← Chapters

ကမ္ဘာပြောင်းလဲခြင်း

Vol. 134 Ch. 1876

ကမ္ဘာပြောင်းလဲခြင်း

Vol. 134 Ch. 1876

ရှီမာယူယူသည် ဝိညာဉ်လေးကို စိုက်ကြည့်နေပြီး သူမ၏ စိတ်မှာ မအေးနိုင်ဖြစ်နေသည်။

သူမသည် ကစဉ့်ကလျားကမ္ဘာအကြောင်းကို နားမလည်သဖြင့် လုံးဝပင် လမ်းပျောက်နေသည်။ သူမသည် နည်းလမ်းတိုင်းကို ကြိုးစားကြည့်မည်ပင်။

ဝိညာဉ်လေးသည် သူမ ဒွိဟဖြစ်နေသည်ကို မကြည့်နိုင်တော့ဘဲ တည့်တိုးပင်ပြောလိုက်သည် “ဒီနေရာက ကစဉ့်ကလျားချီကို စုပ်ယူနိုင်မလား မယူနိုင်ဘူးလားဆိုတာကို  ငါ အမြဲမြင်နိုင်အောင် ကြိုးစားနေတာ နောက်ဆုံး တော့ ငါလုပ်နိုင်တယ်ဆိုတာ သိလိုက်ရပြီ”

“မင်းပြောတာက ဒီကကစဥ့်ကလျားချီကို စုပ်ယူပြီး ငါ့ကိုပေးနိုင်တယ်ပေါ့ အဲလိုဆိုရင် ငါ ကစဥ့်ကလျားချီကို နဂါးမျက်လုံးကို ပေးတဲ့အချိန်ကျ မင်းရှိနေ ရင် ကစဥ့်ကလျားချီမလောက်လို့ ဒဏ်ရာရမှာကို ကြောက်ဖို့မလိုတော့ဘူး”

“အင်း ဟင်း” ဝိညာဉ်လေးသည် အလေးအနက် ခေါင်းညိတ်လေသည်။ ဝူလင်းယူသည် သူပေါင်းစပ်စေပြီး အဆင့်တက်ခြင်းတွင် နှစ်ကြိမ်တိုင်တိုင် ကူညီ‌ပေးခဲ့သည်။ သူသည် ရှီမာယူယူ နက်ရှိုင်းစွာ နှစ်မြတ်နိုးသူဖြစ်သဖြင့် ဤ ကိစ္စကို အလေးအနက် မှတ်ယူသည်။

“ဒါဆိုရင် အချိန်ဘယ်လောက်လိုမှာလဲ” ရှောင်ချီ မေးလိုက်သည်။

“ငါလည်းမသိဘူး.. ကစဉ့်ကလျားချီကို ပြည့်အောင်ဆိုရင် အများကြီးယူရ မယ်လို့ ထင်တယ်.. ဒါပေမဲ့ မြန်မြန်ကြီးတော့ မလုပ်နိုင်ဘူး နှစ်နည်းနည်းတော့ လိုလိမ့်မယ်.. အင်း နှစ်ပေါင်းဆယ်ချီ ရာချီတောင် ဖြစ်နိုင်တယ်” ဝိညာဉ်လေးသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဘာကိုမှအာမမခံနိုင်ပေ။

“နှစ်ရာချီမယ် ဟုတ်လား” ရှောင်ချီသည် အံ့ဩမှုကြောင့် ထခုန်မိသည်။ သူတို့ နှစ်ရာချီကြာဦးမယ်ဆိုရင် သူမ ပျင်းလွန်းလို့သေတော့မယ်။

“ဖြစ်နိုင်တယ်လို့ပဲ ငါ ပြောတာလေ” ဝိညာဉ်လေး သူမကို စိုက်ကြည့်လေ သည်။ “ယူယူ့ရဲ့ခန္ဓာကိုယ်အတွက်ဆို အချိန်ယူနိုင်လေ ကောင်းလေပဲ”

“ဒါဆိုလည်း ပြီးတာပဲ” ရှောင်ချီသည်လည်း ရှီမာယူယူ၏ ခန္ဓာကိုယ်နှင့် မကစားရဲပေ။ သူမ ပျင်းရိလျှင်တောင် ယူယူ ထိခိုက်သည်ကို မြင်ရသည်ထက် ပိုကောင်းသည်။

“နှစ်ရာချီရင်းရမယ်ဆိုလည်း ရင်းတာပေါ့ လင်းယူရဲ့ ပြဿနာကို ရှင်းလို့ ရရင်ပြီးတာပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်း ဆက်ပြီးစုပ်ယူနေလိုက် တခြားနည်းလမ်းများရှိဦးမလားလို့ ငါ ပတ်ကြည့်လိုက်ဦးမယ်”

