အခန်း (၁၈)
Vol. 2 Ch. 18
ဖူနန်းဟွာ အိမ်ထဲမှ ထွက်လာခဲ့သည့်အချိန်တွင် အလွန်လှပပြီး နူးညံ့သိမ်မွေ့သော အစေခံမလေးက ခြံဝင်းထဲတွင် ထိုင်ခုံတစ်ခုံနှင့် ထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူမ၏လက်ထဲတွင်တော့ ပြောင်းစေ့များ ရှိနေပြီး ကြက်ကလေးများကို အစာကျွေးနေခဲ့၏။ ကြက်မကြီးနှင့် ကြက်ငယ်လေးများက ပြောင်းစေ့များကို နှုတ်သီးနှင့် ကောက်နေကြသည်။
သူမကို မြင်လိုက်ရပြီးနောက် ဖူနန်းဟွာက ပြုံးလိုက်၏။ ထိုမိန်းကလေးက ရှက်ရွံ့နေခြင်းကြောင့်လော သူမ၏ ပင်ကိုယ်သဘာဝကိုက အေးစက်နေခြင်းလော မသိသော်လည်း သူ့ကို အပြန်အလှန် နှုတ်ဆက်လိုက်သည်။
ဖူနန်းဟွာက ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီးနောက် လမ်းကြားထဲတွင် စောင့်နေသော ချိုက်ကျင်းကျန့်ကို တွေ့လိုက်ရ၏။ သူ၏ခံစားချက်များက ကောင်းမွန်နေခြင်း မရှိသည့်အတွက် သူလည်း ပြန်လှည့်ပြီး တံခါးကို ပိတ်လိုက်သည်။
ထိုအချိန်တွင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသော တံခါးမှတစ်ဆင့် သူ့ကိုကြည့်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ ထိုအစေခံမိန်းကလေးက အလွန်ဆင်းရဲပုံရသော်လည်း လှပသော မျက်လုံးတစ်စုံ ရှိနေကြောင်း ရုတ်တရက် နားလည်သွားခဲ့ရ၏။ သူမ၏ပုံစံက နွေဦးရာသီ အစောပိုင်းတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။
သို့သော် ဖူနန်းဟွာကတော့ ထိုအရာကို ထပ်မတွေးခဲ့ပေ။ နဂါးအိုမြို့၏ သခင်လေး တစ်ယောက်ဖြစ်သောသူက ပိန်ပိန်၊၀၀၊လှလှပပနှင့် ထူးချွန်ထက်မြက်သော မိန်းကလေးပေါင်းများစွာကို မြင်ခဲ့ဖူးသည်။
ချိုက်ကျင်းကျန့်နှင့် ဘေးချင်းယှဉ်၍ လျှောက်လာရင်း ဖူနန်းဟွာက မေးလိုက်၏။
"ဘာဖြစ်တာလဲ ... အဆင်မပြေဘူးလား.."
"ပြသာနာတွေအများကြီး ရှိတယ်…”
“အချိန်တိုင်းမှာ အဆင်ပြေတာမှ မဟုတ်တာ။ ဒီတော့ ဘာမှစိတ်ဓာတ်ကျနေဖို့ မလိုဘူး... "
ချိုက်ကျင်းကျန့်က နူးညံ့သိမ်မွေ့ပြီး အလှတရားများနှင့် မွေးဖွားလာခြင်းဖြစ်သည်။ သေချာလေ့ကျင့်လိုက်ပြီးနောက် သူမ၏အရိုးနှင့် ရိုးတွင်းခြင်ဆီများက သန့်စင်လာခဲ့၏။ ခန္ဓာကိုယ် အနေအထားအရ ပြောရမည်ဆိုလျှင် သာမန်ကမ္ဘာကြီးထဲမှ မိန်းမပျိုများနှင့် ယှဉ်လိုက်လျှင် သူမက ဖန်ခွက်တစ်ခွက်ကဲ့သို့ ကြည်လင်နေခဲ့သည်။
တောင်ခြေတွင် ရှိနေသော မိန်းမပျိုများက ကြည့်လိုက်လျှင် အံ့ဩဖွယ်ကောင်းသော်လည်း အဆုံးတွင်တော့ သူတို့က ရွှံ့နှင့်ဖန်တီးထားသော အရာများသာဖြစ်သည်။
ထိုအချိန်တွင် ယွင်ရှားတောင်မှ နတ်သမီးကတော့ မျက်နှာမကောင်းခဲ့ပေ။ မဟုတ်လျှင် သူမ၏ခံစားချက်များက မည်မျှဆိုးရွားစေကာမူ မျက်နှာပေါ်၌ ပေါ်နေလိမ့်မည် မဟုတ်ချေ။ သူမက လမ်းကြားထဲတွင် စောင့်နေရင်း ဒေါသများကို ထိန်းချုပ်ထားခဲ့ပုံရသည်။ သူမက ပွင့်ထွက်ရန် လိုအပ်နေခဲ့၏။
"ပညာရှင်တစ်ယောက်က ငါ့ကို အနိုင်ကျင့်ခဲ့တယ်။ သူက စာအုပ်ရေကန်က လျှိုကျစ်မောက်ပဲ။ သူက ငါ့ကို နည်းနည်းလေးတောင် ဆွေးနွေးခွင့်မပေးခဲ့ဘူး။ ငါတို့တွေ့လိုက်တာနဲ့ ယွင်ရှားတောင်က ဘိုးဘေးနာမည်ကိုသုံးပြီး ငါ့ကို ဖိအားပေးခဲ့တယ်။ စလာတဲ့အချိန်ကနေ ဆုံးတဲ့အထိတောင် ငါက စကားနည်းနည်းပဲပြောခဲ့ရပြီး ကုစန့်ရဲ့ခြံဝန်းထဲကနေ မောင်းထုတ်ခံခဲ့ရတယ်.."
ဖူနန်းဟွာက ခဏကြာစဉ်းစားပြီး သူမကို သတိပေးလိုက်သည်။
"ငါတို့ ရွှံ့ပုလင်းလမ်းကြားထဲကနေ ထွက်သွားပြီးမှပဲ စကားပြောကြရအောင်.."
ချိုက်ကျင်းကျန့်က ဇဝေဇဝါ ဖြစ်နေခဲ့၏။
"ဒီနေရာမှာ မှော်အစွမ်းတွေ အားလုံး တားမြစ်ထားတယ် မဟုတ်လား…."
