← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

လင်းကြက်တွန်ချိန် မရောက်ခင် ချန်းပင်အန်းက အိပ်ရာမှ ထလိုက်သည်။ ပါးလျသော အိပ်ရာခင်းက သူ့ကို နွေးထွေးမှု မပေးနိုင်ပေ။ ချန်းပင်အန်းက အလုပ်သင် ကြွေထည်ပညာရှင် ဖြစ်လာခဲ့သည့် အချိန်ကတည်းကစပြီး မနက်စောစောထ၍ နောက်ကျမှ အိပ်ရသည့် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

ချန်းပင်အန်းက တံခါးကို ဖွင့်လိုက်ပြီး မြေပျော့သော ခြံဝန်းလေးထဲသို့ ဆင်းလာခဲ့၏။ သူက လေကို တဝကြီး ရှုလိုက်ပြီးနောက် ခြံဝန်းထဲမှ ထွက်လာခဲ့သည်။ သူက အပြင်ဘက်သို့ ရောက်ချိန်တွင် ပြန်လှည့်ကြည့်လိုက်ရာ လက်(၂)ဖက်ထဲတွင် သစ်သားရေပုံးတစ်ဖက်ဆီ ဆွဲထားသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ပုခုံးနှင့် ခြံဝန်းတံခါးကို တွန်းဖွင့်ရန် ကြိုးစားနေခဲ့၏။ သူမက တရုတ်ဇီးသီးလမ်းထဲတွင် ရှိနေသော သံကြိုးရေတွင်းမှ ရေခပ်ပြီး ပြန်လာခြင်းဖြစ်ပုံရသည်။

ချန်းပင်အန်းက သူမကို လှည့်မကြည့်တော့ဘဲ လမ်းကြိုလမ်းကြားများကိုဖြတ်၍ မြို့အရှေ့ဘက်ကို ပြေးသွားခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားလေးက မြို့၏နောက်ဘက်တွင် တည်ရှိနေသည်။

အရှေ့ဘက် မြို့တံခါးတွင်တော့ မြို့ထဲသို့ လာသော ကုန်သည်များကို ကြီးကြပ်ပြီး ညပိုင်းကင်းစောင့်ရသည့် လူတစ်ယောက် ရှိသည်။ ပုံမှန်အားဖြင့် သူက အပြင်ဘက်မှ ပို့လာသော စာတချို့ကို လက်ခံပြီး ပြန်ပို့ပေးရသည်။ ချန်းပင်အန်း လုပ်ဆောင်ရန် လိုအပ်သည်မှာ ထိုစာများကို မြို့ထဲတွင် နေထိုင်သူများဆီသို့ ပို့ပေးရခြင်းဖြစ်သည်။ ဆုလာဘ်ကတော့ စာတစ်စောင်ကို ကြေးပြားတစ်ပြား ဖြစ်သည်။ ထိုအရာက သူကိုယ်တိုင် အသည်းအသန် တောင်းဆိုထားရသော အဖိုးအခတစ်ခုလည်းဖြစ်၏။

(၂)လပိုင်း (၂)ရက်နေ့ အရုဏ်တက်ချိန်တွင် ထိုတာဝန်ကို လုပ်ဆောင်ရန် ချန်းပင်အန်းက တစ်ဖက်လူနှင့် ပြောထားခဲ့သည်။ စုန့်ကျိရှင်း၏ စကားအရ သူတို့က ဆင်းရဲစွာ မွေးဖွားလာခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့က ကံကောင်းထောက်မပြီး မိသားစုထဲတွင် လက်ထပ်နိုင်မည်ဆိုလျှင်ပင် ချန်းပင်အန်းက သူတို့ကိုရှာဖွေကျွေးမွေးရန် မတတ်နိုင်ပေ။

စုန့်ကျိရှင်းကတော့ စာအုပ်များထဲမှ ဖတ်ထားသော စကားလုံးတချို့ကို ရံဖန်ရံခါ ပြောတတ်သည်။ ချန်းပင်အန်းက ထိုအရာကို အတော်လေး နားမလည်နိုင်ခဲ့ပေ။ ဥပမာအနေဖြင့် ပြောရလျှင် လွန်ခဲ့သော(၂)ရက်ခန့်တွင် နွေဦးရာသီ၏ အအေးဓာတ်က လူငယ်လေးများကို သတ်ပစ်နိုင်သည်ဟူသော စကားလုံးမျိုး ဖြစ်၏။ ချန်းပင်အန်းက ထိုစကားကို နားမလည်နိုင်ခဲ့ပေ။

နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီ ကုန်ဆုံးသွားပြီးနောက် နွေဦးရာသီရောက်ချိန်တွင် အအေးဓာတ်များကို လူငယ်များက အရင်ဆုံးကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုအရာကိုတော့ စုန့်ကျိရှင်းက နွေဦးနှောင်းပိုင်း အအေးဓာတ်ဟုခေါ်ပြီး ထိုအရာက တိုက်ပွဲမှ ပြန်လာသူတစ်ယောက်ကဲ့သို့ အစွမ်းထက်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လူများက ငရဲတံခါးတွင် သေဆုံးသွားကြရ၏။

ထိုမြို့ကို မြို့နံရံများ ကာရံထားခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ ဤနေရာ၌ ဓားပြများ မပြောနှင့် သူခိုးများပင် အလွန်ရှားပါးလှ၏။ ထို့ကြောင့် မြို့တံခါးဟူသည်မှာ အမည်ခံသာ ရှိပြီး အလွန်ဟောင်းနွမ်းပျက်စီးနေသည့် ခြံစည်းရိုးများသာ ဖြစ်သည်။ ထိုအရာက မြို့၏ဂုဏ်သရေဟု သတ်မှတ်ထားသည့်အတွက် လမ်းသွားလမ်းလာများ၊ မြင်းလှည်းများ ဖြတ်သွားရန် နေရာတစ်ခုရှိသည်။

ချန်းပင်အန်းက တရုတ်ဇီးသီးလမ်းကို ဖြတ်ကျော်လာသည့်အချိန်တွင် သံကြိုးရေတွင်း၏ ပတ်ပတ်လည်၌ မိန်းမပျိုနှင့် ကလေးများစွာကို တွေ့လိုက်ရသည်။ ထိုရေတွင်းပေါ်ရှိ စက်သီးကလည်း တကျွိကျွိ မြည်နေခဲ့သည်။

နောက်ထပ်တစ်လမ်းကို ကျော်သွားခဲ့ပြီးနောက် ချန်းပင်အန်းက မလှမ်းမကမ်းတွင် လူတစ်ယောက် စာဖတ်နေသည့်အသံကို ကြားလိုက်ရသည်။ ထိုနေရာတွင် ရွာကျောင်းလေးတစ်ခု ရှိ၏။ ထိုရွာကျောင်းကို မြို့ထဲတွင် ရှိနေသော မိသားစုကြီး အနည်းငယ်က ဖွင့်ထားခြင်းဖြစ်သည်။

ဆရာကတော့ လူစိမ်းတစ်ယောက်ဖြစ်၏။ ချန်းပင်အန်း ငယ်ရွယ်စဉ် ပြတင်းပေါက် အပြင်ဘက်၌ ပုန်း၍ နားထောင်ခဲ့ဖူးသည်။ ထိုဆရာက စာသင်သည့်အချိန်တွင် အလွန်စည်းကမ်းကြီးသော်လည်း ချန်းပင်အန်းကဲ့သို့ အခမဲ့ စာလာသင်သော ကလေးများကို ရိုက်ပုတ်ကြိမ်းမောင်းပြီး နှင်ထုတ်တတ်ခြင်း မရှိ‌ချေ။

နောက်ပိုင်းတွင်တော့ ချန်းပင်အန်းက မြို့အပြင်ဘက်တွင် ရှိနေသော နဂါးမီးဖိုကြီးဆီသို့ သွားခဲ့ရပြီး အလုပ်သင်တစ်ယောက်ဖြစ်လာခဲ့ရသည့်အတွက် ထိုကျောင်းကို နောက်တစ်ကြိမ် မသွားနိုင်တော့ပေ။

ရှေ့သို့ ဆက်သွားလိုက်သည့်အချိန်တွင် ချန်းပင်အန်းက ကျောက်အမိုးခုံး အဆောက်အဦးတစ်ခုကို ဖြတ်ကျော်သွားခဲ့ရ၏။ ထိုအမိုးခုံးအဆောက်အဦးတွင် ကျောက်တိုင်(၁၂)ခု ရှိနေသည့်အတွက် မြို့သူမြို့သားများက ဂဏန်းအမိုးခုံးဟု ခေါ်ကြသည်။

