← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

ဆေးကျိုခြင်းကလည်း အပ်ချည်ထိုးသကဲ့သို့ အသေးစိတ်လုပ်ရသော အရာတစ်ခု ဖြစ်သည်။ ချန်းပင်အန်းကတော့ ထိုအရာကို စိတ်နှစ်၍ လုပ်ဆောင်နေခဲ့၏။ ထိုလူငယ်လေးဆီမှ ဝမ်းသာ‌ပျော်ရွှင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခဲ့သည်။

သို့သော် အနက်ဝတ် မိန်းမပျိုလေးက စိတ်ရှည်သော လူတစ်ယောက် မဟုတ်ချေ။ အမှန်အတိုင်း ပြောရလျှင် သူမက ဓားပညာလေ့ကျင့်ခြင်းကလွဲလျှင် တခြားမည်သည့်အရာကိုမျှ စိတ်ဝင်စားခဲ့ခြင်း မရှိချေ။

သူမက ငယ်ငယ်ကတည်းက မွေးရပ်မြေမှ ထွက်ခွာလာခဲ့ပြီး တစ်ယောက်တည်း သွားလာနေခဲ့၏။ သူမက ကြမ်းတမ်းခက်ထန်သော ဘဝတစ်ခုတွင် နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူမက နံရံ(၄)ခုသာ ရှိနေသော ထိုလူငယ်လေး၏ အိမ်ထဲတွင် သက်သောင့်သက်သာ မရှိသလို မခံစားရပေ။ သူမက မိုးထဲလေထဲတွင်ပင် နေထိုင်ခဲ့ဖူး၏။

မည်မျှပင် နူးညံ့ပြီး ဇီဇာကြောင်သော လူတစ်ယောက် ဖြစ်စေကာမူ သူမကတော့ ဇီဇာကြောင်နေခြင်း မရှိပေ။ မိန်းမပျိုက မေးလိုက်၏။

“နင့်ရဲ့ ဘယ်လက်က အဆင်ပြေရဲ့လား…”

ဘယ်ဖက်လက်ကို အဝတ်နှင့်စည်းထားသော ချန်းပင်အန်းက ဆေးပန်းကန်လုံးကို လက်နှစ်ဖက်နှင့် ကိုင်ထားလိုက်သည်။ မိန်းမပျိုက ယူလိုက်ပြီးနောက် သူက အပြုံးနှင့် ပြောလိုက်၏။

“အဆင်ပြေပါတယ်။ ကျွန်တော် လမ်းကြားထဲကို မသွားခင် ဆေးပင်တချို့ကိုရှာပြီး ကြိတ်တယ်။ ပြီးတော့ ဒဏ်ရာပေါ်မှာလိမ်းခဲ့တယ်။ ကျွန်တော်က မီးဖိုလုပ်သမား လုပ်ခဲ့တဲ့အချိန်မှာ ဒီဆေးကို အမြဲတမ်း သုံးခဲ့ရတယ်လေ။ ယန်မိသားစု ဆေးဆိုင်မှာရှိတဲ့ အဘိုးအိုက ကျွန်တော့်ကို လျှို့ဝှက်ဆေးညွှန်းတစ်ခု သင်ထားပေးတာ တော်တော်လေး ကြာပြီ။ ဒါပေမဲ့ ကျွန်တော်က တခြားသူတွေကို ပြောမပြဘူးလို့ ကတိပေးထားတယ်။ မိန်းကလေးနင်က ခရီးသွားတဲ့အချိန် အဲဒါကို လိုအပ်နိုင်တယ်။ တကယ်လို့ အဲဒီကို လိုချင်တယ်ဆိုရင်တော့ ယန်မိသားစုဆေးဆိုင်မှာရှိတဲ့ အဘိုးအိုကို မေးကြည့်လိုက်မယ်။ ဒီနေ့ ကျွန်တော်က ဆေးဆိုင်ကို အလျင်စလို သွားလိုက်ရတာဆိုတော့ အဲဒီအဘိုးအိုကို မတွေ့ခဲ့ဘူး။ သူက အပြင်ကို ခဏထွက်သွားတာ ဖြစ်မယ်ထင်တယ်…”

ဆေးကို သောက်လိုက်သည့်အချိန်တွင် မိန်းကလေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် သူမကတော့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆေးကို ဆက်လက်၍ သောက်နေသေး၏။

ကြွေပန်းကန်လုံးကို မြက်ဖိနပ်နှင့် လူငယ်လေးထံ ပြန်ပေးပြီးနောက် သူမက တီးတိုးရေရွတ်လိုက်သည်။

“နင်က လူကောင်းတစ်ယောက်ပဲ။ ဒါကြောင့်လည်း ဒီလောက်တောင် ဆင်းရဲနေတာ။ အနိုင်ကျင့်ခံရတာတောင် နည်းသေးတယ်…”

ထိုလူငယ်က ပြန်မပြောနိုင်သေးခင် မိန်းမပျိုက ဆက်ပြောလိုက်သည်။

“ငါ့စကားကို အလေးမထားနဲ့။ ငါက တည့်တည့်ပြောတတ်တဲ့ လူတစ်ယောက်ပဲ..”

သူမ ထပ်ပြောလိုက်သော စကားလုံးက ပို၍နာကျင်စရာကောင်းသည်ကိုတော့ မိန်းမပျိုလေးက မသိခဲ့ပေ။

ချန်းပင်အန်းက တစ်စုံတစ်ခု ပြန်ပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။

အနက်ဝတ်မိန်းမပျိုလေးက သူမ၏နှုတ်ခမ်းထောင့်တွင် ရှိနေသော ဆေးရည် အကြွင်းအကျန်တချို့ကို လက်မလေးနှင့် ဖယ်ရှားလိုက်သည်။ ထို့နောက် သူမက မတ်မတ်ရပ်လိုက်ပြီး အလေးအနက်နှင့် ပြောလိုက်၏။

“ဒီကမ္ဘာကြီးကို အုပ်စိုးရတဲ့ သူတော်စင်က နင် ပြောတဲ့ ဆရာပဲ။ သူက နောက်ပိုင်းမှာ နင့်ရဲ့ဘဝအတွက် စိုးရိမ်စရာမလိုအောင် ရှင်းလင်းပေးမယ်လို့ ပြောနေပေမဲ့ လူတစ်ယောက်ရဲ့စွမ်းအား ကုန်ဆုံးတဲ့အချိန်ဆိုတာ ရှိတယ်။ သူတော်စင်လည်း ခြွင်းချက် မရှိဘူး။ ပြီးတော့ ဆရာချီရဲ့အခြေအနေက သိပ်ပြီးတော့ မကောင်းဘူး။ သူက သူ့ကိုယ်သူတောင် မကွာကွယ်နိုင်ဘူး။ သူက နောက်ပိုင်းမှာ နင့်ရဲ့ သေရေးရှင်ရေးကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ငါ နင်ယောင်က ရေတစ်စက်အတွက် ကျေးဇူးတရားကိုတောင် ပေးဆပ်တတ်တယ်။ တကယ်လို့ နင်က ငါ့ကို အပြစ်ပြုမိခဲ့တယ်ဆိုရင်လည်း ငါက ရန်ငြိုးသေးသေးလေးကိုတောင် ပြန်ပြီးတော့ လက်တုံ့ပြန်တတ်တယ်…”

