အခန်း (၇)
Vol. 1 Ch. 7
တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် သံကြိုးရေတွင်းဟုခေါ်သော ရေတွင်းတစ်ခု ရှိသည်။ သံကြိုးကြီးက လူငယ်တစ်ယောက်၏ လက်မောင်းလုံးခန့် တုတ်ပြီး နှစ်ပေါင်းများစွာ ရေတွင်းအဝတွင် တွဲလောင်းကျနေခဲ့သည်။ ထိုရေတွင်းတွင် ထိုသံကြိုး မည်သည့်အချိန် ရောက်လာခဲ့ကြောင်း လူတစ်ယောက်မျှ မသိခဲ့ပေ။ ထိုကဲ့သို့ ထူးဆန်းသော အရာမျိုးကို မည်သူက လုပ်ခဲ့ကြောင်း မည်သူကမျှ အမှန်တရားကို မသိခဲ့ကြပေ။
မြို့ငယ်လေးထဲတွင် သက်တမ်းအကြာဆုံးဖြစ်သော အဘိုးအိုများကပင် အမှန်တရားကို မပြောနိုင်ကြပေ။ မြို့ငယ်လေးထဲတွင် သံကြိုး၏အရှည်ကို စမ်းသပ်ရန် ကြိုးစားခဲ့ဖူးသော စပ်စပ်စုစု လူတစ်ယောက် ရှိခဲ့ဖူးသည်။
အကြီးအကဲများက အကြံပေးခဲ့သော်လည်း ထိုလူကတော့ ရှေးဟောင်းစည်းမျဉ်းကို အလေးမထားခဲ့ပေ။ ရေတွင်းထဲမှ သံကြိုးကို ဆွဲထုတ်လိုက်သူက သံကြိုးတစ်ပေ ဆွဲထုတ်လိုက်သည့်အချိန်တိုင်း သက်တမ်းတစ်နှစ် ဆုံးရှုံးရမည် ဖြစ်သည်။ အဆုံးတွင်တော့ သူက အမွှေးတိုင် တစ်တိုင်စာခန့်အချိန်နှင့် အစွမ်းကုန်သုံးပြီး သံကြိုးကို ဆွဲထုတ်နိုင်ခဲ့သည်။ သို့သော် သေဆုံးသွားမည့် လက္ခဏာမျိုး မပြသေးပေ။
ထိုလူက ပင်ပန်းနွမ်းနယ်သွားသည့်အတွက် ထိုသံကြိုးကို ရေတွင်းပတ်ပတ်လည်တွင် ခွေထားခဲ့သည်။ သူက နောက်တစ်နေ့တွင် ပြန်လာမည်ဟုပြောခဲ့ပြီး ထိုအရာကို မယုံကြည်ခဲ့ပေ။ သူ့အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် သူ၏ဒွါရ (၇) ပေါက်မှနေ၍ သွေးများ စီးကျနေပြီး အိပ်ရာပေါ်တွင် သေဆုံးသွားခဲ့၏။ သူ့မိသားစုက မည်မျှ ကြိုးစားစေကာမူ အလောင်းက မျက်စိပိတ်နိုင်ခြင်း မရှိချေ။
အဆုံးတွင်တော့ ရေတွင်းအနားတွင် မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့သော အဘိုးအို တစ်ယောက်က သူ့အလောင်းကို ရေတွင်းဆီသို့ သယ်လာရန် မိသားစုကို ပြောလိုက်သည်။ ထိုအဘိုးအိုက သံကြိုးကို ရေတွင်းထဲသို့ ပြန်ထည့်လိုက်ကြောင်း သူ့ကို ကြည့်စေခဲ့၏။ သံကြိုးတစ်ခုလုံး ရေတွင်းထဲသို့ ဝင်ရောက်သွားသည့် အချိန်မှသာ အလောင်းက မျက်စိမှိတ်နိုင်ခဲ့သည်။
အဘိုးအိုနှင့် လူငယ်တစ်ယောက်က သံကြိုးရေတွင်းဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ကောင်လေးက နှာခေါင်း (၂) ဖက်မှ နှပ်ချေးများ ကျနေသော ကလေးတစ်ယောက် ဖြစ်သည်။ သူ့ပုံစံက နှစ်ဝက်ခန့်သာ ကျောင်းတက်ရသေးသော တောသားကောင်လေးတစ်ယောက်နှင့် မတူပေ။
ထိုအချိန်တွင် ကလေးက မော့ကြည့်လိုက်၏။ သူ၏မျက်လုံးများက အနက်ရောင် စပျစ်သီး (၂) လုံးကဲ့သို့ ဖြစ်နေသည်။ သူက နှာခေါင်းရှုံ့လိုက်ရာ နှပ်ချေးများက အထဲသို့ ပြန်ဝင်သွားခဲ့၏။ ကလေးက လက်ထဲတွင် ပန်းကန်လုံးဖြူကြီးတစ်ချပ် ကိုင်ထားသော ပုံပြောသမားကိုကြည့်ပြီး ပြောလိုက်သည်။
"ကျုပ် တာဝန်ပြီးသွားရင် ခင်ဗျားရဲ့ ပန်းကန်လုံးထဲမှာရှိတာကို ပြမှာလား…"
အဘိုးအိုက ရယ်ပြီး ပြောလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့။ ရေတွင်းဆီရောက်သွားပြီးရင် မင်းရဲ့ဆန္ဒအတိုင်း ပြမှာပါ…"
ထိုကလေးက သူ့ကို သတိပေးလိုက်သည်။
"ခင်ဗျား ကတိမဖျက်နဲ့။ မဟုတ်ရင်တော့ ခင်ဗျားကြီးက ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်။ ခင်ဗျားက အဲဒီကိုရောက်တာနဲ့ သံကြိုးရေကန်ထဲကို ပြုတ်ကျသွားမှာ..။ ကျုပ်က ခင်ဗျားရဲ့အလောင်းကို ကောက်ပေးမှာ မဟုတ်ဘူး။ မဟုတ်ရင်လည်း ရုတ်တရက် မိုးကြိုးတွေကျလာပြီး ခင်ဗျားကို မီးသွေးတုံးဖြစ်အောင် လုပ်ပစ်လိမ့်မယ်။ ကျုပ်ကတော့ ကျောက်တုံးတစ်တုံးယူပြီး ခင်ဗျားရဲ့အလောင်းကို တစ်စစီဖျက်ဆီးပစ်ဦးမှာ..."
ကလေးငယ်၏ နှုတ်ဖျားမှနေ၍ ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးများ ထွက်လာသည်ကို ကြားသည့်အခါ အဘိုးအိုက ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။
သူက အလျင်အမြန် ပြောလိုက်၏။
"ငါ မင်းကို သေချာပေါက် ပြမှာပါ။ စကားမစပ် မင်းက အဲဒီစကားတွေကို ဘယ်ကနေ သင်လာခဲ့တာလဲ…"
ကလေးက ပြောလိုက်၏။
"ကျွန်တော့်အမေဆီက..."
