← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်က ရွှံ့ပုလဲလမ်းကြားလေးထဲကို ချိုးဝင်လာခဲ့သည်။ လူငယ်က ခေါင်းပေါ်တွင် ဆံထိုးအမြင့်တစ်ခုကို ဝတ်ထားပြီး ခါးတွင်တော့ ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။ မြို့ထဲတွင် အချမ်းသာဆုံး လုမိသားစုမှ သခင်လေးနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ပုံစံက ပို၍ချမ်းသာသော သခင်လေးတစ်ယောက်နှင့် တူညီနေသည်။

မိန်းမပျို၏ အသက်ကိုတော့ ခန့်မှန်းကြည့်ရန် မလွယ်လှပေ။ ကြည့်လိုက်မည်ဆိုလျှင် သူမက နူးညံ့သော အသားအရေနှင့် ချွန်မြသော မေးရိုးရှိနေသည့် မိန်းကလေးငယ် တစ်ယောက်နှင့် တူညီနေသည်။ သူမက ဆောင်းရာသီ တံစက်မြိတ်တွင် တွဲလွဲကျနေသော ရေခဲတုံးလေးများကဲ့သို့ ဖြစ်နေ၏။

နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မည်ဆိုလျှင်တော့ သူမက အသက် (၃၀) အရွယ်ဟု ထင်မှတ်ရသည်။ သူမဆီတွင် ဇာမဏီမျက်လုံးများ ရှိနေပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်တစ်ခု ရှိသည်။ ခေါင်းမှ ခြေဖျားထိအောင် သူမ၏ခန္ဓာကိုယ် တစ်ခုလုံးက ကျက်သရေ ရှိနေသလို ထင်ရသည်။ သူမ လမ်းလျှောက်လိုက်သည့်အချိန်တိုင်း ခါးလေးလှုပ်ခါသွားသည်မှာ မြို့ထဲရှိ မိန်းမပျိုများ မရှိသော အလှတရားတစ်ခု၊ ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

မိန်းမပျိုက ဘေးဘယ်ညာကို ကြည့်နေပြီး အလွန်စိတ်ဝင်စားနေခဲ့သည်။ သူမက အဝါရောင် ရွှံ့နံရံကိုပင် လက်နှင့်ကိုင်ကြည့်နေသော်လည်း သဲလွန်စတစ်ခုမျှ မတွေ့ရပေ။ သူမက စိတ်ဝင်တစား မေးလိုက်၏။

"ဖူနန်းဟွာ …

ဒါက နင်ပြောပြောနေတဲ့ လျှို့ဝှက်ကောင်းချီးနယ်မြေထဲက တစ်ခုဆိုတာ သေချာရဲ့လား။ ဘာလို့ငါ့ရဲ့ဘိုးဘေးက ဒီလမ်းကြားနဲ့ ပတ်သတ်တဲ့မြေပုံကို သေချာမပြောလိုက်ရတာလဲ.."

လူငယ်က သူမ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။

"တကယ်လို့ နင်နဲ့ငါသာ ဒီနေရာကနေ မထင်မှတ်ထားတဲ့အရာတွေ ရခဲ့မယ်ဆိုရင် နင်ငါ့ကို ဘယ်လိုပြန်ပေးမှာလဲ…"

မိန်းမပျိုက ဘေးဘက်ကို လှည့်ကြည့်လိုက်ပြီး လက်ကို အနောက်ဘက်သို့ ပို့၍ လှုပ်ရှားလိုက်သည်။ သူမက ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် သူမ၏ရင်သားများကို ပြသလိုက်သလို ဖြစ်သွား၏။

သူမက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်သည်။

"ငါက နင်လိုချင်တဲ့အရာအားလုံးကို ပေးမယ်။ ဘယ်လိုလဲ…"

သူမက ထိုသို့ ပွင့်လင်းလိမ့်မည်ဟု လူငယ်လည်း မထင်ထားခဲ့ပေ။ သူလည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။ ထို့ပြင် သူက ဤနေရာတွင် ဆွေမျိုးမိတ်ဆွေများဆီသို့ လာလည်ခြင်း ဖြစ်သည်။ သူက မိသားစု၏ နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀) အောင်မြင်မှုကဲ့သို့ ကြီးလေးသော တာဝန်တစ်ရပ်ကို ထမ်း ဆောင်နေရသည်။

သူက မည်မျှတဏှာရူးစေကာမူ လူပေါင်းများစွာ ကြည့်နေသည့်အချိန်တွင် မြို့ထဲ၌ ထိုမိန်းမပျိုနှင့် တစ်ညတာ အိပ်စက်ရဲခြင်း မရှိချေ။ ထို့ကြောင့် သူက လျင်မြန်စွာ ခေါင်းစဉ်ပြောင်းလိုက်၏။

