← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

လူငယ်လေးက ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်သွားခဲ့သည့်အချိန်တွင် စုန့်ကျိရှင်း၏ အစေခံမလေး ကျစ်ကွေးနှင့် တွေ့ခဲ့ရသည်။

သူမက အရပ်ရှည်ရှည် မိန်းမပျိုကို ကုစန့်၏အိမ်သို့ ပို့ပေးခဲ့ပြီးနောက် အိမ်ကို ချက်ချင်း ပြန်လာခဲ့ခြင်း မရှိချေ။ ထိုအစား သူမက လမ်းကြားလေးကို ကျော်ပြီး တရုတ်ဇီးသီးပွင့် လမ်းကြားထဲတွင် ရှိနေသော ဈေးဆိုင်ငယ်လေးများကို လျှောက်ပတ်ကြည့်နေခဲ့သည်။ သူမက မည်သည့်အရာကိုမျှ မဝယ်ခဲ့သော်လည်း အတော်လေးကို စိတ်ထဲတွင် ကျေနပ်နေခဲ့၏။ သူမက လမ်းတလျှောက်တွင် ခုန်ပေါက်၍ ပျော်ရွှင်နေပုံရသည်။

သူမက မြို့ငယ်လေးတစ်ခုတွင် ကြီးပြင်းလာခဲ့သော မိန်းမပျိုတစ်ယောက် ဖြစ်သည့်အတွက် တောဆန်သော ရနံ့တစ်ခုသာ ရှိပုံရသည်။ ရဲတိုက်ကြီးများ၊ ခြံဝန်းကျယ်ကြီးများထဲတွင် နေထိုင်ခဲ့ကြသော အဆင့်မြင့်မြင့် မိန်းမပျိုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် အတော်လေး ကွဲပြားသည်။

မြက်ဖိနပ်နှင့် လူငယ်လေးကို မြင်လိုက်ရသည့်အချိန်တွင် သူမက ယခင်တုန်းကကဲ့သို့ ခေါင်းငုံ့သွားခဲ့ခြင်း မရှိချေ။ ထိုအစား သူမက ခြေလှမ်းကို အနည်းငယ်မြန်လိုက်ပြီး သူနှင့် ဘေးချင်းယှဉ်၍ လျှောက်ခဲ့၏။

ထို့နောက် သူမက ရပ်လိုက်ပြီး သူမနှင့် တရင်းတနှီး ဆက်ဆံဖူးခြင်း မရှိသော အိမ်နီးချင်း လူငယ်လေးကို စိုက်ကြည့်လိုက်မိသည်။ သူမက တစ်စုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်မိ၏။

ချန်းပင်အန်းက သူမကို လှည့်၍ ပြုံးပြလိုက်ပြီး သူမကို ကျော်သွားခဲ့သည်။ ထို့နောက် သူက ပို၍မြန်မြန် ပြေးထွက်သွားခဲ့၏။

ကျစ်ကွေးက ရွှံ့ပုလင်းလမ်းကြားလေး၏ ဝင်ပေါက်တွင် တိတ်တဆိတ် ရပ်နေပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ နေရောင်အောက်တွင် ပြေးသွားသော လူငယ်လေးက ကြောင်ရိုင်းလေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ထိုမိန်းမပျိုက မြို့ငယ်လေးထဲတွင် နေထိုင်ရခြင်းကို သဘောမကျပေ။ သခင်လေး စုန့်ကျိရှင်း၏ ခေါင်းမာသော အကျင့်စရိုက်ကြောင့် ကျစ်ကွေးဟုခေါ်သော အစေခံမလေးက သံကြိုးရေကန်တွင် ရေခပ်သွားရာတွင်ဖြစ်စေ၊ ဈေးထဲတွင် ပစ္စည်းသွားဝယ်ရာတွင်ဖြစ်စေ၊ သူမ၏သခင်လေးအတွက် စာရေးကိရိယာများ သွားဝယ်ပေးရခြင်းဖြစ်စေ လူအုပ်ကြီးနှင့် အသားကျနေခဲ့ခြင်း မရှိချေ။

သူမက သက်တူရွယ်တူများနှင့် ကစားခဲ့ရခြင်း မရှိသလို အသိအကျွမ်းများနှင့် စကားပြောရခြင်းကိုလည်း သဘောမကျခဲ့ပေ။ မြို့ငယ်လေးထဲတွင် နေထိုင်သော လူများအတွက်တော့ ထိုကဲ့သို့ မိန်းကလေးမျိုးက ရင်းနှီးရန် အလွန်ခက်ခဲလှသည်။

ထိုအချက်တွင်တော့ ချန်းပင်အန်း၏ အခြေအနေကလည်း အစေခံမလေး ကျစ်ကွေးနှင့် အမှန်တကယ် တူညီနေခဲ့သည်။ ကွဲပြားသွားသည်မှာ လူငယ်လေးက စကားပြောရသည်ကို မကြိုက်သော်လည်း သူ၏အကျင့်စရိုက်က စိတ်ရှုပ်စရာ မကောင်းလှပေ။

တစ်ဖက်တွင်တော့ ထိုလူငယ်လေးက နူးညံ့သိမ်မွေ့ပြီး ရင်းနှီးဖော်ရွေတတ်၏။ သူ့ဆီတွင် မောက်မာမှုများ လုံးဝမရှိခဲ့ပေ။ ထိုအရာကလည်း သူ့မိသားစု သေဆုံးသွားခဲ့ပြီး အသက်ရှင် ရပ်တည်ရန် နဂါးမီးဖိုကြီးဆီသို့ သွားခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သူက အိမ်နီးချင်းများနှင့် ရင်းနှီးပုံမရချေ။ ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အိမ်နီးချင်းများကလည်း ထိုလူငယ်၏ မွေးနေ့နှင့် ပတ်သက်ပြီး ရှင်းပြ၍ မရနိုင်သော စွပ်စွဲချက်များ ရှိနေခဲ့၏။ ဤမြို့လေး၏ ထုံးတမ်းစဉ်လာအရ (၅) လပိုင်း (၅) ရက်နေ့က မကောင်းဆိုးဝါးဆန်သော နေ့တစ်နေ့ဖြစ်သည်။ ထိုလူငယ်လေးက ထိုနေ့တွင် မွေးဖွားလာခဲ့၏။

