← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ထိုမြို့ငယ်လေးက ကြီးမားခြင်း မရှိသလို သေးငယ်ခြင်းလည်း မရှိချေ။ အိမ်ခြေ (၆၀၀) ကျော်သာ ရှိသည်။ ချန်းပင်အန်းက မြို့ထဲတွင် ရှိနေသော ဆင်းရဲသားအများစုကို မှတ်မိနေခဲ့၏။ ချမ်းသာသော မိသားစုများကတော့ အဆင့်အတန်း မြင့်မားလှပြီး သူ့လို ဆင်းရဲသားလူငယ်လေးတစ်ယောက် ဝင်ထွက်သွားလာ၍ မရနိုင်ပေ။

ချန်းပင်အန်းက သူ‌ဌေးများ နေထိုင်ကြသော လမ်းတစ်ချို့ကို သွားရောက်ဖူးခြင်းပင် မရှိချေ။ ထိုနေရာတွင် ရှိနေသော လမ်းများကို အပြာရောင်ကျောက်ပြားများခင်းထား၏။ မိုးရွာသည့်အချိန်တွင်ပင် သူတို့က ရွှံ့ဗွက်များကို နင်းမိကြခြင်း မရှိကြပေ။

ထိုကဲ့သို့ အရည်အသွေးမြင့်မားသော အပြာရောင်ကျောက်ပြားကြီးများက နှစ်ထောင်ပေါင်းများစွာကြာအောင် မြင်းများ၊ မြင်းလှည်းများ သွားလာမှုကြောင့် နေ့စဉ်နှင့်အမျှ တိုက်ချွတ်ပေးသလိုဖြစ်နေပြီး မှန်တစ်ချပ်ပမာ ကြည်လင်လွန်းလှသည်။

မျိုးရိုးနာမည် လု၊ လီ၊ ကျိုးနှင့် စုန့်တို့က မြို့ထဲတွင် မိသားစုကြီး(၄)ခု ဖြစ်ကြသည်။ ရွာကျောင်းငယ်လေးကို ထိုမိသားစုများကသာ တည်ထောင်ထားခြင်းဖြစ်ပြီး အများစုကတော့ မြို့အပြင်ဘက်တွင် နဂါးမီးဖိုကြီး(၂)ခု၊ (၃)ခုခန့်ကို ပိုင်ဆိုင်ထားကြသည်။ ထိုမီးဖိုကြီးကြပ်သူ နေထိုင်သည့်နေအိမ်ကလည်း ထိုမိသားစုများ နေထိုင်သည့်လမ်းထဲတွင်သာ ဖြစ်သည်။

ယနေ့ ချန်းပင်အန်း သွားပို့ရမည့် စာ(၁၀)စောင်ကတော့ မြို့ထဲတွင် နာမည်ကျော်ကြားသော သူဌေးမိသားစုများ၏ နေအိမ်များ ဖြစ်နေခဲ့သည်။ ထိုအရာကလည်း စဉ်းစားကြည့်လျှင် သိနိုင်၏။ နဂါးက နဂါးသာ မွေးဖွားပြီး ဇာမဏီက ဇာမဏီသာ မွေးဖွားသည်။ ကြွက်က ကြွက်သာ မွေးဖွားပြီး မြေအောက်ထဲတွင် တွင်းတူးနေရမည် ဖြစ်၏။

အိမ်ကို စာပြန်ပို့နိုင်သော ခရီးသွားများက အလွန်ကောင်းမွန်သော မိသားစုနောက်ခံ ရှိနေနိုင်သည်။ မဟုတ်လျှင် သူတို့က ခရီးရှည်ကြီးတစ်ခု သွားရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။

