အခန်း ၂၅
Vol. 2 Ch. 25
အပိုင်း ၂၅
"စုချန်ယန် စောက်ကောင်မ! နင်က ယန်ရှို့ရီကို ခဏခဏမြှူဆွယ်လို့ သူ အခုလိုဖြစ်ရတာ! နင်က သေကိုသေသင့်တယ် ငါနင့်ကို သေအောင်သတ်ပြမယ်!"
ထိုလူ၏ ခါးသီးလှသည့်အသံက မြေအောက်ကားပါကင်တွင် ပဲ့တင်ထပ်နေပြီး ကျယ်လောင်ကာ ဆူညံနေခဲ့သည်။
စုချန်ယန်လည်း ထိုင်ခုံပေါ်တွင် တွန့်ဆုတ် တုန်လှုပ်ကာ ယခုဖြစ်ရပ်ကို ရဲတိုင်ဖို့ အရေးပေါ် ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
"ဘယ်သူ့ကို သတ်မလို့လဲ။ ဘယ်သူ့ကို သတ်ချင်တာလဲ။ နင့်လို မလောက်လေး မလောက်စားကများ ချနိုင်တယ်ထင်နေတာလား။ ယန်ရှို့ရီအတွက် လူသတ်ရဲရလောက်တဲ့အထိ အဲ့ကောင်ကို ကြိုက်တယ်ပေါ့ ဟုတ်လား?!"
ရှောင်လုက ထိုသူ့ကုတ်အင်္ကျီကို ဆွဲချွတ်ကာ
လက်ကို နောက်ပြန်တုပ်ပြီး ချည်ထားလိုက်သည်။
ထိုလူက ရုန်းကန်နေပေမဲ့ ရှောင်လု အင်အားက ယုတ်လျော့သွားခြင်းမရှိ သူ့ကို ထိန်းထားနိုင်ဆဲပင်။ သူမ ထိုလူရဲ့ ခေါင်းကိုမြေကြီးပေါ် ဖိချထားစဉ် သွေးများ ပန်းထွက်လာခဲ့သည်။
ဖုန်းခေါ်ဆိုနေစဉ် ချန်ယန်က ရဲနဲ့ စကားပြောနိုင်စေဖို့ အတွက် သူမ စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။တစ်ဖက်မှ သူမကို ခဏလောက် စောင့်ပေးပါရန်ပြောကာ ပုန်းနေရန်မှာခဲ့သည်။ ဖုန်းချပြီးနောက် သူမလက်ဖဝါးမှာ ချွေးများစို့နေပြီး ပြတင်းပေါက်အပြင်ဘက် ကြည့်လိုက်သည်။ ရှောင်လုက ထိုသူကို မြေပြင်ပေါ်တွင် သေချာချုပ်ကာ ကြိုးချည်ထားပြီးဖြစ်သည်။
"အခုရပြီ ထွက်လာတော့" ရှောင်လုက သူမအင်္ကျီလက်ကို ခေါက်တင်ကာ ထိုလူ စုချန်ယန်ဘက် လှည့်မကြည့်ခင် ဆောင့်ကန်လိုက်သည်။
စုချန်ယန် မျက်လုံးထဲ မျက်ရည်များနှင့် ပြည့်နေပြီး စိုးရိမ်တကြီး မေးခဲ့သည်။ "ရရဲ့လား?"
ရှောင်လုက ခေါင်းငြိမ့်ပြလိုက်ကာ သူမ ခြေထောက်အောက်တွင် ရှိနေသည့်လူကို ပေစောင်းစောင်းဖြင့်ကြည့်လိုက်သည်။ "သူ့လို အမှိုက်လိုကောင်ကို တစ်ယောက်ထဲနဲ့ ၁၀ခါပြန်ချနိုင်တယ် နင်ရောဘယ်လိုနေလဲ အဆင်ပြေရဲ့လား?"
