုင်းအဆင့်နှင့် စွမ်းဆောင်ရည်များကလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့လိမ့်မည်။ ကျောက်စိမ်းမြို့တော်တွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်မှာ သိသာလှပေသည်။

ချင်မူ ဤနေရာသို့ ရောက်ရန် တစ်လကျော်သာ ကြာခဲ့သည်။ အကြောင်းမှာ ကောင်းကင်နတ်အရှင်ဆယ်ပါး အရှေ့မှသွား၍ လမ်းတလျှောက်ရှိ အန္တရာယ်အားလုံးကို ရှင်းလင်းဖယ်ရှားပြီးခဲ့၍ ဖြစ်သည်။ ထို့ကြောင့်သာ ဤနေရာသို့ သူ လျင်မြန်စွာ ရောက်လာနိုင်ခဲ့ခြင်းပင်။

အရှေ့မှ သွားသူများ ဖြစ်ကြသည့်အတွက် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် သူ့ထက် အန္တရာယ်ပေါင်းများစွာ ပိုမိုတွေ့ကြုံခဲ့ရလိမ့်မည်။

သူတို့အနေဖြင့် များစွာပေးဆပ်ခဲ့ရသလို အကျိုးအမြတ်များလည်း များစွာရရှိခဲ့သဖြင့် စွမ်းဆောင်ရည်တို့ တိုးတက်လာခဲ့လိမ့်မည်။

ချင်မူက တစ်ယောက်တည်း တွေးနေပြီးနောက် ထိုက်ယီတောင်ဝှေးကို ထုတ်လိုက်သည်။ သူက ၎င်းကို မြစ်ထဲသို့ ပစ်လိုက်သည့်အခါ တောင်ဝှေးသည် တဖြည်းဖြည်း ရှည်လျားလာပြီး ကိုက်သုံးဆယ်အထိ ကျယ်ပြန့်ပြီးနောက် ရပ်တန့်သွား၏။

တောင်ဝှေးမှာ လှေငယ်သဖွယ် ဖွဲ့တည်လိုက်ချေပြီ။

သူက ရှေ့သို့ ခြေတစ်လှမ်း တက်၍ လှေထိပ်ပေါ် နင်းကာ ရှေ့သို့ ရွက်လွှင့်သွားတော့သည်။

လှေငယ်သည် ကောင်းကင်နတ်အရှင်ဆယ်ပါး စီးနင်းထားသော တာအိုသစ်ပင်များထက် ပိုမို မြန်ဆန်၏။ ၎င်းမှာ ထိုက်ယီ လောကသစ်ပင်မှ ဖန်တီးထားသော ရတနာတစ်ပါး မဟုတ်လော။ သို့ဖြစ်၍ ထိုတာအိုသစ်ပင်များထက် ပိုမိုအစွမ်းထက်ခြင်းပင်။

ချင်မူက လှေထိပ်တွင် ရပ်နေရင်း ရှေ့သို့ လှမ်းကြည့်နေသည်။ ရှည်ရှည်လျားလျား အရိပ်တစ်ခုသည် ဖရိုဖရဲမြစ်ချီထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လှေငယ်၏ အရှေ့မှ ပိတ်ကာထားလိုက်ကြောင်း တွေ့လိုက်ရ၏။

အရိပ်က ဖရိုဖရဲချီများအတွင်း၌ ရပ်လျက် တာအိုဘာသာစကားဖြင့် အလွန်ထူးဆန်းသော မေးခွန်းကို မေးမြန်းနေသည်။

အဘယ်ကြောင့် ချင်မူသည် သူ ကမ်းစပ်အပေါ်သို့ တက်မည်ကို ပိတ်ရပ်နေသနည်း ဟု မေးမြန်း၏။

ချင်မူက ဓားရိုကို ဆုပ်ကိုင်ထားရင်း ဖြေသည်။ သူသည် တာအိုဘာသာစကားဖြင့် လက်ရှိစကြ၀ဠာဆိုသည်မှာ ထိုသူတို့နှင့် မသက်ဆိုင်ကြောင်း၊ သူတို့ ရောက်ရှိလာခြင်းက စကြ၀ဠာကို ပြိုလဲ၍ တခဏအတွင်း ပျက်စီးသွားစေမည် ဖြစ်ကြောင်း ရှင်းပြလိုက်၏။