အဘိုးအိုက သက်ပြင်းချလိုက်သည်။
"တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ရှိနေတဲ့နေရာလို့ ခေါ်ထိုက်တာပဲ…"
ကလေးက ရုတ်တရက်ရပ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"ခင်ဗျားက ကျုပ်တို့တွေကို ကျိန်ဆဲနေတာလား။ ကျုပ်က စုန့်ကျိရှင်းလို ဆန့်ကျင်ဘက် ပြောတတ်တဲ့လူတွေကို သိတယ်…"
အဘိုးအိုက လျင်မြန်စွာ ငြင်းဆန်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
"မြို့ထဲမှာ ထူးထူးဆန်းဆန်းအရာတွေ ဖြစ်သေးလား…"
ကလေးက ခေါင်းညိတ်ပြလိုက်သည်။ အဘိုးအိုက မေးလိုက်၏။
"ငါ့ကို ပြောစမ်းပါဦး…"
ကလေးက အဘိုးအိုကို လက်ညှိုးထိုးပြပြီး အလေးအနက် ပြောလိုက်သည်။
"ဥပမာပြောရရင်တော့ ခင်ဗျားက ပန်းကန်လုံးဖြူကြီးတစ်ချပ်ကိုသယ်ပြီး လူတွေကို ကြေးပြားမထည့်ခိုင်းဘူး။ ခင်ဗျားရဲ့ပုံပြင်မပြီးသေးခင် ခင်ဗျားရဲ့ပုံပြင်က မဆိုးဘူးလို့ ကျုပ်အမေက ပြောတယ်။ ခင်ဗျားက လူတွေကို လိမ်တဲ့နေရာမှာ တော်တော်လေး တော်တယ်လို့တောင် ကျုပ်အမေက ပြောတယ်။ ဒါကြောင့် သူက ခင်ဗျားကို ကြေးပြားထည့်ဖို့ ကျုပ်ကို ပြောခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက မလိုချင်ဘူး။ ဒီပန်းကန်လုံးထဲမှာ ဘာတွေရှိနေတာလဲ…"
အဘိုးအိုက ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။ ရှေးဟောင်း သစ်ခါးပင်ကြီးအောက်တွင် ပုံပြောခြင်း ပြီးဆုံးသွားခဲ့သော ပုံပြောဆရာက ထိုကလေးကို တရုတ်ဇီးသီးပွင့်လမ်းကြားလေးထဲတွင် ရှိနေသော ရေတွင်းဆီသို့ ခေါ်လာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပထမတော့ ထိုကလေးက လိုက်မပို့ချင်ခဲ့ပေ။ ထို့ကြောင့် သူ၏ပန်းကန်လုံးဖြူက အလွန်ရှားပါးသော အရာတစ်ခုဖြစ်ကြောင်း အဘိုးအိုက ပြောခဲ့သည်။ ကလေးက အလွန်စိတ်ဝင်စားသွားခဲ့၏။ သူကတော့ ကိုယ့်အိမ်ကိုယ် ပြန်ရန်ပင် မေ့နေခဲ့သည်။
ငယ်စဉ်ကတည်းကစပြီး သူက လျှိုရှန်းယန်နှင့် သူ့အဖွဲ့၏ နောက်မှလိုက်ပြီး လျှောက်သွားရခြင်းကို သဘောကျသည်။ ငါးလေးတစ်ကောင်၊ ငါးသလဲထိုးလေးတစ်ကောင် ဖမ်းရန်အတွက် ထိုကလေးက နေရောင်အောက်တွင် မလှုပ်မယှက်ဘဲ တစ်နာရီခန့်ပင် နေနိုင်သည်။
သူ၏စိတ်ရှည်သည်းခံနိုင်မှုက အလွန်အံ့သြစရာကောင်း၏။ ထို့ကြောင့် ပန်းကန်လုံးဖြူထဲတွင် ရှိနေသောအရာကို အဘိုးအို ပြောသည့်အချိန်တွင် ကလေးက ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
ပထမတွင် အဘိုးအိုက ထူးဆန်းသည့် တောင်းဆိုမှုတစ်ခု လုပ်ခဲ့သည့်အချိန်တွင်ပင် သူက ငြင်းဆန်ခဲ့ခြင်း မရှိချေ။ အဘိုးအိုက သူ၏အလေးချိန် မည်မျှရှိကြောင်း မ ကြည့်ချင်သည်ဟု ပြောခဲ့ချိန်တွင် စဉ်းစားမနေဘဲ သဘောတူခဲ့၏။ မည်သို့ဖြစ်စေကာမူ သူ့ကို မ လိုက်လျှင်လည်း ဆုံးရှုံးသွားစရာ မရှိချေ။
သို့သော် ကလေးကို မျက်ခုံးပင့်စေနိုင်သော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ဘယ်လက်ထဲတွင် ပန်းကန်လုံး ကိုင်ထားသော အဘိုးအိုက ညာဘက်လက်ကိုသုံး၍ ကလေးကို မ ရန် (၅) ကြိမ် (၆) ကြိမ်ခန့် ကြိုးစားခဲ့သည်။ သို့သော် ကလေးကို မ၍ မရနိုင်ခဲ့ပေ။
အဆုံးတွင်တော့ ကလေးက အဘိုးအို၏ ခြေလက်ပိန်ပိန်လေးများကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ ပိန်ပိန်ပါးပါးနှင့် ချန်းပင်အန်းကမှ အဘိုးအိုထက် ပို၍ခွန်အားရှိဦးမည်ဟု သူတစ်ယောက်တည်း တွေးခဲ့မိ၏။ သို့သော် သူက ထိုပန်းကန်လုံးဖြူထဲတွင် ရှိနေသောအရာကို မတွေ့ရသေးသည့်အတွက် အဘိုးအိုကို အရှက်ရသွားစေရန် မပြောခဲ့ပေ။
ရွှံ့ပုလင်းလမ်းကြားနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရန်ဖြစ်ဆဲဆိုခြင်းနှင့် ပတ်သက်လာလျှင် ထိုကလေးက အဆင့် (၃) ဖြစ်သည်။ အဆင့် (၂) ကတော့ စာသင်သား စုန့်ကျိရှင်းဖြစ်ပြီး အဆင့်(၁)ကတော့ ထိုကလေး၏အမေ ဖြစ်သည်။
အဘိုးအိုက ရေတွင်းဆီသို့ လျှောက်လာသော်လည်း ရေတွင်းပေါ်တွင် မထိုင်ခဲ့ပေ။ ရှေးဟောင်းရေတွင်းကြီးကို အနက်ရောင်အုတ်များနှင့် တည်ဆောက်ထားခဲ့၏။ အဘိုးအို၏ အသက်ရှုသံက အလွန်ပြင်းထန်နေသည်။
ကလေးက ရေတွင်းဆီ လျှောက်သွားပြီး ရေတွင်းဘောင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုမြင်ကွင်းကြောင့် အဘိုးအိုက ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။ အကယ်၍ သူသာ ဂရုမစိုက်လျှင် ကလေးငယ်က ရေတွင်းထဲသို့ ပြုတ်ကျသွားပါလိမ့်မည်။ ရှေးဟောင်းရေတွင်း၏ သမိုင်းကြောင်းအရ သူ့အလောင်းကို ပြန်ဆယ်ရန်ပင် ခက်ခဲနိုင်သည်။
အဘိုးအိုက ရှေ့ကို ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်၍ သံကြိုးကို စစ်ဆေးကြည့်လိုက်သည်။ တစ်ဖက်အစွန်းကို ချည်နှောင်ထားပြီး အောက်ခြေကတော့ ရေတွင်းထဲတွင် ကျနေခဲ့၏။
"ဖုန်းရွှေအများဆုံး နေရာတစ်ခု...။ ဒီကမ္ဘာကြီးထဲမှာ အကောင်းဆုံးနေရာတစ်ခု..."
အဘိုးအိုက ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
သူက တစ်ယောက်တည်း တွေးနေခဲ့၏။
"နောက်ဆုံးမှာတော့ ဒီရတနာကို ဘယ်သူက ရသွားမှာလဲ…"
အဘိုးအိုက လွတ်နေသော ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးကို စိုက်ကြည့်လိုက်သည်။ သူ၏လက်ဖဝါးပေါ်တွင် မျဉ်းကြောင်းလေးများ ရှုပ်ထွေးနေခဲ့၏။ သို့သော် မျဉ်းကြောင်းအသစ်တစ်ခု ပေါ်လာပြီး အက်ကွဲကြောင်းတစ်ခုကဲ့သို့ ရှည်ထွက်လာခဲ့သည်။
အင်မော်တယ်များက တောင်တန်းများ၊ မြစ်များကို ကြည့်နေသည့်အချိန်တွင် သူတို့၏လက်ဖဝါးကို ကြည့်နေရသလို ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင်တော့ အဘိုးအိုက သူ့ကိုယ်သူသာ ကြည့်နေခဲ့၏။
ထိုအဘိုးအိုက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။
"နေ့ဝက်ပဲ ရှိသေးတယ်။ ဒီလောက်တောင် မည်းမှောင်နေပြီ။ အဲဒီလူတွေက..."
