← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

နဂါးအိုမြို့မှ သခင်လေးဖူနန်းဟွာက စုန့်မျိုးရိုး လူငယ်လေးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ သူက လက်ထဲတွင် အိုးငယ်လေးကို ဂရုတစိုက် ကိုင်ထားခဲ့၏။ သူက အိုး၏အောက်ခြေတွင် ရေးသားထားသော စကားလုံးများကို သေချာကြည့်နေသည်မှာ မိန်းမပျိုတစ်ယောက်၏အလှကို ကြည့်ရှုခံစားနေသလို ထင်ရသည်။ သူက ထိုအရာကို ကြည့်နေရင်း လုံးဝ ပင်ပန်းနွမ်းနယ်မှု မရှိခဲ့ပေ။

ဖူနန်းဟွာက (၁)နာရီနီးပါးကြာအောင် အကြိမ်ကြိမ် ကြည့်နေခဲ့သည်။ သူက အလွန်သဘောကျနေသည့်အတွက် လက်ထဲမှပင် ပြန်မချနိုင်ခဲ့‌ပေ။ လူတစ်ယောက် သို့မဟုတ် ပစ္စည်းတစ်ခုကို မြင်မြင်ချင်း သဘောကျသော အဖြစ်အပျက်များစွာ ရှိနေသည်။

အလွန်ဂျီးများသော ဖူနန်းဟွာအတွက်တော့ ထိုနှလုံးသန့်စင်ရေးအိုးကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုအရာက အပေးအယူလုပ်ခြင်းနှင့် စိတ်ဝင်စားမှုဟူသော ကြားထဲတွင် ပြောရမည်ဆိုလျှင် ဖူနန်းဟွာကတော့ ပထမတစ်ခုကိုသာ ရွေးချယ်မိပါလိမ့်မည်။

သူ အပေးအယူလုပ်နေသောအရာက သေးငယ်မှုတော့ မရှိချေ။ သူ နေထိုင်ခဲ့သော နဂါးအိုမြို့က အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်ဘက်ပိုင်းတွင် ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ဖူနန်းဟွာက ကြွယ်ဝချမ်းသာမှုများစွာ မြင်ခဲ့ဖူးသော အထက်တန်းလွှာ မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ချိုက်ကျင်းကျန့်က သူ့ရှေ့တွင် အားနည်းနေရခြင်း ဖြစ်၏။

စုန့်ကျိရှင်းက ထိုင်ခုံပေါ်တွင် သမ်းဝေလိုက်သည်။ သူက သက်တောင့်သက်သာ ပုံစံသို့ ပြောင်းလိုက်ပြီး အေးအေးဆေးဆေး မေးလိုက်၏။

“အစ်ကိုဖူ…

ဒီပစ္စည်းက အဆင်ပြေတယ်ဆိုတာ သေချာသွားပြီဆိုမှတော့ ဈေးနှုန်းအကြောင်းကို ပြောကြမလား…”

တစ်ခြားသူများထံမှ အစ်ကိုဟု အခေါ်ခံရသည်မှာ အလွန်ရှားပါးသော ဖူနန်းဟွာက ရင်ထဲရှိ မသက်မသာ ခံစားမှုများကို ဖိနှိပ်ထားလိုက်သည်။ သူက ထိုအိုးလေးကို ပြန်ချထားလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ညီလေးစုန့်…

မင်းက ငါ့ရဲ့ သဘောထားကို သိနေပြီပဲ။ မဟုတ်ရင် ငါ မင်းက ဒီလောက် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောခဲ့မှာ မဟုတ်ဘူး။ ငါက ဒီအိုးကို လိုချင်တဲ့စိတ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမှာမဟုတ်ဘူး။ ငါက ဘာကြောင့် ပြောခဲ့တာလဲဆိုတော့ ဈေးနှုန်းအများကြီး တောင်းဆိုတာတွေ၊ ငွေကြေးအများကြီး တောင်းဆိုတာတွေကို တားဆီးချင်လို့ပဲ။ ဒါက အချိန်လည်း ကုန်တယ်။ ငါတို့ရဲ့ ရင်းနှီးမှုကိုလည်း ထိခိုက်စေနိုင်တယ်လေ…”

“ညီလေးစုန့်…

ငါ ဖူနန်းဟွာက မင်းကို ကျင့်ကြံမှုလမ်းကြောင်းမှာ မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားတယ်။ အခု ငါတို့က အေးအေးဆေးဆေး အလုပ်ကိစ္စ ပြောကြတာ‌ပေါ့။ ငါတို့က နောက်ပိုင်းမှာလည်း အချင်းချင်း မှီခိုအားထားလာနိုင်လိမ့်မယ်။ ဒီနေ့ အရောင်းအဝယ်က ငါတို့အတွက် ပထမခြေလှမ်း ဖြစ်လာမှာပဲ…”

လှိုက်လှိုက်လှဲလှဲ အမူအရာ ရှိနေသော သခင်လေးကို စုန့်ကျိရှင်းက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“အစ်ကိုဖူ…

ကျွန်တော်ကတော့ ရိုင်းစိုင်းတဲ့ လူတစ်ယောက်ပဲ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေအနံ့တွေပဲ ပြည့်နေတယ်။ ကျွန်တော်က မိတ်ဆွေတွေကိုလည်း အသိအမှတ် ပြုပါတယ်။ ကျွန်တော်တို့က လုပ်ငန်းကိစ္စ စကားပြောဖို့ ထိုင်နေတဲ့အချိန်မျိုးမှာတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို ခင်မင်မှုအကြောင်း လာပြောနေတယ်ဆိုရင် ကျွန်တော့်ရဲ့ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတတ်တယ်။ ကျွန်တော်က နောက်ပိုင်းမှာ ရင်းနှီးမှုကို စိတ်ဝင်စားဖို့ လိုအပ်တဲ့ လူတစ်ယောက်လား။ ဒါမှမဟုတ် တစ်ဖက်လူက လှည့်စားချင်နေတဲ့ လူတစ်ယောက်လား ဆိုတာပဲ…”

ဖူနန်းဟွာ၏ မျက်နှာအမူအရာက အေးစက်သွားသည်။ သူက ထိုင်ခုံနောက်ကျောကိုမှီလိုက်ပြီး စားပွဲခုံကို လက်တစ်ချောင်းနှင့် ညှင်သာစွာ ခေါက်နေခဲ့သည်။ သူ၏လှုပ်ရှားမှုက တိုးညင်းပြီး တိတ်ဆိတ်လှ၏။

စုန့်ကျိရှင်းကတော့ ဖူနန်းဟွာ၏ သဘောထားပြောင်းလဲမှုကို သတိထားမိပုံ မရချေ။ “မင်းကို အစ်ကိုဖူလို့ခေါ်ပြီး ဒီအိုးကို ပြလိုက်တာက ငါ့ရဲ့သဘောထားကို ပြလိုက်တာပဲ။ ငါတို့ နှစ်ယောက်လုံးက အရောင်းအဝယ်လုပ်ချင်နေမှတော့ တည့်တည့်ပဲ ပြောကြမယ်။ ငါ့ကို ဈေးနှုန်း ပြောလိုက်ပါ။ ငါက ခေါင်းညိတ်မယ်။ ဒါမှမဟုတ် ခေါင်းခါမယ်။ ငါ့ကို ဈေးနှုန်းကမ်းလှမ်းဖို့အတွက် အခွင့်အရေး နှစ်ကြိမ်ရမယ်။ အဲဒီနှစ်ကြိမ် ပြီးသွားပြီ ဆိုရင်တော့ မြို့ထဲကနေ ထွက်သွားတဲ့ အချိန်အထိ နောက်ထပ်အရောင်းအဝယ် မရှိနိုင်တော့ဘူး။ ငွေကြေးဘယ်လောက်ပဲပေးပေး ငါက မင်းကို မရောင်းနိုင်ဘူး…”

“ရှေ့မှာပေးခဲ့တဲ့ ကျောက်စိမ်းပြားကိုတော့ ငါတို့ရဲ့တွေ့ဆုံခြင်း အမှတ်တရအနေနဲ့ သတ်မှတ်နိုင်တယ်။ အဲဒါကို နဂါးအိုမိုးလို့လည်း ခေါ်တယ်။ အဲဒါက သူတော်စင်တွေရဲ့ အစွမ်းထက်တဲ့ မှော်ရတနာတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ အပူရှိန်ကို ဖယ်ရှားပေးနိုင်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်တဲ့အပြင် အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်တယ်။ အထူးသဖြင့် လေ့ကျင့်တဲ့နေရာမှာ အကျိုးအမြတ် ရှိစေနိုင်တယ်။ တကယ်လို့ မင်းဆီမှာသာ တာအိုဂိုဏ်းတစ်ခုရဲ့ လျှို့ဝှက်ကျင့်စဉ် ရှိနေရင် တစ်ဝက်လောက် ကြိုးစားရုံနဲ့ (၂)ဆလောက် အကျိုးသက်ရောက်မှုကို ရနိုင်တယ်..”