အမိုးခုံး၏ အစစ်အမှန်နာမည်နှင့်ပတ်သက်ပြီး စုန့်ကျိရှင်းနှင့် လျှိုရှန်းယန်တို့ ပြောသည့်စကားများက ကွဲပြားသည်။ ရာစုနှစ်မှတ်တမ်း ဟုခေါ်သော စာအုပ်ထဲတွင် ထိုအရာကို မဟာစာသင်သားမြေကွက်လပ်ဟုခေါ်ကြောင်း စုန့်ကျိရှင်းက ပြောခဲ့သည်။ ထိုအရာကို စစ်မတ်ရေးရာနှင့်တိုင်းပြည်ရေးရာတွင် အမြင့်ဆုံးအောင်မြင်မှုရခဲ့သည့် အမတ်ကြီးတစ်ယောက်ကို ဂုဏ်ပြုသည့်အနေနှင့် ဘုရင်ကြီးက ပေးအပ်ထားခြင်း ဖြစ်သည်ဟု သူက ပြောခဲ့သည်။

ချန်းပင်အန်းကဲ့သို့ ကျေးလက်တောသားတစ်ယောက်ဖြစ်သော လျှိုရှန်းယန်ကတော့ ထိုအရာကို ဂဏန်းအမိုးခုံး ဟုသာပြောခဲ့သည်။ သူတို့က နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဂဏန်းအမိုးခုံး ဟုသာ ခေါ်ခဲ့ကြသည်။ ထိုအရာကို မဟာစာသင်သားမြေကွက်လပ် ဟုခေါ်ရန် အကြောင်းပြချက် မရှိချေ။

ထိုအချိန်တွင် လျှိုရှန်းယန်က စုန့်ကျိရှင်းကို မေးခွန်းတစ်ခု မေးခဲ့သည်။

"မဟာစာသင်သားရဲ့ခေါင်းဆောင်းက ဘယ်လောက်ကြီးတာလဲ။ အဲဒါက သံကြိုးရေတွင်းရဲ့ အဝထက်ပိုပြီးတော့ကြီးတာလား…"

ထိုမေးခွန်းကြောင့် စုန့်ကျိရှင်း၏မျက်နှာက နီရဲသွားခဲ့ဖူးသည်။ လက်ရှိအချိန်တွင်တော့ ချန်းပင်အန်းက ခြေ(၁၂)ချောင်း ရှိနေသော အမိုးခုံးကြီးကို ပတ်၍ ပြေးသွားခဲ့သည်။ ထိုအမိုးခုံးကြီး၏ ဘေးတစ်ဖက်ချင်းဆီတွင် စကားလုံး(၄)ခုဆီ ရှိနေ၏။ ထိုလက်ရေးများက ထူးဆန်းပြီး တစ်ခုနှင့်တစ်ခု ကွဲပြားပုံရသည်။

ထိုအရာများကတော့

"ကိုယ့်ရဲ့တာဝန်ကို တခြားသူဆီ လွှဲမပေးနဲ့..”

“သဘာဝတရားကြီးကို စကားပြောနိုင်ဖို့ မျှော်လင့်ကြည့်ပါ…”

“ပြင်ပအကူအညီကို မတောင်းဆိုနဲ့….”

“တိုက်ခိုက်ရေးကျွဲဝိညာဉ်…" စသည့်စကားလုံးများ ဖြစ်ကြသည်။

စုန့်ကျိရှင်း ပြောသည့်စကားများအရ ထိုစကားလုံး(၄)ခုကလွဲလျှင် တခြားကျောက်တိုင်(၃)ခုပေါ်တွင် ရေးသားထားသော စကားလုံးများက အပေါ်ယံ ရေးခြစ်ထားခြင်းသာ ဖြစ်နိုင်၏။

ချန်းပင်အန်းကတော့ ထိုအရာများကို စိတ်မဝင်စားသလို ထိုအရာများနှင့် ပတ်သက်ပြီး လေးလေးနက်နက် တွေးတောနေခြင်းလည်း မရှိချေ။ အကယ်၍ လူငယ်လေး တစ်ယောက်က အောက်ခြေထိ နက်နက်ရှိုင်းရှိုင်း နားလည်ချင်သည်ဆိုလျှင်ပင် အချည်းနှီးသာ ဖြစ်ရပါလိမ့်မည်။ စုန့်ကျိရှင်းက မည်သည့်စာအုပ်အမျိုးအစားများကို ပြောနေကြောင်း သူလည်း သေချာမသိချေ။

