တာအိုမေးခွန်း
Vol. 115 Ch. 1511
ချင်မူ လှေငယ်ပေါ် တက်လိုက်လျှင်ချင်း ကောင်းကင်နတ်အရှင်များကလည်း သူ့ကို ချက်ချင်းပင် သတိထားမိသွားကြသည်။ သူတို့အားလုံး သက်ပြင်းချလိုက်ကြ၏။ ‘ကလိမ်ကကျစ်ကောင်’
“ကောင်းကင်နတ်အရှင်မူ၊ ရောက်လာပြီးမှတော့ ဘာလို့ ပြန်သွားနေတာလဲ”
ကောင်းကင်နတ်အရှင်ရှောင်၏ အသံက ထွက်ပေါ်လာသည်။ ချင်မူ့ခြေထောက်နှစ်ဖက်လုံးမှာ လှေငယ်ပေါ်သို့ ရောက်နေချေပြီ။ ထို့မှသာ သူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ရင်း ပြုံးလျက် လှမ်းဖြေလိုက်သည်။ “မြေခွေးတွေ၊ ကျားတွေလိုမျိုး ခင်ဗျားတို့တတွေ ပန်းလိုလှတဲ့ မိန်းကလေးတစ်ဦးကို ဖမ်းထားကြတော့ ကျွန်တော် စိတ်မသက်သာဘူးဗျာ… သူရဲကောင်းလိုမျိုးလည်း ဝင်မလုပ်ရဲတော့ ပြန်ရုံပဲ ရှိတာပေါ့’
ရှေးဟောင်းနတ်ဘုရားဘုရင်က နှာခေါင်းရှုံ့သည်။ “ပန်းလိုလှတဲ့ မိန်းကလေးတစ်ဦးတဲ့လား… မဟာဧကရာဇ်က ပန်းလိုလှတဲ့ မိန်းကလေးတစ်ဦးပေါ့လေ... ဟာသပဲ”
“ကိုယ့်အဖေကိုယ် ပြန်သတ်တဲ့ ခွေးမသား… ခင်ဗျားလိုလူမျိုးက မဟာဧကရာဇ်ကို ပုတ်ခတ်ရဲတယ်ပေါ့လေ” ချင်မူက ဒေါသတကြီး ဆဲလိုက်သည်။
နတ်အရှင်မချန်းမှာ ချင်မူ့ကို အတော်လေး အထင်ကြီးသွားပြီး စိတ်ထဲမှ တွေးနေမိ၏။ “ဒီကောင်စုတ်လေးက ငါ့အတွက် ကာပြောပြီးနေတာပေါ့လေ… အဟက်.. ခွေးကောင်လေး ပြဿနာရှာနေတာပဲ ဖြစ်မယ်’
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အနာပေါ် တုတ်ကျသကဲ့သို့ ဒေါသထွက်သွားသော်လည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်နယ်စားမင်းကို ပြောတာလား… ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ဖို့ တစ်လောကလုံးရှေ့မှာ အမိန့်ပေးခဲ့တဲ့သူက မင်းဆိုတာ မေ့မသွားလိုက်နဲ့…. ဒ့ါအပြင် ငါက အခု ကောင်းကင်နယ်စားမင်းတောင် ဖြစ်နေပြီ… မင်းက ငါ့ကို အထွန့်တက်ရဲတယ်ပေါ့လေ… တစ်နှစ်လုံး နေမမြင်ရအောင် လုပ်လိုက်လို့ရတယ်နော်... ငါ့ကို စော်ကားရင် တစ်လောကလုံးက နေရောင်နဲ့ ကြယ်တာရာအလင်းတွေ ရပ်တန့်သွားစေရမယ်”