သူက လမ်းကျဉ်းလေး၏ အတွင်းထဲကို လက်ညှိုးထိုးပြပြီး အပြုံးနှင့် ပြောလိုက်သည်။

"နတ်သမီးချိုက် …

မိတ်ဆွေက မိတ်ဆွေ အလုပ်က အလုပ်ပဲ။ ငါ နောက်တစ်ကြိမ် ထပ်ပြောမယ်။ ငါတို့ရဲ့ အရင်သဘောတူညီမှုအရ ရွှံ့ပုလင်းလမ်းကြားလေးထဲမှာ မိသားစု (၂) ခုရှိတယ်။ သူတို့က သခင်နဲ့အစေခံ အတွဲတစ်တွဲရယ်၊ သားအမိအတွဲတစ်ခုရယ်၊ ငါ နင့်ကိုပဲ အရင်ဆုံး ရွေးခွင့်ပေးမယ်။ လျော်ကြေးကတော့ နင်တို့ ယွင်ရှားတောင်ရဲ့အထူး တိမ်သစ်မြစ်ကျောက်တုံးပဲ။ နှစ်စဉ်နှစ်တိုင်း နင်က နဂါးအိုမြို့ကို (၁၀) တုံးပေးရမယ်.."

မိန်းမပျိုက ခေါင်းညိတ်ပြီး လှပစွာ ပြုံးလိုက်သည်။

"ကောင်းပြီလေ လက်ခံတယ်…"

လူငယ်က ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာရင်း ဆက်ပြောလိုက်သည်။

“တကယ်လို့ နင်ကသာ ငါတို့မိသားစု ထင်ထားတာထက်ကျော်တဲ့ အခွင့်အရေးတွေ ရခဲ့မယ်ဆိုရင်တော့ အဲဒီပစ္စည်းကို ငါတို့ဘိုးဘေးတွေက စစ်ဆေးကြည့်ပြီး သင့်တော်တဲ့ဈေးနှုန်းတစ်ခု သတ်မှတ်ပေးမယ်။ ပြီးရင် နင်တို့ယွင်ရှားတောင်က အဲဒီတန်ဖိုးနဲ့ညီမျှတဲ့ တိမ်သစ်မြစ်ကျောက်တုံးတစ်ဝက်ကို ပေးရလိမ့်မယ်…”

“ချိုက်ကျင်းကျန့် …

နင့်မှာကန့်ကွက်စရာ ရှိသေးလား။ တကယ်လို့ နင်က ဒီကိစ္စကို ဒီအချိန် ဒီနေရာမှာ သဘောတူလိုက်ရင်ရော.. အကျိုးအမြတ်တွေ ရပြီးသွားရင် ယွင်ရှားတောင်မှာရှိတဲ့ အကြီးအကဲတွေက ခေါင်းညိတ်ပြီး လက်ခံမှာလား…"

မိန်းမပျို၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူမ၏ပုံစံက တည်ငြိမ်ပြီး အေးစက်လာခဲ့၏။ သူမက မတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ သူမက ပြည့်တန်ဆာအိမ်တွင် ပြည့်တန်ဆာဖြစ်နေသော မိန်းမတစ်ယောက် အခြေအနေမှ ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးရသော ဘုရင်မတပါး ဖြစ်သွားသလိုမျိုး ဖြစ်သည်။

ထိုမိန်းမပျိုကို ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်ဟု လူသိများသည်။ သူမက ပြောလိုက်၏။

"ရတယ်..."

လူငယ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏မျက်နှာက မည်းမှောင်ပြီး မျက်နှာပျက်နေသည်။ သူက အရပ်တန်းတူဖြစ်နေသော မိန်းမပျိုကို ကြည့်လိုက်၏။

"ငါက အရင်ဆုံး မသင့်တော်တဲ့ စကားတွေပဲ အရင်ပြောရလိမ့်မယ်။ ဒီနေ့ နင်နဲ့ငါက ပူးပေါင်းပြီး အကျိုးအမြတ်တွေ ရယူကြမယ်။ ဒါက နင်နဲ့ငါ အချင်းချင်း မြင်မြင်ချင်း ကြိုက်သွားလို့ မဟုတ်ဘူး။ နဂါးအိုမြို့နဲ့ ယွင်ရှားတောင်တို့က နှစ်ပေါင်းတစ်ရာကျော် အတူတူ လက်တွဲနေနိုင်ခဲ့လို့ပဲ။ ဘိုးဘေးတွေ အကြီးအကဲမျိုးဆက်တိုင်းက ဂုဏ်သတင်းကျော်ကြားဖို့အတွက် ကြိုးစားနေကြရတာ...။ တကယ်လို့ ငါတို့ကသာ ပြဿနာရှာပြီး အဲဒီအဘိုးကြီးတွေကို ဒေါသထွက်အောင် လုပ်လိုက်မိမယ်ဆိုရင် ငါနဲ့ နင့်ကို မပြောနဲ့ ငါတို့ရဲ့မိဘတွေ ဆရာတွေကတောင် အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…"