ထိုအခါ အရိပ်မှာ စိတ်လှုပ်ရှားလာပြီး ဧရာမဦးခေါင်းကြီးတစ်ခုက ဖရိုဖရဲချီများကြားမှ ပြူထွက်လာသည်။ ၎င်းကား တောင်ကြီးတစ်လုံးသဖွယ် ဖရိုဖရဲချီများကို ခွဲထွက်၍ လှေငယ်အရှေ့၌ ပေါ်လာချေပြီ။

ချင်မူက ခေါင်းမော့၍ အဖြူရောင်အရိုးများသာ ရှိတော့သည့် ဦးခေါင်းကြီးဆီသို့ မော့ကြည့်လိုက်သည်။ ဤဦးခေါင်းကြီးသည် သာမန်လူဦးခေါင်းနှင့် မတူဘဲ ချွန်ထက်သော အရိုးဆူးချွန်များ ပေါက်နေလေသည်။

လေးစားအားကျဖွယ်ကောင်းသည်က ဤပုဂ္ဂိုလ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တာအိုအရိုးများ ရှိနေပြီး ၎င်းအရိုးများသည် မဟာတာအိုဖြင့် သွန်းလုပ်ထားသကဲ့သို့ အလွန်တရာ မာကြောနေခြင်းပင်။ ထို့ကြောင့် မဟာပျက်သုဉ်းခြင်းကပ်ဘေးကြီးထဲ၌ မပျက်စီးဘဲ တည်ရှိနေသေးခြင်း ဖြစ်လိမ့်မည်။

ဤသူ ကျင့်ကြံခဲ့သည့်လမ်းစဉ်က အခြားလမ်းစဉ်တစ်ခု ဖြစ်ကြောင်း သိသာလှ၏။ နတ်ဧကရာဇ်လန်ရွှမ် ပြောဖူးသကဲ့သို့ ရုပ်ခန္ဓာအပေါ်၌ အန္တိမဟင်းလင်းပြင် တံဆိပ်ခတ်နှိပ်ထားခြင်းဟု ဆိုရမည်။

နတ်ဧကရာဇ်လန်ရွှမ်သည် ထိုအဆင့်ကို ယခုအချိန်အထိ မအောင်မြင်သေးသော်လည်း ဤပုဂ္ဂိုလ်ကတော့ အောင်မြင်ထားခဲ့လေပြီ။

အရိုးဖြူဦးခေါင်းကြီးက ပါးစပ်ဟ၍ ချင်မူ့အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့စကားလုံးများ၏ အဓိပ္ပါယ်အရ ချင်မူသည် သူတို့စကြ၀ဠာသားများ သေဆုံးသည်ကို တစ်ကိုယ်ကောင်းဆန်ဆန် ထိုင်ကြည့်နေခြင်းကြောင့် မာန်မဲနေ၏။ ချင်မူက သူတို့လို ဒုက္ခသည်များကို လက်ခံမပေးသည့်အတွက်လည်း အပြစ်တင်နေသည်။

သူသည် သူတို့စကြ၀ဠာသားများ၏ သေခြင်းရှင်ခြင်းကို အသုံးချကာ ချင်မူ့အား အပြစ်တင်ခြင်းဖြင့် ချင်မူ၏ တာအိုနှလုံးသားကို တိုက်ခိုက်ရန် ကြိုစားနေ၏။

စကားလုံးများသည် သိုင်းကွက်မဟုတ်သော်လည်း တာအိုစကားလုံးများဆိုပါက လူ့အသက်ကိုသာမက တာအိုနှလုံးသားများကိုပါ တိုက်ခိုက်သတ်ဖြတ်နိုင်သည်။

ချင်မူက ဓားကို ထုတ်လိုက်သည်။ ဓားရောင်ကား ဓားအိမ်ထဲမှ ထွက်လာသည်နှင့် အရိုးဖြူဦးခေါင်းကြီး၏ လည်ပင်းကို ရွှပ်ခနဲ တိတိရိရိ ဖြတ်တောက်လိုက်တော့သည်။။ ထွန်းလင်းတောက်ပသော ဓားရောင်က ဖရိုဖရဲချီအလွှာများကို ဖောက်ထွက်သွားချေပြီ။