ရှောင်လု အဆင်ပြေနေတာကို မြင်ပြီးနောက်တော့ စုချန်ယန်လည်း စိတ်အေးသွားကာ ပြောလိုက်သည်။
"အဆင်ပြေပါတယ် ရဲတွေလည်း ခေါ်ထားတယ်"
သူမ ကားတံခါး ဖွင့်ကာ ထွက်လာစဉ် မြေပြင်ပေါ်မှ ထိုလူက စုချန်ယန်ကို မုန်းတီးစွာစိုက်ကြည့်နေသည်မှာ အစိမ်းလိုက် ဝါးစားမတတ်ပင်။
သူ့ရဲ့ မုန်းတီးစွာကြည့်နေပုံက စုချန်ယန်ကို စပ်ဖျဉ်းဖျဉ်းနှင့် ကြက်သီးများ ထစေသည်။ သို့သော် သူမ သတ္တိရှိရှိနှင့် ထိုလူ့နားသွားလိုက်ပြီး မျက်လုံးကိုစိုက်ကြည့်ကာ အသံကို နှိမ့်ပြီးပြောလိုက်သည်။
"သူ့ဘာသာသူ ဖြစ်တဲ့ကိစ္စ! ငါနဲ့ ဘာမှမဆိုင်ဘူး။ သူ့ကိုယ်သူ အဲ့လိုဖြစ်အောင်လုပ်ခဲ့တာ"
ထိုလူက ထဆဲကာ ပြောခဲ့သည်။ "မင်းသတ္တိရှိရင် ငါ့ကိုအခုပဲသတ်လိုက်။ မဟုတ်လို့ကတော့ တစ်နေ့နေ့ကြ ငါ မင်းကို ရအောင်သတ်ပြမယ်"
ရှောင်လုက ခြေကိုမြှောက်ကာ ထိုလူရဲ့ မေးကိုဆောင့်ကန်လိုက်တာမို့ သွားတစ်ချောင်းကျွတ်ကာ ပါးစပ်မှသွေးများ စီးကျလာခဲ့သည်။ "နင် စကားတစ်ခွန်းပြောရင် မသေမချင်း နင့်ကိုဆောင့်ကန်ပစ်မယ်"
စုချန်ယန်က မြေပြင်ပေါ်ရှိ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် သွေးများကိုမြင်ပြီးနောက် သူမတစ်ကိုယ်လုံးအေးခဲ တောင့်တင်းသွားရသည်။
သူမ လူသတ်သမားတစ်ယောက်ပုံစံဖြင့် ဗီလိန်နေရာမှသရုပ်ဆောင်ခဲ့ဖူးကာ သရုပ်ဆောင်များနှင့် ဇာတ်ပို့များ သွေးအိုင်ထဲ လဲနေတာကိုလည်း မြင်ဖူးနေပေမဲ့လည်း အခု သူမရှေ့တွင်ရှိသည့် မြင်ကွင်းလို ချောက်ခြားစရာမကောင်းလှပေ။
စုချန်ယန် နောင်တရသလိုဖြစ်သွားသည်။ အခုအချိန်၌ သူမကံကောင်းတယ်လို့ မခံစားရတော့ပေ။
ခဏအကြာတွင် ကားပါကင်နေရာမှ ခြေသံတချို့ကိုကြားလိုက်ရသည်။
လင်းယွီနှင့် ရှုယန်က ဘော်ဒီဂတ် အမြောက်အများဖြင့်အလောတကြီး လာနေခဲ့သည်။ လက်ရှိဖြစ်ပျက်နေသည့် မြင်ကွင်းကို မြင်ပြီးနောက် လင်းယွီ မျက်နှာကရုတ်ချည်း ကြမ်းတမ်းသည့်အသွင်ဆီ ပြောင်းသွားခဲ့သည်။
သူ့အနောက်မှ ဘော်ဒီဂတ်များကို အမိန့်ပေးလိုက်သည်။
"အဲ့ကောင်ကိုဖမ်း"
"ဟုတ်ကဲ့ မစ္စတာလင်း!!"
များစွာသော ဘောဒီဂတ်များ အနား ရောက်သွားကြပြီး မြေပြင်ပေါ်တွင် ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ထားကာ အရိုက်ခံထားရပြီး သတိလစ်နေသော လူကိုဆွဲခေါ်သွားကြသည်။ လင်းယွီက စုချန်ယန်နဲ့ ရှောင်လုဆီ သွားကာမေးလိုက်သည်။ "အဆင်ပြေကြရဲ့လား"
ရှုယန်လည်း စိတ်ပူကာ မေးတော့သည်။
"ချန်ယန်.. ရှောင်လု.. ၂ယောက်လုံး အဆင်ပြေကြရဲ့လား။ ဒီနေရာက ကုမ္ပဏီက ကားပါကင်ကြီးကို ဒီလူကဘယ်လိုလုပ် ဝင်လာနိုင်တာလဲ?"