အမိုးခုံးနှင့် မလှမ်းမကမ်းတွင်တော့ သစ်ကိုင်းများ၊ သစ်ရွက်များ ဝေဝေဆာဆာ ရှိနေသော ရှေးဟောင်းသစ်ပင်အိုကြီးတစ်ပင်ကို မြင်လိုက်ရသည်။ သစ်ပင်အောက်တွင်တော့ လူတစ်ယောက် ရွှေ့ထားပုံရသော ပင်စည်ကြီးတစ်ခုရှိသည်။ ထိုပင်စည်ကြီးကို အနည်းငယ် ခုတ်လိုက်ပြီးနောက် ပင်စည်၏အဆုံး(၂)ဖက်ပေါ်တွင် အပြာရောင်ကျောက်ပြား(၂)ခုကို တင်ထားသည်။ ထိုအရာက ရိုးရှင်းသော စားပွဲခုံတစ်ခု ဖြစ်လာခဲ့၏။

နွေရာသီရောက်သည့် အချိန်တိုင်း မြို့ထဲတွင် နေထိုင်သူများက ဤနေရာတွင် လေညှင်းခံ ရောက်လာတတ်ကြသည်။ ချမ်းသာကြွယ်ဝသော အကြီးအကဲများကတော့ ရေတွင်းဆီမှ ရေခဲမက်မွန်သီးများ၊ သစ်သီးခြင်းတောင်းများကိုပင် ယူလာတတ်ကြသည်။ ကလေးငယ်များ ပြည့်နေသည့်အချိန်တွင်တော့ သူတို့က သစ်ပင်အရိပ်အောက်တွင် ဝိုင်းဖွဲ့ပြီး ကစားတတ်ကြ၏။

ချန်းပင်အန်းက ခြံစည်းရိုးတံခါးဆီသို့ ပြေးသွားပြီး အဝါရောင်ရွှံ့အိမ်လေး၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏နှလုံးခုန်သံက မြန်နေခြင်း မရှိသလို အသက်ရှူသံကလည်း မြန်နေခြင်း မရှိပေ။ မြို့၏အပြင်ဘက်မှ ရောက်လာသော အပြင်လူလည်း များများမရှိချေ။

ပုံမှန်အားဖြင့် ပြောရလျှင် နဂါးမီးဖိုကြီးများဆီမှ ရရှိနိုင်သော ငွေကြေးအထောက်အပံ့ ဆုံးရှုံးသွားသည့် အချိန်ကတည်းကစပြီး လူစိမ်းများကို တွေ့ရသည်မှာ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ အဘိုးအိုယောင် အသက်ရှင်နေစဉ် အချိန်ကတော့ အရက်မူးသည့် အချိန်တိုင်း ပြောခဲ့ဖူး၏။

သူက ချန်းပင်အန်းနှင့် လျှိုရှန်းယန်တို့ကိုကြည့်ပြီး သူတို့၏အလုပ်က နန်းတွင်းမီးဖိုကြီးကို တာဝန်ယူရခြင်း ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထိုအရာက ဘုရင်ကြီးနှင့် ဘုရင်မကြီးအတွက် တော်ဝင်ကြွေထည်ပစ္စည်းများကို ပြုလုပ်ပေးရခြင်းဖြစ်၏။ တခြားသူများက မည်မျှအစွမ်းထက်စေကာမူ မည်မျှ ရာထူးကြီးမြင့်စေကာမူ သူတို့ကို လာရောက်ထိပါးမည်ဆိုလျှင် ခေါင်းဖြတ်ခံရပါလိမ့်မည်။ ထိုနေ့တွင်တော့ အဘိုးအိုယောင်၏စိတ်က အတော်လေး တက်ကြွနေခဲ့၏။

ယနေ့တော့ ချန်းပင်အန်းက ခြံစည်းရိုးအပြင်ဘက်ကို ကြည့်လိုက်ရာ တံခါးတွင် လူပေါင်းများစွာ စောင့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက လူ(၇)ယောက်၊ (၈)ယောက်ပင် မရှိဘဲ ယောကျ်ားကြီးများ၊ မိန်းမကြီးများနှင့် လူငယ်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးက လူစိမ်းများဖြစ်ကြ၏။

