← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

သူမ ဘယ်သူလဲဟူသော မေးခွန်းကို ပြန်ဖြေရန် လူငယ်တာအိုသခင်က စဉ်းစားထားပြီးသား ဖြစ်သည်။ သို့သော် မထင်မှတ်ထားစွာပင် ခြံဝင်းတံခါးက လျင်မြန်စွာ ပွင့်လာခဲ့၏။ လမ်းကြားလေးထဲတွင် နေထိုင်သောကောင်လေးက ထိုအပိုင်းကို တိုက်ရိုက် ကျော်သွားခဲ့ပုံရသည်။

ရွှံ့ပုလင်းလမ်းကြားလေးက ဤမြို့ငယ်လေးထဲတွင် အကျဉ်းဆုံးလမ်းများထဲမှ တစ်ခု ဖြစ်သည်။ တာအိုသခင်၏နှစ်ဘီးတပ် သစ်သားလှည်းက လမ်းပေါ်တွင် ထားခဲ့လျှင် လမ်းပိတ်သွားနိုင်၏။

ချန်းပင်အန်းက ပိန်ပိန်ပါးပါးနှင့် အစွမ်းမရှိသယောင် ထင်မှတ်ရသော်လည်း သူ့အစွမ်းက နည်းပါးမှု မရှိသည်မှာ ကံကောင်းသွားသည်။ သူက လေးလံသောလှည်းကို ခြံဝန်းထဲသို့ သယ်ဆောင်ရန် အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့ရခြင်း မရှိချေ။

စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် ထိုလူငယ်လေးက စကားတစ်ခွန်းမျှ မပြောခဲ့သည့်အတွက် လူငယ်တာအိုသခင်က တံခါးကို ပိတ်လိုက်ပြီးနောက် အနည်းငယ် ရှက်ရွံ့နေသလို ခံစားနေရ၏။

ထိုအရာက ငွေချေးရန် ရောက်လာသော လူတစ်ယောက်ကို အိမ်ရှင်က စားကောင်း သောက်ဖွယ်များနှင့် ဧည့်ခံနေသလို ခံစားချက်မျိုးဖြစ်သည်။ အကယ်၍ ဧည့်သည်ဆီ၌ အသိတရား အနည်းငယ် ကျန်နေသေးလျှင် ပို၍ခက်ခဲပါလိမ့်မည်။

မည်သို့ ဖြစ်စေကာမူ အရှက်ရမည်ဖြစ်ကြောင်း လူငယ်တာအိုသခင်က တွေးထားသည့်အတွက် ထိုအရာကို အသားကျရန်သာ ကြိုးစားလိုက်သည်။ သူက လှည်းကို ဖုံးလွှမ်းထားသော ဖျင်ကြမ်းစကို ဖယ်ရှားလိုက်သည့်အခါ လှည်းပေါ်တွင် တင်ထားသော အနက်ဝတ်မိန်းမပျိုက ပေါ်လာခဲ့သည်။

သူမ၏ မျက်နှာကို ကာထားသော ဦးထုပ်က စောင်းနေပြီး ပြုတ်ကျသွားခြင်း မရှိသေးသည့်အတွက် ပိုင်ရှင်၏မျက်နှာကို ခေါင်းမာစွာ ဖုံးကွယ်ပေးထားနေခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း သူက ပါးလွှာသော ဖျင်ကြမ်းစကို ဖယ်ရှားလိုက်သည့်အချိန်တွင် မွှေးရနံ့များက သူ့မျက်နှာဆီကို ချက်ချင်း ရောက်ရှိလာခဲ့၏။

ထိုအချိန်ကျမှသာ အနက်ရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးက သွေးများ အလွန်အကျွံ ထွက်နေကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့သည်။ အလွန်သေးငယ်သည့် ဖျင်ကြမ်းစက ပြင်းထန်သော ရနံ့များကိုပင် လုံးဝ ဖုံးကွယ်ပေးထားနိုင်လိမ့်မည်ဟု ချန်းပင်အန်းလည်း မထင်ထားခဲ့ပေ။

သူက နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သွားပြီး ပြန်မေးလိုက်၏။

“တာအိုသခင်…

တာအိုသခင်က ဘာလုပ်ချင်နေတာလဲ…”

လူငယ်တာအိုသခင်က ပြောလိုက်သည်။

“သူ့ကို ကယ်တင်ပေးပါ။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတယ်။ မြို့ထဲမှာ ဘယ်သူကမှ သူ့ကို မကယ်ချင်ကြဘူး။ သူတို့က ကိုယ့်အလုပ် ကိုယ်ပဲ အလေးထားနေကြတာ။ ဒါကြောင့် မင်းကတော့ ခြွင်းချက်ရှိနိုင်တယ်လို့ ငါတွေးမိခဲ့တယ်…”

ချန်းပင်အန်းက ခေါင်းကုတ်ပြီး မေးလိုက်၏။

“သူက ဘယ်လို ဒဏ်ရာရလာတာလဲ…”

တာအိုသခင်၏မျက်နှာက နီရဲသွားခြင်း မရှိသလို နှလုံးခုန်သံက မြန်လာခြင်းလည်း မရှိချေ။ သူက ပြောလိုက်၏။

