← Chapters

မဟာပျက်စီးခြင်း၏ အမှန်တရား

Vol. 115 Ch. 1510

မဟာပျက်စီးခြင်း၏ အမှန်တရား

Vol. 115 Ch. 1510

မဟာဧကရာဇ်၏ မူလဝိညာဉ်မှာ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းထဲတွင် ပိတ်မိနေသေးကာ ယခုအချိန်အထိ မလွတ်မြောက်လာသေးပေ။ ထို့ကြောင့် နတ်အရှင်မချန်း၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်မူလဝိညာဉ်မှ မရှိပေ။ မီလော့နန်းတော်တန်ခိုးရှင်၏ ကြာပွတ်က မူလဝိညာဉ်အပေါ် ပစ်မှတ်ထားကာ တစ်ချက်တည်းဖြင့် ရိုက်နှက်ပစ်ခြင်း ဖြစ်သည်။

ရိုက်နှက်ခံရပြီးလျှင် ထိုသူ၏ တာအိုနှလုံးသားမှာ အားနည်းသွားပြီး ရိုက်နှက်သူ၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည်။

သို့သော် မူလဝိညာဉ်မရှိဘဲ အသိစိတ်အလျဉ်ကိုသာ အားကိုးသည့် နတ်အရှင်မချန်းကဲသို့ ရူးကြောင်ကြောင် ပုဂ္ဂိုလ်တစ်ယောက်အတွက်တော့ ဤကြာပွတ်မှာ အသုံးမဝင်ပေ။

ချင်မူက နတ်အရှင်မချန်းဘက် လှမ်းကြည့်လိုက်ရာ သူမသည် တာအိုသစ်ပင်တစ်ပင်၏ သစ်သားအပိုင်းအစတစ်ခုပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူမက တာအိုသစ်သီးထဲမှ အမျိုးသမီးကို အားကိုးလျက် ဖရိုဖရဲမြစ်အား ထိတ်လန့်တုန်လှုပ်ဖွယ်အမူအရာဖြင့် ဖြတ်သန်းလာပြီး သူ့နောက်သို့ အမြန်လိုက်လာနေ၏။

တာအိုသစ်သီးထဲမှ အမျိုးသမီးသည် စောစောက မီလော့နန်းတော်အရှင်သခင် ကြာပွတ်ကို မခုခံပေးခဲ့ပေ။ သူမ၏သိုင်းအဆင့်က မီလော့နန်းတော်အရှင်သခင်လောက် မမြင့်မားသည့် အဓိပ္ပာယ်ဖြစ်၏။ သို့သော် ကမ္ဘာဦးခေတ်တွင် တာအိုရရှိထားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ချင်မူ တပ်အပ်ပြောနိုင်ပေသည်။

ချင်မူက တခဏကြာ တွေးနေပြီးနောက် နတ်အရှင်မချန်းကို ရှောင်၍ ‌တောင်ဝှေးလှေအား ရွက်လွှင့်စေလိုက်သည်။ သူသည် သူမအား အနှောင့်အယှက်ပေးရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်ပေ။

သူ၏လက်ရှိ အစွမ်းအစဖြင့် နတ်အရှင်မချန်းကို သတ်ဖြတ်ရန် မလွယ်ကူသေးပေ။ ထိုမျှသာမက နတ်အရှင်မချန်းကို သတ်ဖြတ်ခြင်းက မဟာဧကရာဇ်ကို သတ်ဖြတ်ခြင်းပင် မဟုတ်လော။ မဟာဧကရာဇ်ကို အမှန်တကယ် ရှင်းလင်းဖယ်ရှားလိုပါက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအထိ သွားရောက်၍ သူ့တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို ဖျက်ဆီးရပေလိမ့်မည်။

စောစောက တိုက်ပွဲတွင် နတ်အရှင်မချန်း၌ အားနည်းချက်ရှိခဲ့သည်။ တာအိုသစ်ပင်ကို စီးနင်းထားသောကြောင့် တိုက်ခိုက်ရာတွင် ခြေလက်များ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ပေ။ တာအိုသစ်ပင်ကို မထိမိအောင် ရှောင်တိမ်းနေခဲ့ရ၏။