သူ့မိဘများ သေဆုံးသွားသည့်အချက်နှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ချန်းပင်အန်းက မိသားစု၏ကံဆိုးခြင်း ဖြစ်လာခဲ့သည်။ လူအများ၏ ရင်ထဲတွင်တော့ တီးတိုးပြောနေကြ၏။ အထူးသဖြင့် ရှေးဟောင်းသစ်ခါးပင်ကြီးအောက်တွင် ဝိုင်းဖွဲ့ပြောနေကြသော အဘိုးအိုများ ဖြစ်ကြသည်။

သူတို့က ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးနှင့် တော်တော်လေးကို စိမ်းနေကြ၏။ သီးသန့်အနေနှင့် သူတို့၏ ကလေးများကိုလည်း ထိုလူငယ်နှင့် မရင်းနှီးစေရန် သတိပေးတတ်ကြသည်။ သို့သော် ထိုကလေးများက ဘာကြောင့်လဲဟု ပြန်မေးသည့်အချိန်တွင် အဘိုးအိုများဆီ၌ အကြောင်းပြချက်ပေးနိုင်ခြင်း မရှိချေ။

ထိုအချိန်တွင် လမ်းကြားလေးထဲမှနေ၍ ပိန်ပိန်ပါးပါး လူတစ်ယောက်ထွက်လာပြီး မိန်းကလေး၏ဘေးတွင် ရပ်လိုက်သည်။ ကျစ်ကွေးက ပြန်လှည့်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောချေ။ သူမက ရှေ့ကိုသာ ဆက်လျှောက်သွားခဲ့၏။

ထိုလူက ရွှံ့ပုလင်းလမ်းကြားထဲတွင် သူမနှင့် ဘေးချင်းယှဉ်၍ လျှောက်နေခဲ့သည်။ ထိုအရာကတော့ မြို့ငယ်လေးထဲတွင် တစ်ဦးတည်းသော စာသင်သား တစ်ယောက်ဖြစ်သည့် ကျောင်းဆရာ ချီကျင့်ချွန် ဖြစ်သည်။ သူက အစစ်အမှန် ကွန်ဖြူးရှပ် တပည့်တစ်ယောက်လည်း ဖြစ်၏။

မိန်းမပျိုက အေးတိအေးစက် မျက်နှာအမူအရာနှင့် ဆက်၍ လျှောက်သွားနေသေး၏။

"ကျွန်မတို့ (၂) ယောက်က ကိုယ့်အလုပ် ကိုယ်လုပ်တာ မကောင်းဘူးလား။ ပြီးတော့ ဆရာကပဲ အချိန်၊ နေရာနဲ့ လူတွေကို အခွင့်အရေးယူတယ်ဆိုတာ မမေ့နဲ့လေ။ ကျွန်မကတော့ အဆင့်နိမ့်တဲ့ အစေခံတစ်ယောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ဒေါသတွေကို မျိုသိပ်ထားနိုင်ပါတယ်…”

“ဒါပေမဲ့ မကြာသေးခင် အချိန်အတွင်း ဆရာက မိုင်သန်းပေါင်းများစွာ အဝေးမှာရှိနေတဲ့ ဆရာ့ရဲ့ဂိုဏ်းမှာ ပြဿနာတက်နေတာ မဟုတ်လား။ ဒါကြောင့် အခုဆရာက ရေတွင်းထဲမှာရှိတဲ့ ရေတွေလို ဖြစ်နေပြီ။ ကျွန်မကတော့ မြစ်ကြီးတစ်စင်းပဲ…"

ရွွှံ့ပုလင်းလမ်းကြားထဲတွင် ဖိတ်ခေါ်ထားခြင်း မရှိသော ဧည့်သည် တစ်ယောက်ဖြစ်သည့် ဆရာချီက အပြုံးနှင့်ပြောလိုက်သည်။

"ဝမ်ကျူး ထားလိုက်ပါတော့...။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမှာပဲ။ ငါက မင်းကို ကျစ်ကွေးလိုပဲခေါ်တော့မယ်။ ကျစ်ကွေး … မင်းကို ကောင်းကင်ဘုံက ကောင်းချီးပေးထားပေမယ့် ငါ့မှာမင်းကိုဖိနှိပ်ဖို့ နည်းလမ်းမရှိဘူးလို့ ထင်နေတာလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ သူတော်စင် (၄) ပါး ဒီနေရာကို ရောက်လာပြီး သူတို့ကိုယ်တိုင်စည်းမျဉ်းတွေကို ချမှတ်ခဲ့တယ်ဆိုတာ သူတို့မှာ အရံအစီအစဉ် ဘာမှမရှိဘူးလို့ ထင်နေတာလား။ အဆုံးတော့ မင်းက ရေတွင်းထဲမှာရှိတဲ့ ဖားတစ်ကောင်လိုပဲ။ ကောင်းကင်ကြီးက အရမ်းမြင့်တယ်။ ကမ္ဘာမြေကြီးက ကျယ်ပြန့်တယ်။ ဒါက ရေတွင်းရဲ့ပုံစံနဲ့တော့ အရမ်းကို အလှမ်းကွာလွန်းတယ်…"

မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိသည်။

"ဆရာချီ …

ကျွန်မကို စကားတွေနဲ့ခြောက်လန့်ဖို့ မကြိုးစားပါနဲ့။ ကျွန်မက သခင်လေးစုန့်ကျိရှင်း မဟုတ်ဘူး။ ဆရာ့ရဲ့ကြီးကြီးကျယ်ကျယ်စကားတွေကို ကျွန်မ စိတ်မဝင်စားဘူး။ ယုံလည်း မယုံဘူး။ ဘာလို့ ကျွန်မကို ပွင့်ပွင့်လင်းလင်း မပြောရတာလဲ။ ဆရာက ကျွန်မနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်တာပဲဖြစ်ဖြစ် ကောင်းရာကောင်းကြောင်း ပြောချင်တာပဲဖြစ်ဖြစ် ကျွန်မက လက်ခံတယ်…"