ချင်မူက ပြုံးလိုက်သည်။ “ဘိုးဘိုးကောင်းကင်နယ်စားမင်းက တယ်ကို ကြီးကျယ်ခမ်းနားပါပေတယ် … အရင်ကောင်းကင်နယ်စားမင်းလိုလည်း အညှိုးတေကြီးတဲ့သူ မဟုတ်ဘူး… ဒါနဲ့ နတ်အရှင်မချန်းက မဟာဧကရာဇ်ဆိုတာ ဘယ်သူပြောတာလဲဗျ’’
သူက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးအနေနဲ့ တစ်ယောက်ယောက်ကို သတ်ချင်ရင် သက်သေရှိဖို့ လိုတယ်မလား…” သူသည် မတရားမှုကို သည်းမခံနိုင်သကဲ့သို့ ဝေဖန်နေသည်။ “ပြီးတော့ ဒါက လောကအကျိုး သယ်ပိုးခဲ့တဲ့ ကောင်းကင်နတ်အရှင်တစ်ပါးလေ… နတ်အရှင်မချန်းက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားတစ်ပါး ဖြစ်တဲ့အပြင် ကောင်းကင်နတ်အရှင်တစ်ပါးဆိုလည်း ဟုတ်တယ်… သူ့ကို သက်သေမရှိဘဲ သတ်တာက လက်ခံနိုင်စရာ အကြောင်းမရှိဘူး”
နတ်အရှင်မချန်းက သူ့ကို ကြည့်ကာ စိတ်ထဲမှ တွေးနေသည်။ ‘သူ့စကားလုံးတွေက ဘာလို့ ရင်ထဲ ထိနေရတာလဲဟ’
ကောင်းကင်နတ်အရှင်ကုန်းက ရုတ်တရက် ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက မျိုးတူလို့ သနားစိတ်ဝင်နေတာ များလား… ငါတို့ မဟာဧကရာဇ်ကို သတ်ပြီးရင် နင့်ကို သတ်မှာ စိုးရိမ်နေတာလား”
သူမကား ချင်မူ့စိတ်ရင်းအမှန်ကို စကားတစ်ခွန်းတည်းဖြင့် ထုတ်ဖော်ခဲ့ချေပြီ။ အမှန်တကယ်ပင် ချင်မူသည် နတ်အရှင်မချန်းအား သူတို့သတ်ဖြတ်ပြီးလျှင် သူ့ကို သတ်လာမည်ကို စိုးရိမ်သောကြောင့် နတ်အရှင်မချန်းအား ကာကွယ်ပြောဆိုပေးနေခြင်းပင်။
နတ်အရှင်မချန်းကို ကာကွယ်ခြင်းက သူ့ကိုယ်သူ ကာကွယ်ခြင်းလည်း ဖြစ်၏။
ကောင်းကင်နတ်အရှင်ဆယ်ပါးသာ မဟာဧကရာဇ်ကို သည်းခံနိုင်လျှသ် ကောင်းကင်နတ်အရှင်မူကို သည်းခံရသည်မှာ ပြောပလောက်တော့မည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ဟောင်က မှင်သေသေ ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းထင်တာ မှားနေပြီ… ငါတို့က ကျောက်စိမ်းမြို့တော်ရဲ့ လျှို့ဝှက်ချက်တွေ စုံစမ်းတဲ့နေရာမှာ နတ်အရှင်မချန်းကို ဦးဆောင်လမ်းပြခိုင်းဖို့ ခေါ်ထားတာ… သတ်ဖို့ မဟုတ်ဘူး”