ထို့အပြင် ချင်မူ၏ တမင်ရည်ရွယ်ထားသော အကြံအစည်ကြောင့် နတ်အရှင်မချန်းသည် ကပ်ဘေးဓားမှာ ချင်မူ ကျောက်စိမ်းမြို့တော်မှ ကံကောင်းထောက်မ၍ ရရှိခဲ့သော ရတနာတစ်ပါးဟု ထင်ခဲ့မိသည်။ ထို့ကြောင့် ၎င်းကို လုယူချင်ခဲ့မိ၏။ ရလဒ်အနေဖြင့် ချင်မူ့ထောင်ချောက်ထဲ ကျရောက်သွားပြီး အရေးနိမ့်ခဲ့ရခြင်းပင်။

ဤနည်းလမ်းကို တစ်ကြိမ်သုံး၍ အဆင်ပြေသော်လည်း နောက်တစ်ကြိမ်တွင်တော့ သေချာပေါက် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

သူတို့သာ ထိပ်တိုက်ရင်ဆိုင်ပါက ချင်မူအနေဖြင့် နတ်ဘုရားစီရင်ရာဓားနှစ်လက်ကို ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။ ၎င်းတို့ကား စွမ်းအားကြီးမားလွန်းသည့်အတွက် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာပင်လျှင် မခုခံနိုင်ခဲ့ချေ။ တစ်လောကလုံးတွင် အကြမ်းဆုံး လက်နက်များဟုပင် ပြော၍ရနိုင်ပေသည်။

ထိုနတ်ဓားနှစ်လက်ကို ရင်ဆိုင်ရပါက ချင်မူသည် အနက်ရောင်တောင်တန်းတွင် ကမ္ဘာဦးတာအိုသိုင်းပညာရှင်ကို ရင်ဆိုင်ခဲ့သကဲ့သို့ ကြိုတင်အကွက်ချကာ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းနှင့် ဝင်္ကပါများအား စီစဉ်ရမည်။ ထို့မှသာ သေဘေးမှ လွတ်လိမ့်မည်။

ဖရိုဖရဲမြစ်ကဲ့သို့ ထူးဆန်းသောနေရာတွင် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို နေရာချထားရန် မလွယ်ကူပေ။ သူသာ သတိလွတ်ပြီး မြစ်ထဲ ကျသွားပါက သေချာပေါက် အနိစ္စရောက၍ တာအိုပါ ပျောက်ကွယ်သွားပေလိမ့်မည်။

သူ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ နတ်အရှင်မချန်းကို သတ်ဖြတ်ရန် မဟုတ်ဘဲ ထိုက်ယီအား ရှာဖွေ၍ ကျောက်စိမ်းမြို့တော်အဆင့်ကို စူးစမ်းလေ့လာရန်သာ။

‘မဟာဧကရာဇ်ကတော့ လမ်းကျဉ်းကိုမှ ရွေးခဲ့တာပဲ… ကမ္ဘာဦးသိုင်းပညာရှင်တစ်ဦးနဲ့ တကယ်ကြီးပူးပေါင်းခဲ့တယ်ဆိုတော့ ... သူ့သေတွင်းသူ တူးသလိုတော့ ဖြစ်နေပြီ’

ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ကို ထုတ်၍ နတ်အရှင်မချန်း၏ နတ်ဘုရားစီရင်ရာဓားနှစ်လက်ကို လုယူနိုင်ခြင်းရှိ၊ မရှိ သိရအောင် အသက်သွင်းကြည့်လိုက်သည်။

နတ်အရှင်မချန်းသည် ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်သော်လည်း သူမ၏ သိုင်းအဆင့်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အားနည်း၏။ သူမတွင် မူလဝိညာဉ် မရှိသည့်အပြင် မဟာဧကရာဇ်၏ ဦးခေါင်းနှင့် ပေါင်းစည်းလိုက်လျှင်တောင်မှ သူမ၏ သိုင်းအဆင့်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အောက်ဘက်တွင်သာ ရှိလေသည်။

သို့သော် နတ်ဓားနှစ်လက်ကတော့ အမှန်တကယ် ပြိုင်ဘက်ကင်းပေသည်။ နတ်အရှင်မချန်း ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို သူမနှင့်အတူ ယူလာရခြင်းမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ယောက်ယောက် နတ်ဓားနှစ်လက်ကို လုယူမည်စိုးသောကြောင့်ပင်။