ချီကျင့်ချွန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်း ဒီလှောင်အိမ်ထဲကနေ ထွက်သွားပြီးသွားရင် နောက်ပိုင်းမှာ မင်းရဲ့ကံတရားကို တွန်းအားမပေးဖို့ ငါ အကြံပေးချင်တယ်။ ဒါက ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူး။ အထူးသဖြင့် မင်းနဲ့ သူက ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းပြီးသွားရင် တာအိုလက်တွဲဖော်တွေ ဖြစ်လာတာပဲဖြစ်ဖြစ် ဖြစ်မလာတာပဲဖြစ်ဖြစ် မင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်။ မောက်မာနေလို့မရဘူး။ ငါက ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ ဒါက ငါတို့တွေ မခွဲခွာခင် ငါ့ ရင်ထဲမှာရှိတဲ့ စကားတွေကို ပြောနေတာ။ ဒါက မေတ္တာတရားနဲ့ သတိပေးနေတာပဲ…"

ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် သူတို့ (၂) ယောက်၏ အဆင့်အတန်းက ကမ္ဘာခြားနေခဲ့သည်။ သို့သော် အစေခံမလေး ကျစ်ကွေးကတော့ နာခံနေခြင်း မရှိသလို အလွန်ဆိုးသွမ်းနေခြင်းလည်း မရှိခဲ့ချေ။ သူမက ထိုစာသင်သားထက် အနည်းငယ်ပို၍ အစွမ်းထက်သလို ထင်မှတ်ရ၏။

သူမက ခနဲ့သလို ပြောလိုက်သည်။

"မေတ္တာနဲ့လား။ နှစ်ထောင်ပေါင်းများစွာ အတောအတွင်း ရှင်တို့လို ကျင့်ကြံသူတွေကပဲ အဆင့်မြင့်ပြီး ကြီးကျယ်ခမ်းနားခဲ့တယ်။ မြေပြင်ပေါ်မှာ စက်ဝိုင်းလေးတစ်ခု ရေးဆွဲပြီး ဒီနေရာကို လယ်ကွင်းပြင်ကြီးတစ်ခုလို သတ်မှတ်ခဲ့တယ်။ ဒီနှစ်မှာ စပါးရိတ်ရင် နောက်တစ်နှစ်မှာ စပါးစိုက်တယ်။ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိအောင် တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲမလာခဲ့ဘူး။ အခု ရှင်တို့က တခြားလူတွေကို မေတ္တာထားနေတယ်လို့ ဘာကြောင့်များ တွေးရတာလဲ…”

“ခစ် ခစ် ခစ် ခစ်... ရှင်တို့တွေ တော်တော်များများက ကိုယ့်ကိုယ်ကိုယ် စံပြအဖြစ် သတ်မှတ်ထားတယ်လို့ သခင်လေး ပြောတဲ့စကားကို ကျွန်မကြားခဲ့ဖူးတယ်။ ကျွန်မတို့လို ဘာမဟုတ်တဲ့သူတွေကတော့ မတူညီတဲ့နှလုံးသားတွေ ရှိနေတာပဲ မဟုတ်လား။ ဒါကြောင့် ရှင့်ကိုလည်း အပြစ်တင်လို့ မရနိုင်ပါဘူး…"

ဆရာချီက ရှေ့ကိုတစ်လှမ်း လျှောက်လာခဲ့သည်။ သူ့ခြေလှမ်းက ပေါ့ပါးသော်လည်း အပြုံးနှင့် ပြောလိုက်၏။

"ဟုတ်လား..."

နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် အစေခံမလေး ကျစ်ကွေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူတို့ (၂) ယောက်က မည်သည့်အချိန်တွင် ထိုနေရာ၌ ရပ်နေကြောင်း မသိခဲ့ပေ။

ထိုနေရာက အလွန်နက်မှောင်လွန်းလှပြီး ကိုယ့်လက် ကိုယ်ပင် ပြန်မမြင်နိုင်ခဲ့ပေ။ သူတို့၏ ခေါင်းပေါ်တွင်တော့ အလင်းတန်းမြောက်များစွာ ကျဆင်းလာနေခဲ့သည်။ သူတို့က အဆုံးမဲ့ရေတွင်းတစ်ခု၏ အောက်ခြေတွင် ရောက်နေသလို ခံစားနေရ၏။ ရေတွင်းအဝမှနေ၍ နေရောင်ခြည်များ ကျဆင်းလာနေခဲ့သည်။

သက်လတ်ပိုင်းအရွယ် စာသင်သားက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ဝတ်စုံပေါ်မှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာနေခဲ့သည်။ သန့်စင်ဝိညာဉ်က အတော်လေးကို ထူးခြားလှ၏။

ပထမတော့ မိန်းမပျို၏မျက်နှာက ကြောက်စရာကောင်းနေခဲ့သည်။ သို့သော် သူမက လျင်မြန်စွာ တည်ငြိမ်သွားခဲ့၏။ သူမက တီးတိုးပြောလိုက်သည်။

"နှစ်ပေါင်း (၆၀) လောက် ဗုဒ္ဓကျမ်းစာတွေ ရွတ်ဖတ်နေတာက ကျွန်မရဲ့နားထဲမှာ မိုးကြိုးတွေလိုပဲ။ နှစ်ပေါင်း (၆၀)လောက် တာအိုအဆောင်တွေက ကျွန်မရဲ့အရိုးမှာ ကပ်နေတဲ့ အရိုးစတွေလိုပဲ။ ကျွန်မကို အစွမ်းကုန်ကိုက်နေခဲ့တယ်။ နှစ်ပေါင်း (၆၀) လောက် သန့်စင်ဝိညာဉ်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့တယ်။ ပုန်းနေဖို့ နေရာ မရှိခဲ့ဘူး။ နှစ်ပေါင်း (၆၀) လောက် တိုက်ခိုက်ရေး ဓားချီစွမ်းအင်တွေက ကျွဲတစ်ကောင် ခတ်နေသလိုပဲ။ ပုန်းစရာနေရာ မရှိခဲ့ဘူး။ နှစ်ပေါင်း (၆၀) ကြာတိုင်း ပြန်လည်ဝင်စားခြင်း သံသရာတစ်ခုကို ကြုံနေရတယ်။ အဲဒါက နှစ်ပေါင်း (၃၀၀၀)လောက် ရှိနေခဲ့ပြီ။ တစ်ရက်မှ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရဘူး။ မဟာတာအိုရဲ့ အုတ်မြစ်က ဘယ်နေရာမှာလဲဆိုတာ ကျွန်မသိချင်တယ်။ ကျွန်မက စာအုပ်တွေထဲမှာ အဲဒီအရာနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို မြင်နိုင်ကြားနိုင်တယ်။ ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး.."