ဖူနန်းဟွာ၏အပြုံးက လှိုက်လှဲနေပုံရပြီး သူ၏မျက်နှာပေါ်တွင် မောက်မာမှုများ မရှိချေ။ သူက စားပွဲပေါ်သို့ ပန်းထိုးအိတ်တစ်လုံးကို တင်လိုက်ပြီး စုန့်ကျိရှင်းဆီသို့ တွန်းပို့လိုက်သည်။

သူက အလေးအနက် ပြောလိုက်၏။

“အိတ်ထဲမှာရှိတဲ့ ကြေးပြားတွေက အပူဇော်ခံငွေကြေးလို့ ခေါ်တယ်။ အဲဒါက ကမ္ဘာကြီးထဲမှာရှိတဲ့ အပူဇော်ခံငွေကြေးတွေထဲက တစ်ခုပဲ။ ဒါက ချန်းဝမ်ကျောင်းဆောင် ဒါမှမဟုတ် ဝမ်ချန်းစံအိမ်ထဲမှာ အများအားဖြင့် ပူဇော်ထားတတ်တယ်။ တခြားဖြစ်နိုင်ချေတွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ အဲဒါက အရေးကြီးဆုံး အရာတော့ မဟုတ်ဘူး…”

“အရေးကြီးဆုံးအရာကတော့ အဲဒီကြေးပြားတွေက ရွှေထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ တန်ဖိုးရှိတဲ့ ရွှေအဆီအနှစ်တွေပဲ။ အင်မော်တယ်တွေက ပြောခဲ့ဖူးတယ်။ ကျောက်စိမ်းရေကို ခပ်လို့ရပေမဲ့ ရွှေအဆီအနှစ်ကတော့ လျှို့ဝှက်ချက်တစ်ခုပဲတဲ့။ ဒါက သူတို့ပြောတဲ့ ရွှေအဆီအနှစ်ပဲ။ ဒီရွှေအဆီအနှစ် အပူဇော်ခံငွေကြေးက ဒီအိုးကိုဝယ်ဖို့ အသုံးပြုနိုင်တယ်။ ဒါက လုံလောက်မလားဆိုတာ ပြောရခက်ပေမဲ့ သင့်တော်မယ့် ဈေးနှုန်းတစ်ခု ဖြစ်နိုင်ပါသေးတယ်။ တကယ်လို့ မင်းဆီမှာ ရှိနေတဲ့ နဂါးအိုဆွဲပြားနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ညီလေးစုန့်က သေချာပေါက် အကျိုးအမြတ် ရှိလိမ့်မယ်လို့ ငါ ဖူနန်းဟွာက အာမခံရဲတယ်…”

ထိုစကားလုံးများကို ပြောလိုက်ပြီးနောက် ဖူနန်းဟွာက တုန့်ပြန်မည့်စကားကို တိတ်တဆိတ် စောင့်နေခဲ့သည်။

စုန့်ကျိရှင်းက ခဏကြာ တိတ်ဆိတ်သွားခဲ့၏။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ပြောပြီးသွားပြီလား…”

ဖူနန်းဟွာက မချိပြုံး ပြုံးလိုက်သည်။

“ငါ ပြောပြီးပြီ…”

လူငယ်လေးက ရုတ်တရက် ရန်လိုသောအမူအရာနှင့် စားပွဲကို ရိုက်ချလိုက်သည်။ “ဖူမျိုးရိုး…

ဒီနေရာကနေ ထွက်သွားလိုက်တော့။ မင်းက ငါ့ကို (၃)နှစ်သား ကလေး တစ်ယောက်လို အလွယ်တကူ အရူးလုပ်လို့ရမယ်လို့ ထင်နေတာလား။ မင်းတို့က မြို့ထဲကို ဝင်မလာခင် ကြေးပြားတွေ ထည့်ထားတဲ့ အိတ်(၃)အိတ်ဆီ ယူလာကြတယ်။ မင်းတို့က ဝင်ကြေးအတွက် အိတ်(၁)အိတ် ပေးရတယ်။ မင်းတို့က ရတနာတစ်ခုကို ရတဲ့အချိန်တိုင်း ရတနာက ကြီးကြီးသေးသေး၊ အိတ်တစ်အိတ်ကို ပေးရလိမ့်မယ်။ အဲဒီအိတ်ထဲမှာရှိတဲ့ ကြေးပြားပမာဏက အများဆုံး ကြေးပြား(၃၀)ကနေ အနိမ့်ဆုံး ကြေးပြား (၂၀) ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ငွေအိတ်ထဲမှာတော့ ကြေးပြား(၁၂)ပြားပဲရှိတာ မဟုတ်လား။ အရောင်းအဝယ်လုပ်တဲ့အချိန်မှာ ဘာလို့ ရိုးသားမှု မရှိရတာလဲ။ မင်းက ငါ့ဆီကနေ ဒီလိုအရာမျိုးကို လဲလှယ်ရဲသေးတာလား…”

ဖူနန်းဟွာက လက်ချောင်းလေးထဲတွင် ရှိနေသော အစွမ်းများက တိုးမြင့်လာခဲ့သည်။ သူ၏လက်ချောင်းလေးများက နှေးရာမှ မြန်လာပြီး လက်ချောင်းလေးများကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။

စုန့်ကျိရှင်း၏ နှလုံးက တုန်ရင်သွားပြီး ဘာကြောင့်မှန်းမသိသော်လည်း အသက်ရှူရန် ခက်ခဲလာကြောင်း တွေ့လိုက်ရသည်။ သူ့မျက်နှာက နီရဲလာပြီး မျက်လုံးများက သွေးနီရောင် ပြောင်းလဲလာ၏။ လူငယ်လေးက ရင်ဘတ်ကို လက်နှင့် ဖိလိုက်မိသည်။ သူ၏နှလုံးသားက ဗုံတစ်လုံးကဲ့သို့ တုန်ခါနေခဲ့၏။

“ဒုတ်ဒုတ်...ဒုတ်ဒုတ်..ဒုတ်ဒုတ်...”

