← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ချန်းပင်အန်းက အရှေ့တံခါးကို ရောက်လာခဲ့ပြီး တံခါးဝတွင် ရှိနေသော သစ်ငုတ်တိုတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့်သူကို တွေ့လိုက်ရသည်။ သူက မနက်ခင်း နေရောင်ခြည်အောက်တွင် မျက်လုံးမှိတ်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့ တင်ထားခဲ့၏။

ချန်းပင်အန်းက သူ့ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ လူငယ်လေး တစ်ယောက်အတွက်တော့ အကြွေးတောင်းရန် စကားပြောရသည်မှာ အ‌တော်လေး ခက်ခဲလှသည်။ ချန်းပင်အန်းက အရှေ့ဘက်တွင် ရှိနေသော လမ်းမငယ်လေးကို တိတ်တဆိတ် ငေးကြည့်နေခဲ့၏။

လမ်းပေါ်တွင် လေများ တိုက်ခတ်နေသည့်အတွက် ထိုလမ်းမကြီးက အဝါရောင် မြွေကြီးတစ်ကောင်ကဲ့သို့ ထင်ရသည်။ သူက ဦးတည်ရာမဲ့ မြေကြီးလက်တစ်ဆုပ် ယူလိုက်ပြီး လက်ဖဝါးပေါ်တွင်တင်၍ ဖြည်းညင်းစွာ သပ်ချလိုက်သည်။

သူက အဘိုးအိုယောင်နှင့်အတူ မြို့ပတ်ပတ်လည်တွင် ရှိနေသော တောင်တန်းများပေါ်သို့ တက်ခဲ့ဖူးသည်။ သူက ပုဆိန်တိုလေးများ၊ ပေါက်ချွန်းများနှင့် ပစ္စည်းမျိုးစုံ ထည့်ထားသော လေးလံသည့် အိတ်ကြီးတစ်ခုကို သယ်ဆောင်ခဲ့ရ၏။ အဘိုးအို၏ အမိန့်အတိုင်း လျှောက်ခိုင်းလျှင်လျှောက်၊ ရပ်ခိုင်းလျှင် ရပ်ရသည်။

ချန်းပင်အန်းက မကြာမကြာ မြေကြီးများကို မြည်းကြည့်ရန်လည်း လိုအပ်သည်။ သူက မြေကြီးလက်တစ်ဆုပ် ယူပြီး ပါးစပ်ထဲသို့ ထည့်၍ဝါးပြီး အရသာခံကြည့်ရသည်။ အချိန်ကြာလာသည့်အချိန်တွင် လေ့ကျင့်မှုက ပြည့်စုံခြင်း ဖြစ်လာစေသည်။

ချန်းပင်အန်းက မြေကြီးကို လက်ချောင်းလေးများနှင့် ကြိတ်ချေကြည့်လိုက်ရုံနှင့် မြေသား၏ သဘောသဘာဝကို သိလာခဲ့သည်။ ရလဒ်အနေဖြင့် ချန်းပင်အန်းက ဈေးထဲတွင် ရောင်းချနေသော မီးဖိုကြီးများဆီမှ ထွက်လာသော ပျက်စီးနေသည့် ကြွေထည်အပိုင်းအစများကိုပင် မည်သည့်မီးဖိုမှ ထုတ်လုပ်ကြောင်း ပြောပြနိုင်လာခဲ့သည်။ ထိုအပိုင်းအစကို မည်သည့်ပညာရှင်က ဖန်တီးထားခဲ့ကြောင်းပင် ပြောနိုင်ခဲ့၏။

အဘိုးအိုယောင်၏ အကျင့်စရိုက်က ခေါင်းမာပြီး သဘောထားဆိုးသည့်အတွက် သူက ချန်းပင်အန်းကို မကြာမကြာ ရိုက်နှက်ပြစ်တင်ကြိမ်းမောင်းတတ်သည်။ ချန်းပင်အန်း၏ စွမ်းရည်က နိမ့်ပါးသည်ဟုသာ အဘိုးယောင်က တွေးထားခဲ့ပြီး သူ့ကို အရူးတစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။

တစ်ချိန်တုန်းကတော့ ဒေါသထွက်နေသော အဘိုးကြီးယောင်က ချန်းပင်အန်းကို သစ်တောထဲတွင် ပစ်ထားခဲ့ပြီး မီးဖိုကြီးဆီသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ထိုလူငယ်လေးက တောင်တက်လမ်းအတိုင်း မိုင်(၆၀)ခန့် လမ်းလျှောက်လာခဲ့ရပြီး မီးဖိုကြီးအနားသို့ ရောက်လာသည့်အချိန်တွင် အတော်လေး ညနက်နေပြီ ဖြစ်သည်။