စာ(၉)စောင်တွင် ချန်းပင်အန်းက နေရာနှစ်ခုကို သွားခဲ့ရသည်။ ထိုအရာကတော့ ဖုလုလမ်းကြားနှင့် မက်မွန်ရွက်လမ်းကြားတို့ ဖြစ်၏။ အလွန်ကြီးမားသော အပြာရောင်ကျောက်ပြားကြီးပေါ်သို့ ပထမဆုံး ခြေချလိုက်မိချိန်တွင် ထိုလူငယ်လေးက အနည်းငယ် စိုးရိမ်ပြီး နှေးကွေးနေခဲ့သည်။ သူက အနည်းငယ် ရှက်ရွံ့သလို ခံစားခဲ့ရ၏။ သူ၏ မြက်ဖိနပ်များကြောင့် လမ်းမ ညစ်ပေသွားမှာကို စိုးရိမ်နေခဲ့သည်။

ချန်းပင်အန်း ပထမဆုံး ပို့ရသည့် စာကတော့ ဘုရင်ကြီးဆီမှ ကျောက်စိမ်းတုတ် ရရှိထားသော ဘိုးဘေး ရှိနေသည့် လုမိသားစု ဖြစ်သည်။ လူငယ်လေးက တံခါးဝတွင် ရပ်နေသည့်အချိန်၌ တဖြည်းဖြည်း ပို၍ စိုးရိမ်လာခဲ့၏။

ချမ်းသာသော မိသားစုများက သီးသန့်ဆန်လှသည်။ လုမိသားစု၏ အိမ်ဂေဟာကြီးက အလွန်ကြီးမားလှသည့်အပြင် တံခါးဝတွင်လည်း ကျောက်ခြင်္သေ့နှစ်ကောင် ရှိနေသည်။ သူတို့က လူတစ်ရပ်ခန့် မြင့်မားပြီး အလွန်ကြောက်စရာ ကောင်း၏။ ထိုအရာများက မကောင်းဆိုးဝါး ဝိညာဉ်များကို တားဆီးနိုင်သည်ဟု စုန့်ကျိရှင်းက ပြောခဲ့ဖူးသည်။

မကောင်းဆိုးဝါးဝိညာဉ်ဟူသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း ချန်းပင်အန်းက မသိသော်လည်း ထိုခြင်္သေ့ပါးစပ်ထဲတွင် ရှိနေသော ကျောက်လုံးကိုတော့ အလွန်စိတ်ဝင်စားနေခဲ့၏။ ထိုအရာကို မည်သို့ ထွင်းထုထားခဲ့သနည်း။ ချန်းပင်အန်းက ထိုကျောက်လုံးကို ကိုင်ကြည့်ချင်နေသော်လည်း သူ့စိတ်ကို ထိန်းချုပ်လိုက်သည်။

သူက လှေကားထစ်ပေါ်သို့ တက်သွားပြီး ကြေးနီခြင်္သေ့တံခါးကြီးကို ခေါက်လိုက်သည်။ သိပ်မကြာခင် လူတစ်ယောက်က တံခါးဖွင့်ပြီး ထွက်လာခဲ့၏။ ချန်းပင်အန်းက စာပို့ရန် ရောက်လာကြောင်း ပြောလိုက်သည့်အချိန်တွင် ထိုလူ၏မျက်နှာပေါ်၌ ခံစားချက် မရှိခဲ့ပေ။

သူက စာအိတ်ကို လက်နှစ်ချောင်းနှင့် ညှပ်ယူလိုက်၏။ စာကို ယူလိုက်ပြီးနောက် ချက်ချင်းပြန်လှည့်ပြီး အိမ်ထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့သည်။ ထို့နောက် သူက ကြွယ်ဝခြင်းနတ်ဘုရားပန်းချီ ရေးဆွဲထားသော တံခါးကို ဆောင့်ပိတ်လိုက်၏။

ထို့နောက် လူငယ်လေး၏ စာပို့မှုက သာမန်သာ ဖြစ်သည်။ မက်မန်ရွက်လမ်းကြား၏ ထောင့်တွင် ရှိနေသော အိမ်ကတော့ နာမည်ကျော်ကြားမှု မရှိချေ။ တံခါးကို ဖွင့်ပေးသောသူက အရပ်ပုပုနှင့် သနားကြင်နာတတ်ပုံရသော အဘိုးအိုတစ်ယောက် ဖြစ်သည်။

စာကို သိမ်းလိုက်ပြီးနောက် သူက အပြုံးနှင့် ပြောလိုက်၏။

“လူငယ်လေး….