ကလေးငယ်က ခါးထောက်ပြီး ရေတွင်းပေါ်တွင် ရပ်နေခဲ့သည်။ သူက အဘိုးအိုကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"ခင်ဗျားက ကျုပ်ကို ပန်းကန်လုံး ပြမှာလား မပြဘူးလား…"
အဘိုးအိုက မသက်မသာ ပြောလိုက်သည်။
"အောက်ကို မြန်မြန်ဆင်းလာခဲ့… ငါ မင်းကို အခုချက်ချင်းပဲ ဒီပန်းကန်လုံးပြမယ်…"
ကလေးငယ်က မယုံသင်္ကာ ဖြစ်နေသော်လည်း အဆုံးတွင်တော့ ရေကန်ပေါ်မှ ခုန်ဆင်းလာခဲ့သေးသည်။ အဘိုးအိုက ခဏကြာ စဉ်းစားနေပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ကောင်လေး…
မင်းနဲ့ငါက ရေစက်ရှိတယ်။ ငါက မင်းကို ဒီပန်းကန်လုံးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြနိုင်တယ်။ ဒါပေမယ့် ဒါကိုမြင်သွားပြီးရင် ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ မင်းအမေကိုတောင် ပြန်မပြောရဘူး။ မင်းက လက်ခံတယ်ဆိုရင်တော့ ငါ မင်းကိုပြမယ်။ တကယ်လို့ လက်မခံဘူးဆိုရင်တော့ မင်းက ငါ့နောက်ကွယ်မှာ မကောင်းပြောနေရင်တောင် ငါ မင်းကိုမပြနိုင်ဘူး…"
ကလေးက မျက်ခုံးပင့်လိုက်မိသည်။
"ဒါဆိုလည်း ရတယ်လေ..."
အဘိုးအိုက ရေတွင်း၏ဘေးသို့ တည်ငြိမ်စွာ လျှောက်သွားခဲ့၏။ သူ ငုံ့ကြည့်လိုက်သည့် အချိန်တွင် ကလေးငယ်က ရေတွင်းဘောင်ပေါ်တွင် ခြေ (၂) ဖက်ချ၍ ထိုင်နေကြောင်း တွေ့လိုက်ရသည်။ အဘိုးကတော့ စည်းကမ်းမရှိသော ထိုကလေးငယ်ကို ရန်စမိသည့်အတွက် အတော်လေး နောင်တရနေခဲ့သည်။
သူက ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ရေကန်ကို မျက်နှာမူလိုက်သည်။ ထို့နောက် သူ၏လက် (၅) ချောင်းက ပန်းကန်လုံးဖြူ၏ အောက်ခြေကို ကိုင်လိုက်ပြီး လက်ဖဝါးက နည်းနည်းချင်းဆီ စောင်းလာခဲ့သည်။
ကလေးငယ်က အချိန်တော်တော်ကြာ စောင့်နေရသည်ဟု ခံစားမိနေခဲ့၏။ သို့သော် ခေါင်းပေါ်တွင် ရှိနေသော ပန်းကန်လုံးဖြူက လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ အဘိုးအိုကတော့ ထိုပုံစံအတိုင်း ဆက်၍ရှိနေခဲ့၏။
ကလေးငယ်က စိတ်မရှည်နိုင်တော့သည့်အတွက် ထပ်ပြောတော့မည့်အချိန်တွင် ပန်းကန်လုံးဖြူထဲမှနေ၍ လက်ညှိုးအရွယ် စမ်းချောင်းငယ်လေးတစ်ခုပေါ်လာပြီး ရေတွင်းထဲကို တိတ်တဆိတ် ကျသွားခဲ့သည်။
ကျိန်စာတိုက်ရန် ပြင်နေသော ကလေးငယ်က ရုတ်တရက် အံ့အားသင့်စွာ ပါးစပ်ပိတ်လိုက်မိသည်။ ခဏကြာပြီးနောက် ကလေး၏မျက်နှာက ထိတ်လန့်နေရာမှ ရှုပ်ထွေးမှုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ကလေးငယ်က အကြောက်တရားများကို စတင်ခံစားလာခဲ့ရသည်။ သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး ရေတွင်းပေါ်မှခုန်ချ၍ အိမ်သို့ ထွက်ပြေးသွားခဲ့၏။
ထိုအဘိုးအို၏ ပန်းကန်လုံးထဲမှ ထွက်လာသော ရေပမာဏက ဧရာမရေကန်ကြီး တစ်ခုထက်ပင် ပိုသာနေခဲ့သည်။ သို့သော် ပန်းကန်လုံးဖြူထဲမှနေ၍ ရေများဆက်၍ စီးကျလာနေသေး၏။ ကလေးငယ်က နေ့ခင်းကြောင်တောင် တစ္ဆေသရဲတွေ့သလို ခံစားလိုက်ရသည်။
………..
လျှိုရှန်းယန်က လမ်း၏ဘေးဘက်တွင် ရှိနေသော လမ်းခွဲလေးထဲကို လျှောက်လာပြီး သူ၏ ဓားသိုင်းပညာကို စတင်လေ့ကျင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က ဘီးတစ်ခုကဲ့သို့ ဖြစ်နေပြီး အလွန်လျင်မြန်စွာ လည်နေခဲ့၏။ သူကတော့ ဖိနပ်အသစ်ကလေးကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ထိုအရပ်ရှည်ရှည် လူငယ်လေးက မြို့ထဲမှ ထွက်လာပြီး မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်လာခဲ့၏။ သူသာ သခင်ကြီးစုန့် ဆောက်ထားသော အမိုးတံတားကို ဖြတ်သွားမည်ဆိုလျှင် ရွမ်မိသားစု သားအဖ ဖွင့်ထားသော ပန်းပဲဆိုင်ကို ရောက်ပါလိမ့်မည်။
လျှိုရန်းယန်က အလွန်မောက်မာပြီး မာနကြီး၏။ သို့သော် ဆရာရွမ်ကတော့ သူ့ကို စကားတစ်ခွန်းသာ ပြောထားသည်။
"ငါတို့က ဒီမှာ မီးဖိုတည်ဆောက်ပြီး ဓားတစ်လက် ဖန်တီးဖို့ ရောက်လာခဲ့တာ..."
