← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ချန်းပင်အန်း ခြံဝန်းထဲသို့ ပြန်ရောက်လာပြီးနောက် မျက်ခုံးလှုပ်နေကြောင်း ခံစားလိုက်ရသည်။ ဘယ်ဖက်မျက်ခုံးလှုပ်လျှင် ကံကောင်းခြင်းဖြစ်ပြီး ညာဖက်မျက်လုံးလှုပ်လျှင် ကံဆိုးခြင်း ဖြစ်သည်။

ထို့ကြောင့် ချန်းပင်အန်းက တံခါးပေါက်တွင်ထိုင်ပြီး လေထဲတွင် လက်နှစ်ဖက်နှင့် သစ်သားဆွဲနေသည့် ပုံစံမျိုး စိတ်ကူးယဉ်ကြည့်လိုက်သည်။ သိပ်မကြာခင် မြက်ဖိနပ်နှင့် လူငယ်လေးက တစ်ယောက်တည်း သီးသန့်အခြေအနေကို ရောက်ရှိသွားခဲ့၏။

လုံ့လဝီရိယရှိခြင်းက အရေးကြီးသည့်အပြင် ဆာလောင်မှုကို ခံနိုင်ရည်ရှိခြင်း ကလည်း အလွန်အရေးကြီးသည်။ ထို့ကြောင့် ချန်းပင်အန်းက သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသည့်အချိန်တိုင်း သစ်သားဆွဲသည့် အလေ့အကျင့်ကို ပျိုးထောင်နေခဲ့၏။

ကြွေထည်များနှင့် ပတ်သက်ရာတွင် အရေးကြီးဆုံး အရာကတော့ ကောင်းကင်ဘုံ၏ဆန္ဒ ဖြစ်သည်။ မီးဖိုကြီးများကို မဖွင့်ခင် ကြွေသား၏ အရောင်နှင့် ကြွေထည်၏ ပုံသဏ္ဌာန်က စိတ်ကြိုက်ရနိုင်ခြင်း ရှိမရှိ မည်သူမျှ မပြောနိုင်ကြပေ။ သူတို့က ကောင်းကင်ဘုံ၏ဆန္ဒကိုသာ စောင့်မျှော်နေကြသည်။ သို့သော် သစ်သားပြားဆွဲသည့်အရာကတော့ မီးဖိုကြီးမဖွင့်ခင် အရေးကြီးဆုံး အရာတစ်ခု ဖြစ်သည်။

သို့သော် ချန်းပင်အန်း၏ ပါရမီက နိမ့်ကျသည်ဟု အဘိုးယောင်က သတ်မှတ်ထားသည့်အတွက် အချိန်အများစုတွင် သူကိုယ်တိုင်သာ လုပ်ဆောင်တတ်သည်။ ချန်းပင်အန်းက ဘေးမှာနေ၍သာ ဂရုတစိုက် ကြည့်နေခဲ့ရ၏။ ထို့နောက် သူက ရွှံ့များနှင့် လေ့ကျင့်ပြီး မှန်ကန်သော ခံစားချက်ကို ရှာဖွေရန် တစ်ယောက်တည်း လေ့ကျင့်တတ်သည်။

ဘေးဖက်ခြံဝန်းထဲတွင် တံခါးဖွင့်လိုက်သောအသံကို ကြားလိုက်ရသည်။ စုန့်ကျိရှင်းက သူ့အစေခံ ကျစ်ကွေးနှင့်အတူ ကျောင်းမှပြန်လာခြင်း ဖြစ်၏။ အလွန် ချောမောခန့်ညားသော လူငယ်လေးက နံရံနိမ့်လေးပေါ်သို့ အလွယ်တကူ ခုန်တက်လိုက်သည်။

နံရံပေါ်သို့ တက်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်လိုက်၏။ သူ့လက်ထဲတွင် အရောင်မျိုးစုံ ရှိနေသော ကျောက်တုံးလေးများ ရှိနေသည်။ အရွယ်အစားမျိုးစုံရှိပြီး တန်ဖိုးမရှိသော ထိုကျောက်တုံးများကို မြို့ငယ်လေး၏ နေရာတိုင်း တွေ့နေရသည်။

သူတို့ထဲတွင် အနီရောင် တောက်ပနေသော ကျောက်တုံးတစ်တုံး ရှိနေပြီး ထိုကျောက်တုံးလေးးက ကြက်သွေးများ စိုနေသလို ထင်ရသည်။ ထိုအရာက နာမည် အကျော်ကြားဆုံး ဖြစ်၏။

ကျောင်းတွင် ဆရာချီက သူ့တပည့် ကျိုးယောင်အတွက် တံဆိပ်တစ်ခု ဖန်တီးပေးထားသည်။ ထိုတံဆိပ်က အ‌တော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု စုန့်ကျိရှင်းက ခံစားခဲ့ရ၏။ သူက ထိုအရာကို ပစ္စည်းတစ်ခုခုနှင့် လဲလှယ်ရန် အကြိမ်ပေါင်းများစွာ တိုက်တွန်းခဲ့သော်လည်း ထိုလူငယ်ကတော့ ငြင်းဆန်ခဲ့သည်။

စုန့်ကျိရှင်းက ကျောက်ခဲတစ်တုံးနှင့် ပစ်လိုက်၏။ ထိုအရာက လေးလံမှု မရှိသော်လည်း ချန်းပင်အန်း၏ရင်ဘတ်ကို တည့်တည့် ထိမှန်ခဲ့သည်။ ချန်းပင်အန်းကတော့ စိတ်ဝင်စားခြင်း မရှိချေ။

သူက နောက်တစ်ကြိမ် ပစ်လိုက်ပြန်၏။ ယခုတစ်ကြိမ်တော့ ချန်းပင်အန်း၏ နဖူးကို ထိသွားခဲ့သည်။ ချန်းပင်အန်းက မလှုပ်သေးပေ။ ထိုအရာကြောင့် စုန့်ကျိရှင်းက အံ့သြနေခဲ့ခြင်း မရှိချေ။ သူက ကျောက်တုံး(၈)တုံးခန့်ကို တစ်တုံးပြီးတစ်တုံး ဆက်တိုက် ပစ်နေခဲ့၏။

စုန့်ကျိရှင်းက ချန်းပင်အန်းကို နှောင့်ယှက်ရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း ချန်းပင်အန်း၏ လက်နှင့် လက်ချောင်းလေးများကိုတော့ တိုက်ရိုက်ပစ်ခဲ့ခြင်း မရှိပေ။ ထိုအရာက မမျှတသော နိုင်ပွဲတစ်ခု ဖြစ်သွားမည်ဟု ခံစားမိနေခြင်းကြောင့် ဖြစ်သည်။ စုန့်ကျိရှင်းက နောက်ဆုံးကျောက်တုံးကို ပစ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ခါလိုက်သည်။

