← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

မိန်းမပျိုက အဆင်ပြေသော်လည်း လူငယ်တာအိုသခင်က မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။ အခြေအနေက အနည်းငယ် ထူးဆန်းနေကြောင်း နားလည်သွားသည့်အတွက် လူငယ်တာအိုသခင်က လျင်မြန်စွာ ခေါင်းစဉ်ပြောင်းလိုက်၏။

“အစိမ်းရောင်ရေကန် နဂါးကြေးခွံမြက်ရဲ့ သစ်ရွက်တွေက ဒီနေရာမှာတော့ နွေဦးမိုးမခသုံးသွယ်လို့ ငါတို့က ခေါ်ကြတယ်၊ ဒီအရွက်တွေကို ခူးထားတာက အချိန်မှားနေတယ်၊ (၇)ရက်၊(၈)ရက်လောက် နောက်ကျနေတယ်၊ ဒီနဂါးပျံမြက်ကိုတော့ မိန်းမပျိုရဲ့ခါးလို့ လူသိများတယ်၊ အဲဒါကို အမှုန့်အဖြစ် ကြိတ်လိုက်တဲ့အချိန်မှာ ဂေရုမစိုက်တာပဲ၊ ပြီးတော့ ဒီပန်းပွင့်ပုံကြီး... ယန်မိသားစုရဲ့ဆေးဆိုင်က ပိုပြီးတော့တောင် ဆိုးနေပြီ၊ သူတို့က ငွေစ(၃)စ သဘောတူထားပြီး ဘာဖြစ်လို့ ငွေစတစ်စ လျော့နေရတာလဲ…"

လူငယ်တာအိုသခင်က ပေါက်ပေါက်ဖောက်နေပြီး ပြသနာအမြောက်အမြားကို ထောက်ပြနေခဲ့သည်။ သူက ထိုအရာတစ်ခုကိုမျှ ကျေနပ်ခြင်း မရှိချေ။ သူက ယန်မိသားစု ဆေးဆိုင်အပေါ် အငြိုးအတေးများ ရှိနေသလို ခံစားမိ၏။

နောက်ဆုံးတွင်တော့ ကောက်ချက်ချလိုက်သည်။

"ဒီဆိုင်ရဲ့ဆိုင်ရှင်က ဦးနှောက်မရှိတော့ဘူး၊ စားပွဲပေါ်မှာ ရှိတဲ့ ဆေးပင်တွေက လူကယ်ဖို့တော့ လုံလောက်ပါတယ်၊ ဒါပေမဲ့ ဒါကလည်း မိန်းကလေး နင်ယောင်ရဲ့ ကျန်းမာရေးက ‌ကောင်းလာလို့ပဲ၊ အများဆုံးတော့ ယန်မိသားစုရဲ့ဆေးဆိုင်က ဝယ်လာတဲ့ဆေးတွေက ကြေးပြားတစ်ဝက်လောက်ပဲ တန်ကြေးရှိတယ်…"

တာအိုသခင်က ခေါင်းကို ပွတ်နေပြီး အဖြူရောင်စာရွက်တစ်ရွက်ကို ဖြန့်လိုက်သည်။

"ငါ မေ့တော့မလို့ ။ ငါက မင်းအတွက် ဆေးအညွှန်းတစ်ခု ရေးပေးခဲ့မယ်၊ ဒါက တော်တော်လေးကို အသေးစိတ်ကျတဲ့ အလုပ်တစ်ခုပဲ၊ ချန်းပင်အန်း... မင်းက အလေးမထားလို့မရဘူး၊ ငါ့ရဲ့ဆေးညွှန်းက ကုသဖို့ လုပ်ပေးနိုင်တဲ့အပြင် အုတ်မြစ်ကို အခြေတည်ဖို့နဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ဖို့အတွက်လည်း အသုံးပြုနိုင်တယ်…”

“ဒါက လူမမာတစ်ယောက်ကို ကျန်းမာလာအောင် လုပ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ၊ ပြီးတော့ သိမ်မွေ့ပြီး တခြားသူတွေကို မထိခိုက်စေတာ ကောင်းတယ်၊ အများဆုံး အချိန်ပို‌ပေးရပြီး ဆေးတွေ ပိုဝယ်ထားဖို့ပဲရှိတယ်၊ ဒါက ငွေကြေးကုန်ကျတဲ့အရာတစ်ခုပဲ၊ ငါက‌ ဆေးကြိုရမဲ့ အချိန်အတိအကျကို ဒီစာရွက်ပေါ်မှာ ချရေးပြီးသွားပြီ၊ အချိန်တိကျဖို့ကလည်း အရေးကြီးတယ်၊ ပြောရမယ်ဆိုရင်တော့ ချန်းပင်အန်း နောက်ထပ်(၁၀)ရက်အတွင်း မင်းက အလုပ်များတော့မယ်…”