“ငါက အထိမ်းအမှတ် အဆောက်အဦးကိုဖြတ်ပြီး လှည်းကို တွန်းလာတဲ့အချိန်မှာ ဒီမိန်းကလေးကို မြင်ခဲ့ရတယ်။ သူက ‌အထိမ်းအမှတ် ကျောက်ပြားပေါ်မှာရှိတဲ့ စကားလုံးတွေကို ကူးယူဖို့အတွက် စုတ်တံနဲ့ တခြားပစ္စည်းတွေ ထုတ်ပြီး အပေါ်တက်သွားတာကို မြင်လိုက်ရတယ်…”

“အဲဒီစကားလုံးတွေကို မင်နဲ့ ကပ်နေတာကတော့ စာကူးယူတဲ့ အလုပ်တစ်ခုပဲလေ။ ငါလည်း အဲဒီအရာကို သေချာ မရှင်းပြနိုင်ဘူး။ မိန်းကလေးက အပေါ်ကို တက်သွားပြီးတဲ့နောက် ခေါင်းငုံ့ပြီး ထုတ်တန်းပေါ်မှာ ထိုင်နေခဲ့တယ်။ ငါက အရမ်းလန့်သွားတဲ့အတွက် သူ့ကို သတိထားဖို့ အကြိမ်ကြိမ် ပြောခဲ့ပါသေးတယ်။ အဆုံးမှာတော့ သူက သတိမထားခဲ့ဘူးလေ။ သူက အရှိန်နဲ့ မြေပေါ်ကို ရုတ်တရက် ပြုတ်ကျလာခဲ့တယ်။ အထိမ်းအမှတ် အဆောက်အဦးရဲ့ မြေပြင်က မင်းတို့ ရွှံ့ပုလင်းလမ်းကြားလောက် မပျော့သလို ဖုလုလမ်းကြားမှာရှိတဲ့ အပြာရောင်ကျောက်ပြားတွေလောက် မမာတာကို မင်းလည်း သိမှာပေါ့။ ဒီမိန်းကလေးက ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်…”

“ငါက စိတ်ကောင်းရှိတဲ့ လူတစ်ယောက် ဖြစ်နေတော့ သနားငဲ့ညှာရမယ်လေ။ သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ ငါလည်း ဘာမှမလုပ်နိုင်တဲ့အတွက် သူ့ကို ဒီခေါ်လာခဲ့တာ။ လမ်းတစ်လျှောက်မှာ တခြားမိသားစုတွေက သွေးတွေပေကျံနေတဲ့ သူ့ကို တွေ့ခဲ့ကြတယ်။ အခုချိန်က နှစ်သစ်ကူးချိန် ဖြစ်နေတော့ တော်တော်လေး ကံဆိုးသွားတယ်လေ။ ဘယ်သူကမှ သူ့ကို အိမ်ထဲ မခေါ်ချင်ကြဘူး။ ဒါက လူသား သဘာဝဆိုတာ ငါလည်း သိပါတယ်။ ဒါကြောင့် ငါလည်း ‌ရွေးချယ်စရာ မရှိတော့ဘဲ မင်းဆီကို ရောက်လာရတာ…”

“ပြောရမယ်ဆိုရင်တော့ မင်းသာ သူ့ကို အထဲမခေါ်ချင်ဘူးဆိုရင် ငါက ငရဲတံခါးကနေ လူမကယ်နိုင်တဲ့ အင်မော်တယ်တစ်ယောက် ဖြစ်တော့မှာပေါ့။ ဒီမိန်းကလေးက နောက်ဆုံး အသက်ထွက်သွားမှာကို စောင့်ပြီး သူ့အတွက် နေရာကောင်းတစ်ခုမှာ အုတ်ဂူတူးပြီး မြှုပ်ပေးဖို့ပဲ ကြိုးစားရတော့မယ်…”

တာအိုသခင်က စကားကို မြန်မြန်ပြောနေပြီး ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ သူက လူငယ်လေးကို ကွေ့ဝိုက်၍ ပြောပြီး ခေါင်းထဲတွင် ရှုပ်ထွေးသွားအောင် ဖန်တီးနေခြင်း ဖြစ်သည်။ အရာအားလုံးက အစတွင် ခက်ခဲ၏။ အစရှိလျှင်တော့ တဖြည်းဖြည်း အဆင်ပြေသွားပါလိမ့်မည်။

ချန်းပင်အန်း၏ မျက်လုံးထဲတွင် အလွန်ရှုပ်ထွေးနေခဲ့သည်။ သူက မျှော်လင့်ချက်များ ပြည့်နှက်နေသော တာအိုသခင်နှင့် အသက်ကင်းမဲ့နေပုံရသော အနက်ဝတ် မိန်းမပျိုတို့ကို တစ်လှည့်ဆီ ကြည့်နေမိ၏။

ခဏကြာ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သူ့ကို ဘယ်လို ကယ်ရမှာလဲ…”