“ခင်ဗျားတို့ ဒီကို လာပြီး ကျုပ်တို့ရဲ့ အရှင်သခင်တွေ ဖြစ်ဖို့လား… ခင်ဗျားတို့ ရောက်လာကြရင် ကျုပ်တို့ကို ကျွန်ပြုခိုင်းစေပြီး ခင်ဗျားတို့ကတော့ ဒီစကြ၀ဠာ မပြိုမလဲမချင်း ဇိမ်ခံနေကြမှာ‌လေ... ပြီးရင်တော့ ကျုပ်တို့ကို ထားခဲ့ပြီး နောက်ထပ်စကြ၀ဠာတစ်ခုဆီ ထွက်ပြေးကြလိမ့်မယ်”

ချင်မူ့အကြည့်သည် စူးရှခက်ထန်နေပြီး သူက ခြေထောက်မြှောက်၍ ကန်ချလိုက်ရာ အရိုးစုမှာ ဖရိုဖရဲမြစ်ထဲ နစ်မြုပ်သွားတော့သည်။ သူ့ပါးစပ်မှ တာအိုစကားသံများ ထွက်လာနေသေးသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ဘာမှမထူးဘူး… ပိုတောင် ဆိုးသေးတယ်.. ခင်ဗျားတို့အားလုံးက ကောင်းကင်နတ်အရှင်ဆယ်ပါးထက်တောင် ပိုဆိုးသေးတယ်..”

အရိုးဖြူခေါင်းကြီး ဖရိုဖရဲမြစ်ထဲ ကျသွားသည့်အခါ ၎င်း၏ ခေါင်းပြတ်ခန္ဓာကိုယ်က ခေါင်းပြတ်၏ နေရာဆီသို့ ကူးခတ်သွားသည်။ ၎င်းက အရိုးခေါင်းကိုပိုက်၍ လည်ပင်းတွင် တင်လိုက်၏။

ချင်မူက ဓားအား ဓားအိမ်ထဲ ပြန်ထည့်ကာ ဖရိုဖရဲမြစ်အား ကြည့်လိုက်သည်။ လှေငယ်က ဆက်လက် ရွက်လွှင့်သွားပြီး အရိုးစုသည် ၎င်းအနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။

ချင်မူက မျက်ခုံးပင့်လိုက်ပြီး သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်လိုက်သည်။

သူ၏လက်ဖဝါးက ဓားကို ဆုပ်ထား၍ တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေသည်။

ဖရိုဖရဲမြစ်ထဲတွင် အရိုးစု ကူးခတ်နေစဉ် လှေအောက်တွင် ဧရာမအရိပ်ကြီးများ ပေါ်လာကာ ၎င်းနှင့်အတူ ကူးခတ်နေကြသည်။

တစ်ချိန်တည်းမှာပင် ဧရာမအရိပ်ကြီးများက လှေပတ်ပတ်လည်တွင် ပေါ်လာကြ၏။ တချို့က ဖရိုဖရဲချီများအတွင်း နစ်မြုပ်နေသော တာအိုသစ်ပင်များဖြစ်ကြပြီး တချို့ကမူ ဝိညာဉ်များဖြစ်ကြသည်။

ချင်မူက နှာခေါင်းရှုံ့လိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အားကုန်လှည့်ပတ်လိုက်သည်။

သူ၏လက်သည် ပိုပို၍ တည်ငြိမ်လာသည့်အ‌လျောက် သူ့လက်ထဲရှိ ကပ်ဘေးဓား၏ စွမ်းအားသည်လည်း ပိုပို၍ ချုပ်တည်းလာသည်။ သူ့အနောက်တွင် လောကသစ်ပင်က ဘိုးဘေးနန်းတော်အတွင်း၌ အမြစ်တွယ်လျက် မားမတ်မတ် ရပ်တည်လာ၏။ တစ်ချိန်တည်းမှာပင် အောက်ရှိ ဖရိုဖရဲမြစ်ထံမှ ဖရိုဖရဲချီများကို စုပ်ယူနေသည်။

ဝုန်း….