“ဟုတ်ပြီ” ဝိညာဉ်လေးသည် ဖြေပြီးနောက် ပြန်သွားလေသည်။

“ယူယူ အခု ဘာလုပ်ကြမလဲ” ဟိန်းသံလေး မေးလေသည်။

“အရင်ဆုံး ပတ်ကြည့်ကြတာပေါ့ ကစဉ့်ကလျားကမ္ဘာက ဒီလောက်ကြီး တာ ဘာမှမရှိတာတော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား တစ်ခုခု ရှာတွေ့ မလားလို့ ကြည့်ရအောင်”

ရှီမာယူယူ ထိုသို့ပြောပြီးသည်နှင့် အားလုံးကို ဦးဆောင်ပြီး လျှောက်သွား လိုက်သည်။ သူတို့သည် ကျယ်ပြန့်သော အဖြူရောင်ထဲတွင် လအနည်းငယ် လျှောက်သွားကြလေသည်။

ဤကမ္ဘာတွင် အမှန်တကယ်တွင် ဘာမှမရှိတော့ဘူးဟု သူမ တွေးလိုက် ချိန်တွင် မတူညီသောတစ်စုံတစ်ရာ ပေါ်လာခဲ့သည်။

ထိုအရာကို ဟိန်းသံလေးရှာတွေ့ခြင်းဖြစ်သည်။ ကျယ်ပြန့်သော အဖြူ ရောင်ကမ္ဘာတွင် သူတို့သည် ရေစီးသံကို ကြားလိုက်ရခြင်းဖြစ်သည်။

သူတို့ အသံလာရာနောက်သို့ လိုက်သွားရာ စမ်းချောင်းငယ်တစ်ခုကို ရှာ တွေ့လေသည်။

“ဒါ တကယ်ပဲ ရေလား” ရှောင်ချီသည် မယုံနိုင်ဖြစ်နေသေးသည်။ ဤကမ္ဘာတွင် ဘာမှမရှိခဲ့ပေ။ သူတို့ နှစ်တစ်ဝက်မျှ လျှောက်ခဲ့သော်လည်း ဘာကိုမှ မတွေ့ခဲ့ပေ။ ဒီစမ်းချောင်းက ရုတ်တရက် မည်သည့်နေရာက ပေါ်လာ သနည်း။

ရှီမာယူယူသည် စမ်းချောင်းဘေးသို့ လျှောက်သွားပြီး ကစဉ့်ကလျားချီ များ အဆက်မပြတ်ထွက်နေသည့်ရေကို ကြည့်လိုက်သည်။

“ကစဥ့်ကလျားကမ္ဘာက ချီတွေကို ဒီစမ်းချောင်းက ထုတ်ပေးတဲ့ပုံပဲ”

ထိုစမ်းချောင်းလေးမှာ အမှန်တကယ် ပဟေဠိပင်ဖြစ်သည်။ ရေမှာ ကြည်လင်နေသော်လည်း ကစဥ့်ကလျားချီများစွာ ထုတ်ပေးနေသည်။

သူမသည် လက်ဆန့်ထုတ်ပြီး ရေကိုထိရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမသည် ရုတ်တရက်ခြေချော်သွားပြီး အထဲသို့ လဲကျသွားလေသည်။ ရှောင်ချီ နှင့် ဟိန်းသံလေးတို့သည် ချက်ချင်းတုံ့ပြန်ပြီး သူမကို ဖမ်းရန် လက်ဆန့်ထုတ် လိုက်သော်လည်း တစ်စုံတစ်ရာက တားဆီးထားသလိုဖြစ်ကာ သူမကို မမှီ လိုက်ပေ။ သူတို့မှာ သူမ ရေထဲသို့ ကျသွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရတော့သည်။

ထိုစမ်းချောင်းမှာ သေးငယ်သည်မှာ သိသာလွန်းသည်။ သို့သော် အတန် ကြာကျပြီးသည်အထိ အောက်ခြေသို့မရောက်နိုင်သေးပေ။ သူမ မျက်လုံးဖွင့် လိုက်ချိန်တွင် တခြားကမ္ဘာသို့ရောက်သွားကြောင်းကို သိလိုက်ရသည်။ ထိုနေရာမှာ ကြီးမားသော အမည်းရောင်နေရာကြီးဖြစ်ပြီး ဘာမှရှိမနေပေ။