သူမက စာသင်သားကို တွေဝေစွာ ကြည့်နေမိခဲ့သည်။ သူက ချောက်ကမ်းပါးကျောင်းတော်မှ ချီကျင့်ချွန် ဖြစ်၏။ တာ့ဆွေအင်ပါယာမှ အစွမ်းထက် ဝူတျောင်ကျောင်းဆောင်ပင် တလေးတစား ဆက်ဆံရသော စာသင်သားတစ်ယောက် ဖြစ်သည်။

မိန်းမပျိုက ရုတ်တရက် အပြုံးနှင့် မေးလိုက်၏။

"ဆရာ …

ရှင်က ကျွန်မကို ဘယ်လိုသင်ပေးမှာလဲ။ ကျွန်မကို ကောင်းကောင်းနေဖို့ ဘယ်လိုများ ဖြောင်းဖျမှာလဲ။ ကျွန်မ မှတ်မိသလောက် ပြောရမယ်ဆိုရင် ကွန်ဖြူးရှပ်ဝါဒ၊ အထွဋ်အမြတ်သခင်နဲ့ တာအိုဘိုးဘေးတစ်ယောက်က ခွဲခြားမှုမရှိတဲ့ သင်ကြားမှုဆိုတာကို ဘယ်လိုများ ပြောခဲ့တာလဲ…"

ချီကျင့်ချွန်က ခေါင်းခါပြီး ပြောလိုက်သည်။

"သူတော်စင်တွေရဲ့သင်ကြားမှုနဲ့ပတ်သက်ပြီး မင်းနဲ့စကားပြောနေလို့လည်း ဘာမှအသုံးမဝင်ဘူး…"

ထိုမိန်းမပျိုက စာသင်သားနှင့် အေးအေးဆေးဆေး စကားပြောနေသယောင် ထင်မှတ်ရသည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူမက အသင့်ပြင်ထားသော လေးတစ်ခုကဲ့သို့ ဖြစ်၏။ သူမက မျက်လုံးက ပတ်ပတ်လည်ကို စိုက်ကြည့်နေပြီး ထိုအခြေအနေကို ချိုးဖောက်ရန် သဲလွန်စများ ရှာဖွေနေခဲ့၏။

ချီကျင့်ချွန်က ထိုအရာကို လျစ်လျူရှုထားပြီး ခနဲ့၍ ပြောလိုက်သည်။

"မင်းဆီမှာ အဆုံးမဲ့ဒေါသတွေ ၊ မကျေနပ်မှုတွေ သတ်ဖြတ်ချင်စိတ်တွေ ရှိနေတယ်ဆိုတာ ငါသိတယ်။ ငါက လူပေါင်းစုံကို သည်းခံနိုင်နေတာတော့ မဟုတ်ဘူး။ ဒါအပြင် မေတ္တာစိတ်နဲ့ သနားကြင်နာတဲ့ စိတ်တွေက ဘာသာ (၃) မျိုးရဲ့ သင်ကြားမှုတွေ လုံးဝမဟုတ်ဘူးဆိုတာတော့ သိဖို့လိုလိမ့်မယ်…"

"ကျွန်မရဲ့သခင်လေးက မကြာမကြာ ပြောခဲ့ဖူးတယ်။ စာသင်သားတွေနဲ့ အငြင်းအခုံလုပ်ရတာက ပျင်းစရာအကောင်းဆုံးပဲတဲ့…"

ထိုမိန်းမပျိုက နှုတ်ခမ်းလေးကို တွန့်ကွေး၍ ပြုံးလိုက်ပြီး ထူးဆန်းသော ရွှေရောင်မျက်လုံးများကို လှုပ်ရှားလိုက်သည်။

"ဒါဆိုရင် ဆရာချီဆီမှာ နောက်ဆုံးအသိတရားတစ်ခု ထွက်ပေါ်လာပြီပဲ။ သူက အရင်တုန်းကထက်တောင် ရင်ဆိုင်ဖို့ ပိုပြီးတော့ ခက်နိုင်တယ်…"

သူက ရယ်လိုက်သည်။

"တကယ်လို့ မင်းကသာ ငါနဲ့အကျိုးအကြောင်းတွေ ပြောမနေရင် အဆင်ပြေတယ်။ ငါ ချီကျင့်ချွန်သာ အသက်ရှင်နေပြီး ဒီနေရာကို ကာကွယ်ဖို့ အခွင့်အရေးရှိနေသေးသရွေ့ မင်းလို ကျေးဇူးမသိတတ်တဲ့သူက မင်းရဲ့လက်သည်းတွေ ၊ ခြေသည်းတွေကိုတောင် ထုတ်နိုင်မှာ မဟုတ်ဘူး…"

မိန်းမပျိုက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။

"ကျွန်မက ကျေးဇူးမသိတတ်တာလား…"

စာသင်သားက ဒေါသတကြီး ပြောလိုက်၏။

"မင်းအားအနည်းဆုံးအချိန်ကို ရောက်နေပြီး ခေါင်းငုံ့နေရတဲ့အချိန်မှာ လူတစ်ယောက်နဲ့ စာချုပ် ချုပ်ခဲ့တယ်။ ရွှံ့ပုလင်းလမ်းကြားထဲမှာ နှင်းတွေကျနေတဲ့အချိန် မင်းကို ဘယ်သူက ကယ်တင်ခဲ့တာလဲ။ သူ့ရဲ့ကံတရားတွေကို ဘယ်သူက တတိတိ ဝါးမျိုနေခဲ့တာလဲ…"

မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။

"ဆာလောင်နေတဲ့အချိန်မျိုးမှာတော့ ဗိုက်ကို ဖြည့်ရမှာပဲလေ။ အဲဒါက သဘာဝပဲ မဟုတ်လား။ ပြီးတော့ နဂိုကတည်းက သူ့မှာ ဘာအခွင့်အရေးမှ မရှိခဲ့ဘူး။ သူက စောစောသေလေလေ နောက်ဘဝကို စောစောရောက်လေလေပဲ။ နောက်ဘဝကမှ သူ့အတွက် မျှော်လင့်ချက် ရှိလာနိုင်သေးတယ်။ တကယ်လို့ ကျွန်မတို့ကသာ သူ့လို အမြစ်မရှိတဲ့ ဗေဒါပင်လေးတစ်ပင်ကို ဒီမြို့လေးထဲမှာ နေခွင့်ပေးရမယ့်အစား..."