လူတစ်ယောက်၏အစွမ်းက ကန့်သတ်ချက် ရှိသော်လည်း သူကတော့ အကြွေးကို ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်သည်။ သူက အသေးငယ်ဆုံးရန်ငြိုးများကိုပင် လက်တုံ့ပြန်ရမည်ဖြစ်ပြီး မြစ်ထဲကို ဖြတ်သွားသော အရုပ်ထုတစ်ခုကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင် မိန်းမပျို၏ ရင်ထဲတွင်တော့ မာနအနည်းငယ် ပြည့်နေ၏။ သူမ၏ စကားလုံးများက အလွန်ဗဟုသုတ ပြည့်စုံနေသည် မဟုတ်ပေလော။

ချန်းပင်အန်းက ဗဟုသုတ ကြွယ်ဝသော စာသင်သား တစ်ယောက်၏ အိမ်နီးချင်း ဖြစ်နေသည်မှာ နှာမြောစရာကောင်းသည်။ မနက်ခင်းတစ်ကြိမ်၊ ညနေခင်းတစ်ကြိမ်၊ အိမ်နီးချင်းက သူ၏သဘောထားကို ပြသရန်အတွက် စာအုပ်များကို ဖတ်ပြတတ်သည်။ စုန့်ကျိရှင်း၏ စကားလုံးများအရ စာဖတ်ခြင်းက စိတ်ဝိညာဉ်ကို သန့်စင်သည်ဟု ဆိုတတ်၏။

ထို့ကြောင့် ချန်းပင်အန်းက စာမတတ်သော်လည်း ထိုအရာများကို နားထောင် နေရသည်။ သူက ထိုစာသင်သားများ၏ စကားလုံးကို မရင်းနှီးခြင်းတော့ မဟုတ်ပေ။ အကယ်၍ အချို့သော စကားလုံးများက ဝေဝါးနေမည်ဆိုလျှင်ပင် အများစုကို ခန့်မှန်းတွက်ချက်နိုင်သေး၏။

မိန်းမပျိုက ချန်းပင်အန်းကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှု၊ လေးစားမှုနှင့် သံသယများကို ရှာဖွေကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ချန်းပင်အန်း၏ မျက်နှာပေါ်တွင်တော့ နားလည်နေသော အရိပ်အယောင်များသာ ပေါ်နေခဲ့သည်။

မိန်းမပျိုက အနည်းငယ် စိတ်ပျက်သွားခဲ့၏။ မူလက စိတ်တက်ကြွနေသော သူမ၏ မျက်နှာအမူအရာကလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ သူမက ခံစားချက် ကင်းမဲ့သော အမူအရာနှင့် ပြောလိုက်၏။

“ဥပမာ‌ပြောရရင် တကယ်လို့ နင်ကသာ ငါ့အသက်ကို ကယ်လိုက်မယ်ဆိုရင် ငါက နဂါးအိုမြို့က ဖူနန်းဟွာနဲ့ စာအုပ်ရေကန်က လျှိုကျစ်မောက်တို့ကို သတ်ပစ်ဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ နင်က နောက်ပိုင်း ပြဿနာတွေကို တားဆီးဖို့အတွက် သူတို့နှစ်ယောက်လုံးကို သတ်ချင်နေတယ်ဆိုရင်တော့ နင်က အန္တရာယ်တွေကို ရှောင်တိမ်းဖို့ တစ်စုံတစ်ခု ပေးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါတို့က မတော်တဆ တွေ့ခဲ့ကြတာလေ။ ငါတို့မှာ ရင်းနှီးတဲ့ ပတ်သက်မှုမျိုးလည်း မရှိဘူး။ ဒါကြောင့် နင်က ငါ့ကို ဆုကြေးအဖြစ် ကြေးပြားတစ်အိတ် ပေးရလိမ့်မယ်…”

မိန်းမပျိုက နွေဦးငွေကြေးအိတ်ကို လျင်မြန်စွာ လက်ညှိုးထိုးပြလိုက်သည်။

“ဒီအိတ်ကို အရမ်း သဘောကျတယ်။ တခြားငွေအိတ်(၂)ခုကတော့ သိပ်ပြီးတော့ ကြည့်လို့ မကောင်းဘူး။ ဒီပေါ်မှာရှိတဲ့ စာတွေကလည်း မျက်လုံးထဲမှာ ကြည့်လို့ အဆင်မပြေဘူး…”

ထို့နောက် မိန်းမပျိုက ခေါင်းကို အနည်းငယ် မော့လိုက်သည်။

“တကယ်လို့ နင်က ငါ့ကို ငွေအိတ်(၂)အိတ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက နဂါးအိုမြို့နဲ့ ယွင်ရှားတောင်ကို ရင်ဆိုင်ဖို့အတွက် ကူညီပေးမယ်။ ငါက လျှိုကျစ်မောက်ရဲ့ လက်ထဲမှာ စောစောသေသွားမယ်ဆိုရင်တော့ ပြောစရာ ဘာမှမလိုတော့ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုက မမြင့်သေးဘူး။ ငါက သိုင်းအဆင့် (၉)ဆင့်မှာ အဆင့်(၆)ကိုပဲ ရောက်သေးတယ်။ သိုင်းပညာသက်သက်ပဲ လေ့ကျင့်ရသေးတဲ့အတွက် ငါ့ခန္ဓာကိုယ်ကလည်း အစွမ်းမထက်သေးဘူး။ ချီကျင့်ကြံမှု အဆင့်(၁၅)ဆင့်မှာတော့ ငါက အလယ်ဘုံ(၅)ဆင့်က နဂါးတံခါးနယ်ပယ်ကိုပဲရောက်သေးတယ်။ မှော်ဆေးပညာမှာတော့ ငါ့ဆီမှာ ပုံစံ(၆)ခု ရှိတယ်။ ဒါပေမဲ့ ငါက အဲဒီအရာတွေကို မအောင်မြင်ခဲ့ဘူး…”

