အခန်း (၂၂)
Vol. 2 Ch. 22
ရွာကျောင်းလေးထဲတွင် ဆိုင်းဘုတ်ကျောက်ပြားမရှိသော အိမ်ငယ်လေးတစ်ခုထဲ၌ သက်သတ်ပိုင်းအရွယ် စာသင်သား ချီကျင့်ချွန်က တစ်ယောက်တည်းထိုင်ပြီး ကျားထိုးနေခဲ့သည်။ ထိုအရာက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက လက်ဆင့်ကမ်းလာခဲ့သည့် နာမည်ကျော် ကစားနည်းတစ်မျိုး မဟုတ်သော်လည်း လူကြိုက်များသည်။
သူက ကျားကွက်ခုံပေါ်တွင် အဖြူရောင်ကျားစေ့ကို ချတော့မည့်အချိန်၌ သက်ပြင်းချလိုက်မိသည်။ သက်လတ်ပိုင်းအရွယ် စာသင်သားက ထိုကျားစေ့ချရမည့်နေရာကို ရုတ်တရက် တွေဝေလာခဲ့၏။
သူ့လက်ကို ရုတ်သိမ်းလိုက်ပြီးနောက် ကျားစေ့လေးက ကျားကွက်ခုံနှင့် တစ်လက်မခန့်အကွာ လေထဲတွင် လွင့်မောနေလေ၏။ ချီကျင့်ချွန်က မတ်မတ်ထိုင်နေခဲ့သည်။ ဤနေရာကို စောင့်ကြည့်နေရသော လက်ရှိသူတော်စင်တစ်ယောက်ဖြစ်သလို ကွန်ဖြူးရှပ်ကျောင်းတော်(၇၂)ခုထဲမှ တစ်ခုဖြစ်သည့် ချောက်ကမ်းပါးကျောင်းတော်၏ ယခင်အရှင်သခင် တစ်ယောက် ဖြစ်ခဲ့သော သူ၏ပြစ်မှုအတွက် ဤနေရာသို့ ပို့ဆောင်ထားခဲ့သော်လည်း ချီကျင့်ချွန်က လက်ရှိခေတ်တွင် အလွန်ထူးချွန်သော စာသင်သားတစ်ယောက်ဖြစ်နေသေးသည်။
မြို့ငယ်လေးထဲတွင် ရှိနေသော သာမန်လူများကတော့ နှစ်စဉ်နှစ်တိုင်း ညှိုးခြောက်ပြီး ထွက်ပေါ်လာသော စပါးပင်များကဲ့သို့ ဖြစ်သည်။ နှစ် (၆၀)ဟူသော အချိန်က မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
မတူညီသောရုပ်ရည်နှင့် သက်တမ်းရှိနေသော ဆရာများစွာက ဤနေရာတွင် ပြောင်းလဲသွားခဲ့သည်။ သို့သော် ကျန်ရှိနေသော စာသင်သား၏ စိတ်နေသဘောထားကတော့ အတူတူသာ ဖြစ်သည်။ သူတို့က ရှေးကျပြီး စည်းမျဉ်းတင်းကြပ်၏။ ရှေးရိုးစွဲကြသည်။ အချုပ်အားဖြင့် ပြောရလျှင် သူတို့အားလုံးက လွန်စွာပျင်းစရာကောင်းလွန်းလှ၏။
ဤနေရာကို ရောက်လာပြီး ထွက်သွားကြသော ဆရာအနည်းငယ်က လူတစ်ယောက်တည်း ဖြစ်လိမ့်မည်ဟု မည်သူကမျှ မတွေးမိကြချေ။ ထိုအရာတွင် သာမက မြို့ငယ်လေး၏ အပြင်ဘက်တွင် ရှိနေသော ကမ္ဘာကြီးထဲတွင်သာမက သီးသန့်နေ့ထိုင်တတ်သော ဆရာကြီးက အလွန်အဆင့်အတန်းမြင့်သော ဂုဏ်သိက္ခာတစ်ခု ရှိလေသည်။ သူက အမှန်တရားဆန်သော အထွဋ်အထိပ်စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားခဲ့၏။
ထို့နောက် ချီကျင့်ချွန်၏ စိတ်ဝိညာဉ်က အင်မော်တယ်တစ်ပါးကဲ့သို့ သူ့ခန္ဓာကိုယ်ထဲမှ ပျံထွက်လာခဲ့သည်။ သူ၏စိတ်ဝိညာဉ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သူက ချက်ချင်းပင် ခန္ဓာကိုယ်၏ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့ပြီး မြို့ထဲတွင် ရှိနေသော လမ်းကြားလေးတစ်ခုဆီသို့ လွင့်မျောလာခဲ့၏။