မင်းက တော်တော်ကြိုးစားတာပဲ။ အထဲကို ဝင်လာပြီး ရေနွေးသောက်ပါဦးလား..”

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းခါပြလိုက်ပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

အဘိုးအိုက စာကို အင်္ကျီလက်ထဲသို့ သိမ်းလိုက်၏။ သူက အိမ်ထဲသို့ အလျင်အမြန် ပြန်ဝင်သွားခဲ့ခြင်း မရှိချေ။ သူက ခေါင်းမော့ကြည့်လိုက်ရာ သူ၏မြင်ကွင်းများက ဝေဝါးနေခဲ့၏။ အဆုံးတွင်တော့ သူက လမ်းဘေးနှစ်ဖက်တွင် မြင့်ရာမှ နိမ့်ရာသို့ ဝေးရာမှ နီးရာသို့ ရောက်လာသော မက်မွန်ပင်များကို ငေးကြည့်နေမိခဲ့သည်။

ထိုအချိန်ကျမှသာ အသက်အရွယ် ကြီးရင့်နေသော အဘိုးအိုက ပြုံးလိုက်မိ၏။ အဘိုးအိုက ပြန်လှည့်ပြီး ထွက်သွားခဲ့သည်။ သိပ်မကြာခင် အလွန်လှပသော အဝါရောင် ပျံလွှားငှက်လေးတစ်ကောင်က မက်မွန်သစ်ကိုင်းတစ်ခုပေါ်တွင် နားလိုက်သည်။ သူ၏အမွှေးအတောင်များက နူးညံ့သိမ်မွေ့ပြီး အသံတိုးတိုးနှင့် အော်မြည်နေခဲ့၏။

ချန်းပင်အန်းဆီတွင် နောက်ဆုံးစာသာ ကျန်တော့သည်။ သူက ထိုစာကို ရွာကျောင်းတွင် ရှိနေသော ဆရာဆီသို့ ပို့ပေးရန် လိုအပ်၏။ လမ်းတွင် သူက ကံကြမ္မာဟောပြောသော ဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်သွားခဲ့ရသည်။

ထိုဆိုင်ပိုင်ရှင်က ရှေးဟောင်းတာအိုသခင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ် တာအိုသခင်တစ်ယောက် ဖြစ်သည်။ သူက စားပွဲနောက်တွင် မတ်မတ် ထိုင်နေခဲ့၏။ သူ့ခေါင်းပေါ်တွင်တော့ ဆံထိုးမြင့်မြင့်တစ်ခု ထိုးထားပြီး သူ့ပုံစံက ပွင့်လန်းနေသော ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။

ပြေးနေသော လူငယ်လေးကို မြင်သည့်အချိန်တွင် လူငယ်တာအိုသခင်က အလျင်အမြန် နှုတ်ဆက်လိုက်၏။

“ကောင်လေး…

အခွင့်အရေးကို မလွဲစေနဲ့။ ဒီကိုလာပြီး ကံကြမ္မာ ဖတ်ကြည့်လိုက်။ ဟောဒီတာအိုသခင်က မင်းရဲ့ကံကြမ္မာကို ပြောပြနိုင်တယ်။ ငါက မင်းရဲ့ ကံကောင်းခြင်း ကံဆိုးခြင်းတွေကို တွက်ချက်ဖို့ ကူညီပေးနိုင်တယ်…”

ချန်းပင်အန်းက ရပ်တန့်နေခြင်း မရှိဘဲ လှည့်ကြည့်၍ လက်ခါပြလိုက်သည်။

ထိုတာအိုသခင်က အလျှော့ပေးခဲ့ခြင်း မရှိချေ။ သူက ရှေ့ကိုတိုးလာပြီး အသံမြှင့်၍ ပြောလိုက်၏။

