← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

ချန်းပင်အန်းက ထိုကဲ့သို့ အကြည့်မျိုးနှင့် အလွန်ရင်းနှီးနေခဲ့သည်။ သူ ကလေးဘဝတွင် လျှိုရှန်းယန်ကို ထိုကဲ့သို့ အကြည့်မျိုးနှင့် တူညီစွာ ကြည့်ခဲ့မိ၏။ ထိုအချိန်တွင် လျှိုရှန်းယန်က တရုတ်ဇီးသီးပွင့်လမ်းကြားနှင့် ရွှံ့ပုလင်းလမ်းကြားထဲတွင် ကလေးဘုရင် တစ်ယောက် ဖြစ်ခဲ့သည်။

ဤကမ္ဘာကြီးထဲတွင် လျှိုရှန်းယန် မလုပ်နိုင်သောအရာ မရှိသလို ထင်မှတ်ရ၏။ နောက်ပိုင်းတွင် လျှိုရှန်းယန်၏ နောက်လိုက်များ ဖြစ်သော သူ့အဖော်တချို့က နဂါးမီးဖိုကြီးတွင် အလုပ်သင် တပည့်များဖြစ်လာပြီး အများစုကတော့ မြို့ထဲတွင် ရှိနေသော ဆိုင်များတွင် စာရေးအလုပ် လုပ်သည့်သူများရှိလာသလို တချို့က ဆွေမျိုးများကို ကူညီပေးလာကြရသည်။

စုန့်ကျိရှင်း ပြောသကဲ့သို့ အသုံးမကျဆုံး လူတစ်ယောက်ကသာ လယ်ကွင်းထဲတွင် သွားရောက်လုပ်ကိုင်ကြရမည် ဖြစ်သည်။ အဆုံးတွင်တော့ သူတစ်ယောက်တည်းကသာ လျှိုရှန်းယန်နှင့် ကျန်နေခဲ့တော့သည်။

ချန်းပင်အန်းက ကျောက်ငါး (၃)ကောင်ကို မိန်းကလေးဆီသို့ ပေးခဲ့သည်။ ထို့နောက် သူက ကိုင်းပင်အနည်းငယ်နှင့် တွဲ၍ချည်ပေးလိုက်ပြီး မိန်းကလေး၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

သူမက ငါးကို ကိုင်၍ မြှောက်ကြည့်လိုက်သည်။ ထိုအရာက အနည်းငယ် ပေါ့နေသေး၏။ ထိုအရာက ငရုတ်သီးငါးကင် လုပ်စားရန်အတွက် မလုံလောက်သေးပေ။ ထို့ကြောင့် သူမက စမ်းချောင်းထဲကို မျှော်လင့်ချက်များ အပြည့်နှင့် ခေါင်းငဲ့ကြည့်လိုက်သည်။

ချန်းပင်အန်းက သူမ၏အကြည့်ကို နားလည်နေသည့်အတွက် တောင်းပန်လိုက်၏။

"ငါက နောက်ထပ်ရမယ့်ငါးတွေကို ငါ့မိတ်ဆွေအတွက် စွပ်ပြုတ်လုပ်ပေးရဦးမယ်။ ငါနင့်ကို မပေးနိုင်တော့ဘူး…"

မိန်းမပျိုက မလှမ်းမကမ်းတွင် ရှိနေသော အထုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ သူမက ငါးအတွက် ထိုမုန့်များနှင့် အလဲအလှယ် လုပ်ချင်သည်ဟု ညွှန်ပြနေခြင်း ဖြစ်၏။

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

"ဒီမုန့်တွေက အရသာရှိပြီး ဗိုက်ပြည့်ပေမယ့် ငါးစွပ်ပြုတ်လောက် အားရှိမှာ မဟုတ်ဘူး…"

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို တွန်းအားမပေးတော့ပေ။ သူမက တိတ်တဆိတ် ပြန်ထိုင်နေပြီး သူမ၏ခြေထောက်အနားတွင် ငါးများကို ဂရုတစိုက် ချထားလိုက်၏။ ထို့နောက် သူမက မည်သည့်အရာမျှမလုပ်ပဲ မုန့်ကိုသာ ဆက်၍ စားနေခဲ့သည်။

ချန်းပင်အန်းက သူမ၏အဆင့်အတန်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားနေသော်လည်း မမေးခဲ့ပေ။ သူမ၏ဝတ်စုံကို ကြည့်ရသည်မှာ ဖုလုလမ်းကြားထဲတွင် ရှိနေသော အထက်တန်းလွှာ မိသားစုမှ မိန်းကလေးတစ်ယောက်နှင့် မတူပေ။ သူမက တစ်ဖက်ခြံတွင် ရှိနေသော အိမ်နီးချင်း ကျစ်ကွေးကဲ့သို့ ထင်ရ၏။ သူမက သိမ်မွေ့နူးညံ့သော်လည်း စကားပြောချင်ပုံ မရချေ။