မျက်စိတမှိတ်အတွင်း ချီကျင့်ချွန်က လမ်းကြားလေးထဲကို ရောက်လာခဲ့သည်။ ပထမဆုံး သူက သွေးအိုင်ထဲတွင် လဲကျနေသော မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရ၏။ ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်က လေထဲတွင် ရှိနေသော ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေပြီး စိတ်ဝိညာဉ်(၃)ခုနှင့် ဝိညာဉ်(၇)မျိုးကပင် ပျောက်ကွယ်နေခဲ့သည်။
ချီကျင့်ချွန်က ခဏရပ်လိုက်ပြီး နောက်ဆုံးတွင်တော့ လူ(၂)နှစ်ယောက်ဆီကို ရောက်လာခဲ့၏။ နဂါးအိုမြို့မှ သခင်လေးက နောက်ကို အနည်းငယ်ယိုင်ပြီး မှင်တက်နေပုံရသည်။ အလွန်ချောမောခန့်ညားသော သူ၏မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးသော အမူအရာများ ပြည့်နှက်နေပြီး ထိတ်လန့်မှု၊ သံသယနှင့် စိတ်ဓာတ်ကျမှုများ ရောထွေးနေခဲ့သည်။
ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးကတော့ လေထဲမှနေ၍ ရှေ့ကို ခုန်ဝင်လာခဲ့သည်။ သူ၏ဘယ်ဘက်လက်ထဲတွင်တော့ ဓားသွားပမာ ထက်မြက်လွန်းလှသော ကြွေထည်အပိုင်းအစတစ်ခုကို ကိုင်ထား၏။
သေရေးရှင်ရေးအခြေအနေမျိုးတွင်ပင် လူငယ်လေး၏မျက်လုံးများက ခိုင်မာပြီး မျက်နှာအမူအရာက တည်ငြိမ်နေသည်။ သူ့ပုံစံက အိမ်ငယ်လေးထဲတွင် မွေးဖွားလာပြီး တောင်တန်းများပေါ်တွင် ကြီးပြင်းခဲ့သော မသိနားမလည်သည့် လူငယ်လေးတစ်ယောက်နှင့် မတူတော့ပေ။
ထိုလူငယ်လေး၏ အဆင့်အတန်းနှင့် ကိုက်ညီနေသောအရာကတော့ သူ၏မျက်လုံးထဲတွင် နက်ရှိုင်းနေသည့် အကူအညီမဲ့နေသော ခံစားမှုသာ ဖြစ်သည်။ စာကြည့်ခန်းထဲမှ ထွက်လာသော စာသင်သားများနှင့် နှစ်ပေါင်းများစွာ ကျောင်းတော်မှ ပညာရှင်များအတွက်တော့ ထိုကဲ့သို့ အကူအညီမဲ့နေသော ပုံစံမျိုးက ထူးဆန်းနေခြင်း မရှိချေ။
ထိုအရာက အသက်ရှင်ရပ်တည်ရန်အတွက် ကောင်းကင်ကြီးကို မှီခိုအားထားနေရသော လယ်သမားတစ်ယောက်ကို ကြည့်နေရသလို ဖြစ်သည်။ ထိုအရာက ခြောက်ကပ်နေသော ရာသီတွင် လွင်တီးခေါင်ခေါင်ဖြစ်နေသော တောင်ကြားထဲတွင် ဆောင့်ကြောင့်ထိုင်၍ ခြစ်ခြစ်တောက်ပူလောင်လွန်းလှသော နေမင်းကြီးကို ကြည့်နေရသလိုမျိုးဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် မည်သူကမျှ နှလုံးကွဲကြေသွားခဲ့ခြင်း မရှိလျှင်ပင် အကူအညီမဲ့မှုနှင့် ရူးသွပ်မှုများကိုတော့ ခံစားနေရသေးသည်။ ဤကမ္ဘာကြီး၏ ယာယီအရှင်သခင် တစ်ယောက်ဖြစ်သော ချီကျင့်ချွန်က ချန်းပင်အန်းတို့ မိသားစု(၃)ယောက်၏ အခြေအနေ အရပ်ရပ်ကို သေချာသိနေကြသည်။