ဓားတစ်လက် ထုဆစ်ခြင်းက ကောင်းမွန်လှသည်။ လျှိုရှန်းယန်က နောက်ပိုင်းတွင် ဓားအစစ် တစ်လက် ရတော့မည်ဟု တွေးလိုက်မိသည့်အချိန်တိုင်း အလွန်စိတ်လှုပ်ရှားလာခဲ့၏။ သူက သစ်ကိုင်းခြောက်ကို အဝေးသို့ ပစ်ထုတ်လိုက်ပြီး တစ္ဆေသရဲ တစ်ကောင်ကဲ့သို့ ပြေးရင်း အော်ဟစ်လာခဲ့သည်။
လျှိုရှန်းယန်က သူ့ကို ဆရာရွမ် သီးသန့်သင်ကြားပေးခဲ့သော လက်သီးသိုင်းကွက်တချို့ကိုလည်း စဉ်းစားပြီး စတင်လေ့ကျင့်နေခဲ့၏။ သူက ထိုအရာတွင် အတော်လေး ကျွမ်းကျင်ပြီး အားမာန်အပြည့် ဖြစ်နေသည်။ လူငယ်လေးက အမိုးတံတားနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့၏။
အမိုးတံတား၏ မြောက်ဘက်အဆုံးတွင် ရှိနေသော လှေကားပေါ်တွင်တော့ လူ (၄)ယောက် ထိုင်နေကြသည်။ အလွန်ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်က အနီဝတ် ကောင်လေးတစ်ယောက်ကို ဖက်ထားသည်။ သူမက တိုက်ပွဲအောင်နိုင်လာသော စစ်သူကြီးတစ်ယောက်ကဲ့သို့ ခေါင်းမော့ထားခဲ့၏။
လှေကား၏ တစ်ဖက်အစွန်တွေတော့ တစ်ခေါင်းလုံးဖြူနေသော အရပ်ရှည်ရှည် သန်သန်မာမာ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ ထိုအဘိုးအိုက သူ့ဘေးတွင် ရှိနေသော ကလေးမလေးကို တိတ်တဆိတ် နှစ်သိမ့်နေခဲ့၏။
သူမက ကျောက်စိမ်းတုံးလေးပမာ ဖြူဖွေးနူးညံ့နေပြီး ဤကမ္ဘာကြီးထဲတွင် တန်ဖိုးအရှိဆုံး ကြွေရုပ်လေးပမာ ဖြစ်နေသည်။ အလွန်နူးညံ့သိမ်မွေ့သော သူမ၏အသားအရေက နေရောင်အောက်တွင် ကြည်လင်တောက်ပနေပြီး အရေပြားအောက်တွင် ရှိနေသော သွေးကြောများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ကလေး (၂) ယောက်က အစောပိုင်းလေးတွင် ရန်ဖြစ်ပြီးသွားပြီ ဖြစ်သည်။ ကလေးမလေးက ငိုတော့မည့်အချိန်တွင် ကလေးငယ်ကတော့ ပို၍ကျေနပ်နေပုံရ၏။
အဘိုးအိုက တောင်မြင့်ကြီး တစ်လုံးကဲ့သို့ အရပ်ရှည်ရှည်နှင့် မာကြောကြံ့ခိုင်လှသည်။ သူ့ဘေးတွင် ရှိနေသော အမျိုးသမီးက သူ့ကို တောင်းပန်သည့်အနေနှင့် ကြည့်လိုက်သော်လည်း အဘိုးကတော့ လျစ်လျူရှုထားခဲ့၏။
လှေကား၏အောက်ခြေတွင်တော့ လုမျိုးရိုး ကောင်လေးတစ်ယောက် ရပ်နေခဲ့သည်။ သူက လုမိသားစုခေါင်းဆောင်၏ အကြီးဆုံး မြေးတစ်ယောက်ဖြစ်သော လုကျန့်ချွန်း ဖြစ်သည်။ နေရာတစ်ခုက လူတစ်ယောက်ကို မြှင့်တင်ပေးနိုင်သည်မှာ အမှန်ဖြစ်၏။ ဤမြို့ငယ်လေးထဲတွင် မွေးဖွားကြီးပြင်းလာသော လူပေါင်းများစွာက တခြားနေရာမှ ယောကျ်ားများ၊ မိန်းမများထက် ပို၍ ကြည့်ကောင်းကြသည်။
သို့သော် လုကျန့်ချွန်းကတော့ အရက်နှင့် မိန်းမ လိုက်စားသည်မှာ ကြာခဲ့ပါပြီ။ လှေကားတွင် ထိုင်နေသူ (၄) ယောက်၏ မျက်လုံးထဲတွင်တော့ သူ့ပုံစံက ကြည့်ပျော်ရှုပျော်ပင် မရှိတော့ချေ။
လုမိသားစု ပိုင်ဆိုင်ထားသော နဂါးမီးဖိုကြီးများက အရေအတွက်အရဖြစ်စေ အရွယ်အစားအရဖြစ်စေ မြို့ထဲတွင် အကြီးဆုံး ဖြစ်သည်။ မြို့ထဲမှ ထွက်သွားသော မျိုးဆက်အများစုကလည်း တခြားနေရာများသို့သွား၍ သူတို့၏မျိုးနွယ်ကို ပြန့်ပွားအောင် လုပ်ဆောင်ကြသည်။
သို့သော် မြို့ငယ်လေးထဲတွင်သာ ပျော်ရွှင်နေတတ်သော လုကျန့်ချွန်းက အတော်လေးကို စိုးရိမ်နေခဲ့၏။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက တင်းမာနေသည်။ သူက အနည်းငယ် အမှားလုပ်မိလိုက်ရုံနှင့် မိသားစုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရနိုင်၏။
ကလေးငယ်က မြို့ငယ်လေးထဲမှ လူများ နားမလည်နိုင်သော ဘာသာစကားနှင့် ပြောလိုက်သည်။
"အမေ …
လျှိုမျိုးရိုး အမှိုက်ကောင်ရဲ့ဘိုးဘေးက တကယ်ပဲ..."
သူက နာမည်ကို ပြောတော့မည့်အချိန်တွင် အမျိုးသမီးက ကလေးငယ်၏ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။
"ဒီကိုမလာခင် မင်းအဖေက ဒီနေရာအကြောင်း အကြိမ်ကြိမ် ပြောခဲ့တယ်လေ။ မင်းက ဒီမှာနာမည်တွေကို လက်လွတ်စပယ် ပြောလို့မရဘူး…"
ကလေးငယ်က သူ့အမေ၏လက်ကို တွန်းထုတ်လိုက်ပြီး မျက်လုံးများက နီရဲနေခဲ့၏။ သူက အသံတိုးတိုးနှင့် မေးလိုက်သည်။
"သူ့မိသားစုဆီမှာ တကယ်ပဲ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာချပ်ဝတ်အင်္ကျီနဲ့ ဓားသိုင်းကျမ်း ရှိနေတာလား…"
အမျိုးသမီးက သူ့သား၏ခေါင်းကို လက်နဲ့ပုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"လုမိသားစုရဲ့ အကြီးအကဲတစ်ဝက်လောက်က အာမခံထားတယ်လေ။ အဲဒီပစ္စည်း (၂)ခုက အဲဒီကောင်လေးရဲ့အိမ်ထဲမှာ ရှိနေသေးတယ်.."
ကလေးငယ်က အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"အမေ…
ကျွန်တော်တို့က ရှောင်ပိုင်မိသားစုရဲ့ရတနာနဲ့ လဲလို့ရနိုင်မှာလား။ ကျွန်တော်တို့ လိုချင်နေတဲ့ ရတနာချပ်ဝတ်အင်္ကျီက တော်တော်လေး ရုပ်ဆိုးတယ်။ အမေ သေချာစဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့သာ အဲဒီဓားသိုင်းကျမ်းကို လဲနိုင်မယ်ဆိုရင် အိပ်မက်ထဲကနေတောင် ဓားပျံနဲ့ လူတစ်ယောက်ရဲ့ခေါင်းကို ယူနိုင်လိမ့်မယ်။ အဲဒါက တော်တော်လေးလည်း လျှို့ဝှက်တယ်။ ဒါက လိပ်ခွံထက် ပိုပြီးတော့အစွမ်းထက်တယ် မဟုတ်လား…"
ထိုအမျိုးသမီး ရှင်းပြသည်ကို စောင့်မနေဘဲ အနားတွင် ရှိနေသော ကလေးမလေးက ဒေါသတကြီး ပြောလိုက်သည်။
"နင်က ငါတို့ ပျောက်ဆုံးနေတဲ့ ရတနာကို လိုချင်တာလား။ ဒီတစ်ကြိမ် ရတနာတွေကို ပိုင်ရှင်အမှန်ဆီ ပြန်ယူဖို့ ငါတို့က ရောက်လာတာ...။ ငါတို့က သူခိုးဓားပြတွေ သူဖုန်းစားတွေလို အရှက်မရှိတဲ့လူတွေ မဟုတ်ဘူး…"
ကောင်လေးက ပြန်လှည့်ကြည့်လိုက်ပြီး ခနဲ့သလို ပြောလိုက်သည်။
"ပြဿနာအိုးလေး...
