အခန်း (၁၉)
Vol. 2 Ch. 19
ချန်းပင်အန်း ခြံဝန်းထဲမှ ပြေးထွက်သွားရန် ပြင်လိုက်သည့်အချိန်တွင် အနက်ဝတ် မိန်မပျိုက ရုတ်တရက် အော်ပြောလိုက်သည်။
"ခဏနေဦး။ ငါ့မှာ နင့်ကို ပြောစရာရှိတယ်…"
ချန်းပင်အန်းက မကြားချင်ယောင်ဆောင်ခဲ့၏။
သူ တံခါးကိုဖွင့်ရန် ပြင်လိုက်သည့်အချိန်တွင် မိန်းမပျိုက အသံကိုပို၍ ကျယ်လိုက်ပြန်သည်။
"ချန်းပင်အန်း…"
ချန်းပင်အန်းလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် ပြန်လှည့်လာပြီး တံခါးဆီကို ပြန်လာခဲ့ရသည်။ သူမ၏မျက်နှာက ယခင်တုန်းကထက် အနည်းငယ် ပို၍နီရဲနေပြီး အသံကလည်း အနည်းငယ်ပို၍ အလျင်လိုနေခဲ့သည်။
သူမက ပြောလိုက်၏။
"ပထမဆုံး ငါတို့အပြင်လူတွေက ဒီမြို့ထဲကို ရောက်လာပြီးသွားရင် ငါနင့်ကိုပြောခဲ့သလိုပဲ။ ငါတို့ရဲ့ခန္ဓာကိုယ်တွေက သာမန်လူတွေထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ဒါပေမဲ့ အဲဒီအရာကလွဲရင် နင်တို့နဲ့ ဘာမှကွဲပြားမှုမရှိဘူး။ ဒုတိယတစ်ချက်ကတော့ အပြင်လူတွေက ဒီနေရာမှာ လူသတ်လို့မရဘူး။ ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်မယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်မျိုးပဲရှိရှိ မြို့ထဲကနေ ထုတ်ပယ်ခံရလိမ့်မယ်။ ဘာမှလဲရမှာ မဟုတ်တော့ဘူး။ ပေးဆပ်ရတဲ့တန်ဖိုးက နင်ထင်ထားတာထက်တောင် ပိုပြီးတော့ အဆပေါင်းများစွာကြီးတယ်။ တတိယတစ်ချက်ကတော့ နင်က သေချာရှင်းရှင်းလင်းလင်း စဉ်းစားဖို့လိုမယ်။ ငါတို့တွေ အန္တရာယ်ကျတဲ့အချိန်မှာ ငါတို့က လက်ဗလာနဲ့ဖြစ်နေရင်တောင် သေချာပေါက် အကူအညီရှိနိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးဆုံးအရာက အသက်ရှင်လျက် နေထိုင်ဖို့ပဲ.."
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး မေးလိုက်သည်။
"တစ်ခုခုကို လုပ်တဲ့အချိန်ကျရင် မြန်မြန်လုပ်ရမယ်လို့ မိန်းကလေးပြောခဲ့တာ မဟုတ်လား…"
အနက်ဝတ် မိန်းမပျိုက ပြုံးလိုက်မိသည်။ သူမ၏မျက်နှာလေးက တက်ကြွနေပြီး မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့၏။ အခန်းတစ်ခုလုံး လင်းလက်သွားသလို ထင်မှတ်ရသည်။ သူမက ဒူးပေါ်တွင် တင်ထားသော အစိမ်းရောင် ဓားအိမ်လေးကိုပုတ်ပြီး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ နင်က မြန်မြန်လှုပ်ရှားရမယ်။ မြန်သည်ထက် ပိုပြီးမြန်လေ ကောင်းလေလေပဲ။ ဥပမာအနေနဲ့ ပြောရရင် ငါက ဓားရှည်တစ်လက်၊ ဓားမောက်တစ်လက်ကို ကိုင်ထားတယ်။ ငါက ဓားဆွဲထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ် ဓားနဲ့တိုက်ခိုက်တဲ့နေရာမှာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးထဲမှာ အမြန်ဆုံးလူတစ်ယောက် ဖြစ်ချင်တယ်.."