သူက ထိုလူငယ်၏ဘိုးဘေးများကို သူ့မျက်လုံးနှင့်ကိုယ်တိုင် မတွေ့ရသော်လည်း လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)မှ သူတို့မျိုးဆက်များကို အကြမ်းဖျင်း တွက်ချက်ကြည့်၍ ရနိုင်သေးသည်။
အကြောင်းအရာကတော့ အလွန်ရိုးရှင်း၏။ တိုင်းပြည်တစ်ခု၏ ရှင်ဘုရင်ကသာ သူ့လက်အောက်တွင် ရှိနေသော လူများ၏ မျိုးရိုးစဉ်ဆက်အကြောင်းကို သိချင်နေသည်ဆိုလျှင် ထိုမျိုးနွယ်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသည့်အရာများကို သွားရောက်စစ်ဆေးကြည့်ရန်သာ လိုအပ်သည်။ ထိုအရာက ကြည့်လိုက်ရုံနှင့် ရှင်းလင်းနိုင်၏။
နှစ်ပေါင်း(၃၀၀၀) ကျော် တိုးတက်လာပြီးနောက် မြို့ငယ်လေး၏ကိုင်းခွဲများ၊ သစ်ရွက်များက မြို့ငယ်လေး၏ အပြင်ဘက်သို့ ဖြာထွက်သွားခဲ့ပြီး အချင်းချင်း ရောယှက်နေခဲ့သည်။ မျိုးဆက်တစ်ခုချင်းဆီတိုင်းတွင် အံ့ဩစရာကောင်းသော ပါရမီရှင်အနည်းငယ်ရှိနေသည့် အတွက်ကြောင့် သူတို့က မွေးရပ်မြေကို အောင်မြင်စွာ ပြန်လာကြခြင်း မရှိသော်လည်း လျှို့ဝှက်လမ်းကြောင်းများမှတဆင့် မိသားစုကို ထောက်ပံ့ပေးနိုင်ကြသေးသည်။
နောက်ဆုံးတွင်တော့ ယနေ့မြို့ငယ်လေးထဲတွင် မျိုးရိုးကြီး(၄)ခုနှင့် ကလန်(၁၀)ခုက အကျော်ကြားဆုံးဖြစ်သည်။ ချန်းပင်အန်းကလန်၏ သမိုင်းကြောင်းကလည်း အလားတူ ရှည်လျားလှသည်။ တချိန်တုန်းက သူ၏ဘိုးဘေးက အောင်မြင်ကျော်ကြားမှုကိုရခဲ့ပြီး အလွန်ထူးချွန်ထက်မြက်ခဲ့၏။
သို့သော် အတက်အကျ(၂)ကြိမ်ခန့် ကြုံလိုက်ရပြီးနောက် လက်အောက်ခံ တိုင်းပြည်များစွာနှင့် အင်ပါယာများစွာ ရှိနေသော ထိုကလန်က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး တခြားကလန်များကို လမ်းဖယ်ပေးလိုက်ရသည်။
နှစ်ပေါင်း(၁၀၀၀) ကြာခဲ့ပြီးနောက် တနေ့ချင်းဆီ ဆုတ်ယုတ်သွားခဲ့ပြီး ထိုကောင်လေး၏ အဖေမျိုးဆက်ကို ရောက်သည့်အချိန်တွင်တော့ မြို့ငယ်လေးထဲတွင် ရှိနေသော ချန်းကလန်က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် လုံးဝပျက်စီးသွားပြီဟု ဆိုလိုနေသည်။
မြို့ငယ်လေး လက်ရှိတည်ရှိနေသော တာ့လီအင်ပါယာ ပိုင်နက်ကို မပြောနှင့် ဘုရင်ကပင် သူတို့၏မျိုးဆက်များကို လာရောက်ကြည့်ရှုခဲ့ခြင်း မရှိတော့ချေ။ ထို့ကြောင့် ထိုကလန်က နောက်တစ်ကြိမ် တိုးတက်လာရန် လုံးဝမဖြစ်နိုင်တော့ပေ။
ချီကျင့်ချွန်က ဤနေရာကို ရောက်လာပြီး ဝင်္ကပါကို နှစ်ပေါင်း(၆၀)ကျော် ထိန်းချုပ်လာရပြီးနောက် သူက အမှန်တရားနှင့် ငြိမ်းချမ်းမှုဟူသော စကားလုံးကိုသာ အဓိက အလေးထားခဲ့သည်။ သူက တကိုယ်ရည် ကြိုက်ခြင်း၊မကြိုက်ခြင်းကိုအခြေခံပြီး မြို့ငယ်လေးထဲတွင် ရှိနေသော လူအများ၏ ကံကြမ္မာကို တမင်တကာ လုံးဝပြောင်းလဲခဲ့ခြင်း မရှိချေ။