ချိုက်ကျင်းကျန့်က အပြုံးနှင့် ပြောလိုက်သည်။

"ဒါကြောင့် မြို့ငယ်လေးထဲကို ရောက်နေစဉ်အတောအတွင်း ငါတို့က အချင်းချင်း ရိုးသားဖို့လိုသလို ကောင်းကောင်းပူးပေါင်းရမယ်လို့ ပြောချင်တာ မဟုတ်လား…"

ဖူနန်းဟွာက အလွန်ချောမောခန့်ညားသည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ပြီးတော့..."

ဖူနန်းဟွာက ပြန်လှည့်ကြည့်လိုက်၏။ သူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီးနောက် အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ငါတို့က အဲဒီ (၂) ယောက်ကို သတိထားဖို့ လိုသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျန့်ယန်တောင်က လူတွေ မဟုတ်ကြဘူး။ သူတို့က နာမည်ကျော်ကြားတဲ့ အမှန်တရားဂိုဏ်းက လူတွေလည်း မဟုတ်ဘူး။ သူတို့ (၂) ယောက်က ရိုင်းစိုင်းတဲ့အပြင် စည်းမျဉ်းတွေကိုလည်း လိုက်နာတာမရှိဘူးလို့ ငါကြားတယ်.."

အရပ်ရှည်ရှည် မိန်းမပျိုက သူမ၏ဇာမဏီမျက်လုံးများကို လှုပ်ခတ်ပြီး ပြန်ပြောလိုက်သည်။

"ဒါကြောင့်လည်း ချိုက်ကျင်းကျန့်ဆိုတဲ့ ငါက နင့်ကို ရွေးချယ်လိုက်တာပေါ့…"

ဖူနန်းဟွာက တိုးတိုးလေး ပြောလိုက်သည်။

"သွားကြစို့။ ဒီနေရာမှာ စွမ်းအားမျိုးစုံကို ဖိနှိပ်ပြီး မျှတအောင်လုပ်ပေးနေတဲ့ သူတော်စင်တွေ ရှိပေမယ့် ဂရုစိုက်တာ ပိုပြီးကောင်းတယ်။ တကယ်လို့ ဆိုးဆိုးဝါးဝါး ဖြစ်သွားမယ်ဆိုရင်တော့ ဘာမှမကောင်းဘူး။ နင်နဲ့ငါက အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ အဲဒီအပေါ် မူတည်နေတယ်…"

သူက ရင်ထဲတွင် ပြောလိုက်၏။

"မဟာတာအိုလမ်းစဉ်က ရောက်ခါနီးနေပြီ။ ငါ့ရဲ့လမ်းကြောင်းမှာ ပိတ်ထားတဲ့သူတိုင်းကို အင်မော်တယ်တွေ ၊ ဗုဒ္ဓတွေက ရှင်းပစ်လိမ့်မယ်.."

သူက လမ်းကြားလေး၏အတွင်းထဲကို ကြည့်လိုက်သည့်အချိန်တွင် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသော ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့က ဒုတိယတစ်ကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်၏။ သူတို့ (၂) ယောက်က အေးအေးဆေးဆေး လမ်းလျှောက်လာနေသည်မှာ လူသားကမ္ဘာသို့ ဆင်းသက်လာသော အင်မော်တယ်စုံတွဲကဲ့သို့ ထင်ရသည်။

အရပ်ရှည်ရှည် မိန်းမပျိုကလည်း ထိုလူငယ်ကို မြင်လိုက်ရ၏။ သူမက စနောက်ပြီး ပြောလိုက်သည်။

"တံခါးနားမှာ တစ်ကြိမ် ၊ လမ်းကြားထဲမှာတစ်ကြိမ် ၊ ငါတို့က (၂) ကြိမ်တွေ့သွားပြီ။ နင်က ဒီလူငယ်လေးကို ဘယ်လိုထင်လဲ…"

သူမက စကားကိုဆုံးအောင် မပြောခဲ့ပေ။ ဖူနန်းဟွာက သူမဆိုလိုသည့် အဓိပ္ပါယ်ကို သိနေခဲ့၏။ သူက ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။ သူက ပြောလိုက်၏။