သူမ အမှောင်ထဲတွင် မည်မျှကြာအောင်နေခဲ့ရသည်မသိပေ။ သူမကိုယ် သူမပင် မေ့နေကာ ဘာလုပ်ရမည်ကိုလည်း မသိတော့ပေ။ သူမည် ဝူလင်းယူ၊ မိဘများ၊ မောင်နှမများ ညီအစ်မများနှင့် သူမ သိသမျှလူများကို မေ့သွားလေပြီ။ သူမ၏ စိတ်မှာ ဗလာကျင်းနေကာ မှတ်ဉာဏ်များလည်း မရှိတော့ပေ။

သူမ ထိုနေရာသို့ လှည့်ပတ်ကြည့်နေရင်းမှ တစ်စုံတစ်ခုကို တွေ့လိုက်သည်။ သူမသည် အရှေ့သို့ကျရောက်လာသော အလင်းတန်းတစ်ခုကို မြင် လိုက်ရသည်။ ထို့နောက် ထိုအလင်းသည် ကြီးကြီးလာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ နေရာတစ်ခုလုံးမှာ သန့်စင်ပြီး မြင့်မြတ်လှသည်။

ထိုနေရာမှာ မည်သည့်နေရာတွင်ရှိသည်၊ မည်သို့နေရာဖြစ်သည်ကို သူမ မသိပေ။ နဂိုက ဘာမှမရှိသောရေထဲမှ သတ္တဝါများ စတင်ပေါ်ထွက်လာသည် ကို သူမသည် မျက်တောင်ခတ်ပြီးသာ ကြည့်နေရသည်။ သူတို့သည် ရေထဲတွင် ကြီးထွားလာပြီး မျိုးပွားကြကာ သေဆုံးသွားကြသည်။ ထိုအဖြစ်အပျက်မှာ ထပ်ခါထပ်ခါဖြစ်နေသည်။

ထိုအချိန်တွင် ရေထဲမှ ကြာပန်းနက်တစ်ပွင့် ပေါ်လာသည်ကို မြင်လိုက်ရ သည်။ ကြာပန်းကို ကြည့်ရသည်မှာ အလွန်ရင်းနှီးနေသလိုပင်။ သို့သော် မည်သည့်နေရာတွင် မြင်ခဲ့သည်ကို လုံးဝစဉ်းစားမရပေ။

ထို့နောက် သူမ၏ ကျောပြင်မှာ အလွန်ပူလောင်လာသည်ကို ခံစားမိ လိုက်သည်။ သူမသည် ပျော်ကျမတတ်ပင် ခံစားရသည်။ ထို့နောက် ကြာပန်းမှာ တဖြည်းဖြည်းပွင့်လာပြီး လုံးဝပွင့်လန်းသွားချိန်မှသာ သူမ၏ ကျောပြင်မှ အပူ ပျောက်ကွယ်သွားလေသည်။

အချိန်ကြာလာသည်နှင့်အမျှ စမ်းချောင်းဘေးတွင် ဟင်းသီးဟင်းရွက်များ စတင်ပေါက်လာသည်။ ထိုနေရာတွင် ဝိညာဉ်သားရဲမျိုးစုံနှင့် လူသားများ ရှိလာ သည်။ ထို့နောက် သူတို့သည် တဖြည်းဖြည်း သေဆုံးသွားပြီး မျိုးနွယ်များစွာ ပေါ်ထွက်လာပြန်သည်။ ကမ္ဘာပေါ်တွင် နယ်မြေများစွာ ပေါ်ပေါက်လာသည်။ ရေထဲမှ ထွက်လာသူများသည် နတ်သမီးများဖြစ်သွားကြပြီး သူတို့နောက်မှ လိုက်ကြသူများသည် နောက်လိုက်နောက်ပါများဖြစ်သွားကြသည်။

နောက်ပိုင်းတွင် အံ့ဖွယ်မျိုးနွယ်များ ပျောက်ကွယ်သွားသည်။ သူတို့သည် မျိုးတုံးသွားသည်လား ဤနေရာမှ ထွက်သွားကြသည်လားကိုတော့ သူမ မသိ ပေ။ နောက်တွင် ဤနေရာတွင် ဘာမှမကျန်ခဲ့တော့ဘဲ ဘာမှမရှိတော့သည့် မြေပြန့်သာကျန်ခဲ့တော့သည်။

ရှီမာယူယူသည် မြစ်ကမ်းပါးဘေးတွင် မည်မျှကြာအောင် နေခဲ့သည် မသိ ပေ။ သို့သော် သူမသည် နှစ်ပေါင်းသန်းချီကို ကြုံတွေ့လိုက်ရပြီး ကမ္ဘာကြီး မည်သို့ပြောင်းလဲသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။ သူမသည် ကမ္ဘာကြီး မွေးဖွားပုံ၊ တိုးတက်လာပုံနှင့် ကျရှုံးသွားပုံများကို တွေ့ကြုံခဲ့ရသည်။ သူမ သတိ ပြန်ဝင်လာချိန်တွင် သူမ၏ ကိုယ်ပိုင်နယ်မြေကို မြင်လိုက်ရသည်။ ထိုနယ်မြေ မှာ အသက်ဝင်ပြီး တကယ့်ကမ္ဘာနှင့် တူလှသည်။