ဖရိုဖရဲမြစ် ပေါက်ကွဲသွားပြီး ဧရာမလက်ကြီးနှစ်ဖက်က ရေထဲမှ ထွက်လာသည်။ ၎င်းက ဘယ်ညာနှစ်ဖက်မှ နေရာယူလျက် လှေအား ဖရိုဖရဲမြစ်ထဲသို့ ဆွဲချလိုက်၏။

ချွင်…

ဓားသံများ ထွက်ပေါ်လာပြီး အလွန်အမင်း တောက်ပနေသော ဓားရောင်တို့ ဝင်းဝင်းလက် ပြိုးပြက်သွားသည်။ တစ်ဆက်တည်းမှာပဲ လက်ချောင်းပြတ်များ မြောက်တက်သွားကြသည်။

ချင်မူက ဓားနှင့်အတူ ကခုန်နေရင်း ဓားရိုးအား အောက်သို့ ငိုက်စိုက် ပြောင်းကိုင်လိုက်ပြီးနောက် လက်ဆယ်ချောင်းကို ဖြန့်ကားလိုက်ရာ ဖရိုဖရဲချီများ လွင့်မျောသွားသည်။

လှေငယ်အနောက်ရှိ ဖရိုဖရဲမြစ်ပြင်ထက်မှ ဧရာမအရိုးစုကြီးတစ်ခုက ကောင်းကင်သို့ ခုန်တက်လာသည်။ ၎င်းက လေးလံသိပ်သည်းနေသည့် တာအိုဘာသာစကားတစ်ခုကို တတွတ်တွတ် ရွတ်ဖတ်နေပြီး တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် ကောင်းကင်နတ်သိုင်းကို အသုံးပြုပေတော့မည်။

သို့သော် အရိုးစု ပါးစပ်ဟလိုက်သည်နှင့် ချင်မူ၏ ပြောင်းပြန်ကပ်ဘေး‌ဓားက လျှပ်စီးကဲ့သို့ နောက်ပြန်ထိုးသွင်းလိုက်သည်။ တောက်ပလင်းလက်သော ဓားရောင်တို့ကား အရိုးစု၏ပါးစပ်ထဲ ဝင်ရောက်သွားကြတော့သည်။

အရိုးစု၏ နောက်စေ့‌ကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ချင်မူက ဓားကို မြှောက်လိုက်သည့်အခါ အရိုးစု၏ဦးခေါင်းမှာလည်း နှစ်ခြမ်းကွဲသွားတော့သည်။

အရိုးစုမှာ ရေပြင်ပေါ် အရုပ်ကြိုးပျက် ပြန်ကျသွားချေပြီ။

ထိုစဉ် ဖရိုဖရဲမြစ်မှာ တပွက်ပွက် ဆူပွက်လာသည်။ တာအိုသစ်ပင်တစ်ပင်က လှေကို မြှောက်ကာ ကောင်းကင်ထက်၌ မျောလွင့်သွားစေသည်။ လေအေးများက အောက်တွင် တဝူးဝူး တိုက်ခတ်နေပြီး ဝိညာဉ်များက မြစ်ထဲမှ ပျံတက်၍‌ လှေပေါ် ခုန်တက်လာကြသည်။

တာအိုသစ်သီးတစ်လုံးကလည်း မြစ်ထဲမှ ခုန်ထွက်လာပြီး လှည့်ပတ်လိုက်ကာ တာအိုအမှတ်အသားမျာအား တစ်ခုနှင့်တစ်ခု ရောထွေးသွားစေသည်။ တာအိုသံကြိုးများသည် အချင်းချင်း ဖြတ်လျက် ချိတ်ဆက်သွားပြီး လှေကို ချုပ်နှောင်ထားကြသည်။

ချင်မူက ဓားလမ်းစဉ်ကို အသက်သွင်းလိုက်၏။ ကပ်ဘေးဓားမှာ လျှပ်စီးအလား ကောင်းကင်ထဲတွင် တဝင်းဝင်း လင်းလက်လျက် ဝိညာဉ်တိုင်းကို ဖြတ်တောက်ကာ တာအိုသစ်သီးအား နှစ်ခြမ်းကွဲသွားစေသည်။ ထို့နောက် သူက ကပ်ဘေးဓားကို ပစ်လွှတ်လိုက်ရာ ဓားရောင်သည် အောက်ရှိ တာအိုသစ်ပင်ကို လှည့်ပတ်ပြီး ခုတ်ပစ်လိုက်သည်။

“နဂါးဟန်ရဲ့ မိုးသက်လေ.... မှောင်မည်းလို့ အုံ့ဆိုင်းလို့ ဝါကြင့်လို့... ကပ်ဘေးနဲ့အတူ ... မြစ်ပြင်ကို ခြုံလွှမ်းမင်းမူ တိုက်ခတ်လေသလား ....”