"နတ်သမီးချိုက် …

ဒီမြို့ထဲမှာ မိသားစု (၆၀၀) လောက်ရှိတယ်။ ကလန်ကြီး (၁၀) ခုရဲ့ အစေခံတွေ အလုပ်သမားတွေ အပါအဝင် စုစုပေါင်း လူ (၅၀၀၀) နီးပါးလောက် ရှိတယ်။ ဒီမြို့လေးထဲမှာ ပုန်းအောင်းနေတဲ့ နဂါးတွေ ၊ ကျားတွေဘယ်လောက်ပဲရှိရှိ အရေအတွက်က ကန့်သတ်ချက်ရှိတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ အတောအတွင်း အဲဒီလို ပါရမီရှိတဲ့ မျိုးစေ့လေးတွေကို တိတ်တဆိတ် ခွဲခြားပြီးသွားပြီ။ ငါတို့က ဒီတစ်ကြိမ် ကျန်တဲ့သူတွေကိုလာပြီး ရွေးချယ်ခွင့်ရှိတယ်ဆိုတာ ရောင်းလို့ ကျန်နေတဲ့ပစ္စည်းတွေထဲမှာ ပြန်ပြီး လာရှာနေရသလိုပဲ…"

မိန်းမပျိုက သူ့ကိုယ်သူ ရယ်လိုက်မိသည်။ သူမကတော့ ဗဟုသုတနည်းပါးမှုကြောင့် ရှက်ရွံ့သွားပုံရ၏။

ခဏကြာ တွေဝေနေပြီးနောက် ဖူနန်းဟွာက ပြောလိုက်သေးသည်။

"နင့်ရဲ့ဆရာကြီးက ကောင်းကင်ဆန်းကြယ်မှုကို ဘယ်လိုသင်ပေးခဲ့လဲဆိုတာ ငါမသိဘူး။ ငါ့အဖေကတော့ ငါ့ကို သေချာပြောခဲ့တယ်။ ဒီနေရာကို ဝင်သွားပြီးရင် တစ်ယောက်ယောက်က ရင်ထဲမှာ အေးစက်သွားသလို ခံစားရအောင် လုပ်နိုင်ပြီဆိုတာနဲ့ ချက်ချင်း နောက်ဆုတ်ပြီး အဝေးမှာနေရမယ်တဲ့ ။ သူတို့တွေကို အလွယ်တကူ ရန်စလို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ ကျားတွေ၊ နဂါးတွေ ပုန်းအောင်းနေကြတယ်။ သူတို့ကို ခန့်မှန်းကြည့်လို့ မရနိုင်ဘူး…”

“ခံစားချက် ဆိုးရွားစေတဲ့ လူတွေအများစုက ဒီမြို့ထဲမှာ ရတနာရှာနေတဲ့ ပြိုင်ဘက်တွေ အများစုပဲ ဖြစ်လိမ့်မယ်။ သူတို့နဲ့ နီးကပ်နေတယ်လို့ ခံစားရတဲ့သူတွေကတော့ ဒီနယ်မြေထဲမှာ ကံကောင်းခြင်းတွေ ရရှိနိုင်ပြီး သူတို့နဲ့ ရေစက်ရှိတဲ့ အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ နင်က သူတို့ကို အလွယ်တကူ သတ်ပြီး စည်းမျဉ်းဟောင်းတွေကို မချိုးဖောက်ဘူးဆိုရင် သူတို့ဆီက ဝယ်တာပဲဖြစ်ဖြစ် လှည့်စားတာပဲဖြစ်ဖြစ် လုယူတာပဲဖြစ်ဖြစ် ကြိုက်တာလုပ်လို့ရတယ်…"

ချိုက်ကျင်းကျန့်က ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ ငါတို့ရဲ့ခံစားမှုအပေါ် မူတည်တာပေါ့…"

သူမက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

"သခင်လေးဖူ …

ဘာလို့ ရှင်က ဒီနေရာမှာ အခြေချနေတဲ့ ကျိုးမိသားစုမျိုးဆက်တွေကို ခေါ်သွားခွင့်မပေးရတာလဲ။ ကျွန်မက ဒီနေရာကို မလာခင် နယ်မြေခံစကားတချို့ကို သင်ထားပေမယ့်..."