ချန်းပင်အန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်၏။ သူက စုန့်ကျိရှင်းကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ခဏကြာ စဉ်းစားနေပြီးနောက် သူက ခေါင်းငုံ့ပြီး ဘယ်ဖက်လက်နှင့် ဓားတစ်ချောင်း ကိုင်ထားသလို မြင်ယောင်ကြည့်လိုက်ပြန်သည်။

မြို့ငယ်လေးထဲတွင် ရှိနေသော မီးဖိုအလုပ်သမားများထဲတွင် ခုန်ပျံခြင်း ဓားသိုင်းပညာက ထူးခြားသော နည်းလမ်းတစ်ခု မဟုတ်ချေ။ သို့သော် အဘိုးယောင်၏ ခုန်ပျံခြင်း ဓားသိုင်းပညာကို မြင်လိုက်ရသူတိုင်းက သူ့ကို လက်မထောင်မိပါလိမ့်မည်။

အဘိုးယောင်က တပည့်အနည်းငယ် ခေါ်ခဲ့သော်လည်း တစ်ယောက်မျှ အဘိုးအိုကို ကျေနပ်အောင် မလုပ်နိုင်ခဲ့ပေ။ လျှိုရှန်းယန် ရောက်လာသည့်အချိန်မှသာ သူ့အမွေကို ဆက်ခံနိုင်သူ တစ်ယောက် တွေ့ပြီဟု အဘိုးယောင်က ခံစားမိခဲ့၏။

ယခင်တုန်းက ဆိုလျှင်တော့ လျှိုရှန်းယန် လေ့ကျင့်နေသည့်အချိန်တိုင်း ချန်းပင်အန်းက ဘေးတွင် ထိုင်ကြည့်နေတတ်သည်။ လျှိုရှန်းယန်ကတော့ သူ၏ဂုဏ်သတင်းကို အလွန် ဂရုစိုက်၏။ ချန်းပင်အန်းက ပါးစပ်လုံသော လူတစ်ယောက် ဖြစ်ကြောင်း သိနေသည့်အတွက် သူ တစ်ယောက်တည်း လေ့ကျင့်ရန် အဘိုးယောင် ပြောပြထားသော လျှို့ဝှက်ကျင့်စဉ်များကို မကြာမကြာ ပြောပြတတ်သည်။

ဥပမာအနေနှင့် ပြောရလျှင် ..

“တကယ်လို့ မင်းက ဓားကို တည်တည်ငြိမ်ငြိမ် လှုပ်ရှားချင်တယ် ဆိုရင် မင်းရဲ့လက်တွေက လှုပ်ရှားနေလို့ မရဘဲ တည်ငြိမ်ဖို့လိုတယ်။ အဆုံးမှာတော့ မင်းဆီမှာ တည်ငြိမ်တဲ့ နှလုံးသား တစ်ခုရှိဖို့ လိုအပ်တယ်…”

သို့သော် တည်ငြိမ်သောနှလုံးသား ရှိရသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ချန်းပင်အန်းက ပြန်မေးသည့်အချိန်တွင် လျှိုရှန်းယန်လည်း ပြန်ဖြေနိုင်ခြင်း မရှိတော့ပေ။

စုန့်ကျိရှင်းက ခဏကြာ စိုက်ကြည့်နေပြီး ပျင်းစရာကောင်းသည်ဟု ခံစားမိသည့်အတွက် နံရံပေါ်မှ ခုန်ချပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။

အစေခံမလေး ကျစ်ကွေးသာ နံရံဘေးတွင် ရပ်နေခဲ့၏။ သူမက ခြေဖျားမထောက်လျှင်ပင် မျက်နှာတစ်ဝက်ခန့် ပေါ်နေသေးသည်။ ထိုသို့ဆိုရာတွင် ထိုမိန်းကလေးက မိန်းမလှလေးတစ်ယောက် ဖြစ်ကြောင်း တွေ့နေရ၏။

သူမက ခဏစဉ်းစားပြီး ခြေဖျားထောက်ကြည့်လိုက်သည်။ သူမ၏ အကြည့်က လူငယ်၏ ပတ်ပတ်လည်တွင် ရှိနေခဲ့၏။ နောက်ဆုံးတွင်တော့ သူမ သဘောကျသော ကျောက်တုံးလေးနှစ်တုံးကို တွေ့လိုက်ရသည်။

တစ်တုံးက အနီရောင် ကြည်လင်တောက်ပနေပြီး နောက်တစ်တုံးကတော့ အဖြူရောင် ဖြစ်၏။ သူတို့က သူမ၏သခင်လေး ပစ်လိုက်သော ကျောက်တုံးများ ဖြစ်သည်။ သူမက ခဏစဉ်းစားနေပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ချန်းပင်အန်း…

အဲဒီကျောက်တုံးနှစ်တုံး ယူပေးပါလား။ ငါ သဘောကျလို့…”

ချန်းပင်အန်းက ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ သူ့လက်ကတော့ လှုပ်ရှားနေခြင်း မရှိဘဲ အလွန်တည်ငြိမ်နေသေး၏။ သူက သူမကို ခဏစောင့်နေရန် မျက်လုံးနှင့် အချက်ပြလိုက်သည်။

ကျစ်ကွေးက လှပစွာ ပြုံးလိုက်၏။ သူမ၏အပြုံးက အလွန်လှပလွန်းလှသည်။

သို့သော် လူငယ်လေးက ခေါင်းငုံ့သွားသည့်အတွက် ထိုမြင်ကွင်းကို လွဲချော်သွားခဲ့သည်။ သူမ၏နှုတ်ခမ်းလေး တွန့်ကွေးလိုက်သည့် အချိန်တွင် မျက်လုံးများက အလင်းရောင်များ တောက်ပနေသည်။ သူမ၏ မျက်လုံးထဲတွင် သက်ရှိသတ္တဝါတစ်ကောင် ကူးခတ်နေသလို ထင်မှတ်ရ၏။

ချန်းပင်အန်းက လုပ်ဆောင်နေသည့်အရာများ ရပ်တန့်လိုက်သည့်အချိန်တွင် အစေခံမလေး ကျစ်ကွေးကို မည်သည့်ကျောက်တုံးလဲဟု မေးလိုက်သည်။

ထိုအချိန်ကျမှသာ သူမ၏ မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားခဲ့၏။ သူတို့က မိုးရွာပြီးနောက် ပျော့ပျောင်းနေသော ရွှံ့များကဲ့သို့ ဖြစ်နေသည်။