ယခုတစ်ကြိမ်တော့ ချန်းပင်အန်းက အမှန်တကယ် ရှုပ်ထွေးသွားခဲ့သည်။ သူက လုံးဝ နားမလည်ခဲ့ပေ။ မိန်းမပျိုကတော့ အရှက်ကွဲသလို ခံစားရသည့်အတွက် ဒေါသထွက်သွားခဲ့၏။ သူမက နိမ့်ကျသော ကျင့်စဉ်အဆင့်ကြောင့် အရှက်ရသလို ခံစားနေရ၏။ နားမလည်သော ချန်းပင်အန်း၏ အမူအရာက သူမ၏အားနည်းချက်ကို ပြသနေသလို ဖြစ်နေခဲ့သည်။

မိန်းမပျိုက မျက်နှာပျက်နေသည်ကို မြင်သည့်အခါ အခြေအနေက မကောင်းတော့ကြောင်း ချန်းပင်အန်းက သိနေသည်။ သူက လျင်မြန်စွာ ခေါင်းစဉ် ပြောင်းလိုက်၏။

“မိန်းကလေးနင်…

မိန်းကလေးက ဘာလို့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တာလဲ။ အခုကြည့်ရတာတော့ အများစု ပြန်ကောင်းနေပြီ မဟုတ်လား….”

မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက လက်ပိုက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“ငါက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တယ်။ တကယ်လို့ တာအိုသခင်လုကသာ ငါ့ကို မကယ်ခဲ့ဘူး ဆိုရင် ငါလည်း အသက်မရှင်နိုင်လောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်ကို ကျေးဇူးကြွေးတင်နေခဲ့ပြီ။ ငါက ဒီအခြေအနေကို အခွင့်‌ကောင်းယူပြီး နင့်ဆီကနေ ကြေးပြား(၃)အိတ် မတောင်းသင့်ဘူး။ ငါ့ရဲ့အသက်က လျှိုကျစ်မောက်နဲ့ နှိုင်းယှဉ်လို့ ရပါ့မလား။ ဒါကြောင့် ဒါက ငါ့ရဲ့ အမှားပါပဲ။ ငါက ဘာမှ မပြောခဲ့သလို သဘောထားလိုက်ပါ…”

“ဒီမြို့ထဲကနေ ထွက်သွားပြီးရင် နင့်ရဲ့စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့အတွက် ငါအကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ ငါက ဆိုးတဲ့စကားကိုပဲ အရင်ဆုံး ကြိုပြောပါရစေ။ ငါ နင်ယောင်က လုပ်နိုင်တဲ့ အရာကိုပဲ လုပ်မယ်။ တခြားသူတွေအတွက် ငါ့အသက်ကိုတော့ မစွန့်စားချင်ဘူး။ ငါက သေရမယ်ဆိုတာ သိနေရင် တခြားသူတွေအတွက် ငါ့အသက်ကို စွန့်စားမှာ မဟုတ်ဘူး…”

မိန်းမပျိုက ခေါင်းမော့လိုက်ပြီး သူမ၏ အမှားကို ဝန်ခံလိုက်သည်။ သူမက ထိုကဲ့သို့ စိတ်ပျက်နေသည်မှာ အလွန်ရှားပါး၏။

ချန်းပင်အန်းက မေးလိုက်သည်။

“ငွေက ဘယ်ငွေကို ပြောတာလဲ…”

မိန်းမပျိုက ရွှေရောင်ပန်းထိုးအိတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ချန်းပင်အန်းက အိတ်ထဲမှ ကြေးပြား(၃)ပြားကို ထုတ်ယူပြီး ထိုကြေးပြားများကို လက်ထဲတွင် ကိုင်ထားပြီးနောက် ထိုအိတ်(၃)အိတ်ကို မိန်းမပျိုဆီသို့ တွန်းပို့ပေးလိုက်သည်။

“ဒါတွေအားလုံး မိန်းကလေးနင်ပဲ ယူလိုက်တော့…”

မိန်းမပျိုက အံ့သြသွားခဲ့သည်။ အချိန်တော်တော် ကြာပြီးနောက် သူမက မေးလိုက်သည်။

“ချန်းပင်အန်း…

နင့်မှာ ဦးနှောက် မရှိတော့ဘူးလား…”

ချန်းပင်အန်းက မသက်မသာ ပြောလိုက်၏။

“မဟုတ်ပါဘူး။ ကျွန်တော် ကလေးဘဝတုန်းက ကြာပွတ်နဲ့ မကြာခဏ အရိုက်ခံခဲ့ရတယ်လေ…”

မိန်းမပျိုက ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ သူမက စားပွဲခုံကို အားနှင့်ရိုက်ပြီး မေးလိုက်သည်။

“ဒါဆိုရင် နင် ငါ့ကို ကြိုက်နေတာလား…”

ချန်းပင်အန်းက အံ့သြသွားခဲ့၏။

မိန်းမပျိုက အပြုံးနှင့် လက်မထောင်ပြလိုက်သည်။

“နင်က အမြင်စူးရှတာပဲ…”

ထို့နောက် သူမက လက်မကို ကွေးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်၏။ သူမက တက်ကြွစွာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါကတော့ လက်မခံဘူး။ ငါ နင်ယောင် သဘောကျတဲ့သူက ဒီကမ္ဘာကြီးထဲမှာ အစွမ်းထက်ဆုံး ဓားအင်မော်တယ် ဖြစ်ရမယ်။ တကယ့်အစွမ်းထက်ဆုံး ဓားအင်မော်တယ်။ တာအိုဘိုးဘေးတွေ၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ် သူတော်စင်တွေတောင် သူ့ရဲ့ဓားရှေ့မှာ ဦးညွှတ်ပြီး သူ့အတွက် လမ်းဖယ်‌‌ပေးရမယ်…”

ချန်းပင်အန်း၏မျက်နှာက နီရဲနေခဲ့သည်။ သူက ခေါင်းကုတ်ပြီး ပြောလိုက်၏။

“မိန်းကလေးနင်…

နားလည်မှု လွဲနေပြီ။ ကျွန်တော်က မိန်းကလေးကို မကြိုက်ပါဘူး…”

မိန်းမပျိုက အနည်းငယ် မျက်ခုံးပင့်၍ စဉ်းစားလိုက်သည်။ သူမက ရှေ့ကို အနည်းငယ် ငုံ့လာပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ သူမက လက်မြှောက်လိုက်ပြီး လက်မနှင့် လက်ညှိုးကို (၁)လက်ခန့် ခွာပြ၍ ပြောလိုက်သည်။

“နင်က ဒီလောက်လေးတောင် သဘောမကျဘူးလား…”