ဖူနန်းဟွာက သူမ၏စကားကို ကြားဖြတ်ပြောလိုက်သည်။ သူက ခေါင်းခါပြလိုက်၏။

"အဲဒီမိသားစုကြီးတွေက အပြင်ဘက်ကမ္ဘာကြီးနဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေ ရှိကြတယ်။ သူတို့က သူတော်စင်ရဲ့မျက်စိအောက်မှာတောင် မိုးကြိုးရေကန်ကို ဖြတ်စရာမလိုဘဲ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ကြတယ်။ သူတို့က မျိုးရိုးစဉ်ဆက် သတင်းအချက်အလက်တွေ စုစည်းနေပြီး နက်ရှိုင်းတဲ့ အုတ်မြစ်တွေရှိကြတယ်…”

“အဲဒီမိသားစုတွေရဲ့ အစစ်အမှန်နောက်ခံကတော့ နဂါးအိုမြို့နဲ့ ယွင်ရှားတောင်တို့ပဲ။ ပြီးတော့သူတို့က အပြင်လူတွေရဲ့ အစွမ်းကို ငှားယူလို့လည်း မကောင်းဘူးလေ။ ဒီတော့ ပြဿနာရှာပြီး အခြေအနေကို ပိုဆိုးအောင်လုပ်လိုက်တာ လွယ်ကူတယ်။ တကယ်လို့ နင်က နောက်ပိုင်းစကားမပြောချင်ဘူးဆိုရင်တော့ ငါနင့်အတွက် ပြောပေးပါ့မယ်…"

သူမက အပြုံးနှင့် ပြောလိုက်၏။

"အဆင်ပြေပါတယ်။ ဒါက နည်းနည်းလေး ပြောရတာပဲရှိတယ်။ ကျွန်မက အဲဒီလောက် မနူးညံ့ပါဘူး…"

ဖူနန်းဟွာက ပြုံးပြလိုက်သည်။

ချိုက်ကျင်းကျန့်က နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ပေ။ အဆုံးတွင်တော့ လမ်းတစ်ဝက်တွင် မဟာမိတ်ဖွဲ့ထားသော မိတ်ဆွေများက မိသားစုတစ်ခုကို မယှဉ်နိုင်ခဲ့ပေ။

ထို့ပြင် သူတို့၏တာအိုလမ်းစဉ်ကို သက်သေပြချင်နေသော ရည်မှန်းချက်ကြီးသည့် သူများ၏ မျက်လုံးထဲတွင်တော့ အဘိုးနှင့်မြေး၊ အဖေနှင့်သား၊ ယောကျ်ားနှင့်မိန်းမက ဘာများဖြစ်နေသနည်း။

ဖူနန်းဟွာ၏အပြုံးက တည်ငြိမ်နေသည်။ သူက ကမ္ဘာကြီးထဲတွင် ထိပ်တန်းအထက်တန်းလွှာ မိသားစုတစ်ခုမှ သားတစ်ယောက်ကဲ့သို့ ကျက်သရေရှိ၏။ သူက သူ့အဖေ တိတ်တဆိတ် သင်ကြားပေးခဲ့သော စိတ်ဝိညာဉ် ကျင့်ကြံမှုနည်းလမ်းနှင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို ချိုက်ကျင်းကျန့်သိအောင် ပြောပြလိုက်သည်မှာ ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။

သူတို့နှင့်အတူပါလာသော သက်လတ်ပိုင်းလူကြီး၊ အေးစက်သော အနက်ဝတ်မိန်းကလေးတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် ဖူနန်းဟွာ၏ ပထမခြေလှမ်းက သူ့အနားတွင် ရှိနေသော မိန်းမပျိုကို သတ်ပစ်ရန်ဖြစ်သည်။

ဖူနန်းဟွာက သူ၏ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားလေးကို သတိလက်လွတ် ကိုင်ကြည့်လိုက်မိ၏။ နဂါးအိုကြီး၏ မိုးဟူသော ကျောက်စိမ်းပြားလေးက လက်မှုပညာတစ်ရပ် ဖြစ်သည်။ လူကြီးလူကောင်းတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ထိုကျောက်စိမ်းကို လက်လွှတ်လိမ့်မည် မဟုတ်ချေ။

ချိုက်ကျင်းကျန့်က ခဏကြာစဉ်းစားနေပြီး မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူမက မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။

"စုန့်ကျိရှင်း ၊ ကုစန့် …

ငါက ကုစန့်ကိုရွေးမယ်…"

ဖူနန်းဟွာက မျက်ခုံးပင့်လိုက်မိသည်။

"ကောင်းပြီလေ ။ ဒါဆိုလည်း သဘောတူလိုက်ကြတာပေါ့…"

သူတို့ (၂) ယောက် ကြည့်နေသည့်အချိန်တွင် လူငယ်က ဘယ်ဘက်ကို ကွေ့လာပြီး လမ်းကြားလေးထဲကို ရောက်သည်အထိ လျှောက်လာခဲ့သည်။ သူက အိမ်တံခါးကိုဖွင့်ပြီး အထဲကို ဝင်တော့မည်ဖြစ်၏။

ဖူနန်းဟွာက ချိုက်ကျင်းကျန့်နှင့်အတူ လျင်မြန်စွာ လျှောက်သွားပြီး အပြုံးနှင့် ပြောလိုက်သည်။