ဖူနန်းဟွာကအပြုံးနှင့် ပြောလိုက်သည်။
"ဒီနေရာကို အခွင့်အရေးရှာဖို့ ရောက်လာတယ်လူတိုင်းမှာ ဝှက်ဖဲတွေ ရှိနေတာပဲ မဟုတ်လား။ နင်နဲ့ငါ့လို လူငယ်တွေကတော့ ထားပါတော့။ မြို့ရဲ့စည်းမျဉ်းတွေအရ ကျင့်စဉ်အဆင့်က ပိုပြီးတော့မြင့်လေလေ စွမ်းအားဖိနှိပ်ခံရမှုက ပိုပြီးတော့ကြီးလေလေပဲ။ ကျင့်ကြံမှုက သူတော်စင်အဆင့်ကို နီးလာလေလေ ပိုပြီးတော့ အားနည်းလေလေ မဟုတ်လား။ ဒါပေမဲ့ တာအိုလမ်းစဉ်ပေါ်ကို ရောက်နေတဲ့ ပညာရှင် တစ်ယောက်ကသာ နတ်ဘုရားစွမ်းရည်ကို သုံးဖို့အတွက် သူ့ရဲ့တာအိုကို စွန့်လွှတ်ချင်တယ်ဆိုရင် ငါတို့လို လူငယ်တွေထက် တကယ်ပဲ နိမ့်ကျနိုင်မှာလား…"
ချိုက်ကျင်းကျန့်က ပြန်ဖြေလိုက်သည်။
"ဒီနေရာမှာ သူတော်စင်တစ်ယောက် ရှိနေမှတော့ သူက မဆင်မခြင် တိုက်ခိုက်ရဲမှာလား…"
ဖူနန်းဟွာက အကြံပေးလိုက်သည်။
"ငါတို့က ဒီနေရာမှာ ကံကောင်းမှုတွေ လာရှာတာ။ ရန်သူ လာရှာတာ မဟုတ်ဘူး။ တကယ်လို့ ငါတို့က အသက်အန္တရာယ်မရှိဘူးဆိုရင်တောင် အကြီးအကဲတွေနဲ့ ဆိုးရွားတဲ့ပတ်သက်မှုမျိုး မရှိတာ ကောင်းတယ်လေ…"
ချိုက်ကျင်းကျန့်က မဆင်မခြင်လုပ်တတ်သော မိန်းမပျိုတစ်ယောက် မဟုတ်ချေ။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"မောင်လေးဖူ …
ပြောတာမှန်တယ် ။ မင်းက တကယ့်ကို တည်ငြိမ်ရင့်ကျက်တဲ့ လူတစ်ယောက်ပဲ.."
သူမက မချိပြုံးပြုံးလိုက်ပြီး သနားစဖွယ် ဖြစ်နေသည်။
"ဒါပေမယ့် ငါ တကယ်ကို မကျေနပ်ဘူး။ ငါက နင့်ကို တိမ်သစ်မြစ်ကျောက်တုံး (၁၀)တုံး ပေးပြီးသွားပြီ။ တကယ်လို့ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံး အချည်းနှီးဖြစ်သွားမယ်ဆိုရင် ဘိုးဘေးတွေကို ဘယ်လိုရှင်းပြရမှာလဲ…"
ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာပြီးနောက် ဖူနန်းဟွာနှင့် ချိုက်ကျင်းကျန့်တို့က တက်ကြွလာသလို ခံစားလိုက်ရသည်။ ထိုအရာက အလင်းတန်းတစ်ခု တောက်ပသလို ရိုးရှင်းမှုမရှိချေ။ သူတို့(၂)ယောက်က အချင်းချင်းကြည့်လိုက်ကြပြီး မျက်လုံးထဲရှိ အရာများကို မြင်နေရသည်။
မူလတုန်းက အတော်လေး စိတ်လှုပ်ရှားနေသော ဖူနန်းဟွာက အတော်လေး တည်ငြိမ်သွားခဲ့သည်။ သူက လမ်းကြားလေးထဲသို့ လာခဲ့သောခရီးစဉ်အကြောင်း ဂရုတစိုက် တွေးကြည့်နေခဲ့၏။
သူက ချိုက်ကျင်းကျန့်နှင့် ပူးပေါင်းထားခြင်းကို ဖော်ထုတ်၍ မရနိုင်သလို စုန့်ကျိရှင်းနှင့် အပေးအယူကိစ္စကိုလည်း ဖော်ထုတ်၍ မရနိုင်ပေ။ ထိုအရာက စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိသော အပေးအယူတစ်ခုသာဖြစ်သည်။ အခြေအနေ တစ်ရပ်လုံးကို စောင့်ကြည့်နေသော သူတော်စင်က သူ့ကို ဝင်ရောက်တားဆီးမည်လော။ ထိုသို့ဆိုလျှင် ထိုဖိအားက မည်သည့်နေရာမျှ ရောက်ရှိလာခဲ့သနည်း။ အင်မော်တယ်အရှင်သခင် ကျန်းကျယ်ဟူသည့်နာမည်ကိုတော့ သူလည်း လုံးဝမကြားဖူးချေ။
ဖူနန်းဟွာ၏ အတွေးများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ချိုက်ကျင်းကျန့်၏ အတွေးကတော့ ရိုးရှင်းလှသည်။ ဖူနန်းဟွာ၏စကားက မှန်ကန်ပြီး အင်မော်တယ်အရှင်သခင် ကျန်းကျယ်က သူမကိုစောင့်ကြည့်ရန် မှော်စွမ်းအင်တချို့ သုံးထားနိုင်သည်ဟု တွေးမိခဲ့သည်။
သူမက အလွန် ကြောက်လန့်သွားခဲ့၏။ သူမက အပြစ်တင်သည့် စကားလုံး အနည်းငယ်ကိုသာ ပြောခဲ့ပြီး ဒေါသတကြီး ရိုင်းစိုင်းသည့်စကားများကို မဆင်မခြင် မပြောခဲ့သည်မှာ ကံကောင်းသွား၏။
သူတို့(၂)ယောက်က အတွေးကိုယ်စီနှင့်အတူ လမ်းမပေါ်တွင် လျှောက်နေကြသည်။ သူတို့က ရွှံ့ပုလင်းလမ်းကြားနှင့် ဝေးဝေးကို ရောက်လာလေလေ ရင်ထဲတွင် ဖိအားများက ပို၍ပေါ့ပါးလာလေလေ ဖြစ်သည်။
ထိုအရာက အလွန်လေးလံသော ကံတရားကြောင့်ဟု ဖူနန်းဟွာက ခံစားမိခဲ့သော်လည်း ချိုက်ကျင်းကျန့်ကတော့ မိသားစု၏လေးလံသော ဝန်ထုပ်ဝန်ပိုးများကြောင့်ဟု ခံစားမိခဲ့သည်။
အဝေးတွင် ရှိနေသော အမိုးခုံးအဆောက်အဦးကိုကြည့်ပြီး ဖူနန်းဟွာက စိတ်ဝင်တစား မေးလိုက်၏။
"စာအုပ်ရေကန်က အင်မော်တယ်အရှင်သခင် ကျန်းကျယ်လား။ ငါက သူနဲ့ပတ်သက်ပြီး ဘာလို့မသိရတာလဲ။ ငါတို့နဂါးအိုမြို့က ဒီကုန်းမြေကြီးရဲ့ တောင်ဘက်ဆုံးအပိုင်းမှာ ရှိနေတယ်ဆိုရင်တောင် အင်မော်တယ်အရှင်သခင်ဆိုတဲ့ နေရာက အရမ်းကို ထင်ရှားတယ်။ ငါက ဘယ်လောက်ပဲမသိမသိ နည်းနည်းတော့ နားလည်ရမှာပေါ့…"