မကောင်းဆိုးဝါးတစ်ယောက် ဖြစ်ခဲ့သော ထိုစာသင်သား၏ မျက်လုံးထဲတွင်တော့ မြို့ငယ်လေးထဲရှိ မိသားစုကြီးများတွင် အညစ်အကြေးများစွာ ရှိနေပြီး လမ်းကြားငယ်လေးများထဲတွင် ရှိနေသော မိသားစုများကတော့ အလွန်အမင်းကို ဆင်းရဲနွမ်းပါးကြသည်။
သို့သော် ချီကျင့်ချွန်က သေသေချာချာ စောင့်ကြည့်ခဲ့ပြီးနောက် မိသားစုကြီးများထဲတွင်လည်း အကူအညီမဲ့နေသည့် အခြေအနေများရှိနေသလို အိမ်ငယ်လေးများထဲတွင်လည်း ရက်စက် ကောက်ကျစ်မှုများ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
အချိန်ကြာလာသည်နှင့်အမျှ သူက အဆင့်အတန်းမြင့်သော ရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ သူက ပူဇော်မှုကို သဘောကျနေခြင်း မရှိသလို အခွင့်အရေးများကိုလည်း လက်ခံခဲ့ခြင်း မရှိချေ။ သူက လက်ပိုက်ပြီး အေးအေးဆေးဆေး ထိုင်နေခဲ့၏။ ကမ္ဘာကြီး၏ အရေးကိစ္စများကို ဂရုမစိုက်တော့ပေ။
ချီကျင့်ချွန်က အနည်းငယ် အံ့ဩသွားခဲ့၏။ သူက ရှေ့ကို တစ်လှမ်း လျှောက်သွားလိုက်ပြီးနောက် ထိုမြင်ကွင်းကို စိုက်ကြည့်၍ အသာအယာ ခေါင်းညိတ်လိုက်မိသည်။
အလွန်ဆင်းရဲသော လူငယ်လေးက ဖူနန်းဟွာကို သတ်ပစ်ရန် ဆုံးဖြတ်ထားပုံရသည်။ လက်ရှိအခြေအနေအရ လူငယ်လေး၏ လက်က ဖူနန်းဟွာ၏ လည်ပင်းကို ပြင်းပြင်းထန်ထန် ညှစ်ထားခဲ့၏။ ထိုအရာက ချိုက်ကျင်းကျန့်၏ အဆုံးသတ်ထက် ပို၍ကောင်းနေသေးသည်။
လူငယ်လေး၏ကန်ချက်ကြောင့် ဖူနန်းဟွာက အရှိန်နှင့် ပြင်းပြင်းထန်ထန် လွင့်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်က နံရံနှင့် တိုက်မိသွားခဲ့၏။ ထို့နောက် လူငယ်လေးက သူ့လည်ပင်းကို လက်တစ်ဖက်နှင့် ချုပ်ထားပြီး သူ၏တခြားလက်တစ်ဖက်တွင် ကိုင်ထားသော ကြွေထည်အပိုင်းအစနှင့် သူ့ဗိုက်ကို ဖိနှိပ်ထားခဲ့သည်။
ချီကျင့်ချွန်က အနည်းငယ် စိတ်ဝင်စားနေခဲ့၏။ ဘာကြောင့် ယခုတကြိမ် ထိုလူငယ်လေးက လူမသတ်ခဲ့ရသနည်း။ ထိုအရာက အခွင့်ကောင်းတစ်ခုဖြစ်ပြီး အလွန်လျင်မြန်သွက်လက်ရန် လိုအပ်သည်။ မဟုတ်လျှင် အဆုံးသတ်မရှိနိုင်တော့ပေ။
ချီကျင့်ချွန်က စာသင်သားတစ်ယောက်ဖြစ်၏။ သူကတော့ တန်းတူညီမျှဆက်ဆံပြီး မည်သူ့အပေါ်ကိုမျှ ယိမ်းယိုင်နေခြင်း မရှိချေ။ သူက ရှေးရိုးစွဲ စာသင်သားများကဲ့သို့ ခေါင်းညိတ်ခေါင်းခါလူမျိုး မဟုတ်ချေ။
သူက ဖူနန်းဟွာကဲ့သို့ လူငယ်များ၏ အရည်အချင်းနှင့် စိတ်နေသဘောထားကို အလွန်ရင်းနှီးသည်။ ယနေ့မြို့ငယ်လေး၏ လမ်းကြားလေးထဲတွင် သူက လူငယ်၏ ခြိမ်းခြောက်မှုကြောင့် လက်တုံ့ပြန်ခြင်းကို ယာယီလက်လျော့လိုက်ရမည်ဆိုလျှင် ထိုအရာက သူ့ဘဝတွင် အကြီးမားဆုံး အရှက်ကွဲမှုတစ်ခု သေချာပေါက် ဖြစ်သွားလိမ့်မည်။ သူ၏တာအိုနှလုံးသားကပင် နတ်ဆိုးတစ်ကောင်သိမ်းပိုက်ခြင်းကို ခံရမည်ဟုပြောလျှင် ချဲ့ကားနေခြင်း မဟုတ်ပေ။