“ယောကျ်ားတွေ ဖြစ်နေမှတော့ ဝန်ထုပ်ဝန်ပိုးတွေကို သယ်ရမှာပဲလေ၊ မဟုတ်ရင် ဒီလိုအရာမျိုးကို လက်လွှတ်လိုက်လို့ ရမလား၊ မင်းက တာဝန်ကနေ ရှောင်ပြေးမယ်ဆိုရင် မိန်းကလေးက မင်းကို အထင်သေးသွားလိမ့်မယ်…"

ရှောင်ပြေးခြင်းဟူသော စကားကို ပြောလိုက်သည့်အချိန်တွင် လူငယ်တာအိုသခင်က ခေါင်းခါလိုက်မိသည်။ ထိုဆေးအညွှန်းက စာရွက်အပိုင်းလေး တစ်ဝက်သာ ရှိသော်လည်း ထိုအရာကို နှစ်ပိုင်းခွဲထားခဲ့သည်။ စကားလုံးများက သာမန်သာဖြစ်၏။

ချန်းပင်အန်းက အနည်းငယ်စိုးရိမ်နေသော အမူအရာနှင့် မေးလိုက်သည်။

"ဒါတွေကို တာအိုသခင်ကိုယ်တိုင် မလုပ်ဘူးလား၊ ဒါက သေရေးရှင်ရေး အခြေအနေဆိုမှတော့ တာအိုသခင်ကိုယ်တိုင်လုပ်တာ မကောင်းဘူးလား.."

တာအိုသခင်က ပြောလိုက်သည်။

"ငါက ဒီမြို့ထဲကနေ ထွက်သွားတော့မယ်၊ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ရဲ့ နယ်စပ်မှာ ငါ့ရဲ့ဂိုဏ်းတစ်ခုရှိတယ်၊ အဲဒီဂိုဏ်းမှာ ပွဲတစ်ခု ကျင်းပမှာဖြစ်တဲ့အတွက် ငါ သွားမှရလိမ့်မယ်.."

ချန်းပင်အန်းက ပို၍ပင် မသက်သာခံစားလိုက်ရသည်။

"ဒါပေမဲ့ တာအိုသခင် ကျွန်တော်က စာမဖတ်တတ်ဘူးလေ…"

တာအိုသခင်က အပြုံးနှင့် ပြန်ပြောလိုက်သည်။

"အဆင်ပြေပါတယ် ။ မိန်းကလေးနင်က စာဖတ်နိုင်တယ်၊ မင်းက ဆေးမကြိုခင် သူ့ကို အသေးစိတ်မေးလို့ရတယ်…"

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်၏။

ချန်းပင်အန်းက တစ်ခုခု ပြောချင်နေသော်လည်း တာအိုသခင်က တစုံတခုကို အမှတ်ရသွားပုံရ၏။ သူက အင်္ကျီအိတ်ထဲမှ ထူးခြားသော ကျောက်စိမ်းတံဆိပ်တုံးလေးကို ထုတ်လိုက်ပြီး လေနှင့် မှုတ်လိုက်သည်။ ထို့နောက် ဆေးညွှန်းစာရွက်ပေါ်တွင် ဖိချလိုက်သည်။

စာရွက်ပေါ်မှ တံဆိပ်တုံးကို မြှောက်လိုက်ပြီးနောက် သူက အတော်လေး‌ ကျေနပ်သွားပုံရသည်။ ထိုအရာကို အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လူငယ်တာအိုသခင်က စာရွက်အပိုင်းလေး(၂)ခုကို ချန်းပင်အန်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဒါကို သေချာသိမ်းထား၊ မြို့ထဲမှာရှိတဲ့ စာအုပ်တွေအများစုက သီးသန့်စုဆောင်းထားကြတာ၊ မင်းက ဝယ်ဖို့လွယ်မှာ မဟုတ်ဘူး၊ တကယ်လို့ မင်းက ဘယ်လိုစာဖတ်ရမလဲ သင်ချင်တယ်ဆိုရင်တော့ ဒီဆေးအညွှန်းတွေကနေ စနိုင်တယ်.."

တာအိုသခင်က ‌မိန်းမပျိုကို အပြုံးနှင့် ပြောလိုက်၏။

"ဗေဒါတစ်ပွင့်က ပင်လယ်ထဲကို ပြန်ရောက်သွားရင် သူ့အတွက်တော့ ကမ္ဘာငယ်လေးတခုပဲ၊ မိန်းကလေးနင် ငါတို့က‌ တနေ့နေ့မှာ ပြန်တွေ့ကြဦးမှာလား.."