မြို့ခံလူများက အပြင်ဘက်သို့ထွက်သည်မှာ အလွန်ရှားပါးလှသည်။ သူတို့က ကြွေထည်ပြုလုပ်ခြင်းနှင့် တောင်ယာအလုပ်များကိုသာ လုပ်ဆောင်တတ်ကြ၏။ အကြောင်းပြချက်ကတော့ အလွန်ရိုးရှင်းသည်။ မြို့၏အရှေ့တံခါးမှ ထွက်သော လမ်းမကြီးတွင် နဂါးမီးဖိုကြီးများ၊ လယ်ကွင်းများ မရှိချေ။

ထိုအချိန်တွင် ချန်းပင်အန်းနှင့် လူစိမ်းများ၏ ကြားထဲ၌ သစ်သားခြံစည်းရိုးလေးရှိနေပြီး သူတို့က အချင်းချင်း စိုက်ကြည့်နေကြ၏။ ထိုအချိန်တွင် မြက်ဖိနပ်စီးထားသော လူငယ်လေးကတော့ ထိုလူများ၏ ထူထဲသော အင်္ကျီများကို အားကျနေပုံရသည်။ သူတို့က သေချာပေါက် နွေးထွေးပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိနိုင်၏။

တံခါးအပြင်ဘက်တွင် ရှိနေသော လူများက တစ်ဖွဲ့ဆီ ဖြစ်ကြသည်။ သူတို့က အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ကြပေ။ သို့သော် သူတို့အားလုံးက တံခါးအတွင်းထဲတွင် ရှိနေသော ပိန်ပိန်ပါးပါး လူငယ်လေးကို ကြည့်နေကြ၏။ အများစု၏ အမူအရာကတော့ အေးစက်နေကြ၏။ ရံဖန်ရံခါ လူတစ်ယောက်၊ (၂)ယောက်က ထိုလူငယ်လေးကို ကျော်ပြီး မြို့ထဲကို ငေးကြည့်နေကြသည်။

ချန်းပင်အန်းကတော့ ထူးဆန်းနေသလို ခံစားနေရ၏။ နန်းတွင်းက နဂါးမီးဖိုကြီးများ အားလုံးကိုပိတ်ရန် အမိန့်ချလိုက်ကြောင်း ထိုလူများက မသိသေးခြင်းပေလော။ သို့မဟုတ် ဤနေရာတွင် အခွင့်အရေးတစ်ခုရှိမည်ဟု ခံစားမိနေခြင်းကြောင့်ပေလော။

ထိုနေရာတွင် ထူးဆန်းသော ခေါင်းဆောင်းတစ်ခု ဝတ်ထားသည့် လူငယ်လေး တစ်ယောက်ရှိသည်။ သူက အရပ်ရှည်ရှည်နှင့် ခါးတွင် ကျောက်စိမ်းပြားတစ်ခု ချိတ်ထား၏။ သူ့ပုံစံက စိတ်မရှည်သလို ထင်မှတ်ရပြီး သူက လူအုပ်ကြီးထဲမှ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူက သော့မရှိသော တံခါးကို တွန်းဖွင့်ချင်ခဲ့၏။

သို့သော် သူ့လက်ချောင်းလေးများက သစ်သားတံခါးကို ထိတော့မည့်အချိန်တွင် ချက်ချင်း ရပ်ပြီး လက်(၂)ဖက်ကို နောက်သို့ရုပ်သိမ်းလိုက်သည်။ သူက လက်နောက်ပစ်လိုက်ပြီး အတွင်းထဲတွင် ရှိနေသော မြက်ဖိနပ်နှင့် လူငယ်လေးကို ပြုံး၍ကြည့်နေခဲ့၏။ သူက စကားမပြောခဲ့ဘဲ ပြုံးရုံသာပြုံးနေခဲ့သည်။

လူငယ်၏နောက်တွင် ရှိနေသောလူများက စိတ်ပျက်ပြီး မျက်မှောင်ကြုတ်နေပုံ ရကြောင်း ချန်းပင်အန်းက မြင်လိုက်ရသည်။ သူတို့၏ခံစားချက်များက ကွဲပြားကြ၏။

ထိုအချိန်တွင် ဆံပင်ဖရိုဖရဲဖြစ်နေသော သက်လတ်ပိုင်းလူကြီးက အခန်းတံခါးကို ရုတ်တရက် ဖွင့်လိုက်ပြီး ချန်းပင်အန်းကို ဆဲဆိုလိုက်သည်။