အချိန်ကျလာသည့်အချိန်တွင် ပြသနာတက်မည်မှာ လူငယ်လေးကိုယ်တိုင်မဟုတ်ဘဲ တောင်ပင်လယ်တစ်ခုလုံး၏ အရှင်အသခင်ဖြစ်သော နဂါးအိုမြို့သာဖြစ်သည်။ ချီကျင့်ချွန်က ဤနေရာကို ရောက်လာပြီး မြက်ဖိနပ်နှင့် လူငယ်လေးကို ဆက်တိုက်လူသတ်ခြင်းမှ တားဆီးချင်နေသည်မှာ သူ၏တကိုယ်ရည်အတ္တများကြောင့် ဖြစ်သလို တရားမျှတမှုအတွက်လည်း ဖြစ်၏။
ယခု မြို့ငယ်လေးက အက်ကွဲနေသည့် ကြွေထည်အပိုင်းအစတစ်ခုကဲ့သို့ဖြစ်သည်။ အနှေးနှင့်အမြန် ပျက်စီးသွားတော့မည်သာ ဖြစ်သည်။ ချီကျင့်ချွန်က ရပ်တန့်၍မရသော ထိုဖြစ်စဉ်ကို နှေးကွေးရန် ကြိုးစားနေသည်။ သူက တတ်နိုင်သမျှ လူပေါင်းများစွာကို ရှောင်တိမ်းရန်အတွက် လမ်းကြောင်းတစ်ခု စီစဉ်ပေးရန် အကောင်းဆုံးကြိုးစားနေခဲ့၏။
အကယ်၍ သူကသာ ထိုအရာကို ပန်းပဲဆရာရွမ်ဆီသို့ လုံလုံခြုံခြုံ လက်လွှဲနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ထပ် နှစ်(၆၀)ကြာပြီးနောက် လူတိုင်းက ဝမ်းသာသွားရမည်ဖြစ်၏။ တောင်ပေါ်တွင် ရှိနေသောလူများက အခွင့်အရေးရနိုင်မည်ဖြစ်သလို တောင်အောက်တွင် ရှိနေသော လူငယ်များကလည်း တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်သည်။
ထိုအရာက လူအများစု၏ သဘောထားကို သိနေနိုင်၏။ လမ်းကြောင်းတစ်ခု ပြိုလဲသွားသည့်အချိန်တိုင်း လမ်းကြောင်းအဟောင်းနေရာတွင် အသစ်များ အစားထိုး ဝင်ရောက်လာတတ်သည်။ အခွင့်အရေးများကလည်း နေရာတိုင်းတွင် ပေါ်လာတတ်သည့်အတွက် အင်မော်တယ်များက တောင်ခြေတွင် ရှိနေသော ပုရွက်ဆိတ် ရာပေါင်းများစွာ၊ထောင်ပေါင်းများစွာ၏ အသက်ကို မည်ကဲ့သို့ စိတ်ဝင်စားကြမည်နည်း။
ချီကျင့်ချွန်က ခဏကြာစဉ်းစားပြီးနောက် သူ့ပုံရိပ်ကို တိတ်တဆိတ် ဖျောက်လိုက်သည်။ ကမ္ဘာမြေကြီး၏ လှုပ်ရှားမှုများကလည်း ချောမွေ့လာပြီး အနှောင့်အယှက် မရှိတော့ချေ။ မူလတုန်းက ကန့်သတ်ချက်များလည်း တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့၏။
နောက်ဆုံးတွင်တော့ လူငယ်လေး၏လက်က ဖူနန်းဟွာ၏ လည်ပင်းနေရာကို ပြင်းထန်စွာ ရိုက်လိုက်မိသည်။ တဖက်လူ၏ခေါင်းက လှုပ်ရှားသွားခဲ့ပြီး သူက လမ်းကြားလေး၏နံရံနှင့် အရှိန်ပြင်းစွာ တိုက်မိသွားခဲ့သည်။ အလွန်ကြီးမားသော အစွမ်းကြောင့် သူလည်း မူးဝေသွားခဲ့၏။
လူငယ်လေးက ဆင်းလာပြီးနောက် အနားသို့ လျင်မြန်စွာ ကပ်သွားပြီး ဖူနန်းဟွာ၏ဗိုက်ကို တံတောင်နှင့် တွတ်လိုက်သည်။