အနက်ဝတ်မိန်းမပျိုက အလေးအနက် ပြောလိုက်သည်။

"တာအိုသခင်လု…

ကျွန်မတို့က တနေ့နေ့မှာ ပြန်တွေ့ရဦးမှာပါ၊ ကျွန်မက သေချာကျေးဇူးမတင်ရသေးဘူး၊ နောက်ပိုင်းမှာ ရှင် အကူအညီ လိုအပ်လာမယ်ဆိုရင် တောင်ကွားတောင်ကို ဓားပျံနဲ့ စာတစ်စောင်ပို့နိုင်တယ်၊ ကျေးဇူးပြုပြီး လုချန်းဆိုတဲ့နာမည်ကို ရေးလိုက်ဖို့လည်း မမေ့ပါနဲ့၊ မဟုတ်ရင် တောင်ကွားတောင်က ဓားပျံတစ်ချောင်းကို တောင်တန်းတံခါးကနေ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး…"

တောင်ကွားတောင် ဟူသောစကားကို ကြားလိုက်ရပြီးနောက် တာအိုသခင်က‌ အတော်လေး အံ့ဩသွားပုံရသည်။ သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။

မိန်းမပျိုက ခေါင်းခါပြလိုက်သည်။

သူက သူမ၏ရည်ရွက်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည့်အတွက် နောက်ထပ်မေးခွန်းများ မမေးခဲ့ပေ။ တချို့အရာများက အခန်းထဲတွင် ရှိနေသော လူငယ်လေး မသိသည်မှာ ပိုကောင်းသည်။

တာအိုသခင်က အခန်းထဲမှ ထွက်သွားချိန်တွင် လူငယ်၏လက်ကို ဆွဲခေါ်သွားရန် မမေ့ခဲ့ပေ။

"ချန်းပင်အန်း …ငါ မင်းကို ပြောစရာရှိတယ်…"

ချန်းပင်အန်းက အိပ်ရာပေါ်တွင် အထုပ်ကို ချလိုက်ပြီး ထိုအရာက မိန်းကလေးအတွက် သူဝယ်လာသည့် အင်္ကျီအသစ်တစ်စုံဖြစ်ကြောင်း ပြောလိုက်သည်။

သူတို့နှစ်ယောက် ခြံဝန်းထဲကိုရောက်လာပြီးနောက် တာအိုသခင်က အသံတိုးတိုးနှင့် မေးလိုက်၏။

"မင်းရဲ့မှတ်ဉာဏ်တွေအရ မင်းက ပထမဆုံးဆေးညွှန်းထဲမှာရှိတဲ့ စာတွေကို မှတ်မိလောက်ပြီပေါ့၊ ပြီးတော့ အနားမှာလည်း စာသင်သား တစ်ယောက် ရှိနေသေးတယ် ။ မင်း စာမတတ်တာက ငါ့ကို ထွက်မသွားစေချင်တဲ့ အဓိကအကြောင်းပြချက် မဟုတ်ဘူး…"

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

"တာအိုသခင်ရဲ့စွမ်းရည်နဲ့ အကြောင်းပြချက်ကို သိနေမှာပေါ့…"

တာအိုသခင်က တိုးတိုးလေး ရယ်လိုက်မိသည်။

"မင်းက သေရတော့မှာဖြစ်တဲ့အတွက် ဒီမိန်းကလေးကို ဂရုမစိုက်နိုင်တော့မှာ စိုးရိမ်နေတာလား…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျွန်တော်က အဲဒီတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ အဆုံးထိ တာဝန်ယူရလိမ့်မယ်.."

တာအိုသခင်က လှည်းဘေးတွင် ရပ်နေခဲ့သည်။ သူက လက်နှစ်ချောင်းကို စုလိုက်ပြီး တိတ်တဆိတ် လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် ဓားပျံက အခန်းထဲသို့ တိတ်တဆိတ် ပျံသွားခဲ့၏။ အနက်ဝတ်မိန်းမပျိုက ချန်းပင်အန်းကို မခြောက်လှန့်ချင်သည့်အတွက် ဓားပျံကို မောင်းထုတ်ခဲ့ခြင်း မရှိပေ။

တာအိုသခင်က ခဏကြာစဉ်းစားနေခဲ့၏။ သူက စဉ်းစားနေရင်း လက်ညှိုးနှင့် ခေါင်းပေါ်တွင် ရှိနေခဲ့သော ကြာပန်းဆံထိုးကို ပုတ်နေခဲ့သည်။