လူငယ်တာအိုသခင်က ရုတ်တရက် တက်ကြွစွာ ပြောလိုက်၏။

“ဟုတ်ပြီ ချန်းပင်အန်း။ ငါ့ရဲ့စကားတစ်ဝက်ကတော့ မှန်တယ်။ မင်းက သူ့ရဲ့ဆိုးဝါးတဲ့ ဒဏ်ရာတွေကိုပဲ မကြည့်နဲ့။ တကယ်လို့ ငရဲဘုရင်က သေဆုံးခြင်းမှတ်တမ်းမှာ သူ့ရဲ့နာမည်ကို ရေးထားတယ် ဆိုရင်တောင် မင်း ထင်သလောက် မဆိုးသေးဘူး။ ဒီငမွဲတာအိုသခင် ပြောတဲ့အရာတွေက အမှန်ပဲ…”

“ဒီကိစ္စမှာ လျို့ဝှက်ဆန်းကြယ်မှုတွေမျိုးစုံ ပတ်သက်နေတယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီမိန်းကလေးရဲ့ အသက်ရှင်လိုစိတ်က တော်တော်လေးကို ပြင်းထန်တယ်။ ပြီးတော့ သူ့ရဲ့ ပင်မနှလုံးသား ၊ သွေးကြောတွေနဲ့ သွေးအခန်းတွေကို ကာကွယ်ပေးနိုင်တဲ့ မိသားစု လျို့ဝှက်ချက်တွေ ရှိတယ်ထင်တယ်။ ပြီးတော့ ငါတို့မြို့လေးကလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုပဲ။ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ်။ အဲဒီအရာတွေကို စားသုံးလိုက်တာမျိုး၊ ဖမ်းလိုက်တာမျိုးကတောင် အကျိုးအမြတ်တွေ အများကြီး ရှိလာနိုင်တယ်…”

လူငယ်တာအိုသခင်က ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူက ကောင်းကင်ဘုံ၏ လျို့ဝှက်ချက် အမြောက်အမြားကို ထုတ်ဖော်ပြောမိလိုက်ကြောင်း နားလည်သွားခဲ့၏။ သူက ခြောက်ကပ်စွာ ရယ်လိုက်သည်။

“မင်းက အဲဒါကို နားမလည်ဘူး မဟုတ်လား…”

လူငယ်က အလေးအနက် ပြန်ပြောလိုက်၏။

“ကျွန်တော် နားမလည်ပါဘူး။ ဒါပေမဲ့ အများစုကိုတော့ မှတ်မိတယ်…”

လူငယ်တာအိုသခင်က စူးစူးနစ်နစ် မေးလိုက်သည်။

“ဒါဆိုရင် အိမ်တံခါးခေါက်သံ ကြားတဲ့အချိန်မှာ ကံကြမ္မာ ဟောပြောတဲ့ဆိုင် ဖွင့်ထားတဲ့ ငါ ဆိုတာကို သိနေတာလား…”

ချန်းပင်အန်းက စဉ်းစားပြီး ပြောလိုက်သည်။

“ဟုတ်တယ်...”

လူငယ်တာအိုသခင်က စိတ်ဝင်တစား မေးလိုက်၏။

“မင်းရဲ့မှတ်ဉာဏ်က တော်တော် ကောင်းတာလား။ ဘယ်လောက်မှတ်မိတာလဲ...”

လူငယ်က အနက်ရောင်ဝတ်ထားသော မိန်းကလေးကို လှည့်ကြည့်လိုက်သည်။

လူငယ်တာအိုသခင်က သူ့ကို အပြုံးနှင့် ရှင်းပြလိုက်၏။

“အခုအချိန်မှာ သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို စိတ်ကြိုက်လှုပ်ရှားလို့ မရနိုင်ဘူး။ ခဏစောင့်နေလိုက်တာ အကောင်းဆုံးပဲ…”

ချန်းပင်အန်းက ဝင်ပြောလိုက်သည်။

“ကျွန်တော်က နားထောင်နေတာထက် တစ်ခုခုကို ကြည့်နေလိုက်မယ်ဆိုရင် မှတ်မိဖို့ ပိုပြီးတော့ လွယ်ကူတယ်…”

လူငယ်တာအိုသခင်က မေးလိုက်သည်။

“ငါ့ကို ဥပမာတစ်ခု ပေးပါလား…”

ချန်းပင်အန်းက ခဏကြာ စဉ်းစားလိုက်၏။

“ဥပမာအနေနဲ့ ပြောရရင် နဂါးမီးဖိုကြီးရဲ့ခေါင်းဆောင် ဆရာကြီးယောင်ရဲ့ ခုန်ပျံခြင်း ဓားသိုင်းပညာက မြို့ထဲမှာရှိတဲ့ ဆရာကြီးတွေ အားလုံးထဲမှာ အတော်ဆုံးပဲ။ ကျွန်တော်က အဲဒါကို တစ်ကြိမ်မြင်လိုက်ရုံနဲ့ အသေးစိတ်ကို မှတ်မိတယ်..။ ဒါပေမဲ့.....”