“ကောင်လေး…

အရင်တုန်းကဆိုရင်တော့ ငါက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ပေးဖို့အတွက် ကြေးပြား(၁၀)ပြား တောင်းတယ်။ ဒီနေ့တော့ ငါက ခြွင်းချက်ထားပေးလိုက်မယ်။ ငါက မင်းကို ကြေးပြား(၃)ပြားပဲ ယူမယ်။ တကယ်လို့ မင်းက ကောင်းတဲ့တုတ်တံကို ဆွဲနိုင်မယ်ဆိုရင်တော့ ငါ့ကို နောက်ထပ် ကြေးပြားတစ်ပြားပဲ ထပ်ပေး။ တကယ်လို့ မင်းက ကံလည်း ကောင်းပြီး ကောင်းတဲ့တုတ်တံကို ဆွဲမိတယ်ဆိုရင်တော့ မင်းကို ကြေးပြား(၅)ပြားပဲ ယူမယ်။ ဘယ်လိုသဘောရလဲ…”

အဝေးကို ရောက်သွားသော ချန်းပင်အန်း၏ ခြေလှမ်းများက ချက်ချင်း ရပ်တန့်သွားခဲ့သည်။

ထိုတာအိုသခင်ကလည်း လျင်မြန်စွာ ထလာခဲ့၏။ သံ ဟူသည်မှာ ပူတုန်း ပုံသွင်းရခြင်း ဖြစ်သည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။

“အခုမှ မနက်အစောကြီးပဲ ရှိသေးတယ်။ ကောင်လေး… မင်းက ငါ့အတွက် ပထမဆုံး ဖောက်သည်ပဲ။ ငါက လူကောင်းတစ်ယောက်ပါ။ မင်းသာ ဒီမှာထိုင်ပြီး ကံကြမ္မာတုတ်တံ ဆွဲမယ်ဆိုရင် ငါက မင်းအတွက် အဆောင်တချို့လည်း ရေးပေးဦးမယ်။ မင်းက မင်းရဲ့ဘိုးဘေးတွေအတွက် ဆုတောင်းပေးနိုင်ပြီး ကံကြမ္မာကောင်းတွေ စုဆောင်းလို့ ရနိုင်တယ်။ ငါ့ရဲ့စွမ်းရည်အရ မင်းက ချမ်းသာတဲ့ ကလေးတစ်ယောက်အဖြစ် လူဝင်စားနိုင်မယ်လို့ သေချာ‌ပေါက် အာမ မခံနိုင်ပေမဲ့ ကောင်းရာမွန်ရာကို ‌ရောက်မယ်လို့တော့ ပြောနိုင်တယ်..”

ချန်းပင်အန်းက တွေဝေနေခဲ့ပြီး ပြန်လှည့်၍ ဆိုင်ရှေ့တွင် ရှိနေသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ရိုးရှင်းသော တာအိုသခင်တစ်ယောက်နှင့် ဆင်းရဲမွဲတေနေသော လူငယ်လေး တစ်ယောက်။ လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေခဲ့၏။

တာအိုသခင်က အပြုံးနှင့် လက်တစ်ဖက်ကို ထုတ်ပြီး လူငယ်လေးကို ကံကြမ္မာတုတ်တံဆွဲရန် ညွှန်ပြလိုက်သည်။

ချန်းပင်အန်းက စဉ်းစားနေရင်း ရုတ်တရက် ပြောလိုက်၏။

“ကျွန်တော်က ကံကြမ္မာတုတ်တံ မဆွဲတော့ဘူး။ ကျွန်တော့်အတွက် အဆောင်တစ်ခု ရေးပေးလို့ ရနိုင်မလား…”

ချန်းပင်အန်း မှတ်မိသလောက်ပြောရလျှင် ဤနေရာတွင် ကျင်လည်ကျက်စားနေသော ထိုလူငယ်တာအိုသခင်က မြို့ထဲကို ရောက်လာသည်မှာ အနည်းငယ် (၅)နှစ် (၆)နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ သူ၏ရုပ်ရည်က ပြောင်းလဲသွားခဲ့ခြင်း မရှိဘဲ လူတိုင်းအပေါ် သဘောထားကြီးစွာ ဆက်ဆံခဲ့၏။ တစ်ခါတစ်ရံ လူအများ၏ လက္ခဏာကိုကြည့်ပြီး သူတို့ ကံကြမ္မာကို ဖတ်ရန် ကူညီပေးသည်။ ရံဖန်ရံခါ ကံကြမ္မာတုတ်တံများ ဆွဲခိုင်းပြီး သူတို့အတွက် အဆောင်များ ရေးပေး၏။