ထိုနေ့တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့၏။ လူငယ်လေးက ရွှံ့ရေထဲတွင် ဒယိမ်းဒယိုင် လျှောက်လာခဲ့ရပြီး နောက်ဆုံးတွင်တော့ အဝေးတွင် မီးရောင်အနည်းငယ်ကို တွေ့လိုက်ရသည်။ အလွန်ခေါင်းမာသော လူငယ်လေးက တစ်ယောက်တည်း အသက်ရှင်နေထိုင်ခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အော်ဟစ်ငိုယိုမိခဲ့သည်။

သို့သော် ထိုလူငယ်လေးက အဘိုးအိုကို လုံးဝ အပြစ်မတင်ခဲ့‌ပေ။ သူက ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်၏။ သူက စာပေသင်ကြားနိုင်ခြင်း မရှိသော်လည်း စာအုပ်များထက် ကျော်လွန်နေသော အမှန်တရားတစ်ခုကို နားလည်ထားသည်။ ဤကမ္ဘာကြီးထဲတွင် မိဘမှလွဲလျှင် မည်သူကမျှ သူ့အပေါ် ကောင်းပေးရန် တာဝန် မရှိချေ။ တစ်ဖက်တွင်တော့ သူ့မိဘများက စောစော သေဆုံးသွားခဲ့၏။

ချန်းပင်အန်းက တွေဝေနေခဲ့သည်။

ချန်းပင်အန်းကို ကြည့်ရသည်မှာ ပြန်မည်မဟုတ်ကြောင်း နားလည်သွားသည့်အတွက် ထိုလူက မျက်လုံးပြန်ဖွင့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကြေးပြား(၅)ပြားတည်းလေကွာ။ ယောကျ်ားဖြစ်ပြီး ဒီလောက်တောင် ကပ်စေးနည်းနေတယ်။ မင်းက နောက်ပိုင်း အောင်မြင်မှာ မဟုတ်ဘူး..”

ချန်းပင်အန်းက မသက်မသာ ခံစားလိုက်ရသည်။

“ခင်ဗျားက အဲဒါကို မပေးတော့ဘူးလား…”

ထိုလူက ပြုံးလိုက်သည့်အချိန်တွင် အဝါရောင်သွားများ ပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။

“တကယ်လို့ မင်းသာ နောက်ပိုင်း ငါ့လို ပညာတတ် မဖြစ်ချင်ဘူးဆိုရင် ဒီကြေးပြား(၅)ပြား အကြောင်းကို စဉ်းစားမနေနဲ့တော့…”

ချန်းပင်အန်းက သက်ပြင်းချလိုက်၏။ သူက မော့ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားမှာ ငွေကြေး ခက်ခဲနေတယ်ဆိုရင် ဒီကြေးပြား(၅)ပြား အကြောင်းကို မေ့လိုက်လို့ရတယ်။ ဒါပေမဲ့ အရင်ဆုံး အပေးအယူတစ်ခု လုပ်မယ်။ နောက်ပိုင်းကျရင်တော့ စာတစ်စောင်ကို ကြေးပြားတစ်ပြားပဲ။ ခင်ဗျားက ကတိဖျက်လို့ မရဘူး…”

ထိုလူက ပြန်လှည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကောင်လေး…

မင်းလို သဘောထားမျိုးနဲ့ နောက်ပိုင်း ဒုက္ခလှလှ တွေ့ဦးမယ်။ မင်းက ရှေးစကားပုံတစ်ခု မကြားဖူးဘူးလား။ ဆုံးရှုံးခြင်း ဆိုတာ ကံကောင်းခြင်း တစ်မျိုးပဲ။ မင်းက အသေးအဖွဲ့ ဆုံးရှုံးမှုကိုတောင် လက်မခံနိုင်ဘူးဆိုရင်.... ”

သူက ကောင်လေး၏လက်ထဲတွင် ကိုင်ထားသော သဲများကိုကြည့်ပြီး ခဏရပ်လိုက်သည်။ သူက ရွှတ်နောက်နောက်လေသံနှင့် ဆက်ပြောလိုက်၏။

“ဒါက ကမ္ဘာမြေကြီးရဲ့ ကံကြမ္မာကို ရင်ဆိုင်ရသလိုမျိုးပဲ…”

ချန်းပင်အန်းက ပြန်ပြောလိုက်သည်။

“ကျုပ်က ကြေးပြား(၅)ပြားကို လိုချင်တယ်လို့ ပြန်ပြောနေလို့လား။ ဒါကရော ဆုံးရှုံးမှုပဲ မဟုတ်ဘူးလား…”

ထိုလူက အနည်းငယ် မျက်နှာ ပျက်သွားခဲ့၏။ သူက စိတ်ရှုပ်သွားပြီး သူ့ကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။

“ဝေးဝေးသွားစမ်းကွာ.. သွားလိုက်တော့။ မင်းနဲ့ စကားပြောရတာ ပင်ပန်းတယ်..”