နတ်ဘုရားစီရင်ရာစင်မြင့်အနေဖြင့် နတ်ဓားနှစ်လက်အပေါ် ထိန်းချုပ်နိုင်စွမ်းရှိသည်မှာ သိသာပေသည်။

ချင်မူ ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို ထုတ်လိုက်သည့်အချိန်တွင် နတ်အရှင်မချန်းလည်း သတိထားမိသွား၏။ သူမမှာ စိုးရိမ်မကင်း ဖြစ်လာကာ သူမ၏ အသိစိတ်အလျဉ်ကို ချင်မူ့ထံ ပို့လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်မူသည် ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်ကို အသက်သွင်း၍ ၎င်းထဲတွင် ကိန်းဝပ်နေသော မဟာတာအိုများကို စုစည်းလိုက်ချေပြီ။ နတ်အရှင်မချန်းလက်ထဲရှိ နတ်ဓားနှစ်လက်မှာ ချက်ချင်းပင် ရုန်းကန်လှုပ်ရှားလာကြပြီး ထိန်းရခက်လာတော့သည်။

ဧရာမလက်ကြီးများကလည်း နတ်အရှင်မချန်း ခြေထောက်အောက်ရှိ တာအိုသစ်ပင်အပိုင်းအစကို ဆုပ်ကိုင်၍ ဖရိုဖရဲမြစ်ထဲသို့ ဆွဲချနေကြသည်။

နတ်အရှင်မချန်း ခြေထောက်များမှာ ရေထဲ နစ်ဝင်သွားပြီး မဟာပျက်စီးခြင်း ကပ်ဘေးကြီးထဲ ကျရောက်သွားသည်။ ခြေထောက်နှစ်ဖက်လုံး ချက်ချင်း ပြာကျသွား၏။

တစ်ချိန်တည်းမှာပင် နတ်အရှင်မချန်း၏ အသိစိတ်အလျဉ် ကျူးကျော်ဝင်ရောက်လာသောကြောင့် ချင်မူ့စိတ်မှာ ရှုပ်ထွေးနောက်ကျိသွားသည်။ သူလည်း ထိုက်ယီတောင်ဝှေးလှေကို မထိန်းချုပ်နိုင်တော့၍ လှေနှင့်အတူ နစ်မြုပ်လုဆဲဆဲ ဖြစ်သွားသည်။

သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။ ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ကို အလျင်အမြန် သိမ်းဆည်း၍ လှေငယ်ကို တည်ငြိမ်စေလိုက်သည်။ လှေငယ်သည် မြစ်ရေပြင်အောက်သို့ စိုက်ကျသွားသဖြင့် မဟာပျက်စီးခြင်းကပ်ဘေးကြီးက သူ၏ခြေထောက်ကို တိုက်စားနေ၏။

ချင်မူမှာ ရုပ်ခန္ဓာတစ်ခုလုံး အရည်ပျော်မသွားခင် ဖရိုဖရဲမြစ်ထဲမှ ရုန်းထွက်လိုက်ရသည်။ ဤတစ်ခဏလေးအတွင်း သူ၏ခြေကျင်း၀တ်နှစ်ခုလုံး လုံးဝ ပုပ်သိုးပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။

သူ လှည့်ကြည့်လိုက်ရာ နတ်အရှင်မချန်း၏ ခြေကျင်း၀တ်နှစ်ခုလုံးလည်း ပျက်စီးနေ၏။

သူတို့နှစ်ယောက်က အဝေးမှနေ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ကြောက်စိတ်မပြေသေးပေ။ ချင်မူက ချာခနဲ လှည့်၍ လှေငယ်အား လှော်ခတ်ကာ ဖရိုဖရဲချီများထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

နတ်အရှင်မချန်းကလည်း သူ့နောက်မှ လိုက်မလာတော့ချေ။

သူတို့နှစ်ယောက်လုံးတွင် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးချေမှုန်းနိုင်စွမ်း ရှိနေသည့်အတွက် နှစ်ယောက်စလုံးမသေအောင် သိက္ခာအကျခံပြီးသာ တစ်ယောက်ကိုတစ်ယောက် ရှောင်ရပေလိမ့်မည်။