ချန်းပင်အန်းက သူမ လက်ညှိုးထိုးပြသော ကျောက်တုံးလေးနှစ်တုံးကို ကောက်ပေးလိုက်၏။ သူက နံရံဆီသို့ လျှောက်သွားခဲ့သည်။

သူမက လက်မြှောက်လိုက်သည့်အချိန်တွင် လူငယ်လေးက ကျောက်တုံးကို နံရံပေါ်တွင် တင်ထားခဲ့၏။ သူမက ကျောက်တုံးနှစ်တုံးကိုကိုင်ပြီး လက်ဖဝါးထဲတွင် တင်းတင်း ဆုပ်ထားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုအရာကို တမင်တကာ ရှာဖွေနေမည်ဆိုလျှင် ကောက်ရိုးပုံထဲ၌ အပ်တစ်ချောင်းကို ရှာရသလို ဖြစ်နေပါလိမ့်မည်။ (၁၀)နှစ်ကြာလျှင်ပင် ကျောက်တုံးတစ်တုံးတွေ့ရန် ခက်ခဲနိုင်၏။

အကယ်၍ ရေစက်ရှိသူ တစ်ယောက်ဆိုလျှင်တော့ ဆန္ဒမရှိလျှင်ပင် လမ်းမပေါ်၌ ကျောက်တုံးများကဲ့သို့ တွေ့ရပါလိမ့်မည်။ သူက ထိုအရာများကို အလွယ်တကူ ရရှိနိုင်၏။ ထိုအရာများအားလုံးက သူ၏ခံစားချက်အပေါ်သာ မူတည်နေခဲ့သည်။

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

“အဲဒီငပျင်းကောင်က တံခါးပိတ်ထားပြီး နင့်ကို အချိန်အကြာကြီး ဆူပူကြိမ်းမောင်းနေမှာကို မကြောက်ဘူးလား…”

သူမ၏သခင်လေးက တခြားသူများ၏ ပစ္စည်းကို ခိုးကြောင်း သူမက ဝန်မခံခဲ့ပေ။ သို့သော် သူမဆီတွင် အမှန်တရားကို ငြင်းဆန်လိုသည့် အမူအရာတော့ မရှိချေ။ သူမက ပြုံးလိုက်ပြီး စကားပြန်မပြောဘဲ လှည့်ထွက်သွားခဲ့၏။

ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် သားအမိနှစ်ယောက် နေထိုင်ခဲ့သည်။ သူတို့၏ အဆဲစွမ်းရည်က မြို့ငယ်‌လေးထဲတွင် ပြိုင်ဘက်ကင်း ဖြစ်၏။ စုန့်ကျိရှင်း တစ်ယောက်တည်းကသာ သူတို့နှင့် အပြန်အလှန် ပြောနိုင်ကြသည်။

ကလေးငယ်ကလည်း အတော်လေးကို ဆိုးရွားလှ၏။ တစ်နှစ်ပတ်လုံး သူ့နှာခေါင်းမှနေ၍ နှာရည်များ ကျနေခဲ့သည်။ သူက စမ်းချောင်းထဲသို့သွားပြီး ငါးဖမ်းခြင်းနှင့် ကျောက်တုံးရှာရခြင်းကို အလွန်သဘောကျသည်။ သူ ဖမ်းထားသော ငါးများကိုတော့ ရေပုံးကြီးထဲတွင် မွေးထားပြီး ကျောက်တုံးများကိုတော့ ရေပုံးအနားတွင် ပုံထားခဲ့သည်။

စုန့်ကျိရှင်းက ထိုပြဿနာကောင်လေးကို ရန်စရသည်ကို အလွန် သဘောကျသည်။ မကြာခဏဆိုသလို သူက ထိုကျောက်တုံးများကို သွားခိုးတတ်၏။ တစ်ရက် နှစ်ရက်က ပြဿနာ မရှိသော်လည်း စုန့်ကျိရှင်းက မကြာခဏ ခိုးနေခြင်း ဖြစ်သည်။

သူ့ပစ္စည်းတစ်ခုခု ဆုံးရှုံးသွားကြောင်း သေချာသွားသည့်အချိန်တွင် ကလေးငယ်က အမြီးကို တက်နင်းခံလိုက်ရသော ကြောင်ရိုင်းလေးတစ်ကောင်ကဲ့သို့ ပေါက်ကွဲလာတတ်၏။

သူက ခြံဝန်းအပြင်ဘက်တွင် နှစ်နာရီခန့်ကြာအောင် ဆဲဆိုနေခဲ့သည်။ သို့သော် သူ့အမေက လုံးဝတားဆီးခဲ့ခြင်း မရှိချေ။ ထိုအစား သူမက မီးလောင်ရာ လေပင့်ပေးရန် အကောင်းဆုံး ကြိုးစားတတ်၏။ စုန့်ကျိရှင်းက ယခင် ထုတ်လုပ်ရေးတာဝန်ခံ၏ တရားမဝင်သား တစ်ယောက်ဖြစ်ကြောင်းကိုပင် သူမက တမင်တကာ ပြောပြတတ်သည်။

စုန့်ကျိရှင်းက အကြိမ်ပေါင်းများစွာ ဒေါသထွက်သွားခဲ့ပြီး သစ်သားခုံနှင့် ထွက်ရိုက်မိမတတ် ဖြစ်ခဲ့ဖူးသည်။ အစေခံမလေး ကျစ်ကွေးက သူ့ကို အချိန်တိုင်း ဖြောင်းဖျတားဆီးခဲ့ရ၏။

ရုတ်တရက် ဆိုသလို အလွန်စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“စုန့်ကျိရှင်း… စုန့်ကျိရှင်း…

ထွက်လာကြည့်လိုက်စမ်း။ မင်းရဲ့အစေခံနဲ့ ချန်းပင်အန်းတို့က အချင်းချင်း ကျီစယ်နေကြတယ်။ သူတို့က ကြိုက်နေတာ သေချာတယ်။ မင်းသာ မင်းရဲ့အစေခံကို မထိန်းထားဘူးဆိုရင် သူက ညကျရင် နံရံကျော်ပြီး ချန်းပင်အန်းရဲ့အိပ်ရာထဲကို သွားလောက်တယ်။ မြန်မြန်ထွက်လာခဲ့။ ချန်းပင်အန်းရဲ့လက်က အဲဒီမိန်းကလေးရဲ့ မျက်နှာကို ကိုင်နေပြီ။ မင်း မမြင်လိုက်လို့။ ချန်းပင်အန်းရဲ့အပြုံးက ရွံစရာကောင်းတယ်…”