စာသင်သားက အင်္ကျီလက်ကိုဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း…"

သူက ဒေါသတကြီး ထပ်ပြောလိုက်၏။

"မဟာတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက ဒီကမ္ဘာကြီးရဲ့ နိယာမတွေပဲ။ မင်းက အဲဒါကို ဆုံးဖြတ်လို့ရမှာလား။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတွေ ရှိတယ်။ မင်းက တခြားသူတွေအတွက် ရွေးချယ်ပေးဖို့ အခွင့်အာဏာရှိလို့လား…"

ထိုအချိန်တွင် ရွှေရောင်တောက်ပနေသော လက်တစ်ဖက်က မိန်းမပျို၏ခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။ ထိုလက်ထဲတွင် အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ရှိနေပြီး ဗုဒ္ဓက နတ်ဆိုးများကို လက်ဝါးနှင့် ဖိနှိပ်လိုက်သလို ၊ တာအိုဘိုးဘေး တစ်ယောက်က မကောင်းဆိုးဝါးတွေကို လက်ဝါးနှင့် ဖိနှိပ်လိုက်သလို ဖြစ်နေခဲ့သည်။

ထိုအရာက မိန်းမပျို၏ခေါင်းပေါ်သို့ လျင်မြန်စွာ ဖိနှိပ်ချလိုက်ပြီး သူမကို ချက်ချင်း ဒူးထောက်ကျသွားစေခဲ့သည်။ သူမ ဒူးထောက်ပြီး အရိုအသေပေးသည့်အသံက ကျယ်လောင်လှ၏။

ခေါင်းငုံ့ထားရသော မိန်းမပျိုက မြေပြင်ပေါ်တွင် လက်ထောက်ပြီး ခက်ခက်ခဲခဲ ရုန်းထရန် ကြိုးစားနေသေးသည်။ သူမ၏မျက်နှာကို မမြင်ရသော်လည်း သူက ကြောက်စရာကောင်းစွာ ရယ်လိုက်၏။

"ရှင်က ကျွန်မကို ခေါင်းငုံ့အောင် တွန်းအားပေးလို့ရနိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့အမှားကိုတော့ လုံးဝဝန်ခံမှာ မဟုတ်ဘူး…"

အလွန်ကြီးကျယ်ခမ်းနားသော ရွှေရောင်လက်ကြီးက မိန်းမပျို၏ခေါင်းကိုကိုင်ပြီး နောက်တစ်ကြိမ် မြှောက်၍ ဖိနှိပ်ချလိုက်ပြန်သည်။ ယခုတစ်ကြိမ်တော့ အသံက ပို၍ပင် ကျယ်လောင်လှ၏။

စာသင်သားက လေးနက်စွာ ပြောလိုက်၏။

"မင်းကို ဒီလိုအသက်ရှင်ဖို့ အခွင့်အရေး သူတော်စင်တွေက ပေးလိုက်တယ်ဆိုတာ မမေ့ပါနဲ့။ မင်းက အဲဒီအရာကို တိုက်ခိုက်လို့မရဘူး။ မဟုတ်ရင်တော့ မင်းကို နှစ်ပေါင်း (၃၀၀၀) လောက် ဖိနှိပ်တာ မပြောနဲ့ ။ နှစ်ပေါင်း (၃)သောင်းလောက်တောင် ဖိနှိပ်ဖို့ ဘာအခက်အခဲမှ မရှိဘူး…"

ခေါင်းကို ဖိထားခံရသော မိန်းမပျိုက အက်ရှရှလေသံနှင့် ပြောလိုက်သည်။

"ကျွန်မက ရှင်တို့ရဲ့ယုတ်မာတဲ့ မဟာတာအိုလမ်းစဉ်ကို မလျှောက်ဘူး…"

စာသင်သားက လက်မြှောက်ပြီး နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြန်သည်။

"အတင့်ရဲလှချည်လား … ဖိနှိပ်လိုက်စမ်း…"

ထိုအချိန်တွင် ရွှေရောင်အလင်းတန်း၏အလယ်၌ အဖြူရောင် ကျောက်စိမ်းတံဆိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ရေတွင်း၏အဝမှနေ၍ လင်းထိန်တောက်ပနေခဲ့၏။

ထိုအရာက (၁၀) ပေခန့် အကျယ်ရှိပြီး လေးထောင့်ဖြစ်သည်။ တံဆိပ်ပေါ်တွင် ရှေးဟောင်းစကားလုံးတစ်ခုကို ထွင်းထုထားခဲ့၏။ တချို့စကားလုံးများက အနီရောင် လင်းလက်တောက်ပနေခဲ့သည်။ တံဆိပ်၏ ပတ်ပတ်လည်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများစွာ လှုပ်ရှားနေပြီး တဖျစ်ဖျစ် မည်သံများ ထွက်ပေါ်လာနေခဲ့၏။