ချန်းပင်အန်းက လက်သီးဆုပ်ကို ဖြည်ပြီး သဲများကို လွှတ်ချလိုက်၏။ သူက မတ်တပ်ရပ်ပြီး ပြောလိုက်၏။

“သစ်ငုတ်တိုက တော်တော်ရေစိုနေပြီ…”

ထိုလူက ခေါင်းမော့ကြည့်ပြီး အပြုံးနှင့် ကြိမ်းမောင်းလိုက်၏။

“မင်းက ငါ့ကို သင်ပေးဖို့ လိုလို့လား။ လူငယ်တွေမှာ အပူစွမ်းအားတွေ ပြည့်နေတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ်သာ ပူစမ်းပါ…”

ထိုလူက ပြန်လှည့်သွားခဲ့သော လူငယ်လေး၏ နောက်ကျောကို ကြည့်နေခဲ့သည်။ ထို့နောက် သူက တစ်ယောက်တည်း ကြိမ်းမောင်းနေသည့်အလား ပါးစပ်မှ တီးတိုးရေရွတ်နေခဲ့သည်။

……………..

ဘာကြောင့်မှန်း မသိသော်လည်း ယနေ့ ဆရာချီက သင်ခန်းစာ စောစော ပြီးခဲ့သည်။ ကျောင်း၏ အနောက်ဘက်တွင် ခြံဝန်းလေးတစ်ခု ရှိ၏။ ထိုခြံဝန်းလေး၏ မြောက်ဘက်တွင်တော့ ဝါးတောလေးဆီသို့ ဦးတည်နေသော သစ်သားတံတားလေးတစ်ခု ရှိနေသည်။

စုန့်ကျိရှင်းနှင့် အစေခံမလေးက ရှေးဟောင်းသစ်ခါးပင်ကြီးအောက်တွင် ပုံပြင်နားထောင်နေသည့်အချိန်၌ ကျားကစားရန် ခေါ်ဆိုခြင်းကို ခံလိုက်ရသည်။ စုန့်ကျိရှင်းက စိတ်မပါသော်လည်း သူတို့၏ကျားထိုးစွမ်းရည် တိုးတက်လာခြင်း ရှိမရှိ ဆရာချီက တွေ့ချင်နေသည်ဟု ထိုလူငယ်က ပြောခဲ့သည်။

စုန့်ကျိရှင်းက စကားပြောဆိုခြင်းနှင့် ကိုယ်ဟန်အမူအရာ အလွန်လေးနက်သော ဆရာချီအပေါ် ပြောမပြနိုင်လောက်သော ခံစားချက်မျိုး ရှိသည်။ သူက ဆရာချီကို လေးစားကြောက်ရွံ့နေသည်ဟု ပြောနိုင်၏။ ထို့ကြောင့် ဆရာချီကိုယ်တိုင် ခေါ်ခိုင်းလိုက်သည့်အတွက် စုန့်ကျိရှင်းက သွားရမည် ဖြစ်သည်။

သို့သော် သူက ကျောင်း၏ အနောက်ဘက်တွင် ရှိနေသော ခြံဝန်းထဲသို့ မသွားခင် ပုံပြောသမား၏ ပုံပြင် အဆုံးသတ်သည်အထိ စောင့်နေခဲ့သည်။ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးက အရင်ဆုံး သူနှင့်အတူ လိုက်ခဲ့ရန် ပြောခဲ့၏။ စုန့်ကျိရှင်းအား နောက်ကျမနေရန်လည်း သူက သတိပေးခဲ့သည်။

သူက တူညီသော လေသံနှင့် ပြောခဲ့သည်။ သူ့ဆရာက စည်းမျဉ်းစည်းကမ်းများကို အလေးထားဆုံးဖြစ်ပြီး စကားမတည်သောသူများကို သဘောမကျပေ။ ထိုအချိန်တွင် စုန့်ကျိရှင်းက နားပိတ်ပြီး နားလည်ကြောင်း ပြောလိုက်၏။

စုန့်ကျိရှင်းက ကျစ်ကွေးကို ကျောင်းအနောက်ဘက်ခြမ်းသို့ ခေါ်လာသည့်အချိန်တွင် လေပြည်လေညင်းများ တိုက်ခတ်နေခဲ့သည်။ အစိမ်းရောင် ဝတ်ထားသော လူငယ်လေးကတော့ တောင်ဘက်တွင် ရှိသော ထိုင်ခုံလေးတွင် ထိုင်နေခဲ့သည်။ သူက ခါးကို မတ်မတ်ထိုင်နေခဲ့ခြင်း ဖြစ်၏။