သူ့ရင်ဘတ်ကြီးက ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။

ဖူနန်းဟွာက စားပွဲကို ပုတ်နေသည့် အရှိန်ကို ဖြည်းညင်းစွာ လျှော့ချလိုက်သည့် အချိန်တွင် လူငယ်၏ မျက်နှာက အဆင်ပြေလာခဲ့သည်။

ဖူနန်းဟွာက အပြုံးနှင့် မေးလိုက်၏။

“ငါတို့က ပထမကမ်းလှမ်းချက်မှာ သဘောတူညီမှု မရမှတော့ ငါက နောက်တစ်ကြိမ် ကမ်းလှမ်းမယ်။ ရွှေအဆီအနှစ် ပူဇော်ငွေ (၂၄)ပြား ပေးမယ်။ မင်းက ဒီအိုးကို ရောင်းမှာလား…”

တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသော စုန့်ကျိရှင်းက တွေဝေနေခဲ့၏။ တစ်ဖက်လူက လှုပ်ရှားတော့မည်ကို မြင်သည့်အခါ တစ်စုံတစ်ခုပြောရန် ပြင်ဆင်နေသော လူငယ်လေးက အခြေအနေကို စောင့်နေခဲ့သည်။

သို့သော် တခြားသူများ၏ လေးစားမှုကို ခံခဲ့ရသော နဂါးအိုမြို့မှ လူငယ်လေးက နောက်တစ်ကြိမ် စားပွဲခုံပုတ်သည့်အရှိန်ကို မြှင့်တင်လာခဲ့သည်။ ထိုအရာက နွေခေါင်ခေါင် မိုးကြိုးပစ်သကဲ့သို့ ဖြစ်နေခဲ့သည်။

စုန့်ကျိရှင်းက ရင်ဘတ်ကို လက်နှင့် ဖိထားရသည်။ အလွန်ချောမောခန့်ညားသော သူ၏မျက်နှာလေးကတော့ ပျက်ယွင်းနေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏။ သူ၏ မျက်နှာပေါ်တွင် ရက်စက်သည့် အပြုံးတစ်ခုလည်း ပေါ်လာခဲ့သည်။

ဖူနန်းဟွာက ထိုမြေခွေးပေါက်လေးကို သတ်ချင်နေသော်လည်း မလုပ်နိုင်ခဲ့ပေ။ သို့သော် နောက်ဆုံးအချိန်တွင်တော့ ကောင်းကင်ဘုံသို့ တက်လှမ်းပြီး အင်မော်တယ်ဖြစ်ချင်နေသော ဆန္ဒက သူ၏ကိုယ်ရေးကိုယ်တာ ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။ ထို့ကြောင့် သူက ရပ်တန့်လိုက်ပြီး လူငယ်ကို အလွတ်ပေးလိုက်၏။

စုန့်ကျိရှင်းက အသက်ကို အမောတကော ရှူနေရသည်။ သူ၏ မျက်လုံးများက နီရဲနေပြီး သူက ခါးသီးစွာ ရယ်လိုက်မိ၏။

ဖူနန်းဟွာက ထိုအရာကို နားမလည်နိုင်ခဲ့ပေ။ လူငယ်လေး၏ မျက်လုံးထဲတွင် အမုန်းတရားများ ရှိနေပုံ မရပေ။ ထိုအရာက တစ်စုံတစ်ခုကို ကြောက်လန့်နေခြင်းကြောင့်ဟု ဖူနန်းဟွာက ခံစားမိခဲ့ခြင်း မရှိသည်မှာ သေချာပေသည်။

ကျင့်ကြံမှုလမ်းကြောင်းတွင် ထူးဆန်းသော အရာများစွာ ရှိနေ၏။ ထူးဆန်းသော လူပေါင်းများစွာလည်း ရှိနေသည်။ သူက စိတ်ဝင်တစား မေးလိုက်၏။

“မင်းက ဘာကို ရယ်နေတာလဲ…”

စုန့်ကျိရှင်း၏ အသက်ရှူသံက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ သူက ထိုင်ခုံကို မှီလိုက်ပြီး နဖူးပေါ်မှ စီးကျလာနေသော ချွေးများကို သုတ်လိုက်၏။ သူက ဝင်းလက်တောက်ပနေသော မျက်လုံးများနှင့် ပြောလိုက်သည်။

“နောက်ပိုင်းမှာ ငါက လူသတ်ဖို့အတွက် မင်းရဲ့စွမ်းရည်ကို ငှားလို့ရတယ်ဆိုတာတွေးမိသွားတဲ့အတွက် တော်တော်ဝမ်းသာသွားခဲ့တာ…”

ဖူနန်းဟွာ၏အပြုံးက ပျောက်ကွယ်သွားသည်။ ထိုလူငယ်က အမှန်တကယ်ကို စိတ်ဝင်စားစရာ ကောင်း၏။ ထိုကဲ့သို့လူမျိုးက ရင်ဆိုင်ရန် အလွယ်ဆုံး ဖြစ်သည်။ သူကသာ ထိုလူငယ်ထက် ပိုသာနေမည်ဆိုလျှင် သူတို့ကို ရင်ဆိုင်ရန် မခက်‌တော့ပေ။

သို့သော် နဂါးအိုမြို့မှ လူငယ်လေးကတော့ အခွင့်အရေးကို အောင်အောင်မြင်မြင် ရရှိခဲ့ပြီးနောက် ထိုလူငယ်လေးကို (၉)နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် နှိုင်းယှဉ်နေခြင်း မရှိတော့ချေ။

စုန့်ကျိရှင်းက စားပွဲပေါ်တွင် ရှိနေသော အိုးငယ်လေးနှင့် ကြေးပြားတစ်ဝက်အိတ်ကို ကြည့်လိုက်၏။ သူက ခေါင်းမော့ပြီး ပြောလိုက်သည်။

“ဖူနန်းဟွာ…

ငါ့မှာ တောင်းဆိုချက် (၂)ခု ရှိတယ်။ မင်းသာ သဘောတူမယ်ဆိုရင် ဒီအိုးကို ရောင်းမယ့်အပြင် ငါက ဒီအိုးထက်မလျော့တဲ့ ပစ္စည်းတစ်ခုကိုလည်း ထုတ်ပေးဦးမယ်..”

ဖူနန်းဟွာက ရင်ထဲတွင် ဝမ်းသာသွားသော ခံစားချက်ကို ဖိနှိပ်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ပြောပါဦး…”

စုန့်ကျိရှင်းက သေလောက်သည်အထိ ထိတ်လန့်သွားခဲ့သော်လည်း ရပ်မနေခဲ့ပေ။ “ပထမဆုံး မင်းက ငါ့ကို ရွှေအဆီအနှစ် ကြေးပြား(၃)အိတ် ပေးစေချင်တယ်။ မဟုတ်ဘူး။ (၂)အိတ်ပဲ ပေး…”

ဖူနန်းဟွာက စဉ်းစားမနေဘဲ ပြောလိုက်သည်။

“ကောင်းပြီလေ…”

စုန့်ကျိရှင်းက တစ်ဖက်လူ၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။

ဖူနန်းဟွာက ရယ်လိုက်၏။

“ယုံတာ မယုံတာကတော့ မင်းသဘောပဲ။ ဒါပေမဲ့ ငါ ဒီနေ့ ဒီနေရာကနေ ထွက်မသွားခင် မင်းက ရွှေအဆီအနှစ် (၂)အိတ်နဲ့ ထိုက်တန်တဲ့ ပစ္စည်းတစ်ခုကို ထုတ်ပြရမယ်။ အဲဒီအရာက တန်ကြေးရှိမရှိ ငါကိုယ်တိုင် ကြည့်ခွင့်ပေးမှရမယ်..”

စုန့်ကျိရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ။ ရတယ်…”

ဖူနန်းဟွာက မေးလိုက်၏။

“ဒါဆိုရင် ဒုတိယတောင်းဆိုချက်က ဘာလဲ…”

စုန့်ကျိရှင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါ့အတွက် လူတစ်ယောက်ကို သတ်ပေးရမယ်…”

ဖူနန်းဟွာက ခေါင်းခါပြီး ပြောလိုက်၏။

“အိတ်တစ်အိတ်ထဲမှာ ကြေးပြားဘယ်လောက်ပါလဲ ဆိုတာ မင်းက သိနေမှတော့ ငါတို့လို အပြင်လူတွေက ဒီနေရာမှာ လူသတ်လို့ မရဘူးဆိုတာလည်း မင်းက သိနေမှာပဲ။ မဟုတ်ရင် ငါတို့က မြို့ငယ်လေးထဲကနေ ချက်ချင်း ဖယ်ရှားခံရလိမ့်မယ်။ ငါတို့ရဲ့ အရိုးတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခံရနိုင်ချေတောင် ရှိနေတယ်။ အဲဒီနောက် သူတော်စင်တွေက ငါတို့နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေကို ဖယ်ရှားဖို့ အင်မော်တယ်နည်းလမ်းတွေကို အသုံးပြုကြလိမ့်မယ်။ ဒါက တော်တော်လေး အခြေအနေ ဆိုးသွားနိုင်တယ်။ ငါတို့မိသားစုက ဒီအခွင့်အရေးတွေ အားလုံးကိုတောင် ဆုံးရှုံးသွားနိုင်တယ်..”