စုန့်ကျိရှင်းကတော့ ပေါ်မလာခဲ့ပေ။ သူက အိမ်ထဲမှနေ၍ လှမ်းအော်လိုက်၏။

“ဒါက ဘာမှမဟုတ်ပါဘူး။ မနေ့ညကဆိုရင် ချန်းပင်အန်းနဲ့ မင်းအမေ ဆွဲလားရမ်းလား လုပ်နေတာကို ငါတွေ့ခဲ့တယ်လေ။ ငါ ကြည့်နေတဲ့အချိန် ချန်းပင်အန်းက မင်းအမေရဲ့အင်္ကျီကို အတင်းဆွဲဖြဲနေတာ တွေ့လိုက်ရတယ်။ ဒါက မင်းအမေရဲ့ အမှားပဲလေ။ သူ့ရဲ့ရင်သားတွေက အရမ်းကြီးနေတာကိုး။ သနားစရာကောင်းတဲ့ ချန်းပင်အန်းကတော့ တော်တော်လေးကို ပင်ပန်းသွားပြီး ခေါင်းထဲမှာတောင် ချွေးတွေ ပြည့်နေတယ်…”

လမ်းကြားထဲတွင် ထိုကလေးက စုန့်ကျိရှင်း၏ ခြံဝန်းတံခါးကို အားနှင့်ကန်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“စုန့်ကျိရှင်း… ထွက်လာပြီး တစ်ယောက်ချင်း တိုက်မယ်။ မင်း ရှုံးသွားရင် ကျစ်ကွေးကို ငါ့ရဲ့အစေခံအဖြစ် ပေးရမယ်။ သူက ငါ့ကို ပြုစုရမယ့်အပြင် နေ့တိုင်း ငါ့ရဲ့ခြေထောက်ကို ဆေးပေးရမယ်။ ငါ ရှုံးသွားမယ် ဆိုရင်တော့ ချန်းပင်အန်းကို မင်းရဲ့ အလုပ်သမားအဖြစ် ပေးမယ်။ ဘယ်လိုလဲ။ မင်းမှာ သတ္တိရှိတယ်ဆိုရင် ထွက်လာခဲ့လိုက်။ ထွက်မလာရဲဘူးဆိုရင်တော့ မင်းက ငကြောက်ပဲ…”

ခြံဝန်းထဲမှနေ၍ စုန့်ကျိရှင်းက အော်ပြောလိုက်သည်။

“ဝေးဝေးသွားစမ်း။ မင်းဖေဖေက ပြက္ခဒိန် ကြည့်နေတယ်။ ဒီနေ့က ငါ့သားကို ဆုံးမဖို့ ရက်ရာဇာ မဟုတ်သေးဘူး။ ကုစန့် … မင်းက ကံကောင်းသွားတယ် မှတ်ပါ…”

အိမ်အပြင်ဘက်တွင် ရှိနေသော ကလေးငယ်က တံခါးကို ဒုန်းခနဲ ရိုက်ချလိုက်သည်။ “ကျစ်ကွေး…

နင်က ဒီလို ငကြောက်သခင်လေးရဲ့ နောက်က လိုက်ရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းမှာပဲ။ နင်က လျှိုရှန်းယန်နဲ့ ခိုးပြေးသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီငတုံးက နင့်ကို ကြည့်နေတဲ့အချိန်တိုင်း အရှင်လတ်လတ် ဝါးစားမလို ဖြစ်နေတာ…”

အစေခံမလေး ကျစ်ကွေးက ပြန်လှည့်ပြီး အိမ်ထဲကို ဝင်သွားခဲ့သည်။

အိမ်ထဲတွင်တော့ စုန့်ကျိရှင်းက မြစိမ်းရောင် ဘူးသီးခြောက်လေးကို ဂရုတစိုက် ရှင်းလင်းနေခဲ့သည်။ ထိုအရာက သက်တမ်းမသိသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်၏။ ထိုအရာက မှူးမတ်စုန့် ချန်ထားခဲ့သော မိသားစုပိုင်ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ပထမတွင် စုန့်ကျိရှင်းက ထိုအရာကို အလေးမထားမိခဲ့ပေ။ နောက်ပိုင်းတွင်တော့ မိုးကြိုးမုန်တိုင်းတစ်ခု တိုက်ခတ်သည့်အချိန်တိုင်း ဘူးသီးခြောက်လေးဆီမှ အသံတစ်ခု ထွက်ပေါ်လာကြောင်း မတော်တဆ သတိထားမိခဲ့သည်။

သို့သော် စုန့်ကျိရှင်းက အဖုံးကို ဖယ်ရှားပြီး မည်မျှလှုပ်ခါနေစေကာမူ အတွင်းထဲမှနေ၍ တစ်ခုမျှ ထွက်ကျလာခြင်း မရှိချေ။ သူက ရေနှင့်သဲများ လောင်းထည့်လိုက်သော်လည်း ရေနှင့်သဲများသာ ရှိနေသည်။ အနည်းငယ်လေးပင် လျော့နည်းသွားခြင်း၊ ပိုများလာခြင်း မရှိချေ။ စုန့်ကျိရှင်းက အတော် စိတ်ပျက်သွားခဲ့၏။

ထို့ပြင် စုန့်ကျိရှင်းက ကုစန့်၏ အမေကို ဒေါသထွက်သော အချိန်လည်း ရှိခဲ့ဖူးသည်။ ထိုအရာကတော့ သူ့ကို အဖေ ပျိုးထောင်မှု မရှိသော တရားမဝင်သားဟု ခေါ်သည့် အချိန်မျိုးတွင် ဖြစ်၏။

စုန့်ကျိရှင်းက ဓားတစ်ချောင်းကို ယူပြီး ဘူးသီးခြောက်ကို ခွဲကြည့်လိုက်သည်။ ရလာဒ်ကြောင့် အံ့သြသွားခဲ့ရသည်။ ဓားသွားက လည်ထွက်သွားပြီး ဘူးသီးခြောက်ကတော့ အကောင်းအတိုင်းသာ ကျန်ရှိနေခဲ့သည်။ အပေါ်တွင် အမှတ်အသားတစ်ခုပင် ပေါ်မလာခဲ့ပေ။

စုန့်ကျိရှင်းက အစောပိုင်းတွင် စာတစ်စောင်ကို မီးရှို့ပစ်ခဲ့သေးသည်။ ထိုစာထဲတွင် ရေးသားထားခဲ့သည်မှာ..