စိတ်ဝင်စားစရာ အကောင်းဆုံး အရာကတော့ စားပွဲပေါ်တွင် ရှိနေသော ကံကြမ္မာတုတ်တံက စုစုပေါင်း(၁၀၈)ချောင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အတောအတွင်း မြို့ထဲ၌ ရှိနေသော ယောကျ်ား မိန်းမများက ကံကြမ္မာတုတ်တံများကို ဆွဲခဲ့ကြ၏။ မည်သူကမျှ အကောင်းဆုံးတုတ်တံကို မဆွဲမိသလို မည်သူကမျှ အဆိုးဆုံး တုတ်တံကိုလည်း မဆွဲမိကြပေ။

ထို့ကြောင့် ပွဲတော်တစ်ခု ရှိသည့်အချိန်တိုင်း ကံတရားကို သိချင်သည့်အတွက် မြို့ငယ်လေးထဲတွင် ရှိနေသော လူများက ကြေးပြား(၁၀)ပြား အသုံးပြုတတ်ကြသည်။ အကယ်၍ အတော်လေးကို ပြဿနာများမည်ဆိုလျှင်တော့ မည်သူမျှ ဤနေရာတွင် လာရောက်ဖြုန်တီးကြမည် မဟုတ်ပေ။

အကယ်၍ ထိုတာအိုသခင်ကသာ လူလိမ်တစ်ယောက်ဟု တွေးမည်ဆိုလျှင် မှားယွင်းသွားပါလိမ့်မည်။ မြို့ငယ်လေးက အလွန်ကြီးမားမှု မရှိချေ။ အကယ်၍ သူကသာ လျို့ဝှက်ဆန်းကြယ်စွာ လိမ်လည်ချင်သည်ဆိုလျှင် အစောကြီးကတည်းက မောင်းထုတ်ခံရမည်ဖြစ်၏။

ထို့ကြောင့် ထိုလူငယ်တာအိုသခင်၏ စွမ်းရည်က ကံကြမ္မာဟောပြောခြင်းနှင့် တွက်ချက်ခြင်း မဟုတ်နိုင်ပေ။ သူက ဖျားနာမှုများ၊ ကံဆိုးမှုများကို ဖယ်ရှားပေးနိုင်ခြင်းသာ ဖြစ်နိုင်၏။ လူအများစုက တာအိုသခင်၏ အဆောင်ရေတစ်ခွက်ကို သောက်ပြီး လျင်မြန်စွာ သက်သာလာခဲ့ကြသည်။ ထိုအရာက အတော်လေးကို အကျိုးသက်ရောက်မှုရှိ၏။

တာအိုသခင်က ခေါင်းခါပြီး ပြောလိုက်သည်။

“ငါက ရိုးရိုးသားသားပဲ လုပ်ချင်တယ်။ ငါက တွက်ချက်ခြင်းနဲ့ အဆောင်အတွက် ကြေးပြား(၅)ပြားယူမယ်လို့ မင်းကို‌ ပြောထားတယ်..”

ချန်းပင်အန်းက အသံတိုးတိုးနှင့် ပြန်ပြောလိုက်၏။

“ကြေးပြား(၃)ပြားပဲ…”

တာအိုသခင်က ရယ်ကာမောကာနှင့် ပြောလိုက်သည်။

“တကယ်လို့ မင်းသာ ကံကောင်းခြင်း တုတ်တံတစ်ခုကို ဆွဲနိုင်မယ်ဆိုရင် ကြေးပြား(၅)ပြား ပေးရမယ်…”

ချန်းပင်အန်းက ဆုံးဖြတ်ချက်ချလိုက်ပြီး ကံကြမ္မာတုတ်တံ ဝါးဗူးကို လက်လှမ်းလိုက်သည်။ ရုတ်တရက် ဆိုသလို သူက ခေါင်းမော့ပြီး မေးလိုက်၏။ “ကျွန်တော့်မှာ ကြေးပြား(၅)ပြား ရှိတာကို ဘယ်လိုသိတာလဲ…”