"တော်တော်တိုက်ဆိုင်တာပဲ။ ငါတို့က နောက်တစ်ကြိမ်တွေ့ပြန်ပြီ…"

ထိုလူငယ်လေးကတော့ ကုစန့်၏အိမ်မှပြန်လာသော ချန်းပင်အန်း ဖြစ်သည်။ အသံကို ကြားသည့်အခါ သူက ပြန်လှည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

"ဘာကိစ္စလဲ…"

ဖူနန်းဟွာက မြို့ငယ်လေး၏ ဘာသာစကားနှင့် ပြောလိုက်သည်။

"ဒီနေရာကို ရွှံ့ပုလင်းလမ်းကြားလို့ ခေါ်တာ မဟုတ်လား။ ဒီနေရာမှာ စုန့်ကျိရှင်းနဲ့ ကုစန့်လို့ခေါ်တဲ့ ကလေးတစ်ယောက်နေလား မေးချင်လို့...။ ငါက မြို့တော်ကနေ လာတာပါ။ ငါ့ရဲ့မိသားစုနဲ့ စုန့်ကျိရှင်းရဲ့အဖေက မိတ်ဆွေတွေပါ...။ ဘေးမှာရှိတဲ့ အစ်မကြီးရဲ့မျိုးရိုးနာမည်က ချိုက်လို့ခေါ်တယ်။ သူကတော့ ကုစန့်အမေရဲ့ မိသားစုကလာတာ...။ ဒါကြောင့် ငါတို့ (၂) ယောက်က ဒီနေရာကို အတူတူရောက်လာပြီး တစ်ချိန်တည်း ပေါ်လာသလို ဖြစ်နေတာ...။ ဒါက တိုက်ဆိုင်တယ်လို့တော့ မထင်ဘူးမဟုတ်လား။ အရာအားလုံးက အစီအစဉ်တကျ ဖြစ်လာသလို ခံစားရတယ်လေ။ ဒါက တော်တော်လေး တိုက်ဆိုင်နေတာ..."

ဖူနန်းဟွာ၏အပြုံးက တည်ငြိမ်နေခဲ့သည်။ သူက မြက်ဖိနပ်စီးထားသော လူငယ်လေးကို စကားပြောနေရသည့်အချိန်တွင်ပင် အနည်းငယ် ငုံ့ပြီး လူငယ်လေးကို ဂရုစိုက်နေခဲ့၏။

သူကတော့ လူငယ်လေးနှင့် စကားပြောသည့်အချိန်တွင် ထိုပုံစံအတိုင်း ရှိနေခဲ့သည်။ သူ့ပုံစံက အလွန်မောက်မာပုံမရဘဲ သူအပေါ် ဆိုးရွားသော ခံစားချက်များ မရှိစေလိုခြင်းကြောင့် ဖြစ်သည်။ သူက လူကြီးလူကောင်းတစ်ယောက်ဟု တစ်ဖက်လူကို ခံစားမိစေချင်ခဲ့၏။

လူငယ်က ပြုံးလိုက်သည်။

"ဒါက တော်တော်တိုက်ဆိုင်ပါတယ်…"

ဖူနန်းဟွာ၏အပြုံးက ပို၍ပင် လေးနက်သွားခဲ့၏။ သူက နွေးထွေးစွာ ပြောလိုက်သည်။

"ဒါဆိုရင် အဲဒီမိသားစု (၂) ခုက ဒီမှာနေကြလား…"

လူငယ်လေးက မထင်မှတ်ထားစွာ ခေါင်းခါပြီး ပြောလိုက်သည်။

"ကျွန်တော်က အရင်အချိန်တွေအတွင်း နဂါးမီးဖိုကြီးမှာ ပညာသင်တစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော်က မြို့အပြင်ဘက်မှာနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ အခုမှပဲ ဒီကိုပြောင်းလာခဲ့တာ...။ ဒီတော့ အိမ်နီးချင်းတွေနဲ့ မရင်းနှီးဘူး။ တခြားသူတွေကို မေးကြည့်လိုက်ပါလား…"

ဖူနန်းဟွာက ပြုံးလိုက်ပြီး အလျင်စလို မပြောခဲ့ပေ။ သူကတော့ မည်သို့ စကားပြောရမည်ဖြစ်ကြောင်း စဉ်းစားနေပုံရ၏။

အရပ်ရှည်ရှည်နှင့် မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။

"မောင်လေး …

လိမ်တယ်ဆိုတာ မကောင်းဘူးလေ။ ငါတို့က လူဆိုးတွေလို့ထင်လို့လား။ နည်းနည်းလောက် လျော့လိုက်ကြရအောင်...။ ငါတို့က နေခင်းကြောင်တောင်ကြီး ဘယ်လိုဆိုးရွားတဲ့အလုပ်တွေ လုပ်နိုင်မှာလဲ…"