“ခြံဝန်းထဲကို ရွှေ့ထားတဲ့ ‌ရွှေ၊ ‌ငွေနဲ့ ကြေးပြားတွေအားလုံးကြောင့် မင်းနဲ့အစေခံက အစားအသောက်တွေ၊ အဝတ်အစားတွေအတွက် စိုးရိမ်စရာ မလိုဘူး။ မင်းမှာ အားတဲ့အချိန် ရှိနေရင် ကြိုက်တဲ့ ရှေးဟောင်းပစ္စည်း‌တွေကို ရှာလို့ရတယ်။ မြို့လေးက သေးပေမဲ့ ဆန်ကြမ်းက ဗိုက်ကို အာဟာရ ဖြည့်ပေးနိုင်တယ်။ စာအုပ်တွေက အသိဉာဏ်ကို အာဟာရ ဖြည့်ပေးနိုင်တယ်။ မြင်ကွင်းတွေက မျက်လုံးကို အာဟာရ ဖြည့်ပေးနိုင်တယ်။ ခိုင်မာမှုကတော့ နှလုံးသားကို အာဟာရ ဖြည့်ပေးနိုင်တယ်။ ဒီနေ့ကစပြီး အကောင်းဆုံး ကြိုးစားလိုက်။ ကျန်တာကိုတော့ ကံကြမ္မာအပေါ်ပဲ ပုံအပ်ထားလိုက်။ တွင်းနက်ကြီးထဲမှာ ပုန်းနေတဲ့ နဂါးတစ်ကောင်က နောက်ပိုင်းမှာ သေချာပေါက် ဆုလာဒ်တွေ ပြန်ပေးလိမ့်မယ်…”

စုန့်ကျိရှင်းက ထိုလူကို မကျေမနပ် ဖြစ်နေသော်လည်း သူ့ငွေများကို ကုန်အောင်မသုံးနိုင်ခဲ့ချေ။ ရိုးရှင်းသော ဓလေ့ထုံးတမ်းများသာ ရှိသည့် မြို့ငယ်လေးထဲတွင် ငွေကြေး အမြောက်အမြားသုံးရန် အလွန်ခက်ခဲသည်။

နှစ်ပေါင်းများစွာ အတောအတွင်း စုန့်ကျိရှင်းက အမှိုက်များ ရှာဖွေရခြင်းကို အလွန် သဘောကျသည်။ အနီရောင် ‌ဆေးသုတ်ထားသော သေတ္တာကြီးထဲတွင် မြစိမ်းရောင် ဘူးသီးခြောက်ကဲ့သို့ တန်ဖိုးမရှိသော အရာများ ပြည့်နေခဲ့သည်။ သို့သော် စုန့်ကျိရှင်းဆီတွင် အလွန်ထူးဆန်းသော ဝါသနာတစ်ခု ရှိနေ၏။

ထိုသေတ္တာကြီးထဲတွင် ပစ္စည်းမျိုးစုံ ရှိနေသသည်။ စုစုပေါင်း အမျိုး(၃၀)ကျော် ရှိသည်။ ဘူးသီးခြောက်လေးကတော့ တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ဘူးသီးခြောက်၏ အနားတွင်တော့ သံချေးတက်နေသော ခရမ်းရွှေရောင် ခေါင်း‌လောင်းလေးတစ်ခု ရှိသည်။

ခေါင်းလောင်းကို လှုပ်လိုက်သည့် အချိန်တိုင်း သံချောင်းလေးက အတွင်းနံရံကို ရိုက်သွားကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ထိုအရာဆီမှ အသံတစ်ခု ထွက်ပေါ်လာသော်လည်း တိတ်ဆိတ်နေသေးသည်။ ထို့ကြောင့် စုန့်ကျိရှင်းက ကြက်သီးမွှေးညင်း ထသွားခဲ့ပြီး အံ့သြနေသလို ခံစားခဲ့ရ၏။ နောက်ဆုံးတွင်တော့ ရှေးဟောင်းစကားလုံးများ ရေးသားထားသည့် ရေနွေးအိုးလေးတစ်ခု ဖြစ်သည်။ တခြားပစ္စည်းများကို‌တော့ စုန့်ကျိရှင်းက သိပ်ပြီး သဘောမကျပေ။

ကုစန့်ဟုခေါ်သော ကလေးက ရပ်နေပြီး ကျယ်လောင်စွာ ဆဲဆိုနေခဲ့၏။ သူ့ဆီတွင် စွမ်းအားများ ပြည့်နေခဲ့သည်။ သိပ်မကြာခင် ဆဲဆိုနေခြင်းက ချက်ချင်း ရပ်သွားခဲ့၏။ ထို့နောက် ချန်းပင်အန်းက ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်ကြောင်း ကလေးက မြင်သွားခဲ့သည်။

သူ၏မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ တံခါးကို သော့ခတ်လိုက်ပြီးနောက် သူက တံခါးဘေးတွင် ထိုင်ချလိုက်ပြီး အသက်ကို ဝဝ ရှူနေခဲ့၏။ ထို့နောက် ချန်းပင်အန်းကို သူ့ဘေးတွင်ထိုင်ရန် ပြောလိုက်သည်။

ချန်းပင်အန်းက အကြောင်းပြချက်ကို မသိသော်လည်း ထိုကလေး၏အနားသို့ ပြေးသွားခဲ့သည်။ သူက ထိုင်လိုက်ပြီးနောက် တိုးတိုးလေး မေးလိုက်၏။

“ကုစန့်…

ဘာတွေလုပ်‌နေတာလဲ။ မင်းအမေကို ဒေါသထွက်အောင် လုပ်ခဲ့ပြန်ပြီလား…”

ကလေးငယ်က နှာခေါင်းရှုံ့လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ချန်းပင်အန်း…

ငါ မင်းကို ပြောပြမယ်။ ငါ ဒီနေ့ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့လက်ထဲမှာရှိတဲ့ ပန်းကန်လုံးဖြူကြီးထဲကနေ ရေတွေ စီးကျလာနေတာ။ အဲဒါက ကြည့်လိုက်ရင် ပန်းကန်းလုံး သေးသေးလေးပဲ။ ဒါပေမဲ့ နှစ်နာရီဆက်တိုက် ရေတွေကျလာတာကို ငါ မြင်ခဲ့ရတယ်။ အဲဒီလူက ငါတို့ ရွှံ့ပုလင်းလမ်းကြားကို ဖြတ်သွားတဲ့အချိန် ရပ်သွားတယ် ထင်တာပဲ။ သူ ငါ့ကို မြင်သွားတာများလား။ မကောင်းတော့ဘူး။ လုံးဝ မကောင်းတော့ဘူး…”

ကလေးငယ်က ပန်းကန်လုံး၏ အရွယ်အစားကို လက်ဟန်ခြေဟန်နှင့် ပြောပြလိုက်သည်။ ထို့နောက် ရင်ဘတ်ကိုပုတ်ပြီး ခံစားချက်ပြည့်နှက်စွာ ပြောလိုက်၏။

“ငါက တော်တော်ကြောက်သွားတဲ့အတွက် စုန့်ကျိရှင်းရဲ့ အဖေကိုတောင် သေစေချင်သွားတယ်…”

ချန်းပင်အန်းက မေးလိုက်သည်။

“မင်းပြောတာက ရှေးဟောင်းသစ်ခါးပင်ကြီးအောက်မှာရှိတဲ့ ပုံပြောသမားလား..”