သူမက ခဏရပ်လိုက်၏။
ရုတ်တရက်ဆိုသလို သူမက သနားကြင်နာတတ်ပြီး သူရဲကောင်းဆန်သော ပုံစံမှနေ၍ ဟန်ရေးပြချင်သော တစ်ဖက်ခြံမှ မိန်းမပျိုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ သူမက အပြုံးနှင့် ပြောလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ မြို့ဘယ်နှစ်မြို့ရှိလဲဆိုတာ သိလား…"
ချန်းပင်အန်းက နားမလည်ခဲ့ပေ။ ထိုကောင်လေးက စိတ်မဝင်စားကြောင်း မိန်းမပျိုက သတိထားမိသွားပုံရ၏။ သူမလည်း စိတ်မဝင်စားတော့ပဲ သူ့ကို လက်ဝှေ့ယမ်း၍ သွားခိုင်းလိုက်သည်။
"နင်က အိုးဝယ်ပြီးပြန်လာတာ ပိုကောင်းတယ်။ ငါက နင်ကြိုပေးတဲ့ဆေးကိုသောက်ဖို့ စောင့်နေမယ်…"
ယခုတစ်ကြိမ်တော့ ချန်းပင်အန်း ခြံဝန်းထဲမှ ထွက်သွားသည့်အချိန်တွင် သူ၏ခြေလှမ်းများက နှေးကွေးပြီး တည်ငြိမ်နေခဲ့သည်။
သူ ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်သွားပြီး သိပ်မကြာခင် ပိတ်ထားသော တံခါးက ညင်သာစွာ ပွင့်သွားခဲ့၏။
အခန်းထဲတွင် ရှိနေသော အနက်ဝတ် မိန်းမပျိုက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမက ထူးဆန်းသောပုံစံနှင့် အသက်ရှုနေခဲ့၏။ သူမက ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား တံခါးကို စိုက်ကြည့်နေခဲ့သည်။
စားပွဲပေါ်တွင် ရှိနေသော အဖြူရောင်ဓားအိမ်ထဲရှိ ဓားပျံကလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ သို့သော် ဓားဆီတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ နွေဦးရာသီနှောင်းပိုင်း၏ အအေးဓာတ်က လူများ၏အရိုးကို အေးခဲသွားစေပြီး သတ်ပစ်တော့မလို ထင်ရသည်။
အစေခံမလေး ကျစ်ကွေးက သာမန်အိမ်နီးချင်း တစ်ယောက်ကဲ့သို့ တံခါးဆီကို အေးအေးဆေးဆေး လျှောက်လာခဲ့သည်။ သူမက တံခါးပေါက်ကို ဖြတ်ဝင်လာခြင်း မရှိချေ။ ထိုအစား သူမက အခန်းထဲကို ချောင်းကြည့်လိုက်သည်။
သူမက အိပ်ရာပေါ်တွင် ပေါင်ပေါ်သို့ ဓားတစ်လက် တင်ထားသော မိန်းမပျိုကိုတော့ မမြင်သလို ထင်ရသည်။ ကျစ်ကွေးက အချိန်တော်တော်ကြာ လှည့်ပတ်ကြည့်နေပြီး နောက်ဆုံးတွင်မှ လူတစ်ယောက်ကို မြင်လိုက်ရ၏။
သူမက အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
"အစ်မကြီး …
ရှင်က ဘယ်သူလဲ။ ဘာလို့ရှင်က ချန်းပင်အန်းရဲ့အိပ်ရာပေါ်မှာ ထိုင်နေရတာလဲ။ သူ့မှာ ဆွေမျိုးတွေရှိတယ်လို့လည်း မကြားဖူးပါဘူး…"