ဖူနန်းဟွာကတော့ တည့်တည့်ပင် မရပ်နိုင်ခဲ့ပေ။ နောက်ကျောက နံရံကို ကပ်ထားရ၏။ လူငယ်လေး၏ တံတောင်တိုက်ခိုက်မှုများက သူ့ကို သွေးအန်လုမတတ်ဖြစ်စေပြီး ခန္ဓာကိုယ်က ကွေးညွတ်သွားခဲ့သည်။ လူငယ်က ဖူနန်းဟွာ၏လည်ပင်းကို လက်တစ်ဖက်နှင့် ချုပ်ကိုင်ထားပြီး သူ၏တခြားလက်တစ်ဖက်က ထိုလူငယ်၏ဗိုက်ကို ဖိနှိပ်ထားခဲ့သည်။
သူ့ထက် ခေါင်းတစ်လုံး ပို၍နိမ့်သော ထိုလူငယ်လေး၏လက်(၅)ချောင်းထဲတွင် ထိုကဲ့သို့ အစွမ်းများ ရှိနေလိမ့်မည်ကို ဖူနန်းဟွာက တွေးကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။ ပုံမှန်အားဖြင့် ပြောရလျှင် သူ့ဗိုက်ဆီကို ရောက်လာသော ကြွေထည်အပိုင်းအစ၏ ထက်မြက်မှုနှင့် အေးစက်မှုကြောင့် သူ့ဆီသို့ သေခြင်းတရားက နောက်တကြိမ် ကျရောက်လာပြီဖြစ်ကြောင်း နဂါးအိုမြို့မှ သခင်လေးက ခံစားမိလာခဲ့သည်။
သေခြင်းရှင်ခြင်း ကြားထဲတွင် ရှိနေသော ကွာခြားချက်က အလွန်ထင်ရှား၏။ တောင်တန်းများ၊ကွင်းပြင်ကြီးများပေါ်တွင် ဆေးပင်များ ရှာဖွေကာ အသက်မွေးခဲ့ရသော လူငယ်လေးက သူ့ထက်ပင် အသက်ရှင်လိုစိတ် ပို၍ပြင်းထန်နေကြောင်း ဖူနန်းဟွာက မသိခဲ့ပေ။
သူ့ဆီမှ ထွက်ပေါ်လာသော အစွမ်းများက အလွန်အံ့ဩစရာ ကောင်းနေခဲ့သည်။ ထိုလူငယ်လေးက ဆေးပင်ကို မှားယွင်းစားသုံးမိခဲ့သည့်အတွက် လမ်းကြားလေးတွင် နာကျင်စွာ လူးလိမ့်နေသည့်အချိန်၌ ထိုကဲ့သို့ စွဲလမ်းမှုကြောင့်သာ အိမ်ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူက အသက်ကယ်တင်နိုင်သည့် ဆေးပင်များကို သယ်ဆောင်ပြီး အိမ်သို့ပြန်လာနိုင်ခဲ့၏။
ထို့နောက် သူက သစ်ပင်များကိုခုတ်ပြီး မီးသွေးဖုတ်သည်။ ကြွေထည်များ ဖန်တီးပြီး ရွှံ့တူး၍ အရသာများ မြည်းစမ်းကြည့်ခဲ့ဖူး၏။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်၊ ခွန်အားနှင့် ခံနိုင်ရည်ကို စမ်းသပ်နိုင်သော တာဝန်တစ်ခုမျှ မရှိခဲ့ချေ။
မြို့အပြင်ဘက်တွင်ဆိုလျှင်တော့ ဖူနန်းဟွာက အင်မော်တယ်ကျင့်စဉ်တချို့ သုံးလိုက်ရုံနှင့် ထိုကဲ့သို့ လူငယ်အယောက် (၁၀၀)၊ (၁၀၀၀)လောက်ကို အလွယ်လေး သတ်ပစ်နိုင်သည်။ သို့သော် သူက မြို့ထဲတွင် ထိုလူငယ်နှင့် သူသေကိုယ်သေ တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေရ၏။ သူက သံပြားတစ်ခုကို ကန်လိုက်မိသလို အတော်လေး ကံဆိုးသွားခဲ့သည်။
ဖူနန်းဟွာက နာကျင်မှုနှင့် အရှက်ကွဲမှုကို ခံစားနေရ၏။ သူ့ခေါင်းထဲတွင်လည်း ဝေဝါးနေပြီး သူက ကြောက်မက်ဖွယ်ရာ အမူအရာနှင့် ပြောလိုက်သည်။
"တကယ်လို့ မင်းသာ ငါ့ကို သတ်မယ်ဆိုရင် မင်းလည်း သေရလိမ့်မယ်။ တကယ်လို့ မင်းက ငါ့ကို မသတ်ဘူးဆိုရင်လည်း မင်းက သေရဦးမှာပဲ… ခွေးကောင်လေး.."