ချင်မူ့နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်လိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်သူများသည် နှစ်ဖွဲ့ခွဲ၍ တစ်ဖက်ကမ်းသို့ ဖြတ်ကူးနိုင်ရန် ဖရိုဖရဲမြစ်ထဲ ဝင်ရောက်ခဲ့ကြသည်။ သို့သော် သူတို့အားလုံး မြစ်ထဲတွင် လမ်းပျောက်ခဲ့ကြသည်။
နတ်အရှင်မချန်းကို အမှတ်မထင် တွေ့ဆုံခဲ့ကြပြီး သူမနောက် လိုက်လာ၍ ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
နတ်အရှင်မချန်းကို ဝိုင်းထားကြသည့် ရည်ရွယ်ချက်မှာ သူမကို သတ်ရန်မဟုတ်ဘဲ ရှေ့တွင် ဖရိုဖရဲမြစ်တစ်စင်းကို တွေ့ရှိထားသောကြောင့် သူမကို ခေါ်ထား၍ လမ်းပြရန် အတင်းအကြပ် ခိုင်းစေနေကြခြင်း ဖြစ်မည်။
ထင်ထားသည့်အတိုင်း ကောင်းကင်နတ်အရှင်ရှောင်က အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြော၏။ “နတ်အရှင်မချန်းက အရင်စကြ၀ဠာရဲ့ သိုင်းပညာရှင်နဲ့ ပူးပေါင်းခဲ့တော့ သူ့အပြစ်တွေက အကြိမ်တစ်ထောင် သေဖို့ ထိုက်တန်တယ်… ငါတို့ သူ့ကို သတ်တာက မထူးဆန်းဘူး … ဒါပေမဲ့ သူက အသုံးဝင်သေးတယ်လေ… သူ့ခွန်အားနဲ့ ဖရိုဖရဲမြစ်ကို ဖြတ်ပြီး ဒီလောကသားတွေရဲ့ အန္တရာယ်ကို ကာကွယ်ရဦးမယ်... ကျောက်စိမ်းမြို့တော်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ရှာဖွေရဦးမယ်... မဟုတ်ဘူးလား”
'ငါတော့ မြေခွေးနဲ့ တွေ့တာမဟုတ်ဘဲ ကိုယ့်သေတွင်း ကိုယ်တူးမိတာပဲဟ' ချင်မူမှာ စိတ်ထဲတွင် နောင်တအကြီးအကျယ် ရနေမိသည်။
ရှစ်ချီလော်က မုတ်ဆိတ်မွှေးများ ဗလပွထူပျစ်နေသော မျက်နှာကြီးဖြင့် ပြုံးကာ သူ့ကို လျှာထုတ်ပြသည်။ သို့သော် ချင်မူက မသိချင်ယောင်ဆောင်ထားရင်း စိတ်ထဲတွင် အကြံထုတ်နေသည်။ ‘ငါ ဒီတစ်ခါ ကျရှုံးသွားပေမယ့် လုံးဝ ဆိုးရွားသေးတာတော့ မဟုတ်ဘူး…. ဖရိုဖရဲမြစ်ထဲ ပြန်သွားလိုက်ရင် သူတို့ ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး’
ကောင်းကင်နတ်အရှင်ဟွေ့က နှာခေါင်းရှုံ့သည်။ “ကောင်းကင်နတ်အရှင်မူက၊ မင်းက နတ်အရှင်မချန်းကို ကာပြောပေးခဲ့တယ်… မင်းလည်း အရင်စကြ၀ဠာက သိုင်းပညာရှင်တွေနဲ့ ပတ်သက်နေတာများလား… မင်းက ကျေးဇူးကန်းတတ်တဲ့ကောင်ဆိုတာ ငါသိထားပြီးသား… ဒါပေမဲ့ မင်းရဲ့ သရုပ်မှန်ကို အစောကတည်းက မမြင်မိခဲ့လို မသတ်ခဲ့မိတာကို နောင်တရမိတယ်….”
