← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

အနက်ဝတ်မိန်းမပျိုက လမ်းကြားလေးထဲတွင် လမ်းလျှောက်နေခဲ့သည်။ ရံဖန်ရံခါ လူတချို့က နှစ်သစ်ကူးပွဲတော်အတွက် မီးအိမ်များကို ထွန်းညှိနေကြသည်။ တခြားလူများနှင့် ယှဉ်လိုက်မည်ဆိုလျှင် မျက်နှာကာ ဦးထုပ်ဆောင်းထားသော မိန်းမပျိုက သူမ၏မိသားစုထဲတွင် အသေးစိတ်စီစဉ်မှုများ ရှိခဲ့ပုံမရချေ။ သူမဆီတွင် မြက်မြွေကဲ့သို့ ကစားစရာမျိုးပင် မရှိခဲ့ဖူးချေ။ သူမက မြို့ထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့၏။

ထိုလမ်းကြားနှင့် မလှမ်းမကမ်းတွင်တော့ ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက် ရပ်နေသည်။ သူ့လက်ထဲတွင် ကျောက်စိမ်းတံဆိပ်တုံးတစ်ခုကို ကိုင်ထားသည်။ ထိုအရာက ကလေးတစ်ယောက်၏ လက်ဖဝါးအရွယ်အစား ရှိ၏။ ထိုတံဆိပ်ပေါ်တွင် နဂါးနှင့်ကျားများကို ထွင်းထုထားသည်။

ထိုတံဆိပ်က နေရောင်အောက်တွင် အလင်းရောင်များ တောက်ပနေခဲ့၏။ ကျောက်စိမ်းတံဆိပ်တုံး၏ အတွင်းထဲတွင်တော့ အလင်းရောင်မှိန်ဖျော့ဖျော့ မြင်နေရသည်။ ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်လေးက လက်ထဲတွင် ကိုင်ထားသော ရတနာကိုကြည့်ပြီး အလွန်စိတ်လှုပ်ရှားနေပုံရသည်။

သူ့ဘေးတွင်တော့ ဒူးတစ်ဖက် ထောက်ထားသော အရပ်ရှည်ရှည် အဘိုးအို တစ်ယောက်ရှိသည်။ သူက အင်္ကျီလက်နှင့် လူငယ်၏ဖိနပ်တွင် ရှိနေသော ရွှံ့များကို သေချာသုတ်ပေးနေခဲ့၏။

ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်ကလည်း ထူးဆန်းသည့်မိန်းမပျိုကို သတိထားမိခဲ့သည်။ သူမက အစိမ်းရောင်ဓားအိမ်နှင့် မျက်နှာကာ ဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားသည်။ သူမ၏ခြေလှမ်းများက အလွန်တည်ငြိမ်ပြီး သူမ၏ပုံစံအရ နယ်ခံတစ်ယောက် ဟုတ်ပုံမရချေ။

သို့သော် ပိုးဖဲဝတ်ရုံနှင့် လူငယ်ကတော့ ဂရုမစိုက်ခဲ့ပေ။ သူက နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော ရှေးဟောင်းကျောက်စိမ်းတံဆိပ်တုံးကိုသာ ဂရုတစိုက် ကြည့်နေခဲ့၏။ သူ့ရင်ထဲတွင်တော့ ထိုမိန်းမပျိုက သူ့ဆီမှ ရတနာလာခိုးရန်ပင် မျှော်လင့်နေခဲ့သည်။ မဟုတ်လျှင် အတော်လေး ပျင်းစရာကောင်း၏။

မည်သို့ဖြစ်စေကာမူ သူက ပစ္စည်း(၂)ခု ရပြီးသွားပြီဖြစ်သည်။ အကျိုးအမြတ်က သူထင်ထားသည်ထက်ပို၍ သာလွန်နေခဲ့၏။ အကယ်၍ သူက လုပ်စရာ မရှိတော့လျှင်ပင် သူ၏အစေခံအိုကြီးနှင့်အတူ ထွက်သွား၍ ရနိုင်သည်။ ထိုလူငယ်လေး အတွက်တော့ တစ်စုံတစ်ခု လွဲချော်နေသလို ခံစားမိနေ၏။