စုချန်ယန်က ခေါင်းခါပြကာ ပြောလိုက်သည်။ "ကျွန်မက ရပါတယ်"
ရှောင်လုလည်း ပြောခဲ့သည်။ "ငါလည်းအဆင်ပြေတယ်"
လင်းယွီလည်း ခေါင်းငြိမ့်ပြကာ စိတ်အေးသွားပြီး စုချန်ယန်ဘက် ငဲ့ကြည့်ကာမေးလိုက်သည်။ "ဒီကိစ္စနဲ့ ပက်သက်ပြီး မင်းဘယ်လိုလုပ်ချင်လဲ"
စုချန်ယန်က လင်းယွီကို ကြည့်ကာ အရင်က ဖြစ်ဖူးသည့်အလားတူ ပြဿနာကို သူမ အရင်ကုမ္ပဏီမှဘယ်လိုမှ မဖြေရှင်းပေးခဲ့တာကို သတိရသွားသည်။
"ကျွန်မ ရဲတိုင်ချင်တယ်။ လွန်ခဲ့တဲ့အပတ်တုန်းက တိုက်ခိုက်ခဲ့တဲ့လူက လည်းသူပဲ"
လင်းယွီက ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။
"ကျွန်တော် အကြံပေးချင်တာကလည်း ရဲတိုင်ဖို့ပဲ"
ထိုအချိန်တွင် ဘော်ဒီဂတ်ထဲမှ တစ်ယောက်က ဓားမြှောင်နှင့် သံပုလင်းတစ်လင်းကိုင်ကာ သူတို့ဆီလျှောက်လာခဲ့သည်။
"မစ္စတာလင်း ခုနကလူဆီကနေ ကျွန်တော်တို့ ဒါတွေရှာတွေ့တယ်။ ဒီပုလင်းက ဆာလဖျူရစ်အက်ဆစ်တွေထည့်ထားတာ"
"ဆာလဖျူရစ် အက်ဆစ်တွေ?!" ရှုယန်က အထိတ်တလန့်ဖြင့် ပင့်သက်ရှိုက်မိပြီး စုချန်ယန် မျက်နှာသည်လည်း သွေးမရှိတော့သည်အထိ ဖြူဖျော့ကာ လန့်နေမိသည်။
ထိုစဉ် သတိပြန်လည်လာသည့်လူက ကျယ်လောင်စွာ ထဆဲလေတော့သည်။
လင်းယွီက မျက်မှောင်ကြုတ်ပြီး ဘော်ဒီဂတ် လက်ထဲရှိဓားမြှောင်နှင့် ပုလင်းကို ကြည့်လိုက်သည်။ ခဏတာမျှစဉ်းစားဆင်ခြင်ပြီးနောက် ရှုယန်ကို လှမ်းပြောလိုက်သည်။
"သူ့ကို အရင်ရဲစခန်းကိုပို့လိုက် ရှေ့နေယန်ကို လှမ်းခေါ်ပြီး ရဲနဲ့ညှိနှိုင်းဖို့ ပြောထားလိုက်။ သူ့ကို လူသတ်ဖို့ ကြံစည်မှု၂မှုနဲ့ အချုပ်ထဲထည့်ခိုင်းလိုက်"
"ဟုတ်ကဲ့" ရှုယန်လည်း ခဏလောက် ကြောင်အနေမိပြီးနောက် ခေါင်းငြိမ့်ပြခဲ့သည်။
ယန်ရှို့ရီကိစ္စနှင့် ယခုအဖြစ်အပျက်ကို ကိုင်တွယ်နေရစဉ် လင်းယွီက အရင်ကထက် စဉ်းစားဆုံးဖြတ်တတ်လာပြီး ဥက္ကဌထက် အကြင်နာတရားကင်းမဲ့ကာ ပိုရက်စက်တတ်လာသည်။
စုချန်ယန်လည်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
သူမက ဥပဒေအကြောင်း သိပ်မသိပေမယ့် လူသတ်ရန် ကြံစည်မှုက သေးငယ်သည့် အမှုကိစ္စမဟုတ်တော့ပေ။
ထိုလူက လင်းယွီ စကားတွေကြောင့် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့သည်။
"ငါ သူ့ကို မသတ်ရသေးဘူးလေ။ သတ်တောင်မသတ်.."