ချိုက်ကျင်းကျန့်က အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဘာကို အင်မော်တယ် အရှင်သခင်လဲ။ သူက လမ်းမှားဂိုဏ်းတွေထဲမှာ အဆင့်မြင့်တဲ့ နေရာတစ်ခုကို ရောက်နေတဲ့ အင်မော်တယ်တစ်ယောက် သက်သက်ပဲ။ သူက မကောင်းတဲ့အရာတွေ အများကြီးလုပ်ထားတဲ့အတွက် အင်မော်တယ် တစ်ယောက်လို့တောင် မခေါ်နိုင်ဘူး။ အရမ်းဉာဏ်များတဲ့ ယွမ်ဝူဧကရာဇ်က ဒီလိုလူတစ်ယောက်ကို အင်မော်တယ်အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်မျိုး မပေးသင့်ဘူး။ အင်မော်တယ် အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေးလိုက်တဲ့အတွက် သူက နောက်ထပ်နှစ်(၂၀၀)အတွင်း ပြန်ယူလို့ မရနိုင်တော့ဘူး…”
“ယွမ်ဝူဧကရာဇ်ရဲ့ ဘိုးဘေးတွေက အလွန်အကျွံ လုပ်ဆောင်ခဲ့တဲ့အပြင် သူ့လက်ထဲမှာတော့ အင်မော်တယ် အရှင်သခင်(၂)နေရာပဲ ကျန်နေတော့တယ်။ သူက နာမည်ဂုဏ်သတင်းအတွက်နဲ့ ဒီလိုလမ်းမှားပညာရှင်တစ်ယောက်ကို အလွယ်တကူ မပေးသင့်ဘူး…"
ဖူနန်းဟွာက ရုတ်တရက် နားလည်သွားခဲ့သည်။
"ငါ နားလည်ပြီ…"
တိုင်းပြည်တစ်ပြည်တွင် ရှိနေသော အင်မော်တယ်အရှင်သခင်တစ်ယောက်က ဘုရင်၏ ကံကြမ္မာကို တိုးမြှင့်လာစေရန် တိုင်းပြည်ကို စုစည်းပြီး ဖိနှိပ်နိုင်စွမ်းရှိသည်။ အင်မော်တယ် အရှင်သခင်များ၏နေရာက တာအိုဂိုဏ်းတွင် ရှိနေသော လူများနှင့် အတူတူဟုသာ ပြောနိုင်သည်။ သူတို့က တိုင်းပြည်တစ်ခုလုံး၏ ထိပ်ဆုံးတွင် ရှိနေကြ၏။ တိုင်းပြည်တစ်ခု၏ ထောက်တိုင်များထဲတွင် စစ်မက်ရေးရာဝါဒီများနှင့် စာသင်သားများကလည်း ထိုကဲ့သို့ စာရင်းတွင် ပါဝင်နေသည်။
ချိုက်ကျင်းကျန့်က အေးအေးဆေးဆေး မေးလိုက်၏။
"စုန့်ကျိရှင်းကရော ဘယ်လိုလဲ…"
ဖူနန်းဟွာက ပြန်ဖြေလိုက်သည်။
"အဲဒီကောင်လေးက တော်တော်ရည်မှန်းချက်ကြီးတယ်။ ဉာဏ်ကောင်းတဲ့အပြင် နောက်ခံအင်အားကြီးရှိတယ်…"
"အဲဒီအခြေအနေက…."
ချိုက်ကျင်းကျန့်က ပြောလိုက်၏။
"သိပ်တော့ ပြဿနာမကြီးဘူး မဟုတ်လား…"
ဖူနန်းဟွာက ရယ်လိုက်သည်။
"မကြီးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြဿနာတော်တော်ကြီးနေတာလည်း မဟုတ်ဘူး.."
သူတို့(၂)ယောက်က အမိုးခုံးအောက်တွင် လမ်းလျှောက်နေခဲ့သည်။ ဖူနန်းဟွာကတော့ အလွန်တက်ကြွနေပြီး တီးတိုးရေရွတ်လိုက်၏။
"အချိန်ကျလာရင် ကောင်းကင်နဲ့မြေကြီးက အတူတကွပေါင်းစပ်လာလိမ့်မယ်…"
ချိုက်ကျင်းကျန့်က စကားလုံး(၄)လုံးကို မော့ကြည့်လိုက်သည်။
"ပြင်ပအကူအညီကို မတောင်းဆိုနဲ့…"
ထိုအချိန်တွင် သူမ၏ရင်ထဲ၌ လစ်ဟာနေပြီး တစ်စုံတစ်ခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ရွှံပုလင်းလမ်းကြားထဲတွင် သူမ ရရှိထားသော အတွေးအမြင်များက ဤမြို့ငယ်လေးဆီသို့ လုံးဝပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ ထိုအရာကြောင့် သူမက အတော်လေးကို ဒေါသထွက်သွားခဲ့လေသည်။
…………..
စုန့်ကျိရှင်း၏အိမ်က ရွှံ့ပုလင်းလမ်းကြားထဲတွင် အိမ်ကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။ ခန်းမထဲတွင် တံဆိပ်ပြားတစ်ခု ချိတ်ထားခြင်းကလွဲလျှင် ဘေး(၂)ဖက်၌ အခန်းငယ်လေးများရှိနေခဲ့သည်။ ပင်မခန်းမထဲတွင် ရှိနေသော တံဆိပ်ပြားတွင်တော့ ဟွိုက်ယွမ်နန်းတော်ဟု ရေးထားခဲ့သည်။ သို့သော် ထူးခြားမှုတော့မရှိချေ။
ထိုလက်ရေးကို အခြေခံပြီး ထိုအရာက ပညာရှင်တစ်ယောက်၏ လက်ရေးမဟုတ်ကြောင်း စုန့်ကျိရှင်းက ခံစားမိနေခဲ့၏။ ထိုအချိန်တွင် စုန့်ကျိရှင်း၏ အိမ်ကြီးထဲ၌ သခင်နှင့်အစေခံသာ ရှိနေသည်။ လူငယ်လေးကတော့ သေတ္တာများ၊ ဘီဒိုများကို မွှေနှောက်သိမ်းဆည်းနေခဲ့သည်။
အစေခံမလေးက တံခါးနားတွင် ရပ်နေခဲ့သည်။ သူမက တိုးတိုးလေး မေးလိုက်၏။
"သခင်လေး အပေးအယူ မဖြစ်ခဲ့ဘူးလား…"
စုန့်ကျိရှင်းက ခေါင်းလောင်းကို ချလိုက်ပြီး အိမ်ထဲတွင် ရှိနေသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက ထိုင်ခုံတွင် ခေါင်းမှီပြီး ခြေပလ္လင် ချိတ်လိုက်သည်။