ချန်းပင်အန်းကတော့ ပြတ်သားစွာ ပြောလိုက်သည်။

“သဘောမကျဘူး။ မကြိုက်ပါဘူး မိန်းကလေးနင်။ ဘာမှမစိုးရိမ်ပါနဲ့…”

မိန်းမပျို၏ သူမ၏လက်ကို ရုတ်သိမ်းလိုက်ပြီး သက်ပြင်းမောကြီး ချလိုက်သည်။ သူမက တိုးတိုးလေး ပြောလိုက်၏။

“ချန်းပင်အန်း…

တကယ်လို့ နောက်ပိုင်းမှာ နင်က ကံကောင်းပြီး မိန်းမရခဲ့မယ်ဆိုရင်တောင် သူက တော်တော်လေးကို ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်…”

ချန်းပင်အန်းက စားပွဲပေါ်တွင် ထိုင်နေရင်း အပြုံးနှင့် ပြောလိုက်သည်။

“သူက လူကောင်းတစ်ယောက် ဖြစ်ရင် ရပါပြီ…”

မိန်းမပျိုက ထိုအရာကို နောက်ထပ်မှတ်ချက် မပေးခဲ့ပေ။ သူမ၏အမေ ပြောခဲ့သည့်အတိုင်း လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများ ရှိကြသည်။ ထို့ကြောင့် ကောင်းခြင်းနှင့် ဆိုးခြင်းကြားထဲတွင် တိကျသော ဦးတည်ချက် မရှိနိုင်ပေ။

သို့သော် ထိုအရာနှင့် ပတ်သက်ပြီး သူမ၏အဖေဆီတွင်တော့ မတူညီသော အတွေးအမြင်များ ရှိခဲ့သည်။ ကိုယ့်ဘဝနှင့် မသက်ဆိုင်သောအရာတွင် အတင်းအကြပ် တွန်းအားပေး၍ မရနိုင်ပေ။ အတင်းအကြပ် တွန်းအားမပေးသည့်အတွက် မည်သည့်အရာကိုမျှ မလိုချင်ဟု ပြောနေခြင်းလည်း မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခုကို လိုချင်လျှင် တောင်းဆို၍ ရနေသေးသည်။ အဆုံးသတ်တွင် မရနိုင်လျှင်လည်း ကိစ္စမရှိချေ။ သူမအဖေက သူမ၏ အမေရှေ့တွင်တော့ ထိုစကားများကို လုံးဝ မပြောရဲပေ။

ချန်းပင်အန်းက မေးလိုက်၏။

“မိန်းကလေးနင် …

ကျွန်‌တော်တို့မြို့ကိုလာတာ အခွင့်အရေး ရှာဖွေဖို့ပဲလား…”

မိန်းမပျိုကတော့ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“ငါက လမ်းခရီးတစ်လျှောက် စုဆောင်းလာခဲ့တဲ့ အရင်းအမြစ်တွေအားလုံး ကုန်သွားပြီ။ မြို့ထဲကို ဝင်ဖို့အတွက်လည်း အခွင့်အရေးတစ်ခု လဲလှယ်ခဲ့ရသေးတယ်။ ဒါပေမဲ့ ငါက အဲဒီလူတွေနဲ့ ကွဲပြားတယ်။ ငါက အခွင့်အရေးတွေ၊ ကံကြမ္မာတွေကို တောင်းဆိုနေမှာ မဟုတ်ဘူး။ ငါ့အတွက် ဓားတစ်လက် ထုဆစ်ပေးဖို့ မျှော်လင့်နေခဲ့တာ။ တကယ်လို့ ငါ သဘောကျတဲ့အရာကို ရမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။ အဲဒီဓားက ထက်သည်ဖြစ်စေ၊ မထက်သည်ဖြစ်စေ၊ ဓားချီစွမ်းအင်အမြောက်အမြားကို ခံနိုင်ရည်ရှိမယ်ဆိုရင် လုံလောက်ပြီ…”

ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်သွားခဲ့၏။

“ဓားတစ်လက် ထုဆစ်ဖို့လား…”

မိန်းမပျိုက ပြောလိုက်၏။

“ငါက ပန်းပဲဆရာရွမ်ကို ပြောတာ။ သူက ဒီမှာ အရမ်းနာမည်ကျော်တယ်လေ။ သူ့ဆီမှာ သံမဏိစည်းမျဉ်းတစ်ခုလည်း ရှိတယ်။ သူက နှစ်ပေါင်း(၃၀)ကြာတိုင်း ဓား(၁)လက် ထုဆစ်တယ်။ သူ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းပြချက်ကတော့ ချီကျင့်ချွန်ရဲ့ နေရာမှာ လူစားဝင်ဖို့ပဲ။ ဒီနေရာက ဓားတစ်လက် ဖန်တီးဖို့အတွက် သင့်တော်တယ်လို့ သူက ခံစားမိနေလို့လည်း ဖြစ်နိုင်တယ်။ ငါကတော့ ငါ့ရဲ့ကံတရားကို စမ်းသပ်ပြီး သူ ငါ့အတွက် ဓားတစ်လက် ဖန်တီးပေးနိုင်မလား သိချင်နေတာ။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း ငါလုပ်နိုင်တာ ဘာမှမရှိဘူးလေ။ ငါက ကံမကောင်းဘူးလို့ပဲ သတ်မှတ်ရမှာပေါ့…”

ချန်းပင်အန်းက ပြုံးလိုက်သည်။

“လူကောင်းတွေက ကံကောင်းမှာပါ….”

မိန်းမပျိုက အားနည်းစွာ ပြောလိုက်သည်။

“ဒီကိစ္စမှာ ငါ လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူးလေ…”

သူမက လူငယ်လေးကို လှည့်ကြည့်လိုက်သည်။

“နင့်ရဲ့ဘယ်လက်က မနာဘူးလား…”

ချန်းပင်အန်းက တွေဝေသွားခဲ့သည်။

“နာတော့နာတယ်..”