ဥပမာအနေနှင့်ပြောရလျှင် မြို့နှင့် မိုင်ထောင်ပေါင်းများစွာ အဝေးတွင် ရှိနေသော အိမ်ထဲတွင်တော့ သူက နဂါး(၉)ကောင်ပါသော ရွှေဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။ ယခုတော့ သူက ကံဆိုးပြီး လက်သည်းတစ်ခု ဆုံးရှုံးနေရ၏။

ဤမြို့ငယ်လေးဆီသို့ ရောက်လာသော ရွေးချယ်ခံလူတိုင်းက တံဆိပ်ပြား(၃)ခုကို ယူဆောင်လာနိုင်ကြသည်။ တစ်ခုချင်းဆီတိုင်းကို ပန်းထိုးအိတ်တစ်ခုဆီနှင့် ထည့်လာရ၏။ မြို့တံခါးဝတွင် တံခါးစောင့်ကို ပေးလိုက်ရသော အိတ်လည်း အပါအဝင်ဖြစ်သသည်။

တံခါးစောင့်၏အဆင့်အတန်းက မည်မျှနိမ့်ကျစေကာမူ မြို့တံခါးက မည်မျှစုတ်ပြတ်နေစေကာမူ တိုင်းပြည်၏ဘုရင်ဖြစ်စေ၊ ဂိုဏ်းတစ်ဂိုဏ်း၏ အကြီးအကဲဖြစ်စေ စည်းမျဉ်းကို လိုက်နာရမည်သာ ဖြစ်သည်။

တခြားသော ပန်းထိုးအိတ်(၂)ခုကတော့ မြို့ထဲမှ အများဆုံး ရတနာ(၂)ခုကို ယူဆောင်သွားနိုင်မည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ မဟုတ်လျှင် သူတို့က ရတနာ(၁၀)ခု၊ အခု(၁၀၀)ယူသွားမည်ဆိုလျှင်ပင် တစ်ခုချင်းဆီ ပြန်ပေးရမည်သာဖြစ်၏။

အိတ်ထဲတွင်တော့ ထူးဆန်းသော ပုံသဏ္ဍာန်ရှိနေသည့် ကြေးပြား(၃)မျိုးရှိသည်။ သူတို့ကတော့ သာမန်လူအများစု လောင်းကစားလုပ်ကြသော ငွေကြေး၊ နှစ်စဉ်နှစ်တိုင်း မက်မွန်အဆောင် ချိတ်ဆွဲရန် နန်းတော်တွင် အသုံးပြုသော ငွေကြေးနှင့် ရှင်းဝုန်သခင်၏ရုပ်တု လက်ဖဝါးပေါ်တွင် ကိုင်ထားသော ပူဇော်ခံငွေကြေး တို့ဖြစ်ကြသည်။

သူတို့က ကြေးပြားများဟုသာ ခေါ်သော်လည်း အလွန်ရှားပါးသော ရွှေအဆီအနှစ်များနှင့် ဖန်တီးထားခြင်းဖြစ်သည်။ တောင်အောက်တွင် ရှိနေသော သာမန်လူအများစုကတော့ ငွေစကိုပင် မတတ်နိုင်ကြသည့်အတွက် ယခုလို ရွှေအိတ်တစ်အိတ်ကိုတော့ ဆိုဖွယ်ရာပင်မရှိချေ။ သူတို့က သူတို့မိသားစု အမွေအနှစ်များကို ရောင်းချရန် လုံလောက်ကြသည်။

လူငယ်လေးက ပန်းထိုးအိတ်ထဲတွင် ရှိနေသော ကြေးပြား(၃)ပြား၏ အကြောင်းကို လေ့လာခဲ့ဖူးသည်။ ထိုအရာများက နန်းတွင်းသမိုင်းကြောင်းထဲတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိသည့်အတွက် သူလည်း အဖြေမရှာနိုင်ခဲ့ပေ။

မိန်းမပျိုက အလွန်အေးစက်သော အငွေ့အသက်နှင့် ရှေ့တည့်တည့်ကိုသာ လျှောက်နေပြီး လမ်းကြားထဲတွင် ရှိနေသော သခင်နှင့် အစေခံတို့ကို လျစ်လျူရှုထားခဲ့သည်။

ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်လေးက နောက်ဆုံးအချိန်တွင် စိတ်ပြောင်းလိုက်၏။ သူက ကျောက်စိမ်းတံဆိပ်တုံးကို သိမ်းလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော အဝတ်အိတ်တစ်ခုထဲသို့ ထည့်လိုက်သည်။ သူက ထိုအရာကို ခါးတွင် ချိတ်လိုက်ပြီး လမ်းကြား၏အလယ်တွင် ရပ်နေလိုက်၏။ သူက လမ်းဖယ်ပေးရန် ဆန္ဒမရှိချေ။

အရပ်ရှည်ရှည်နှင့် မှိန်ဖျော့ဖျော့ အသားအရေရှိသော အဘိုးအိုကလည်း မတ်တပ်ရပ်လိုက်၏။ သူက တိုးညင်းပြီး မိန်းမဆန်သောအသံနှင့် တိုးတိုးလေး ပြောလိုက်သည်။

"မင်းသားလေး ...

