အခန်း (၄)
Vol. 1 Ch. 4
အကယ်၍ သူကသာ ဖုလုလမ်းကြားနှင့် မက်မွန်ရွက်လမ်းကြားသို့ မသွားခဲ့ဖူးလျှင် ရွှံ့ပုလင်းလမ်းကြားလေးက အလွန်မည်းမှောင်ပြီး ကျဉ်းမြောင်းကြောင်း ချန်းပင်အန်းက နားလည်လာလိမ့်မည် မဟုတ်ချေ။ သို့သော် မြက်ဖိနပ်စီးထားသော လူငယ်လေးကတော့ စိတ်ပျက်နေသလို ခံစားခဲ့ရခြင်း မရှိချေ။ ထိုအစား သူ့အတွက်တော့ သက်သောင့်သက်သာ ရှိနေခဲ့၏။
လူငယ်လေးက အပြုံးနှင့် လက် (၂) ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူက အဝါရောင်ရွှံ့နံရံကို လက်ဝါးနှင့် (၂) ချက် ထိကြည့်လိုက်၏။ လွန်ခဲ့သော (၃) နှစ် (၄)နှစ်ခန့်တွင်တော့ ချန်းပင်အန်းက ထိုရွှံ့နံရံကို သူ၏လက်ညှိုးလေးနှင့်သာ ထိနိုင်ကြောင်း မှတ်မိနေသေးသည်။
သူက တံခါးကို ရောက်လာသည့်အချိန်တွင် ခြံဝန်းတံခါးက ပွင့်နေကြောင်း တွေ့လိုက်ရ၏။ သူက ဓားပြတိုက်ခံရပြီဟု တွေးလိုက်မိသည့်အချိန်တွင် ခြံဝန်းထဲသို့ လျင်မြန်စွာ ပြေးဝင်လိုက်ရာ သော့ပိတ်ထားသော တံခါးကို နောက်ကျောမှီနေသော အရပ်ရှည်ရှည် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ပုံစံက ပျင်းရိနေပုံနှင့် သန်းဝေနေခဲ့သည်။
ချန်းပင်အန်းကို မြင်လိုက်ရသည့်အချိန်တွင် သူလည်း ထိုင်နေရာမှ ထလာပြီး ချန်းပင်အန်းဆီကို ပြေးလာခဲ့၏။ သူက ချန်းပင်အန်း၏လက်ကိုကိုင်ပြီး အိမ်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။
သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
"မြန်မြန်တံခါးဖွင့်ပေးဦး။ ငါ့မှာ မင်းကိုပြောစရာ အရေးကြီးကိစ္စရှိတယ်…"
ချန်းပင်အန်းက ထိုလူငယ်၏လက်ထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် အတွင်းထဲကို ဆွဲခေါ်ခံလာရသည်။ သူ့ထက် (၂) နှစ်ပို၍ အသက်ကြီးသော ထိုလူငယ်က ချန်းပင်အန်းကို လျင်မြန်စွာ လွှတ်ပေးလိုက်ပြီး ချန်းပင်အန်း၏ သစ်သားအိပ်ရာပေါ်တွင် ခြေဖော့၍ နင်းသွားခဲ့သည်။ သူက နံရံကို နားနှင့်ကပ်လိုက်ပြီး တစ်ဖက်ခန်းမှ အသံကို နားစွင့်နေခဲ့၏။
ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။
"လျှိုရှန်းယန် …
ဘာတွေလုပ်နေတာလဲ…"
ထိုလူငယ်ကတော့ ချန်းပင်အန်း၏စကားကို မကြားချင်ယောင်ဆောင်ထားသည်။ နာရီဝက်ခန့်ကြာပြီးနောက် လျှိုရှန်းယန်က ပုံမှန်ပြန်ဖြစ်သွား၏။ သူက အလွန်ရှုပ်ထွေးသော အမူအရာနှင့် သစ်သားအိပ်ရာ၏အစွန်တွင် ထိုင်လိုက်သည်။ သူ့ပုံစံက စိတ်သက်သာရာရပြီး ဝမ်းနည်းနေသလို ထင်ရ၏။
ထိုအချိန်ကျမှသာ ချန်းပင်အန်းက ထူးဆန်းသည့်အရာ တစ်ခုလုပ်နေကြောင်း လျှိုရှန်းယန်က နားလည်သွားခဲ့သည်။ သူက တံခါးအတွင်းထဲတွင် ဆောင့်ကြောင့်ထိုင်နေပြီး ခန္ဓာကိုယ်က အပြင်ဘက်သို့ ကုန်းလိုက်၏။ သူက လက်မအရွယ် ဖယောင်းတိုင်တစ်ခုကိုကိုင်ပြီး အဝါရောင် စာရွက်တစ်ခုကို မီးရှို့လိုက်၏။ ပြာများက တံခါးအပြင်ဘက်တွင် ကျသွားခဲ့၏။ ချန်းပင်အန်း၏ နှုတ်ဖျားမှနေ၍ တစ်စုံတစ်ခု ရွတ်ဆိုနေပုံရသည်။
သို့သော် လျှိုရှန်းယန်ကတော့ အနည်းငယ် ဝေးနေသေးသည့်အတွက် ထိုစကားကို ရှင်းရှင်းလင်းလင်း မကြားရပေ။ လျှိုရှန်းယန်က နဂါးမီးဖိုကြီးကို အုပ်ချုပ်ခဲ့ရသော အဘိုးယောင်၏ နောက်ဆုံးတပည့် ဖြစ်သည်။ ပါရမီနည်းပါးသော ချန်းပင်အန်းကိုတော့ အဘိုးယောင်က သူ့တပည့်အဖြစ် လုံးဝ အသိအမှတ် မပြုခဲ့ပေ။
ဤနေရာတွင် တပည့်တစ်ယောက်က ဆရာကို ရေနွေးတိုက်ခဲ့ခြင်း မရှိလျှင် သို့မဟုတ် ဆရာက ရေနွေးကို သောက်ခဲ့ခြင်းမရှိလျှင် ဆရာတပည့်အဖြစ် မသတ်မှတ်နိုင်ပေ။ ချန်းပင်အန်းနှင့် လျှိုရှန်းယန်တို့က အိမ်နီးချင်းများ မဟုတ်ကြပေ။ သူတို့၏အိမ်များက အချင်းချင်း အတော်လေး ဝေး၏။ လျှိုရှန်းယန်က ချန်းပင်အန်းကို အဘိုးယောင်နှင့် မိတ်ဆက်ပေးခဲ့သည်မှာ သူတို့၏ကြားထဲတွင် အကြွေးတစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။