ချင်မူက ခပ်ယဲ့ယဲ့ ပြုံးနေပြီး သူ့ခြေထောက်အောက်ရှိ လှေငယ်မှာ နောက်ပြန် လှော်ခတ်စပြုနေချေပြီ။
ရုတ်တရက် ကောင်းကင်နတ်အရှင်ဟောင်က တည်ငြိမ်အေးဆေးစွာ ဝင်ပြော၏။ “ညီတော်ဟွေ့၊ အဲဒီလိုပြောစရာ မလိုပါဘူး… ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်မလား… ဆိုတော့ ကောင်းကင်မဟာမိတ်ကို ဘယ်လိုသစ္စာဖောက်နိုင်မှာလဲ…တစ်လောကလုံးကို သစ္စာဖောက်ဖို့လား… အဲဒါဆိုရင် သူ့ကိုယ်သူ ပြန်သစ္စာဖောက်သလို ဖြစ်နေမှာပေါ့… သူ ဖန်တီးခဲ့တဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကို သစ္စာမဖောက်နိုင်ပါဘူး”
ချင်မူမှာ ကြောင်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင် သူ့ဘက်မှ ကာပြောပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကောင်းကင်နတ်အရှင်ဟွေ့ကလည်း ထင်မထားသဖြင့် အသာအယာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “တာအိုနောင်တော် ပြောတာ မှန်ပါပေတယ်”
ကောင်းကင်နတ်အရှင်ဟောင်က နူးညင်သာစွာ ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီကိုရောက်လာတာက မင်းရဲ့စွမ်းဆောင်ရည်တွေ အဆပေါင်းများစွာ တိုးတက်လာတာကို ပြနေတာပဲ… ငါတို့ကောင်းကင်နတ်အရှင်ဆယ်ပါး ကျောက်စိမ်းမြို့တော်ထဲ အတူဝင်ရောက်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ… လူများလေ ပိုအင်အားကြီးလေပဲ… မင်းက ငါတို့ရဲ့ မဟာမိတ်ခေါင်းဆောင်ဆိုတော့ ငါတို့ကို ဦးဆောင်ပေါ့... ငါတို့အတူတူ ကျောက်စိမ်းမြို့တော်ကို စူးစမ်းကြရအောင်”
ချင်မူက စဉ်းစားနေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် တာအိုဘာသာစကားဖြင့် မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းကိုယ်မင်းနဲ့ ကောင်းကင်မဟာမိတ်အပေါ် သစ္စာဖောက်မလို့လား”
သူ၏အသံက ထွက်လာသည်နှင့် တာအိုဘာသာစကားသည် ချင်မူ့တာအိုနှလုံးသားထဲ ဝင်ရောက်၍ မေးခွန်းကြီးတစ်ခု ဖွဲ့တည်သွားစေသည်။
ထိုအခိုက်အတန့်တွင် ချင်မူ့နှလုံးသားထဲရှိ မဟာတာအိုမှာ မြည်ဟီးတုန်ခါလာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် သန့်စင်ထားသည့် မဟာတာအိုအားလုံးသည် သူ၏ တာအိုနှလုံးသားကို လက်ညှိုးထိုးလျက် မေးခွန်းများ တစ်ပြိုင်နက် မေးမြန်းနေကြတော့၏။
ချင်မူမှာ အံ့ဩမှင်သက်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်အား ယခုမှ ပထမဦးဆုံးမြင်ဖူးသကဲ့သို့ မော့ကြည့်လိုက်သည်။
တာအိုဘာသာစကားကို သုံး၍ ပြောဆိုဆက်သွယ်နိုင်သူ များများစားစား မရှိကြပေ။ ထိုသို့ပြောနိုင်ရန် တာအိုကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ထားရန် လိုအပ်သည်။