တာအိုသခင်က မတ်မတ်ထိုင်ပြီး ပြောလိုက်သည်။

“ငါက လူတွေရဲ့ကံကြမ္မာနဲ့ ကြွယ်ဝချမ်းသာမှုကို တွက်ချက်တဲ့နေရာမှာ အရမ်းတိကျတယ်လေ…”

ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ကံကြမ္မာတုတ်တံကို ယူလိုက်၏။

တာအိုသခင်က အပြုံးနှင့် ပြောလိုက်သည်။

“ကောင်လေး…

ဘာမှစိုးရိမ်မနေနဲ့။ မင်းရဲ့ဘဝထဲမှာ ရှိသင့်တဲ့အရာက ဆက်ပြီး ရှိနေမှာပဲ။ မရှိနိုင်တဲ့အရာကိုတော့ အရမ်းကြီး တွန်းအားမပေးနဲ့။ အရာအားလုံးကို သာမန်မျက်လုံးနဲ့ ရှုမြင်တာက အကောင်းဆုံး နည်းလမ်းပဲ…”

ချန်းပင်အန်းက စားပွဲပေါ်တွင် ဝါးတုတ်တံကို ပြန်တင်ထားလိုက်သည်။ သူက တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်၏။

“တာအိုသခင်…

ကျွန်တော် ကြေးပြား(၅)ပြား ပေးမယ်။ ကျွန်တော်က ကံကြမ္မာတုတ်တံကို မဖတ်တော့ဘူး။ အဲဒီအစား အကောင်းဆုံး အဆောင်တစ်ခု ရေးပေးပါ။ အဆင်ပြေရဲ့လား…”

တာအိုသခင်က အပြုံးနှင့် ခဏကြာ စဉ်းစားလိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပြီလေ…”

စားပွဲပေါ်တွင် စုတ်တံ၊ မှင်နှင့် စာရွက်များက အသင့်ပြင်ထားပြီးသား ဖြစ်သည်။ တာအိုသခင်က ချန်းပင်အန်း မိဘများ၏နာမည်၊ မွေးရပ်မြေနှင့် မွေးနေ့များကို ဂရုတစိုက် မေးလိုက်၏။ သူက အဝါရောင် အဆောင်တစ်ခုကို ထုတ်ပြီး တစ်ကြိမ်တည်းနှင့် လျင်မြန်စွာ ရေးပေးလိုက်သည်။

သူရေးလိုက်သည့်အရာကိုတော့ ချန်းပင်အန်းလည်း နားမလည်ခဲ့ပေ။

သူက စုတ်တံကို ချလိုက်ပြီး အဆောင်စာရွက်ကို ယူလိုက်၏။ လူငယ်တာအိုသခင်က မှင်များကို လေနှင့် မှုတ်လိုက်သည်။

“ဒါကို အိမ် ယူသွားပြီးရင် တံခါးဝမှာရပ်ပြီး တံခါးအပြင်ဘက်မှာ မီးရှို့လိုက်…”

လူငယ်လေးက အဆောင်ကို သေချာယူပြီး ဂရုတစိုက် သိမ်းလိုက်သည်။ သူက စားပွဲပေါ်တွင် ကြေးပြား(၅)ပြား‌ ထားခဲ့ရန် မမေ့ခဲ့ပေ။ ထို့နောက် ကျေးဇူးတင်ကြောင်းပြောပြီး အရိုအသေ ပေးလိုက်၏။

လူငယ် တာအိုသခင်က လက်ဝှေ့ယမ်းပြလိုက်ပြီး လုပ်စရာရှိသည့်ကိစ္စ ဆက်လုပ်ရန် ညွှန်ပြလိုက်သည်။