အဲဒါက နင့်ရဲ့အပြောပဲရှိတာ...။ ဒါက တောင်မြင့်ကြီးရဲ့ရတနာလား။ နင်တို့ဂိုဏ်းရဲ့ အစဉ်အလာလား။ အဲဒီတော့ရော ဘာဖြစ်လဲ…"
စနောက်တတ်သော ကောင်လေး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုအမျိုးသမီး၏ လက်ထဲမှ မတ်တပ်ရပ်လာပြီးနောက် သူက ကလေးမလေးကိုကြည့်ပြီး တပည့်ကို ဆုံးမနေသော ဆရာတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။
"မဟာလမ်းစဉ်က အင်မော်တယ်အဖြစ်ကို ဦးတည်တယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အရာတွေ လုပ်ဆောင်တာက စကားလုံးနဲ့ တိုက်ခိုက်နေတာ သက်သက်ပဲ။ တကယ်လို့ နင်က အဲဒါကိုတောင် နားမလည်နိုင်ဘူးဆိုရင် နောက်ပိုင်းမှာ မိသားစုစီးပွားရေးတွေကို ဘယ်လိုဆက်ခံမှာလဲ။ ဘိုးဘေးသင်ကြားမှုတွေကို ဘယ်လိုလိုက်နာမှာလဲ။ နှစ် (၃၀) ကြာတဲ့အချိန်တိုင်း ကျန့်ယန်တောင်ကို အနည်းဆုံးမီတာ (၃၀၀) မြှင့်ရလိမ့်မယ်။ ပြဿနာအိုးလေး... နင့်ရဲ့အဘိုးတွေ နင့်ရဲ့အဖေတွေအတွက်တောင် ဒါက လွယ်မယ်လို့ထင်တာလား.."
ကလေးမလေး၏ အရှိန်အဝါက လျော့ကျသွားသည်။ သူမက စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရပြီး ခေါင်းငုံ့၍ ကောင်လေးကိုပင် မကြည့်ရဲတော့ပေ။
ဆံပင်ဖြူနှင့် အဘိုးအိုက ပြောလိုက်၏။
"မိန်းကလေး.…
ကလေးတွေရဲ့စကားက အချင်းချင်း မထိခိုက်စေနိုင်ပေမယ့် ငါ့သခင်မလေးရဲ့ တာအိုနှလုံးသားကို ထိခိုက်သွားမယ်ဆိုရင်တော့ အကျိုးဆက်ကို သေချာစဉ်းစားသင့်တယ်…"
အမျိုးသမီးက လှပစွာ ပြုံးလိုက်ပြီး သူ့သားကို ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်သည်။ သူမက အင်္ကျီအိတ်ထဲတွင် လျှို့ဝှက်အပ်တစ်ချောင်းကို ကိုင်ထားရင်း ပြောလိုက်၏။
"ကလေးတွေ ရန်ဖြစ်တာက သဘာဝပါပဲ။ စီနီယာလူဝံကြီး ဒီလောက်လည်း မကျေမနပ် ဖြစ်မနေပါနဲ့။ ကျွန်မတို့မိသားစု (၂) ခုကြားမှာရှိတဲ့ နှစ်ထောင်ပေါင်းများစွာ ရင်းနှီးမှုကို အပျက်စီးမခံပါနဲ့…”
အဘိုးအိုက အလွန်ဒေါသကြီးလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။ သူမက ချက်ချင်း ပြန်ဖြေလိုက်၏။
"ကျန့်ယန်တောင်ကို တည်ထောင်လာတာ နှစ်ပေါင်း (၂၆၀၀) ရှိနေပြီ။ ကျွန်မတို့က ကျေးဇူးတရားကိုလည်း ကျေးဇူးတရားနဲ့ ပြန်ပြီးပေးဆပ်တယ်။ နှစ်ပေါင်း (၁၀၀၀) ကြာသွားရင်တောင် မမေ့တတ်ဘူး။ ကျွန်မတို့က ရန်ငြိုးကိုလည်း ရန်ညှိုးနဲ့ပဲ ပြန်ပြီးတုန့်ပြန်တတ်တယ်။ ကျွန်မတို့က ရန်ညှိုးမဖြစ်ချင်ဘူး…"
အမျိုးသမီးက ပြုံးလိုက်၏။
သူမကတော့ သူမ၏ကိုယ်ပိုင် ခံစားချက်များကြောင့် ငြင်းခုံနေခဲ့ခြင်း မရှိချေ။ လူတိုင်းက မြို့ငယ်လေးသို့ လာရသော ခရီးစဉ်တွင် လေးလံသော တာဝန်များကို သယ်ဆောင်ထားရသည်။ အထူးသဖြင့် သူမ ဖြစ်၏။ သူမက သူမ၏အသက်၊ သား၏အနာဂတ်နှင့် မိသားစုအမွေအနှစ်များကိုပင် စွန့်စားထားရသည်။
သူမက အလွန်ကြီးကျယ်သော လောင်းကစားအတွက် ခြင်းတစ်ခြင်းထဲတွင် ကြက်ဥများအားလုံးကို ပေါင်းထည့်ထားရသလို ဖြစ်နေခဲ့သည်။ ထိုအမျိုးသမီးက ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း အဆင့်အတန်းမြင့်သည့် ပုံသဏ္ဍာန်မျိုး ရှိသည်။ သို့သော် မြို့ငယ်လေးထဲတွင် ရှိနေသူများကတော့ ပြင်ပကမ္ဘာကြီးကို မမြင်ဖူးသည့်အတွက် နောက်ကွယ်တွင် ရှိနေသော အရှုပ်အထွေးများကို မသိခဲ့ကြပေ။
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် လုကျန့်ချွန်းက အမိုးတံတား၏ လှေကားကိုသာ ကျောပေးထားခဲ့သည်။
သူက လုမိသားစု စံအိမ်ထဲတွင် အလွန်ထူးခြားသည့် ဧည့်သည်များကို ပထမဆုံး တွေ့ခဲ့ရသည့်အချိန်၌ သူ့ညီလေးက ငယ်ရွယ်ပြီး ဆင်ခြင်တုံတရား မရှိချေ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိသည့်အတွက် သူ့အဘိုး၏ သတိပေးချက်ကို ယာယီ မေ့လျော့သွားခဲ့သည်။ သူက အလွန်လှပသော အမျိုးသမီး၏ ရင်သားကို ခိုးကြည့်မိခဲ့သည်။
အလွန်ဒေါသထွက်သွားသော သူ့အဘိုးက သူ့ကို ဆွဲခေါ်သွားပြီး ခြံဝန်းထဲတွင် သေသည်အထိ ရိုက်ပစ်ရန် အမိန့်ပေးခဲ့သည်။ သူ့ကို သတ်နေသည့်အချိန်တွင် အသံထွက်လာမှာ စိုးသည့်အတွက် ပါးစပ်ထဲတွင် ဂွမ်း ထည့်ထားခဲ့၏။
ထို့ကြောင့် ပင်မခန်းမထဲတွင် သူ့အဘိုးနှင့် ကိစ္စရပ်များ ဆွေးနွေးနေသော လုကျန့်ချွန်းက သူ့ညီ၏ ဆိုးဆိုးဝါးဝါး အော်သံများကို မကြားရသလို သွေးသံရဲရဲ မြင်ကွင်းကိုလည်း မမြင်ခဲ့ရပေ။
ဆွေးနွေးမှု ပြီးဆုံးသွားသည့်အချိန်တွင်တော့ သူတို့က လျှိုမျိုးရိုး လူငယ်ကိုရှာရန် ထွက်လာခဲ့ကြသည်။ ပင်မခန်းမကြီးထဲမှ ထွက်လာခဲ့သည့်အချိန်တွင် ခြံဝန်းထဲ၌ ရှိနေသော သွေးစီးကြောင်းများကို ရှင်းပစ်လိုက်ကြောင်း လုကျန့်ချွန်းက တွေ့လိုက်ရသည်။
အဝေးမှ ရောက်လာသော ဧည့်သည် (၄) ယောက်ထဲတွင် ကလေးငယ် (၂)ယောက်ကပင် ထိုအရာကို အံ့သြနေခဲ့ခြင်း မရှိချေ။ သူတို့အတွက်တော့ ထိုအရာက ဖြစ်ကိုဖြစ်ရမည့် အရာတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်တွင် လုကျန့်ချွန်းက အတော်လေးကို မှင်တက်သွားခဲ့သည်။ ဘာကြောင့် လူတစ်ယောက်၏ သေဆုံးမှုက ခွေးတစ်ကောင် သေဆုံးခြင်းထက်ပင် ဆိုးရွားနေရသနည်း။ ထို့ပြင် သူ၏မျိုးရိုးနာမည်က လုဖြစ်သည်။
ယမန်နေ့ညတွင် သူက သူ့ညီနှင့် သတ္တိမွေးရန်အတွက် အရက်သောက်နေခဲ့သည့် အချိန်တွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ပိုင်းတွင်တော့ သူတို့က အောင်မြင်မှုများ သေချာပေါက် ရလာနိုင်ပြီး မိသားစုကို ဂုဏ်ယူနိုင်အောင် လုပ်ပေးမည်ဟု ပြောခဲ့ကြသည်။