ချင်မူ၏ အသတ်အဖြတ်အရှိန်အဝါက ထွက်ပေါ်လာပြီး သူက လက်မြှောက်ကာ ဓားကို ဖမ်းယူလိုက်၏။ ကပ်ဘေးဓား သူ့လက်ထဲသို့ ဝင်ရောက်လာသည့်အခါ သူက ၎င်းကို အရှေ့သို့ ထိုးစိုက်လိုက်သည်။

မြစ်ထဲကျသွားခဲ့သည့် အရိုးစုက အကောင်းအတိုင်းပြန်ဖြစ်နေသော ခန္ဓာကိုယ်ဖြင့် ရေထဲမှ မြောက်တက်လာသည်။ ထိုသူမှာ ထွက်လာလျှင်ချင်း မရေမတွက်နိုင်သော ဓားရောင်များ သူ၏ခန္ဓာကိုယ်တွင် ၀န်းရံထားသည်ကို တွေ့လိုက်ရသဖြင့် ကြောင်အနေသည်။

ရုတ်တရက် အရိုးဖြူများ အက်ကွဲပြိုလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို ဖွဲ့တည်ထားသည့် တာအိုသံကြိုးများမှာ တစ်ခုပြီးတစ်ခု ဖြတ်တောက်ခံရကာ တာအိုအမှတ်အသားများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် တာအိုအမှတ်အသားများမှာ ခုတ်ပိုင်းခံရပြီး တာအိုသင်္ကေတများ ဖြစ်သွားကြ၏။

ဓားရောင်များထဲတွင် မဟာတာအိုသင်္ကေတများမှာလည်း ဓားရောင်‌ကြောင့် ဖြိုခွင်းခံရ၍ တစ်ခုပြီးတစ်ခု အက်ကွဲကုန်ကြချေပြီ။

အရိုးစုက ကျယ်လောင်စွာ အော်ဟစ်ရင်း မြစ်ပြင်ပေါ် လဲကျသွားသည်။ ၎င်းမှာ ဘာဆိုဘာမှ မကျန်သည့်တိုင်အောင် အစိတ်စိတ်အမွှာမွှာ အက်ကွဲပျက်စီးသွားတော့သည်။

ချင်မူက ကပ်ဘေးဓားကို လွှဲလိုက်ပြီးနောက် ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် လှေထိပ်တွင် မတ်မတ်ရပ်လိုက်၏။

သူ့အနောက်တွင် တာအိုအဆင့် အလွှာများက တစ်လွှာပြီးတစ်လွှာ ပျံ့နှံ့လာပြီး ကောင်းကင်ဘုံ ၂၉ ဘုံအဖြစ် အသွင်ပြောင်းသွားသည်။

ဓားရောင်တို့က ကောင်းကင်ဘုံ ၂၉ ဘုံအထက်တွင် တစ်ခုနှင့် တစ်ခု ရစ်သိုင်းကွန့်မြူးလျက် ၃၀ ဘုံမြောက် ကောင်းကင်ဘုံကို ဖွဲ့တည်နေသည်။

ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများအတွင်း ငုပ်လျှိုးနေသော တာအိုသစ်ပင်များလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး မြစ်အနက်ပိုင်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

ဝိညာဉ်များလည်း အဝေးသို့ ထွက်ပြေးကာ ဖရိုဖရဲမြစ်ထဲ ပြန်ငုပ်သွားကြသည်။ တာအိုသစ်သီးများလည်း လှည့်ပတ်ရင်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြချေပြီ။

“ဒီဓားကွက်က ကပ်ဘေးဖျက်ဓားကွက်လို့ ခေါ်တယ်”

ချင်မူက ညာခြေထောက်ကို မြှောက်၍ တောင်ဝှေးမှ အသွင်ပြောင်းထားသော လှေထိပ်သို့ တင်လိုက်သည်။ သူက ပတ်ဝန်းကျင်ရှိ ထူးဆန်းမှုများကို လျစ်လျူရှုရင်း ရှေ့သို့သာ ကြည့်နေ၏။