"ခွေးကောင်လေး …

မင်းက ပိုက်ဆံတော်တော်မက်နေတာလား။ ဒီကို အစောကြီးရောက်လာတယ်။ မင်းက စောစောလူဝင်စားပြီး သေသွားတဲ့မိဘတွေကို တွေ့ချင်နေတာလား…"

ချန်းပင်အန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သူကတော့ ထိုစကားလုံးများကို ဂရုမစိုက်ခဲ့ပေ။ ပထမဆုံး ပြောရမည်ဆိုလျှင် သူက စာအုပ်အနည်းငယ်ပင် မရှိဘဲ ဤကျေးလက်ဒေသတွင် နေထိုင်ခဲ့ရသည်။ အကယ်၍ သူက စကားလုံး အနည်းငယ်ကြောင့် စိတ်ညစ်သွားမည်ဆိုလျှင် ရေတွင်းထဲသို့ ခုန်ချလိုက်ရုံသာ ရှိ၏။ ထိုအရာက ပြဿနာအတော်လေး ရှင်းသွားနိုင်သည်။

ဒုတိယအချက်ကတော့ တံခါးကို စောင့်ကြပ်နေသော သက်လတ်ပိုင်းလူကြီးက မြို့ထဲတွင် ရှိနေသော လူများ၏ အနိုင်ကျင့်သည့် ပစ်မှတ် မကြာခဏ ဖြစ်ခဲ့သည်။ အထူးသဖြင့် ရဲတင်းပြီး ဒေါသထွက်လွယ်သော မိန်းမပျိုများ ဖြစ်ကြ၏။ သူတို့ကတော့ ဆဲဆိုခြင်းပင်မဟုတ်ဘဲ အတော်များများက သူ့ကို ရိုက်ပင်ရိုက်သွားကြသည်။ ထို့ပြင် ထိုလူက နို့နံ့မစင်သေးသော ကလေးများကိုလည်း စနောက်တတ်သည်။

ဥပမာအနေနှင့် ပြောရလျှင် သူက မြို့တံခါးတွင် တိုက်ပွဲကောင်းတစ်ခု တိုက်ခိုက်တော့မည်ဟု ပြောတတ်၏။ သူက ယောကျ်ားကြီး(၅)ယောက်၊ (၆)ယောက်ခန့်ကို သွားကျွတ်သွားသည်အထိ တိုက်ခိုက်ပစ်သည်ဟုလည်း ပြောတတ်သည်။ သူ့ကြောင့် မြေပြင်ပေါ်တွင် သွေးများ ဖုံးလွှမ်းနေပြီး တံခါးရှေ့တွင် ရှိသော လမ်းတစ်ခုလုံး ရွှံ့များ ထူနေခဲ့သည်ဟု ပြောတတ်၏။

သူက ချန်းပင်အန်းကို စိတ်ဆိုးဆိုးနှင့် ပြောလိုက်သည်။

"ငါတို့ ဒီကိစ္စကို နောက်မှရှင်းမယ်…"

မြို့ထဲတွင် ရှိနေသော မည်သူကမျှသူ့ကို အလေးအနက်မထားတတ်ပေ။ သို့သော် အပြင်လူများ မြို့ထဲသို့ ဝင်နိုင်မဝင်နိုင်က သူ့အပေါ် မူတည်နေသည်။ သူက ထိုလူများ၏ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်သော အစွမ်းရှိ၏။

သူက သစ်သားတံခါးဆီသို့ လျှောက်သွားသည့်အချိန်တွင် လက်(၂)ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်၏။ ချန်းပင်အန်းကို နောက်ကျောပေးထားသော ထိုလူက တံခါးကို ဖွင့်လိုက်သည်။ မကြာခဏဆိုသလို သူက လူတစ်ယောက်ဆီမှ ပန်းထိုးအိတ်ငယ်လေးတစ်ခုကိုယူပြီး အင်္ကျီအိတ်ထဲသို့ သိမ်းလိုက်သည်။ ထို့နောက် သူက တစ်ယောက်ပြီးတစ်ယောက် ဝင်ခွင့်ပေးလိုက်၏။ ချန်းပင်အန်းကြောင့် သူတို့က အစောကြီး ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