ရှေးဟောင်းနတ်ဘုရားငါးပါးအနက် ထိုက်ယီ၊ ထိုက်ချူတို့သည် တာအိုဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နိုင်သော်လည်း သူတို့၏ မွေးရာပါစွမ်းရည်ကြောင့်သာ ဖြစ်သည်။ ခိုင်ဧကရာဇ်ကမူ ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၅ ဘုံအထိ ကျင့်ကြံပြီးဖြစ်သောကြောင့် တာအိုဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နိုင်ခြင်းပင်။
ချင်မူကလည်း တာအိုကျင့်စဉ်စနစ်တွင် အလွန်မြင့်မားသော အဆင့်တစ်ဆင့်သို့ ရောက်ရှိထားသည်သာမက ထိုက်ငါးပါး၏ မဟာတာအိုများကို လေ့လာသိမြင်နားလည်ထားခြင်းကြောင့် တာအိုဘာသာစကားဖြင့် ဆက်သွယ်နိုင်ပေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် တာအိုဘာသာစကားဖြင့် မေးခွန်းထုတ်လာပြီး သူ၏တာအိုနှလုံးသားထဲ၌ မေးခွန်းကြီးတစ်ခု ကိန်းအောင်းစေခဲ့သည်။ ယင်းက သူ၏တာအိုနှလုံးသားကို ပစ်မှတ်ထားကာ မငြင်းပယ်နိုင်ဖြစ်နေစေ၏။
ချင်မူအနေဖြင့် ငြင်းဆန်၍ တာအိုနှလုံးသားကို ဆန့်ကျင်ခဲ့ပါက ရရှိမည့် တာအိုနှလုံးသား ဒဏ်ရာများမှာ အတော်လေး ကြီးမားပေလိမ့်မည်။ သူ့ကိုယ်သူ သံသယစိတ်များပင် ဝင်လာစေနိုင်သည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် မိမိအပေါ် သံသယဝင်ခြင်းမှာ တိုးတက်ရမည့်အစား ဆုတ်ယုတ်စေလိမ့်မည်။ ချင်မူ သူတို့နှင့် အတူသွားရန် သဘောမတူပါက အနာဂတ်တွင် သူ၏သိုင်းအဆင့် လျော့ကျလာနိုင်ခြေ ရှိ၏။ သူ ကျင်ကြံခဲ့သည့် အမျိုးမျိုးသော မဟာတာအိုများမှာလည်း သူ့ဆီမှ ဖြည်းဖြည်းချင်း ဖယ်ခွာသွားပြီး သူ၏ခွန်အားကို ဆုံးရှုံးရပေလိမ့်မည်။
ဤသည်က တာအိုမေးခွန်း ကောင်းကင်နတ်သိုင်းပင်။
တာအိုမေးခွန်း ကောင်းကင်နတ်သိုင်းနှင့် အကျဉ်းထောင်ကိုးထပ် ကောင်းကင်နတ်သိုင်းတို့မှာ သက်ရောက်မှုခြင်း တူညီကြသော်လည်း တာအိုမေးခွန်းကား ချင်မူ၏ အကျဉ်းထောင်ကိုးထပ် တာအိုနှလုံးသားချုပ်နှောင်ခြင်းလောက် မထူးဆန်းပေ။ ချင်မူသာ သတိထားခဲ့ပါက ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုမေးခွန်း ကောင်းကင်နတ်သိုင်းမှာ သူ၏တာအိုနှလုံးသားထဲ ၀င်ရောက်နိုင်ခဲ့လိမ့်မည်မဟုတ်။
သို့သော် အရေးကြီးသည့်အချက်က သူ အမှတ်တမဲ့ သတိလွတ်သွားခြင်းပင်။
‘ကောင်းကင်နတ်အရှင်ဟောင်ကို အတိတ်က အစွမ်းထက် သိုင်းပညာရှင်တစ်ဦးက တကယ်ပဲ သင်ပြပေးနေတာလား…ဒါမှမဟုတ် သူ့ဘာသာသူ သိမြင်နားလည်ထားတာများလား’
ချင်မူ့အကြည့်က ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာမှ ရွေ့လျားသွားသည်။ သူက ပြုံးလျက် ကမ်းစပ်ပေါ် ပြန်တက်လိုက်၏။ ‘အနောက်ဟာသာဆိုရင်တော့ ငါ သူ့ကို အထင်သေးခဲ့မိတာပဲ… သူ့ရဲ့ ပါရမီ၊ ဉာဏ်ရည်နဲ့ နားလည်သိမြင်နိုင်စွမ်းက ခိုင်ဧကရာဇ်အောက် လျော့ကျမနေဘူး’
သူ့ခြေထောက်က မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ ထိုအချိန်မှသာ တာအိုမေးခွန်းကောင်းကင်နတ်သိုင်းကြောင့် ဖြစ်ပေါ်နေသည့် တာအိုနှလုံးသားထဲရှိ လှိုင်းဂယက်များမှာ ပျောက်ကွယ်သွားတော့သည်။