လျှိုရှန်းယန်က မြို့ငယ်လေးထဲတွင် လူဆိုးလေးတစ်ယောက် ဖြစ်ခဲ့၏။ သူ့အဘိုး မသေသေးခင်အချိန်ကတော့ အနည်းဆုံး သူ့မိသားစုထဲ၌ သူ့ကို ဂရုစိုက်နေသော အကြီးအကဲတစ်ယောက် ရှိသေးသည်။ သူ့အဘိုး သေဆုံးသွားပြီးနောက် အသက် (၁၂) ၊ (၁၃) အရွယ်တွင် လူငယ်တစ်ယောက်ကဲ့သို့ အရပ်ရှည်သော သူက အိမ်နီးနားချင်းများကို ခေါင်းကိုက်စေနိုင်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင်တော့ ဘာကြောင့်မှန်း မသိသော်လည်း လျှိုရှန်းယန်က လုမိသားစုမှ လူငယ်တစ်ဖွဲ့ကို ရန်စမိခဲ့သည်။ ရလဒ်အနေနှင့် သူ့ကို ရွှံ့ပုလင်းလမ်းကြားထဲတွင် ချောင်ပိတ်ရိုက်နှက်ခံခဲ့ရ၏။ ပြိုင်ဘက်များက သွေးဆူနေသော လူငယ်လေးများ ဖြစ်ကြသည့်အတွက် တိုက်ခိုက်မှု၏ အခြေအနေကို ဂရုမစိုက်ခဲ့ကြပေ။
သိပ်မကြာခင် လျှိုရှန်းယန်က သွေးအန်လိုက်ရ၏။ ရွံ့ပုလင်းလမ်းကြားထဲတွင် မိသားစု (၁၀) ခုကျော် နေထိုင်ကြသည်။ သူတို့အများစုကတော့ အဆင့်နိမ့် လက်မှုပညာရှင်များ ဖြစ်ကြပြီး နဂါးမီးဖိုငယ်လေးများတွင် အသက်ရှင်နေထိုင်ရန်အတွက် တောင်းဆိုနေရသူများ ဖြစ်ကြ၏။
ထိုအချိန်တွင် စုန့်ကျိရှင်းကတော့ လုံးဝ မကြောက်ခဲ့ပေ။ သူက နံရံပေါ်တွင်ထိုင်ပြီး ဝမ်းမြောက်ဝမ်းသာ ကြည့်နေခဲ့၏။ သူကတော့ ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်နေသည်ကို မြင်ချင်နေခဲ့သည်။
နောက်ဆုံးတွင်တော့ ခြံဝန်းထဲမှနေ၍ ပိန်ပိန်ပါးပါး ကလေးတစ်ယောက် ထွက်လာပြီး လမ်းကြား၏ ဝင်ပေါက်ဆီသို့ ပြေးသွားခဲ့၏။ သူက အသံကုန် အော်ဟစ်လိုက်သည်။
"လူတစ်ယောက် သေနေပြီ ဒီမှာ လူတစ်ယောက် သေနေပြီ…"
သေပြီဟူသော စကားကို ကြားသည့်အချိန်မှသာ လုမိသားစုမှ လူငယ်များက သတိပြန်ဝင်လာကြ၏။ လျှိုရှန်းယန်က တစ်ကိုယ်လုံး သွေးများ ပေပွနေသည်ကို မြင်သည့်အခါ ထိုလူငယ်လေးများက အလွန်ကြောက်လန့်သွားခဲ့ကြသည်။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ရွှံ့ပုလင်းလမ်းကြား၏ တခြားတစ်ဖက်မှ ထွက်ပြေးသွားကြ၏။
သို့သော် လျှိုရှန်းယန်က သူ့အသက်ကို ကယ်တင်ခဲ့သော ထိုကလေးကို ကျေးဇူးတင်ခဲ့ခြင်း မရှိချေ။ ထိုအစား ရက်အနည်းငယ်ကြာတိုင်း ဤနေရာကို ရောက်လာပြီး သူ့ကို အနိုင်ကျင့်တတ်သည်။
ထိုမိဘမဲ့လူငယ်လေးက အလွန် ခေါင်းမာ၏။ လျှိုရှန်းယန်က မည်မျှ အနိုင်ကျင့်စေကာမူ သူက ငိုယိုနေခြင်း မရှိသည့်အတွက် ထိုလူငယ်လေးက ပို၍ ဒေါသထွက်လာခဲ့၏။
သို့သော် တစ်နှစ်ကြာပြီးနောက် ချန်းမျိုးရိုး မိဘမဲ့ကောင်လေးက ဆောင်းရာသီတွင် အသက်မရှင်နိုင်တော့ကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူလည်း အသိတရား ရလာခဲ့သည်။ နဂါးမီးဖိုကြီးမှ ဆရာတစ်ယောက်၏ တပည့်တစ်ယောက် ဖြစ်နေခဲ့သော လူငယ်လေးက ထိုမိဘမဲ့ကလေးကို နဂါးမီးဖိုကြီးဆီသို့ ခေါ်သွားခဲ့သည်။
မြို့ငယ်လေး၏ အနောက်ဘက်မှ သွားလိုက်မည်ဆိုလျှင် မိုင်ပေါင်းများစွာ ရှည်လျားသော နှင်းတောင်လမ်းမကြီးတစ်ခု ရှိသည်။ အသားမည်းပြီး ခြေသလုံးပလွေရိုးသာရှိသော ထိုလူငယ်လေးက နဂါးမီးဖိုကြီးဆီသို့ မည်သို့ လျှောက်သွားနိုင်ကြောင်း လျှိုရှန်းယန်က နားမလည်နိုင်သေးပေ။
သို့သော် အဘိုးအိုယောင်က ချန်းပင်အန်းကို နေထိုင်ခွင့်ပြုခဲ့သော်လည်း သူတို့ (၂)ယောက်ကို ဆက်ဆံသည့်ပုံစံက လုံးဝကို ကွဲပြားသည်။ သူက သူ၏နောက်ဆုံးတပည့် လျှိုရှန်းယန်ကို ပြစ်တင်ကြိမ်းမောင်းပြီး ရိုက်နှက်သော်လည်း မျက်ကန်းတစ်ယောက်ကပင် သူ၏သဘောထားကို ခံစားမိနိုင်ကြသည်။