"ငါ ဒီကိုရောက်မလာခင် ငါ့ရဲ့ဆရာတူအစ်ကိုဆီကနေ ကြားခဲ့တဲ့ စကားတစ်ခုရှိတယ်၊ ကိစ္စတွေကို လုပ်တဲ့အချိန်ကျရင် ကျိုးကြောင်းဆီလျော်ဖို့ လိုသ‌လို လူတွေနဲ့နီးစပ်ဖို့လည်း လိုအပ်တယ်၊ ဒီတော့ ငါက အရမ်းကို မာကျောပြင်းထန်မနေသင့်ဘူး၊ လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြပေမဲ့ ငါ့ဂိုဏ်းရဲ့အခြေခံဆုံးမစကားတွေကတော့ သာမန်တာအိုဂိုဏ်းတွေနဲ့ ကွဲပြားတယ်။ ငါတို့က တွေ့ဆုံကြရတာ ကံကြမ္မာပဲ။ ဒါက ကံကောင်းမှုတစ်ခုလို့ သတ်မှတ်နိုင်တယ်၊ ဒီ‌တော့ ငါကလည်း အလိုက်သင့်ပဲ သွားရတော့မှာပေါ့ ..”

“ငါက ငါ့ရဲ့ကံကြမ္မာတုတ်တံ(၁၀၈)ချောင်းနဲ့ ကံကြမ္မာအိုးကိုတော့ မင်းကိုမပေးနိုင်ဘူး၊ ကံကြမ္မာတွေက အရမ်းကို ရှုပ်ထွေးလွန်းတယ်၊ အဲဒီအရာကို ရှင်းရှင်းလင်းလင်း ပြောပြလို့မရသလို ဖြတ်တောက်ပစ်လို့လည်း မရနိုင်ဘူး၊ တော်တော်လေး ပြဿနာများတယ်၊ သီးခြားတံဆိပ်တစ်ခုကလည်း အရမ်းကို လေးလံလွန်းတယ်၊ တကယ်လို့ ငါ မင်းကို ပေးလိုက်မယ်ဆိုရင်တော့ ဒီမြို့လေးရဲ့ ကန့်သတ်ချက်တွေ ကုန်သွားပြီဆိုတာနဲ့ အရာအားလုံးက ပေါ်လာလိမ့်မယ်…”

“ငါက မင်းကိုမထိခိုက်စေချင်ဘူးဆိုရင် ဘာလုပ်ရမလဲ၊ ငါက မင်းကို ရွှေ၊ငွေနဲ့ကြေးပြားတချို့ ပေးသင့်လား၊ ဒါကလည်း အရမ်းဂရုမစိုက်ရာ ကျလွန်းတယ်၊ ငါက ဘာလုပ်ရမလဲမသိတော့ဘူး…"

ချန်းပင်အန်းက မထင်မှတ်ထားစွာ ပြောလိုက်သည်။

"တာအိုသခင်လု …

တကယ်လို့ ကျွန်တော့်ကို ငွေကြေးတွေပေးမယ်ဆိုရင် တော်တော်လေး အလေးမထားရာကျတယ်…"

တာအိုသခင်က အပြုံးနှင့် ပြောလိုက်သည်။

"မင်းက အရင်အကြောင်းအရာနှစ်ခုကို နားမလည်သေးဘူး၊ ဒါ‌ပေမဲ့ သူတို့ရဲ့ အရေးပါမှုက မနိမ့်ဘူးဆိုတာတော့ သေချာပေါက် သိနေမှာပဲ၊ မင်းက ဘာလို့သူတို့ကို မမေးလိုက်ရတာလဲ…"

လူငယ်လေးက ဖြည်းညင်းစွာ ပြောလိုက်သည်။

"မြစ်ကြီးတစ်မြစ်ကို ထည့်ထားနိုင်တဲ့ ပန်းကန်လုံးတစ်ခု၊ သေဆုံးသွားတဲ့ အကြီးအကဲတွေအ‌တွက် အဆောင်တွေကို မီးရှို့ပေးနိုင်တဲ့ တာအိုသခင်တစ်ယောက်၊ ဆိုးဆိုးရွားရွား ဒဏ်ရာရနေတဲ့ ထူးထူးဆန်းဆန်း မိန်းကလေးတစ်ယောက်နဲ့ ရွှေပြား(၂၈)ခုနဲ့ ဖန်တီးထားတဲ့ ကြေးပြားတစ်အိတ်…”