သူ့အနောက်တွင် လှေငယ်က ပျံသန်းလာပြီး ချင်မူ့ဦးခေါင်းပေါ်တွင် အမိုးခုံးပုံစံ ရေးဆွဲလိုက်ပြီးနောက် ချင်မူ့အရှေ့သို့ ဆင်းသက်လာ၏။ လက်မြှောက်လိုက်သည့်အခါ လှေငယ်သည် တောင်ဝှေးအဖြစ် ပြောင်းလဲသွား ချင်မူက တောင်ဝှေးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။
“ကောင်းကင်နတ်အရှင်ဟောင် မှန်ပါတယ်”
ချင်မူက မှင်သေသေ ပြုံးလိုက်သည်။ “ဆိုတော့ ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော် ဒီထူးဆန်းတဲ့ နေရာကို စူးစမ်းလေ့လာဖို့ ဦးဆောင်ပေးပ့ါမယ်”
ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အကြည့်အားလုံးက သူ့လက်ထဲရှိ တောင်ဝှေးအပေါ် ကျရောက်လ,ကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်ရွှမ်နှင့် ကျန်သူများက အော်ဟစ်လိုက်ကြ၏။ “မင်းပဲ…”
ချင်မူမှာ အနည်းငယ် ကြောင်သွားလေသည်။ သူတို့အားလုံး တောင်ဝှေးအား ကြည့်နေကြသည်ကို သတိထားမိသည့်အခါ သူတို့ အံ့ဩမှင်သက်နေသည့် အရာကို ချက်ချင်းပင် သဘောပေါက်သွား၍ ရယ်လိုက်မိသည်။ “ကျွန်တော် မဟုတ်ပါဘူး… ကျွန်တော်က သူ့တောင်ဝှေးကို ငှားလာရုံပဲ… မဟုတ်ရင် ဖရိုဖရဲမြစ်ကို ဖြတ်နိုင်မှာ မဟုတ်ဘူးလေ”
ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်ရွှမ်၊ နတ်အရှင်မယန်တို့သည် မဟာဧကရာဇ်အား ဟင်းလင်းပြင်အလွှာ ၃၅ လွှာအထိ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ မဟာဧကရာဇ်၏ ခန္ဓာကိုယ်အစစ်ကို သတ်ဖြတ်ကာ သူ၏ဦးခေါင်းသာ ကျန်ရစ်ခဲ့၏။ ထို့နောက် ချင်မူမှာ ဘိုးဘေးနန်းတော်၏ ဖရိုဖရဲပင်လယ်ပေါ်တွင် ကောင်းကင်နတ်အရှင်လေးပါး၏ ချောင်ပိတ်တားဆီးခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တုန်းက ဤတောင်ဝှေးသည် ပင်လယ်ထဲမှ ရုတ်တရက် ထွက်လာကာ တစ်ချက်တည်းဖြင့် ကောင်းကင်နတ်အရှင်လေးပါးအား လွင့်ထွက်သွားစေခဲ့သောကြောင့် ကောင်းကင်နတ်အရှင်များ ဆုတ်ခွာခဲ့ရ၏။
စောစောက တောင်ဝှေးမှာ ထူးဆန်းသောပုံစံဖြင့် လှေငယ်တစ်စင်းဖြစ်နေခဲ့၍ သူတို့ မမြင်ခဲ့ရချေ။ ယခုတွင်တော့ မူလပုံစံသို့ ပြန်ပြောင်းသွားသည်နှင့် ကောင်းကင်နတ်အရှင်လေးပါးမှာ အရှက်ရဖွယ်အတိတ်ကို ပြန်လည်သတိရသွားပြီး တုန်လှုပ်သွားကြသည်။
ကောင်းကင်နတ်အရှင်ရှောင်က ရိုကျိုးစွာ မေး၏။ “ကောင်းကင်နတ်အရှင်မူ၊ အဲဒီတာအိုနောင်တော် အဆင်ပြေရဲ့လား”
ချင်မူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ပြေပါ့ဗျာ… ကျွန်တော်ရဲ့ အထွတ်အမြတ်နယ်မြေမှာ ဘိုးဘေးကြီးတစ်ယောက်လို စားလိုက်သောက်လိုက်နဲ့ ဇိမ်ခံနေတာလေ… ကျွန်တော် အခုတစ်ခါ အပြင်ထွက်လာမယ်လုပ်တော့ အပြင်လောကမှာ လူဆိုးတွေ အများကြီး ရှိလို့ ကာကွယ်ဖို့ ဆိုပြီး တောင်ဝှေးကို ပေးလိုက်တာပဲ ... ကျွန်တော်က ဒီလောကမှာ ဘယ်လိုလုပ် လူဆိုးတွေ ရှိမှာလဲလို့တောင် ပြန်တောင်ပြောလိုက်သေးတယ်… နောက်ဆုံးတော့ သူတို့နဲ့ တွေ့….”