ချန်းပင်အန်းက နောက်ဆုံးစာကို သွားပို့ရန် ပြေးသွားခဲ့၏။ လူငယ်တာအိုသခင်က ထိုင်ခုံပေါ်တွင် မှီနေရင်း ကြေးပြား(၅)ပြားကို ကြည့်လိုက်သည်။ သူက သူ့ရှေ့တွင် ရှိနေသော ကြေးပြားများကို ငုံ့ယူလိုက်၏။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ အလွန်ထူးခြားသော အနက်ရောင်နှင့် အဝါရောင် စပ်ထားသော ငှက်ကလေးတစ်ကောင် စားပွဲပေါ်သို့ ပျံသန်းလာခဲ့သည်။ သူက ကြေးပြားတစ်ပြားကို နှုတ်သီးနှင့် ကိုက်ကြည့်လိုက်ပြီး လျင်မြန်စွာ ပြန်ချပေးခဲ့၏။ သူက တောင်ပံများကိုခတ်ပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။

“ဒီငှက်လေးက ပန်းပွင့်တွေ လိုချင်နေတယ်။ ဒါပေမဲ့ ကျွင်းမိသားစုရဲ့ မက်မွန်ပွင့်တွေကတော့ အခုထိ မပွင့်သေးဘူး…”

တာအိုသခင်‌လေးက ထိုကဗျာကို အေး‌အေးဆေးဆေး ရွတ်ဖတ်နေပြီးနောက် အင်္ကျီလက်ကို ဝှေ့ယမ်းပြီး သက်ပြင်းချလိုက်မိသည်။

“ဘဝကြီးက (၈)ပေအရှည်ပဲ ရှိတယ်ဆိုရင် (၁၀)ပေ အရှည် မရနိုင်ဘူး..”

အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သူ၏အင်္ကျီလက်ထဲမှနေ၍ ဝါးတုတ်တံနှစ်ချောင်း ပြုတ်ကျလာခဲ့သည်။ တာအိုသခင်က ချက်ချင်းပင် အလျင်အမြန် ကောက်ယူလိုက်၏။ ‌သူက ဘေးပတ်ပတ်လည်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ရာ သူ့ကို မည်သူမှ အလေးမထားနေကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်ကျမှသာ သူလည်း စိတ်သက်သာရာ ရသွားပြီး တုတ်ချောင်းများကို အင်္ကျီအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။ လူငယ်တာအိုသခင်က ချောင်းဟန့်ပြီး မျက်နှာကို တည်လိုက်သည်။ သူက နောက်ထပ် ဧည့်သည်တစ်ယောက်ကို ဆက်၍ စောင့်နေခဲ့သည်။ သူ့ဆီတွင် ခံစားချက် အနည်းငယ် ပြည့်နှက်နေသည်။ သူ့အတွက်တော့ မိန်းကလေးများဆီမှ ငွေကြေးရှာဖွေရသည်မှာ ပိုမိုလွယ်ကူသည်။

အမှန်အတိုင်း ပြောရလျှင် လူငယ်တာအိုသခင်က ထိုဝါးတုတ်တံနှစ်ချောင်းကို အင်္ကျီအိတ်ထဲတွင် ဖုံးကွယ်ထားခဲ့၏။ တစ်ခုက အကောင်းဆုံး ကံကြမ္မာဖြစ်ပြီး တခြားတစ်ခုက အဆိုးဆုံးကံကြမ္မာ ဖြစ်သည်။ ထိုအရာနှစ်ခုလုံးက ငွေကြေး ကြီးကြီးမားမား ရရှိရန် အသုံးပြုနိုင်၏။ ထိုအရာကို အပြင်လူများသိရန် မလိုအပ်ပေ။

လူငယ်လေးကတော့ ထိုကဲ့သို့ အရာမျိုးကို နားမလည်နိုင်ခဲ့ပေ။ သူက ရွာကျောင်းလေးဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားခဲ့၏။ အနားတွင် ရှိနေသော ဝါးသစ်တောက စိမ်းလန်းနေခဲ့သည်။

ချန်းပင်အန်းက ခြေလှမ်းကို နှေးလိုက်သည်။ အခန်းထဲတွင် သက်လတ်ပိုင်းလူကြီး၏ နူးညံ့သိမ်မွေ့သောအသံကသာ လွှမ်းမိုးနေခဲ့၏။