“အရင်ကတည်းက ကျွန်တော်တို့ရဲ့နေရာလေးက ထူးဆန်းတယ်လို့ အဘိုးယောင်က ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော်ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရပြီ။ တကယ်လို့ လူစိမ်းနှစ်ယောက်ကြောင့်သာ မဟုတ်ရင် ကျွန်တော်က အကုန်လုံးကို ရှောင်နေပြီး ဒီနေ့ တံခါးဖွင့်ပေးမိမှာ မဟုတ်ဘူး…"

လှည်းကို မှီထားသော တာအိုသခင်က လေးလေးနက်နက်ပြောလိုက်သည်။

"အဲဒီလူစိမ်းမိန်းကလေးက သူ့ရဲ့လက်ညိုးနဲ့ မင်းရဲ့နဖူးကို ထိခဲ့တယ်၊ ဒါက လူတစ်ယောက်ရဲ့သွေးကြောကို အတင်းအကြပ် ဖွင့်ပေးလိုက်တဲ့ လုပ်ရပ်တစ်ခုပဲ။ သိုင်းပညာမှာတော့ အဲဒါကို လမ်းညွှန်မှုလို့ခေါ်တယ်၊ ဒါပေမဲ့ နည်းလမ်းတွေက မတူသလို ရည်ရွက်ချက်တွေကလည်း မတူဘူး…”

“ဥပမာ မင်းရဲ့အိမ်တံခါးက မခိုင်ဘူးဆိုပါစို့။ သူက အဲဒီအရာကို တူတစ်လက်နဲ့ တမင်တကာ ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် တံခါးက ပွင့်သွားပြီပေါ့၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒါက အုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။ သေချာစဉ်းစားကြည့်လိုက်စမ်း..။ နောက်ပိုင်း ဆောင်းတွင်းကို ရောက်လာတဲ့အချိန် တံခါးကို ဖျက်ဆီးလိုက်တဲ့သူကတော့ ထွက်သွားတာကြာပြီ၊ ဒါပေမဲ့ အိမ်ပိုင်ရှင်ဖြစ်တဲ့ မင်းကတော့ အိမ်ထဲမှာ တစ်နှစ်ပတ်လုံးနေရမှာ မဟုတ်လား…"

ချန်းပင်အန်းက ခဏတာတွေဝေနေခဲ့သည်။

"ကျွန်တော်က အခက်အခဲတွေကို ရင်ဆိုင်နိုင်ပါသေးတယ်…"

စနောက်နေပုံမရသော မြက်ဖိနပ်နှင့် လူငယ်လေးကိုကြည့်ပြီး တာအိုသခင်က ဒေါသထွက်ထွက်နှင့် ရယ်လိုက်မိသည်။

"သူက အရင်ဆုံး မင်းကို ထိခိုက်အောင်လုပ်ခဲ့တာလေ။ တကယ်လို့ မင်းရဲ့ကြွက်သားတွေ၊ အရိုးတွေက မာကျောနေပြီး မင်းရဲ့ချီနဲ့ သွေးတွေက ပြစ်နေတယ်ဆိုရင် မင်းက အသက်(၃၀)၊ (၄၀)ထိ နေထိုင်ဖို့ အခက်အခဲမရှိနိုင်ဘူး၊ နောက်ပိုင်းမှာတော့ သူက မင်းရဲ့ရင်ဘတ်ကို လက်ဝါးနဲ့ရိုက်လိုက်တယ်။ အဲဒါကမှ တကယ့်အစစ်အမှန်သေစေနိုင်တဲ့ ဒဏ်ရာတစ်ခုပဲ၊ အဲဒါက မင်းခန္ဓာကိုယ်ရဲ့ အုတ်မြစ်ကို ထိခိုက်စေနိုင်တဲ့အပြင် မင်းရဲ့အင်မော်တယ်လမ်းကြောင်းကိုလည်း ဖြတ်တောက်ပစ်လိုက်တယ်၊ တိတိကျကျ ပြောရမယ်ဆိုရင် မင်းဆီမှာ အခွင့်အရေးတစ်ခုပဲ ကျန်တော့တယ်…”

“ကမ္ဘာကြီးရဲ့ ကံတရားတွေနဲ့ စကြဝဠာရဲ့ ပြောင်းလဲမှုတွေကြောင့် မင်းက ကျင့်ကြံမှုတွေ ဆက်လုပ်ဖို့ အခွင့်အရေးတစ်ခု ရှိကောင်းရှိနိုင်သေးတယ်၊ ဒါက အပေါ်ကနေ စီးကျလာတဲ့ ရေတံခွန်တစ်ခုလိုပဲ၊ မြစ်ထဲမှာ ရေနဂါးတွေ၊ ငါးတွေ၊ပုဇွန်တွေရှိတယ်၊ ကံကောင်းတဲ့သူတွေကတော့ ရမှာပဲ၊ ကံဆိုးတဲ့သူတွေကတောင် ငါးအသေးတွေ၊ပုဇွန်လေးတွေကို ဖမ်းမိနိုင်ဦးမှာပဲ.."