နင်ယောင်က ဖိတ်မခေါ်ထားသော မိန်းမပျိုကိုကြည့်ပြီး မျက်လုံးမှိတ်လိုက်၏။ သူမကတော့ တစ်ခွန်းမျှ ပြန်ပြောလိုစိတ် မရှိချေ။
သူမက မကြားချင်ယောင်ဆောင်နေကြောင်း မြင်သည့်အခါ ကျစ်ကွေးက ဒေါသထွက်နေခြင်းမရှိဘဲ ညင်သာစွာ ခေါင်းခါလိုက်သည်။ သူမ၏နှုတ်ခမ်းပေါ်တွင် အထင်သေးမှုများ ပေါ်လာ၏။ သူမက စားပွဲပေါ်ရှိ ဓားအိမ်ထဲတွင် ရှိနေသော အဖြူရောင်ဓားကို ကြည့်လိုက်မိသည်။
မျက်လုံးထဲတွင်တော့ အမုန်းတရားများ အကြောက်တရားများ ရှိနေ၏။ သူမ၏မျက်လုံးထဲတွင်လည်း ရွှေရောင်ကြိုးမျှင်လေးများ လှုပ်ရှားနေခဲ့သည်။
အစေခံမလေးက ခဏကြာ စဉ်းစားနေခဲ့ပြီး သူမက အခန်းထဲကို ဝင်လာခဲ့သည်။ သို့သော် သူမက အခန်းထဲကို ခြေလှမ်းတော့မည့်အချိန်တွင် ရုတ်တရက် ခြေထောက်ကို ရုတ်သိမ်းပြီး ပြောလိုက်၏။
"ငါ ဝင်လာတော့မယ်။ နင်က စကားမပြောဘူးဆိုမှတော့ မကန့်ကွက်ဘူး မဟုတ်လား။ ဟုတ်ပါတယ်လေ။ ဒါက ချန်းပင်အန်းရဲ့အိမ်ပဲ။ ငါက သူနဲ့သိတာ နှစ်ပေါင်းများစွာ ကြာနေပြီ…”
“ငါဘာပြောလဲဆိုတာ နင် နားမလည်ဘူး မဟုတ်လား။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါတို့မှာ စကားပြောစရာကိစ္စမှ မရှိတာ။ တစ်ခုခု ဖြစ်နေလားဆိုတာပဲ ငါက လာကြည့်တာ။ ငါတို့က သိပ်မကြာခင် ပြောင်းတော့မှာပဲ။ ချန်းပင်အန်းအတွက် ချန်ထားပေးမယ့် ပစ္စည်းတွေ အများကြီးရှိတယ်။ အရင်နှစ်တွေ အတောအတွင်း သူက တော်တော်လေး ခက်ခဲခဲ့တာကို နင်မှမသိတာ…"
သူမက အတော်လေးကို စကားရှည်နေခဲ့၏။ ထို့ကြောင့် သူမနှင့် ချန်းပင်အန်းတို့က ငယ်ရည်းစားများကဲ့သို့ ထင်မှတ်နေရသည်။ အစေခံမလေး ကျစ်ကွေးက အခန်းထဲကို ဝင်လာပြီးနောက် အရာအားလုံးက ငြိမ်သက်နေသေးသည်။ သူမက စားပွဲခုံငယ်လေးဆီသို့ တည့်တည့်လျှောက်သွားပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်၏။ သူမက ဓားကို သေချာစိုက်ကြည့်နေခဲ့၏။
တစ်ချိန်တည်းတွင် အနက်ဝတ်မိန်းမပျိုက ချန်းပင်အန်းအတွက် တာအိုသခင်လေး ချန်ထားခဲ့သော စာရွက် (၃) ရွက်ကို ထုတ်လိုက်၏။ သူမက ထိုအရာများကို ဂရုတစိုက် လေ့လာကြည့်နေပြီး တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားနေသည်။ သူတို့ကို (၂)ကြိမ်တိတိ သေချာ စစ်ဆေးကြည့်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