“နေရောင်ခြည် တောက်ပလာတဲ့အချိန် သိုးကလေးတွေရဲ့ အမွေးက နွေးထွေးလာတယ်…”

ထို့နောက် သန့်ရှင်းသပ်ရပ်သော လူငယ်တစ်ယောက်၏အသံကို ကြားလိုက်ရ၏။ “နေရောင်ခြည် တောက်ပလာတဲ့အချိန် သိုးငယ်လေးရဲ့အမွေးက နွေးထွေးလာတယ်..”

ချန်းပင်အန်းက မော့ကြည့်လိုက်ရာ အရှေ့ဘက်မှ ထွက်လာသော နေလုံးကြီးက အလွန်လှပကြောင်း မြင်လိုက်ရ၏။ သူက သေချာငေးကြည့်နေမိခဲ့သည်။ သူ သတိပြန်ဝင်လာသည့်အချိန်တွင် ခေါင်းခါလိုက်မိ၏။

ကလေးများက သူ့ဆရာ၏ စကားအတိုင်း စာတစ်ကြောင်းကို ကျွမ်းကျင်စွာ ရွတ်ဆိုနေကြသည်။

“ဆောင်းခိုခြင်းကနေ နိုးထလာတဲ့အချိန် ကမ္ဘာမြေကြီး မွေးဖွားလာတယ်။ အရာအားလုံးလည်း မွေးဖွားလာတယ်။ ညအချိန် အိပ်စက်ခြင်း၊ မနက်စောစော လမ်းလျှောက်ခြင်း၊ ခြံဝန်းထဲမှာ လမ်းလျှောက်ခြင်း၊ လူကြီးလူကောင်း တစ်ယောက်က ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်တယ်။ ရည်မှန်းချက်တွေ ရှိလာဖို့အတွက်…”

ချန်းပင်အန်းက ကျောင်း၏တံခါးတွင် ရပ်နေခဲ့သည်။ သူက လှမ်းခေါ်ချင်သော်လည်း ရပ်တန့်လိုက်၏။ သက်လတ်ပိုင်းဆရာက သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီးး အခန်းအပြင်ဘက်ကို တိတ်တဆိတ် ထွက်လာခဲ့သည်။

ချန်းပင်အန်းက စာကို လက်နှစ်ဖက်နှင့် တရိုတသေ ပေးလိုက်သည်။

“ဆရာ့ရဲ့စာပါ…”

အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အရပ်ရှည်ရှည် ဆရာက စာကိုယူပြီး သိမ်မွေ့စွာ ပြောလိုက်သည်။

“နောက်ပိုင်း မင်းမှာ အလုပ်မရှိတဲ့အချိန် ဒီကို မကြာမကြာလာပြီး နားထောင်လို့ရတယ်…”

ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူ့ဆီတွင် ဆရာ၏သင်ကြားပေးမှုများကို နားထောင်ရန် အချိန်မရှိပေ။ လူငယ်လေးက သူ့ကို မလိမ်ချင်ခဲ့ပေ။

သက်လတ်ပိုင်း ဆရာက အပြုံးနှင့် စဉ်းစားပြီး ပြောလိုက်၏။

“ဒါလည်း အဆင်ပြေပါတယ်။ စည်းမျဉ်းတွေက စာအုပ်ထဲမှာ ရှိတယ်။ ဒါပေမဲ့ လူကတော့ စာအုပ်အပြင်ဘက်မှာ ရှိတယ်။ မင်းက လုပ်စရာရှိတဲ့အလုပ်ကို သွားလုပ်လို့ရပြီ… ”

ချန်းပင်အန်းက သက်ပြင်းချပြီး ထွက်သွားခဲ့သည်။ အဝေးကို ရောက်သွားပြီးနောက် သူက ပြန်လှည့်ကြည့်လိုက်၏။ ဆရာကတော့ တံခါးတွင် ရပ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူက နေရောင်အောက်တွင် ရှိနေပြီး အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

All Chapters