"နင် ဆူညံပွက်လော ရိုက်နေတာတော်သင့်ပြီ! နင်သာထောင်ဒဏ်ချမှတ်ခံရရင် နင့်ရဲ့မျိုးဆက် ၃ဆက် တိုင်တဲ့အထိ မိသားစုကို ချောက်ခြားနေစေလိမ့်မယ်။ နင့်လိုလူယုတ်မာအတွက်နဲ့!! တန်ရဲ့လား!!"
ရှောင်လုလည်း တံတွေးထွေးကာ ပြောလိုက်သည်။
"ငါ ဘယ်သူ့ကိုမှ မသတ်ဘူး ငါက..ငါက ဒီတိုင်း စိတ်တိုလို့ ထွက်ပေါက်ရှာလိုက်တာပါ"
ခဏအကြာတွင် ရဲများ မြေအောက်ကားပါကင်ဆီ ရောက်လာပြီး လက်နက်များ သိမ်းကာ ထိုလူကို ရဲစခန်းဆီ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
စုချန်ယန်နဲ့ ရှောင်လုကို ဖြစ်စဥ်သေချာသိရအောင်
စခန်းဆီ လာခိုင်းလိုက်သည်။
သူတို့ရဲစခန်းက ထွက်လာချိန် ည၁၀နာရီ ထိုးနေပြီဖြစ်သည်။ လင်းယွီနဲ့ ရှောင်လုက စခန်းအပြင်ဘက်ကနေစောင့်နေပြီး ကုမ္ပဏီဆီ လိုက်ပို့ပေးခဲ့သည်။
"ချန်ယန် အခုလတ်တလောအရတော့ ဒီကိစ္စကို
ကုမ္ပဏီဘက်က လူထုကို ချပြမှာ မဟုတ်သေးဘူး။ ဒီအမှုပြီးသွားတဲ့အချိန်မှ ကြေငြာပေးလိမ့်မယ်" ရှုယန်က ကားမောင်းရင်း စုချန်ယန်ကို ပြောပြခဲ့သည်။
စုချန်ယန် - "ကျွန်မ နားလည်ပါပြီ"
လင်းယွီ သူမဘက် လှည့်ကာမေးလိုက်သည်။ "ကြောက်နေသေးလား?"
စုချန်ယန်လည်း ပွင့်ပွင့်လင်းလင်း ခေါင်းငြိမ့်ပြခဲ့သည်။ "နည်းနည်းပါ ဒီလိုကိစ္စမျိုး အရင်က တစ်ခါမှ မကြုံဖူးတော့လေ.."