စုန့်ကျိရှင်းက အစိမ်းဝတ်လူငယ်လေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး တောင်ဘက်ကို လှည့်ကြည့်နေခဲ့သည်။ ဆရာချီကတော့ အနောက်ဘက်တွင်ထိုင်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ကျားထိုးမှုကို ကြည့်နေခြင်း ဖြစ်သည်။

အစေခံမလေး ကျစ်ကွေးကတော့ သူမ၏သခင်လေးနှင့် တခြားသူများ ကျားကစားသည့် အချိန်တိုင်း ဝါးတောထဲတွင် လမ်းလျှောက်ထွက်တတ်သည်။ သူမက စာသင်သား(၃)ယောက်ကို နှောင့်ယှက်လိုခြင်း မရှိချေ။ ယနေ့လည်း ခြွင်းချက် မရှိခဲ့ပေ။

မြို့ငယ်လေးထဲတွင် စာသင်သားမိသားစုဟူ၍ သီးသန့် မရှိချေ။ ထို့ကြောင့် စာသင်သားများ ရှားပါးသည်ဟု ဆိုနိုင်၏။ ဆရာချီ ချမှတ်ထားသော စည်းမျဉ်းဟောင်းများအရ စုန့်ကျိရှင်းနှင့် အစိမ်းဝတ်လူငယ်တို့က ကျောက်တုံးများကို ခန့်မှန်းပြီး အနက်ရောင်ကျားစေ့ ပိုင်ရှင်က အရင်ချရမည် ဖြစ်သည်။

စုန့်ကျိရှင်းနှင့် သူ့ရှေ့တွင် ရှိနေသော လူငယ်တို့က ရွယ်တူဖြစ်ကြပြီး တစ်ချိန်တည်းနီးပါး ကျားထိုးပညာကို စတင်သင်ယူခဲ့ကြသည်။ သို့သော် စုန့်ကျိရှင်းက ပါရမီပါပြီး ဉာဏ်ကောင်း၏။ သူ၏ကျားထိုးစွမ်းရည်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်ကို သင်ကြားပေးခဲ့သော ဆရာချီကလည်း သူ့ကို ပညာရှင်တစ်ယောက်ဟု သတ်မှတ်ခဲ့၏။ မည်သူ ပထမဆုံး ချသင့်ကြောင်း ခန့်မှန်းနေသည့် အချိန်တွင် စုန့်ကျိရှင်းက ကျားစေ့သေတ္တာထဲမှနေ၍ အဖြူရောင်ကျောက်တုံး လက်တစ်ဆုပ်ကို ယူလိုက်သည်။ အဖြူရောင် ကျောက်တုံးများ၏ အရေအတွက်က ပြောင်းလဲနေပြီး သူက တခြားသူများကို ပြသခဲ့ခြင်း မရှိချေ။

အစိမ်းဝတ်လူငယ်ကတော့ အနက်ရောင်ကျောက်တုံး တစ်တုံး၊ နှစ်တုံးကို ယူလိုက်၏။ သူကသာ အဖြူရောင်ကျောက်တုံးကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်မည်ဆိုလျှင် အနက်ရောင် ကျားစေ့ပိုင်ရှင်က အရင်ချရပါလိမ့်မည်။ သူသာ ပထမဆုံး ချရမည်ဆိုလျှင် အသာစီးရနိုင်၏။

ပထမ(၂)နှစ် ကျားကစားခဲ့သည့် အတောအတွင်း စုန့်ကျိရှင်းက တစ်ပွဲမျှ ရှုံးနှိမ့်ခဲ့ခြင်း မရှိချေ။ သူက အဖြူရောင်ကိုယူယူ၊ အနက်ရောင်ကို ယူယူ ကိစ္စမရှိချေ။ သို့သော် စုန့်ကျိရှင်းက ကျားကစားရန် အလွန်စိတ်ဝင်စားနေခြင်း မရှိချေ။ ထို့ကြောင့် သူက များများ မကစားခြင်း ဖြစ်၏။

တစ်ဖက်တွင်တော့ အစိမ်းဝတ်လူငယ်လေးက ပါရမီ မရှိသော်လည်း ရွာကျောင်းလေးမှ ကျောင်းသားတစ်ယောက် ဖြစ်သည့်အပြင် စာရေးပေးရသည့် ကောင်လေး တစ်ယောက်လည်း ဖြစ်သည်။ သူက နေ့ရောညပါ ဆရာချီနှင့်အတူ နေထိုင်ခဲ့ရ၏။