ချန်းပင်အန်းက ခေါင်းမော့ပြီး သူ့မျက်နှာကို ရူးသွပ်စွာ စိုက်ကြည့်နေခဲ့သည်။ သူက ပြန်ပြောလိုက်၏။
"ငါ မင်းကို မသတ်ချင်ဘူးဆိုတာ မင်းသိပါတယ်၊ ငါနဲ့မင်းနဲ့ ဘာအညှိုးအတေးမှ မရှိဘူး။ မင်းက ငါ့ကိုထိခိုက်စေချင်တဲ့အတွက် ငါက တုံ့ပြန်ရတာပဲ…"
ဖူနန်းဟွာက ခနဲ့သလို ပြောလိုက်သည်။
"ခွေးကောင်လေး …
မင်းက ငါနဲ့ အကြောင်းပြချက်တွေပြောဖို့ ထိုက်တန်တယ်ထင်လို့လား…"
သူကတော့ ‘ထိုက်တန်တယ် ထင်လို့လား’ဟူသော စကားလုံးကို အလေးထား၍ပြောရန် ကြိုးစားလိုက်သည်။
ချန်းပင်အန်းက ခဏကြာ တိတ်ဆိတ်သွားပြီး မေးလိုက်၏။
"မင်းက ငါ့ကိုသတ်မှာလား…"
ဖူနန်းဟွာက လူငယ်လေး၏မျက်လုံးများကို မြင်သည့်အချိန်တွင် ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ ချုပ်နှောင်ခံရမှုကြောင့် ဖူနန်းဟွာ၏လည်ပင်းက နီရဲနေခဲ့၏။ သူ၏မျက်နှာက အစိမ်းရောင်ပြောင်းလိုက်၊ ခရမ်းရောင်ပြောင်းလိုက် ဖြစ်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် လူငယ်လေး၏ လက်(၅)ချောင်းက စွမ်းအားတိုးမြင့်လာခြင်း မရှိသော်လည်း ထိုလူငယ်ကို မွန်းကြပ်ပြီး သေသွားစေရန် လုံလောက်သည်။
ဖူနန်းဟွာက ခက်ခက်ခဲခဲ ပြောလိုက်၏။
"တကယ်လို့ ငါက မင်းကိုမသတ်ဘူးပြောရင်တောင် မင်းက ငါပြောတာကို ယုံမှာလား.."
သူက ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့သည်။ သို့သော် တချိန်တည်းလိုလိုပင် လူငယ်က သူ့အစွမ်းကို မြှင့်တင်လိုက်၏။ ထို့ကြောင့် ဖူနန်းဟွာ၏လက်(၅)ချောင်းက ပြုတ်ကျသွားခဲ့သည်။
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
ဖူနန်းဟွာကတော့ တဖြည်းဖြည်း ပို၍ခေါင်းမူးလာခဲ့၏။ သူကတော့ ထိုလူငယ်၏ ခေါင်းကို ရိုက်ပစ်ချင်နေပြီး မျက်နှာအမူအယာကို ကြည့်ကောင်းရန် ကြိုးစား၍ ထပ်ပြောလိုက်သည်။
"တကယ်လို့ ငါက ကောင်းကင်ဘုံနဲ့ ကျိန်မယ်ဆိုရင်ရော ..။ ငါတို့လို လူတွေက အလွယ်တကူကျိန်လို့မရဘူး…"
ဖူနန်းဟွာက လှည့်ကွက်တစ်ခု ဆင်လိုက်သည်။ ဗုဒ္ဓလမ်းစဉ် လိုက်နာသူများက သစ္စာဆိုတတ်ကြပြီး ကျင့်ကြံသူများက သူတို့၏နှလုံးသားထဲတွင် ကျိန်ဆိုတတ်ကြသည်။ ထိုအရာက ချုပ်နှောင်တတ်သော စွမ်းအားတစ်ခု ဖြစ်သော်လည်း ဖူနန်းဟွာက အမှန်တစ်ဝက်သာ ပြောလိုက်ခြင်းဖြစ်သည်။
အကယ်၍ သူက ကျိန်ဆိုလိုက်မည်ဆိုလျှင်ပင် ပါးစပ်မှ ကျိန်လိုက်ခြင်းသာဖြစ်သည်။ ထိုအရာက လုံးဝတုံ့ပြန်နိုင်စွမ်း မရှိတော့ ကောင်းကင်ကျိန်ဆိုမှုကဲ့သို့ မဟုတ်ချေ။ နောက်ပိုင်းတွင် ချိုးဖျက်ခြင်းရှိမရှိက သူ့ခံစားမှုအပေါ်တွင် မူတည်နေသည်။ ထို့ပြင် ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားကျိန်စာကို ချိုးဖျက်ရန် နည်းလမ်းမရှိခြင်း မဟုတ်ချေ။ တစုံတစ်ခုကို ပေးဆပ်ရခြင်းသာရှိသည်။ ပုံမှန်အားဖြင့်ပြောရလျှင် ထိုတန်ဖိုးက ကျိန်ဆိုလိုက်သည့် အနေအထားအပေါ်မူတည်ပြီး ကျင့်ကြံသူ၏ အဆင့်နှင့်သာ သက်ဆိုင်နေခဲ့၏။
သို့သော် မြက်ဖိနပ်နှင့် လူငယ်လေးကတော့ ခေါင်းခါပြနေသေးသည်။
တဖြည်းဖြည်းနှင့် အသက်ရှုရန် ခက်ခဲလာကြောင်း တွေ့လိုက်ရသည့် ဖူနန်းဟွာကတော့ အပေးအယူလုပ်ရန် စွမ်းအားပင်မရှိတော့ချေ။ ဘာကြောင့်မှန်း မသိဘဲ သူ့ခေါင်းထဲတွင် အနည်းငယ်ဝေဝါးသွားခဲ့၏။
“ငါက ဒီခွေးကောင်ရဲ့လက်ထဲမှာ သေရတော့မှာလား..။ ဒီသတင်းဆိုးတွေက နဂါးအိုမြို့ကို ရောက်သွားတဲ့အချိန်ကျရင် ငါ့ကို တမြို့လုံးက ဝိုင်းရယ်ကြတော့မှာလား.”