ဥပမာအနေနှင့် ပြောရလျှင်တော့ တစ်ကြိမ်တွင် သူက လျှိုရှန်းယန်ကို နဖူးပေါက်သွားအောင် ရိုက်ခဲ့မိသည်။ ထိုလူငယ်လေး၏ အရေပြားကတော့ အလွန်မာကြောနေသည့်အတွက် မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိချေ။ ထိုအစား အဘိုးယောင်ကသာ နောင်တရသွားခဲ့၏။
စကားနည်းသော အဘိုးအိုက သူ့တပည့်ရှေ့တွင် မာကျောသယောင် ထင်မှတ်ရသည်။ မျက်နှာပူသောကြောင့် သူက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ရလဒ်အနေနှင့် သူက တစ်ညလုံးနီးပါး အိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့ပြီး လျှိုရှန်းယန်အတွက် စိုးရိမ်နေခဲ့သေး၏။ အဆုံးတွင်တော့ သူက ချန်းပင်အန်းကိုခေါ်ပြီး လျှိုရှန်းယန်အတွက် လိမ်းဆေးတစ်ဘူး ပေးခိုင်းလိုက်သည်။
နှစ်ပေါင်းများစွာအတောအတွင်း ချန်းပင်အန်းက လျှိုရှန်းယန်ကို အားကျနေခဲ့သည်။ သူက လျှိုရှန်းယန်၏ စွမ်းရည်၊ ခွန်အားနှင့် ကျော်ကြားမှုကို အားကျနေခြင်း မဟုတ်ပေ။ လျှိုရှန်းယန်၏ အကြောက်အလန့် ကင်းမဲ့နေမှုကို အားကျနေခြင်းသာ ဖြစ်၏။
သူက မည်သည့်နေရာကို သွားစေကာမူ လွတ်လပ်ပေါ့ပါးသည်။ သူက တစ်ယောက်တည်း ရှိနေရသည့်အတွက် ကြောက်လန့်မှုလည်း မရှိပေ။ လျှိုရှန်းယန်က မည်သည့်နေရာကို သွားစေကာမူ အသားကျသွားတတ်ပြီး သူတို့ (၂) ယောက်က အချင်းချင်း ပုခုံးဖက်၍ ညီအစ်ကိုများကဲ့သို့ နေထိုင်ကြ၏။ သူတို့က (၂) ယောက်တည်း ဆော့ကစားတတ်သည်။
သူ့အဘိုး၏ ကျန်းမာရေး ချူချာမှုကြောင့် လျှိုရှန်းယန်က အသက်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ပြီး ကလေးများ၏ ဘုရင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက ငါးဖမ်း၊ မြွေဖမ်းခြင်းနှင့် ငှက်သိုက်နှိုက်ရာတွင် အလွန်ကျွမ်းကျင်သလို လေးပစ်ခြင်း၊ ငါးမျှားခြင်း၊ လေးခွပစ်ခြင်းနှင့် ငှက်လှောင်အိမ်များ အသုံးပြုရာတွင်လည်း ကျွမ်းကျင်လှသည်။
လျှိုရှန်းယန်က အရာအားလုံးကို မည်သို့ လုပ်ရမည်ဖြစ်ကြောင်း သိနေပုံရ၏။ အထူးသဖြင့် တီကောင်တူးပြီး ရွာအပြင်ဘက် ကွင်းပြင်ထဲတွင် ငါးမျှားခြင်း ဖြစ်သည်။ ထိုလူငယ်လေးက မြို့ထဲတွင် အတော်ဆုံးဟု ပြောနိုင်၏။
အမှန်အတိုင်းပြောရလျှင် လျှိုရှန်းယန်ကို ရွာထဲ၌ ကျောင်းထားရမည့်အချိန်တွင် ဆရာချီက နေမကောင်းဖြစ်နေသော လျှိုရှန်းယန်၏ အဘိုးဆီကို ရောက်လာပြီး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူကြောင်း ပြောခဲ့သည်။ သို့သော် လျှိုရှန်းယန်ကတော့ လုံးဝ သဘောမတူခဲ့ပေ။
သူက ငွေ ရှာချင်နေပြီး စာပေလေ့လာလိုခြင်း မရှိကြောင်း ပြောခဲ့၏။ သူ့အနားတွင် စာပေလေ့လာမည်ဆိုလျှင် လစာပြန်ပေးမည်ဟု ဆရာချီက ပြောခဲ့သော်လည်း လျှိုရှန်းယန်က သဘောမတူခဲ့ပေ။
အမှန်အတိုင်းပြောရလျှင် လျှိုရှန်းယန်က ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့၏။ အဘိုးယောင် သေဆုံးသွားခဲ့ပြီး နဂါးမီးဖိုကြီးက ပိတ်သွားခဲ့သည့်အချိန်တွင်ပင် နဂါးစီးလမ်းကြားထဲတွင် ရှိနေသော ပန်းပဲဖိုက သူ့ကို ရွေးချယ်ခဲ့သေးသည်။ သူက မြို့၏တောင်ဘက်ပိုင်းတွင် တဲအိမ်ငယ်လေးတစ်လုံးနှင့် မီးဖိုတစ်ခုကို စတင် တည်ဆောက်နေခဲ့သည့်အတွက် အလွန်အလုပ်များနေခဲ့၏။
ချန်းပင်အန်းက ဖယောင်းတိုင်ကို မှုတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်ကို လျှိုရှန်းယန်က ကြည့်နေခဲ့သည်။ သူက အသံတိုးတိုးနှင့် မေးလိုက်၏။
"မင်းက မနက်ခင်းမှာ ထူးဆန်းတဲ့အသံတွေ ကြားရလား…"
ချန်းပင်အန်းက ထိုင်ခုံတွင် ထိုင်လိုက်ပြီး သူပြောမည့်စကားကို စောင့်နေခဲ့၏။
လျှိုရှန်းယန်က ခဏကြာစဉ်းစားနေပြီး အနည်းငယ် ရှုပ်ထွေးစွာ ပြောလိုက်သည်။
"မနက်ခင်း ကြောင်တစ်ကောင် အော်နေတဲ့ အသံမျိုးလေ…"
ချန်းပင်အန်းက မေးလိုက်၏။
"စုန့်ကျိရှင်းက ကြောင်တစ်ကောင်လို အော်နေတာလား။ ဒါမှမဟုတ် ကျစ်ကွေးလား..."