စုန့်ကျိရှင်းက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။

“ဒီလောက်လည်း မြန်မြန်ကြီး မငြင်းပါနဲ့ဦး။ မင်းက ဘာတွေဖြစ်မလဲ အရင်ဆုံး စောင့်ကြည့်လိုက်ပါ။ ဘယ်လိုသဘောရလဲ…”

ဖူနန်းဟွာက ရယ်ကာမောကာနှင့် မေးလိုက်၏။

“ငါလည်း အရမ်းစိတ်ဝင်စားပါတယ်။ မင်းက ဘယ်သူ့ကို သတ်ချင်နေတာလဲ…”

စုန့်ကျိရှင်းက အမှန်တရားတစ်ဝက်နှင့် ပြောလိုက်သည်။

“ငါလည်း အဲဒါကို စဉ်းစားနေတာ…”

ဖူနန်းဟွာက အိုးလေးကို နောက်တစ်ကြိမ် ကောက်ယူလိုက်သည်။ သူက ထိုအိုးငယ်လေး၏ တည်ဆောက်ပုံကို ခံစားကြည့်နေပြီး အေးအေးဆေးဆေး ပြောလိုက်၏။

“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့…”

စုန့်ကျိရှင်းက မျက်နှာချင်းဆိုင်တွင် ရှိနေသော လူငယ်လေးကိုကြည့်ပြီး လည်ပင်းကို ပွတ်လိုက်မိသည်။ သူ့မျက်နှာကတော့ အလွန်အမင်းကို ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။

……………..

မူလတုန်းက ကျစ်ကွေးက ချိုက်ကျင်းကျန့်ကို ကုစန့်၏ အိမ်ရှေ့သို့ ပို့ပေးခဲ့သည်။ ထို့နောက် စုန့်ကျိရှင်း၏ အစေခံမလေးက တစ်ယောက်တည်း လျှောက်သွားနေခဲ့၏။

ချိုက်ကျင်းကျန့်က တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်သည့်အချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက ရောက်သည့်နေရာတွင် ရပ်နေပြီး လှုပ်ပင် မလှုပ်ရဲခဲ့ပေ။

ထိုင်ခုံပေါ်တွင် ထိုင်နေသော အဘိုးအိုကိုကြည့်ပြီး သူမက တုန်ယင်နေသော လေသံနှင့် မေးလိုက်၏။

“ဆရာကြီး…

ဆရာကြီးက စာအုပ်ရေကန်ထဲမှာ တစ်ယောက်တည်း လေ့ကျင့်နေတဲ့ အင်မော်တယ် ကျန်းကျယ်လား…”

အဘိုးအိုက မေးလိုက်သည်။

“မင်းက ဒီအဘိုးကြီးကို ဘယ်လိုသိတာလဲ…”

ချိုက်ကျင်းကျန့်က လေးလေးစားစား ပြောလိုက်၏။

“ကျွန်မက ယွင်ရှားတောင်က ချိုက်ကျင်းကျန့်ပါ။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်မှာ ကျွန်မရဲ့အဖေနဲ့အတူ စာအုပ်ရေကန်ကို လိုက်လာဖူးတယ်။ အဲဒီမှာ လိပ်အိုကြီးက ရေထဲကနေ ကျောက်ပြားတစ်ပြား သယ်လာတဲ့မြင်ကွင်းကို မြင်ခဲ့ဖူးပါတယ်။ ကျွန်မက အဝေးကနေ ဆရာကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်တွေကို မြင်ခွင့်ရခဲ့တာ ကံကောင်းလို့ပါ။ အခုထိ အဲဒီမှတ်ဉာဏ်တွေက လတ်ဆတ်နေတုန်းပဲ…”

အဘိုးအိုက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“ငါသိတယ်…”

ချိုက်ကျင်းကျန့်၏ ခံစားချက်များက အနည်းငယ် လေးလံသွားခဲ့သည်။

မြစ်ဖြတ်အင်မော်တယ်ဟု လူသိများသော ပုံပြောဆရာက သူမကိုကြည့်ပြီး တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

“ဘိုးဘေး စုန့်ရှားရဲ့မျက်နှာကြောင့် ဒီအဘိုးကြီးက မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို ပြဿနာမရှာချင်ဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာတော့ မရှိတော့ဘူး။ မင်းက ခြံဝန်းထဲက ထွက်သွားတဲ့အချိန်ကျရင် တံခါးပိတ်ခဲ့ဖို့ မမေ့နဲ့…”

ချိုက်ကျင်းကျန့်က ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါဆိုလည်း ကျွန်မ အရင်ဆုံး ထွက်သွားပါတော့မယ်…”

သူမက အမှန်တကယ်ကို ထွက်သွားခဲ့သည်။ ထို့ပြင် သူမက တံခါးပိတ်ရန် မမေ့ခဲ့ပေ။ သူမ၏လှုပ်ရှားမှုများက နှေးကွေးပြီး ထိတ်လန့်နေခဲ့၏။

ခြံဝန်းထဲတွင် ရှိနေသော အမျိုးသမီးက တံခါးကိုကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “အင်မော်တယ် အကြီးအကဲ…

သူ့ကိုကြည့်ရတာ လက်လျှော့မယ့်ပုံ မရှိဘူး။ အဲဒါက ပြဿနာ ဖြစ်နိုင်လား…”

အင်မော်တယ်ဟုခေါ်သော အဘိုးအိုက ခနဲ့သလို ပြုံးလိုက်သည်။

“မြို့ထဲကို ဝင်လာပြီးသွားရင် အသက်ရှုတာကတောင် ပြဿနာတစ်ခု ဖြစ်နိုင်တယ်။ မင်းက အခွင့်အရေးကို မလိုချင်တာလား…"

အမျိုးသမီးဆီတွင် ပြောစရာစကားလုံး မရှိတော့ပေ။ အဘိုးအိုက ပြောလိုက်၏။

"ငါ မင်းကို မေးပါဦးမယ်။ တကယ်လို့ မင်းဆီမှာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ကုစန့်ကို ယွင်ရှားတောင်မှာ လေ့ကျင့်ခိုင်းမှာလား။ ဒါမှမဟုတ် စာအုပ်ရေကန်မှာ လေ့ကျင့်ဖို့အတွက် ငါ့နောက်ကို ထည့်လိုက်မှာလား။ ဒီမေးခွန်းကို အလျင်စလို ပြန်ဖြေဖို့ မလိုပါဘူး…"

အဘိုးအိုက လက်ကာပြလိုက်ပြီး အမျိုးသမီးကို အလျင်စလို ပြန်မဖြေရန် ပြောလိုက်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။