ချီကျင့်ချွန်၏အမိန့်နှင့် ထိုစကားလုံးများက ဥပဒေများ ဖြစ်လာခဲ့သည်။ ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဧရာမတံဆိပ်ကြီးက မြေပြင်ပေါ်တွင် ဒူးထောက်နေသော မိန်းမပျို၏ နောက်ကျောကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်တာအို၏ ဖိအားများ ပါဝင်နေသော ဧရာမတံဆိပ်ကြီးက ထိတွေ့၍ရသော ပစ္စည်းတစ်ခု ဟုတ်ပုံမရချေ။ ထိုအရာက မိန်းမပျိုကို မြေပြင်နှင့် ဖိနှိပ်ခဲ့ခြင်း မရှိဘဲ လေလှိုင်းနှင့် မိုးကြိုးများ လွှမ်းခြုံနေသော ထိုအရာက မြေပြင်နှင့် လျင်မြန်စွာ ပေါင်းစပ်၍ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ခဏကြာပြီးနောက် မိန်းမပျို၏ခန္ဓာကိုယ်က အလွန်လေးလံသော ပစ္စည်းတစ်ခုနှင့် ဖျက်ဆီးခြင်း ခံလိုက်ရသလို ထင်ရသည်။ သူမက ရွှံ့တုံးလေး တစ်တုံးကဲ့သို့ မြေပေါ်တွင် လဲကျသွားခဲ့ပြီး ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့၏။

ထိုသို့ဆိုရာတွင် မိန်းမပျို၏လက် (၅) ချောင်းကတော့ ချိတ်များကဲ့သို့ ဖြစ်နေသေးသည်။ သူမက အစွမ်းကုန်ကြိုးစားပြီး မြေပြင်ပေါ်တွင် စကားလုံးများ ရေးနေသလို ထင်ရ၏။ သူမက ချီကျင့်ချွန်၏ မျက်နှာအမူအရာကို မမြင်ရပေ။

သူက အေးစက်စွာ ပြောလိုက်၏။

"မင်းက (၃) ကြိမ် အရိုအသေပေးရမယ်။ ကမ္ဘာမြေကြီး၊ သာမန်လူတွေနဲ့ မဟာတာအိုကို အရိုအသေပေးရမယ်…"

မိန်းမပျို၏ မျက်လုံးများက မှေးမှိန်နေပြီး တုံ့ပြန်ခဲ့ခြင်း မရှိချေ။

ချီကျင့်ချွန်က အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မွန်းကျပ်ဖွယ် အငွေ့အသက်များက ပျောက်ကွယ်သွားသည်။

"ငါ ချီကျင့်ချွန်က သူတော်စင်ရဲ့လက်အောက်မှာရှိတဲ့ စာသင်သားတစ်ယောက်ပဲ ရှိသေးတယ်။ ငါတောင် မင်းကို (၃) ကြိမ်တိတိ အရိုအသေပေးအောင် တွန်းအားပေးနိုင်တယ်။ မင်း ဒီနေရာကနေ ထွက်သွားပြီးရင် လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် မင်းကို ဖိနှိပ်နိုင်တဲ့သူတွေ မရှိဘူးလို့ထင်နေတာလား…"

ချီကျင့်ချွန်က သက်ပြင်းချလိုက်မိသည်။

"ငါတို့က မင်းကို တကယ်ပဲ ဒီနေရာမှာ ဖိနှိပ်ပြီး ချုပ်နှောင်ထားခဲ့တယ်...။ ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ အကြွင်းမဲ့လွတ်မြောက်မှုဆိုတာ လုံးဝမရှိဘူး။ ငါက သူတော်စင် တစ်ပါးဖြစ်တဲ့အတွက် လောကကျင့်ဝတ်တွေအားလုံးကို လိုက်နာရတယ်။ ငါတို့က သာမန်လူတွေအတွက် လွတ်မြောက်ခွင့်ဆိုတဲ့အရာကို ရှာဖွေနေတာပဲ မဟုတ်လား။ မင်းကသာ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ဘူးဆိုရင် လောကနိယာမတွေကို လိုက်နာနေမယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ မသွားနိုင်တဲ့နေရာ ရှိဦးမှာလား.."

မိန်းမပျိုက ခေါင်းမော့လာပြီး စာသင်သားကို စိုက်ကြည့်နေခဲ့သည်။

ချီကျင့်ချွန်က ရှေ့ကို ခြေတစ်လှမ်း လျှောက်သွားခဲ့၏။ ကမ္ဘာမြေကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူနှင့် အစေခံမလေး ကျစ်ကွေးကလည်း ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်ရောက်လာခဲ့သည်။

နေရောင်ခြည်က နွေးထွေးနေပြီး လေလှိုင်းများက သိမ်မွေ့ညင်သာလှ၏။ မိန်းမပျိုက တုန်လှုပ်စွာ ရပ်နေခဲ့သည်။ သူမ၏အပြုံးက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းလေးများက တုန်ယင်နေခဲ့သည်။

"ဒီအစေခံက ဆရာ့ရဲ့သင်ကြားမှုတွေကို မှတ်ထားပါ့မယ်…"

ချီကျင့်ချွန်က စကားမပြောတော့ပဲ လှည့်ထွက်သွားခဲ့သည်။

သူမက ရုတ်တရက် လှမ်းမေးလိုက်၏။

"တကယ်လို့ ကျွန်မက ချန်းပင်အန်းကို ကျေးဇူးမသိတတ်ဘူးဆိုရင်တောင် ဆရာက အရမ်းကို ထူးချွန်တဲ့ သူတော်စင်ရဲ့တပည့်တစ်ယောက်ပဲလေ။ ဘာလို့ ဆရာက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေရတာလဲ။ ဆရာက ဆရာ့ရဲ့တပည့်ကျိုးယောင်နဲ့ ကျွန်မရဲ့သခင်လေးကိုပဲ ဘာကြောင့် အလေးပေးခဲ့ရတာလဲ။ သာမန်နောက်ခံပဲရှိတဲ့ ချန်းပင်အန်းကိုတော့ ဆရာ လုံးဝဂရုမစိုက်ခဲ့ဘူး။ အဲဒါကကုန်သည်တွေ စီးပွားရေးလုပ်တာနဲ့ အတူတူပဲ မဟုတ်လား။ ရှားပါးတဲ့ကုန်ပစ္စည်းကို သေချာဂရုတစိုက် ပျိုးထောင်တတ်တယ်။ သာမန်ကုန်ပစ္စည်းကိုတော့ ခေါင်းထဲမထည့်တတ်ဘူး။ ဆရာက အဲဒီအရာကို ဂရုစိုက်တာပဲဖြစ်ဖြစ် ဂရုမစိုက်တာပဲဖြစ်ဖြစ် ဈေးကောင်းကောင်းနဲ့ မရောင်းနိုင်ဘူး မဟုတ်လား…"