ဒီမိန်းကလေးက တော်တော်အဆင့်မြင့်တဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ မင်းသားလေးက သတိမထားလို့ မရဘူး။ တကယ်လို့ မြို့အပြင်ဘက်မှာဆိုရင်တော့ ကျွန်တော်တို့က ဂရုစိုက်နေစရာ မလိုဘူး။ ဒါပေမယ့် ဒီနေရာမှာတော့ ကျွန်တော်ရဲ့ သန့်စင်ခန္ဓာနဲ့တောင် ဒီကမ္ဘာကြီးရဲ့ဖိအားတွေကို တစ်ချိန်လုံး ခံနေရတယ်။ ဒါက တော်တော်လေး မသက်မသာ ခံစားရတယ်…”

“ကျွန်တော်က ကျွန်တော့်ရဲ့ချီစွမ်းအားတွေကိုသုံးပြီး သွေးကြောမှတ်တွေကို ဖွင့်လိုက်မယ်ဆိုရင် မြစ်တစ်စင်း ပြောင်းပြန်စီးဆင်းသွားသလို ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ရဲ့သွေးကြောတွေ၊ သွေးကြောမှတ်တွေလည်း စီးထွက်လာလိမ့်မယ်။ အဲဒီအချိန် ရောက်လာရင် ကျွန်တော်ရဲ့သေဆုံးမှုက ကိစ္စမရှိပေမယ့် မင်းသားလေးရဲ့လုံခြုံမှုကတော့ တော်တော်အရေးကြီးတယ်။ တကယ်လို့ ကျွန်တော် ဂရုမစိုက်နိုင်တဲ့အတွက် မင်းသားလေးရဲ့ ကျင့်ကြံမှုမှာ အမှားအနည်းငယ် ဖြစ်သွားမယ်ဆိုရင် ပြန်ရောက်တဲ့အချိန် ဘုရင်ကြီးနဲ့ဘုရင်မကြီးကို ဘယ်လိုရှင်းပြရမှာလဲ ... "

ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်လေးက စနောက်သော အမူအရာနှင့် ပြောလိုက်သည်။

"အဘိုးဝူ ...

အဘိုးဝူ နန်းတော်ကနေ ထွက်လာပြီးကတည်းက တော်တော်လေးကို စကားများနေတယ်။ နန်းတော်ထဲမှာရှိတဲ့ အချိန်တုန်းကတော့ တစ်လုံးစ နှစ်လုံးစပဲ စကားပြောတာ။ အဘိုးဝူက ကျွန်တော့်ညီမထက်တောင် ပိုပြီးတော့ စကားများနေသေးတယ်…"

ထိုအဘိုးအိုက ဝူမျိုးရိုးဖြစ်သည်။ ဦးညွတ်ခြင်း၊ ဒူးထောက်ခြင်းများက သူ့အရိုးထဲတွင် စွဲနေခဲ့၏။ အထူးသဖြင့် ထိုအရာက သူ့ရင်ထဲတွင် အလွန်ဂုဏ်ယူစရာ ကောင်းလှသည်။ သူက နန်းတော်ထဲတွင် တော်ဝင်မိန်းမစိုး တစ်ယောက်ဖြစ်၏။

ထိုလူငယ်လေးက သူ့စကား၏ အဓိပ္ပါယ်ကို နားလည်ပုံမရကြောင်း မြင်လိုက်ရသည့်အခါ သူက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

"မင်းသားလေး …

လမ်းကြားလေးထဲမှာ ရှိနေတဲ့လူက မင်းသားလေးကို အန္တရာယ်ပေးနိုင်ပါတယ်…"

ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်က ပျင်းတိပျင်းရွဲ အမူအယာနှင့် ပြောလိုက်သည်။