လျှိုရှန်းယန်က မျက်ခုံးပင့်လိုက်မိပြီး သူနှင့် ဆက်၍ဆော့ကစားလိုခြင်း မရှိတော့ချေ။ သူက ခုတင်ဘောင်တွင် လက် (၂) ဖက် ထောက်လိုက်ပြီး တံတောင်ဆစ်ကို ဖြည်းညင်းစွာ ကွေးလိုက်သည်။ ထို့နောက် သူက လက်မောင်းကို ဆန့်လိုက်သည့်အချိန်တွင် တင်ပါးက ကုတင်နှင့် လွတ်သွားပြီး သူ့ခြေထောက်က မြေပြင်နှင့် လွတ်သွားခဲ့၏။ သူ၏တင်ပါးက လေထဲတွင် မြောက်နေခဲ့သည်။
သူက နှုတ်ခမ်းကိုတွန့်ကွေး၍ အနည်းငယ် ကြောက်စရာကောင်းစွာ ပြောလိုက်၏။
"ဘာကို ကျစ်ကွေးလဲ...။ အဲဒါက ဝမ်ကျူးလေ။ စုန့်ကျိရှင်းက ငယ်ငယ်ကတည်းက ဟန်ရေးပြရတာကို သဘောကျတယ်။ ကျစ်ကွေးဆိုတဲ့နာမည်ကို ဘယ်လိုမှည့်ခဲ့လဲဆိုတာ ငါလည်း မသိတော့ဘူး။ သူက အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ဝမ်ကျူးက အရင်ဘဝမှာ တစ်ခုခု အမှားလုပ်ခဲ့မိတယ်ထင်တယ်။ မဟုတ်ရင် သူက စုန့်ကျိရှင်းရဲ့အနားမှာ ဒုက္ခလာခံရမှာ မဟုတ်ဘူး…"
ချန်းပင်အန်းကတော့ သူ့စကားကို လက်မခံခဲ့ပေ။
ထိုပုံစံအတိုင်း လုပ်နေသော လျှိုရှန်းယန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
"မင်းက တကယ်နားမလည်တာလား။ မင်းက ဝမ်ကျူးကို ရေပုံးတစ်ပုံး ကူသယ်ပေးလိုက်တဲ့အချိန်မှာ သူက မင်းကို ထပ်ပြီး စကားမပြောတော့တာ ဘာလို့လဲ..”
“အဲဒါ စုန့်ကျိရှင်းကြောင့်ပဲပေါ့…။ အဲဒီကောင်က တော်တော်သဘောထားသေးတယ်။ သူက ဝမ်ကျူးကို မင်းနဲ့မပတ်သက်ဖို့ ချိန်းခြောက်ထားတာ နေမှာပေါ့။ မဟုတ်ရင် မိသားစုစည်းမျဉ်းအတိုင်း အပြစ်ပေးလိမ့်မယ်။ သူ့ရဲ့ခြေထောက်ကို ချိုးပစ်မဲ့အပြင် သူ့ကို ရွှံ့ပုလင်းလမ်းကြားထဲမှာ ပစ်ထားနိုင်တယ်.."
ချန်းပင်အန်းက ထပ်ပြီး နားမထောင်နိုင်တော့သည့်အတွက် လျှိုရှန်းယန်၏စကားကို ဖြတ်ပြောလိုက်သည်။
"စုန့်ကျိရှင်းက သူ့အပေါ် မဆိုးပါဘူး.."
လျှိုရှန်းယန်က ဒေါသတကြီး ပြန်ပြောလိုက်၏။
"ကောင်းတာ ဆိုးတာကို မင်းက ဘာသိလို့လဲ.."