လူငယ်တာအိုသခင်က အပြုံးနှင့် ဆက်ပြောလိုက်သည်။

“မင်းရဲ့လက်တွေ၊ ခြေထောက်တွေကတော့ လိုက်ပြီးလှုပ်ရှားလို့ မရဘူး မဟုတ်လား”

ချန်းပင်အန်း၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့ပြီး ခေါင်းညိတ်ပြလိုက်သည်။ လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင် အဘိုးယောင်ရဲ့ ထူးခြားတဲ့စွမ်းရည်က ဘာလဲဆိုတာ တွေးခဲ့ဖူးလား..”

ချန်းပင်အန်း၏မျက်နှာက မည်းမှောင်နေခဲ့သည်။

“အရင်တုန်းကတော့ ကျွန်တော်က အဖြေမရှာနိုင်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဘိုးယောင် ပြောတဲ့စကားကို လျှိုရှန်းရန်က ပြန်ပြောပြခဲ့တယ်။ တကယ်လို့ ခုန်ပျံခြင်း ဓားသိုင်းပညာကို အကောင်းဆုံး ကြိုးစားချင်တယ်ဆိုရင် တည်ငြိမ်တဲ့ နှလုံးသားတစ်ခုရှိဖို့ လိုအပ်တယ်။ တည်ငြိမ်တဲ့လက်တွေရှိဖို့ လိုတာ မဟုတ်ဘူး…”

“အဲဒီစကားကို ကြားတဲ့အချိန်မှပဲ ကျွန်တော် နားလည်သွားခဲ့တယ်။ အရင်တုန်းကတော့ ကျွန်တော်က အရမ်းကို စိုးရိမ်နေခဲ့တာ။ ကျွန်တော်က ပိုပြီးတော့ စိုးရိမ်လာလေလေ၊ လက်တွေက ပိုပြီးတော့ ရှုပ်ထွေးလာလေလေပဲ။ ပိုပြီး‌တော့ ရှုပ်ထွေးလာလေလေ၊ အမှားတစ်ခု လုပ်လိုက်မိတာနဲ့ ကျွန်တော်က အဘိုးယောင်လို အခြေအနေမျိုးကို ရှင်းရှင်းလင်းလင်း မတွေ့ရတော့ဘူး။ အဲဒီနောက်မှာ ကျွန်တော်က ပိုပြီးတော့ စိုးရိမ်ထိတ်လန့်လာတယ်။ ဒါကြောင့်လည်း ကျွန်တော်က နဂါးမီးဖိုကြီးမှာ အဆိုးဆုံး ဖြစ်နေရတာပဲ…”

လူငယ်တာအိုသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှေးစကားပုံတစ်ခု ရှိတယ်။ ဆရာက မင်းကို တံခါးဆီ လမ်းပြပေးနိုင်တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်ကပဲ တံခါးကို ဖြတ်ကျော်ရလိမ့်မယ်။ အဲဒါဆိုရင် မင်းက ဘယ်လိုဆက်ပြီး လေ့ကျင့်မှာလဲ…”

ချန်းပင်အန်းက‌ ခေါင်းခါပြလိုက်သည်။

“ကျွန်တော်က တုံးပါတယ်။ လျှိုရှန်းရန်ကို မပြောနဲ့၊ သာမန်တပည့် တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူး။ ဒီ‌တော့ အဘိုးယောင်က ကျွန်တော့်ကို မကြိုက်တာ မဆန်းပါဘူး…”

လူငယ်တာအိုသခင်က ရုတ်တရက် ပြုံးလိုက်၏။

“ချန်းပင်အန်း…

တည်ငြိမ်တဲ့ နှလုံးသားဆိုတဲ့ စကားကို နားလည်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သိလား။ အဲဒါကို နားလည်ဖို့ အရမ်းကို ခက်တယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ မလိုဘူး…”

ချန်းပင်အန်းကတော့ ခေါင်းခါနေမိသေးသည်။

“အဲဒါက စမ်းချောင်းထဲမှာ ငါးဖမ်းရသလိုမျိုးပဲလေ။ ကျွန်တော်က ဒူးလောက်တောင် မရှိတဲ့ရေထဲမှာ ရပ်နေတယ်။ ပြီး‌တော့ ခါးကုန်းပြီး ငါးကို ဖမ်းလိုက်တယ်။ အဲဒါက ငါးဖမ်းတာပဲ။ တချို့လူတွေက ရေကူးတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။ သူတို့က တွင်းနက်ကြီးတွေထဲကို ရေငုပ်ပြီး အချိန်အကြာကြီး အသက်အောင့် ထားပြီးမှ ငါးကို ဖမ်းကြတယ်။ ဒါလည်း ငါးဖမ်းတာပဲ။ တာအိုသခင်…အဲဒီအရာနှစ်ခုက ကွဲပြားတယ် မဟုတ်လား…”

လူငယ်တာအိုသခင်က ရယ်လိုက်ပြီး မှတ်ချက်ပေးရန် ဖယ်ရှားလိုက်သည်။ သူက ရုတ်တရက် ပြောလိုက်၏။

“အခု ငါတို့က သူ့ကို ကယ်လို့ရပြီ…”

ချန်းပင်အန်းက တွေဝေသွားခဲ့သည်။

လူငယ်တာအိုသခင်ကလည်း မှင်တက်သွားခဲ့၏။

“မင်းက ဘာတွေ တွေဝေနေရတာလဲ။ ဒီမိန်းကလေးကို အခန်းထဲခေါ်သွားပြီး အိပ်ယာပေါ်မှာ တင်လိုက်လေ…”

ချန်းပင်အန်းက လုံးဝ မလှုပ်သေးပေ။

“ပြီးတော့ရော...”