"ကျင့်ကြံခြင်းလမ်းကြောင်းမှာ လူပေါင်းများစွာ ပြည့်နှက်နေသလို မကောင်းဆိုးဝါးတွေ၊ လမ်းမှားပညာရှင်တွေလည်း ရှိတယ်ဆိုတာ ကျွန်တော် ကြားဖူးတာ ကြာပါပြီ။ ဒါပေမယ့် ကျွန်တော်က သူနဲ့မထင်မှတ်ပဲ တွေ့ရတာလေ။ သူက ကျွန်တော့်ကိုသတ်ပြီး ကျွန်တော့်ရဲ့ရတနာတွေကို လုယူမှာလား။ အဲဒီလိုလည်း မဟုတ်လောက်ဘူးမလား။ တကယ်လို့ တောင်ပေါ်မှာရှိတဲ့ လူတိုင်းကသာ ဒီလိုဖြစ်နေမယ်ဆိုရင် အစောကြီးကတည်းက ဖရိုဖရဲဖြစ်နေမှာပေါ့…"

အဘိုးအိုက သက်ပြင်းချလိုက်မိသည်။ တောင်အောက်တွင် ရှိနေသော တိုင်းပြည်နှင့် တောင်ပေါ်တွင် ရှိနေသော အင်မော်တယ်များက ပေါင်းစည်းနေသယောင် ထင်မှတ်ရသော်လည်း ရင်ထဲတွင်တော့ ကွဲပြားကြသည်။ အမှန်အတိုင်းပြောရလျှင် သူတို့က အချင်းချင်း မုန်းတီးနေကြခြင်းဖြစ်၏။

ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးကတော့ စိတ်ထဲ ထည့်ထားပုံမရချေ။

"ထားလိုက်ပါတော့။ ကျွန်တော်က မိန်းကလေးတစ်ယောက်အပေါ် အကြွေးတင်နေတဲ့ လူတစ်ယောက်မှ မဟုတ်တာ…"

မိန်းမပျိုက သူ့ရှေ့မှ လျှောက်သွားပြီး သူမ၏ဘယ်လက်ကတော့ ဓားလက်ကိုင်ပေါ်ကို တင်ထားခဲ့သည်။

လူငယ်က အပြုံးနှင့် ဘေးသို့ စောင်းပေးလိုက်ပြီး သူမသွား၍ ရစေရန် လမ်းဖယ်ပေးလိုက်၏။

အနက်ဝတ်မိန်းမပျိုက ခြေလှမ်းများကို နှေးလိုက်ပြီး ဘေးဘက်သို့ စောင်းလိုက်သည်။ ဇာပဝါ နောက်ဘက်တွင် ရှိနေသော သူမ၏မျက်လုံးများက အလွန်သတိထားနေခဲ့၏။ ထိုအချိန်တွင် မိန်းမစိုးကြီးက ဒဏ်ရာရနေသော မိန်းမပျို၏လက်ကို အဝတ်များနှင့် ပတ်ထားကြောင်း မြင်လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။

"အတင့်ရဲလိုက်တာ ... "

ရုတ်တရက်ဆိုသလို အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ခြေထောက်ကလည်း ဘေးသို့ လျှောတိုက်သွားသလို ထင်မှတ်ရပြီး သူက ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်လေး၏ရှေ့ကို ချက်ချင်း ရောက်လာခဲ့သည်။ အဘိုးအိုက နောက်သို့ အနည်းငယ် စောင်းလိုက်ပြီး လူငယ်ကို လမ်းကြား၏ နံရံဆီသို့ တွန်းပို့လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ဘယ်လက်ကို မြှောက်လိုက်၏။ သူ၏လက်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က ကျောက်တုံးကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုပြီး လူငယ်၏ခေါင်းကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

အရှိန်က အလွန်အံ့ဩစရာကောင်းပြီး မျက်နှာနှင့်နံရံကို ထိုးဖောက်သွားရန် လုံလောက်၏။ အဘိုးအိုက လက်သီးဆုပ်အရွယ် ကျောက်တုံးလေးကို ခြေမွပစ်လိုက်သော်လည်း လုပ်ကြံသူကို မသတ်ခဲ့ပေ။ ထိုအစား အနက်ဝတ်မိန်းမပျိုကို ညာလက်နှင့် တိုက်ခိုက်လိုက်၏။