သူမ၏ နယ်မြေသည် လောကတစ်ခုသဖွယ် သတ်မှတ်ရသည်ဟု ခံစားရသည်။ သူမ ဤနေရာတွင် နေချင်လျှင်တောင် နေရနိုင်သည်။

အစောပိုင်းက သူမ မြင်ခဲ့သော မြင်ကွင်းများသည် သတိပြန်ဝင်လာခြင်း ကြောင့် ပျောက်ကွယ်သွားခြင်းမဟုတ်ပေ။ ထိုအစား သူမ စိတ်တွင် လန်းဆန်း မှုနှင့် ကြည်လင်မှုများ ကျန်ခဲ့သည်။ ထိုအရာမှတဆင့် သူမသည် ကမ္ဘာကြီး ထွန်းကားလာပုံနှင့် ပြိုကွဲသွားပုံများကို မြင်ခဲ့သည်။ လောကသုံးပါးသည် ငြိမ်းချမ်းစွာတည်ရှိနေပြီးသည့်နောက်တွင် အံ့ဖွယ်မျိုးနွယ်များမှ သူတို့ကို နှင် ထုတ်လိုက်ရာ သူတို့သည် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဖီလာသည့် မထွန်းကား ခြောက်သွေ့သောမြေတွင် ရှင်သန်နေထိုင်ရသည်ကို ကြည့်ခဲ့ရသည်။

သူမသည် ချောက်ချားနေသည်ဟု မထင်ပေ။ ကမ္ဘာကြီးသည် မွေးဖွားလာပြီး ရှုပ်ထွေးခဲ့သည်။ အခုကိစ္စများကို ကြည့်ရသည်မှာ သူမသည် ကမ္ဘာကြီး၏ ဇစ်မြစ်ကို မြင်လိုက်ရသလိုပင်။

အကယ်၍ အမှန်တကယ်သာ ဤသို့ဖြစ်သွားပါက ဤစမ်းချောင်းမှ အသက်များ ရှင်သန်လာပြီး ကစဉ့်ကလျားကမ္ဘာဖြစ်ပေါ်လာခဲ့သည်။ ဤနေရာ အသက်မဲ့သွားသည့်နောက်တွင် လူများက ထွက်ခွာသွားခဲ့ကြသည်လား။ ထို့နောက်တွင် ကစဉ့်ကလျားကမ္ဘာမှာ ဤအဆင့်သို့ ရောက်သွားခဲ့သည်။

သူမသည် နောက်ပိုင်းမြင်ခဲ့သော ကြာပန်းနက်ကို သတိရသွားသည်။ အရင်က သူမ၏ ဝိညာဉ်ထိခိုက်သွားပြီးနောက် ကစဉ့်ကလျားကမ္ဘာသို့ ရောက် ခဲ့သည်မှာ မတော်တဆဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့ဖြစ်ပုံမရပေ။ ဤနေရာသို့ ရောက်လာသည်မှာ ဤနေရာနှင့် ဆက်စပ်မှုရှိ၍ဖြစ်ရမည်။

သို့သော် ဤနေရာသို့ ဝင်နိုင်လျှင်တောင် ထွက်မသွားနိုင်ပေ။ မိုရှားသည် စွန့်စားပြီး သူမကို လာခေါ်ခဲ့ရသည်။ ပြီးနောက် မိုရှားသည် သူမ၏ စာချုပ် ဆက်သွယ်မှုကြောင့်သာ သူမနောက်လိုက်ပြီး ဝင်လာနိုင်ခြင်းဖြစ်သည်။ အခုချိန်တွင် သူသည် နဂါးမျက်လုံး၏ ကန့်သတ်ခြင်းကြောင့် မဟုတ်လျှင်တောင် ဝင်မရနိုင်ပေ။

သူမ မြင်ခဲ့သည့်အရာများကို တခြားသူများ မမြင်နိုင်သည်လား၊ မဟုတ်လျှင် စမ်းချောင်းသည် သူမကိုသာ မြင်စေခဲ့သည်လား။

“ယူယူ ငါမသောက်နိုင်တော့ဘူး…” ဝိညာဉ်လေး၏ အသံသည် သူများ အတွေးများကို နှောင့်ယှက်လိုက်သည် “ငါမသောက်နိုင်တော့ဘူး ပေါက်ထွက်တော့မလိုပဲ”

***

All Chapters