ချန်းပင်အန်း၏ မျက်လုံးများက ကြည်လင်နေခဲ့၏။ သူက တိုးတိုးလေး ပြောလိုက်သည်။
"တစ်ခါတစ်ရံ ခြံထဲမှာ သူ အလုပ်လုပ်နေတဲ့အချိန် စုန့်ကျိရှင်းက ထိုင်ခုံမှာထိုင်ပြီး မှတ်တမ်းတွေကို ဖတ်ပြနေတယ်။ သူက စုန့်ကျိရှင်းကို မြင်တဲ့အချိန် ခဏခဏ ပြုံးပြတတ်တယ်လေ…"
လျှိုရှန်းယန်၏ မျက်လုံးများက မှေးမှိန်သွားခဲ့၏။ ရုတ်တရက်ဆိုသလို ပါးလျသော သစ်သားကုတင်က လျှိုရှန်းယန်၏ အလေးချိန်ကို ခံနိုင်ရည် မရှိသည့်အတွက် (၂) ခြမ်း ကျိုးကျသွားခဲ့၏။ သူက မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ချန်းပင်အန်းက မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက် (၂) ဖက်နှင့် ခေါင်းကို ဖိလိုက်မိ၏။ ထို့နောက် သူက သက်ပြင်းချလိုက်မိပြီး အတော်လေး ခေါင်းကိုက်သွားသလို ခံစားနေရသည်။
လျှိုရှန်းယန်က ခေါင်းထောင်ကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။ သူကတော့ နောင်တရနေသလို စကားမျိုး မပြောခဲ့ပေ။ သူက ချန်းပင်အန်းကို ခြေထောက်နှင့် အသာအယာကန်ပြီး ပြုံးလိုက်၏။
"ဒါက ဘာမှတန်ဖိုးမရှိတဲ့ အိပ်ရာတစ်ခုပဲ မဟုတ်လား။ ငါက ဒီနေ့မင်းအတွက် သတင်းကောင်းတစ်ခု ယူလာခဲ့တာ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အိပ်ရာထက်တော့ ပိုပြီးတန်ဖိုးရှိပါတယ်…"
ချန်းပင်အန်းက ခေါင်းထောင်ကြည့်လိုက်သည်။
လျှိုရှန်းယန်က ဂုဏ်ယူစွာ ပြောလိုက်၏။
"ငါ့ရဲ့ဆရာရွမ် မြို့ထဲက ထွက်သွားပြီးတဲ့နောက် တောင်ပိုင်းမှာရှိတဲ့ စမ်းချောင်းထဲမှာ ရေတွင်းနည်းနည်း တူးချင်တယ်လို့ ပြောတယ်။ သူ့မှာ လူအင်အား မလုံလောက်တဲ့အတွက် အကူအညီ ခေါ်ချင်နေတယ်။ ငါက မင်းအကြောင်းကို သေချာပြောလိုက်ပြီး မင်းမှာ ရေတွင်းတူးဖို့ လုံလောက်တဲ့အင်အားရှိတယ်လို့လည်း ပြောလိုက်တယ်။ ဆရာရွမ်ကလည်း မင်းကို နောက် (၂) ရက်ကြာရင် ခေါ်လာဖို့ သဘောတူလိုက်တယ်…"
ချန်းပင်အန်းက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူ့ကို ကျေးဇူးတင်ရန် ပြင်လိုက်သည်။
လျှိုရှန်းယန်က လက်ကာပြလိုက်၏။
"ရပ်လိုက် ရပ်လိုက်...။ ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ ရင်ထဲမှာပဲ မှတ်ထားလိုက်..."
ချန်းပင်အန်းက ရှုံ့မဲ့သွားခဲ့၏။
လျှိုရှန်းယန်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ အခန်း၏ထောင့်နေရာတွင် ငါးမျှားတံတစ်ချောင်း၊ ပြတင်းပေါက်တွင် လေးခွတစ်လက်၊ နံရံပေါ်တွင် သစ်သား လေး တစ်ချောင်း ချိတ်ထားသည်။ သူက တစ်ခုခု ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက တံခါးပေါက်ဆီသို့ လျှောက်သွားနေရင်း အဆောင်စာရွက် မီးရှို့ရာမှ ကျန်ခဲ့သော ပြာများကို ဖြတ်ကျော်သွားခဲ့၏။
ချန်းပင်အန်းက အရပ်ရှည်ရှည် လူငယ်လေးကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လျှိုရှန်းယန်က ရုတ်တရက် ပြန်လှည့်လာပြီး ချန်းပင်အန်းကို မျက်နှာချင်းဆိုင်လိုက်၏။ သူက ခါးလောက်အထိ ထိုင်ချလိုက်ပြီး သူ့ခြေထောက်က မြေပြင်မှ လွတ်သွားခဲ့ခြင်း မရှိချေ။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် လက်သီးနှင့် ပြင်းထန်စွာ ထိုးလိုက်၏။ ထို့နောက် လက်သီးကို နောက်သို့ ရုပ်သိမ်းလိုက်ပြီး နောက်ကျောကို မတ်မတ်ထလိုက်သည်။
သူက ကျယ်လောင်စွာရယ်ပြီး ပြောလိုက်၏။
"ငါက ဒီလက်သီးသိုင်းကို တစ်နှစ်လေ့ကျင့်မယ်ဆိုရင် လူသတ်နိုင်လိမ့်မယ်လို့ ဆရာရွမ်က ငါ့ကိုသီးသန့်ပြောခဲ့တယ်…"
လျှိုရှန်းယန်က ကျေနပ်နေပုံ မရချေ။ သူက ထူးဆန်းစွာ တစ်ချက်ကန်ပြီး ရယ်လိုက်၏။
"ဒါက ပေါင်ကြားကိုကိုင်ရတဲ့ ကန်ချက်လို့ခေါ်တယ်။ ဒါက ငအ တစ်ကောင်ကို သေသွားအောင် ကန်ပစ်နိုင်တယ်…"
နောက်ဆုံးတွင်တော့ လျှိုရှန်းယန်က လက်မထောင်လိုက်ပြီး ရင်ဘတ်သို့ ပုတ်လိုက်၏။ သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဆရာရွမ်က ငါ့ကို လက်သီးသိုင်း သင်ပေးခဲ့တဲ့အချိန်မှာ ငါက တချို့နေရာတွေကို နားလည်ခဲ့တယ်။ ဒါကြောင့် ငါက သူနဲ့စကားသေချာပြောခဲ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် အဘိုးယောင်ရဲ့ ခုန်ပျံခြင်းဓားသွား သိုင်းပညာအပေါ် ငါ့ရဲ့နားလည်မှုတွေကို ဆရာရွမ်ကတောင် ချီးကျူးခဲ့တယ်။ ငါက နှစ် (၁၀၀)မှာ တစ်ယောက်ပဲ ပေါ်လာနိုင်တဲ့ ပါရမီရှင်တစ်ယောက်လို့ ချီးကျူးခဲ့တယ်။ နောက်ကျရင် မင်းက ငါ့နောက်ကနေပဲလိုက်ခဲ့...။ မင်းက ကောင်းကောင်းနေရမှာပါ…"