အများစု သူမကြုံခဲ့ရသည်မှာ နောက်ယောင်ခံလိုက်တတ်သည့် fan အချို့သာဖြစ်ပြီး သူမ တာဝန်ခံက ထိုအခြေအနေကို ဖြေရှင်းဖို့ ၎င်း fanများနှင့်အတူ ဓာတ်ပုံတွဲရိုက်ကာ ညှိနှိုင်းဖြေရှင်းခဲ့သည်။
ခဏအကြာ တွေးနေပြီးနောက် လင်းယွီက ပြောလာခဲ့သည်။"မင်းအတွက် ဟိုတယ်မှာ နေဖို့က မလုံခြုံတော့ဘူး။ အခုလိုကိစ္စမျိုး ထပ်မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လုရင် မင်းစုချန်ယန်နဲ့ ခဏလောက် အတူတူနေပေးပါလား။ မဟုတ်ရင်တောင် အန်တီနဲ့ အန်ကယ်ကလည်း နိုင်ငံခြားသွားနေတုန်းဆိုတော့"
ထိုစကားအားကြားပြီးနောက် စုချန်ယန်နဲ့ ရှုယန်တို့
၂ယောက်စလုံး တအံ့တဩ ကြည့်မိကြသည်။
စုချန်ယန်က အလျင်အမြန် ခေါင်းခါကာ ပြောလိုက်သည်။ "မလိုပါဘူး ရပါတယ် ကျွန်မဘာသာနေဖို့ နေရာရှာလို့ရတယ်"
လင်းယွီ - "ကိစ္စမရှိဘူး မင်းနေဖို့ နေရာကို ကုမ္ပဏီက စီစဉ်ပေးလိမ့်မယ်"
ရှောင်လုလည်း ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ငါကတော့ ငြင်းစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ ဘော့စ် လတိုင်း ဘော့စ်ပေးတဲ့ လစာက အရမ်းနည်းလွန်းတယ်။ ကျွန်မမှာ လက်ထောက်လည်း လုပ်ရတယ်။ ဘော်ဒီဂတ်လည်း လုပ်ရသေးတယ်။ ဒီနေ့ဆိုရင် အလုပ်အတွက် သုံးဖို့ဝယ်ထားတဲ့ ကျွန်မကားက ပျက်စီးသွားပြီ။ ကျွန်မကိုတစ်ခုခု အလျော်ပေးဖို့ မစဉ်းစားမိဘူးလား"
လင်းယွီက သူမကို အေးတိအေးစက်ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။ "မနှစ်က ငါတို့နိုင်ငံခြားသွားတော့ ငါ့ရဲ့Mabach(ဇိမ်ခံကား)နဲ့ Pagani ပြိုင်ကားအနီလေးကို မင်းခဏငှားခဲ့တယ်လေ။ ဘယ်အချိန် အဲ့ဒါတွေ ပြန်ပေးမှာလဲ?"
ရှောင်လုလည်း မျက်နှာကြော တင်းသွားကာ ပြောခဲ့သည်။ "ဪ...မိသားစုတွေပဲဟာကို အချင်းချင်းသေချာပြောလို့ရတာပဲလေ။ ချန်ယန် ငါ့အိမ်မှာလာနေနော်။ တစ်သက်လုံး နေလည်းရတယ်"
စုချန်ယန် - "..."
သူမ အဲ့လိုပြောလိုက်ပေမဲ့ ရှောင်လုက စုချန်ယန်ကို မျက်စပစ်ကာ နောက်လိုက်သည်။ "ငါ့အစ်ကိုက တကယ် ကပ်စေးနဲပြီး တအားတွန့်တိုတာပဲ"
အမှန်တိုင်းပြောရလျှင် စုချန်ယန်အနေနဲ့ ထိုကဲ့သို့ကား၂စီးသာ ဝယ်ထားခဲ့ရင် အဖိုးတန် ရတနာလိုမျိုး ဂို
ဒေါင်ထဲ ထည့်သိမ်းထားကာ သေချာဥထားမိမည်ပင်။
ဘယ်သူ့ကိုမှလည်း ငှားဖို့ အစီအစဉ် မရှိသလို ၂စီးလုံး ထိလိုက်တာနှင့် ရင်ကျိုးမတတ် ဖြစ်မိလိမ့်မည်။
လင်းယွီ - " ဂိုဒေါင်ထဲမှာ Cayenne တစ်စီး ရှိနေလိမ့်မယ်။ အခုတော့ အဲ့ဒါ ခဏယူစီးထားနှင့်။ ဒါပေမဲ့ သူကသိပ်ပြီးတော့ လူကြိုက်မများဘူး"
ရှောင်လု မျက်နှာက ချက်ချင်း တောက်ပသွားပြီး ပြုံးပြုံးလေး ပြန်ပြောလိုက်သည်။ "ဝမ်းကွဲ...နင်က အမြော်အမြင် ကောင်းကောင်းရှိပြီး သေချာ တာဝန်ယူတတ်တဲ့သူမှန်း ငါသိထားပြီးသားပါ"
စုချန်ယန်က သူတို့၂ ယောက်ကို ကြည့်ကာ အံ့ဩသည့်ပုံစံကိုပင် မဖုံးကွယ်နိုင်ခဲ့ပေ။
ရှောင်လုက လင်းယွီရဲ့ တစ်ဝမ်းကွဲတဲ့လား?!