မိန်းမပျိုက သံသယဝင်စွာ ပြောလိုက်၏။

“ဒါဆိုရင် ဘာလို့ နင့်ပုံစံက နာနေတဲ့ပုံစံ မပေါက်ရတာလဲ…”

ချန်းပင်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“တကယ်လို့ ကျွန်‌တော်က မြေပြင်ပေါ်မှာ လူးလှိမ့်ပြီး အော်ဟစ်နေမယ်ဆိုရင်တောင် နာတာက ရပ်သွားမှာမှ မဟုတ်တာ…”

မိန်းမပျိုက နဖူးကို လက်ဝါးနှင့် ရိုက်လိုက်မိသည်။

“ငါလည်း ဘာမှမပြောချင်တော့ဘူး။ နင်က ငါ့အဖေနဲ့ အတူတူပဲ။ ဒါပေမဲ့ နင့်ရဲ့စွမ်းရည်ကတော့ သူ့ထက် တော်တော်လေးကို နိမ့်ကျလွန်းတယ်…”

ချန်းပင်အန်းက ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူက အိမ်အပြင်ဘက်တွင် ရှိနေသော ခြံဝန်းထဲကိုသာ တိတ်တဆိတ် ကြည့်နေခဲ့၏။

မိန်းမပျိုက ကြေးပြား(၃)အိတ်ကို ပြန်လည်တွန်းပို့ပေးလိုက်သည်။

“ငါက ဒါတွေကို မလိုချင်ဘူး…”

ချန်းပင်အန်းက လှည့်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ကျွန်တော်က ဒါတွေကို ယူထားမယ်ဆိုရင် လူကောင်းတစ်ယောက် ဖြစ်ပါ့မလား။ ဆရာချီကို‌ တွေ့ပြီးတဲ့နောက် ကျွန်တော်က ဒီကိစ္စကို ပိုပြီးတော့ သေချာသွားတယ်…”

မိန်းမပျိုက တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသွားလျှင် စိတ်ပြောင်းလဲခြင်း မရှိတော့ချေ။ သူမက ခေါင်းခါပြီး ပြောလိုက်၏။

“ဒါက နင့်ရဲ့ အလုပ်ပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါက သေချာ စဉ်းစားပြီးသွားပြီ။ နင်က ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ငါက ကျေးဇူးတရားကို ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်။ ငါက ပစ္စည်းဥစ္စာတွေကို တွယ်တာနေမှာ မဟုတ်ဘူး။ ငါ နင်ယောင်က နာမည်အတိုင်းပဲ လုပ်တတ်တယ်။ ဒါပေမဲ့ နင်က နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်ရှင်နေရမယ်။ တကယ်လို့ နင်က ဂရုမစိုက်ရင်တောင် မသေစေနဲ့။ နင်က ဒီအချိန်အတောအတွင်း ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်…”

စကားကို အေးအေးဆေးဆေး ပြောတတ်သော လူငယ်လေးက ပထမဆုံးအကြိမ်အဖြစ် မိန်းမပျိုကို စကားဖြတ်၍ ပြောလိုက်၏။

“မိန်းကလေးနင်ကို ကယ်တင်ခဲ့တဲ့သူက တာအိုသခင်လုပါ။ ကျွန်တော့်အပေါ် အကြွေးတင်နေတယ်လို့ တွေးမနေပါနဲ့။ တကယ်လို့ ကျွန်တော်က သေရတော့မယ်ဆိုတာကို သိနေပြီး တာအိုသခင်လုက ကျွန်တော့်မိဘတွေအတွက် တစ်ခုခုလုပ်ပေးဖို့ မျှော်လင့်ချက်မရှိဘူးဆိုရင် ကျွန်တော်က တံခါးကိုတောင် ဖွင့်ခဲ့မှာ မဟုတ်ဘူး…”

မိန်းမပျိုက နှာခေါင်းရှုံ့လိုက်သည်။

“ဒါက နင့်ကိစ္စပဲ…”

လူငယ်က အပြုံးနှင့် သူမ၏စကားအတိုင်း ပြန်ပြောလိုက်၏။

“အဲဒါကလည်း မိန်းကလေးရဲ့ကိစ္စပဲပေါ့…”

သူတို့က အချင်းချင်း စိုက်ကြည့်လိုက်မိသည်။ မိန်းမပျိုလေးက ပထမဆုံးအကြိမ်အဖြစ် အရှုံးကို ဝန်ခံလိုက်ရ၏။ သူမက ခေါင်းကိုက်နေသော အမူအရာနှင့် ပြောလိုက်သည်။

“တကယ်လို့ နင်ငါ့ကို ကြိုက်နေတယ်ဆိုရင်တောင် ငါ တကယ်ပဲ လက်မခံနိုင်ဘူး..”

ချန်းပင်အန်းက ခေါင်းကို လက်တစ်ဖက်နှင့် ကိုင်လိုက်မိသည်။ ထိုကဲ့သို့ ဦးတည်ချက်မျိုး ရှိနေသော ထူးထူးဆန်းဆန်း မိန်းမပျိုလေးကို ရင်ဆိုင်ရသည့် အချိန်တွင် သူလည်း အကြံကုန်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် လူတစ်ယောက်က နံရံကိုကျော်၍ ခြံဝန်းထဲကို ဝင်လာခဲ့၏။ ထိုကဲ့သို့ အရာမျိုး လုပ်တတ်သူမှာ လျှိုရှန်းယန် တစ်ယောက်တည်းသာ ရှိသည်။ သူက ခြေဖော့နင်းလာပြီး အသံကုန် အော်ဟစ်တော့မည့်အချိန်တွင် လူတစ်ယောက်က သူ့လည်ပင်းကို ချုပ်ကိုင်လိုက်သည့်အတွက် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

ချန်းပင်အန်းက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး လျှိုရှန်းယန်၏ ဘေးကို ရောက်လာခဲ့၏။ သူက တိုးတိုးလေး ပြောလိုက်သည်။

“ငါက နောက်ထပ် (၂)ရက်လောက် မင်းနေရာမှာ နေလို့ရမလား။ ဒီမိန်းကလေးက ငါ့နေရာမှာ နေရဦးမယ်…”

လျှိုရှန်းယန်က ချန်းပင်အန်း၏ခေါင်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ပွတ်ပြီး ပြောလိုက်၏။

“မိန်းကလေး။ ငါ့အိမ်က အကြီးကြီးပဲ။ လိုတာအားလုံး ရှိတယ်။ မိန်းကလေးက ငါ့ရဲ့အိမ်မှာ မနေချင်ဘူးလား..”