"ယွင်ရှားတောင်က အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းပဲ။ ဒါပေမဲ့ မင်းစိတ်ထဲမှာ ယွင်ရှားတောင်က အဖိုးမတန်ဘူးလို့ ထင်ရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်။ ယွင်ရှားတောင်က တိမ်သစ်မြစ် ကျောက်တုံးတွေကို ထုတ်လုပ်နိုင်တယ်။ အဲဒီအရာက တကယ့်ကို ကောင်းကင်ဘုံရဲ့ ရတနာတစ်ခုပဲ။ အရှေ့ပိုင်းကုန်းမြေကြီးကို မပြောနဲ့။ လောကတခွင်မှာတောင် အဲဒီလိုဂိုဏ်းတစ်ဂိုဏ်းပဲ ရှိတယ်။ ဒါကြောင့်လည်း ယွင်ရှားတောင်ရဲ့ အဆင့်အတန်းက တော်တော်လေး ထူးခြားနေတာပဲ။ လူတိုင်းက သူတို့ကို လေးစားကြတယ်။ အထူးသဖြင့် တာအိုဂိုဏ်းတွေ၊ တာအိုကျောင်းဆောင်တွေက နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ ယွင်ရှားတောင်နဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိကြတယ်…”

“ဒီအဘိုးကြီးကတော့ စာအုပ်ရေကန်ထဲမှာ တစ်ယောက်တည်း ကျင့်ကြံနေသူ တစ်ယောက်ပဲ။ ငါက ရေကန်အလယ်မှာ ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်တယ်။ ငါ့ရဲ့တပည့်တွေက လက်ချိုးရေလို့တောင်ရတယ်။ အစေခံတွေကလည်း လူ(၁၀ဝ)တောင် မရှိဘူး…"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ချိုသာစွာ ပြုံးလိုက်သည်။ သူမက သက်လတ်ပိုင်းအရွယ် ရောက်နေသော်လည်း အလှတရားများကို ထိန်းသိမ်းထားနိုင်သေး၏။

“ကျွန်မနဲ့ ယွင်ရှားတောင်က မိန်းကလေးရဲ့ ကွာဟမှုက သူနဲ့ ဆရာကြီးရဲ့ ကွာဟမှုလိုပါပဲ။ ကုစန့်က သူ့ရဲ့သုခဘုံကို လက်လွှတ်ပြီး လယ်ကွင်းထဲမှာ ကောက်စိုက်ဖို့ အဲဒီမိန်းကလေးရဲ့နောက်ကို လိုက်ရမှာလား…”

အဘိုးအိုက သဘောကျစွာ ရယ်လိုက်မိသည်။ ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး လေးလေးနက်နက် မေးလိုက်၏။

“ဟိုကောင်လေးရဲ့နောက်ကြောင်းက ဘယ်လိုလဲ။ ငါ့ကို အသေးစိတ် ပြောပြစမ်း..”

အမျိုးသမီးက အံ့သြသွားခဲ့သည်။ သူမက ခေါင်းကို ကိုင်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

“အဲဒီကောင်လေးကိုတော့ ချန်းပင်အန်းလို့ ခေါ်တယ်။ သူ့မိဘတွေက ဒီမြို့ထဲမှာပဲ ကြီးပြင်းလာခဲ့တာ။ သူ့အမေနဲ့ ကျွန်မကတော့ တော်တော်လေး ရင်းနှီးပါတယ်။ သူ့ရဲ့ ရုပ်ရည်က သာမန်ပါပဲ။ ဒါပေမဲ့ အကျင့်စရိုက် တော်တော်ကောင်းတယ်။ ကျွန်မက သူ ဒေါသထွက်တာကို တစ်ခါမှ မမြင်ဖူးဘူး။ သူ့ယောကျ်ားရဲ့ရုပ်ကတော့ သူ့ခြေဖျားတောင် မမှီပါဘူး။ ဒါပေမဲ့ သူက ကြွေထည်လုပ်တဲ့နေရာမှာ တော်တော်လေး တော်တယ်။ သူသာ စောစော မသေသွားဘူးဆိုရင် သူက နှစ်ပေါင်း(၂၀)အတွင်း နဂါးမီးဖိုကြီးရဲ့ခေါင်းဆောင် ဖြစ်လာနိုင်တယ်…”

“သူသေသွားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မြို့ထဲမှာတော့ အမျိုးမျိုး ပြောနေကြတယ်။ နှင်းကျနေတဲ့ တစ်ညမှာ သူက နဂါးမီးဖိုကြီး ပျက်စီးသွားမှာ စိုးတဲ့အတွက် အလျင်အမြန် ပြေးသွားရင်း စမ်းချောင်းထဲကို ပြုတ်ကျသွားတယ်လို့ ပြောကြတယ်။ တချို့ကလည်း သူက မီးသွေးဖုတ်ဖို့အတွက် သစ်ခုတ်ဖို့ တောထဲကို သွားပြီး မီးရှို့တယ်လို့ ပြောကြတယ်။ သူက အကျိုးအမြတ် နည်းနည်းလေးအတွက် လောဘတက်လာပြီး နန်းတွင်းက တားမြစ်ထားတဲ့ တောင်ထဲကို ဝင်သွားခဲ့တဲ့အတွက် မှော်သားရဲတွေ စားပစ်တာကို ခံလိုက်ရတယ်လို့လည်း ပြောကြတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ကို ဘယ်နေရာမှ မတွေ့ရဘူးလေ။ အဲဒီလူရဲ့ သဘောထားကတော့ သိပ်ပြီးတော့ မကောင်းဘူး။ ဒါပေမဲ့ သူ့ရဲ့သားသမီး အပေါ်မှာတော့ ကောင်းပါတယ်။ သူ မြို့ကို ပြန်လာတဲ့အချိန်တိုင်း လက်ဆောင် သေးသေးလေးတွေ ယူလာတတ်တယ်။ ဥပမာ ဗုံငယ်လေးတွေလို ၊ ကျိုးပဲ့နေတဲ့ ကြွေထည်အဟောင်းလေးတွေလိုပေါ့…”

“ပုံမှန်အားဖြင့်တော့ ယောကျ်ားဖြစ်သူ မသေခင် သူတို့မိသားစု (၃)ယောက်က တော်တော်လေးကို တည်ငြိမ်နေခဲ့တယ်။ ချန်းပင်အန်းရဲ့ အဖေ သေသွားပြီးတဲ့နောက် သူ့အမေကလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတော့ဘူး။ သူက ကြာကြာ ထိန်းမထားနိုင်ခဲ့ဘူးလေ။ အစကတည်းက သူ့ရဲ့ခန္ဓာကိုယ်က အစွမ်းမထက်မှတော့ ပြိုလဲသွားတာ အရမ်းကို မြန်လွန်းတယ်။ (၁)နှစ်အတွင်း သူက နာမကျန်း ဖြစ်နေပြီး အရိုးပေါ်အရေတင်ပဲ ကျန်တော့တယ်…”

“သူ့ကို မြင်တဲ့အချိန်တိုင်း ကျွန်မတို့ အိမ်နီးနားချင်းတွေကတောင် ထိတ်လန့်ခဲ့ကြရတယ်။ သူက မိန်းမလှလေးတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကိုတောင် ကျွန်မတို့က မမှတ်မိကြတော့ဘူး။ အဲဒီအချိန်မှာ ချန်းပင်အန်းကပဲ သူ့ကို ဂရုစိုက်ခဲ့ရတာ…”

“အဲဒီအသက်အရွယ်လေးနဲ့ သူက ဆေးတွေ ဝယ်တယ်။ ဆေးရည်ကျိုပေးရပြီး ထမင်းချက်၊ ဟင်းချက် အလုပ်တွေ လုပ်ခဲ့ရတယ်။ အဲဒီအချိန်မှာ သူက အရပ်ပုသေးတဲ့အတွက် ဟင်းချက်ဖို့ ခုံတစ်ခုပေါ်ကိုတောင် တက်ခဲ့ရတယ်။ ပြီးတော့ သူ့အမေအတွက် ‌ဆေးဝယ်ဖို့ ပိုက်ဆံသက်သာအောင် သူကိုယ်တိုင် တောင်ကြားထဲမှာ ဆေးပင်တွေ သွားရှာတတ်တယ်။ တကယ်လို့ များများရလာရင်တော့ သူက ဆေးဆိုင်မှာ သွားပြီးတော့ ရောင်းတတ်တယ်…”