ဓားကိုင်ထားသော မိန်းမပျိုက ခဏကြာစဉ်းစားနေပြီး ဓားကို‌ ဓားအိမ်ထဲမှ ထုတ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ ထိုအစား သူမက ခေါင်းကိုငဲ့၍ လက်သီးချက်ကို ရှောင်တိမ်းလိုက်၏။

လက်သီးချက်ဆီမှ ထွက်ပေါ်လာသော လေလှိုင်းက အလွန်ပြင်းထန်လွန်းလှသည့်အတွက် မိန်းမပျို၏ မျက်နှာကို ဖုံးကွယ်ထားသော ဇာပုဝါကပင် ချက်ချင်း လွင့်သွားခဲ့သည်။

အရပ်ရှည်ရှည်နှင့် အဘိုးအိုက သူ၏လက်သီးနှင့် အတည့်အတိုင်း ထိုးလိုက်ရာ သူ့လက်သီးက မိန်းမပျို၏ ဦးခေါင်းတည့်တည့်ကို ရောက်လာခဲ့သည်။ လက်သီးအရှိန်က ချောမွေ့နေပြီး ရပ်တန့်နေခဲ့ခြင်း မရှိချေ။

မိန်းမပျိုက လက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး လက်(၂)ဖက်ကို ကန့်လန့်ဖြတ်၍ လက်သီးလမ်းကြောင်းကို တားဆီးလိုက်သည်။ ထို့နောက် မိန်းမပျိုက နောက်ကို ခြေလှမ်း(၁၀)လှမ်းကျော် တရွတ်တိုက် ပါသွားခဲ့သည်။

မိန်းမပျိုက လေပူများကို မှုတ်ထုတ်လိုက်မိပြီး လက်ထဲမှ စီးကျလာသော သွေးများက စည်းနှောင်ထားသော အဝတ်စကိုပင် စိုရွှဲသွားစေခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် ရှိနေသော ဇာပုဝါကလည်း လွင့်သွားခဲ့၏။ သူမက အနည်းငယ် ဒေါသထွက်သွားသည်။

မိန်းမပျိုက ပြန်လှည့်ပြီး အဘိုးအိုကိုကြည့်၍ နည်းလမ်းကျကျ ပြောလိုက်၏။

"တကယ်လို့ ကျွန်မကြောင့်သာ မဟုတ်ရင် သူက လူသေ ဖြစ်နေလောက်ပြီ…"

အဘိုးအိုက မကြားချင်ယောင်ဆောင်လိုက်၏။ သို့သော် ယခင်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် လုပ်ကြံမှုနှင့် အလစ်ချောင်း တိုက်ခိုက်မှုတွင် အတွေ့အကြုံရှိသော မိန်းမစိုး အိုကြီးက ထိုမိန်းကလေးအပေါ် အလွန်အမင်း သတိထားနေခြင်း မရှိတော့ချေ။

ပထမဆုံး တိုက်ခိုက်လိုက်သည့်သူက လမ်းကြား၏ တခြားတစ်ဖက်မှ ဖြစ်သည်။ ဤလမ်းကြားထဲတွင် သူတို့သခင်နှင့် အစေခံတို့အပြင် အပြင်လူ(၂)ယောက်သာ ရှိသည်။

လမ်းကြား၏တခြားတစ်ဖက်တွင်တော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ မျက်နှာဖုံးဝတ် လူတစ်ယောက် ရပ်နေသည်။ သူ၏လက်မောင်းများက အလွန်ကြီးမားပြီး ကြွက်သားများ ရှိနေသည့်အတွက် သံလုံးကြီးပမာ ဖြစ်နေခဲ့သည်။ သူ၏ခါးတွင် အိတ်(၂)အိတ် ချိတ်ထားပြီး ထိုအိတ်ထဲတွင် လုံးဝိုင်းသောအရာများ ပြည့်နေခဲ့၏။

သူက နေရာတွင် ရပ်နေပြီး မူလအလစ်ချောင်းတိုက်ခိုက်မှုက သတိပေးရုံသက်သက်သာ ဖြစ်ကြောင်း ပြောချင်နေပုံရသည်။ အေးစက်သော သူ၏ မျက်လုံးများက မိန်းကလေးကို ကြည့်လိုက်မိသည့်အချိန်တွင် သူက ပြုံးလိုက်မိ၏။ သူ့မျက်လုံးထဲတွင် မီးလောင်နေသလို ပေါ်လာခဲ့သည်။