အနက်ဝတ်မိန်းမပျိုက သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မနေချင်ဘူး…”

လျှိုရှန်းယန်က မျက်နှာမဲ့လိုက်မိသည်။ သူက ဓားမောက် ကိုင်ထားသော သေးသေးသွယ်သွယ် မိန်းမပျိုကို ကြည့်လိုက်မိ၏။ သူက လက်မလျှော့သေးဘဲ ဆက်ပြောလိုက်သည်။

“မိန်းကလေး…

မင်းမသိလို့။ အမိုးတံတားမှာ ငါ့ကို လမ်းပိတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ သူတို့က ငါ့ရဲ့ဘိုးဘေးရတနာကို ရောင်းဖို့အတွက် ငါ့ကို တောင်းပန်နေကြတာ။ ဒါပေမဲ့ ငါကတော့ သဘောမတူခဲ့ဘူး။ အဲဒီလူတွေကို ဆရာရွမ်က အော်ဟစ်ကြိမ်းမောင်းပစ်လိုက်တာ။ မိန်းကလေးက ဒီမြို့ထဲမှာ ကံစမ်းဖို့ ရောက်လာတဲ့ လူစိမ်းတစ်‌ယောက်ဆိုတာ ငါသိတယ်။ ငါ လျှိုရှန်းယန်က အဲဒီပစ္စည်း မင်းကို မရောင်းပေမဲ့ ငါက မင်းကို ပြပေးလို့တော့ ရတယ်…”

“ဒါက ပြဿနာမဟုတ်ဘူး…”

နင်ယောင်က အေးစက်စွာ ပြောနေသေးသည်။

“အဲဒါတွေ မလိုအပ်ဘူး…”

လျှိုရှန်းယန်က ချန်းပင်အန်း ထိုင်နေသည့် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ အနက်ဝတ် မိန်းမပျို၏ ရုပ်ရည်ကို မြင်လိုက်မိပြီးနောက် သူက မျက်ခုံးပင့်လိုက်မိပြီး ပြောလိုက်၏။

“ဒီမှာအားနာနေစရာ မလိုပါဘူး။ ငါနဲ့ ချန်းပင်အန်းက ဒီအိမ်လေးထဲမှာ နေလို့ရတယ်။ မိန်းကလေးက ငါ့ရဲ့အိမ်ကြီးကို ရောက်လာတဲ့အချိန်ကျရင် ဘာမှထိန်းချုပ်ထားစရာ မလိုဘူး။ မိန်းကလေး စိတ်ကြိုက်နေလို့ရတယ်..”

နင်ယောင်က ရှုတည်တည်မျက်နှာနှင့် ပြောလိုက်သည်။

“နင့်ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဝေးဝေးကိုပဲ သွားလိုက်တော့..”

လျှိုရှန်းယန်ကတော့ အိုးတိုးအန်းတန်း ခံစားခဲ့ရခြင်း မရှိချေ။ သူက မတ်တပ်ရပ်ပြီး ပြောလိုက်၏။

“ဒါနဲ့ ရွှေတွေ ငွေတွေ ရှိနေတဲ့ အသိုက်က မြက်အသိုက်တစ်ခုထက်‌တော့ ပိုပြီးတော့ ကောင်းတယ် မဟုတ်လား။ နားလည်ပါပြီ။ နားလည်ပါပြီ…”

လျှိုရှန်းယန်က ချန်းပင်အန်းကို တံခါးအပြင်ဘက်သို့ ဆွဲခေါ်သွားပြီး တံတောင်နှင့် တွန်းလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ…”

ချန်းပင်အန်းက အိုးတိုးအန်းတန်း ပြောလိုက်သည်။

“ဒါကို အချိန်တိုအတွင်း ရှင်းပြဖို့က အတော်လေး ခက်တယ်။ ငါက မင်းအိမ်မှာ လိုက်နေလို့ ရမရဘဲ ပြောစမ်းပါ..”

လျှိုရှန်းယန်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။

“ဘာလို့ မရမှာလဲ။ ဒါပေမဲ့ မင်းက ကျစ်ကွေးကို စောင့်ကြည့်ဖို့ ငါ့ကို ကတိပေးရမယ်။ အဲဒီအရူးကောင် စုန့်ကျိရှင်းက သူ့ကို မစော်ကားစေနဲ့။ အချိန်ကျလာရင် မင်းက ငါ့ဇနီးလောင်း‌လေးရဲ့ အပြစ်ကင်းစင်မှုကို ကာကွယ်ပေးရမယ်…”

ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြောလိုက်သည်။

“မင်းက အဲဒါကို စဉ်းစားမနေနဲ့…”

လျှိုရှန်းယန်က ချန်းပင်အန်း၏ ပုခုံးကိုပုတ်ပြီး စိတ်လိုလက်ရ ပြောလိုက်၏။

“မင်းသာ သဘောတူမယ်ဆိုရင် ငါက အဲဒီအရာကို ယူသွားပေးမယ်…”

အိမ်ထဲတွင် ရှိနေသော အနက်ဝတ်မိန်းမပျိုက ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။ “နင်က သဘာဝဓားသန္ဓေသား တစ်ယောက်ဆိုတာ မသိဘူးလား။ နင်က အသက်(၉)နှစ် ပြည့်တဲ့အချိန် ကြွေဝယ်သူက နင့်ကို မခေါ်သွားသေးဘူးဆိုတာ ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပိုပြီးတော့ များများစုပ်ယူစေချင်လို့ပဲ။ ဒီရွေးချယ်မှုကလည်း မှန်တယ်။ ဒါကြောင့် နင်က ဆရာရွမ်နဲ့အတူ ရှိနေတဲ့အချိန် အခွင့်အရေးကို အရယူပြီး သူက နင့်ကို တပည့်အဖြစ်ခေါ်အောင် ကြိုးစားရလိမ့်မယ်။ နင်က အနည်းဆုံးတော့ အတွင်းစည်းတပည့် တစ်ယောက် ဖြစ်မှရမယ်။ လက်ရင်းတပည့်တစ်ယောက် ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အတွင်းစည်းတပည့် မဟုတ်ရင်တော့ စဉ်းစားလို့တောင် မရဘူး။ နင့်ရဲ့ ပင်ကိုစွမ်းရည်ကလည်း အဲဒီလောက် မကောင်းသေးဘူး..”

လျှိုရှန်းယန်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ချန်းပင်အန်းကို လှမ်းကြည့်လိုက်၏။ သူက အိမ်ထဲတွင် ရှိနေသော အနက်ဝတ် မိန်းမပျိုကို လက်ညှိုးထိုးပြလိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးလိုက်သည်။

“ချန်းပင်အန်း …

သူပြောတာတွေက အမှန်ပဲ…”

လျှိုရှန်းယန်က ယခင်တုန်းကကဲ့သို့ ပြုံးနေခြင်း မရှိတော့ချေ။ သူက တိတ်ဆိတ်သွားခဲ့ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“တစ်ခုခု မှားနေတယ်လို့ ငါလည်း ခံစားမိခဲ့တယ်။ အမိုးတံတားပေါ်မှာ အဖွဲ့(၂)ဖွဲ့ ရှိတယ်။ သူတို့ကို ဘယ်သူက ခေါ်လာလဲ ခန့်မှန်းကြည့်လိုက်ပါလား။ အဲဒါ ဖုလုလမ်းကြားက ဟိုခွေးကောင် လုကျန့်ချွန်လေ။ သူက လူလည်ကောင် မဟုတ်လား။ ငါက ငွေကြေးတွေကို ဂရုမစိုက်ပါဘူး။ ငါက ဘာလို့ သူတို့နဲ့ အရောင်းအဝယ် လုပ်ရမှာလဲ။ ပြီးတော့ အဲဒီချပ်ဝတ်အင်္ကျီက မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလေ။ တကယ်လို့ ငါက ရောင်းလိုက်မယ်ဆိုရင် သေသွားတဲ့ ငါ့ရဲ့အဘိုးက အိပ်မက်ထဲကို ရောက်လာပြီးတော့ အပြစ်တင်လိမ့်မယ်….”