လူငယ်တာအိုသခင်က အမှန်အတိုင်း ပြောလိုက်သည်။

“ငါတို့က အရင်ဆုံး ဒီမိန်းကလေးကို သန့်ရှင်းတဲ့ အဝတ်အစားတစ်စုံ လဲပေးရမယ်။ ပြီးရင်တော့ ဆေးဆိုင်ကိုသွားပြီး အသက်စွမ်းအင် အားဖြည့်ပေးနိုင်တဲ့ ဆေးတွေ သွားဝယ်ရမှာပေါ့။ အဲဒီအချိန် ရောက်လာရင်တော့ ငါကိုယ်တိုင် ထွက်လာပြီး ငါ့ရဲ့စွမ်းရည်တွေကို ပြသပေးမယ်။ ငါ ကိုယ်တိုင် ထွက်လာပြီး ကူညီ‌ပေးမယ်..”

ချန်းပင်အန်းက မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။

“ဒီမိန်းကလေး နိုးလာရင် ကျွန်တော့်ကို သေအောင်ရိုက်မှာ မဟုတ်လား…”

လူငယ်တာအိုသခင်က စဉ်းစားမနေဘဲ ပြောလိုက်သည်။

“မရိုက်လောက်ပါဘူး။ မင်းက သူ့ရဲ့ ကယ်တင်ရှင်ပဲလေ။ ဒီကမ္ဘာကြီးထဲမှာ အဲဒီလို ကျေးဇူးမသိတတ်တဲ့သူ ရှိလို့လား…”

ချန်းပင်အန်းက တိတ်ဆိတ်နေခဲ့၏။

လူငယ်တာအိုသခင်က ချောင်းဟန့်လိုက်ပြီး သူ၏အငွေ့အသက်များက အနည်းငယ် လျော့ကျသွားခဲ့သည်။

“လုံးဝ မရိုက်တာလည်း ဖြစ်တော့ မဖြစ်နိုင်လောက်ဘူး…”

ချန်းပင်အန်းက သက်ပြင်းချပြီး လေးလေးနက်နက် မေးလိုက်၏။

“ဘေးက ခြံဝန်းမှာ ကျစ်ကွေးလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ သူ့ကိုပဲ အဲဒီအရာတွေ လုပ်ခိုင်းလို့ ရမလား…”

လူငယ်တာအိုသခင်က မသက်မသာ ပြောလိုက်ရ၏။

“မရဘူး။ ဒါက ပြဿနာရဲ့အဓိက အရင်းအမြစ်ပဲ…”

ချန်းပင်အန်းက ခေါင်းမာနေခြင်း မရှိချေ။ သူက မြေပေါ်တွင် ထိုင်လိုက်ပြီး လက်နှစ်ဖက်နှင့် ခေါင်းကုတ်နေခဲ့၏။

လူငယ်တာအိုသခင်က ရုတ်တရက် မေးလိုက်သည်။

“မင်းမှာ မေးချင်တာ တစ်ခုခု ရှိလား။ တကယ်လို့ မင်းမေးမယ်ဆိုရင် ငါက မင်းရဲ့မေးခွန်းတွေ အားလုံးကိုတော့ ဖြေချင်မှ ဖြေနိုင်လိမ့်မယ်။ ဒါပေမဲ့ တချို့တဝက်ကိုတော့ အကောင်းဆုံး ဖြေပေးဖို့ ကြိုးစားပေးမယ်။ ဘယ်လိုသဘောရလဲ…”

ချန်းပင်အန်းက သက်ပြင်းချပြီး မတ်တပ်ရပ်လိုက်သည်။

“သူ့ကို အရင်ဆုံး ကယ်လိုက်ကြတာပေါ့…”

လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင်တော့ ကောင်းတယ်…”

သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး အငြိမ်မနေသော ဓားပျံကို ဓားအိမ်ထဲ၌ ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။

ချန်းပင်အန်းက မိန်းကလေးကို အိမ်ထဲသို့ သယ်သွားပြီး သစ်သားကုတင်ပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။ အစောပိုင်းတွင် လျှိုရှန်းရန်ကြောင့် ပျက်စီးသွားသော သစ်သားကုတင်က ပြန်ပြင်ပြီးသွားပြီ ဖြစ်၏။ ကုတင်အောက်တွင် သစ်သားထိုင်ခုံတစ်ခုကို ခုထားခဲ့သည်။

လူငယ်တာအိုသခင်က နောက်မှလိုက်လာခဲ့သည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အိမ်ငယ်လေး၏ အတွင်းထဲကို မြင်တွေ့လိုက်ရ၏။ ထို့နောက် လူငယ်တာအိုသခင်က ခေါင်းကို လက်နှင့် ပုတ်လိုက်ပြီး စုတ်တံတစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို ယူလိုက်သည်။ သူက လူငယ်လေးအတွက် ဆေးစာ ရေး‌ပေးလိုက်၏။