ကလေးငယ်က အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ အဲဒီအဘိုးကြီးမှာ ဘာခွန်အားမှ မရှိဘူး။ သူက ငါ့ကိုတောင် မ မနိုင်ဘူး။ ဒါပေမဲ့ အဲဒီပန်းကန်လုံးအစုတ်က တော်တော်လေး ထူးခြားတယ်…”

ကလေးငယ်က ချန်းပင်အန်း၏လက်ကို ဆွဲလိုက်သည်။

“ချန်းပင်အန်း…

ဒီတစ်ကြိမ် ငါ မင်းကို မလိမ်ဘူး။ တကယ်လို့ ငါ လိမ်တယ်ဆိုရင် စုန့်ကျိရှင်းက ဆိုးဆိုးဝါးဝါး သေသွားပါစေလို့ ကျိန်ရဲတယ်…”

ချန်းပင်အန်းက ပါးစပ်ပေါ်သို့ လက်ညှိုးတင်ပြီး တိုးတိုးနေရန် အချက်ပြလိုက်သည်။

ကလေးငယ်က ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထိုအသံက ကျယ်လာပြီး တဖြည်းဖြည်းနှင့် အဝေးကို ရောက်သွားခဲ့၏။ အရာအားလုံးတွင် ငြိမ်သက်သွားစေနိုင်သော အရာများ ရှိသည်။

မည်သည့်အရာကိုမျှ မကြောက်သော ကလေးငယ်က မြေပေါ်တွင်ထိုင်ပြီး မျက်နှာကို လက်နှင့် ပွတ်နေခဲ့သည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နှာရည်တရွှဲရွှဲနှင့် ကုစန့်က အမှန်တကယ်ကို ကြောက်လန့်သွားကြောင်း သိသာနေသည်။

ကလေးငယ်က ရုတ်တရက် မေးလိုက်သည်။

“ချန်းပင်အန်း…

အဲဒီအဘိုးကြီးက ငါ့အိမ်ကိုတော့ မသွားလောက်ဘူး မဟုတ်လား။ ငါ ဘာလုပ်ရမလဲ…”

ချန်းပင်အန်းက မသက်မသာ ပြောလိုက်သည်။

“ငါ မင်းနဲ့အတူ အိမ်ကို လိုက်ကြည့်ပေးစေချင်တာလား…”

ကလေးငယ်က ချန်းပင်အန်း၏စကားကို စောင့်နေခြင်း ဖြစ်သည်။ သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အားနည်းစွာ ပြန်ထိုင်ချလိုက်၏။ သူက ဝမ်းနည်းစွာ ပြောလိုက်သည်။

“ငါ့ခြေထောက်တွေက အားမရှိတော့ဘူး။ ငါ လမ်းမလျှောက်နိုင်ဘူး…”

ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ကလေး၏ အင်္ကျီကော်လံကို ဆွဲလိုက်သည်။ သူက ကလေးကို လက်တစ်ဖက်နှင့်သယ်ပြီး တံခါးဖွင့်၍ ခြံဝန်းအပြင်ဘက်ကို ထွက်လာခဲ့၏။ ကလေးငယ်၏အိမ်က ဤနေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ ခြေလှမ်း(၁၀၀)ခန့်သာ ကွာဝေးသည်။

ကုစန့်က သူ့ခြံဝန်းထဲတွင် အဘိုးအိုကို တွေ့လိုက်ရသည်။ သူ့အမေက အဘိုးအိုကို ထိုင်စရာပင် ပေးထားသေးသည်။ ထိုအချိန်တွင် ကလေးငယ်ကတော့ ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရ၏။

ထို့ကြောင့် သူက ချန်းပင်အန်း၏နောက်တွင် ပုန်းနေရန် ရွေးချယ်လိုက်၏။ အရပ်ရှည်သည့်လူက သူ့ကို ကာကွယ်ပေးနိုင်သည်။ ချန်းပင်အန်းကလည်း ကလေးကို စိတ်ပျက်စေခဲ့ခြင်း မရှိချေ။ သူက ကုစန့်၏ရှေ့တွင် ရပ်လိုက်ပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။

ကလေးဆိုးလေး ကုစန့်က ချန်းပင်အန်း၏ အင်္ကျီလက်ကို ကိုင်လိုက်သည့် အချိန်တွင် ချက်ချင်းပင် အားရှိသွားခဲ့သည်။

အဘိုးအိုကတော့ ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ခဏကြာ စဉ်းစားနေခဲ့၏။ သူ့လက်ထဲတွင် ရှိနေသော ပန်းကန်လုံးဖြူက‌တော့ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကုစန့်၏ ခြေထောက်များက နောက်တစ်ကြိမ် အားနည်းသွားခဲ့ပြန်၏။ သူက ချန်းပင်အန်း၏ နောက်တွင် ပုန်းနေရင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။

အဘိုးအိုက အလွန်တည်ငြိမ်အေးချမ်းသော အမူအရာနှင့် အမျိုးသမီးကို ကြည့်လိုက်သည်။ ထို့နောက် မြက်ဖိနပ်နှင့် လူငယ်လေးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

နောက်ဆုံးတွင်တော့ သူက ကြောက်လန့်နေသော ကလေးကို ပြောလိုက်သည်။ “ကောင်လေး…

မင်းရဲ့ ရေပုံးထဲမှာ ဘာတွေ ရှိနေလဲဆိုတာ သိလား…”

ကလေးက ချန်းပင်အန်း၏ နောက်မှနေ၍ လှမ်းအော်လိုက်သည်။

“ဘာတွေရှိရမှာလဲ။ ကျုပ်က ငါးတွေ၊ ဂဏန်းတွေကို စမ်းချောင်းထဲကနေ ဖမ်းထားတာ။ ကျုပ်က လယ်ကွင်းထဲကနေ ငါးရှဉ့်တွေ ၊ ငါးသလဲထိုးတွေလည်း ဖမ်းသေးတယ်။ ခင်ဗျား ကြိုက်တယ်ဆိုရင် ယူသွားလိုက်။ ဘာမှရှက်မနေနဲ့…”

ကလေးငယ်၏အသံက တဖြည်းဖြည်း တိုးသွားခဲ့သည်။ သူ့ဆီတွင် ယုံကြည်မှုရှိပုံ မရချေ။

ခေါင်းတွင် ဆံပင်စည်းထားသော အမျိုးသမီးက ချန်းပင်အန်းကို ကြည့်လိုက်၏။ သူမက တိုးတိုးလေး ပြောလိုက်သည်။

“ပင်အန်း...”