သူက ဆရာချီ၏ဘေးတွင်ထိုင်ပြီး ကျားထိုးခြင်းကို ကြည့်နေရလျှင်ပင် အကျိုးအမြတ် အတော်လေးများသည်။ ထို့ကြောင့် အစိမ်းဝတ် လူငယ်လေးက အနက်ရောင်ကျားစေ့နှင့် ကစားသည့်အချိန်တွင် ရံဖန်ရံခါ ကံကောင်းပြီး အနိုင်ရတတ်သည်။ ယခုလည်း သူက အနက်ရောင်ကျားစေ့နှင့် ကစားမည်ဆိုလျှင် စုန့်ကျိရှင်းနှင့် ကစားပွဲကို အနိုင်ရနိုင်မည်ဟု တွေးထားခဲ့၏။သူ၏ ကျားကွက်ပညာ တိုးတက်မှုက ထင်ရှားပေသည်။

ဆရာချီကတော့ ထိုကဲ့သို့ ပြောင်းလဲမှုကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ဘေးတွင်ရပ်ပြီး ကြည့်နေခဲ့၏။ စုန့်ကျိရှင်းက ကျားစေ့တစ်စေ့ကို ယူတော့မည့် အချိန်တွင် ဆရာချီက ရုတ်တရက် ပြောလိုက်သည်။

“ဒီနေ့ မင်းတို့နှစ်ယောက်က ကစားပွဲစည်းမျဉ်း ပြောင်းပြီး ကစားရမယ်။ အဖြူရောင် ကစားသမားက အရင်ဆုံး စမယ်…”

လူငယ်နှစ်ယောက်က ရှုပ်ထွေးသွားကြ၏။ သူတို့က ထိုကစားပွဲကို မည်သည့် ကစားပွဲဖြစ်ကြောင်း သေချာမသိခဲ့ပေ။ ဆရာချီက ဖြည်းညင်းစွာ ပြောလိုက်၏။ စည်းမျဉ်းများကို သေချာရှင်းပြလိုက်ပြီးနောက် ထိုအရာက ရှုပ်ထွေးနေခဲ့ခြင်း မရှိချေ။ သူက အနက်ရောင်နှင့် အဖြူရောင် ကျားစေ့များကို နေရာ(၄)ခုတွင် ချထားခဲ့၏။

ဆရာချီ၏ လှုပ်ရှားမှုများက ကျွမ်းကျင်ပြီး ချောမွေ့နေသည်။ ထိုအရာက မျက်လုံးထဲတွင် အတော်လေးကို မျက်စိပသာဒ ရှိလှ၏။ သာမန်စည်းမျဉ်းများနှင့်သာ ရင်းနှီးနေသော အစိမ်းဝတ်လူငယ်လေးက ထိုအရာကို မြင်သည့်အခါ သူ့အတွက် သတင်းဆိုးတစ်ခု ကြားလိုက်ရသလို ခံစားလိုက်ရသည်။

သူက ကျားကွက်ခုံကို မှင်သက်စွာ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ပြောလိုက်၏။

“ဆရာ…

ဒါဆိုရင် သုံးလို့မရတဲ့‌နေရာတွေ အများကြီး ရှိနေမှာပေါ့…”

စုန့်ကျိရှင်းက မျက်မှောင်ကြုတ်ပြီး ခဏကြာ စဉ်းစားလိုက်သည်။ သိပ်မကြာခင် သူ၏မျက်လုံးများက ဝင်းလက်သွားပြီး အနည်းငယ် စိတ်ပြေသွားသည့် အမူအရာနှင့် ပြောလိုက်၏။

“ဒီကျားကွက်ခုံရဲ့ပုံစံက ပိုပြီးတော့ သေးသွားပြီ…”

ထို့နောက် စုန့်ကျိရှင်းက မော့ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“အဲဒါ အမှန်ပဲလား ဆရာချီ…”

ဆရာချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“အမှန်ပဲ…”

စုန့်ကျိရှင်းက မျက်နှာချင်းဆိုင်တွင် ရှိနေသော လူငယ်ကို မျက်ခုံးပင့်၍ မေးလိုက်သည်။ “မင်းကို အရင်ဆုံး နှစ်ကွက်ချခွင့် ပေးရမလား။ မဟုတ်ရင် မင်းက သေချာပေါက် ရှုံးလိမ့်မယ်…”

ထိုလူငယ်၏ မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့၏။ သူ အနိုင်ရနိုင်သည့် အရေအတွက် တိုးမြင့်လာသည့် အကြောင်းရင်းကို ကောင်းကောင်းကြီး သိထားခဲ့သည်။ ထိုအရာက သူ၏ ကျားထိုးစွမ်းရည် တိုးတက်လာခြင်း မဟုတ်ဘဲ စုန့်ကျိရှင်းကြောင့် ဖြစ်သည်။ ထို(၂)နှစ် အတောအတွင်း ကျားထိုးသည့်အချိန်တိုင်း သူက ခေါင်းထဲတွင် ရှင်းနေသလို ဖြစ်လာခဲ့သည်။ သူကတော့ အတော်လေးကို ပင်ပန်းလာခဲ့၏။