သူကတော့ သူ၏ခါးတွင် ပတ်ထားသော ခါးပတ်ပေါ်ရှိ လျှို့ဝှက်ရတနာကို အသက်သွင်းရန်ပင် အားမရှိတော့ချေ။ သူ့ခါးတွင် ရှိနေသော အဖြူရောင်ကျောက်စိမ်းခါးပတ်ထဲ၌ အစစ်အမှန်ရေနဂါးတစ်ကောင်၏ လက်ကျန်စိတ်ဝိညာဉ်တစ်ခု ရှိပေသည်။
"တော်လောက်ပြီ…"
သူတို့၏နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရ၏။ ဖူနန်းဟွာအတွက်တော့ ထိုအရာက သဘာဝတရားကြီး၏ အသံကဲ့သို့ ထင်ရသည်။ သို့သော် သူက သတိလစ်သွားသည့်အတွက် ထိုအရာက အတုအယောင်လား၊ အစစ်အမှန်လား သေချာမသိတော့ပေ။
ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်၏။ အဆုံးတွင်တော့ နှင်းများဖုံးလွှမ်းနေသော ဆရာချီကို တွေ့လိုက်ရသည်။ ဆရာချီက ပြုံးနေပြီး စကားတခွန်းမျှ မပြောခဲ့ပေ။
ချန်းပင်အန်း၏မျက်လုံးများက ခိုင်မာပြီး မတုန်မလှုပ် ရှိနေခဲ့၏။ သူ့လက်(၅)ချောင်းကိုလည်း လုံးဝမလှုပ်ခဲ့ပေ။
သူ၏ရည်ရွယ်ချက်က ကောင်းခြင်း၊ဆိုးခြင်း ရှိမရှိ ချီကျင့်ချွန်က မတွေးခဲ့သလို အလွန်ထူးချွန်သော ပါရမီရှင်တစ်ယောက်ကို မြင်ရသည့်အတွက် ကျေနပ်နေခြင်းလည်း မရှိချေ။ သူက မြက်ဖိနပ်နှင့် လူငယ်လေးကိုကြည့်၍ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။
စာသင်သားက လက်ဖဝါးကိုဖြန့်ပြီး ထိုအရာကို ကြည့်လိုက်မိ၏။ သူက မနေနိုင်ဘဲ ရယ်လိုက်မိသည်။ ထိုအရာကတော့ အညစ်အကြေးများ ပြည့်နှက်နေသော မှင်စက်တစ်စက် ဖြစ်သည်။ ထိုအရာက လူငယ်လေး၏ နှလုံးသားထဲကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်ထားခြင်း ဖြစ်ပုံရသည်။
ချန်းပင်အန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ချီကျင့်ချွန်က အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရ၏။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။
"ဒါကြောင့်လည်း ဒီကမ္ဘာကြီးထဲမှာ အောင်မြင်ဖို့ဆိုရင် ထူးချွန်ထက်မြက်တဲ့ ပါရမီက ဒုတိယ၊ လုံ့လဝီရိယရှိဖို့နဲ့ စွဲမြဲခိုင်မာဖို့က အရေးကြီးဆုံးလို့ ငါ့ဆရာက ပြောခဲ့တာပဲ။ ချန်းပင်အန်း… မင်းက ငါ့ဆရာရဲ့ကိုယ်စား ငါ့ကို နောက်ထပ်သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ။ ငါ ချီကျင့်ချွန်က တပည့်တစ်ယောက် လက်ခံဖို့ အခွင့်အရေးမရှိတော့တာ နှမြောဖို့ကောင်းတယ်…"