“တစ်ကြိမ်မှာတော့ သူက ဆေးမှားပြီး စားမိတယ်လို့ ကျွန်မတို့ ထင်တာပဲ။ သူက ရွှံ့ပုလင်းလမ်းကြားထဲကို ခြင်းကြားနဲ့ပြန်လာပြီး ရုတ်တရက် မြေပေါ်မှာ လဲကျသွားခဲ့တယ်။ သူ့ရဲ့ ပါးစပ်ကနေ အမြှုပ်တွေ ထွက်လာပြီး မြေပေါ်မှာ လူးလှိမ့်နေတာပဲ။ အဲဒီအချိန်မှာ မိသားစု (၃)ယောက်က ဒီလိုပဲ သေသွားတော့မယ်လို့ တွေးမိသွားတဲ့အတွက် ကျွန်မတို့က အရမ်းကို ကြောက်လန့်ခဲ့ကြတာ…”

“အဲဒီအချိန်မှာ ကျွန်မရဲ့ယောက္ခမက အသက်ရှင်နေသေးတယ်လေ။ မိသားစု(၁)ခုလုံး သေသွားရင်လည်း ကောင်းတယ်လို့ သူက ပြောခဲ့တယ်။ ဒါဆိုရင် ဘယ်သူမှ ဒုက္ခမခံရတော့ဘူးပေါ့။ တကယ်လို့ သူတို့အားလုံး သေသွားမယ်ဆိုရင် သူတို့မိသားစုက တမလွန်မှာ ပေါင်းစည်းနိုင်ကြလိမ့်မယ်။ နောက်ပိုင်းမှာတော့ ကလေးက သူ့ဘာသာ ပြန်ကောင်းလာပြီး နေမကောင်းရာကနေ အသက်ရှင် နိုင်ခဲ့တယ်။ ဒါပေမဲ့ ကလေးအမေကတော့ အဲဒီဆောင်းရာသီကိုတောင် မကျော်နိုင်ခဲ့ဘူး…”

“ဒါနဲ့ စကားမစပ် အင်မော်တယ်အကြီးအကဲ....

ချန်းပင်အန်းက (၅)လပိုင်း (၅)ရက်နေ့မှာ မွေးလာခဲ့တာ။ ကျွန်မတို့ လမ်းကြားထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကတော့ အဲဒါက နှစ်တစ်နှစ်ရဲ့ ကံအဆိုးဆုံးနေ့လို့ ပြောကြတယ်။ အဲဒီအရာက မကောင်းတဲ့အရာတွေကို ဆွဲဆောင်နိုင်ပြီး မိသားစုကိုတောင် ဖျက်ဆီးနိုင်တယ်လို့ ပြောကြတယ်။ ဒါကြောင့် ကလေးရဲ့မိဘတွေ သေဆုံးသွားပြီးတဲ့နောက် အိမ်ထဲမှာ ကြေးပြားတစ်ပြားတောင် မကျန်ခဲ့တာ။ သူ့အဖေ သူ့ကို ပေးခဲ့တဲ့ ပစ္စည်းတွေကိုတောင် မြို့ထဲမှာရှိတဲ့ အခြားနေရာတွေမှာ ရောင်းချပစ်ခဲ့ရတယ်။ သူက စားစရာအတွက် ရွယ်တူတွေနဲ့ အလဲအလှယ် လုပ်ခဲ့ရတာ…”

အမျိုးသမီးက ထိုသို့ ပြောလိုက်သည့်အချိန်တွင် အဘိုးအိုက ပြောလိုက်သည်။ “(၅)လပိုင်း (၅)ရက်နေ့လား။ စိတ်ဝင်စားစရာကောင်းတာပဲ။ ငါ တွက်ကြည့်ဦးမယ်..”

သူက လက်(၅)ချောင်းကို လှုပ်ရှားလိုက်ပြီး တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ ကမ္ဘာမြေကြီးက သူ့လက်ထဲတွင် ရှိနေသလို ထင်မှတ်ရ၏။ အမျိုးသမီးက မှင်တက်နေသည်ကို မြင်သည့်အခါ အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

“မင်း ဆက်ပြောလို့ရပြီ…”

“ကောင်းပါပြီ…”

အမျိုးသမီးက ပြောလိုက်၏။

“ကျွန်မတို့က နှစ်‌‌ပေါင်းများစွာ အိမ်နီးချင်း ဖြစ်နေတာ ဆိုတော့ ချန်းပင်အန်းကို အိမ်မခေါ်ရဲပေမဲ့ သူ့အတွက် မကြာခဏ စားစရာတွေ ပို့ပေးတယ်။ ဒါက ကျွန်မတို့ တတ်နိုင်တဲ့ အသေးအဖွဲကိစ္စတွေပဲလေ။ လူတွေရဲ့နှလုံးသားက အသွေးအသားနဲ့ ဖန်တီးထားတာပဲ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲဒီကလေးရဲ့ မွေးနေ့ကြောင့်သာ မဟုတ်ရင် လူတိုင်းက အဲဒီကလေးကို သနားနေကြတာ။ ဒါပေမဲ့ အိမ်နီးချင်းတွေထဲမှာ မသနားတဲ့ လူတချို့လည်း ရှိပါသေးတယ်။ တချို့ကတော့ ဒီကလေးကို ကောင်းကောင်းနေတာ မကြည့်ချင်တဲ့အတွက် သူ့ကိုတောင် တမင်တကာ စော်ကားနေကြသေးတယ်…”

“အဆုံးမှာတော့ သူက နဂါးမီးဖိုကြီးမှာ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့အမေ မသေခင် နောက်ပိုင်း သူတောင်းစား တစ်ယောက် ဖြစ်သွားရင်တောင် နဂါးမီးဖိုကြီးမှာ အလုပ်မလုပ်ရဘူးလို့ သူ့အမေကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူ့လို ကလေးတစ်ယောက်က ကတိကို ဖျက်လိုက်တာ တော်တော်လေးကို ထူးဆန်းနေတယ်…”

အဘိုးအိုက မေးလိုက်သည်။

“ဒီကလေး မိဘတွေရဲ့ နာမည်နဲ့ သူတို့ရဲ့ မွေးရက်ကို သိလား…”

အမျိုးသမီးက သူတို့၏နာမည်ကို သိသော်လည်း မွေးနေ့၊ မွေးရက်ကို မသိကြောင်း ပြောလိုက်သည်။ အဘိုးအိုကတော့ ထိုအရာကို အလေးမထားခဲ့ပေ။ ခဏကြာပြီးနောက် သူက ခနဲ့သလို ပြောလိုက်၏။

“တော်တော်လှတဲ့ လှည့်ကွက်‌လေးတွေပါလား…”

အမျိုးသမီးက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အဘိုးအိုက ရှင်းပြလိုက်၏။

“ယောကျ်ားဖြစ်သူက ပုံမှန်မဟုတ်ဘဲ သေဆုံးသွားတယ်ဆိုတာ ဒီမြို့ရဲ့ လျှို့ဝှက်ချက်တွေကို မထင်မှတ်ဘဲ သိသွားလို့ ဖြစ်နိုင်တယ်။ ကံဆိုးသွားတာကတော့ သူ့ရဲ့ကံတရားတွေက မင်းတို့လောက် မကောင်းခဲ့ဘူး။ အဆုံးမှာတော့ အဲဒီလူက သူ့သားရဲ့ လုံခြုံမှုအတွက် အသက်ကြွေပုလင်းကို တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့တယ်။ ရလဒ်အနေနဲ့ မြို့အပြင်ဘက်မှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက အလိုလို ငွေကြေး အမြောက်အမြား ဆုံးရှုံးသွားခဲ့ရတယ်…”

“သာမန်မီးဖိုအလုပ်သမားလေး တစ်ယောက်က အဲဒီတန်ဖိုးကို ဘယ်လိုတတ်နိုင်မှာလဲ။ သူက သူ့အသက်နဲ့ ပေးဆပ်ရုံပဲ ရှိတော့တာပေါ့။ အသက်တစ်ခုက မလုံလောက်တဲ့အတွက် သူ့မိန်းမရဲ့ အသက်ကိုပါ ထပ်ပေါင်းပေးလိုက်ရတာ။ တော်တော်ရယ်စရာကောင်းတာပဲ။ မီးဖိုအလုပ်သမားတစ်ယောက်ရဲ့ သေဆုံးမှုက လူတချို့အတွက်တော့ အရမ်းကို လွယ်ကူလွန်းနေတယ်။ သူတို့က စွမ်းအားတွေ ဖြုန်းတီးဖို့တောင် ‌တော်တော်လေး ပျင်းနေကြတာပဲ။ ဒါကြောင့်ပဲ လျှို့ဝှက်ကျင့်စဉ်တွေက လူတွေကို လှည့်စားဖို့အတွက် သုံးတဲ့နေရာမှာတော့ တော်တော်လေး ရိုးရှင်းတာကိုး..”