စုန့်ကျိရှင်းက သူ့ကို အနိုင်ရစေရန် ကစားပွဲများကို အလွယ်တကူ အလျှော့ပေးလိုက်ခြင်းသာ ဖြစ်သည်။ သို့မဟုတ် သူ့ကို အရင်ဆုံး ရွှေ့ခွင့်ပေးလိုက်ခြင်းကြောင့် ဖြစ်၏။ သူက အသာစီးရနေသည့် အချိန်မျိုးတွင်ပင် ပွဲအလယ်၌ စုန့်ကျိရှင်းက နဂါးကို သတ်ရန်အတွက် စွန့်စားမှုများ လုပ်ဆောင်ခဲ့သည်။

ကျားထိုးသည့်ပညာနှင့် ပတ်သက်လာလျှင် အလွန်ပါရမီရှိသော စုန့်ကျိရှင်း၏ ပထမ ရွေးချယ်မှုကတော့ ပျော်ရွှင်မှုသာ ဖြစ်သည်။ အစိမ်းဝတ်လူငယ်လေးက ကျားစေ့ခုံပေါ်တွင် ပထမဆုံး ကျားစေ့လေးကို ချလိုက်သည်။ သူကတော့ အနိုင်အရှုံးကို အလွန် အလေးထား၏။

ဆရာချီက သူ့တပည့်ကိုကြည့်ပြီး ပြောလိုက်သည်။

“အဖြူရောင်ကျားစေ့က အရင်ဆုံး ချနိုင်တယ်…”

ထို့နောက် အစိမ်းဝတ်လူငယ်လေးက သူ၏ကျားစေ့ကို ဖြည်းညင်းစွာ ဂရုစိုက်၍ ချလိုက်သည်။

စုန့်ကျိရှင်းကတော့ သူ၏ကျားစေ့များကို လျင်မြန်စွာ ချနေခဲ့၏။ သူက စကားကွက်ကြီးများ ဖန်တီးပြီး သူ့ကို လိုက်ပိတ်နေခဲ့သည်။ သူတို့နှစ်ယောက်၏ အခြေအနေက မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။ ကစားကွက်(၈၀) အတောအတွင်း အစိမ်းဝတ်လူငယ်လေးက လုံးဝကို ရှုံးသွားခဲ့၏။ သူက ခေါင်းငုံ့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။

စုန့်ကျိရှင်းက စားပွဲခုံပေါ်သို့ လက်တင်ပြီး လက်နှစ်ဖက်နှင့် မေးစေ့ကို ထောက်ထားခဲ့သည်။ သူက ကျောက်စားပွဲကို လက်နှစ်ချောင်းနှင့် ညင်သာစွာ ပုတ်နေပြီး ကျားခွက်ခုံပေါ်ကို စိုက်ကြည့်နေခဲ့၏။ ဆရာချီ၏ စည်းမျဉ်းအရ သူတို့နှစ်ယောက် ကျားကစားသည့်အချိန်တွင် ရှုံးသည်ဟု မပြောဘဲ အရှုံးဟု သတ်မှတ်၍ မရနိုင်ပေ။

“ငါရှုံးသွားပြီ…”

ဆရာချီက သူ့တပည့်ကို ပြောလိုက်သည်။

“မင်းရဲ့စာရေးခြင်းအတတ်ကို ဆက်ပြီး လေ့ကျင့်ဦး။ ဒီကျားစေ့တွေကို ရှင်းမနေနဲ့တော့။ မင်းက ယုံ ဆိုတဲ့ စကားလုံးကို အကြိမ်(၃၀၀) ရေးရမယ်…”

အစိမ်းဝတ်လူငယ်လေးက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး ရိုရိုသေသေ ဦးညွှတ်၍ ထွက်သွားခဲ့သည်။

လူငယ်လေး ပျောက်ကွယ်သွားပြီးနောက် စုန့်ကျိရှင်းက တိုးတိုးလေး ပြောလိုက်သည်။ “ဆရာလည်း ထွက်သွားတော့မှာလား…”

ဆံပင်ဖြူနှင့် ဆရာချီက ပြောလိုက်သည်။

“ငါက (၁၀)ရက်အတွင်း ထွက်သွားတော့မယ်…”

စုန့်ကျိရှင်းက အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင်တော့ ကောင်းတယ်။ ကျွန်တော် ဆရာ့ကို လိုက်ပို့နိုင်တာပေါ့…”