ချီကျင့်ချွန်က ပြုံးလိုက်သည်။

"ကောင်းကင်ဘုံရဲ့လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်တယ်။ သာမန်လူကြီးလူကောင်းတစ်ယောက်ကတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ပဲ ဆက်တိုက်ရုန်းကန်နေရတယ်…"

မိန်းမပျိုက နားမလည်နိုင်ခဲ့ပေ။ သက်လတ်ပိုင်း စာသင်သားက လမ်းကြား၏အဆုံးတွင် ပျောက်ကွယ်သွားသည့်အချိန်မှသာ မိန်းမပျို၏ မျက်နှာပေါ်၌ အထင်သေးမှုတစ်ခု ပေါ်လာခဲ့သည်။

သူမက သူမ၏ ခြံဝန်းဆီသို့ ပြန်လျှောက်သွားခဲ့၏။ သူမက ချန်းပင်အန်း၏အိမ်ကို ဖြတ်ကျော်လာသည့်အချိန်တွင် နှာခေါင်းရှုတ်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

သို့သော် စာသင်သား၏ကျင့်စဉ် လျော့ကျမှုကြောင့် မြို့ငယ်လေး၏ လျှို့ဝှက်ချက်တိုင်းက နေရာတိုင်းတွင် ပေါ်လာခဲ့သည်။ ထိုအရာက ရေများ စိမ့်ဝင်နေသော လှေတစ်စီးကဲ့သို့ ဖြစ်နေခဲ့၏။ သူမက ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်ခဲ့ပေ။ သူမက အနာဂတ်အတွက် သေချာစီစဉ်ရဦးမည် ဖြစ်၏။ တခြားသူများ၏ပြဿနာကို ဝင်ပါ၍ မရနိုင်သေးပေ။

သူမက ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် တစ်နေရာမှနေ၍ ခြေ (၄)ချောင်း မြွေလေးတစ်ကောင် ထွက်လာခဲ့သည်။ ထိုမြွေလေးက သူမ၏ခြေထောက်နားသို့ လျင်မြန်စွာ ပြေးလာသည့်အချိန်တွင် သူမက ဒေါသတကြီး ကန်ထုတ်လိုက်သည်။

……………

ချန်းပင်အန်း၏ အိမ်ထဲတွင် လူငယ်တာအိုသခင်က စားပွဲတွင် ထိုင်နေပြီး ငုံ့ကြည့်နေခဲ့၏။ မကြာသေးခင်အချိန်က သေအံ့ဆဲဆဲဖြစ်နေသော အနက်ဝတ် မိန်းမပျိုက ယခုတော့ အိပ်ရာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။

သူမက မျက်နှာကာ ဦးထုပ် ဆောင်းမထားသည့်အတွက် လူတိုင်း မှတ်မိနိုင်လောက်သော မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုမိန်းမပျိုက အလွန်လှပနေခြင်း မဟုတ်ချေ။ သူရဲကောင်းဆန်သော သူမ၏မျက်နှာအမူအရာက သူမ၏ထူးချွန်ထက်မြက်သော ရုပ်ရည်ကို ဆွဲမြဲနေစေခြင်း ဖြစ်သည်။ ထိုမိန်းမပျို၏ မျက်ခုံးများက မိုးမခသစ်ရွက်များကဲ့သို့ မဟုတ်ပဲ ချွန်ထက်သော ဓားသွားများကဲ့သို့ ဖြစ်နေသည်။

သူမက လူငယ်တာအိုသခင်ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် တစ်ဖက်လူက အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားခဲ့သည်။

သူက ဆိုးရွားသည့်အရာတစ်ခုမျှ မလုပ်ခဲ့သော်လည်း အနည်းငယ် အပြစ်ရှိနေသလို ခံစားခဲ့ရ၏။ လူငယ်တာအိုသခင်က ချောင်းဟန့်ပြီး လျင်မြန်စွာ ပြောလိုက်၏။

"မိန်းကလေး …

ငါ အရင်ဆုံး ပြောမယ်။ ငါက မင်းကို ကယ်ခဲ့တယ်။ ဒါပေမဲ့ သူက မင်းကို အိမ်ထဲသယ်လာပြီး မင်းရဲ့ဦးထုပ်ကို ချွတ်တယ်။ မျက်နှာနဲ့တစ်ကိုယ်လုံးကို ဆေးကြောပြီး အဝတ်လဲပေးခဲ့တယ်။ သူ့နာမည်က ချန်းပင်အန်းလို့ခေါ်တယ်။ သူက ဒီအိမ်လေးရဲ့ပိုင်ရှင်ပဲ။ သူက တော်တော်လေး ဆင်းရဲတဲ့ ကောင်လေးတစ်ယောက်လို့ ပြောရမယ်။ သူ့ရဲ့မိဘတွေကတော့ သေသွားပြီ။ သူက ကြွေထည်လုပ်တဲ့ မီးဖိုအလုပ်သမားတစ်ယောက် ဖြစ်ခဲ့တယ်။ သူက သူ့အတွက် အဆောင်စာရွက်တစ်ခု ရေးပေးဖို့ ငါ့ဆီမှာ တောင်းဆိုခဲ့ဖူးတယ်။ အဲဒါက ငါသိသလောက် အကုန်ပဲ။ တကယ်လို့ မိန်းကလေး ထပ်သိချင်တာရှိသေးရင် ငါသိသလောက် ပြောပြပေးမယ်.."