အိမ်ထဲကို ရောက်လာပြီးနောက် လူငယ်တာအိုသခင်က ခေါင်းခါပြီး သစ်သားကုတင်ဆီကို မကြည့်မိအောင် ကြိုးစားနေခဲ့သည်။ အလွန်ဆင်းရဲသော လူငယ်လေးကတော့ အတော်လေးကို ခက်ခဲနေမည်ဟု သူက တွေးမိခဲ့၏။

ထိုလူငယ်က မိန်းမပျို၏ ဦးထုပ်ကို ချွတ်လိုက်ပြီးနောက် အိပ်ယာ၏အစွန်တွင် ထိုင်နေခဲ့သည်။ ထိုအချိန်တွင် မိန်းမပျို၏ ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် သွေးများ ပြည့်နှက်နေကြောင်း တွေ့နေရ၏။ ဒွါရ(၇)ပေါက်မှ သွေးများ စီးကျနေခြင်းဟူသော အရာကိုတော့ လူငယ်လေး၏ မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းက ပြသနေသည်။

လူငယ်က လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး စားပွဲခုံ၏ရှေ့မှ ထိုင်ခုံတစ်ခုကိုယူ၍ အိပ်ယာဘေးတွင် ချလိုက်သည်။ ထို့နောက် သူက နံရံထောင့်သို့ လျင်မြန်စွာ ကပ်သွားခဲ့သည်။ ထိုနေရာတွင်တော့ အိုးများ၊ ပန်းကန်များကို သပ်သပ်ရပ်ရပ် တင်ထားသော သစ်သားစင်လေးတစ်ခု ရှိသည်။

သစ်သားစင်၏ အနားတွင်တော့ သစ်သားပြားများနှင့် ကာထားသော ရေပုံးငယ်လေးတစ်ခု ရှိသည်။ ထိုရေပုံးငယ်လေးထဲတွင် တရုတ်ဆီးသီးပွင့် လမ်းကြားထဲရှိ သံကြိုးရေကန်မှ ရေများ ပြည့်နှက်နေခဲ့၏။

လူငယ်က ရေဇလုံတစ်ခုနှင့် ဇွန်းကြီးတစ်ခုကိုယူပြီး ထိုရေပုံး၏အနားတွင် ထိုင်ချလိုက်သည်။ သူက ရေပုံးထဲမှနေ၍ ရေခပ်ပြီး သစ်သားဇလုံထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ ထို့နောက် သူက ဘေစင်ထဲတွင် သန့်ရှင်းသော အဝတ်တစ်ထည်ကိုယူပြီး အိပ်ယာဘေးတွင် ချထားလိုက်၏။

လူငယ်တာအိုသခင်က ခေါင်းကို တစ်ဖက်သို့ လှည့်ထားပြီး လက်ထဲတွင် ကိုင်ထားသော စာရွက်ကို မြှောက်လိုက်သည်။

“ဖုလုလမ်းကြားထဲမှာ ဆေးဆိုင်ငယ်‌လေးတစ်ဆိုင် ရှိတယ်။ ‌ဆေးစာ ယူသွားပြီး ဆေးသွားဝယ်လိုက်…”

လူငယ်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“နဂိုတုန်းက အဲဒီစကား မပြောခဲ့ဘူးလေ…”

တာအိုသခင်က ရှုပ်ထွေးသွားခဲ့၏။ သူက သေချာ ပြောလိုက်သည်။

“ဟုတ်တယ်။ မင်းက ဆေးဝယ်တဲ့အချိန်ကျရင် ဂရုစိုက်ဖို့ မှာချင်တယ်။ မင်းကို ဘယ်သူမှ သတိမထားမိစေနဲ့။ မဟုတ်ရင် မြို့ထဲမှာ မုန်တိုင်းတွေ ဖြစ်လာနိုင်ပြီး ဒီမိန်းကလေးရဲ့ ဂုဏ်သတင်းကို ပျက်စီးသွားစေလိမ့်မယ်…”

ချန်းပင်အန်းက အဝတ်နှင့် သန့်ရှင်းရေး လုပ်ပေးနေရင်း ပြန်မေးလိုက်သည်။ “ဆေးဝယ်ဖို့ တာအိုသခင်ဆီမှာ ငွေရှိလား…”

တာအိုသခင်က ရုတ်တရက် စိုးရိမ်သွားခဲ့၏။

“မင်းဆီမှာ မရှိဘူးလား…”

ချန်းပင်အန်းက သစ်သားဇလုံကို စားပွဲပေါ်သို့ တင်လိုက်ပြီး တစ်နေရာမှ ရွှေရောင်ကြေးပြား တစ်ပြားကို ထုတ်ယူ၍ စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်သည်။ “တာအိုသခင်…

ကျွန်တော်က ဒါကို သာမန်ကြေးပြားတွေနဲ့ အလဲအလှယ် လုပ်ချင်တယ်။ ဘယ်လို အလဲအလှယ် လုပ်ပေးမယ်ဆိုတာကတော့ တာအိုသခင်အပေါ်ပဲ မူတည်တယ်…”