သူက ကောင်းကင်နတ်အရှင်ဆယ်ပါးအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ကောင်းကင်နတ်အရှင်ရှောင်က စိတ်ထဲ မထားဘဲ ပြုံးလိုက်၏။ “အဲဒီ့ တာအိုနောင်တော်က ထူးကဲတဲ့ စွမ်းဆောင်ရည်တွေ ရှိတဲ့အပြင် တာအိုရပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ….. သူ့နှလုံးသားမှာ အဆိုးနဲ့ အကောင်းကို မခွဲခြားဘူး… ကောင်းကင်နတ်အရှင်မူ လာနောက်မနေစမ်းပါနဲ့… သူ့မှာ အဆိုးနဲ့ အကောင်းကို ခွဲခြားနိုင်စွမ်းရှိရင် စကြ၀ဠာက အခုလိုဖြစ်နေမှာ မဟုတ်ဘူး…. အဲဒီ တာအိုသိုင်းပညာရှင်က အနက်ရောင်တောင်တန်းမှာဆိုတော့ ဒီကိစ္စတွေပြီးရင် ငါ လာလည်လို့ရလား”
ချင်မူ့နှလုံးသားမှာ ဒိန်းခနဲ ထပ်ခုန်သွားပြီး စိတ်ထဲ၌ ခါးသီးစွာ အော်ဟစ်လိုက်မိသည်။
ယခု ထိုက်ယီကို ဘယ်နေရာတွင် သွားရှာရတော့မည်နည်း။
သို့သော် သူ သဘောမတူပါက အားနည်းသလို ပုံစံပေါက်သွားမည်ဖြစ်၍ ကောင်းကင်နတ်အရှင်ရှောင်ကဲ့သို့ မြေခွေးအိုကြီးများက သတိထားမိလိမ့်မည်။
“တာအိုနောင်တော် ခင်ဗျားကို တွေ့ခြင်း၊ မတွေ့ခြင်းက ကျွန်တော်နဲ့ မဆိုင်ပါဘူးဗျာ”
ချင်မူက တခဏစဉ်းစားနေပြီးနောက် ဖြေသည်။ “ကောင်းကင်နတ်အရှင်ရှောင်ကလည်း သူ့ရဲ့ တာအိုမိတ်ဆွေပဲ… ပြောရရင် ကမ္ဘာဦးဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်ဆိုတော့ ဂုဏ်ကျက်သရေတော့ ရှိတယ်…. စိတ်မပူပါနဲ့ ကျွန်တော် ပြန်ရောက်ရင် တာအိုနောင်တော်ကို ခင်ဗျားအကြောင်း ကောင်းတာလေးတွေ ပြောပြထားလိုက်ပ့ါမယ်…”
သူ ထိုသို့ပြောလိုက်သည်နှင့် နတ်အရှင်မယန်အနောက်ရှိ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ယန်ရှေးဟောင်းနတ်ဘုရားက ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါတို့အတွက်လည်း ပြောပေးထားလို့ရမလား… ငါတို့လည်း တာအိုနောင်တော်နဲ့ တွေ့ချင်တယ်”
ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့အားလုံးက ချင်မူ့လက်ထဲရှိ တောင်ဝှေးကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေကြလေသည်။ “ဒီ တာအိုနောင်တော်ဆိုတာက ဘယ်သူများလဲ… ထိုက်ကျိရှေးဟောင်းနတ်ဘုရားတောင် သူ့ကို တွေ့ချင်တယ်ဆိုပါလား”
ချင်မူက ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်သည်။ “ကျွန်တော် ပြောမပေးချင်တာတော့ မဟုတ်ပါဘူးဗျာ… ဒါပေမဲ့ တာအိုနောင်တော်က တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူး ဆိုတော့လေ… ကဲပါ ကဲပါ… ခင်ဗျားတို့နှစ်ယောက်လုံးကလည်း ကျွန်တော့်ရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့အပြင် ဆက်ဆံရေးကလည်း သံမဏိလို မာကြောတာဆိုတော့ ကျွန်တော် ရှေ့မျက်နှာ နောက်ထားပြီး ပြောထားပေးပါ့မယ်”