ဖရိုဖရဲမြစ်မှာ အမှန်တကယ်ပင် ကျယ်ပြောသည်။ လှေငယ်က မြစ်ရေပြင်ပေါ်တွင် ရွက်လွှင့်နေသည့်တိုင် မည်သည့်အရပ်မျက်နှာသို့ သွားနေမှန်း မသိနိုင်ပေ။ ဖရိုဖရဲချီတို့က နေရာတိုင်းတွင် ပြည့်နှက်နေသဖြင့် အဆုံးကို မြင်ရနိုင်ရန် ခက်နေသည်။

ချင်မူက လှေကို ရပ်၍ မြင်ယောင်ဖန်ဆင်းခြင်းလမ်းစဉ်ကို အသက်သွင်းလိုက်သည်။ သူ၏ ခြေကျင်း၀တ်နှစ်ဖက်မှာ ဖြည်းဖြည်းချင်း ပြန်ပေါက်လာသော်လည်း သူ့နှလုံးသားထဲရှိ အကြောက်တရားကတော့ ပျောက်ကွယ်မသွားသေးပေ။

‘မဟာပျက်စီးခြင်းကပ်‌ဘေးကြီးက အားကောင်းလွန်းတယ်…. တာအို မရထားရင် ကောင်းကင်နတ်အရှင်ဆယ်ပါးတောင် ခုခံနိုင်မှာ မဟုတ်ဘူး’

သူ၏ခြေထောက်များ ပြန်လည်သက်သာလာပြီးနောက် သူက ရှေ့ဆက်လာခဲ့သည်။ မည်သည့်အရပ်မျက်နှာသို့ ရောက်ရှိနေမှန်း မပြောနိုင်သည့်တိုင် သူ၏ဒေါင်လိုက်မျက်လုံးက ဖရိုဖရဲချီများကို ဖောက်ထွင်းမြင်နိုင်၏။ ကမ်းစပ်နှင့် နီးကပ်နေသရွေ့ သူ၏မျက်လုံးများသည် ဖရိုဖရဲချီများကို ဖောက်ထွင်းကာ တစ်ဖက်ကမ်းသို့ မြင်နိုင်ပေလိမ့်မည်။

သို့သော် ဤမြစ်ထဲတွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ချင်မူမှာ တစ်ဖက်ကမ်းစပ်ကို မတွေ့နိုင်သေးပေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည့်အလျောက် သူ့မှာ စိုးရိမ်ပူပန်လာမိသည်။ ကမ်းစပ်ကို ရှာမတွေ့သည်သာမက သူ လာခဲ့သည့် လမ်းကိုပင် မရှာနိုင်တော့ချေ။

“ဒုက္ခပဲ…”

သူ့မှာ ရတက်မအေး ဖြစ်လာမိသည်။ အပြန်လမ်း သို့မဟုတ် တစ်ဖက်ကမ်းစပ်ကို မရှာနိုင်ပါက ဤနေရာတွင် ထာဝရ ပိတ်မိကောင်း ပိတ်မိသွားနိုင်၏။

ဖရိုဖရဲချီများထဲတွင် တောင်နှင့် မြောက်ကိုပင် ခွဲခြား၍မရချေ။ အပေါ်နှင့် အောက်ကလည်း မည်သို့သော ခြားနားချက်မှ ရှိမနေပေ။ လမ်းပျောက်သွားပါက ကံကိုသာ ယုံကြည်အားကိုးရပေလိမ့်မည်။ ဤနေရာ၌ မည်သည့် ဆုံမှတ်မှ မရှိသဖြင့် မြေပုံများကလည်း အသုံးမဝင်ပေ။

‘ငါ ဒီနေရာမှာသာ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့အတူ ပိတ်မိနေရင် လူသားလောကအတွက် ကောင်းချီးကြီးတစ်ခုပဲ'

သူ့မှာ ပြန်လည်စိတ်ငြိမ်သွားသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဆိုးရွားသော ကိစ္စရပ်များစွာကို ပြုမူကျူးလွန်ခဲ့ကြသည်။ သူသာ သူတို့နှင့်အတူ ဤနေရာတွင် ပိတ်မိနေပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်ပြောင်းလဲ၍ ကောင်းကင်နတ်ဘုံအား တော်လှန်နိုင်မည်မှာ အနှေးနှင့်အမြန်ပင်။