"နဂါးအိုမြို့က ဖူနန်းဟွာက အရူးမဟုတ်ဘူး။ စလာကတည်းက သူက ငါ့ကို အရူးတစ်ယောက်လို မဆက်ဆံခဲ့ဘူး။ ဒါပေမယ့် သူက သိပ်တော့ ဉာဏ်မကောင်းပါဘူးလေ။ သူက ငါနဲ့ မိတ်ဆွေဖြစ်ချင်နေတာ။ ဒါက တော်တော်လေးတော့ ရယ်ဖို့ကောင်းတယ်။ နောက်ပိုင်းကျတော့ သူက ငါ့ရဲ့လှည့်စားမှုကိုခံရပြီး သူ့ရဲ့မြေခွေးအမြှီး ပေါ်လာရတာပဲလေ။ သူက ထူးခြားပြီး ကြောက်စရာကောင်းတဲ့နည်းလမ်းကို သုံးခဲ့ပေမယ့် ငါ့ကို ဖြောင်းဖျဖို့အတွက် လက်လျှော့ခဲ့ရတယ်။ ခန့်မှန်းလို့မရနိုင်တဲ့ ဆရာချီနဲ့ယှဉ်လိုက်မယ်ဆိုရင် သူက မိုင်(၁)သိန်းလောက် ကွာနေသေးတယ်…"
အစေခံမလေးကျစ်ကွေးက ပြောလိုက်သည်။
"မိုင်(၁)သိန်းလောက်တောင် ကွာတာလား။ သခင်လေးက အရမ်းချဲ့ကားပြီး ပြောနေသလိုပဲ…"
ထိုစကားကြောင့် စုန့်ကျိရှင်းက ပြန်ပြောလိုက်၏။
"ဒါဆိုလည်း ရွှံ့ပုလင်းလမ်းကြား(၈)ခုစာလောက်တော့ ကွာတယ်…"
လူငယ်လေးက အစေခံမလေးဆီကို အိတ်(၁)အိတ် ပစ်ပေးလိုက်သည်။
"ကြည့်လိုက် ..။ ဒါက လျှို့ဝှက်စာထဲမှာ ရေးထားတဲ့ ကြေးပြားတွေပဲ။ ဟိုဘက်ခြံမှာရှိတဲ့ ချန်းမျိုးရိုးကလည်း အဲဒီလိုအိတ်(၁)အိတ် ရခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ အဲဒါက ဒီလိုကံတရားမျိုး ရှိလိမ့်မယ်လို့ ငါလည်း မထင်ထားဘူးလေ။ ဒါက အဲဒီစုံတွဲကို လှည့်စားလိုက်သလိုတော့ မဖြစ်နိုင်သေးဘူး။ ချန်းမျိုးရိုးက နောက်ပိုင်း သေချာပေါက် ဒုက္ခခံရတော့မယ်ထင်တယ်…”
“စကားမစပ် ကျစ်ကွေး .. ငါ နင့်ကို ပြောဦးမယ်။ ဒီနေ့ ငါတို့အိမ်ကိုလာတဲ့သူက နဂါးအိုမြို့က သခင်လေးလို့ ပြောတယ်။ သူ့ရဲ့လေသံအရ သူ နင့်ကို ဘယ်လိုပဲကြည့်ကြည့် အနည်းဆုံးတော့သူက ဦးနှောက်မရှိတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒီကျောက်စိမ်းပြားကို နဂါးအိုမိုးလို့ သူက ပြောခဲ့တယ်။ ဒါက အဖိုးတန်လောက်တယ်…"
စုန့်ကျိရှင်းက ခါးတွင် ချိတ်ထားသော အစိမ်းရောင်ကျောက်စိမ်းပြားလေးကို ကျေနပ်စွာ ပုတ်ကြည့်နေခဲ့သည်။ ထိုလူငယ်လေး၏ ရင်ထဲတွင်တော့ ဆရာချီကဲ့သို့ စာသင်သားတစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းနီးကပ်လာပြီဟု ခံစားနေရ၏။
ကျစ်ကွေးက အလွန်ထူးခြားသော ပန်းထိုးအိတ်ကို ဖွင့်ကြည့်လိုက်ပြီး တိုးတိုးလေးမေးလိုက်သည်။
"သခင်လေး …
ကျွန်မတို့က ကြေးပြားတွေ နောက်ထပ်ရနိုင်ဦးမှာလား…"
စုန့်ကျိရှင်းက အပြုံးနှင့် မေးလိုက်သည်။
"နင်က သဘောကျလို့လား…"
ကျစ်ကွေးက ကြေးပြားလေး(၁)ပြားကို လက်(၂)ချောင်းထဲတွင် ကိုင်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ သူမက ဝမ်းသာအားရ ပြောလိုက်၏။
"ဒီကြေးပြားလေးက ရွှေရောင်တောက်ပနေတယ်။ ကြည့်ရတာတော့ တော်တော်လေး ပျော်စရာကောင်းတာပဲ…"
စုန့်ကျိရှင်းက ရယ်လိုက်မိသည်။
"နင်က အဲဒီလို လိုချင်သေးတာလား။ ကောင်းပြီလေ ။ နင် သဘောကျတယ်ဆိုရင် ငါက နောက်ထပ်အိတ်နည်းနည်းလောက် ရအောင်ယူပေးမယ်။ အဲဒီကြေးပြားတွေက အပြင်ဘက်မှာ ရှိပါတယ်။ သူတို့တွေက လောင်းကစားပွဲမှာ အနိုင်ရတဲ့ ငွေကြေး၊ မက်မွန်အဆောင်တွေပေါ်မှာ အသုံးပြုတဲ့ နွေဦးငွေကြေးနဲ့ ဗုဒ္ဓရုပ်တုတွေ၊ လက်တွေပေါ်မှာ ပူဇော်တဲ့ ကြေးပြားတွေပဲ။ ဒါပေမယ့် သာမန်လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိသလို အင်မော်တယ်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်…"
သူမက ပြုံးလိုက်သည့်အချိန်တွင် သူမ၏မျက်လုံးများက လမင်းကြီး(၂)စင်းကဲ့သို့ ဖြစ်နေခဲ့သည်။ သူမက မေးလိုက်၏။
"ချန်းပင်အန်းရဲ့ အိတ်ကရော ဘယ်လိုလုပ်မလဲ…"
စုန့်ကျိရှင်းက မျက်မှောင်ကြုတ်လိုက်မိ၏။
"သူလား…"
သူမ သခင်လေး၏ ထူးဆန်းသောခံစားချက်ကို အစေခံမလေးက သတိထားမိခဲ့သည်။ သူမက ထိုကြေးပြားများကို သေချာသိမ်းလိုက်ပြီး အိတ်ကိုမြန်မြန်ပေးလိုက်၏။ သူမက တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ…"
စုန့်ကျိရှင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လက်(၂)ဖက်နှင့် မေးစေ့ကို ထောက်ထားခဲ့၏။ သူက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ..။ ငါက ကိစ္စတစ်ခုကို အမှတ်ရသွားလို့ပါ။ ချန်းပင်အန်းအကြောင်း စဉ်းစားမနေနဲ့။ သူက ပြဿနာဖြစ်ချင်မှာ မဟုတ်ဘူး။ ဟိုစာကြမ်းပိုး ကျိုးယောင်ဆီက ကြေးပြားတွေရဖို့က ပိုပြီးတော့လွယ်တယ်။ သူက အရူးလုပ်ဖို့လည်း အရမ်းလွယ်တယ်။ ငါက နင့်အတွက် တစ်အိတ်ယူပေးဖို့ ကတိပေးတယ်.."