သူမက စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်မိ၏။
"ဒီစကားလုံးတွေမှာ ဘာအငွေ့အသက်မှ မရှိပါလား…"
သူမ၏ မွေးရပ်မြေတွင် ရှိနေသော နံရံပြင်ကြီးပေါ်တွင် စကားလုံး (၁၈) လုံးကို လူတစ်ယောက်က ဓားနှင့် ရေးထိုးထားကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ စကားလုံးတစ်ခုချင်းဆီတိုင်းက မကောင်းဆိုးဝါး ထောင်ပေါင်းများစွာကို ဖိနှိပ်နိုင်သော အငွေ့အသက်များ ပါဝင်နေသည်။
သူမ ကလေးဘဝတွင် သူမအတွက် သဘောအကျဆုံး ဝါသနာကတော့ ထိုစုတ်ချက်များထဲမှ တစ်ခု၏အလယ်တွင် ရပ်နေပြီး အဝေးကို ငေးကြည့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမိန်းကလေးက မြို့၏အထိမ်းအမှတ် အဆောက်အဦး ကျောက်ပြားပေါ်တွင် ရှိနေသော စကားလုံး (၄) ခုကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။
အစေခံမလေးကျစ်ကွေးက ပြန်လှည့်လာခဲ့၏။ သူမက ခါးလေးကို အနည်းငယ် လှုပ်ရှားပြီး ဒူး (၂) ဖက်ပေါ်သို့ လက်တင်လိုက်သည်။ သူမက အဆင့်အတန်းမြင့်သော မိန်းမပျိုတစ်ယောက် ပုံသဏ္ဍာန် ကြိုးစားပုံဖော်နေခြင်း ဖြစ်သည်။ အနက်ဝတ် မိန်းမပျိုကိုကြည့်ပြီး သူမက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်၏။
"မိန်းကလေး …
မင်းက တော်တော်ဂရုမစိုက်တာပဲ…"
နင်ယောင်က မနေနိုင်တော့ပဲ ပြန်မေးလိုက်၏။
"နင်က ဘယ်သူလဲ…"
ကျစ်ကွေးက ရင်ဘတ်လေးကို လက်နှင့်ဖိပြီး အံ့သြသွားချင်ယောင် ဆောင်လိုက်၏။
"မိန်းကလေး …
နင်က ငါတို့မြို့ရဲ့ဘာသာစကားကို ပြောနိုင်တာလား…"
နင်ယောင်က နောက်တစ်ကြိမ် မေးလိုက်သည်။
"နင့်မှာ ပြောစရာရှိလို့လား…"
ကျစ်ကွေးက စားပွဲပေါ်တွင် ရှိနေသော ဓားရှည်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒါက နင့်ရဲ့ဓားလား…"
နင်ယောင်က မျက်မှောင်ကြုတ်လိုက်မိပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ အနက်ဝတ် မိန်းမပျိုက စကားမပြောသော်လည်း ကျစ်ကွေးကတော့ ဂရုမစိုက်ခဲ့ချေ။ သူမက မတ်တပ်ရပ်လိုက်ပြီး နံရံ၏ထောင့်ကို လျှောက်သွားခဲ့၏။ သူမက သစ်သားစင်လေးပေါ်တွင် တင်ထားသော ပုလင်းများ၊ အိုးများကို သေချာကြည့်လိုက်သည်။ အစေခံမလေးက အဖိုးမတန်သော ပစ္စည်းများကို သေချာကြည့်နေခဲ့၏။