သူက လက်မလျှော့ဘဲ ဆက်လက်ရှာဖွေနေသည်။ သို့သော် တစ်ရက်ပြီး တစ်ရက်သာ ကုန်ဆုံးသွားသည်၊ ဖရိုဖရဲမြစ်၏ တစ်ဖက်ကမ်းကိုတော့ ရှာမတွေ့ချေ။

တစ်ဖက်ကမ်းကို ရှာမတွေ့သည်သာမက တခြားကောင်းကင်နတ်အရှင်များကိုလည်း မတွေ့ရပေ။

မြစ်မှာ ကျယ်ပြောလွန်းသဖြင့် အခြားကောင်းကင်နတ်အရှင်များနှင့် တွေ့နိုင်ရန် ခက်လာတော့သည်။

ရုတ်တရက် ချင်မူ့မျက်လုံးများက မြစ်ရေပြင်အောက်သို့ ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ ထူးဆန်းသွား၏။

ဖျက်ဆီးခံနေရသော စကြ၀ဠာထဲတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ဆန်းကြယ်ခမ်းနားသော လောကသစ်ပင်အောက်တွင် ဘီလူးကြီးအရိပ်တစ်ခုသည် ပုဆိန်ကြီးကို ကိုက်စွဲလျက် လောကသစ်ပင်ထံ လျှောက်လှမ်းလာနေ၏။

သူ ယခင်က တွေ့ခဲ့ရသော မြင်ကွင်းတွင် ဘီလူးကြီးသည် လောကသစ်ပင်အား ခုတ်နေခဲ့သည်။ သို့သော် ယခုတွင်တော့ အချိန်နောက်ပြန်ဆုတ်သွားသည့်အလား လောကသစ်ပင်ကို ခုတ်ရန် လမ်းလျှောက်လာနေဆဲ ရှိသေးသည်။

ဤသည်က အလွန်တရာ ထူးဆန်းပေသည်။

ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လှေငယ်အား ကျပန်းအရပ်မျက်နှာတစ်ခုသို့ ရွက်လွှင့်စေလိုက်သည်။

တခဏကြာသော် လောကသစ်ပင်ဘက်သို့ ပြန်ကြည့်လိုက်ရာ ထိုက်ယီသည် ပုဆိန်ကြီးနှင့်အတူ သစ်ပင်အောက်သို့ ရောက်နေကြောင်း တွေ့လိုက်ရ၏။

သူက လှေငယ်ကို ထိန်းချုပ်ရင်း ဦးတည်ရာပြောင်းလိုက်ပြန်သည်။ လှေငယ် အဝေးသို့ ရောက်သွားသောအခါ ထိုက်ယီမှာ နောက်ပြန်ဆုတ်နေပြီး လောကသစ်ပင်နှင့် ဝေးသထက် ဝေးကွာသွားနေကြောင်း သတိထားမိလိုက်သည်။

ချင်မူမှာ ကြောင်အနေပြီးနောက် ဝမ်းသာပျော်ရွှင်သွားတော့သည်။ ဖရိုဖရဲမြစ်၏ အရပ်လေးမျက်နှာကို မပြောနိုင်သော်လည်း မှတ်သားထားနိုင်မည့် ဆုံမှတ်များ တွေ့ရှိသွားလေပြီ။

ထိုဆုံမှတ်များက ယခင်စကြ၀ဠာ ဖျက်ဆီးခံနေရခြင်း ဖြစ်စဉ်ပင်။

သူက လှေငယ်ကို ရှေ့သို့ ဆက်လက်ရွက်လွှင့်သွားစေသည်။ ထိုက်ယီ၏ အရိပ်သည် လောကသစ်ပင်ဆီမှ ဝေးသထက် ဝေးသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။ ထိုစဉ် အောက်ရှိ စကြ၀ဠာပျက်စီးနေခြင်းမှာ နောက်ပြန်ရစ်နေသကဲ့သို့ ပြိုကျနေသည့် အဆောက်အဦးများ ပြန်လည်ကောင်းမွန်လာကြသည်။ အက်ကွဲနေသော ကောင်းကင်ဘုံများနှင့် ပျက်စီးနေသည့် ကမ္ဘာလောကများကလည်း ဖရိုဖရဲချီများထံမှ ထွက်ပေါ်လာ၍ ပြန်လည်ထူမတ်လာကြချေပြီ။

မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် သေဆုံးခဲ့ကြသည့် သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်တို့မှာလည်း ဖရိုဖရဲချီများအတွင်းမှ ပြန်လည်ဖွဲ့တည်လာ၍ ကပ်ဘေးကြီးမဆိုက်ရောက်မီ အခိုက်အတန့်သို့ ပြန်ရောက်သွားကြသည်။

ကြယ်တာရာများ သေဆုံးနေရာမှ ပြန်လည်အသက်ဝင်လာကြပြီး ကြယ်အလင်းရောင်တို့ တဖန်တောက်ပလာကြ၏။

ချင်မူက ရှေ့သို့ ဆက်သွားနေသည်။ နဂါးငွေ့တန်းနှင့် ဘိုးဘေးနန်းတော် ထွက်ပေါ်လာခဲ့ချေပြီ။

ယခင်စကြဝဠာတွင် ဖြစ်ပွားနေသည့် မဟာပျက်စီးခြင်းကပ်ဘေးကြီးမှာ သူ၏မျက်စိရှေ့တွင် နောက်ကြောင်းပြန်နေသည့်အလားပင်။

ချင်မူကား ယခင်စကြဝဠာ ပျက်စီးနေခြင်း၏ အစောပိုင်း နေ့ရက်များကို တွေ့မြင်နေရသည်။ ထိုအချိန်ရှိ ကမ္ဘာလောကမှာ အင်မတန် အဆင့်မြင့်သော လူနေမှုအဆင့်အတန်းတစ်ခုအထိ ရောက်ရှိခဲ့၏။ မျိုးနွယ်ပေါင်းစုံကိုလည်း မြင်နေရသည်။

ဥပမာအားဖြင့် ယဇ်ပူဇော်မှုအပေါ် ယုံကြည်သက်ဝင်သည့် လူနေမှုအဖွဲ့အစည်းများ၊ ဘာသာရေးတူညီသည့် လူနေမှုအဖွဲ့အစည်းများအပြင် ကျင့်ကြံသူများနှင့် ယန္တရားစက်များ တီထွင်ဖန်တီးတတ်သည့် လူနေမှုအဖွဲ့အစည်းများလည်း ရှိကြသည်။ အမျိုးအစားစုံလင်ပြီး မရေမတွက်နိုင်အောင်ပင်။

ထိုကမ္ဘာလောကများကို တာအိုရရှိပြီးသူများက အုပ်ချုပ်ကြသည်။ သူတို့တွင် ထူးခြားသော ကိုယ်ပိုင်လူနေမှု အဖွဲ့အစည်းများ ရှိကြ၏။ ကမ္ဘာလောကကြီးမှာ ပျက်စီးခြင်း ကျရောက်မလာခင်အထိ တည်ငြိမ်အေးဆေးနေခဲ့လေသည်။

တာအိုရရှိပြီးသော ပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်တို့က ကမ္ဘာလောကများအပေါ်တွင် အုပ်မိုးထားကြသောကြောင့် ရင်သပ်ရှုမောဖွယ်ရာ ဩဇာကြီးမားသော ခံစားချက်ကို ပေးစွမ်းနေသည်။

ထိုတာအိုရရှိပြီးသူတို့သည် ထိုကမ္ဘာလောကများ၏ အုပ်ချုပ်သူများ ဖြစ်လာကြပြီးနောက် သူတို့အုပ်ချုပ်သည့် ကမ္ဘာလောကကို သူတို့၏စိတ်ဆန္ဒအတိုင်း ပြောင်းလဲပြုပြင်ကြ၏။

ချင်မူအနေဖြင့် တစ်ချက်မျှသာ ကြည့်လိုက်နိုင်သည့်အတွဥ် ထိုပုဂ္ဂိုလ်များ အုပ်ချုပ်သည့် ကမ္ဘာလောကများမှာ မကောင်းမွန်ဟု မပြောနိုင်ပေ။ သို့သော် သူ ကြည့်လိုက်သည့်နေရာတိုင်းတွင် ယခင်စကြ၀ဠာမှာ သူ ထင်ထားသည်ထက် အ‌ဆပေါင်းများစွာ သေးငယ်နေသည်ကိုတော့ သတိထားမိ၏။