အစေခံမလေးက အနည်းငယ် ထူးဆန်းနေသည်ကို မြင်သည့်အခါ စုန့်ကျိရှင်းက ဆက်၍ ရှင်းမပြတော့ပေ။
သူမ၏သခင်လေးက စကားမပြောချင်တော့ကြောင်း မြင်သည့်အခါ အစေခံမလေးကလည်း ထပ်မမေးတော့ပေ။ ကျစ်ကွေးက အိမ်အပြင်ဘက်သို့ ထွက်သွားခဲ့ပြီး ခြံဝန်းထဲသို့ ရောက်လာခဲ့သည်။ ထိုအခါ သူမက မြေပေါ်တွင် သေချင်ယောင်ဆောင်နေသော ခြေ(၄)ချောင်းမြွေလေးကို မြင်လိုက်ရသည်။ သူက နေပူဆာလှုံနေခဲ့၏။ သူ့ပုံစံက ကျေနပ်နေပုံရသည်။
ဒေါသထွက်နေသော မိန်းမပျိုက သူ့ဆီကို လျှောက်သွားပြီး ခေါင်းကို ခြေထောက်နှင့် နင်းလိုက်၏။ သူမက ခြေဖျားကို အားထည့်ထားလိုက်သည်။ ထိုမြွေလေးက ဝမ်းနည်းစွာ ငိုကြွေးနေခဲ့၏။ သူမက ခြေထောက်မြှောက်လိုက်ရာ ခြေ(၄)ချောင်းမြွေလေးက အဝေးသို့ ထွက်ပြေးသွားခဲ့လေသည်။ သူက ခြံဝင်းထဲမှ ပြေးထွက်သွားခဲ့ပြီး နံရံကို ဆက်တိုက် တိုက်မိနေခဲ့သည်။
သူမ မိသားစု၏ ခြေ(၄)ချောင်းမြွေ…
ငါးခြင်းတောင်းထဲကို မတော်တဆရောက်လာသော ရွှေရောင်ငါး…
ရေပုံးထဲတွင် ကုစန့်မွေးထားခဲ့သော အနက်ရောင်ငါးသလဲထိုးလေး…
သတ္ထု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး (၅)ခုတွင် (၃)ခုက ရသွားကြပြီဖြစ်သည်။ ခေါင်းပေါ်တွင် ဦးချိုပေါက်နေသော ခြေ(၄)ချောင်းမြွေလေးကိုကြည့်ပြီး မိန်းမပျိုက ပြုံးလိုက်မိ၏။ သူမ၏မျက်နှာပေါ်တွင် အထင်သေးမှုများ ပြည့်နှက်နေသည်။
……………
"တော်တော် ရူးမိုက်တဲ့ကောင်လေး…"
ကုစန့်၏ခြံဝင်းထဲတွင် အဘိုးအိုနှင့် မိန်းမပျိုတို့က အချင်းချင်းမျက်နှာချင်းဆိုင် ထိုင်နေကြသေးသည်။ အဘိုးအိုကတော့ လက်တစ်ဖက်ကိုထုတ်ပြီး လက်ဝါးပေါ်တွင် ပြန့်လာသော မျဉ်းကြောင်းများကို ကြည့်နေခဲ့၏။ အဘိုးအိုက သူ့လက်ကို ရုတ်သိမ်းလိုက်ပြီး ခေါင်းမော့ကြည့်၍ မေးလိုက်သည်။
"မိန်းကလေးကု …
ဒီမြို့ထဲမှာ မိန်းကလေးလို တခြားမြို့က လူတစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့ မိန်းကလေးတွေ ရှိသေးလား…"
အမျိုးသမီးက ခေါင်းခါပြောလိုက်သည်။
"အများကြီးတော့မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွှံ့ပုလင်းလမ်းကြားနဲ့ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှာတော့ ကျွန်မတစ်ယောက်တည်းပဲ ရှိတယ်.."
အဘိုးအိုက စဉ်းစားနေပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်တစ်ချို့ကို သူမ သိအောင် ပြောပြနေသေးသည်။
"မိန်းကလေးတစ်ယောက်ရဲ့အသက်(၆)နှစ်နဲ့ (၁၂)နှစ်အရွယ်၊ ယောကျ်ားလေး တစ်ယောက်ရဲ့အသက်(၉)နှစ်နဲ့ (၁၈)နှစ်အရွယ်က အကြီးမားဆုံး အတားအဆီး(၂)ခုပဲ။ ပထမအရွယ်ကတော့ ကိုယ်တိုင်ဖြတ်ကျော်ဖို့ လိုအပ်တယ်။ ဒုတိယအရွယ်ကတော့ ပြင်ပအင်အားတွေရဲ့ တွန်းပို့မှုနဲ့မှ ရနိုင်တယ်။ အဲဒီနောက်မှာတော့ လုပ်နိုင်တဲ့အရာတစ်ခုပဲ ရှိတော့တယ်။ မိသားစုက ပိုပြီးတော့ချမ်းသာလေလေ သူတို့မှာ ပိုပြီးတော့ အခွင့်အရေးရှိလေလေပဲ။ တံခါးကိုဖွင့်မယ်။ ခန်းမထဲကို ရောက်လာပြီး အိမ်ထဲကိုဝင်မယ်။ ခြေလှမ်း(၃)လှမ်း၊ ပထမခြေလှမ်းကတော့ ကံတရားနဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်နေတယ်။ အထူးသဖြင့် ပထမခြေလှမ်းပဲ။ အောင်မြင်မလား၊မအောင်မြင်ဘူးလားဆိုတာကတော့ ကောင်းကင်ဘုံရဲ့ဆန္ဒပေါ်ပဲ မူတည်လိမ့်မယ်…"
အမျိုးသမီး၏ မျက်လုံးထဲတွင် အပြုံးများ ပြည့်နေသည်။
"အင်မော်တယ်အကြီးအကဲရဲ့ ရွေးချယ်မှုကို ခံရတယ်ဆိုတော့ ကျွန်မရဲ့သားလေးကုစန့်က ပထမခြေလှမ်းကို လှမ်းနိုင်ပြီမဟုတ်လား…"
အဘိုးအိုက အမျိုးသမီးကို အပြုံးနှင့် ပြောလိုက်သည်။
"ကလေးတစ်ယောက်က ဒီမြို့ငယ်လေးထဲမှာ ကြီးပြင်းလာတာနဲ့ သူ့ရဲ့အုတ်မြစ်က ထူးချွန်နေတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူး။ မင်းရဲ့သား ကုစန့်က အသက်(၉)နှစ် မပြည့်သေးတဲ့အတွက် သူလည်း ချွင်းချက်မရှိသေးဘူး…"
မိန်းမပျို၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
အဘိုးအိုက မတ်တပ်ရပ်လိုက်ပြီး မြေပြင်ကို ခြေဆောင့်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်သည်။
"ဘာမှမစိုးရိမ်ပါနဲ့။ လူတစ်ယောက်ရဲ့ အုတ်မြစ်အရည်အသွေးက အရေးပါပေမယ့် အရေးကြီးဆုံးအရာတော့ မဟုတ်ဘူး။ တကယ်လို့ ကောင်းကင်ဘုံကသာ သဘောကျတယ်ဆိုရင် လမ်းဘေးမှာရှိနေတဲ့ ခွေးတစ်ကောင်၊ အမှိုက်တစ်စကတောင် မဟာတာအိုကို ဖြည်းဖြည်းချင်း လေ့ကျင့်နိုင်လိမ့်မယ်။ နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်ကို ရောက်သွားလိမ့်မယ်…”
“ဒီတစ်ကြိမ် မြို့ငယ်လေးက ချွင်းချက်တစ်ခုပဲ။ အပြင်လူတွေ အများကြီးကို ဝင်ခွင့်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ရွေးချယ်စရာ မရှိတော့လို့ပဲ။ လယ်ယာမြေတစ်ခုက မြေဆီလွှာဘယ်လောက်ပဲ ကောင်းကောင်း နှစ်ထောင်ပေါင်းများစွာ ဆက်တိုက်စိုက်ပျိုး ရိတ်သိမ်းပြီးသွားရင် တဖြည်းဖြည်းနဲ့ ပျက်စီးလာရမှာပဲ။ နောက်ဆုံးမှာတော့ လုံးဝကို ဖုန်းဆိုးမြေကြီးဖြစ်သွားလိမ့်မယ်..”