လူစိမ်း(၈)ယောက်ကို အကြမ်းဖျင်းအုပ်စု(၅)စု ခွဲခြားနိုင်ပြီး သူတို့က မြို့ငယ်လေးထဲသို့ လျှောက်သွားကြ၏။ ခေါင်းပေါ်တွင်ခေါင်းဆောင်းနှင့် ခါးတွင် ကျောက်စိမ်းပြား ချိတ်ထားသည့် လူငယ်လေးအပြင် အသက်(၇)နှစ်၊ (၈)နှစ်အရွယ်ရှိသော ကလေး(၂)ယောက်လည်း ပါသေးသည်။

ကောင်လေးက အနီရောင်ပွဲတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး မိန်းကလေးကတော့ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက်ကြွေရုပ်လေးတစ်ရုပ်ပမာ ထင်ရသည်။ ကောင်လေးက ချန်းပင်အန်းထက် ခေါင်းတစ်လုံးပို၍ အရပ်ပု၏။

ထိုကလေးက သူ့ကိုဖြတ်ကျော်သွားသည့်အချိန်တွင် ပါးစပ်မှ တီးတိုးပြောနေပုံရသည်။ သူ့ဆီမှ အသံမထွက်သော်လည်း သူ၏ပါးစပ်လှုပ်ပုံက သိသာထင်ရှားသည်။ သူက ရန်လိုသည့် စကားလုံးများ ပြောလိုက်ခြင်းဖြစ်ပုံရသည်။

သက်လတ်ပိုင်းမိန်းမပျိုကတော့ ထိုကောင်လေး၏လက်ကိုဆွဲပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။ ထိုအချိန်ကျမှသာ ကောင်လေးကလည်း သူ့ကိုယ်သူအနည်းငယ် ထိန်းချုပ်လိုက်သည်။

မိန်းမပျိုနှင့်ကောင်လေး၏ နောက်တွင် လိုက်လာသော ကလေးမလေးကိုတော့ အရပ်ရှည်ရှည်၊ သန်သန်မာမာနှင့် အဘိုးအိုက ကိုင်ထားခဲ့သည်။ သူမက ချန်းပင်အန်းကိုကြည့်ပြီး စကားလုံး အနည်းငယ် ပြောခဲ့၏။ သူမက ရှေ့တွင် ရှိနေသော ကောင်လေးကိုလည်း လက်ညှိုးထိုးလိုက်သေးသည်။

ထိုကလေးမလေး ပြောနေသည့်အရာများကို ချန်းပင်အန်းက နားမလည်သော်လည်း သူမက အပြစ်တင်နေခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့၏။

အရပ်ရှည်ရှည်၊ သန်သန်မာမာ အဘိုးအိုကတော့ မြက်ဖိနပ်နှင့် လူငယ်လေးကို ငဲ့ကြည့်လိုက်သည်။ သို့သော် လူတစ်ယောက်က သူ့ကို စိုက်ကြည့်လိုက်သည့် အချိန်တွင် ချန်းပင်အန်းက သတိလက်လွတ် နောက်ကို ခြေတစ်လှမ်းဆုတ်သွားမိသည်။

သူ့ပုံစံက ကြောင်တစ်ကောင်ကိုမြင်လိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ထိုမြင်ကွင်းကို မြင်သည့်အခါ မူလတုန်းက စကားပြောနေသော ကလေးမလေးက ဆော့ကစားရန် စိတ်မဝင်စားတော့သလို ဖြစ်သွားသည်။ သူမက ချက်ချင်းပြန်လှည့်သွားပြီး ချန်းပင်အန်းကို နောက်ထပ်မကြည့်ခဲ့ပေ။ သူမ၏မျက်လုံးထဲတွင် သူက အမှိုက်သရိုက်ပမာ ထင်မှတ်ရ၏။

အလွန်ငယ်ရွယ်သော ချန်းပင်အန်းက အမှန်တကယ်လည်း အတွေ့အကြုံမရှိချေ။ သို့သော် သူက လူအများ၏မျက်နှာအမူအယာကို နားလည်သည်။

ထိုအဖွဲ့က အဝေးကို လျှောက်သွားသည့်အချိန်တွင် တံခါးကို စောင့်နေသည့်လူကြီးက အပြုံးနှင့် မေးလိုက်၏။

"သူတို့ ဘာပြောသွားလဲဆိုတာ မင်း သိချင်လား…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"သိချင်တယ်…"