ထိုအချိန်တွင် လျှိုရှန်းယန်က အခန်းထဲကို ဝင်လာသော တစ်ဖက်ခြံမှ အစေခံမိန်းကလေးကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် သူရဲကောင်းသဖွယ် ဆော့ကစားနေခြင်းကို စိတ်ဝင်စားခြင်း မရှိတော့ချေ။
သူက ချန်းပင်အန်းကို ပြောလိုက်၏။
"စကားမစပ် ဒီနေ့ ငါက ရှေးဟောင်းသစ်ခါးပင်ကြီးကို ဖြတ်လာတဲ့အချိန် အဲဒီနေရာမှာ ပုံပြောသမား အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက အဲဒီမှာ ဆိုင်ခင်းပြီး ထူးဆန်းတဲ့လူတွေအကြောင်း ပုံပြင်ပြောပြနေတယ်။ မင်းမှာ အချိန်ရှိရင် သွားကြည့်လိုက်ဦး…"
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
လျှိုရှန်းယန်က ရွံ့ပုလင်းလမ်းကြားလေးထဲမှ ထွက်သွားခဲ့၏။ မြို့ငယ်လေးထဲတွင် ထိုလူငယ်နှင့် ပတ်သက်သော သတင်းများစွာ ရှိနေသည်။ သို့သော် သူ၏ဘိုးဘေးများက တပ်ဖွဲ့များကို ဦးဆောင်ပြီး တိုက်ခိုက်ရသော စစ်သူကြီးများဖြစ်သည်ဟု ထိုလူငယ်က မကြာခဏ ပြောတတ်သည်။ ထို့ကြောင့်လည်း သူ့မိသားစုက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ရတနာချပ်ဝတ်အင်္ကျီတစ်ခု ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ထိုအရာက ရတနာချပ်ဝတ်အင်္ကျီဟု ပြောသော်လည်း ချန်းပင်အန်းက မြင်ခဲ့ဖူး၏။ ထိုချပ်ဝတ်အင်္ကျီက အတော်လေးကို ရုပ်ဆိုးလှသည်။ ထိုအရာက လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အမှတ်အသားတစ်ခု သစ်ပင်အိုကြီးတစ်ပင်ပေါ်တွင် ရှိနေသော ဒဏ်ရာကဲ့သို့ ဖြစ်နေ၏။
သို့သော် လျှိုရှန်းယန်နှင့် ရွယ်တူများကတော့ ထိုကဲ့သို့ မပြောခဲ့ပေ။ လျှိုရှန်းယန်၏ ဘိုးဘေးက တပ်ပြေးတစ်ယောက်ဟု ပြောခဲ့ကြ၏။ သူက ဤမြို့ငယ်လေးဆီသို့ ထွက်ပြေးလာခဲ့ပြီး တပ်ပြေးတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူက နန်းတွင်းမှ အကြီးအကဲများ၏ လက်ထဲမှ ကံကောင်းပြီး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့၏။ အကယ်၍ လျှိုရှန်းယန်၏ ဘိုးဘေးများကသာ တိုက်ပွဲထဲမှ မည်သို့ ထွက်ပြေးလာကြောင်း သိမည်ဆိုလျှင် သူတို့က မြို့ငယ်လေးထဲကို လာရောက် ရှာဖွေနိုင်သည်ဟုပင် ပြောခဲ့ကြသည်။
ချန်းပင်အန်းက ခဏကြာ စဉ်းစားနေခဲ့မိ၏။ သူက တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေပြီး ခေါင်းငုံ့၍ ပြာပုံများကို မှုတ်ထုတ်လိုက်သည်။
စုန့်ကျိရှင်းက ခြံဝန်းနံရံပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင်တော့ အစေခံမိန်းကလေး ကျစ်ကွေး ရှိနေသည်။ သူက အော်ပြောလိုက်၏။
"မင်း ငါတို့နဲ့အတူ ရှေးဟောင်းသစ်ခါးပင်ကြီးဆီကို လိုက်ခဲ့မလား…"
ချန်းပင်အန်းက ခေါင်းမော့ကြည့်လိုက်သည်။
"ငါ မသွားတော့ဘူး.."
စုန့်ကျိရှင်းက ရှုံ့မဲ့သွား၏။
"ပျင်းစရာကောင်းလိုက်တာ..."
သူက အစေခံမလေးကို လှည့်ကြည့်ပြီး ပြုံးပြလိုက်၏။
"ကျစ်ကွေး သွားကြစို့။ ငါက နင့်အတွက် မက်မွန်မှုန့် ဘူးကြီးတစ်ဘူး ဝယ်ပေးမယ်…"
သူမ၏မျက်နှာလေးက နီရဲသွားသည်။
"ဘူးအသေးဆိုရင် လုံလောက်ပါပြီ…"
စုန့်ကျိရှင်းက လက်နောက်ပစ်ပြီး ခေါင်းမော့လိုက်၏။
"ငါတို့စုန့်မိသားစုက မျိုးရိုးစဉ်ဆက် ချမ်းသာလာတာ...။ ကပ်စေးနည်းနေလို့ဖြစ်မလား။ ဒါက ငါတို့ကို သိက္ခာကျစေနိုင်တယ် မဟုတ်လား…"
ချန်းပင်အန်းက တံခါးဝတွင် ထိုင်နေပြီး ခေါင်းကုတ်လိုက်သည်။ ထိုစုန့်ကျိရှင်းက အပိုစကားများပြောသော်လည်း ဆိုးရွားသည်ဟူသော ခံစားမှုများ မရခဲ့ပေ။ သို့သော် အကယ်၍ လျှိုရှန်းယန်သာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် စုန့်ကျိရှင်း၏ခေါင်းကို အုတ်ခဲနှင့် သေချာပေါက် ထုချင်နေပါလိမ့်မည်။
ချန်းပင်အန်းက တံခါးကိုမှီထားပြီး နောက်နေ့လုပ်ရမည့် အရာများကို တွေးနေခဲ့၏။ ထိုအရာကလည်း ယနေ့ကဲ့သို့သာ ဖြစ်နိုင်သည်။ နောက်တစ်နေ့က ဒီနေ့ဖြစ်သွားနိုင်ပြီး ထိုသံသရာက အကြိမ်ကြိမ် ဖြစ်လာနိုင်သည်။ ချန်းပင်အန်းဟူသော လူငယ်ကတော့ ကျန်ရှိနေသော ဘဝသက်တမ်းတလျှောက် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်နေရပြီး အဆုံးသတ်တွင်တော့ အဘိုးယောင်ကဲ့သို့ တူညီစွာ ဇာတ်သိမ်းသွားရနိုင်သည်။
ထိုလူက တစ်ဘဝလုံး ရွှံ့များနှင့် နေထိုင်ခဲ့ရပြီး ရွံ့များက သူ့ကို ဝါးမြိုသွားခဲ့၏။ အဆုံးတွင်တော့ သူက မျက်လုံးမှိတ်သွားပြီး နောက်တစ်ကြိမ် ဖွင့်လိုက်သည့် အချိန်တွင် နောက်ထပ်ဘဝတစ်ခု ဖြစ်သွားနိုင်သည်။
လူငယ်လေးက ခေါင်းငုံ့ပြီး ခြေထောက်တွင် စီးထားသော ဖိနပ်များကို ကြည့်လိုက်မိ၏။ သူက ရုတ်တရက် ရယ်လိုက်မိသည်။ အပြာရောင် ကျောက်ပြားပေါ်တွင် နင်းရသော ခံစားမှုက ရွှံ့ပေါ်တွင် နင်းရသော ခံစားမှုနှင့် အတော်လေးကွာခြား၏။
………..