“ဒီနေရာမှာရှိတဲ့ ဖုန်းရွှေကလည်း အရင်နှစ်ကတည်းက လုံးဝကုန်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ လူတစ်ယောက်က သေခါနီးလာရင် နောက်ဆုံးအနေနဲ့ စွမ်းအားတွေ ပေါ်လာတတ်တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ဝိညာဉ်ကတောင် အရမ်းကို ထူးခြားဆန်းကြယ်နေတတ်တယ်။ မင်းရဲ့သားလေး ကုစန့်ကလည်း ဒီအရာကနေ အကျိုးအမြတ်တွေ ရနေတယ်။ အခွင့်အရေးကြီးက တွေးကြည့်နိုင်တာထက်တောင် အဆပေါင်းများစွာ ပိုများနေတယ်။ ဒါက မြို့ထဲမှာရှိတဲ့ ပါရမီရှင်ကလေးတွေထက်တောင် အဆပေါင်းများစွာ ပိုပြီးသာတယ်…"
အမျိုးသမီးကတော့ အံ့ဩမှုများကို ဖိနှိပ်ရန်အတွက် နှုတ်ခမ်းများကပင် တုန်ယင်နေခဲ့သည်။ ကြည်လဲ့နေသော သူမ၏မျက်လုံးတစ်စုံထဲတွင် ဆွဲဆောင်မှုရှိသော အလှတရားများ ပေါ်နေခဲ့သည်။
အဘိုးအိုက သူမကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ဒါပေမယ့် လောဘမကြီးနဲ့။ ဒီလိုအခွင့်အရေးမျိုး ရတဲ့သူက မင်းရဲ့သား တစ်ယောက်တည်း မဟုတ်ဘူး။ ရှင်းရှင်း ပြောရမယ်ဆိုရင် ဒီလောက်ကြီးတဲ့ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ဒီလိုကံတရားကို ထိန်းချုပ်နိုင်တဲ့ အရည်အသွေးမျိုး တစ်ယောက်ယောက်မှာ ရှိမယ်ဆိုရင်တောင် သူတို့က အခုထိတော့ မွေးမလာသေးဘူး"
အမျိုးသမီးက ရင်ဘတ်ကိုလက်နှင့်ဖိပြီး တိုးတိုးလေးပြောလိုက်မိသည်။
"ဒါဆိုရင် လုံလောက်ပါပြီ။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ…"
အဘိုးအိုကတော့ ယွင်ရှားတောင်မှ မိန်းကလေးအကြောင်းကို စဉ်းစားမိသွားပြီး ထေ့ငေါ့၍ ပြောလိုက်သည်။
"အလုပ်ရှုပ်ပြီး စွမ်းအားကုန်ဆုံးတယ်။ ပစ္စည်းကို ဘယ်လိုတောင်းဆိုရမလဲဆိုတာပဲ သိတယ်။ မင်းတို့က မယောင်ရာဆီလူးပြီး ရတဲ့အခွင့်အရေးကိုတော့ ဖယ်ရှားခဲ့တယ်။ တော်တော်လေးကို ရူးမိုက်တာပဲ…"
ထို့နောက် အဘိုးအိုက ပြုံးလိုက်သည်။
"အဲဒါလည်း ဟုတ်ပါတယ်။ ယွင်ရှားတောင်က အဘိုးကြီးတွေက ကမ္ဘာလောကကြီးကို လုံးဝမမြင်ဖူးသေးဘူး။ မဟုတ်ရင် သူတို့က ဒီအဘိုးကြီးကို ဒီလိုအခွင့်အရေးမျိုး ပေးမှာမဟုတ်ဘူး။ သူတို့မှာ မကုန်ခမ်းနိုင်တဲ့ ရတနာတောင်ကြီး တစ်တောင်ရှိနေမှတော့ သူတို့က ငွေတွေကို အလုံးအရင်းရနေပြီး နေ့ရက်တိုင်း တိုးတက်လာနေတာ။ သူတို့က အဲဒီအခြေအနေကို ဆက်ထောက်ပံ့ဖို့အတွက် တပည့်တစ်ယောက်ကို အားကိုးရမယ့် နေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"
အိမ်ငယ်လေးထဲတွင် အချိန်တော်တော်ကြာ တံခါးကို လက်သီးနှင့်ထိုးပြီး ကန်ကျောက်နေခဲ့သည့် ကလေးငယ်က ခုံတစ်ခုံပေါ်တွင်ရပ်၍ ပြတင်းပေါက်ကို မှီထားသည်။ သူက မျက်နှာပျက်ပျက်နှင့် တောင်းဆိုလိုက်၏။
"အမေ ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော် စကားနားထောင်မယ်လို့ ကတိပေးပါတယ်…”
အမျိုးသမီးက အင်မော်တယ်အဘိုးအိုကို ကြည့်လိုက်ရာ အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက တံခါးဆီသို့ လျှောက်သွားခဲ့၏။ ကလေးငယ်၏လက်ကိုကိုင်ပြီး သူတို့က ခြံဝင်းထဲသို့ လျှောက်လာခဲ့သည်။
သူမက အေးစက်သောလေသံနှင့် တိုးတိုးလေး ပြောလိုက်၏။
"စန့်အာ…
ပြဿနာမရှာနဲ့တော့။ အမေပြောတာ နားလည်တယ် မဟုတ်လား။ အမေက သားကို လုံးဝမရိုက်ဖူးဘူး။ တကယ်လို့ ထပ်ပြီး ပြောစကားနားမထောင်ဘူးဆိုရင် အမေက နောက်တစ်ကြိမ် ထပ်ရိုက်ရလိမ့်မယ်…"
ကလေးငယ်က မျက်နှာပျက်ပျက်နှင့် ခေါင်းငုံ့သွားခဲ့သည်။ သူက ထိုင်ခုံတစ်ခုကိုယူပြီး တစ်ယောက်တည်း ထိုင်နေခဲ့၏။ သူ့အမေနှင့် အဘိုးအိုတို့ကိုကြည့်လိုက်လျှင် သူတို့က တြိဂံပုံဖြစ်နေကြသည်။ ကလေးငယ်က ပါး(၂)ဖက်ကို လက်ထောက်ထားခဲ့၏။
"အမေ …
ပုံပြောသမားက အမေ့ကို ဘာတွေပြောခဲ့တာလဲ။ ကျွန်တော် အိမ်ထဲကနေ သေချာမကြားရဘူး။ အဲဒီအကြောင်းကို ပြန်ပြောပြလို့ ရမလား…"
အဘိုးအိုက အနည်းငယ် အံ့သြသွားခဲ့သည်။ ခဏကြာစဉ်းစားလိုက်ပြီးနောက် သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ သူ၏လက်ဖဝါးထဲတွင် ပန်းကန်လုံးဖြူကြီး ပြန်ပေါ်လာခဲ့သည်။