ညီအစ်ကို (၂) ယောက်က ရေတွင်းထဲတွင် ရှိနေသော ဖားသူငယ်များ မဟုတ်ကြပေ။ သူတို့က ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုကို ဖန်တီးရန် ကြိုးစားနေခဲ့ကြ၏။
လုမိသားစုစံအိမ်ထဲမှ ထွက်လာပြီးသွားသည့်အချိန်တွင်ပင် လုကျန့်ချွန်း၏ စိတ်ထဲ၌ ဝေဝါးနေသေးသည်။ ထို့နောက် လုကျန့်ချွန်းက အကြောက်တရားများကို စတင်ခံစားလာရ၏။ လူစိမ်းများက သူ့ကို မေးခွန်းများ မေးသည့်အချိန်တွင် သူ့အသံက တုန်ယင်နေခဲ့သည်။
သူက လမ်းပြသည့် အချိန်တွင်လည်း သူ၏ခြေလှမ်းများက မမှန်ခဲ့ပေ။ သူက ရယ်စရာကောင်းသော လူတစ်ယောက်ဖြစ်နေပြီး သူ့အဘိုးကို စိတ်ပျက်အောင် လုပ်မိမည်ဆိုလျှင် မိသားစုတစ်ခုလုံး အရှက်ရနိုင်ကြောင်း သိထားခဲ့၏။
သို့သော် လူငယ်လေးက အကြောက်တရားများကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိချေ။ သူ၏အရိုးထဲတွင် စိမ့်၍ အေးလာသလို ခံစားနေရသည်။ ယခင်နှစ် နှစ်ကုန်ပိုင်းတွင် သူ့အဘိုးက သူနှင့်သူ့ညီကို လျှို့ဝှက်အခန်းတစ်ခုထဲသို့ ခေါ်လာပြီး သိပ်မကြာခင် လုမိသားစုက အဆင့်မြင့်မိသားစုတစ်ခုအတွက် အလုပ်လုပ်ပေးရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထိုအရာက သူတို့အတွက် ကံကောင်းခြင်းတစ်ခုဖြစ်ပြီး သူတို့က သတိထားရမည် ဖြစ်၏။ အကယ်၍ သူတို့သာ အောင်မြင်သွားမည်ဆိုလျှင် လုမိသားစုက ညီအစ်ကို (၂)ယောက်ကို ပျိုးထောင်နိုင်သော ခြေနင်းကျောက်တုံးတစ်ခု ဆုလာဘ် ရပါလိမ့်မည်။
ထိုအဆင့်မြင့် မိသားစုတစ်ခုကသာ ခေါင်းညိတ်လိုက်မည်ဆိုလျှင် သူတို့၏အနာဂတ်က တောက်ပသွားနိုင်၏။ သူတို့က လျင်မြန်စွာ တိုးတက်လာနိုင်ပြီး အဆုံးတွင်တော့ မျှော်မှန်း၍ မရနိုင်သော အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုကို ရရှိနိုင်သည်။ ထိုအချိန်ကျမှသာ ဘာကြောင့် သူနှင့် သူ့ညီအစ်ကိုတို့က အသက်ငယ်ငယ်လေးနှင့် ဒေသပေါင်းစုံ ထူးဆန်းသည့် စကားများကို သင်ကြားခဲ့ရကြောင်း နားလည်သွားခဲ့သည်။
လုကျန့်ချွန်းက အမိုးတံတားနားသို့ တဖြည်းဖြည်း နီးကပ်လာသော လျှိုရှန်းယန်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ ထိုလူငယ်အပေါ် တဖြည်းဖြည်း မုန်းတီးလာသလို ခံစားနေရ၏။
သူက ထိုလူငယ်ကို လမ်းကြားလေးထဲတွင် ပိတ်ထားပြီး ခွေးသေတစ်ကောင်ကဲ့သို့ နင်းချေကန်ကျောက်ခဲ့ဖူးသည်။ လမ်းကြားလေးထဲမှ ကလေးတစ်ယောက်ထွက်လာပြီး လူသေနေပြီဟု အော်ဟစ်ခဲ့ခြင်းမရှိလျှင် သူနှင့် အပေါင်းအဖော်များက ဘောင်းဘီချွတ်ပြီး သေးပန်းရန်ပင် စဉ်းစားထားကြသည်။
ယခုအချိန်ထိပင် ဘာကြောင့် အလွန်အဆင့်အတန်းမြင့်မားသော ပညာရှင်များက လျှိုရှန်းယန်ကို စိတ်ဝင်စားနေကြောင်း သူလည်း နားမလည်သေးပေ။ သူတို့ပြောသော ရတနာချပ်ဝတ်အင်္ကျီ၊ ဓားသိုင်းကျမ်း၊ ကျန့်ယန်တောင်၊ အင်မော်တယ်လမ်းကြောင်းနှင့် အခွင့်အရေး တိုက်ခိုက်ခြင်းဟူသော အရာများကို လုကျန့်ချွန်းက နားလည်သယောင် ထင်မှတ်ရသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ တစ်ခုမျှ နားမလည်ခဲ့ပေ။
သို့သော် လုကျန့်ချွန်းက တစ်ခုကိုတော့ သိနေခဲ့၏။ သူက လျှိုရှန်းယန်ကို ဤနေရာတွင် သေသွားစေချင်ခဲ့သည်။ အစစ်အမှန် အကြောင်းပြချက်ကိုတော့ လုကျန့်ချွန်းကလည်း ဝန်ခံရဲခြင်း မရှိသလို စဉ်းစားရဲခြင်းလည်း မရှိချေ။ သူ့ရင်ထဲတွင်တော့ လုကျန့်ချွန်းက အဆင့်နိမ့်သော ခွေးတစ်ကောင်ဖြစ်သည့် လျှိုရှန်းယန်ကို မမြင်ချင်ခဲ့ပေ။
အလွန်အဆင့်အတန်းမြင့်သော လုသခင်လေးက သူနှင့် အဆင့်တူ အခြေအနေ ရောက်သွားကြောင်း မမြင်စေချင်ခဲ့ပေ။ သို့သော် ထိုအရာထက် ပို၍အရှက်ခွဲခံရသည့် အရာမျိုးလည်း မရှိတော့ချေ။
လှပသော အမျိုးသမီးက သူ့ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
"သူရောက်လာပြီ…"
အရပ်ရှည်ရှည် လူငယ်လေးက လမ်းတစ်လျှောက်တွင် လက်သီးထိုးလာခဲ့၏။ နောက်ပိုင်းတွင်တော့ သူ၏လက်သီးများက ပို၍ပင် မြန်ဆန်လာခဲ့သည်။ အလွန်လျင်မြန်လွန်းလှသည့်အတွက် လူငယ်လေး၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လက်သီးအရှိန်အဝါများ လွှမ်းခြုံနေပြီး သူက အနည်းငယ် ယိမ်းယိုင်သွားခဲ့၏။
ပညာရှင်များ၏ မျက်လုံးထဲတွင်တော့ ကနဦး လက်သီးဆန္ဒများက မာကျောမှုနှင့် သိမ်မွေ့မှုကို ပေါင်းစပ်နိုင်သော အောင်မြင်မှု ခြေလှမ်းတစ်ခု ဖြစ်သည်။ လက်သီးသိုင်းပညာ၏ လမ်းကြောင်းတွင် စကားပုံတစ်ခု ရှိသည်။
"တကယ်လို့ လက်သီးဆန္ဒတွေကို နားမလည်နိုင်ဘူးဆိုရင် နှစ် (၁ဝဝ) လုံးလုံး လူပိန်းပဲ ဖြစ်နေလိမ့်မယ်။ လက်သီးဆန္ဒကို နားလည်သွားပြီဆိုရင်တော့ (၁၀) နှစ်လောက်နဲ့ တစ္ဆေတွေ ၊ နတ်ဘုရားတွေကိုတောင် တိုက်ခိုက်လာနိုင်လိမ့်မယ်…"
လှပသော အမျိုးသမီးက စိတ်သက်သာရာ ရသွားခဲ့သည်။ လျှိုမျိုးရိုး လူငယ်လေးက သူတို့ ရှာဖွေနေသော လူငယ်ဖြစ်၏။ သူက အမှန်တကယ်လည်း ထူးချွန်ထက်မြက်သည်။ အင်မော်တယ် ရဲတိုက်များထဲတွင်ပင် သူ၏အုတ်မြစ်နှင့် ပါရမီက လျှော့တွက်၍ မရနိုင်ပေ။ သို့သော် လှပသော အမျိုးသမီးနှင့် ဆံဖြူအဘိုးအို၏ ကမ္ဘာကြီးထဲတွင်တော့ သာမန်လူအများစုကပင် ထိုကဲ့သို့ အမျိုးအစားများ ဖြစ်ကြသည်။
လှပသော အမျိုးသမီးက မတ်တပ်ရပ်ပြီး လှေကားထစ်အောက်ခြေကို စိုက်ကြည့်နေသော လုကျန့်ချွန်းကို အမိန့်ပေးလိုက်သည်။
"အဲဒီကောင်လေးကို သွားပြောလိုက်...။ သူ့မိသားစု ရတနာ (၂) ခုကိုရောင်းပေးဖို့ သူ လိုချင်တာကို တောင်းဆိုခိုင်းလိုက်..."