ချန်းပင်အန်းက သူမပြောလိုသည့် အဓိပ္ပာယ်ကို နားလည်နေသည်။ သူက ကုစန့်၏ခေါင်းကို ပုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့၏။ ထိုအမျိုးသမီး၏ မျက်လုံးထဲတွင်တော့ မြက်ဖိနပ်စီးထားသော လူငယ်လေးအပေါ် အပြစ်ရှိနေသလို ခံစားနေရသည်။

သူမက အတွေးများအားလုံးကို ရှင်းထုတ်လိုက်ပြီး အဘိုးအိုကို လှည့်မေးလိုက်၏။ “အင်မော်တယ်ဆရာကြီး…

ရှင်က ဒီအခွင့်အရေးကို ဝယ်ချင်တာလား။ ဒါမှမဟုတ် ခိုးယူချင်တာလား…”

အဘိုးအိုက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဝယ်ရမှာလား။ ငါ မတတ်နိုင်ဘူး။ ခိုးရမှာလား။ ငါက ခိုးလည်း မခိုးနိုင်ဘူး..”

အမျိုးသမီးက ခေါင်းခါပြလိုက်သည်။

“အရင်တုန်းကလည်း ဒီလိုပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီလို မဖြစ်ခဲ့ဘူးလေ…”

ထိုစကားကို ကြားသည့်အချိန်တွင် အဘိုးအိုက မိုးကြိုးအပစ်ခံရသလို ခံစားလိုက်ရသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လက်(၅)ချောင်းက လျင်မြန်စွာ လှုပ်ရှားသွားခဲ့၏။

အဘိုးအိုက သက်ပြင်းချပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ဘာလို့ ဒီလိုလုပ်ဖို့ လိုအပ်မှာလဲ…”

အမျိုးသမီး၏မျက်နှာက အေးစက်သွားခဲ့သည်။

“ဒီမြို့ငယ်လေးထဲမှာ လူကောင်း ဘယ်နှစ်ယောက် ရှိတယ်လို့ ထင်လဲ…”

အဘိုးအိုက မတ်တပ်ရပ်လိုက်ပြီး ကလေးငယ်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူက ဆုံးဖြတ်ချက် ချလိုက်ပုံရ၏။ သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် ပန်းကန်လုံးဖြူက ပြန်ပေါ်လာခဲ့သည်။

အဘိုးအိုက လူတစ်ယောက်၏ ခါးလောက်ရှိသော ရေပုံးကြီးအနားသို့ လျှောက်သွားပြီး ရေခွက်နှင့် ခပ်လိုက်သည်။

အမျိုးသမီးက တည်ငြိမ်ချင်နေသယောင် ဟန်ဆောင်နေသော်လည်း သူမ၏ လက်ဖဝါးများက ချွေးပြန်နေခဲ့သည်။ အဘိုးအိုက ထိုင်ခုံတွင် ပြန်ထိုင်ပြီး ကုစန့်ကို ခေါ်လိုက်၏။

“ကလေး… ဒီကိုလာပြီး ကြည့်လိုက်…”

ကလေးငယ်က သူ့အမေကို ကြည့်လိုက်သည့်အချိန်တွင် သူမက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏မျက်လုံးများက သူ့ကို အားပေးနေခဲ့၏။

ကလေးငယ်က အနားသို့ ကပ်သွားသည့် အချိန်တွင် အဘိုးအိုက ပန်းကန်လုံးထဲတွင် ရှိနေသော ရေများကို ညင်သာစွာ မှုတ်ထုတ်လိုက်ရာ ဝဲကတော့လေးများ ပေါ်လာခဲ့သည်။ အဘိုးအိုက ပြုံးလိုက်၏။

“မင်းပါးစပ် ဟလိုက်…”

တစ်ချိန်တည်းတွင် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကလေးငယ်၏ ခန္ဓာကိုယ် တစ်နေရာတွင် ရှိနေသော ရှေးဟောင်းသစ်ခါးပင်ကြီး၏ သစ်ရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူက လက်နှစ်ချောင်းကို လှုပ်ရှားလိုက်သော်လည်း ထိုအရာကို မယူနိုင်ခဲ့ပေ။

ကလေးငယ်က သတိလက်လွတ် အော်လိုက်မိ၏။ အဘိုးအိုက သူ၏လက်ညှိုးကို လှုပ်ရှားလိုက်သည့်အချိန်တွင် သစ်ရွက်လေးက ကလေးငယ်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကလေးငယ်က အံ့သြနေခဲ့၏။ သူ့ပါးစပ်ထဲတွင်တော့ ထူးဆန်းမှုများ မရှိကြောင်း တွေ့လိုက်ရသည်။

အဘိုးအိုက သူ့ကိုမေးရန် အခွင့်အရေး မပေးခဲ့ဘဲ လက်ဖဝါးပေါ်တွင် တင်ထားသော ပန်းကန်လုံးကို လက်ညှိုးထိုးပြလိုက်သည်။

“အထဲမှာ ဘာတွေရှိလဲ ။ သေချာစိုက်ကြည့်လိုက်…”

ကုစန့်က မျက်လုံးပြူးပြီး သေချာစိုက်ကြည့်နေခဲ့သည်။ ပထမဆုံး သူက အလွန်သေးငယ်သော အနက်ရောင်အစက်လေးကို တွေ့လိုက်ရ၏။ ထို့နောက် ထိုအစက်လေးက အနက်ရောင် မျဉ်းကြောင်းလေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ နောက်ဆုံးတွင်တော့ တဖြည်းဖြည်း ပို၍ ကြီးမားလာပြီး အဝါရောင် ငါးသလဲထိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ပန်းကန်လုံးဖြူ၏ ရေထဲတွင် လှုပ်ရှားနေခဲ့၏။

ကလေးငယ်က ခေါင်းထဲတွင် စဉ်းစားနေပြီး ရုတ်တရက် အမှတ်ရသွားခဲ့သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ကျုပ် မှတ်မိပြီ။ အဲဒါ ချန်းပင်အန်းဆီက ရလာတာ…”

အမျိုးသမီးက သူ့သား၏မျက်နှာကို ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း…”