ကလေးကတော့ ခေါင်းငုံ့ပြီး နားမလည်နိုင်သော မျက်နှာအမူအရာနှင့် ထိုအရာကို စိုက်ကြည့်နေခဲ့၏။ ထိုအချိန်တွင် ပန်းကန်လုံးဖြူ၏ မျက်နှာပြင်ပေါ်၌ ဝဲဂယက်လေးများထွက်ပေါ်လာပြီး ရေလှိုင်းလေးများ ပေါ်လာခဲ့သည်။ ထိုပန်းကန်လုံးဖြူထဲတွင် အနက်ရောင်မျဉ်းကြောင်းလေးတစ်ခု လျင်မြန်စွာ ကူးခတ်နေပြီး ပန်းကန်လုံး၏ နံရံကို မကြာမကြာ ရိုက်ခတ်နေသည်။
အဘိုးအိုက တစ်ယောက်တည်း တီးတိုးပြောလိုက်၏။
"ကောင်းပြီ ကောင်းပြီ ငါ မင်းကို လွှတ်ပေးမယ်…"
ထိုတပည့်ကို လက်ခံရန်အတွက် အဘိုးအိုက ရွှံ့ပုလင်းလမ်းကြားထဲတွင် အတော်လေး ဦးနှောက်သုံးထားခဲ့ရသည်။ သူက (၃)ကြိမ် ပြဿနာဖန်တီးရန်အတွက် နှစ်အနည်းငယ်ကြာ ကျင့်ကြံမှုကိုပင် စွန့်လွှတ်စတေးခဲ့ရ၏။
ပထမဆုံးအရာကတော့ အရပ်ရှည်ရှည်မိန်းမပျိုကို ခွေးချေးပုံပေါ်နင်းမိအောင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်ကတော့ သူမက ဉာဏ်အလင်းပွင့်မှုရရှိပြီဟု ယုံကြည်သွားအောင် လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မြို့အပြင်ဘက်တွင်ဆိုလျှင်တော့ ထိုသို့လုပ်ရန် လုံးဝမဖြစ်နိုင်ပေ။ ပြီးပြည့်စုံသော အစစ်အမှန် တာအိုကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် ထိုကဲ့သို့ အရာမျိုးကို မလုပ်ရဲပေ။ သို့သော် မြို့ထဲတွင်တော့ ချိုက်ကျင်းကျန့်က သာမန်လူတစ်ယောက်နှင့် ကွဲပြားမှုမရှိချေ။ အဘိုးအိုက ထိုအခွင့်အရေးကို အရယူနိုင်ရန်အတွက် တစ်စုံတစ်ခုပေးဆပ်ရန်လည်း တွေဝေနေခဲ့ခြင်း မရှိချေ။
ဒုတိယတစ်ကြိမ်ကတော့ ဉာဏ်အများဆုံးဖြစ်သည်။ အဘိုးအိုကိုယ်တိုင်ကပင် သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု ခံစားမိခဲ့၏။ ထိုအရာကတော့ မြက်ဖိနပ်နှင့် လူငယ်လေးအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအရာက ကောက်ကျစ်သော လက်စားချေမှုတစ်ခုသာ ဖြစ်၏။
ထိုအချိန်တွင် အဘိုးအိုကလူငယ်ကို စကားပြောလာအောင် ထိန်းချုပ်ခဲ့ပြီး အနည်းငယ် နှေးကွေးသွားအောင် လုပ်ခဲ့သည်။ ထိုအရာက မိန်းမပျိုကို အသေးစိတ် ပုံဖော်နိုင်ခဲ့၏။ ထိုအရာကလည်း တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။ ကျင့်ကြံမှုလမ်းကြောင်းတွင် ကံကောင်းမှုနှင့်ကံဆိုးမှုက မျဉ်းကြောင်းပါးပါးလေးသာ ခြားနေသည်။
ထိုအချိန်တွင် ခြံဝင်းထဲ၌ ရှိနေသော အမျိုးသမီး၏ ရင်ထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေသေး၏။ အင်မော်တယ်အဘိုးအိုက သတင်းဆိုးများပြောလိုက်မှာကို ကြောက်လန့်နေခဲ့သည်။
အဘိုးအို၏ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူ၏မျက်လုံးထောင့်ထဲတွင် ကလေးတစ်ယောက်က ခြေဖျားထောက်၍ ခြံဝင်းတံခါးဆီကို သွားနေကြောင်း မြင်လိုက်ရသည်။ အမျိုးသမီးက အော်လိုက်၏။
အဘိုးအိုကလည်း လက်ထဲတွင် ပန်းကန်လုံးဖြူကိုကိုင်ပြီး အသာအယာ မတ်တပ်ရပ်လိုက်သည်။
"တပည့် …
ဆရာက မင်းကို ကျယ်ပြန့်တဲ့ကမ္ဘာကြီးအကြောင်း ပြပေးမယ်။ ဒီလိုဆိုရင် ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာနဲ့ ဆရာတပည့် အကြောင်းတရားတွေကို ပျက်စီးစေနိုင်တဲ့အကြောင်းအရင်းတွေကို မင်းက သိလာရလိမ့်မယ်…"
အမျိုးသမီး၏ မျက်လုံးများက မည်းမှောင်သွားခဲ့ပြီး သူမက မြေပေါ်တွင် သတိလစ်သွားခဲ့သည်။ အဘိုးအိုက အင်္ကျီလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။ တခဏအတွင်း တံခါးကိုထိတော့မည့် ကလေးငယ်က ဒယိမ်းဒယိုင်နှင့် နောက်ကို ပြန်ရောက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ နားလည်သွားသည့်အချိန်တွင် သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိ၏။ အဆုံးတွင်တော့ သူက ခေါင်းငုံ့ပြီး အနားတွင် ရပ်နေသော ပုံပြောသူကို ကြည့်နေခဲ့သည်။
"ဒါက ဘယ်နေရာလဲ…"
အဘိုးအိုက လက်နောက်ပစ်ပြီး အေးစက်စွာ ပြောလိုက်၏။
"ပန်းကန်လုံးထဲမှာ…"
ကလေးငယ်က လုံးဝကိုရှုပ်ထွေးသွားခဲ့၏။
ရုတ်တရက်ဆိုသလို အဘိုးအို၏အော်သံကို ကြားလိုက်ရသည်။
"မတ်တပ်ရပ်စမ်း…"
ကလေးငယ်က မတ်တပ်ရပ်လိုက်ပြီး မလှုပ်ရှားရဲပေ။ သူက ချောင်းကမ်းပါးအစွန်တွင် ရပ်နေမိကြောင်းကို တွေ့လိုက်ရ၏။ အဝေးတွင်တော့ တိမ်တိုက်ပင်လယ်ကြီးတစ်ခု ရှိနေသည်။ ထို့နောက် ကလေးငယ်က ထိတ်လန့်တကြား မျက်လုံးပြူးသွားခဲ့၏။