လုကျန့်ချွန်းက ပြန်လှည့်လာသည့်အချိန်တွင် ခေါင်းငုံ့ပြီး ဦးညွှတ်လိုက်သည်။ သူက မြို့ငယ်လေးထဲမှ စကားကိုသာ အသားကျနေသည့်အတွက် ထိုစကားနှင့် ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ သခင်မ..."
အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။
"အဲဒီကောင်လေးနဲ့ စကားပြောတဲ့အချိန်ကျရင် ချိုချိုသာသာရှိပါစေ။ အရေးကြီးတဲ့ကိစ္စကို အလေးထားပါ…"
လူငယ်က လက်ချောင်းလေးများကို တင်းတင်းဆုပ်လိုက်ပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။
ထိုအချိန်တွင် ကောင်လေးက သူ့ကိုလက်ညှိုးထိုးပြီး ရုပ်တည်တည်နှင့် ပြောလိုက်သည်။
"တကယ်လို့ မင်းသာ ကိစ္စကြီးကို ပျက်စီးအောင်လုပ်မယ်ဆိုရင် မင်းကို အရေခွံခွာပြီး အကြောတွေကို ဆွဲထုတ်ပစ်မယ်။ ပြီးရင်တော့ မင်းရဲ့စိတ်ဝိညာဉ်ကို တစ္ဆေတစ်ကောင်အဖြစ် သန့်စင်ပစ်မယ်။ ငါက မင်းကို အချိန်တိုင်း သေသွားအောင် လုပ်ပစ်မယ်…"
လုကျန့်ချွန်းက တစ်ကိုယ်လုံး တုန်ယင်ပြီး ကြောက်လန့်သွားခဲ့သည်။ သူက ပို၍ပင် ခါးကိုင်းပြီး စိုးရိမ်တကြီး ပြောလိုက်၏။
"ကျွန်တော်က ဒီကိစ္စကို မပျက်စီးစေရပါဘူး…"
နောက်ဆုံးတွင်တော့ ကလေးမလေးက အနည်းငယ် စိတ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ သူမက ခနဲ့သလို ပြောလိုက်၏။
"သာမန်လူတွေရဲ့ရှေ့မှာတော့ နင်က ဂုဏ်သိက္ခာရှိတာပေါ့။ ဒါပေမဲ့ ဒီကိုလာတဲ့ လမ်းတလျှောက်လုံးမှာ ဘယ်သူကများ ခွေးကောင်လို့ အခေါ်ခံနေရတာလဲ မသိဘူး။ သူက ပြန်တောင် မပြောရဲဘူး…"
ထောင်ထောင်မောင်းမောင်းနှင့် အဘိုးအိုက စလာကတည်းက ထိုသားအမိကို သဘောမကျပေ။ ထို့ကြောင့် သူက ထပ်ဖြည့်ပြောလိုက်၏။
"သခင်မလေး …
သခင်မလေးက မှားနေပြီ။ သူက ပြန်ပြီး မတိုက်ခိုက်ရဲတာ မဟုတ်ဘူး။ သူက စကားနဲ့တောင် ပြန်မပြောရဲတာ..."
အနီဝတ် ကလေးငယ်က အံကြိတ်ပြီး ကလေးမလေးကို စိုက်ကြည့်လိုက်သည်။ သူက မျက်နှာပျက်နေသော်လည်း ရိုင်းစိုင်းသည့် စကားတစ်ခွန်းမျှ မပြောရဲပေ။ အဆုံးတွင်တော့ သူက ပြုံးနေခဲ့၏။
အမျိုးသမီး၏ အကြည့်ကတော့ ရှေ့တွင် ရှိနေသော လမ်းမပေါ်တွင်သာ ရှိနေခဲ့၏။ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့သည်။ သူမဆီတွင် အငြိုးအတေးရှိမရှိ နတ်ဘုရားမှသာ သိနိုင်ပါလိမ့်မည်။
ကလေးမလေးက နှာခေါင်းရှုံ့လိုက်ပြီး လှေကားမှ ဆင်းသွားခဲ့၏။ သူမက စမ်းချောင်းဘေးတွင် ထိုင်နေပြီး ရေထဲတွင် ကူးခတ်နေသော ငါးများကို ငုံ့ကြည့်နေခဲ့သည်။ ရံဖန်ရံခါ ငါးအုပ်ကြီးက သူမ၏မျက်စိရှေ့တွင် ကူးခတ်လာခဲ့၏။ အရေအတွက်က တူညီမှုမရှိဘဲ ငါးများက အနီရောင်နှင့် အစိမ်းရောင်များ ဖြစ်ကြသည်။
…………..