အဘိုးအိုကတော့ အံ့သြနေခဲ့ခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါတို့မျိုးဆက် ကျင့်ကြံသူတွေက အင်မော်တယ်အဖြစ်ကို ရဖို့အတွက် ဂုဏ်သိက္ခာတွေ မရှိကြဘူး။ ဒီလိုယှဉ်ပြိုင်မှုကတော့ ဘာမှမဟုတ်ပါဘူးလေ။ ဘာမှစိုးရိမ်နေဖို့ မလိုပါဘူး။ မင်းရဲ့သား ပိုင်ဆိုင်ပြီးသားအရာတွေက ထွက်ပြေးသွားမှာ မဟုတ်ဘူး။ အဲဒီကောင်လေး ပိုင်ဆိုင်ထားတဲ့ အရာတွေကိုလည်း သူက ကာကွယ်နိုင်မှာ မဟုတ်ဘူး…”

ကုစန့်ဟုခေါ်သော ကလေးငယ်က ကီလို(၄၀)ပင် အလေးချိန် မရှိပေ။ သို့သော် သူ့အရိုး၏ အလေးချိန်က ထင်မထားလောက်အောင် လေးလံလွန်းလှသည်။ ထို့ကြောင့် ပန်းကန်လုံးနှင့် အဘိုးအိုက ခြွင်းချက်ထားပြီး သူ၏ ဘိုးဘေးလျှို့ဝှက်ကျင့်စဉ်ကိုသုံး၍ ကုစန့်၏ အလေးချိန်ကို ခံစားကြည့်ခဲ့သည်။

ထိုအရာက တပည့်လက်ခံရန် သူ၏အကြိုစမ်းသပ်ချက်လည်း ဖြစ်သည်။ (၃)နှစ်သား ကလေးတစ်ယောက်က ဈေးထဲသို့ ရွှေတုံးတစ်တုံး ကိုင်သွားမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေခြင်း မဟုတ်ပေလော။

အဘိုးအိုက ပြုံးလိုက်ပြီး သူ၏မျက်လုံးများက အေးစက်နေသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။

“တကယ်လို့ အဲဒီကောင်လေး ပိုင်ဆိုင်ထားခဲ့တာ ဆိုတော့ရော ဘာဖြစ်လဲ။ အခု ဒါက သူပိုင်တာ မဟုတ်တော့ဘူးလေ…”

ကလေးငယ်က ကြောက်လန့်နေသည့်အတွက် သွားများပင် ခိုက်ခိုက်တုန်နေခဲ့သည်။ အမျိုးသမီးက စိတ်သက်သာရာ ရသွားခဲ့သည်။

အဘိုးအိုကတော့ နှစ်လိုဖွယ်ရှိသော အမူအရာမျိုး ပြန်ဖြစ်သွားခဲ့၏။

“ကလေး…

ဒီပန်းကန်ထဲမှာ မြစ်ကြီးတစ်မြစ် ရှိနေတယ်။ အခု ဒီမြစ်ထဲမှာ ရေနဂါးတစ်ကောင်တောင် မွေးထားသေးတယ်။ အခုကစပြီး မင်းက ငါ့ရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ။ ငါက အစစ်အမှန် အရှင်သခင်တစ်ယောက်ပဲ။ ငါက ဂိုဏ်းတည်ထောင်သူ ဘိုးဘေးတစ်ယောက်ဖြစ်ဖို့ ခြေလှမ်းတစ်ဝက်လောက်ပဲ လိုတော့တယ်။ အဲဒါက ဂိုဏ်းငယ်လေးတစ်ခု ဖြစ်ပေမဲ့ နောက်ပိုင်းကျရင် အစစ်အမှန် အရှင်သခင်နဲ့ ဂိုဏ်းတည်ထောင်သူဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်းက နားလည်လာပါလိမ့်မယ်…”

အဘိုးအိုက ရယ်လိုက်သည်။

“အဲဒီအရာက ဒီပန်းကန်လုံးထဲမှာရှိတဲ့ မြစ်ရေတွေထက်‌တောင် ပိုပြီးတော့ လေးလံနိုင်သေးတယ်…”

ကလေးငယ်က ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မဟုတ်ဘူး။ အဲဒါ ချန်းပင်အန်းရဲ့ငါးပဲ…”

အမျိုးသမီးက ဒေါသတကြီး ပြေးလာခဲ့သည်။ သူမက လက်မြှောက်ပြီး အလွန်ရူးမိုက်သော သူမ၏သားကို ဆုံးမချင်ခဲ့၏။

သို့သော် အဘိုးအိုက လက်ကာပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒီလိုနှလုံးသားမျိုးရှိတာ မဆိုးပါဘူး…”

ကလေးငယ်က ခေါင်းငုံ့နေပြီး မျက်ရည်နှင့် နှပ်များကို လက်ခုံနှင့် သုတ်နေခဲ့၏။ အမျိုးသမီးကတော့ အဘိုးအိုကို တိတ်တဆိတ် ကြည့်လိုက်သည်။

အဘိုးအိုက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ သူတို့က ဆွေမျိုးများကဲ့သို့ ဖြစ်ကြသည်။ စကားမပြောဘဲ အရာအားလုံးကို နားလည်နိုင်၏။ ကလေးငယ်က သူ့အမေနှင့် ကောင်းကင်ပေါ်မှ ရုတ်တရက် ကျလာသော သူ့ဆရာဆိုသူကို ခေါင်းမော့ကြည့်လိုက်ရာ သူတို့က ပြုံးနေကြောင်း တွေ့လိုက်ရသည်။ ကလေးငယ်က ပြန်လှည့်ကြည့်လိုက်၏။

ချန်းပင်အန်းက ထွက်သွားသည့်အချိန်တွင် ခြံဝန်းတံခါးကို ပိတ်ရန် မမေ့ခဲ့ပေ။

မြို့ငယ်လေးက တစ်နှစ်ပတ်လုံး စိုက်ထားပြီး ရိတ်သိမ်းချိန်‌ ရောက်နေသော လယ်ကွင်းပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် လူတချို့ကတော့ စပါးပင်များနှင့် ရောနှောနေသော မြက်ပင်များကဲ့သို့ ဖြစ်နေ၏။ တစ်ကြိမ် ကြည့်ပြီးသွားလျှင် သူတို့ကို နောက်တစ်ကြိမ် ထပ်မကြည့်ကြတော့ပေ။

ဥပမာအနေနှင့်ပြောရလျှင် ရွှံ့ပုလင်းလမ်းကြားထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေသော မြက်ဖိနပ်နှင့် လူငယ်လေး ဖြစ်၏။

All Chapters