လျှိုရှန်းယန်က လမ်းကြားလေးထဲမှ ထွက်လာခဲ့သည်။ သူက ကံကြမ္မာဟောပြောခြင်းဆိုင်ကို ကျော်လာခဲ့သည့်အချိန်တွင် လူငယ်တာအိုသခင်က သူ့ကို လှမ်းခေါ်လိုက်၏။
"ကောင်လေး.. ဒီကိုလာခဲ့ ..မင်းရဲ့မျက်နှာက နီရဲနေတာပဲ။ ဒါက လက္ခဏာကောင်း မဟုတ်ဘူး။ ဒါပေမဲ့ မကြောက်ပါနဲ့။ မင်းရဲ့ကံဆိုးမှုတွေကို ဖယ်ရှားဖို့အတွက် ငါ့မှာ အကူအညီပေးနိုင်တဲ့ နည်းလမ်းရှိတယ်…”
လျှိုရှန်းယန်က အနည်းငယ် အံ့သြသွားခဲ့သည်။ ထိုတာအိုသခင်က လူအများ၏ ကံကြမ္မာကို ဖတ်ပေးနေခဲ့ကြောင်း သူက မှတ်မိခဲ့၏။ ထိုအရာက တိကျမှုရှိမရှိ မသေချာသော်လည်း သူကတော့ တစ်ပါးသူ၏အလုပ်ကို လုံးဝ ဝင်မရှုပ်ခဲ့ပေ။ သူ၏ဖောက်သည်များက ကိုယ်တိုင်ဆန္ဒရှိနေခြင်းသာ ဖြစ်သည်။
ယခုနန်းတွင်းအမိန့်ကြောင့် နဂါးမီးဖိုကြီးများ ပိတ်သွားသည့်အတွက် ထိုတာအိုသခင်ကရော ကံဆိုးသွားခြင်းပေလော။ သူက လူမှားပြီး မေးမြန်းနေခြင်းပေလော။
လျှိုရှန်းယန်က အားရပါးရရယ်ပြီး ပြန်ပြောလိုက်၏။
"ခင်ဗျားရဲ့နည်းလမ်းတွေက ပိုက်ဆံသုံးပြီး ကံဆိုးမှုကို ဖယ်ရှားဖို့ မဟုတ်လား။ သွားစမ်းပါ …ခင်ဗျား ကျုပ်ဆီက ပိုက်ဆံကို လိမ်းချင်နေတာလား။ နောက်ဘဝမှပဲရမယ်…"
ထိုလူငယ်တာအိုသခင်က ဒေါသထွက်သွားခြင်း မရှိချေ။ သူက အရပ်ရှည်ရှည် လူငယ်လေးကို အော်ပြောလိုက်၏။
"အရာအားလုံးက ဒီနှစ်ထဲမှာ ကံကောင်းလာဖို့ မျှော်လင့်ပါတယ်…"
"ငါ့ရဲ့ဘဝမှာ ကံဆိုးမှုတွေ ရှိမရှိ ဘယ်သူက သိနိုင်မှာလဲ။ တကယ်လို့ ကံဆိုးမှုမရှိဘူး ဆိုရင်တော့ ငါက နတ်ဘုရားတွေကို ဆုတောင်းစရာ မလိုတော့ဘူး။ တကယ်လို့ ငါက ငြိမ်းချမ်းမှုကို လိုချင်တယ်ဆိုရင်တော့ ဖယောင်းတိုင် ပူဇော်သင့်တယ်…"
လျှိုရှန်းယန်က ရုတ်တရက် ပြန်လှည့်လာပြီး ကံကြမ္မာဟောပြောသည့်ဆိုင်ဆီသို့ လျင်မြန်စွာ ပြေးလာခဲ့၏။ သူက လက် (၂) ဖက်ကိုပွတ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အမွေးတိုင်ထွန်းမယ် ဟုတ်လား။ ကျုပ်က ခင်ဗျားရဲ့ဆိုင်ကို အရင်ဆုံးမီးရှို့ပစ်မယ်…"
ထိုတာအိုသခင်က အတော်လေးကို ကြောက်လန့်သွားခဲ့၏။ သူက မတ်တပ်ရပ်လိုက်ပြီးနောက် ထိုဆိုင်ကို ဂရုမစိုက်နိုင်တော့ပဲ ကြွက်တစ်ကောင်ကဲ့သို့ ထွက်ပြေးသွားခဲ့၏။
လျှိုရှန်းယန်က ဆိုင်အနားတွင် ရပ်နေပြီး သနားစရာကောင်းသော တာအိုသခင်ကို စိုက်ကြည့်လိုက်သည်။ သူက အားရပါးရရယ်ပြီး စားပွဲပေါ်တွင် ရှိနေသော သစ်သားအိုးလေးကို ကြည့်လိုက်၏။ ထိုအိုးလေးကို လက်နှင့်ကိုင်ကြည့်ပြီး တွန်းပစ်လိုက်သည်။
ထိုအချိန်တွင် သစ်သားတုတ်တံများက အိုးထဲမှ ထွက်လာပြီး စားပွဲပေါ်တွင် ယပ်တောင်ပုံသဏ္ဍာန် ဖြစ်လာခဲ့သည်။ လျှိုရှန်းယန်က အဝေးတွင် ရပ်နေသော တာအိုသခင်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
"ကျုပ်က ခင်ဗျားကိုမြင်တဲ့အချိန်တိုင်း ရိုက်မယ်…"
လူငယ်တာအိုသခင်က လက်သီးဆုပ်ပြီး တောင်းပန်လိုက်၏။
ထိုအချိန်ကျမှသာ လျှိုရှန်းယန်က သူ့ကို အလွတ်ပေးလိုက်သည်။ ထိုလူငယ်လေး အဝေးကို ရောက်သွားသည့် အချိန်မှသာ လူငယ်တာအိုသခင်က နေရာတွင် နောက်တစ်ကြိမ် ပြန်ထိုင်ရဲ၏။ သူက သက်ပြင်းချလိုက်မိသည်။
"ဒီကမ္ဘာကြီးက ခက်ခဲလိုက်တာ...။ လူသားတွေရဲ့နှလုံးသားကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး။ ငါက အသက်ရှင်နေထိုင်ဖို့တောင် ခက်ခဲနေပြီ.."