ချန်းပင်အန်းက ထိုအရာများ အားလုံးကို ကြားလိုက်ရပြီးနောက် ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။

“မင်းက သေချာဂရုစိုက်မှရမယ်။ လုကျန့်ချွန်နဲ့ အဲဒီလူစိမ်းတွေက သွားရှုပ်လို့ မရဘူး..”

လူငယ်က ပြန်လှည့်ပြီး မေးလိုက်သည်။

“မိန်းကလေးနင်….

သူတို့တွေ ဘယ်ကလာလဲဆိုတာ သိလား…”

အနက်ဝတ်မိန်းမပျိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အဘိုးအိုနဲ့ ကလေးမလေးကတော့ ကျန့်ယန်တောင်က လူတွေပဲ။ သူတို့က အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ လမ်းမှန်ဂိုဏ်းလို့ သတ်မှတ်နိုင်တယ်။ အဘိုးအိုကတော့ လူမဟုတ်ဘူး။ အချုပ်ပြောရရင်တော့ သူက ဖူနန်းဟွာနဲ့ ချိုက်ကျင်းကျန့်တို့ထက် အဆ(၁၀၀)ကျော် ပိုပြီးတော့ အစွမ်းထက်တယ်။ အမျိုးသမီးနဲ့ သူ့သားကလည်း မရိုးရှင်းဘူး။ အမှန်အတိုင်း ‌ပြောရရင် မြို့ထဲကို ဝင်လာနိုင်တဲ့လူတွေက သာမန် ချမ်းသာတဲ့သူတွေ မဟုတ်ကြဘူး…”

“အမျိုးသမီးက တော်‌တော်လေးကို ဉာဏ်နီဉာဏ်နက်များတယ်။ ကောင်လေးကလည်း သနားကြင်နာမှု မရှိဘူး။ ဒါကြောင့် ဆရာရွမ်က နင့်ရဲ့မိတ်ဆွေကို တပည့်အဖြစ် မြန်မြန်လက်ခံအောင် ကြိုးစားဖို့ အကြံပေးချင်တယ်။ ဒါက အသက်ကယ် အဆောင်တစ်ခုလိုပဲ။ နောက်ခံအင်အား ဘယ်လောက်ပဲရှိရှိ ဒီမြို့ထဲမှာ ဘယ်သူကမှ သူတော်စင်တစ်ယောက်ကို ရန်မရှာရဲဘူး..”

ချန်းပင်အန်းက လျှိုရှန်းယန်ကို မေးလိုက်သည်။

“မင်းက ဆရာရွမ်ရဲ့တပည့်ဖြစ်ဖို့ ယုံကြည်ချက် ရှိလား…”

လျှိုရှန်းယန်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့၏။ သူက တွေဝေစွာ ပြောလိုက်သည်။

“ငါက အကူအလုပ်သမားတစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်မှာ ဆရာရွမ် ငါ့ကိုကြည့်တဲ့ အကြည့်တွေက အဘိုးယောင် ငါ့ကိုကြည့်ခဲ့တဲ့ အကြည့်နဲ့ အတူတူပဲ။ သူက ငါ့ကို စောင့်ကြည့်ပြီးမှ တပည့်အဖြစ် လက်ခံမယ်ထင်တယ်။ ဒါပေမဲ့ ...”

ချန်းပင်အန်းက သူ့ကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်သည်။ လျှိုရှန်းယန်က ရှက်ရွံ့စွာ ပြောလိုက်၏။

“ဆရာရွမ်ဆီမှာ အစားကြီးတဲ့ အဖိုးတန်သမီးတစ်ယောက် ရှိတယ်။ ငါက အတော်လေး အံ့သြသွားခဲ့ပြီး သူ့ကို စနောက်မိခဲ့တယ်။ အဲဒီမိန်းကလေး ဓားလုပ်ဖို့အတွက် တူကို လွှဲယမ်းတဲ့အချိန်မှာလည်း အရမ်းကို ကြောက်စရာကောင်းပြီး ပြင်းထန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ သူက အရမ်းရှက်တတ်တယ်။ သူ့ကို စနောက်လို့တောင် မရဘူး။ အဲဒီအချိန်တော့ သူက ငိုပြီး သူ့အဖေနဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးသွားခဲ့တယ်။ သူ ငါ့ကို ကြည့်တဲ့ အကြည့်တွေက တော်တော်ထူးဆန်းတယ်…”

“သူက ငါ့ကို တပည့်အဖြစ် လက်ခံမှာ မဟုတ်တာတော့ သေချာသွားပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါက ဘယ်သူ့ရဲ့တပည့်မှ မလုပ်ချင်ပါဘူး။ ငါက အဘိုးယောင်လို ထူးဆန်းတဲ့ လူတစ်ယောက်ရဲ့ တပည့်ဖြစ်ရတာ လုံလောက်သွားပြီ။ ငါက ပန်းပဲဆိုင်မှာ အသက်ရှင်ဖို့အတွက်ပဲ အလုပ်လုပ်ချင်တယ်…”

ချန်းပင်အန်းက မျက်နှာပျက်ပျက်နှင့် မော့ကြည့်လိုက်သည်။ သူ့ထက် ခေါင်းတစ်လုံး ပိုမြင့်သော လျှိုရှန်းယန်က ခေါင်းငုံ့ပြီး လူငယ်လေးကို ပြန်မကြည့်ခဲ့ပေ။

ထိုမြင်ကွင်းကြောင့် နင်ယောင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ချန်းပင်အန်းက အမှန်တကယ် ဒေါသထွက်နေသည်ကို ထိုမိန်းကလေးက ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ချန်းပင်အန်းက အသံတိုးတိုးနှင့် ပြောလိုက်၏။

“ရှေးဟောင်းသစ်ခါးပင်ကြီးမှာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းသစ်ရွက်အချို့ ရှိနေသေးလား…”

လျှိုရှန်းယန်က ခေါင်းခါပြီး ‌ပြောလိုက်သည်။

“အဲဒီကံကြမ္မာဟောပြောသူက ငါ့ကို ကံမကောင်းတဲ့ အရာတွေပဲ ပြောလိုက်တာ။ ငါက အဲဒီဆိုင်ကို ဖျက်ဆီးပစ်တော့မလို့ပဲ…”

ချန်းပင်အန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူက ပြုံးလိုက်မိ၏။ သူက မိန်းမပျိုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မိန်းကလေးနင်….