လူငယ်တာအိုသခင်က ခဏကြာ စဉ်းစားလိုက်သည်။

“စားပွဲပေါ်မှာရှိတဲ့ ကြေးပြားက ဆေးညွှန်းထဲမှာပါတဲ့ ဆေးတွေကို ဝယ်ဖို့ လုံလောက်တယ်။ ငါက အခုပဲ မင်းအတွက် ငွေသွားယူလိုက်မယ်…”

တာအိုသခင်က အပြင်ထွက်သွားပြီး သိပ်မကြာခင် သာမန်ကြေးပြားများနှင့် ငွေစအနည်းငယ် ထည့်ထားသော အိတ်တစ်အိတ်နှင့် ပြန်လာခဲ့သည်။ သူက ထိုအရာများ အားလုံးကို ချန်းပင်အန်းဆီသို့ ပေးလိုက်၏။

ချန်းပင်အန်းက သူ့ကို သတိပေးလိုက်သည်။

“ကျွန်တော်က နောက်မှပဲ ဒီရေဇလုံကို သွန်လိုက်တော့မယ်။ တာအိုသခင်က အကူအညီ မပေးပါနဲ့။ စုန့်ကျိရှင်းက တစ်ဖက်ခြံမှာ နေနေတာ။ သူက အသစ်အဆန်းတွေကို သဘောကျတယ်။ တကယ်လို့ သူမြင်သွားမယ်ဆိုရင် ကောင်းမှာ မဟုတ်ဘူး…”

လူငယ်တာအိုသခင်က တည်ငြိမ်စွာ ပြောလိုက်၏။

“ချန်းပင်အန်း။ မင်းဆီမှာ ဘာမေးခွန်းမှ မရှိဘူးလား…”

ချန်းပင်အန်းက နေရာတွင် ရပ်လိုက်ပြီး ကြေးပြားများနှင့် ငွေစများကို ချိန်ဆကြည့်နေခဲ့သည်။ သူတို့က မည်သည့်အရာများဖြစ်ကြောင်း နားလည်သွားပြီးနောက် သူက သေချာသိမ်းလိုက်ပြီး အပြင်ဘက်တွင် စကားပြောရန် အချက်ပြလိုက်၏။

သူတို့နှစ်ယောက် တံခါးအပြင်ဘက်သို့ ထွက်လာပြီးနောက် မြက်ဖိနပ်နှင့် ချန်းပင်အန်းက ခေါင်းမော့ပြီး ပြောလိုက်သည်။

“တာအိုသခင်က သာမန်လူတစ်‌ယောက် မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်တို့မြို့လေးက ထူးခြားတယ်ဆိုတာ အဘိုးယောင် အရက်မူးလာတဲ့ အချိန်တိုင်း ပြောနေတာ တော်တော်ကြာပြီ။ အရာအားလုံးက ထူးဆန်းတယ်။ လူတိုင်းကလည်း ထူးဆန်းနေတယ်။ ဒါပေမဲ့ ဘာတွေထူးဆန်းနေလဲဆိုတာ အဘိုးယောင်က မပြောခဲ့ဘူး။ ဒီတော့ ကျွန်တော်လည်း မသိဘူး…”

“ဒီတစ်ကြိမ်တော့ ပုံပြောသမားရဲ့သာမန်ပန်းကန်လုံးထဲကနေ ရေတွေအများကြီး ကျလာတယ်လို့ ကုစန့်က‌ ပြောခဲ့တယ်။ ကုစန့်က စိတ်ရှုပ်စရာကောင်းပေမဲ့ သူက အဲဒီအရာကို မလိမ်ဘူးဆိုတာ ကျွန်‌တော်သိတယ်…”

လူငယ်လေးက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

“ဒီနေ့ပဲ တံခါးအပြင်ဘက် လမ်းကြားလေးထဲမှာ အရပ်ရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက် ပေါ်လာခဲ့တယ်။ သူက သူ့ရဲ့လက်ချောင်းလေးကိုသုံးပြီး ကျွန်တော့်ရဲ့နဖူးကို တစ်ကြိမ် ရိုက်ခဲ့တယ်။ သူ့ရဲ့လက်ဖဝါးက ကျွန်တော့်ရဲ့ ရင်ဘတ်ကို တစ်ကြိမ် ထိမိခဲ့တယ်။ အဆုံးမှာတော့ ကျွန်တော်က မကြာခင် သေတော့မယ်လို့ သူက ပြောခဲ့တယ်။ သူပြောတဲ့စကားက အမှန်ပဲဆိုတာလည်း ကျွန်တော်သိတယ်…”