ထိုအချိန်တွင် တာအိုသခင်၏ မျက်လုံးများက ဝင်းလက်သွားခဲ့၏။ သူက ချက်ချင်းပင် မျက်လုံးကို လျင်မြန်စွာ မှိတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ရေကန်ထဲမှာ ဖားတွေ ပြည့်နေတယ်။ နှလုံးသားဆိုတာ အစာအိမ်ထက် အရေးကြီးတဲ့ အရာတစ်ခုပဲ။ ဒီနေရာကိုတော့ ရေပေါ်မှာရှိတဲ့ ဗေဒါလို့ခေါ်တယ်။ ရေလှိုင်းတွေကသာ ပတ်ပတ်လည်ကို ရွေ့လျားဖို့အတွက် သင့်တော်တယ်…"
လူငယ်နှင့် မိန်းမပျိုတို့က တာအိုသခင်၏စကားကို ကြားကြသည်။ သို့သော် သူတို့ကတော့ ရပ်တန့်လိုသည့်ဆန္ဒများ မရှိကြပေ။
တာအိုသခင်က အနည်းငယ် မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက နောက်တစ်ကြိမ် လွတ်သွားမှာဆိုသည့်အတွက် စားပွဲခုံကိုရိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ကျွမ်းယန်ဆိုတာ လူတွေကြားထဲက ကလေးတစ်ယောက်ပဲ။ အမတ်ချုပ်ကြီးကလည်း ကမ္ဘာထဲက လူတစ်ယောက် မဟုတ်တော့ဘူး။ စာသင်သားတစ်ယောက်ရဲ့နာမည်က တစ်မြို့လုံးမှာ လွှမ်းခြုံသွားစေနိုင်တယ်။ သူက တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ လူတစ်ယောက်ပဲ…"
စုန့်ကျိရှင်းနှင့် အစေခံမိန်းကလေး ကျစ်ကွေးတို့က ဆက်၍လမ်းလျှောက်သွားကြသည်။
တာအိုသခင်က စိတ်ပျက်လက်ပျက်နှင့် တီးတိုးရေရွတ်လိုက်၏။
"ငါက ဒီလိုဆက်ပြီးနေလို့ မရတော့ဘူး။"
လူငယ်က ပြန်လှည့်ကြည့်လိုက်ပြီး တာအိုသခင်ဆီသို့ ကြေးပြားတစ်ပြား ပစ်ပေးလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ခင်ဗျားရဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်…"
တာအိုသခင်က ကြေးပြားလေးကို အလျင်အမြန် ဖမ်းထားလိုက်၏။ သူက လက်ဝါးဖြန့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက အသေးဆုံး ကြေးပြားလေး ဖြစ်၏။ သို့သော် တာအိုသခင်က ကြေးပြားကို စားပွဲပေါ်သို့ ညင်သာစွာ ချလိုက်သည်။
မျက်စိတမှိတ်အတွင်း စားပွဲပေါ်တွင် ငှက်ကလေးတစ်ကောင် ပေါ်လာခဲ့၏။ ထိုငှက်ကလေးက ခေါင်းငုံ့ပြီး ကြေးပြားကို ကိုက်ချီလိုက်သည်။ ထို့နောက် ကြေးပြားကို ပါးစပ်ထဲသို့ထည့်ပြီး လူငယ်တာအိုသခင်ကို ကြည့်လိုက်၏။ ထိုငှက်ကလေး၏ မျက်လုံးများက သက်ဝင်လှုပ်ရှားနေသည်မှာ လူသားတစ်ယောက်နှင့် ကွဲပြားမှု မရှိချေ။
တာအိုသခင်က တိုးတိုးလေး ပြောလိုက်၏။
"သွားတော့...။ ဒီနေရာက နေဖို့ မကောင်းတော့ဘူး…"
ငှက်ကလေးက တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ လူငယ်တာအိုသခင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ နောက်ဆုံးတွင်တော့ သူ၏မျက်လုံးက အဝေးတွင် ရှိနေသော အမိုးခုံးအဆောက်အဦးကို ကြည့်လိုက်မိသည်။ သူက ထိုအမိုးခုံးအဆောက်အဦးပေါ်တွင် ရှိနေသော ချီ ၊ ချုံး ၊ကျွဲဟူသော စကားလုံးများကို တွေ့လိုက်ရသည်။
သူက သက်ပြင်းချလိုက်မိ၏။
"နှမြောစရာပဲ…"
နောက်ဆုံးတွင်တော့ တာအိုသခင်က ထပ်ဖြည့်ပြောလိုက်သည်။
"တကယ်လို့ ငါသာ ဒါကိုအပြင်ဘက်မှာ ရောင်းနိုင်မယ်ဆိုရင် အနည်းဆုံးတော့ ငွေစ (၈၀၀) တန်ကြေးရှိတယ်…"