ထိုစဉ် ထိုက်စုအသံက ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်မှ ပျံ့လွင့်လာသည်။ သူမက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ နင် ငါ့ကိုပါ မိတ်ဆက်ပေးရင် နင့်အသက်ကို ချမ်းသာပေးမယ်”
ချင်မူလည်း ကောင်းကင်နတ်အရှင်ဟောင် အနောက်သို့ ကြည့်လိုက်ရာ ထိုက်စုသည် ဧရာမဒယ်အိုးကြီးတစ်လုံးဖြစ်သွားလိုက်၊ နတ်ဓားတစ်လက်ဖြစ်သွားလိုက်၊ ဧရာမခေါင်းလောင်းကြီးတစ်လုံးဖြစ်သွားလိုက်ဖြင့် တစ်လှည့်စီ အသွင်ပြောင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ပိုင်ချွီအာ၊ လန်ဝူအဖြစ် ပြောင်းလဲပြီးနောက် လင်ယွိရှို့ဖြစ်သွားကာ ရတနာပုံစံပြန် ဖြစ်သွားပြန်၏။
ထိုက်စုမှာ သူ့အတွေးများကို အာရုံခံမိနေသဖြင့် ဒေါသထွက်လာတော့သည်။ ‘ဒီကောင်က ၀တ်ရုံ၀တ်ထားတဲ့ ဝိညာဉ်တစ်ကောင်များလား ... သူ့အတွေးတွေက ရှုပ်ထွေးနေတာပဲ… တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ဟန်ပန်ကို မရှိဘူး’
ချင်မူက ပြုံးလျက် ပြန်ပြောလိုက်၏။ “တာအိုမိတ်ဆွေထိုက်စုက ငြိမ်းချမ်းရေး ယူချင်မှတော့ ကျွန်တော် မငြင်းဆန်၀ံ့ပါဘူးဗျာ… ဒီက ကိစ္စတွေပြီးလို့ ကျွန်တော် ပြန်ရောက်ရင် ပြောပေးထားပ့ါမယ်…. တွေ့နိုင် မတွေ့နိုင်တာတော့ ကျွန်တော် ကတိမပေးရဲသေးပါဘူးနော်”
“ဆိုတော့ သူ့နာမည်က ထိုက်စုပေါ့လေ” ကျန်ကောင်းကင်နတ်အရှင်များက ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်သို့ ကြည့်လိုက်ကြသည်။ သူတို့ မြင်နေရသည့်အရာမှာ သူတို့၏ အတွေးများကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။
ထိုက်စုက အေးစက်စွာ နှာခေါင်းရှုံ့သည်။ “ဘာမှ နင်နဲ့ ငြိမ်းချမ်းရေး ယူတာ မဟုတ်ဘူး… နင့်ကြောင့် ဒီလောကကို ငါ အစောကြီး ရောက်လာခဲ့ရတာ… ငါ့ကို မိတ်ဆက်ပေးရင်တောင်မှ နင့်ကို အသာတကြည် လွှတ်ပေးမှာ မဟုတ်ဘူး.. အသက်ပဲ ချမ်းသာပေးမှာ”
ချင်မူက စိတ်ထဲမထားဘဲ ဒုတိယမြောက် ဖရိုဖရဲမြစ်ဆီသို့ တောင်ဝှေးနှင့်အတူ လျှောက်သွားသည်။ သူ့မှာ ခေါင်းကိုက်နေလေသည်။ ‘ထိုက်ယီနေရာမှာ ဘယ်သူ့ကို ဟန်ဆောင်ခိုင်းရပါမလဲ… လန်ယွီတျန်းလား… အလုပ်ဖြစ်မှာ မဟုတ်ဘူး… ခိုင်ဧကရာဇ်ရောပဲ… သိက္ခာအကျခံပြီး ငါကိုယ်တိုင် ထိုက်ယီအဖြစ် ဟန်ဆောင်ပြီးတော့ ထိုက်စု အမှတ်တမဲ့ ဖြစ်နေတဲ့အချိန်မှာ သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်ရမလား…’