ချန်းပင်းအန်းက မျက်တောင်ခတ်လိုက်မိသည်။

"ဒါပေမယ့် ကျွန်တော် တကယ်မသိတာပါ…"

ချိုက်ကျင်းကျန့်က ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီး ဖူနန်းဟွာကို မေးလိုက်သည်။

"ဒီကောင်လေးက ဆုကြေးလိုချင်တာများလား…"

ဖူနန်းဟွာ၏ အမူအရာက ပုံမှန်သာဖြစ်၏။

"အဲဒီလိုလည်း မဟုတ်လောက်ဘူး…"

အရပ်ရှည်ရှည်နှင့် မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိပြီး သူမဆီတွင် စိတ်ပျက်မှုများ ပေါ်လာခဲ့သည်။

"တကယ်လို့ အလုပ်မဖြစ်ရင်တော့ ငါတို့က တစ်အိမ်ချင်းဆီ တံခါးလိုက်ခေါက်ပြီး မေးရမှာပဲ။ ငါတို့က သူ့ကို ရှာနိုင်ပါသေးတယ်…"

ဖူနန်းဟွာက သူမကို လက်ကာပြလိုက်ပြီး လူငယ်လေးကို စိတ်ရှည်လက်ရှည် ပြောလိုက်သည်။

"ငါတို့ကို ကူညီပေးပါလား။ ငါက မင်းကို တစ်ခုခုပြန်ပေးမယ်လေ။ ဘယ်လိုသဘောရလဲ…"

လူငယ်လေးက ခေါင်းကုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က ပိန်ပြီး မျက်လုံးများက ကြည်လင်နေသည်။

ဖူနန်းဟွာက ရုတ်တရက် ရပ်လိုက်၏။ အဆုံးတွင်တော့ သူက အနီးတွင် ရှိနေသော နံရံပေါ်၌ ထိုင်နေသော စာသင်သား လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူငယ်လေး၏ အနားတွင်တော့ ရိုးရှင်းပြီး ကျက်သရေရှိသော ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ယောက် ရပ်နေသည်။ သူမ၏မျက်နှာ အပေါ်တစ်ဝက်သာ ပေါ်နေခဲ့သည်။ သူမက အလွန်နူးညံသိမ်မွေ့ပြီး လှပသည်။ မျက်ခုံးများကလည်း နက်မှောင်နေခဲ့၏။

ထိုအချိန်တွင် ဖူနန်းဟွာ၏ စိတ်ထဲ၌ သေချာသွားခဲ့၏။ သူ့ရှေ့တွင် ရှိနေသော လူငယ်က သေချာပေါက် သူ့လက်ထဲကို ရောက်လာရပါလိမ့်မည်။

လူငယ်က မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ မေးလိုက်၏။

"မင်းက လူတစ်ယောက်ကို ရှာနေတာလား…"

ဖူနန်းဟွာနှင့် ချိုက်ကျင်းကျန့်တို့က ခေါင်းမော့ကြည့်လိုက်ကြ၏။ ဖူနန်းဟွာက ပြောလိုက်သည်။

"ဟုတ်တယ်။ ငါက မင်းကိုရှာနေတာ...။ ငါ့ဘေးက အစ်မကြီးကတော့ ကုစန့်ကို ရှာချင်နေတာ...။ မင်းက ကူညီပေးလို့ရမလား…"

လူငယ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းက ငါ့ကိုသိလို့လား…"

ဖူနန်းဟွာက ပြုံးလိုက်၏။

"ငါကတော့ မင်းကိုတော့ မသိဘူး။ ဒါပေမယ့် နန်းတွင်းမှာ လက်ရှိအလုပ်လုပ်နေတဲ့ အမတ်ကြီးစုန့်ကိုတော့ သိတယ်..."

စုန့်ကျိရှင်းက အဓိကအချက်ကို မေးလိုက်သည်။

"ငါက အဲဒီလူဆိုးလေးကုစန့်ကိုရှာဖို့ ကူညီပေးမယ်ဆိုရင် ဘာအကျိုးအမြတ်ရမှာလဲ ..."

ဖူနန်းဟွာက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ခါးမှ ကျောက်စိမ်းပြားကိုချွတ်ပြီး နံရံပေါ်တွင် ရပ်နေသော လူငယ်လေးဆီသို့ ပစ်ပေးလိုက်၏။

"ဒါက မင်းအပိုင်ဖြစ်သွားပြီ…"

စုန့်ကျီရှင်းက ထိုအရာကို ဖမ်းလိုက်ပြီးနောက် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ၏အမူအရာက ပြောင်းသွားခဲ့ခြင်းတော့ မရှိခဲ့ပေ။ သူက ခေါင်းငုံ့ပြီး အစေခံမလေးကျစ်ကွေးကို ပြောလိုက်၏။

"နင် လိုက်ပို့လိုက်..."