ချန်းပင်အန်းကတော့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိ‌ချေ။ သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေခဲ့၏။ သူ့ပုံစံက တည်ငြိမ်ချင်ယောင် ဆောင်နေသော လူတစ်ယောက်၏ ပုံစံလည်းမဟုတ်ပေ။

တာအိုသခင်က တိုးတိုးလေးသက်ပြင်းချလိုက်၏။

"ချန်းပင်အန်း …

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အချိန် တည်ငြိမ်နေတယ်ဆိုတာ ကောင်းတာ မဟုတ်ဘူး၊ အသက်ရှင်နေတဲ့အချိန်က အကောင်းဆုံးပဲဆိုတာ မင်း မတွေးမိဘူးလား၊ တကယ်လို့ တခြားနည်းလမ်းတွေ မရှိတော့ဘူး ၊ နတ်‌ဘုရားတွေက မင်းကို အသက်မရှင်စေချင်တော့ဘူးဆိုရင်တော့ မင်းက သေရလိမ့်မယ်၊ မင်းက မကြောက်ဘူး မဟုတ်လား။ ဘာလို့လဲ‌ဆိုတော့ သေခြင်းတရားက မင်းရဲ့မိဘတွေနဲ့ပြန်တွေ့ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်နေလို့လေ.."

ချန်းပင်အန်းက ထိုအရာကို ငြင်းဆန်နေခဲ့ခြင်း မရှိချေ။

တာအိုသခင်က သူ့ကို အပြစ်တင်လိုက်၏။

"ဒါဆိုရင် မင်းက‌ စိတ်ထဲမှာ တွေးခဲ့ဖူးလား၊ တကယ်လို့ မင်းက ကံကောင်းထောက်မပြီး တမလွန်မှာ မင်းရဲ့မိဘတွေနဲ့ ပြန်တွေ့နိုင်မယ်ဆိုရင်တောင် သူတို့က မင်းကိုမြင်တဲ့အချိန် ဘယ်လိုခံစားရမလဲ…"

တာအိုသခင်က ပြောလေလေ ပို၍ဒေါသထွက်လာလေလေ ဖြစ်သည်။ သူက လက်ညှိုးနှင့် ထိုလူငယ်၏ နဖူးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ သူက ထိုလူငယ်ကို အသိစိတ်ပြန်ဝင်လာစေရန် နှိုးဆွပေးချင်နေပုံရသည်။

"ပုံပြင်တွေ၊ သရဲဇာတ်လမ်းတွေထဲမှာရှိတဲ့ သေမင်းက ခေါင်းပေါ်မှာ အနက်ရောင် ဦးထုပ်အရှည်ကြီးကို ဆောင်းထားတယ်။ သူက ‌လူသေတွေရဲ့ဝိညာဉ်တွေကိုယူဖို့ လူသားကမ္ဘာကြီးကို ရောက်လာတဲ့အချိန်တိုင်း သူ့ရဲ့ဦးထုပ်ပေါ်မှာ ရေးထားတဲ့ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ 'မင်းလည်း ဒီကိုရောက်လာပြီ' ဆိုတဲ့ စကားလုံးပဲ…”

“ချန်းပင်အန်း ….

ငါ မင်းကိုမေးပါဦးမယ်။ မင်း မိဘတွေက မင်းကိုမြင်တဲ့အချိန်ကျရင် ‘ချန်းပင်အန်း…သားလေး မင်းလည်း ဒီကိုရောက်လာပြီ’ လို့ ‌ဝမ်းမြောက်ဝမ်းသာမေးမယ် ထင်နေတာလား၊ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဝင်စားနိုင်မယ်လို့ ထင်နေတာလား၊ ဒီကမ္ဘာကြီးထဲမှာ ကိုယ့်ရဲ့သားသမီး၊ မြေး၊မြစ်တွေက တမလွန်ရောက်လာတာကို ဝမ်းသာနေတဲ့သူ ရှိမယ်လ ို့ထင်နေသေးတာလား…”

“ငါ မင်းကို ရှင်းရှင်းပဲပြောမယ်။ အဲဒီအရာကို စဉ်းတောင်မစဉ်းစားနဲ့။ စကားတစ်လုံးတည်းနဲ့ တောင်တန်းတွေ၊ မြစ်တွေကို ပြောင်းလဲနိုင်တဲ့ အဆင့်မြင့်ဂိုဏ်းချုပ်ကြီးတွေကတောင် ကောင်းကင်ဘုံကိုရောက်နိုင်တဲ့ အစွမ်းမရှိကြဘူး၊ မင်းလို တစ်နေ့ ထမင်း(၃)နပ်တောင် မှန်မှန်မစားရတဲ့ ငမွဲတစ်ယောက်ကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး…"