စကြ၀ဠာမှာ သေးငယ်လွန်းသည့်အလျောက် ဘိုးဘေးနန်းတော်ကလည်း လက်ရှိဘိုးဘေးနန်းတော်ထက် များစွာ သေးငယ်သည်။ ကမ္ဘာလောကများသည်လည်း လက်ရှိ ကမ္ဘာလောကများလောက် အံ့ဩငေးမောဖွယ်မကောင်းပေ။

စကြ၀ဠာတစ်ခုလုံးမှာ လက်ရှိစကြ၀ဠာ၏ အပုံတစ်ထောင်ပုံ တစ်ပုံသာ ရှိပြီး ၎င်းထက်ပင် ပို၍သေးငယ်နိုင်သေးသည်။

ချင်မူက ဆက်လက်ကြည့်ရှုနေပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ အရင်းအမြစ်ကို ရှာဖွေနေသည်။ နောက်ဆုံးတွင် သူ၏အကြည့်က အန္တိမဟင်းလင်းပြင်ဆီသို့ ရောက်ရှိသွား၏။

ထိုနေရာတွင် တာအိုသစ်ပင်များစွာက တောအုပ်တစ်အုပ်ပမာ နေရာယူထားကြသည်။ မဟာတာအိုစွမ်းအင်က အင်မတန် သိပ်သည်းနေပြီး တာအိုသစ်ပင်များက ခမ်းနားတင့်တယ်စွာ ထွန်းလင်းတောက်ပနေကြ၏။ တာအိုသစ်သီးများ ထုတ်လွှတ်နေသည့် အလင်းရောင်က ကောင်းကင်ရှိ ကြယ်တာရာများနှင့် နဂါးငွေ့တန်းထက်ပင် ပို၍ထွန်းလင်းတောက်ပချေသည်။

သို့သော် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ကပ်ဘေး စတင်ဖြစ်ပေါ်နေပြီး အန္တိမဟင်းလင်းပြင်ထဲရှိ အရာအားလုံးကို ဝါးမြိုနေချေပြီ။

နွေဦးတွင် ရေကန်များ နွေးခြင်းမနွေးခြင်းကို ဘဲတစ်ကောင်က ကြိုတင်သိသကဲ့သို့ တာအိုရရှိပြီးသော ပုဂ္ဂိုလ်များသည်လည်း မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အစိတ်စိတ်အမွှာမွှာ ကွဲ၍ ပျက်စီးခြင်းကပ်ဘေးကြီး အရှိန်မြင့်လာနေသည်ကို အာရုံခံမိကြသည်။

ကပ်ဘေးကြီးသည် အန္တိမဟင်းလင်းပြင်မှ အရင်းခံ၍ လမ်းတလျှောက်ရှိ ဟင်းလင်းပြင်အလွှာများကို ဖျက်ဆီးကာ အစစ်အမှန်စကြ၀ဠာကို ဝါးမြိုလာတော့သည်။

ကမ္ဘာလောကများကို အုပ်ချုပ်ကြသည့် တာအိုသိုင်းပညာရှင်တို့မှာ ဤအခိုက်အတန့်တွင် လောကသစ်ပင်ဆီသို့ ပြေးလွှားနေကြသည်။ တချို့က ဖရိုဖရဲမြစ်ထံသို့ ပြေးလွှားကြ၏။ မီလော့နန်းတော်၏ ကျောက်စိမ်းမြို့တော်သို့ ပျံသန်းနေကြခြင်း ဖြစ်တန်ရာသည်။

ချင်မူမှာ ဤမြင်ကွင်းကို မြင်လျှင် သူပင် မသိလိုက်ဘဲ လှေငယ်ကို အနည်းငယ် အရှိန်လျှော့လိုက်မိသည်။ သူက ဖြည်းဖြည်းချင်း နောက်ပြန်သွားနေပြီး ယခင်စကြ၀ဠာပျက်စီးခြင်း စတင်သည့်အခိုက်အတန့်တွင် အချိန်ကို ရပ်တန့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ့ခြေထောက်အောက်ရှိ လှေငယ်မှာ ရပ်တန့်သွားပြီး ဖရိုဖရဲမြစ်၏ တစ်ဖက်ကမ်းစပ်နှင့် ထိတွေ့သွား၏။