ဤကပ်ဘေးဖျက်ဓားကွက်ကား ဖရိုဖရဲမြစ်အပေါ် အမှန်တကယ် ဖိနှိပ်ထားလေသည်။ ၎င်းက သူ့ကို မြစ်ထဲ ဆွဲချ၍ ကမ်းစပ်သို့ တက်ရန် ကြိုးစားနေကြသော ထူးဆန်းသည့်ပုဂ္ဂိုလ်များ လှေငယ်အနား မကပ်နိုင်အောင် ကာကွယ်ပေးထား၏။

ကပ်ဘေးဖျက်ဓားက မဟာတာအို၏ ဖွဲ့စည်းပုံကို ဦးတည်တိုက်ခိုက်ပေးသည်။ ၎င်းက မဟာတာအိုအား ဖွဲ့စည်းပေးထားသော အဆင့်များကို ပြောင်းပြန်ပြန်လည်ဖြိုခွဲပေး၏။ တာအိုနယ်ပယ်မှ တာအိုသံကြိုးအဖြစ်၊ တာအိုသံကြိုးမှ တာအိုအမှတ်အသားများအဖြစ်၊ တာအိုအမှတ်အသားများမှ တာအိုသင်္ကေတများအဖြစ် ဖြိုခွဲပြီးနောက်မှ တာအိုသင်္ကေတများကို ချေမှုန်းဖျက်ဆီးပစ်သည်။

ကောင်းကင်နတ်အရှင်များအနေဖြင့် ဖရိုဖရဲမြစ်ထဲရှိ ထိုပုဂ္ဂိုလ်များအား အနိုင်ယူနိုင်ရန် သူတို့၏ စွမ်းဆောင်ရည်များကို အားကိုးကြပေလိမ့်မည်။ ၎င်းက ထိုပုဂ္ဂိုလ်များကို ဒဏ်ရာရစေနိုင်သော်လည်း မသေနိုင်ပေ။

ချင်မူ၏ကပ်ဘေး‌ဓားကမူ ပြီးပြည့်စုံသွားသည်နှင့် ၎င်းက ရန်သူ၏ မဟာတာအိုကို ဖျက်ဆီးကာ အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်လိမ့်မည်။ ထို့ကြောင့် ဖရိုဖရဲမြစ်ထဲရှိ ပုဂ္ဂိုလ်များ သူ့ကို ရန်မစရဲတော့ပေ။

ချင်မူ့အနောက်တွင် ၃၀ ဘုံမြောက် ကောင်းကင်ဘုံက ဖွဲ့တည်နေသည်။ ၎င်းက တာအိုကျင့်စဉ်စနစ်၏ ၃၀ ခုမြောက် အဆင့်ပင် ဖြစ်၏။ တာအိုအဆင့်၏ ဤအလွှာ ပြီးပြည့်စုံသွားသည်နှင့် သူသည် သူ၏ မဟာတာအိုကို ကပ်ဘေးဓားတွင် တံ‌ဆိပ်ခတ်နှိပ်နိုင်မည်။ ထိုအခါ ကပ်ဘေးဓား၏ စွမ်းအားက အနည်းငယ် တိုးတက်လာပေလိမ့်မည်။

“ဘိုးဘိုးရွှေအက ဒီဓားကို အံ့မခန်းလိလိ သွန်းလုပ်နိုင်ခဲ့တာပဲ”

ချင်မူမှာ လေးစားအားကျစွာ ရေရွတ်လိုက်မိသည်။ သူ ထွက်လာခဲ့တုန်းက ရွှေအသည် တာအိုမီးတောက် ဘိုးဘေးနယ်မြေထဲတွင် သိမြင်နားလည်နေဆဲ ဖြစ်၏။ ဤတစ်ကြိမ် ကပ်ဘေးဓားကို သွန်းလုပ်ခဲ့ခြင်းက သူ၏ပန်းပဲလမ်းစဉ်တွင် အံ့ဩဖွယ်ရာ တိုးတက်မှုများ ဖြစ်လာစေလိမ့်မည်ဟု ကောက်ချက်ချထားသည်။

ရွှေအကား တစ်လောကလုံးတွင် နံပါတ်တစ် ပန်းပဲဆရာဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်ပေ၏။