မြို့ငယ်လေးထဲတွင် ရှိနေသော ရှေးဟောင်းသစ်ခါးပင်ကြီးအောက်တွင် အဘိုးကြီးတချို့ စကားပြောနေကြသည်။ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသည့်အချိန် သူတို့က အမိုးတံတားလေးကို ဖြတ်ကျော်သွားသည့်အချိန်တိုင်း တံတားအောက်တွင် ရွှေရောင်ငါးတစ်ကောင် ကူးနေသည်ကို မြင်ခဲ့ကြသည်ဟု ပြောတတ်၏။
သို့သော် ရွှေရောင် အကြေးခွံများနှင့် ငါးက လက်တစ်ဝါး အရွယ်သာ ရှိသည်ဟု တချို့အဘိုးကြီးများက ပြောခဲ့သည်။ တချို့လူများကတော့ ထူးဆန်းသော ရွှေငါးက အရမ်းကိုကြီးမားပြီး အနည်းဆုံး လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ရှိသည်ဟု ပြောတတ်၏။ သူက ဝိညာဉ်တစ်ကောင် ဖြစ်သည်ဟုပင် ပြောတတ်သည်။
ထင်မြင်ချက်မျိုးစုံ ရှိနေပြီး အဘိုးအိုများက ငြင်းခုံနေကြ၏။ ရလဒ်အနေနှင့် ပုံပြင်ကို နားထောင်နေကြသော ကလေးငယ်တစ်ယောက်မျှ ထိုအရာကို အလေးအနက် မထားခဲ့ကြပေ။
ထိုအချိန်တွင် ကလေးမလေးက စမ်းချောင်းကို စိုက်ကြည့်နေခဲ့၏။ သူမက လက် (၂)ဖက်ပေါ်သို့ မေးတင်ထားပြီး မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေခဲ့သည်။
ဆံဖြူအဘိုးအိုက သူမ၏အနားတွင်ထိုင်၍ တိုးတိုးလေး ပြောလိုက်၏။
"သခင်မလေး …
တကယ်လို့ လုမိသားစုကသာ မလိမ်ဘူးဆိုရင် ဒီအခွင့်အရေးက တခြားလူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားလောက်ပြီ…"
ကလေးမလေးက ပြန်လှည့်ပြီး ပြုံးလိုက်သည်။
"အဘိုးလူဝံကြီး ပစ္စည်းက (၂) ခုရှိတယ်လေ…"
ထို့နောက် သူမက ရယ်စရာကောင်းသော သွားကျိုးလေးပင်ပေါ်အောင် ပြုံးလိုက်မိသည်။ ထိုအရာကို သိသွားသည့်အချိန်တွင် ကလေးမလေးက ချက်ချင်းပင် ပါးစပ်ကို လက်နှင့်အုပ်လိုက်၏။
အဘိုးအိုက ရယ်နေရာမှ ရှင်းပြလိုက်၏။
"မြစ်ကိုတောင် မဖြတ်နိုင်တဲ့ ရေနဂါးတွေက သူတို့ရဲ့ပိုင်နက်ခွဲခြားမှုအကြောင်းပဲ စိတ်ဝင်စားနေကြတာ...။ သူတို့က သူတို့နဲ့မျိုးနွယ်တူတွေကို အနားကပ်လာခွင့် မပေးကြဘူး။ ဒါကြောင့်..."
ကလေးမလေးက သက်ပြင်းချလိုက်မိသည်။ သူမက ပြန်လှည့်ကြည့်လိုက်ပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူမက တီးတိုးရေရွတ်လိုက်မိသည်။
"အဲဒါဆိုရင် ဘာတွေဖြစ်လာမှာလဲ..."
ကလေးမလေးအပေါ် အမြဲလိုလို ညင်သာသော အဘိုးအိုက ပထမဆုံး အကြိမ်အဖြစ် တည်ငြိမ်သွားခဲ့သည်။ သူက ကလေးမလေး၏ခေါင်းကို ညင်သာစွာကိုင်၍ ပြောလိုက်၏။
"သခင်မလေး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့စကားလုံးက ကျွန်တော်တို့မျိုးဆက်မှာ ရန်သူတစ်ယောက်ပဲဆိုတာ သတိထားပါ။ သခင်မလေးက ကံတရားကိုပဲ အားကိုးနေလို့မရဘူး။ သခင်မလေးက အဆင့်အတန်းမြင့်ပေမယ့်..."
ကလေးမလေးက လက်ကာပြလိုက်သည်။ သူမက ချစ်စရာကောင်းစွာ ပြောလိုက်၏။
"ကျွန်မသိပြီ ကျွန်မသိပြီ အဘိုးလူဝံကြီး...။ တော်တော်လေးလည်း နားငြီးနေပြီ…"
အဘိုးအိုက ပြောလိုက်သည်။
"သခင်မလေး …
ကျွန်တော်သွားပြီး အခြေအနေကြည့်လိုက်ဦးမယ်။ သူတို့တွေက အပေါ်ယံမှာ ကျန့်ယန်တောင်နဲ့ မဟာမိတ်တွေလို့ပြောပေမယ့် မိသားစုကြီးတွေရဲ့သဘာဝအရ ပြောဖို့မကောင်းဘူး။ ကျွန်တော်က သခင်မလေးကိုလည်း ဆက်ပြီးတော့ ဒုက္ခမပေးချင်တော့ဘူး…"
သူမက သူ့ကို ဝေးဝေးသွားရန် လက်ကာပြလိုက်သည်။ သူက မသက်မသာ ထွက်ခွာသွားခဲ့ရ၏။
အစေခံတစ်ယောက် ဖြစ်ပုံရသော ထွားထွားကြိုင်းကြိုင်းနှင့် အဘိုးအို၏လက် (၂)ဖက်က ဒူးထိအောင် ရောက်နေခဲ့သည်။ သူ လမ်းလျှောက်သည့်အချိန်တွင် နောက်ကျောက အနည်းငယ်ကုန်းနေပြီး အလွန်လေးလံသော အရာတစ်ခုကို သယ်ဆောင်ထားရသလို ထင်မှတ်ရ၏။
ကမ်းစပ်တွင်ရှိနေသော ကလေးမလေးက သူမ၏မျက်လုံးကို ပြင်းပြင်းထန်ထန် ပွတ်လိုက်သည်။ စမ်းချောင်းထဲတွင်ရှိနေသော ရေမျက်နှာပြင်က ဖြည်းဖြည်းချင်း နိမ့်ကျလာကြောင်း တွေ့လိုက်ရ၏။ ထိုအရာကို သာမန်မျက်လုံးနှင့်ပင် တွေ့နေရသည်။
အကယ်၍ မြို့အပြင်ဘက်တွင် ရှိနေသော ကျန့်ယန်တောင်နှင့် သူမ၏မွေးရပ်မြေတွင် ဆိုလျှင်တော့ စမ်းချောင်းတစ်ခုလုံး ချက်ချင်း ခန်းခြောက်သွားမည်ဆိုလျှင်ပင် သူမက အံ့ဩနေခဲ့ခြင်း မရှိပေ။
ကလေးမလေးက ရှုပ်ထွေးစွာ မေးလိုက်မိ၏။
"လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာတွေ ၊ နတ်ဘုရားစွမ်းရည်တွေ ၊ တာအိုနည်းလမ်းတွေအားလုံးက ဒီနေရာမှာ ရှိနေတာ မဟုတ်လား။ ကျင့်စဉ်အဆင့်က ပိုပြီးတော့မြင့်လေလေ တန်ပြန်သက်ရောက်မှုက ပိုပြီးတော့ပြင်းထန်လေလေ မဟုတ်လား။ တကယ်လို့ ဒဏ္ဍာရီပညာရှင် တစ်ယောက်ဆိုရင်တောင် ဒီနေရာမှာ အချိန်အကြာကြီး နေလိုက်မယ်ဆိုရင် မြစ်ထဲကို ဖြတ်ကူးနေတဲ့ ရွှံ့ရုပ်တစ်ခုလို ဖြစ်သွားမှာပဲလို့ အဘိုးလူဝံကြီးက ပြောခဲ့ဖူးတယ်။ ဒီနေရာမှာ တိုက်ခိုက်မှုကို တားဆီးဖို့အတွက် တော်တော်လေးကို ခက်တာပဲ…"
အဆုံးတွင်တော့ သူမက ခေါင်းခါလိုက်မိသည်။ သူမက ထိုပဟေဠိကိုဆက်ပြီး စဉ်းစားလိုခြင်း မရှိချေ။ ကလေးမလေးက အဘိုးလူဝံကြီး၏ နောက်ကျောကို ပြန်လှည့်ကြည့်လိုက်၏။
သူမက စိတ်ထဲတွင်တော့ ဝမ်းမြောက်ဝမ်းသာ တွေးနေခဲ့သည်။ ဤနေရာ၏ ပိတ်ဆို့မှုသာ လုံးဝပြန်ပွင့်သွားမည်ဆိုလျှင် တိမ်ခွဲတောင်ဟုခေါ်သော တောင်မြင့်ကြီးကို ရွှေ့ပေးရန် အဘိုးလူဝံကြီးကို တောင်းဆိုချင်ခဲ့သည်။ သူမက ထိုအရာကို မွေးရပ်မြေသို့ ယူသွားပြီး ပန်းပွင့်ဥယျာဉ်လေးတစ်ခုအဖြစ် အသုံးပြုချင်နေခဲ့၏။