သူ့စကား၏ အဆုံးသတ်တွင် လူငယ်တာအိုသခင်၏မျက်နှာက တင်းမာနေခဲ့သည်။

လူငယ်လေးကတော့ တွေဝေသွားခဲ့၏။ လူငယ်လေး၏ဘဝတွင် ပထမဆုံးအကြိမ်‌ ကြောက်လန့်သွားခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ လက်နှင့်ခြေထောက်များက အေးစက်နေခဲ့၏။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ခေါင်းကို လက်နှင့်ကိုင်ထားသည်။ ယခုတစ်ကြိမ်တော့ ခေါင်းကို မကုတ်ခဲ့ပေ။ ‌

တာအိုသခင်က ခေါင်းငုံ့ပြီး ပိန်ပိန်ပါးပါး လူငယ်လေးကို ကြည့်လိုက်သည်။

"ထားလိုက်ပါတော့.... ထားလိုက်ပါတော့၊ မင်းက လူတစ်ယောက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ငါက မင်းအပေါ် အကြွေးတင်နေတယ်၊ နဂိုတုန်းကတော့ ငါက ‌အကြွေးကို ပြန်ဆပ်နိုင်ခဲ့မယ်ဆိုရင် အကောင်းဆုံးလို့ တွေးခဲ့မိတာ။ မဟုတ်ရင် ငါက နောက်ဘဝထိ သယ်သွားရတော့မယ်။ အခုတော့ ငါက မင်းကို အရာအားလုံး ပြန်ပေးရတော့မယ် ထင်တယ်…”

“ငါ မင်းကို ကိစ္စ(၃)ခုပြောခဲ့မယ်။ တစ်ခုချင်းဆီ သေချာမှတ်ထား၊ ပထမဆုံးအရာကတော့ မိန်းကလေးနင်ရဲ့ကျန်းမာရေး ပြန်ကောင်းလာအောင် စောင့်နေရမယ်၊ ပြီးရင် သူ့ကို မြို့တောင်ဘက်မှာရှိတဲ့ စမ်းချောင်းဆီ ခေါ်သွားပြီး ရွမ်မျိုးရိုး သားအဖကို ရှာရမယ်၊ မင်းက သူ့ကိုပါ တပါတည်းခေါ်သွားဖို့ မမေ့ပါနဲ့၊ မဟုတ်ရင်တော့ မင်းက အကြိမ်(၁၀၀)လောက်သွားလည်း အသုံးမဝင်‌နိုင်ဘူး၊ မင်းက အဲဒီကိုရောက်သွားပြီးရင် သူတို့ရဲ့တပည့်ဖြစ်ဖို့ အရှက်မရှိ တောင်းဆိုရမယ်ဆိုရင်တောင် လုပ်ရမှာပဲ၊ ရေတွင်းတူးတာပဲဖြစ်ဖြစ်၊ ကျောက်တုံးတွေကို ရွေ့ရတာပဲဖြစ်ဖြစ်၊ ဓား လုပ်တာပဲဖြစ်ဖြစ်၊ သံတွေကို အပူပေးတာပဲဖြစ်ဖြစ် မင်းက နေစရာနေရာတစ်ခုတော့ ရလိမ့်မယ်၊ အဲဒါဆိုရင် မိန်းကလေးနင်က မင်းရဲ့အကူအညီကို ပြန်ပြီး ပေးဆပ်နိုင်လိမ့်မယ်။ မင်းက သူ့ကို အခွင့်ကောင်းယူဖို့တော့ မစဉ်းစားနဲ့…”

“ဒုတိယတစ်ခုကတော့ (၅)လပိုင်း (၅)ရက်နေ့ နောက်ပိုင်းကစပြီး မင်းက အမိုးတံတားအောက်မှာရှိတဲ့ စမ်းချောင်းထဲကို မကြာမကြာ သွားရမယ်၊ မင်းက ကျောက်တုံးတွေပဲကောက်ကောက်၊ ငါးပဲ ဖမ်းဖမ်း၊ ပုဇွန်ပဲ ဖမ်းဖမ်း ကြိုက်တာလုပ်လို့ရတယ်။ ပြောချင်တာကတော့ မကြာမကြာသွားရမယ်။ မင်းက စိတ်လှုပ်ရှားနေရင် ပိုပြီးတော့တောင် သွားရဦးမယ်၊ မင်းက ဘယ်လောက်များများ ရမလဲဆိုတာကတော့ မင်းရဲ့ကံကြမ္မာပေါ်ပဲ မူတည်နေတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် လုံ့လဝိရိယရှိတာက ဉာဏ်ထိုင်းမှုကို ဖြည့်ဆည်းနိုင်တယ်လေ၊ တကယ်လို့ အဲဒါကိုတောင် မင်းက ဘာမှမရဘူးဆိုရင်တော့ မင်းရဲ့ကံကြမ္မာကို လက်ခံရမှာပဲ…"