ချန်းပင်အန်းက မီးဖိုအလုပ်သမား ဖြစ်ခဲ့သည့်အချိန်တွင် မြို့၏ပတ်ပတ်လည်၌ ရှိနေသော တောင်တန်းများ၊ မြစ်များထဲတွင် ခြေဗလာနှင့် သွားလာခဲ့ဖူးသည်။ သူက ကျောက်တူး၊ သစ်ခုတ်ရန် တောင်ပေါ်သို့ တစ်ယောက်တည်းပင် သွားတတ်၏။ သူက တောင်တန်းများပေါ်တွင် အတက်အဆင်း အလွန်လျင်မြန်လှသည်။
တစ်စုံတစ်ယောက်ကသာ သူ့ကို သင်ကြားပေးရန် ဆန္ဒရှိနေသရွေ့ သင်ကြားရန် မည်မျှခက်ခဲစေကာမူ ချန်းပင်အန်းက (၁၂၀) ရာခိုင်နှုန်းခန့် ကြိုးစားအားထုတ်တတ်သည်။ အဆုံးတွင် သူ မည်မျှ အောင်မြင်နိုင်လဲဟူသည့် အရာကိုတော့ ချန်းပင်အန်းက ဂရုမစိုက်ခဲ့ပေ။
သူသာ လိုချင်နေသည်ဆိုလျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ အဘိုးယောင်က ကြွေထည်မီးဖုတ်ခြင်း သင်ကြားပေးသည့် အချိန်ကကဲ့သို့ ဖြစ်သည်။ သူက အမြဲလိုလို နာကျင်နေရပြီး သူ၏အစစ်အမှန် စွမ်းရည်များကို ပြသလိုခြင်း မရှိချေ။
အဘိုးယောင်ကသာ တစ်ခုခုပြောပြီး တစ်ခုခု လုပ်ဆောင်ခိုင်းလျှင် ချန်းပင်အန်းက ထိုအရာကို အလေးအနက် လုပ်ဆောင်ပါလိမ့်မည်။ နောက်ပိုင်းတွင်တော့ လျှိုရှန်းယန်က သစ်သားလေးနှင့် ငါးမျှားတံကို မည်သို့ပြုလုပ်ကြောင်း သင်ကြားပေးသည့်အချိန်တွင် ချန်းပင်အန်းက အသေးစိတ် လေ့လာခဲ့သည်။
တစ်ဖက်ခြံတွင် ရှိနေသော စုန့်ကျိရှင်းကတော့ အမြဲလိုလို စကားလုံးများနှင့် ထိုးနှက်နေခဲ့၏။ စာအုပ်များအရ ပြောရမည်ဆိုလျှင် ချန်းပင်အန်း၏ အကျင့်စရိုက်က အလုပ်တစ်ခုကို အကောင်းဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် အရာများကိုတော့ ကံတရားအပေါ်သာ ပုံအပ်ထားခဲ့သည်။
ချန်းပင်အန်းဆီတွင် ကောင်းမွန်သောဘဝတစ်ခု မရှိခဲ့သည်မှာ ကံဆိုးသွား၏။ ထိုသို့ဖြစ်နေသည့်အတွက် သူက စားလိုက် အိပ်လိုက်နှင့် သေဆုံးခြင်းကိုသာ စောင့်နေရပါလိမ့်မည်။
ကျစ်ကွေးက လက်ကိုဝှေ့ယမ်းပြီး အပြုံးနှင့် ပြောလိုက်သည်။
"ငါ သွားတော့မယ်။ မိန်းကလေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တကယ်လို့ တစ်ခုခုလိုအပ်တယ်ဆိုရင် လှမ်းခေါ်လိုက်ပါ။ ငါ့နာမည်က ကျစ်ကွေးလို့ခေါ်တယ်။ ငါက ဟိုဘက်ခြံမှာနေတာ…"
နင်ယောင်၏ မျက်နှာပေါ်တွင် ခံစားချက်များ မရှိချေ။
အစေခံမလေးက အခန်းထဲမှ ထွက်သွားပြီး ခြံဝန်းထဲကို လျှောက်သွားခဲ့၏။ ထို့နောက် သူမက အနက်ဝတ် မိန်းကလေး ကြားရရုံအသံနှင့် တီးတိုးရေရွတ်လိုက်သည်။
"သိပ်လည်း စိတ်ဝင်စားစရာမကောင်းဘူး.."