ထိုအရာကတော့ မြက်ဖိနပ်နှင့် လူငယ်လေးနှင့် ပတ်သက်ပြီး သူသိထားသမျှ အရာများ ဖြစ်သည်။

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်၏။ သူမက ဒေါသထွက်နေခြင်း မရှိချေ။ သူမက လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။

"ကျွန်မရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

လူငယ်တာအိုသခင်ကတော့ ပို၍ပင် စိုးရိမ်သွားပြီး ခြောက်ကပ်စွာ ပြောလိုက်၏။

"အဲဒါက အဆင်ပြေပါတယ်။ ပြဿနာမဟုတ်ဘူး။ မိန်းကလေး အဆင်ပြေဖို့က အဓိကပါပဲ…"

အနက်ဝတ် မိန်းမပျိုက မေးလိုက်သည်။

"ရှင်က အရှေ့ပိုင်းကုန်းမြေကြီးက မဟုတ်ဘူးမလား…"

လူငယ်တာအိုသခင်ကလည်း ပြန်မေးလိုက်သည်။

"မင်းကလည်း ဒီကုန်းမြေကြီးက မဟုတ်ဘူးလား…"

သူမက ခေါင်းညိတ်ပြလိုက်၏။

လူငယ်တာအိုသခင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ကြာပန်းဆံထိုးရှိနေသော လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။

"ငါ့နာမည်က လုချန်းလို့ခေါ်တယ်။ ငါ့မှာ တာအိုသခင်နာမည်တော့ မရှိပါဘူး။ မိန်းကလေးက ငါ့ကို တာအိုသခင်လုလို့ ခေါ်လို့ရတယ်…"

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်ပြီး တာအိုသခင်၏ဆံထိုးကို ကြည့်လိုက်သည်။ လူငယ်တာအိုသခင်က ခဏကြာစဉ်းစားနေပြီး အားမွေး၍ ပြောလိုက်၏။

"ဒီကောင်လေးက မသင့်တော်တဲ့အရာတစ်ခုကို လုပ်ခဲ့ပေမယ့် ဒါကလည်း အရေးပေါ်အခြေအနေကြောင့်ပါ။ ပြီးတော့ မိန်းကလေးက ဒီလောက်မြန်မြန် ပြန်ကောင်းလာလိမ့်မယ်လို့ ငါလည်း မထင်ထားဘူးလေ။ ဒါကြောင့် ငါက မိန်းကလေးကို အပြစ်ပြုမိတယ်ဆိုရင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်…"

မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။

"တာအိုသခင်လု …

ကျွန်မက ဦးနှောက်မရှိတဲ့လူတစ်ယောက် မဟုတ်ပါဘူး…"

တာအိုသခင်က ရယ်ကာမောကာနှင့် ပြောလိုက်၏။

"ဒါဆိုရင်တော့ တော်ပါသေးတယ်…"

မိန်းမပျိုက မျက်ခုံးပင့်လိုက်မိသည်။ တာအိုသခင်၏ အပြုံးကလည်း ရပ်တန့်သွား၏။

သူမက ညှိုးငယ်နေသော မျက်နှာအမူအရာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်၏။

"ဒီကုန်းမြေကြီးထဲမှာ နံပါတ်(၁)ဓားသမား ဆရာရွမ်က ဒီနေရာမှာ ဓားတစ်လက်လုပ်ဖို့ စီစဉ်နေတယ်လို့ ကျွန်မ ကြားတယ်။ ကျွန်မက သူ့နောက်ကိုလိုက်လာပြီး ကျွန်မအတွက် ဓားတစ်လက် လုပ်ပေးဖို့ မျှော်လင့်နေခဲ့တာ…"

လူငယ်တာအိုသခင်က သက်ပြင်းချပြီး ပြောလိုက်သည်။

"တကယ်လို့ သူသာ ဆိုရင်တော့ ဓားတစ်လက် လုပ်ခိုင်းဖို့ လွယ်မှာမဟုတ်ဘူး.."

အနက်ဝတ် မိန်းမပျိုကလည်း ပြန်ပြောလိုက်မိသည်။

"အဲဒါက တော်တော်လေးခက်လိမ့်မယ်…"

ထိုအချိန်တွင် ဘယ်ဘက်လက်ထဲ၌ ဆေးအိတ်များကို သယ်ဆောင်ပြီး ညာဘက်လက်တွင် အထုပ်တစ်ထုပ် သယ်ထားသော လူငယ်လေးက ပြန်ရောက်လာခဲ့သည်။

သူက တံခါးကို စည်းချက်ကျကျခေါက်ပြီး အိမ်ထဲသို့ လျင်မြန်စွာ ဝင်လာခဲ့၏။ သူက စားပွဲပေါ်တွင် ဆေးများကိုတင်ပြီး တိုးတိုးပြောလိုက်သည်။

"တာအိုသခင် အမှားပါလား ကြည့်လိုက်ပါဦး။ တကယ်လို့ အမှားပါတယ်ဆိုရင် ကျွန်တော် ချက်ချင်း သွားပြန်လဲလိုက်မယ်…"

လူငယ်လေးက အထုပ်ကိုတော့ ကိုင်ထားသေးသည်။ သူက ပြန်လှည့်ကြည့်လိုက်ရာ မိန်းမပျိုကို မြင်လိုက်ရ၏။

အနက်ဝတ် မိန်းမပျိုက သစ်သားကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မြက်ဖိနပ်နှင့် လူငယ်လေးကို ကြည့်နေခဲ့သည်။ အနက်ဝတ် မိန်းမပျိုက တည်ငြိမ်စွာ ပြောလိုက်၏။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့အဖေရဲ့မျိုးရိုးနာမည်က နင်၊ ငါ့အမေရဲ့မျိုးရိုးနာမည်က ယောင်၊ ဒါကြောင့် ငါ့ကို နင်ယောင်လို့ ခေါ်နိုင်တယ်…"

မြက်ဖိနပ်နှင့် လူငယ်လေးကလည်း သတိလက်လွတ် ပြောလိုက်သည်။

"ကျွန်တော့်အဖေရဲ့မျိုးရိုးနာမည်ကတော့ ချန်း၊ ကျွန်တော့်အမေရဲ့ မျိုးရိုးနာမည်ကလည်း ချန်းပဲ…"

လူငယ်လေးက အနည်းငယ် ရှက်ရွံ့နေပုံရ၏။ သူက လျင်မြန်စွာပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော့်နာမည်ကတော့ ချန်းပင်အန်းလို့ခေါ်တယ်..."

Translated by Hein Htet.

All Chapters