အမျိုးသမီးက မျက်နှာပျက်သွားခဲ့၏။

အဘိုးအိုကတော့ အမျိုးသမီး၏ အတွေးများကို မြင်တွေ့သွားသည့်အလား အပြုံးနှင့် မေးလိုက်သည်။

“ဘာလဲ။ မင်းက အပြစ်ရှိနေသလို၊ နောင်တရနေသလို ခံစားနေရတာလား..”

အမျိုးသမီးက ဝမ်းနည်းစွာ ပြုံးလိုက်သည်။

“ကျွန်မက အပြစ်ရှိသလို ခံစားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ဒီကလေး ကြီးလာတာကို ကြည့်ခဲ့ရတယ်လေ။ ဒါပေမဲ့ လုံးဝ နောင်တမရပါဘူး..”

အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

“ငါလည်း အဲဒါကိုတော့ မြင်ပါတယ်…”

အမျိုးသမီးက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။

“တကယ်လို့ ကျွန်မသာ ချန်းပင်အန်းရဲ့အမေနေရာမှာဆိုလည်း အဲဒီလိုပဲ လုပ်မိလိမ့်မယ်…”

အဘိုးအိုက ခေါင်းခါပြလိုက်သည်။

“အဲဒီလို လုပ်ချင်မှလည်း လုပ်မှာပါ…”

အမျိုးသမီးက လက်မခံနိုင်ဘဲ ပြန်အော်ပြောလိုက်သည်။

“ကျွန်မက သေချာပေါက် လုပ်မှာ…”

အဘိုးအိုက သူမရဲ့ရိုင်းစိုင်းမှုအတွက် ‌ဒေါသထွက်နေခြင်း မရှိချေ။ သူက သက်ပြင်းချလိုက်မိ၏။

“သနားစရာကောင်းတဲ့ မိဘတွေပဲ…”

………………….

မြက်ဖိနပ်နှင့် လူငယ်လေးက လှေကားထစ်တွင် ထိုင်နေခဲ့သည်။

“မိန်းကလေးနင် …

ကျွန်တော် တစ်ခုလောက် မေးလို့ရမလား…”

အနက်ဝတ်မိန်းမပျိုက နံရံကို မှီထားပြီး တင်ပျဉ်ခွေထိုင်နေခဲ့၏။ သူမက အစိမ်းရောင် ဓားမောက်ကို ဒူးနှစ်ဖက်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသည်။

“မေးလို့ရပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ချက်တွေ၊ ကိုယ်ရေးကိုယ်တာတွေနဲ့ ပတ်သက်ရင်တော့ ငါ မဖြေနိုင်ဘူး…”

ချန်းပင်အန်းက မေးလိုက်သည်။

“မိန်းကလေးက ဒီမှာ ဘယ်လောက်ကြာကြာ နေဖြစ်မှာလဲ…”

မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိသည်။

“အတိအကျတော့ မပြောနိုင်ဘူး။ တချို့လူတွေက ကံကောင်းပြီး တစ်နေ့နေ့မှာ ပြန်သွားနိုင်ကြတယ်။ တချို့ကတော့ ကံမကောင်းတဲ့အတွက် ဘဝတစ်လျှောက်လုံး ဒီမှာ နေကြရတယ်။ တကယ်လို့ နင်က ငါ့ကို တွက်ချက်ခိုင်းချင်ရင်တော့ ငါက တွက်ချက်ပေးနိုင်တယ်။ ဒါပေမဲ့ မတိကျနိုင်ဘူး။ နင်က အဆင်ပြေသလို လုပ်နိုင်တယ်…”

“ဥပမာအနေနဲ့ ပြောရရင် ငါတို့နဲ့အတူတူ ရောက်လာတဲ့ လူ(၈)ယောက်အဖွဲ့မှာ (၂)ယောက်ကတော့ ချမ်းသာတဲ့ မိသားစုက လူတွေ။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကိုကြည့်ပြီး သူတို့က အလျင်လိုနေလား၊ မလိုဘူးလားဆိုတာ ပြောလို့ မရနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မြို့ငယ်လေးထဲမှာ ရက်နည်းနည်းတော့ နေကြရမှာပဲ။ ဆံထိုးနဲ့ ကျောက်စိမ်းဆွဲပြားရှိနေတဲ့ သခင်လေးက ပိုပြီးတော့ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်။ ‌ရေကန်ကို အလေးထားနေတဲ့ အရူးကြီး တစ်ယောက်လည်း ရှိနေတယ်။ သူက အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ နတ်ဘုရားတွေရဲ့ သဘောထားအပေါ်ပဲ မူတည်လိမ့်မယ်..”

ချန်းပင်အန်းက မေးလိုက်သည်။

“ဒါဆိုရင် တခြားတစ်ယောက်ကရော ဘယ်သူလဲ…”

“အရပ်ရှည်ရှည်နဲ့ မိန်းကလေး…

နင်က သူ့ကို သဘောကျလို့လား…”

တံခါးတွင် ထိုင်နေသော ချန်းပင်အန်းက ပြုံးလိုက်သည်။ သူက ထိုအရာကို အလေးအနက် မထားခဲ့ပေ။

အနက်ဝတ် မိန်းကလေးက စနောက်သည့်အနေဖြင့် ပြောလိုက်သော်လည်း ထိုအရာက ရယ်စရာမကောင်းကြောင်း ခံစားမိခဲ့သည်။ သူမ၏အမူအရာက လေးနက်လာခဲ့၏။

“အမှန်အတိုင်း ပြောရရင်တော့ ငါက နင်နဲ့ တာအိုသခင်လုတို့ ပြောတဲ့စကားတွေကို ကြားတယ်။ နင်က သူနဲ့ ရန်ငြိုးရှိနေတာပဲ။ ဒါကြောင့် နင်က သူ့ကို လက်တုံ့ပြန်ချင်နေတာလား…”

သူမက သက်ပြင်းချလိုက်မိသည်။

“ငါက နင့်ကို အကြံတစ်ခုတော့ ပေးချင်တယ်။ တောင်ထိပ်ပေါ်မှာ နေထိုင်တဲ့ လူတွေရဲ့ မျက်လုံးထဲမှာတော့ နင့်လို တောင်တစ်ဝက်မှာ နေထိုင်တဲ့သူတွေက တောင်ခြေက လူတွေနဲ့ ဘာမှ မကွာဘူး။ သူတို့က မောက်မာနိုင်တဲ့အပြင် နင့်ကို အထင်သေးနိုင်တဲ့ အရည်အချင်းမျိုးလည်း ရှိကြတယ်…”

“ဒီနယ်မြေရဲ့ နောက်ဆုံးနေ့ရက် ရောက်သွားရင် ယွင်ရှားတောင်က မိန်းကလေးကို မပြောနဲ့၊ အနီဝတ် ကလေးငယ်ကတောင် နင့်ရင်ဘတ်ကို လက်သီးနဲ့ထိုးပြီး သွေးအန်သွားအောင် လုပ်နိုင်တယ်။ တကယ်လို့ နင်က သူ့ကို အစွမ်းကုန်ကြိုးစားပြီး လက်သီးနဲ့ ထိုးလိုက်မယ်ဆိုရင်တောင် သူက အယားပြေမှာ မဟုတ်ဘူး။ သူက အများဆုံး အသက်ရှူကြပ်သွားရုံလောက်ပဲ ရှိမယ်။ နင်က သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အကြောင်းပြချက်ကို ရှင်းပြဖို့တော့ ခက်တယ်။ အဓိကအကြောင်းရင်းကတော့ ငါက အဲဒီအရာမျိုးနဲ့ ပတ်သက်ပြီး စကားကောင်းကောင်း မပြောတတ်လို့လည်း ဖြစ်နိုင်တယ်..”