နင်ယောင်ကလည်း တမင်တကာ တိုးတိုးလေး ပြောလိုက်၏။
"တော်တော်တောဆန်တဲ့နာမည်ပဲ…"
ကျစ်ကွေးက ခြံဝန်းတံခါးကို ပိတ်လိုက်သည့်အချိန်တွင် အားနှင့် စောင့်ပိတ်လိုက်သည်။
နင်ယောင်ကတော့ မျက်လုံးမှိတ်ပြီး နောက်တစ်ကြိမ် အနားယူနေခဲ့သည်။ ထူးဆန်းသော မိန်းကလေး ရောက်လာမှုက နင်ယောင်၏ နှလုံးသားကို သက်ရောက်စေနိုင်ခြင်း မရှိချေ။
သို့သော် သူမက ဤမြို့ငယ်လေးကို အမှန်တကယ် မကြိုက်ခဲ့ပေ။ အထူးသဖြင့် ကံတရား လာရှာသော ကျင့်ကြံသူများ ဖြစ်သည်။ သူတို့က အချင်းချင်း လှည့်စားနေကြပြီး အရှက်မရှိကြပေ။ သူတို့က ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်ဟု ခေါ်ကြသည်မှာ တောင်ထိပ်ပေါ်၌ ရပ်တည်နိုင်ခြင်းကြောင့် ဖြစ်သည်။ သူတို့က အဆင့်မြင့်နေခြင်းကြောင့် မဟုတ်ပေ။ နင်ယောင်၏ နှလုံးသားထဲတွင်တော့ မဟာလမ်းစဉ်က ထိုမျှသေးသိမ်မှု မရှိသင့်ပေ။
……………
ရွှံ့ပုလင်းလမ်းကြားထဲမှ မြက်ဖိနပ်နှင့် လူငယ်လေး ထွက်လာပြီးနောက် နေရောင်ခြည်က အနည်းငယ် တောက်ပနေသေးသည်။ သူက နဖူးကို ညာလက်နှင့် ကာထားပြီး လေကို ဖွဖွလေး မှုတ်ထုတ်လိုက်၏။ ထို့နောက် သူက တဟုန်ထိုး ပြေးသွားခဲ့သည်။
သူ၏ခြေလှမ်းများက ပေါ့ပါးနေ၏။ သူက လမ်းပေါင်းများစွာနှင့် လမ်းကြားလေးပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သော်လည်း ပင်ပန်းနွမ်းနယ်သည်ဟု ခံစားမိခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ စမ်းချောင်းကို ဖြတ်၍ တောင်ပေါ်ကို တက်နေကျဖြစ်သော လူငယ်လေးတစ်ယောက်အတွက်တော့ ထိုခရီးလမ်းက ပြောပလောက်စရာ မရှိချေ။
အမှန်တကယ် ခက်ခဲသည်မှာတော့ တောင်ပေါ်သို့တက်၍ မီးသွေးဖုတ်ရခြင်းသာ ဖြစ်သည်။ နဂါးမီးဖိုကြီးတစ်ခုက နှစ်စဉ်နှစ်တိုင်း မီးသွေး တန် (၂၀)၊ (၃၀) ခန့် အသုံးပြုရသည်။ အထူးသဖြင့် မိုးရွာသည့်အချိန်မျိုးတွင် တောင်ပေါ်၌ နေထိုင်ပြီး သစ်ခုတ်၍ မီးသွေးဖုတ်ရသည်မှာ အတော်လေးကို ဒုက္ခများသည်။
လူငယ်လေးကတော့ မီးဖို တည်ဆောက်နေရင်း ပြိုကျသွားသည့်အတွက် သေလုမျောပါး ဖြစ်ခဲ့ဖူးသည်။ ထိုနှစ်များ အတောအတွင်း လူငယ်လေးက ရုပ်ပိုင်းဆိုင်ရာ အလုပ်အများစုကို လုပ်ဆောင်ခဲ့ရပြီး စွမ်းရည်တချို့ကိုလည်း လိုအပ်ခဲ့သည်။
သို့သော် သူကတော့ ခွန်အားသက်သက်ကိုသာ အားကိုးပြီး အသက်ရှင် ရပ်တည်နေခဲ့ရ၏။ ထို့ကြောင့် လူငယ်လေး၏ရုပ်ရည်က အားနည်းပြီး ပိန်ပိန်ပါးပါး ရှိနေသည်မှာ အပေါ်ယံသာ ဖြစ်သည်။ သူ၏ခန္ဓာကိုယ် အတွင်းထဲတွင်တော့ အကြိမ်ထောင်ပေါင်းများစွာ ဖိနှိပ်ထားသလို မာကျောမှုတစ်ခု ရှိနေသည်။