ဖရိုဖရဲမြစ်ထဲမှ နှောင့်ယှက်မှုများ မရှိတော့သဖြင့် တောင်ဝှေးလှေကား ဖရိုဖရဲမြစ်၏ အတွင်းပိုင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာတော့သည်။

ချင်မူမှာ ဖရိုဖရဲမြစ် မည်မျှကျယ်ဝန်းကြောင်း မသိသော်လည်း .... တစ်ဖက်ကမ်းသို့ ဘယ်တော့မှ မရောက်တော့မည့် ရှည်လျားနေသလို ခံစားမိသည်။ ဤသို့ဖြင့် တစတစ ဝင်ရောက်လာရင်း ချင်မူသည် အရှေ့မှ ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များကို အာရုံခံစားလာမိသည်။ သူ့မှာ ရင်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်၏။

ရုတ်တရက် ဓားရောင်နှစ်ချက်က အသံမထွက်ဘဲ တိတ်ဆိတ်စွာ ခုတ်ချလိုက်သည်။ ချင်မူ ခေါင်းငုံ့လိုက်သောကြောင့် ဓားရောင်နှစ်ချက် သူ၏ခေါင်းပေါ်မှ ဖြတ်သွားကြသည်။ သူ့ကို မခုတ်ပိုင်းလိုက်သော်လည်း လည်ပင်းတွင် ဓားရာတစ်ခု ကျန်ရစ်စေခဲ့၍ သွေးများ ပန်းထွက်လာသည်။

ဓားရောင်နှစ်ရောင်က သူ့ကို ဖြတ်သန်းခုတ်ပိုင်းသွားကြပြီးနောက် ဖရိုဖရဲချီထဲ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

ချင်မူက ကပ်ဘေးဓားကို ထုတ်၍ ရှေ့သို့ ထိုးလိုက်သည်။

ဓား ရှေ့သို့ ထိုးလိုက်သည့်အချိန်တွင် ဖရိုဖရဲချီတို့ ပုံပျက်သွားပြီး ဓားရောင်မှာလည်း ဖရိုဖရဲချီများထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ရုတ်တရက် အရှေ့မှ ခပ်စာစာ အော်သံတစ်သံ ပျံ့လွင့်လာ၏။ “ခိုင်ဧကရာဇ်ချင်ယဲ့လား… နင် ငါ့ကို အကောက်ကြံတာလား”

“ခိုင်ဧကရာဇ် မဟုတ်ဘူး”

ချင်မူက လှမ်းမေးလိုက်သည်။ “မဟာဧကရာဇ်၊ ခင်ဗျားလည်း ဒီ ရောက်နေတာလား”

အရှေ့ရှိ အသံမှာ တခဏ တိတ်ဆိတ်သွားပြီး နတ်အရှင်မချန်း၏ အသံ ထွက်ပေါ်လာ၏။ သူမက တခစ်ခစ် ရယ်နေသည်။ “ကောင်းကင်နတ်အရှင်မူပေါ့လေ… ကောင်စုတ်လေး… နင် တိုးတက်လာသားပဲ… ဒီဓားနဲ့ ငါ့ကို အလစ်တိုက်ပြီး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်..”

ဝှစ်…

တာအိုသစ်ပင်တစ်ပင်၏ အမြစ်များက ချင်မူ့အရှေ့တွင် လူးလွန့်ထွက်ပေါ်လာသည်။ သစ်ပင်က ၎င်း၏အမြစ်များကို ရေပြင်ထက်၌ လှုပ်ရှားနေသည့် ရေဘဝဲတစ်ကောင်ပမာ လွှဲရမ်းနေလေသည်။

နတ်အရှင်မချန်းသည် ညှိုးခြောက်နေသော တာအိုသစ်ပင်ပေါ်တွင် ရပ်နေပြီး သူမဘေးတွင် တာအိုသစ်သီးတစ်လုံးက တွဲလဲခိုနေသည်။ တာအိုသစ်သီးထဲတွင် အမျိုးသမီးတစ်ဦး ရှိနေပြီး တာအိုသစ်သီး၏ အပေါက်မှတစ်ဆင့် ချင်မူ့ကို လှမ်းကြည့်နေ၏။

All Chapters