သို့သော် သူက ကမ်းစပ်ပေါ်သို့ ‌မတက်ချေ။ ထိုအစား ဖရိုဖရဲမြစ်ထဲကိုသာ စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် ယခင်စကြဝဠာ၏ နောက်ဆုံးတာအိုသိုင်းပညာရှင်ကို တွေ့လိုက်ရလေသည်။ ထိုသူသည် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် အသတ်အဖြတ်တာအိုအား ရွေးချယ်ကျင့်ကြံခဲ့၏။

ထိုတာအိုသိုင်းပညာရှင်ကား ကမ္ဘာလောကတစ်ခုပြီးတစ်ခုကို ဖျက်ဆီးပစ်ကာ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုကမ္ဘာလောကများ ဖျက်ဆီးခံရ၍ ကြယ်တာရာများ ဖရိုဖရဲချီအဖြစ် ပြောင်းလဲသွားချိန်တွင် သူက ၎င်းစွမ်းအားများကို စုပ်ယူခြင်းဖြင့် နောက်ဆုံးတွင် အသက်အဖြတ်တာအိုကို အောင်မြင်နိုင်ခဲ့သည်။

သူ၏မဟာတာအိုက အန္တိမဟင်းလင်းပြင်တွင် သိပ်သည်းအားကောင်းလှသည့် တာအိုသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲကာ တာအိုသစ်သီးတစ်လုံးကို ဖွဲ့တည်လိုက်သည်။ နောက်ဆုံးတွင် ၎င်းက အန္တိမဟင်းလင်းပြင်ကို ဖျက်စီးလိုက်သော အရာတစ်ခု ဖြစ်လာ၏။

သူ၏တာအိုသစ်သီး ဖွဲ့တည်လာသည်နှင့် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသော ပျက်စီးခြင်းမဟာကပ်ဘေးကြီးမှာ နောက်ဆုံးတော့ အန္တိမ‌ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသွားတော့သည်။

အမှန်ပြောရလျှင် ၎င်းမတိုင်ခင်တည်းက အန္တိမဟင်းလင်းပြင်မှာ မတည်ငြိမ်တော့ပေ။ တာအိုသိုင်းပညာရှင်တို့၏ တာအိုသစ်ပင်များကို တုန်လှုပ်စေသော ပြင်းထန်လှသည့် တုန်ခါမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

တာအိုသစ်ပင်များသာ တုန်လှုပ်ခဲ့ခြင်းမဟုတ်ဘဲ စကြ၀ဠာတစ်ခုလုံးရှိ အဓိက ကမ္ဘာလောကများ ပင်လျှင် အဆက်မပြတ် လှုပ်ခါခဲ့ကြဖူးသည်။

‘စွမ်းအင်က သိပ်သည်းလွန်းပြီး ပြိုကွဲသွားတာ… ဒီပြိုကွဲမှုရဲ့ ရင်းမြစ်က အန္တိမဟင်းလင်းပြင်ပဲ…’

ချင်မူက စိတ်ထိန်း၍ ကမ်းစပ်ပေါ်သို့ လျှောက်လာသည်။ ‘ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ ငါ့လို အားကောင်းတဲ့ မျက်လုံး မရှိကြဘူး… ဆိုတော့ သူတို့ ကမ်းစပ်ကို မရှာနိုင်လောက်ဘူးမလား… တာအိုသစ်သီးထဲက အမျိုးသမီးကြောင့် နတ်အရှင်မချန်းကတော့ ရှာနိုင်လောက်တယ်… ဒါပေမဲ့ တခြားကောင်းကင်နတ်အရှင်တွေကတော့…’

သူ၏ခြေထောက် ကမ်းစပ်သို့ ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် သူ၏မျက်နှာအမူအရာမှာ အေးခဲတောင့်တင်းသွားသည်။ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှုနှင့် ကျန်ကောင်းကင်နတ်အရှင်တို့က သူ့အရှေ့တွင် ရပ်နေကြချေပြီ။ နတ်အရှင်မချန်းကတော့ ကျန်ကောင်းကင်နတ်အရှင်ကိုးပါး၏ အလယ်ဗဟိုတွင် ညပ်နေသည်။

ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ချက်ချင်း နောက်ပြန်လှည့်ကာ လှေငယ်ပေါ် ခုန်တက်လိုက်တော့သည်။

All Chapters