ဆရာချီက ခဏကြာ တွေဝေနေပြီး နောက်ဆုံးတွင်တော့ ပြောလိုက်သည်။

“ငါ့ကို လိုက်ပို့ဖို့ မလိုပါဘူး။ စုန့်ကျိရှင်း … နောက်ပိုင်း မြို့အပြင်ဘက်ကို ရောက်သွားရင် ဆောင့်ကြွားကြွား မနေမိစေနဲ့။ မင်းက ပင်မလမ်းညွှန်ချက်၊ဝတ်ပြုခြင်းနဲ့ သံစဉ်၊ တရားထိုင်ခြင်းဆိုတဲ့ အခြေခံစာအုပ်(၃)အုပ်ကို ယူသွားနိုင်တယ်။ မင်းက အဲဒီစာအုပ်တွေကို အကြိမ်(၁၀၀) ဖတ်မယ်ဆိုရင် သူတို့ရဲ့အဓိပ္ပာယ်ကို နားလည်လာလိမ့်မယ်။ မင်းက စာအုပ် (၁)သောင်းကျော် ဖတ်ပြီးသွားပြီ ဆိုရင်တော့ နတ်ဘုရားတစ်ပါးလို စာရေးနိုင်လာလိမ့်မယ်။ မင်းက နောက်ပိုင်းမှာ အဲဒီစာအုပ်တွေရဲ့ အစစ်အမှန် အဓိပ္ပာယ်ကိုလည်း သိလာလိမ့်မယ်။ အနှစ်သာရ၊ မက်မွန်သီးနဲ့ ဆီးသီး၊ တောင်တန်းနဲ့ ပင်လယ်ဗျူဟာဆိုတဲ့ စာအုပ်(၃)အုပ်ကိုတော့ အချိန်ရရင် ဖတ်ကြည့်နိုင်တယ်။ သူတို့က မင်းရဲ့ ခံစားချက်ကို ကောင်းလာစေနိုင်မှာပါ..”

စုန့်ကျိရှင်းက အံ့သြသွားပြီး အနည်းငယ် ရှက်ရွံ့သွားသည်။ သူက ရဲတင်းစွာ ပြောလိုက်၏။

“ဆရာ့ကို ကြည့်ရတာ သေခါနီး မှာနေသလိုမျိုးပဲ။ ကျွန်တော်က အဲဒီအရာမျိုးနဲ့ အသားမကျသေးဘူး…”

ဆရာချီက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်၏။

“မင်းပြောသလိုလည်း မဟုတ်သေးပါဘူး။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။ ငါတို့က တစ်နေ့နေ့ ပြန်တွေ့ရဦးမှာပေါ့…”

ထိုဆရာ ပြုံးလိုက်သည့်အချိန်တွင် လေပြည်လေညင်းလေးများ တိုက်ခတ်နေသကဲ့သို့ ထင်မှတ်ရ၏။ သူက ရုတ်တရက် ပြောလိုက်သည်။

“ကျိုးယောင်ဆီကိုသွားပြီး နှုတ်ဆက်လိုက်ဦး…”

စုန့်ကျိရှင်းက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

“ဒါဆိုလည်း ကျားကွက်ခုံကို ရှင်းလင်းဖို့အတွက် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်…”

လူငယ်လေးက ဝမ်းသာအားရ အဝေးကို ထွက်ပြေးသွားခဲ့သည်။

ဆရာချီကတော့ ကျားစေ့လေးများကို ကောက်ယူလိုက်၏။ ထိုအရာများက ရှုပ်ထွေးပြီး အစီအစဉ်မကျသလို ထင်မှတ်ရသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ ပထမဆုံး အနက်ရောင်စေ့ ထို့နောက် အဖြူရောင်စေ့များကို သိမ်းလိုက်ရန်သာ လိုသည်။ သူက စုန့်ကျိရှင်း နောက်ဆုံးချထားခဲ့သော အနက်ရောင်အစေ့ကို ယူလိုက်ပြီးနောက် ကျားစေ့တစ်ခုမျှ မလွဲစေဘဲ အစီစဉ်အတိုင်း ပြန်ထားနိုင်ခဲ့သည်။

အစေခံမလေး ကျစ်ကွေးက ဝါးသစ်တောထဲမှ ပြန်ရောက်လာခဲ့၏။ သူမက တံခါး၏ အပြင်ဘက်တွင် ရပ်နေပြီး ခြံဝန်းထဲကို ခြေမချခဲ့ပေ။

ဆရာချီက ပြန်လှည့်မကြည့်ဘဲ အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…”

ရွှံ့ပုလင်းလမ်းကြားလေးတွင် ကြီးပြင်းလာခဲ့သော မိန်းကလေးက မျက်နှာပေါ်တွင် ရှုပ်ထွေးနေပုံရသည်။ သူမက အားနည်းပြီး ကြောက်လန့်တတ်သည်။ နူးညံ့သိမ်မွေ့ပြီး သနားစရာကောင်း၏။

ထိုအချိန်တွင် အလွန်နူးညံ့သိမ်မွေ့သော ဆရာက အနည်းငယ် ဒေါသထွက်လာပြီး သူမကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။