အပေးအယူ အနေနဲ့ ကျွန်တော်က ဒီကြေးပြား(၃)အိတ်ကို ပေးလို့ရမလား။ အဲဒါက မိန်းကလေးကို ပြဿနာတက်စေနိုင်လား။ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးပါ…”

အနက်ဝတ် မိန်းမပျိုက သေချာစဉ်းစားနေခဲ့သည်။

“ပြဿနာက သေးတော့ မသေးဘူး။ ဒါပေမဲ့ ပြဿနာကြီးလည်း မဟုတ်ဘူး။ နင်က ဒီ(၂)ရက်အတွင်း ဂရုစိုက်ဖို့ လိုအပ်တယ်။ နင့်ရဲ့ မိတ်ဆွေကို လျှောက်ပြီးတော့ မသွားခိုင်းနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့လက်ရှိအခြေအနေကလည်း သိပ်ပြီးတော့ မကောင်းသေးဘူးလေ…”

မိန်းမပျိုက နောက်တစ်ကြိမ်‌ ပြောလိုက်သည်။

“အဖွဲ့(၂)ဖွဲ့အတွက် ငွေ(၂)အိတ်။ သူ့ကို ဆရာရွမ်က တပည့်အဖြစ် လက်ခံမယ်ဆိုရင် နောက်ထပ် ငွေ(၁)အိတ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ တကယ်လို့ နင်ကသာ ကိစ္စနည်းနည်းကို လုပ်နိုင်မယ်ဆိုရင် ငါက ငွေအိတ်နည်းနည်းပဲ ယူမှာပါ။ ဘာမှမစိုးရိမ်ပါနဲ့။ ငါက သဘောတူနိုင်မှတော့ ငွေ(၂)အိတ်အတွက် အာမခံနိုင်တယ်…”

ချန်းပင်အန်းက အခန်းထဲသို့ ပြေးသွားခဲ့ပြီး ငွေအိတ်(၂)အိတ်ကို မိန်းမပျိုဆီသို့ အလျင်အမြန် ပေးလိုက်သည်။

“ဒါကို ယူလိုက်ပါ…”

မိန်းမပျိုက ရှက်ရွံ့နေတတ်သော လူတစ်ယောက် မဟုတ်သည့်အတွက် ငြင်းဆန်နေခဲ့ခြင်း မရှိချေ။ ကြေးပြား(၂)အိတ်ကို သုံးလိုက်ပြီးနောက် သူမက အပြုံးနှင့် ပြောလိုက်၏။

“ဒီကမ္ဘာကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ်အတွက် ငွေရှာတဲ့သူတွေ အများကြီး ရှိတယ်။ နင့်လို လူမျိုးကတော့ ပိုက်ဆံတွေ ဖြုန်းတီးနေတဲ့ လူတစ်ယောက်လိုပဲ…”

ယခုတစ်ကြိမ်တော့ လူငယ်လေးက ငြင်းဆန်ခဲ့ခြင်း မရှိချေ။ သူက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ပိုက်ဆံက အရေးကြီးတယ်လေ။ တော်တော်လေးကို အရေးကြီးတယ်…”

တချိန်လုံးနားမလည်နိုင် ဖြစ်နေသော လျှိုရှန်းယန်က စိုးရိမ်တကြီး ပြောလိုက်သည်။

“ချန်းပင်အန်း…

မင်း ရူးနေတာလား။ ဘာလို့ သူ့ကို ပိုက်ဆံတွေ ပေးနေရတာလဲ။ ဒီကြေးပြား (၂)အိတ်နဲ့ဆိုရင် မင်းက ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မှာလဲ မသိဘူးလား..”

ချန်းပင်အန်းက မအီမသာ အမူအရာနှင့် ပြောလိုက်သည်။

“ဒါက ငါ့ပိုက်ဆံလေ။ မင်းက ဘာလို့ ဂရုစိုက်နေတာလဲ…”

လျှိုရှန်းယန်က ပြောလိုက်သည်။

“မင်းပိုက်ဆံကလည်း ငါ့ပိုက်ဆံပဲ မဟုတ်လား။ စဉ်းစားကြည့်လိုက်စမ်း။ တကယ်လို့ ငါသာ မင်းဆီကနေ ပိုက်ဆံချေးမယ်ဆိုရင် မင်းက ငါ့ကို ပေးမှာပဲ မဟုတ်လား..”

ချန်းပင်အန်းက စကားတစ်ခွန်းမျှ မပြောဘဲ လေး‌လေးနက်နက် စဉ်းစားနေခဲ့သည်။

သူ၏ စနောက်ခြင်းက မသင့်တော်ကြောင်း နားလည်သွားသည့်အတွက် လျှိုရှန်းယန်က ပါးစပ်ပိတ်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ ထိုခဏတွင် အခန်းထဲရှိ အခြေအနေက အနည်းငယ် လေးနက်နေခဲ့၏။

ချန်းပင်အန်းက မေးလိုက်၏။

“မိန်းကလေးနင် …

မိန်းကလေးက တကယ်ပဲ....”

အနက်ဝတ်မိန်းမပျိုက စားပွဲပေါ်တွင် ရှိနေသော အဖြူရောင်ဓားကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ငါ ပြဿနာ မရှိပါဘူး…”

ထို့နောက် သူမက မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

“နင်က တော်တော်လေး အပြောင်းအလဲ မြန်တာပဲ။ နင်က စိတ်ပြောင်းသွားတာလား။ ဒါနဲ့များ နင်က လူကောင်းတစ်ယောက်လို့ ပြောချင်သေးတာလား..”

ချန်းပင်အန်းက ပြုံးလိုက်သည်။

လျှိုရှန်းယန်က ခဏကြာစဉ်းစားနေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အဆုံးတွင်တော့ လူငယ်လေးက ပြောချင်နေသော စကားများကို မျိုသိပ်ထားခဲ့၏။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“မိန်းက‌လေး…

မင်းက ဒီကောင့်ရဲ့ တစ်ဖက်ခြမ်းကို မမြင်ဖူးလို့ပါ။ ချန်းပင်အန်းက စကားပြောရတာ တော်‌တော်လက်ပေါက်ကပ်တယ်…”

လျှိုရှန်းယန်က ထိုအရာကို မြင်ခဲ့ဖူးသည်။ တစ်ဖက်ခြံတွင် ရှိနေသော စုန့်ကျိရှင်းကလည်း မြင်ခဲ့ဖူး၏။

All Chapters