ချန်းပင်အန်းက တံခါးကို ငေးကြည့်နေရင်း ပြောလိုက်သည်။

“သူက ဘာလို့ ကျွန်တော့်ကို သတ်ချင်နေလဲဆိုတာပဲ သိချင်နေတာပါ။ ကျွန်တော်တို့က ပထမဆုံးအကြိမ် တွေ့ရတာလေ…”

မိန်းမပျိုက အချိန်အတော်ကြာ စဉ်းစားနေပြီး ပြောလိုက်သည်။

“သူက အပြစ်မရှိတဲ့လူတွေကို သတ်ပစ်ချင်နေတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ ငါဘယ်လိုပြောရမလဲ။ ကျင့်ကြံခြင်းလမ်းကြောင်းမှာ လူတစ်ယောက်က တောင်တန်းတွေ၊ မြစ်ချောင်းတွေကိုတောင် ဖြတ်ကျော် ရနိုင်တယ်။ လမ်းကြောင်းက အကျယ်ကြီး ရှိသလို ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်။ လမ်းကြောင်းပေါ်မှာ မြန်မြန်လျှောက်သွားမယ်ဆိုရင် ပုရွက်ဆိတ်တစ်ကောင်ကို မတော်တဆ နင်းမိသွားနိုင်တာပဲ။ ဆာလောင်နေတယ်ဆိုရင်လည်း မြစ်ထဲကနေ ငါးအနည်းငယ်ကို ဖမ်းကောင်း ဖမ်းနိုင်လိမ့်မယ်။ တကယ်လို့ တာအိုကျင့်စဉ်တွေမှာ နည်းနည်း အောင်မြင်သွားပြီဆိုရင်တော့ သိမ်းငှက်တွေ၊ မြွေတွေနဲ့ ကြွက်တွေကိုတောင် မထင်မှတ်ဘဲ သတ်မိနိုင်တယ်လေ။ ငါက စကားပြောတာတော့ သိပ်ပြီး မကောင်းဘူး။ ငါပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်တယ် မဟုတ်လား..”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျွန်တော်က အကြမ်းဖျင်းတော့ နားလည်ပါတယ်…”

ထို့နောက် လူငယ်လေးက စိတ်ပျက်သွားပုံရပြီး တံခါးကို နောက်တစ်ကြိမ် ကြည့်နေခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူက လုံးဝ နားမလည်ခဲ့ပေ။ ဘာကြောင့် ထိုလူများက လူတစ်ယောက်၏ အသက်ကို အေးအေးဆေးဆေး သတ်နိုင်ကြောင်းသူ နားမလည်နိုင်ခဲ့ပေ။

အချိန်‌အတော် ကြာပြီးနောက် ချန်းပင်အန်းက ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်၏။

“တကယ်လို့ အဆင်ပြေတယ်ဆိုရင် မိန်းကလေးက ဒီမှာနေလို့ ရပါတယ်။ ပြီးတော့ လိုအပ်တဲ့အရာကို ပြောပါ…”

“နင်ကရော ဘာလုပ်မှာလဲ…”

“ကျွန်တော်က လူတစ်ယောက်ကို သိတယ်။ ကျွန်တော်က ရက်နည်းနည်းလောက် သူနဲ့ သွားနေလိုက်မယ်။ မိန်းကလေးက ဘာမှစိုးရိမ်ဖို့ မလိုပါဘူး။ သူ့နာမည်က လျှိုရှန်းယန်လို့ ခေါ်တယ်။ သူက ကျွန်‌တော့်ရဲ့ မိတ်ဆွေကောင်းပါ…”

မိန်းမပျိုလေးက ပိန်ပိန်ပါးပါးနှင့် အားနည်းပုံရသော လူငယ်လေးကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်…”

လူငယ်လေးက အပြုံးနှင့် ခေါင်းခါပြလိုက်၏။ သူက ထိုကဲ့သို့ စကားလုံးကို မပြောခဲ့ပေ။ ခဏကြာ စဉ်းစားပြီး နောက်ဆုံးတွင်တော့ သူက အားတင်းလိုက်၏။ သူက ပြန်လှည့်လာပြီး ပြောလိုက်သည်။

“မိန်းကလေးနင်…

တကယ်လို့ တစ်နေ့နေ့ ကျွန်တော် ပြန်မလာဘူးဆိုရင် ကြေးပြားတွေ ထည့်ထားတဲ့အိတ်ကို လျှိုရှန်းယန်ဆီ ပေးလိုက်ပါ။ ပြီးတော့ ဒီ‌အိမ်လေးကို စောင့်ရှောက်ပေးဖို့ ပြောပေးပါ။ ဒီအိမ်ကို သန့်ရှင်းဖို့ မလိုပါဘူး။ တစ်ခါတစ်လေလောက် အမိုးအသစ်တွေ ပြင်ဆင်ပေးရင် ရပါတယ်။ မိုးလုံနေသရွေ့ ကိစ္စမရှိဘူး။ ပြီးတော့ နံရံတွေ ပြိုမကျအောင် တံခါးတွေ မပျက်စီးအောင်ထားရင် ရပါပြီ။ တကယ်လို့ နှစ်သစ်ကူးတဲ့အချိန် တံခါးပေါ်မှာ တံခါးနတ်ဘုရားနဲ့ နှစ်သစ်ကူး စာသားလေးတွေ ရေးပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။ တကယ်လို့ အရမ်းပြဿနာများတယ် ထင်ရင်တော့ မလုပ်လည်း အဆင်ပြေပါတယ်…”

ချန်းပင်အန်းက တံခါးနတ်ဘုရားနှင့် နှစ်သစ်ကူးစာသားများအကြောင်း ပြောနေသည်ကို မြင်သည့်အခါ လူငယ်လေး၏မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်များ ပေါ်နေခဲ့သည်။

ရွှံ့ပုလင်းလမ်းကြားထဲမှ မိဘမဲ့လူငယ်လေးက နှစ်သစ်ကူးချိန် အတောအတွင်း အိမ်တံခါးတွင် တံခါးနတ်ဘုရားနှင့် နှစ်သစ်ကူးစာသားလေးများရှိရန် ဆန္ဒရှိနေသည်မှာ အတော်လေး ကြာနေပုံရသည်။ သူက မိဘများ သေဆုံးသွားသည့် အချိန်ကတည်းကစပြီး ထိုအရာကို တွေးတောနေခြင်း ဖြစ်နိုင်သည်။

ထို့နောက် ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ၊ အနှောင်အဖွဲ့များ မရှိတော့သော လူငယ်လေးက လေပူများကို မှုတ်ထုတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။

ထိုအချိန်တွင် အခန်းစားပွဲပေါ်ရှိဓားအိမ်ထဲ၌ ရှိနေသော ဓားပျံဆီမှ ရုတ်တရက် အသံတစ်ခု ထွက်လာခဲ့လေသည်။

All Chapters