မိန်းမပျိုက တိုးတိုးလေးရယ်လိုက်ပြီး စကား(၂)လုံးသာ ပြောလိုက်၏။

"ပြန်လာခဲ့…"

ထိုအသံနှင့်အတူ ဓားတစ်လက်က ခေါင်းကို ဖြတ်လာခဲ့သည်။ ဓားပျံက မိန်းမပျို၏ အနားသို့ ရောက်လာပြီး သူမ၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေသည်မှာ ကလေးတစ်ယောက် ပျော်နေသလိုဖြစ်နေသည်။

ထို့ကြောင့် သူမက ဒေါသတကြီး ပြောလိုက်၏။

"သွားစမ်း…"

ဓားပျံက အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် သခင်နှင့်အစေခံတို့ကလည်း အံ့သြမှင်တက်သွားခဲ့ကြ၏။ မိန်းမစိုးအိုကြီးက ဓားပျံနည်းလမ်းကြောင့် ထိတ်လန့်သွားခဲ့ခြင်း မဟုတ်ချေ။ ထိုမိန်းကလေးက ဓားပျံကို ဤနေရာတွင် စိတ်ရှိသလို ထိန်းချုပ်နိုင်သည့်အတွက် ခေါင်းကိုက်သွားသလို ခံစားနေရခြင်းဖြစ်သည်။

ထိုခံစားမှုကြောင့် အဘိုးအိုက နန်းတော်ထဲသို့ ပထမဆုံး ရောက်ခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရသွားခဲ့၏။ ထိုအချိန်တွင် သူကတော့ တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ တစ်နေ့တွင်တော့ သူက အနီရောင်နဂါးဝတ်ရုံဝတ်ထားသော အကြီးအကဲတစ်ယောက်ကို နန်းတော်နံရံအောက် မလှမ်းမကမ်းတွင် လမ်းလျှောက်နေကြောင်း မြင်လိုက်ရသည်။ သို့သော် သူကတော့ မည်သည့်အရာကိုမျှမသိသော မိန်းမစိုးတစ်ယောက်မဟုတ်ချေ။ သူက အနီရောင်အလင်းတန်းများကိုသာ ကြောက်လန့်နေခြင်းဖြစ်၏။

ပိုးဖဲဝတ်ရုံ ဝတ်ထားသော လူငယ်က သတိပြန်ဝင်လာပြီးနောက် အပြုံးနှင့် ရှေ့ကိုထွက်၍ စိုးရိမ်တကြီး မေးလိုက်သည်။

"အဘိုးဝူ အဆင်ပြေရဲ့လား…"

ဆံပင်ဖြူနှင့် မိန်းမစိုးအိုကြီး၏မျက်နှာက လေးလံနေသည်။ သူက ခေါင်းခါပြလိုက်၏။

"သတိထားတာ ပိုပြီးတော့ကောင်းမယ်။ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ မိသားစုရဲ့…"

လူငယ်က လျင်မြန်စွာ လက်ကာပြီး ပြောလိုက်၏။

"ကျွန်တော်တို့က တောင်းပန်လိုက်ရင် မကောင်းဘူးလား…"

အဘိုးအိုက အနည်းငယ် သတိလက်လွတ်ဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု၊ ဒေါသနှင့် ဝမ်းနည်းမှုများကို ခံစားလိုက်ရသည်။ အကယ်၍ သခင်က အရှက်ခွဲခံရလျှင် ကျွန်က သေရမည်ဖြစ်သည်။ အထူးသဖြင့် နန်းတွင်းမိသားစုထဲတွင်ဖြစ်၏။

ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်ကတော့ အပြုံးနှင့်ပြောလိုက်သည်။

"အဘိုးဝူ …

အမှားလုပ်ထားရင် တောင်းပန်ရတာ မခက်ပါဘူး…"

ထိုအဘိုးအိုကတော့ မသင့်တော်သလို ခံစားနေရသေး၏။ သို့သော် ပိုးဖဲဝတ်ရုံဝတ်ထားသော လူငယ်က မိန်းမပျိုဆီသို့ လျှောက်သွားခဲ့သည်။ တခဏအတွင်း အဘိုးအိုဆီတွင် ခံစားချက်များ ရောနှောလာခဲ့သည်။

ထိုလူငယ်၏ နောက်ကျောတွင်တော့ ရွှံ့တစ်စက်မျှမရှိခဲ့ပေ။

Translated by Hein Htet.

All Chapters