လူငယ်တာအိုသခင်က ထိုစကားပြောလိုက်ပြီးနောက် လှည်းကိုတွန်းလိုက်သည်။ လူငယ်လေးက ထိုင်နေသေးကြောင်း မြင်သည့်အခါ သူက ပြောလိုက်၏။

"မြန်မြန်ထပြီး လာကူဦး…"

လူငယ်က မတ်တပ်ထလိုက်ပြီး သူက လှည်းကိုတွန်းရန် ကူညီပေးလိုက်သည်။ သူက စိတ်ဝင်တစား မေးလိုက်၏။

"ကျွန်တော့်ကို(၃)ခု ပြောမယ်လို့ ပြောခဲ့တာ မဟုတ်လား…"

လူငယ်တာအိုသခင်က နှာခေါင်းရှုံ့လိုက်သည်။

"ငါ မင်းကိုပြောပြီးသွားတာ ကြာလှပြီ၊ မင်းဘာသာပဲ စဉ်းစားလိုက်‌တော့…"

လူငယ်လေးက တွေဝေသွားခဲ့၏။ ထို့နောက် တာအိုသခင်က သူ့ကို အကြောင်းအရာ အနည်းငယ် သတိပေးနေခဲ့သည်။

"အဲဒီကြေးပြားတွေက တော်တော်လေး တန်ဖိုးရှိတယ်၊ သေချာသိမ်းထား။ နောက်ပြီးတော့ နောက်ထပ်အချိန်တော်တော်ကြာတဲ့အထိ အပြင်မထွက်နဲ့။ များများပြုံးပါ၊ မင်းရဲ့မျက်နှာပေါ်မှာ လွမ်းဆွေးတမ်းတနေတဲ့ မျက်နှာမျိုးပဲ ဖြစ်နေခဲ့တယ်၊ မင်းမျက်နှာက ချောတာလည်း မဟုတ်ဘူး။ မင်းက ဘယ်သူ့ကို ပြချင်လို့လဲ…"

တာအိုသခင်က အကြီးအကဲတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

လှည်းကို ခြံဝန်းအပြင်ဘက်သို့ တွန်းထုတ်သွားပြီးနောက် လူငယ်က ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်သွားသည်အထိ လိုက်ပို့ပေးမည်ဟု ပြောခဲ့သည်။ တာအိုသခင်ကလည်း ငြင်းဆန်နေခဲ့ခြင်း မရှိချေ။

သူတို့က လမ်းကြားလေးတစ်ခုပြီးတစ်ခု ကျော်သွားခဲ့ကြသည်။ နောက်ဆုံးတွင်‌တော့ တာအိုသခင်က ပြောလိုက်၏။

"ငါ မင်းကို တစ်ခုပြောလိုက်တာ ပိုပြီးတော့ကောင်းမယ်။ ငါ့ရဲ့တွက်ချက်မှုအရ မင်းမိဘတွေ အစောကြီးသေသွားရတာ မင်းအမှားကြောင့် မဟုတ်ဘူး.."

တာအိုသခင်က ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်တော့မည့်အချိန်တွင် တိုးတိုးလေး ပြောလိုက်သည်။

"အဲဒါအပြင် မင်းရဲ့ဘဝမှာ ဒုက္ခတွေ ပြည့်နှက်နေတယ်ဆိုတာ အရာအားလုံးက မင်းရဲ့မိဘတွေကြောင့်ပဲ…"

လူငယ်လေးက တိတ်ဆိတ်သွားခဲ့သည်။ အဆုံးတွင်‌တော့ တာအိုသခင်က လူငယ်လေးကို လိုက်ပို့ခွင့်မပေးတော့ပေ။ သူက‌ အရှေ့တံခါးဆီသို့ လှည်းကို တွန်းသွားခဲ့၏။

နောက်ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် လူငယ်ကတော့ လမ်းကြား၏ ဝင်ပေါက်တွင် ရပ်နေပြီး သူ့ကို အပြုံးနှင့် လက်ပြနေကြောင်း တွေ့လိုက်ရသည်။ သူ့ပုံစံက လူသေ တစ်ယောက်နှင့် မတူတော့ပေ။

All Chapters