သူ၏မျက်လုံးများက အေးစက်နေသည်။ ထိုမိန်းကလေးကတော့ မှင်သက်နေသေးပြီး ပုံစံက အပြစ်ကင်းမဲ့နေသည်။

ဆရာချီက မတ်တပ် ရပ်လိုက်၏။ သူက မိန်းကလေးကိုကြည့်ပြီး ခနဲ့သလို ပြောလိုက်၏။

“အပြစ်သား။ သစ္စာဖောက်…”

ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် ရှိနေသော အပြစ်ကင်းစင်မှုများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ သူမ၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာပြီး နှုတ်ခမ်းထောင့်တွင် ကြောက်စရာ အပြုံးတစ်ခု ပေါ်လာ၏။

သူမက ပြန်ပြောလိုက်သည်။

“ရှင်က ကျွန်မကို ဘာလုပ်နိုင်မှာလဲ…”

သူမက ဆရာချီ၏မျက်လုံးထဲကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ခြံဝန်းငယ်လေး၏ အတွင်းနှင့် အပြင်ဘက်တွင် မြွေမျက်လုံးများ အချင်းချင်း စိုက်ကြည့်နေသလို ထင်မှတ်ရသည်။ ထိုမျက်လုံးများက အချင်းချင်း ရန်သူများသဖွယ် စိုက်ကြည့်နေကြ၏။

ထိုအချိန်တွင် အဝေးမှနေ၍ စုန့်ကျိရှင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ကျစ်ကွေး…အိမ်ပြန်ကြစို့…”

ကလေးမလေးက ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး တလေးတစား ပြောလိုက်သည်။

“ကောင်းပါပြီ။ သခင်လေး…”

သူမက သစ်သားတံခါးကို ဖြည်းဖြည်းလေး တွန်းဖွင့်လိုက်ပြီး ဆရာကို ဖြတ်ကျော်သွားခဲ့၏။ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူမက ပြန်လှည့်ပြီး ဆရာကို အရိုအသေ ပေးလိုက်သေး၏။ သူမ၏အသံက လှပပြီး ချစ်စရာ ကောင်းနေသည်။

“ဆရာ …

ကျစ်ကွေး သွားပါတော့မယ်…”

ဆရာက သက်ပြင်းချလိုက်မိသည်။ လေလှိုင်းများက နွေးထွေးနေပြီး ဝါးရွက်များက လှုပ်ရှားနေသည်။ ကြည့်ရသည်မှာ သံစဉ်တစ်ခု ဖန်တီးနေသလို ထင်မှတ်ရ၏။

…………….

ခေါင်းပေါ်တွင် ဆံထိုး ထိုးထားသော လူငယ် တာအိုသခင်လေးက ဆိုင်ကိုရှင်းလင်းပြီး သက်ပြင်းချလိုက်မိသည်။ မြို့ထဲတွင် နေထိုင်သူများက သူ့ကို အကြောင်းပြချက် မေးနေသော်လည်း သူက ခေါင်းခါပြီး ပြန်မဖြေခဲ့ပေ။

သူ့ဆီတွင် လက်ထပ်ပြီးစ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး တွက်ချက်ရန် ရောက်လာခဲ့ဖူးသော မိန်းမပျိုလေးကလည်း ဤနေရာမှ ဖြတ်သွားခဲ့သည်။ ပုံမှန်မဟုတ်သော လူငယ်တာအိုသခင်လေး၏ အပြုအမူကို မြင်သည့်အခါ သူမက ချက်ချင်း ရပ်လိုက်သည်။ သူမက အသံတိုးတိုးနှင့် မေးလိုက်၏။ သို့သော် သူမ၏ မျက်လုံးများကတော့ ချောမောခန့်ညားသော လူငယ်တာအိုသခင်၏ မျက်နှာလေးကိုသာ စိုက်ကြည့်နေခဲ့သည်။

လူငယ်တာအိုသခင်က မည်သည့်ခံစားချက်မျှ မရှိဘဲ ထိုမိန်းမပျိုကို လှည့်ကြည့်လိုက်သည်။ သူက ခေါင်းငုံ့ပြီး အဝေးကို လှမ်းကြည့်လိုက်၏။ ထို့နောက် တံတွေးမျိုချလိုက်မိပြီး ထူးခြားဆန်းကြယ်သော တွက်ချက်မှုအကြောင်းကို ပြောပြလိုက်သည်။

“ဒီနေ့ ငါက ကိုယ့်ကိုယ်ကိုယ် တွက်ချက်မိခဲ့တယ်။ တော်တော်လေးကို ကြီးမားတဲ့ ကံဆိုးမှုတစ်ခု ရောက်လာတော့မယ်…”

All Chapters