ထိုသက်လတ်ပိုင်းလူကြီးက ဝမ်းသာသွားပုံရပြီး အပြုံးနှင့် ပြောလိုက်သည်။

"မင်းမျက်နှာက ကြည့်ကောင်းတယ်လို့ သူတို့က ချီးကျူးသွားတာ။ အဲဒါက အကောင်းပြောသွားတာပါ…"

ချန်းပင်အန်းက ရှုံ့မဲ့သွားခဲ့၏။

"ကျုပ်က ရူးနေတယ်လို့ ခင်ဗျား ထင်နေတာလား…"

ချန်းပင်အန်း၏အတွေးကို မြင်တွေ့သွားသည့်အတွက် ထိုလူကြီးက အပြုံးနှင့်ပြောလိုက်၏။

"မင်းသာ မရူးရင် ငါက မင်းကို စာပို့ခွင့်ပေးပါ့မလား…"

ချန်းပင်အန်းက သူ့စကားကို ငြင်းဆန်ရဲခြင်း မရှိချေ။ အကယ်၍ သူသာ ထိုလူကို ဒေါသထွက်အောင် လုပ်မိသွားမည်ဆိုလျှင် သူ့လက်ထဲ၌ ရှိနေသော ကြေးပြားများက အဝေးသို့ လွင့်သွားပါလိမ့်မည်။

ထိုလူက ဧည့်သည်လူစိမ်းများကို လှည့်ကြည့်လိုက်သည်။ သူက ရိတ်သင်ထားခြင်းမရှိသော မေး‌စေ့ကိုပွတ်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဲဒီအမျိုးသမီးက သူ့ရဲ့ခြေထောက်နဲ့ လူတွေကို သေသွားအောင် လုပ်ပစ်နိုင်တယ်…"

ချန်းပင်အန်းက တွေဝေသွားပြီး စိတ်ဝင်တစား မေးလိုက်သည်။

"အဲဒီအမျိုးသမီးက သိုင်းပညာ လေ့ကျင့်ထားတာလား…"

ထိုလူကြီးက မျက်နှာပျက်သွားခဲ့သည်။ သူက ခေါင်းငုံ့ပြီး လူငယ်လေးကို ကြည့်လိုက်၏။ သူက အလေးအနက် ပြောလိုက်သည်။

"မင်းက တော်တော်တုံးတာပဲ…"

လူငယ်လေးက ရှုပ်ထွေးသွားခဲ့၏။

သူက ချန်းပင်အန်းကို စောင့်နေရန် ပြောလိုက်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူပြန်လာသည့်အချိန်တွင် သူ့လက်ထဲ၌ စာအိတ်တစ်ထပ်ကြီး ပါလာခဲ့၏။ ထိုစာအိတ်များက ထူထဲခြင်း မရှိသလို ပါးလွှာခြင်းလည်း မရှိချေ။ စုစုပေါင်း စာအိတ်(၁၀)အိတ်ဖြစ်၏။

ထိုလူက ထိုစာအိတ်များကို ချန်းပင်အန်း၏လက်ထဲသို့ ပေးပြီးပြောလိုက်သည်။

"ဉာဏ်တုံးတဲ့လူတွေမှာ မကောင်းတဲ့ကံကြမ္မာပဲ ရှိကြတယ်။ ဉာဏ်ကောင်းတဲ့ လူတွေမှာပဲ ကံကြမ္မာကောင်းတွေရှိတာ။ မင်းက အဲဒါကိုယုံလား…"

ချန်းပင်အန်းက လက်တစ်ဖက်တွင် စာအိတ်များကိုကိုင်ပြီး တခြားလက်တစ်ဖက်ကို ဖြန့်လိုက်သည်။ သူက ပြောလိုက်၏။

"ကျွန်တော်တို့က စာတစ်စောင်ကို ကြေးပြား(၁)ပြား သဘောတူထားတယ်…."

ထိုလူက ဒေါသထွက်သွားခဲ့၏။ သူက ကြိုတင်ပြင်ဆင်ထားခဲ့သော ကြေးပြား(၅)ပြားကို ထုတ်ယူပြီး လူငယ်၏လက်ဖဝါးပေါ်သို့ တင်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။

"ကျန်တဲ့ ကြေးပြား(၅)ပြားကို အကြွေးမှတ်ထားလိုက်…"

All Chapters