သူမက ခေါင်းညိတ်ပြီး ခြံဝန်းထဲမှ ထွက်သွားခဲ့သည်။ ထိုမိန်းမပျိုက ကျဉ်းမြောင်းသော လမ်းကြားလေးထဲ၌ တိတ်တဆိတ် ရပ်နေသည့်အချိန်တွင် ရွှံ့ပုလင်းလမ်းကြားလေးတစ်ခုလုံး ဝင်းလက်သွားသလို ထင်မှတ်ရသည်။

ဖူနန်းဟွာက မြက်ဖိနပ်နှင့် လူငယ်လေးကို ပြုံးပြလိုက်၏။

"ညီငယ်လေး …

ငါ မင်းကို တစ်ခုတော့ပြောလိုက်မယ်။ မိုးတွေက နေရာအနှံ့ ရွာချမယ်ဆိုရင်တောင် အမြစ်မရှိတဲ့ မြက်ပင်တွေကတော့ စိုမှာ မဟုတ်ဘူးကွ…"

ထို့နောက် သူက ဦးဆောင်ပြီး မိန်းမပျိုဆီသို့ လျောက်သွားခဲ့သည်။ အရပ်ရှည်ရှည် မိန်းမပျိုကတော့ လှုပ်ရှားခဲ့ခြင်း မရှိချေ။ သူမ၏မျက်လုံးများက လှုပ်ရှားနေပြီး လူငယ်လေးကို တီးတိုးပြောလိုက်၏။

"အဲဒါ ဘာကိုဆိုလိုတာလဲ မင်းသိလား…"

သူမ၏မျက်လုံးများက တောက်ပနေခဲ့၏။ သူမကတော့ အကြောင်းပြချက်မရှိ စိတ်ဝင်စားပုံရနေသည်။ လူငယ်လေး ပြန်ဖြေသည်ကို စောင့်မနေဘဲ သူမက ရယ်ကာမောကာနှင့် ပြောလိုက်၏။

"အမှန်အတိုင်း ပြောရရင်တော့ နင်က အခွင့်ကောင်းကြီးတစ်ခုကို လွတ်သွားပြီလို့ ပြောချင်တာပဲ။ နင်သာ လက်ညှိုးလေးနဲ့ ကော်ထုတ်တတ်မယ်ဆိုရင် ဒီသခင်လေးက နင့်ဘဝတစ်လျောက်လုံး ချမ်းချမ်းသာသာ နေနိုင်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီနေ့ နင်က ဘယ်အရာကို လက်လွှတ်လိုက်ရတယ်ဆိုတာ ဘဝတလျောက်လုံး သိမှာတောင် မဟုတ်တော့ဘူး။ ဒါကတော့ တကယ့်ကို ကံဆိုးတာပဲ။ မဟုတ်ရင်တော့ နင်က တစ်ချိန်လုံး နောင်တရနေလိမ့်မယ်…"

ဖူနန်းဟွာက ထိုစကားကို ကြားသည့်အခါ သူမက ကျွဲပါးစောင်းတီးနေခြင်းဖြစ်သည်ဟု ခံစားနေရသည်။

မြို့ငယ်လေး၏ အပြင်ဘက်တွင် လူများ၏ကွာဟမူ အထူးသဖြင့် အဆင့်နိမ့်နှင့် အဆင့်မြင့် ကွာဟမှုက ယင်နှင့်ယန်ထက်ပင် ပို၍ ကြီးမားနေသေးသည်။ ချိုက်ကျင်းကျန့်က အစေခံမလေးဆီသို့ လမ်းလျှောက်သွားခဲ့သည်။ သူက မြက်ဖိနပ်နှင့် လူငယ်လေးကို မျက်နှာချင်း ဆိုင်နေခဲ့၏။

"မိုးတွေက နေရာအနှံ့ ရွာချနေပေမယ့် အမြစ်မရှိတဲ့ မြက်ပင်ကိုတော့ စိုစွတ်နိုင်မှာ မဟုတ်ဘူး။ ဒီစကားကို သေချာမှတ်ထား..."

လူငယ်လေး၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်၏။

"နောက်မှာ ခွေးချေးပုံ… သတိထား..."

ချိုက်ကျင်းကျန့်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

လူငယ်က အသံတိုးတိုးနှင့် ပြောလိုက်၏။

"သွားပြီ.."

All Chapters