လူငယ်တာအိုသခင်၏ မျက်နှာအမူအရာက တည်ငြိမ်အေးချမ်းနေခဲ့သည်။

နောက်ဆုံးတွင်တော့ ချန်းပင်အန်းက ပြောလိုက်၏။

“တာအိုသခင်…

တာအိုသခင် ရေးပေးတဲ့ အဆောင်ကို မီးရှို့ပြီးသွားရင် မိဘတွေက ကံကောင်းမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်က တာအိုသခင်ရဲ့စကားကို တကယ် ယုံခဲ့တယ်။ ဒါကြောင့်လည်း တာအိုသခင်က ကျွန်တော့်ဆီ ရောက်လာပြီး သူ့ကို ကယ်တင်ပေးဖို့ တောင်းဆိုခဲ့တဲ့အချိန်မှာ ကျွန်တော်က ဘာမှပြောစရာမရှိခဲ့ဘူး။ ကျွန်တော့်ကို ကတိတစ်ခုပေးဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ တာအိုသခင်သာ သဘောတူမယ်ဆိုရင် ဘာတွေပဲခိုင်းခိုင်း ကိစ္စမရှိဘူး။ တကယ်လို့ သဘောမတူဘူး ဆိုရင်‌တော့ ဆေးအညွှန်းကို ဝယ်ပေးပြီး ဒီဆေးတွေကို ကျိုဖို့ ကူညီပေးမယ်။ ပြီးရင် ကျွန်တော်က ဝေးဝေးကို ထွက်သွားတော့မယ်…”

တာအိုသခင်က မေးလိုက်၏။

“မင်းရဲ့တောင်းဆိုချက်က ဘာလဲ ပြောပါဦး…”

လူတိုင်းကို တည်ငြိမ်အေးချမ်းစေနိုင်သော လူငယ်လေးက ယခုတော့ အနည်းငယ် စိုးရိမ်နေပုံရသည်။ သူက ပြန်ဖြေလိုက်၏။

“ကျွန်တော် ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့မိဘတွေ သေသွားခဲ့တာ။ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်က အကြောင်းအရာတွေ အများကြီးကို မှတ်မိနေသေးတယ်။ ကျွန်တော့်မိဘတွေရဲ့ မျက်နှာက အမြဲတမ်း ဝေဝါးနေပြီး သူတို့ကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။ အဲဒီနောက်မှာတော့ ကျွန်တော်က အချိန်တော်တော်ကြာအောင် ဆန်ကြမ်းစားခဲ့ရပြီး အသက်ရှင်ဖို့ အိမ်နီးချင်းတွေကို အားကိုးခဲ့ရတယ်။ တစ်ချိန်မှာတော့ ကျွန်တော်က (၅)လပိုင်း (၅)ရက်နေ့မှာ မွေးတာလို့ လူတစ်ယောက် ပြောတာကို ကြားခဲ့ဖူးတယ်။ သူ့ရဲ့ လေသံအရ အဲဒါက ရက်ကောင်းရက်မြတ်တစ်ခုတော့ မဟုတ်လောက်ဘူး။ အနားမှာ ပိုပြီးတည့်တည့် ပြောတတ်တဲ့ လူတစ်ယောက်လည်း ရှိသေးတယ်…”

လူငယ်လေးက ဝမ်းနည်းနေပုံရသည်။ ခဏကြာ ရပ်လိုက်ပြီးနောက် သူက အဓိကအချက်ကို တည့်တည့်သာ ပြောလိုက်သည်။ သူက ခေါင်းငုံ့ပြီး ပြောလိုက်၏။ “ကျွန်‌တော်က တာအိုသခင်အတွက် လူတစ်ယောက်ကို ကယ်တင်ပေးပြီးသွားရင် တစ်နေ့နေ့ ကျွန်တော် သေပြီးသွားတဲ့အခါ နောက်ဘဝမှာ ကျွန်တော့်မိဘတွေရဲ့ သားသမီးအဖြစ်ပဲ ပြန်ဝင်စားနိုင်အောင် ကူညီပေးလို့ ရမလား…”

လူငယ်တာအိုသခင်လေးက တိတ်ဆိတ်သွားခဲ့၏။

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းကုတ်လိုက်သည်။

“တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်လည်း အဆင်‌ပြေပါတယ်။ ဟုတ်တယ်နော်။ ဒီကမ္ဘာကြီးထဲမှာ အဲဒီလိုအရာမျိုးမှ မရှိတာ။ ဒါက ကျွန်တော့်အမှားပါပဲ…”

တာအိုသခင်လေးက မချိပြုံး ပြုံးလိုက်မိသည်။

“ဒီမိန်းကလေးကရော...”

ချန်းပင်အန်းက တာအိုသခင်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူက လက်သီးကိုမြှောက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူက စနောက်၍ ပြောလိုက်သည်။

“သူက တော်တော်လှပါတယ်။ တကယ်လို့ ကျွန်တော်သာ သူ့ကို မကယ်ဘူးဆိုရင် ကျွန်တော်က အရူးပဲနေမှာပေါ့…”

လူငယ်တာအိုသခင်က ပေါ့ပါးချင်ယောင်ဆောင်နေသော လူငယ်လေးကို ကြည့်နေမိသည်။ သူက တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်သွားခဲ့၏။

ရွှံ့ပုလင်းလမ်းကြားထဲတွင် လမ်းလျှောက်နေသော လူငယ်လေးကတော့ တစ်စုံတစ်ယောက်ကို စဉ်းစားမိသွားပုံရပြီး မျက်ရည်များ စီးကျလာခဲ့လေသည်။

Translated by Hein Htet.

All Chapters