ချန်းပင်အန်းက လမ်းဆုံတွင် ရပ်လိုက်၏။ သူက နံရံကိုမှီ၍ ထိုင်စောင့်နေခဲ့သည်။ သူ၏လက်တစ်ဖက်က လက်သီးဆုပ်ထားပြီး တခြားလက်တစ်ဖက်ကတော့ ကောက်ရိုးဖိနပ်ကို တင်းတင်းချည်နေခဲ့၏။ ထိုအချိန်တွင် လူငယ်လေး၏ ရင်ထဲတွင်တော့ ရေကန်တစ်ခုပမာ ငြိမ်သက်နေခဲ့သည်။
မြို့ငယ်လေးထဲတွင် သူ့အတွက်မိတ်ဆွေတစ်ယောက်သာ ရှိ၏။ ထိုမိတ်ဆွေကလည်း သူ့အဘိုးနှင့် ပတ်သက်သော ပုံပြင်တစ်ပုဒ်ကို ချန်းပင်အန်းဆီသို့ ပြောပြခဲ့ဖူးသည်။
သူ့အဘိုး ငယ်ရွယ်စဉ် လူတစ်ယောက်က လူတစ်ယောက်က စမ်းချောင်းဘေးတွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူက ခြေလှမ်းအနည်းငယ် ပြေးလာပြီးနောက် စမ်းချောင်းကို ခြေတစ်လှမ်းတည်းနှင့် ခုန်ကျော်သွားခဲ့သည်။ နောက်ပိုင်းတွင်တော့ လျှိုရှန်းယန်နှင့် ချန်းပင်အန်းတို့ကိုယ်တိုင် ကြိုးစားခဲ့ကြ၏။
သူတို့က စမ်းချောင်း၏ အကျဉ်းဆုံးနေရာကို ရွေးချယ်ပြီး တစ်ချိန်တည်းတွင် ပြေးခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ချန်းပင်အန်းထက် အနည်းငယ် အသက်ပိုကြီးသော လျှိုရှန်းယန်က ခုန်လိုက်ပြီးနောက် ရေထဲကို လျင်မြန်စွာ ပြုတ်ကျသွားခဲ့၏။
ထိုအချိန်တွင် သူခေါင်းပေါ်မှ ဖြတ်သွားသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူက ရှေ့ကိုဆက်၍ ပြေးသွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဝေးဝေးတွင် ခြေချနိုင်ခဲ့သည်။ ထို့နောက် လျှိုရှန်းယန်က ခြေတစ်လှမ်းတည်းနှင့် စမ်းချောင်းကို ဖြတ်ကျော်ခဲ့သော အင်မော်တယ်အကြောင်း လုံးဝ မပြောတော့ပေ။
နောက်ပိုင်းတွင်တော့ ချန်းပင်အန်းက စမ်းချောင်းကို တစ်ယောက်တည်း မကြာမကြာသွားပြီး ပြေးလိုက် ခုန်လိုက် လုပ်ဆောင်နေကြောင်း လျှိုရှန်းယန်က သိနေခဲ့သည်။ ထိုလူငယ်လေးက တစ်ကြိမ်ထက် တစ်ကြိမ် စမ်းချောင်းလေး၏ တစ်ဖက်ကို ပို၍နီးကပ်လာနေပြီး လုံးဝပင်ပန်းနွမ်းနယ်ခဲ့ခြင်း မရှိချေ။
တစ်ကြိမ်တွင်တော့ သူက အဝေးမှနေ၍ ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ လျှိုရှန်းယန်က ထိတ်လန့်အံ့ဩဖွယ်မြင်ကွင်းကို မြင်လိုက်ရသည့် အချိန်တွင် အလွန်ဉာဏ်ထိုင်းသည်ဟု ထင်ရသော လူငယ်လေးက ယခုတစ်ကြိမ်တော့ လုံးဝကွဲပြားနေသည်ဟု ခံစားမိခဲ့၏။
ထိုလူငယ်လေးက စမ်းချောင်းကို ခုန်ကျော်သွားခဲ့သည်မှာ မြွေတစ်ကောင်ကို အမဲလိုက်နေသော ကောင်းကင်ပေါ်မှ သိန်းငှက်တစ်ကောင်ကဲ့သို့ ထင်မှတ်လိုက်ရပေသည်။