အဖြူရောင်တိမ်တိုက်ပင်လယ်ကြီးထဲတွင် တိမ်တိုက်များကို ချိုးဖောက်ပြီး ဖြည်းညင်းစွာ လှုပ်ရှားနေသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သို့သော် ထိုအရာက အလွန်ကြီးမားလှသည့်အတွက် သူ၏အစစ်အမှန်ပုံရိပ်ကို မမြင်ခဲ့ရပေ။
ကလေးငယ်က အလွန်ကြောက်လန့်သွားသည့်အတွက် နောက်ကို ခြေတစ်လှမ်း ဆုတ်ချင်နေခဲ့သည်။ သို့သော် အဘိုးအိုက သူ့ခေါင်းကို လက်နှင့်ဖိထားပြီး ခပ်တင်းတင်း ပြောလိုက်၏။
"တကယ်လို့ မင်းသာ အခု နောက်ဆုတ်သွားမယ်ဆိုရင် နောက်ပိုင်းကျင့်ကြံမှုလမ်းကြောင်းမှာ ခက်ခဲသွားလိမ့်မယ်။ သေချာရပ်နေစမ်း…"
ကုစန့်က အလွန်ကြောက်လန့်သွားသည့်အတွက် မျက်ရည်များ စီးကျလာခဲ့သည်။ အမြဲလိုလို ထင်ရာစိုင်းတတ်သော ကလေးငယ်က ယခုတော့ ငိုပင်မငိုရဲပေ။ ကလေးငယ်က သူ့ခန္ဓာကိုယ်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိချေ။ သူ၏ခြေထောက်များက တုန်နေပြီး နှုတ်ခမ်းများက တုန်ယင်နေခဲ့၏။
အဝေးတွင် ရှိနေသော တိမ်တိုက်ပင်လယ်ကြီးကတော့ ဆူပွက်နေခဲ့သည်။ အဖြူရောင်တိမ်တိုက်များကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသလို ထင်ရ၏။ ထို့နောက် ကောင်းကင်ပေါ်တွင် ပို၍များပြားသော အနက်ရောင်များ ပေါ်လာခဲ့သည်။ ထိုအရာက အလွန်အမင်းကို ကြီးမားလွန်းလှ၏။ ထိုအရာက သူ၏ရေပုံးထဲတွင် ရှိနေသော ငါးသလဲထိုးလေးကဲ့သို့ ဖြစ်နေသည်။
"ဒီကောင်လေးက ကြီးလာတာလား…"
ကလေးငယ်၏ ခေါင်းထဲတွင် ထိုအတွေးသာ ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ကုစန့်က စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့၏။ သူက ရှေ့ကိုတစ်လှမ်း လျှောက်သွားမိခဲ့သည်။ သူက လက်(၂)ဖက်ကို ကောင်းကင်ပေါ်သို့ မြှောက်လိုက်၏။
ထိုအချိန်တွင် တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားသော ခေါင်းကြီးတစ်ခုက တိမ်တိုက်ပင်လယ်ထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။ ကလေးငယ်၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။ သူက လုံးဝမကြောက်တော့ပေ။
သူက လက်ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"မြန်မြန်လာခဲ့ …။ မင်းက ဒီလောက်တောင် ကြီးလာတာပဲ။ ဒါကြောင့်လည်း ရေပုံးထဲကို ပစ်ထည့်ထားတဲ့ ငါးတွေ၊ပုစွန်တွေနဲ့ ဂဏန်းတွေက နောက်တစ်နေ့မှာ နည်းနေတာကို ခံစားမိခဲ့တာပဲ…"
ကုစန့်၏နောက်တွင် ရပ်နေသော အင်မော်တယ်အကြီးအကဲက ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ သူကတော့ ပြောစရာစကားလုံး ပျောက်ဆုံးနေသလို ခံစားနေရ၏။ တစ်ချိန်တည်းတွင် ကျေနပ်မှုကိုလည်း ခံစားနေရသည်။
သူ့ဆီတွင် ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိသော်လည်း ထိုကဲ့သို့ တပည့်တစ်ယောက်ကို ရရှိနိုင်သည်မှာ အတော်လေး ကံကောင်းနေခြင်းဖြစ်သည်။ ဤခရီးစဉ်က သူ့အတွက် အချည်းနှီး မဟုတ်တော့ပေ။ အဘိုးအိုက တဖြည်းဖြည်း နီးကပ်လာသော ဧရာမခေါင်းကြီးကို မျက်လုံးနှင့်မြင်နေရသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
"ကမ္ဘာကြီးရဲ့ အံ့ဖွယ်တစ်ခုပါပဲလား…"
……………
ချန်းပင်အန်းက အိမ်ထဲတွင် ရှိနေသော အနက်ဝတ်မိန်းမပျိုကို ရုတ်တရက် ပြောရန် ပြင်လိုက်သည်။ အဆုံးတွင်တော့ သူက သူမကို နောက်ကျောပေး၍ ထိုင်နေပြီး လက်ဖဝါးထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့၏။ သူ ထွက်သွားပြီးနောက် သူက ဆေးကြိုရန် မြေအိုးတစ်ခု ဝယ်မည်ဟု သူမကို ပြောသွားခဲ့သည်။ သူ့အိမ်ထဲတွင် ထိုအရာ မရှိခဲ့ပေ။
မြက်ဖိနပ်နှင့် လူငယ်လေး လျင်မြန်စွာ ထွက်သွားပြီးနောက် မိန်းမပျိုက အလွန်အိုဟောင်းနေသော မြေအိုးတစ်လုံးကို လှည့်ကြည့်လိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် မိန်းမပျို၏အကြားအာရုံက အလွန်ကောင်းမွန်လှ၏။ သူ၏လက်ဖဝါးထဲတွင် ကိုင်ထားသောအရာက အလွန်ထက်သော ကြွေအပိုင်းအစတစ်ခု ဖြစ်ပေသည်။
Translated by Hein Htet.