ချန်းပင်အန်းက အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရ၏။ သူမက အိမ်မှ စားစရာခိုးလာသော အစေခံမိန်းကလေးတစ်ယောက်များ ဖြစ်နိုင်မည်လော။ ထိုရဲတိုက်ကြီးများထဲတွင် စည်းမျဉ်းများက အလွန်တင်းကျပ်သည်ဟု သူ ကြားဖူးသည်။ လျှိုရှန်းယန်နှင့် စုန့်ကျိရှင်းတို့က ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ခဏခဏ ပြဿနာတက်ခဲ့၏။ ထိုအရာက ချွင်းချက်တစ်ခု ဖြစ်သည်။

သို့သော် လျှိုရှန်းယန်၏ ရှင်းပြမှုက ကြောက်စရာကောင်း၏။ နံရံအမြင့်ကြီးများရှိသော ရဲတိုက်ထဲကို ဝင်သွားသော အစေခံမိန်းကလေးများက အိမ်တော်ထိန်းများ၏ ရိုက်နှက်ခြင်းကို ခံကြရသည်။ သူတို့က အပြစ်လုပ်မိလျှင် လမ်းပေါ်၌ သေဆုံးသည်ထိ ပစ်ထားတတ်သည်ဟု ပြော၏။

တစ်ဖက်တွင်တော့ လျှိုရှန်းယန်က သတင်းအမှားများ ပြောနေသည်ဟု စုန့်ကျိရှင်းက ပြောခဲ့သည်။ ထိုကဲ့သို့ အခြေအနေမျိုး လုံးဝမရှိခဲ့ပေ။ သို့သော် အိမ်တော်ထဲတွင် ရှိနေသော လူအများစု၏ မျက်လုံးထဲတွင်တော့ အစေခံမိန်းကလေးများ၊ အစောင့်များက အမှန်တကယ် ကြောင်များကဲ့သို့ သွားလာနေကြရပြီး အသံတစ်စက်မျှ မထွက်ရဲကြပေ။

ထိုအချိန်တွင် လျှိုရှန်းယန်ကတော့ အလွန်ပျော်ရွှင်နေသော ကျစ်ကွေးကို တွေ့ခဲ့ရ၏။ သူက ချက်ချင်းပင် ဒေါသထွက်သွားပြီး စုန့်ကျိရှင်းကို ကြိမ်းမောင်းခဲ့သည်။

အဆုံးတွင်သော ချန်းပင်အန်းက ကျောက်ငါး (၇) ကောင် (၈) ကောင်ခန့် ဖမ်းမိခဲ့သည်။ ဝါးခြင်းတောင်းထဲတွင် သူတို့က ခုန်၍ လှုပ်ရှားနေကြ၏။ ဖြူဖျော့ဖျော့မျက်နှာနှင့် လူငယ်လေးကတော့ သူ၏ကန့်သတ်ချက်ကို ရောက်နေပြီဖြစ်ကြောင်း သိနေခဲ့သည်။ နွေဦးရာသီ ရေများက အရိုးခိုက်အောင် အေးစက်နေခဲ့၏။ အရေးကြီးဆုံး အရာကတော့ ဒဏ်ရာရထားသော ဘယ်ဘက်လက်က ခံနိုင်ရည် မရှိတော့ချေ။

ချန်းပင်အန်းက နောက်ဆုံးတစ်ကြိမ် ကမ်းစပ်သို့ ရောက်လာပြီးနောက် ကျောက်တုံးပြာကမ်းပါးပေါ်မှ လျင်မြန်စွာ ခုန်ချသွားပြီး စမ်းချောက်ဘေးတွင်ရှိနေသော မြက်တောထဲကို ပြေးဝင်သွားခဲ့သည်။ သိပ်မကြာခင် သူက မြက် (၃) မျိုး (၄)မျိုးခန့်ကို ဆွဲနုတ်လာခဲ့၏။ ထိုမြက်များ၏ အမြစ်များက မြေသားများ ရောယှက်နေသေးသည်။

သူက သာမန်ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး ကျောက်တုံးပြာကမ်းပါးဆီသို့ ပြန်သွားခဲ့၏။ ထိုနေရာတွင် လက်ဖဝါးအရွယ် အပေါက်တစ်ခုကို တွေ့လိုက်ရ၏။ သူက ထိုအရာကို အခြောက်ခံလိုက်ပြီးနောက် အပေါက်ထဲတွင် ဆေးပင်များကို ညင်သာစွာ ကျိတ်ချေလိုက်၏။

သိပ်မကြာခင် အပြာရောင် အရည်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအရည်များဆီမှ ထူးခြားသော ရနံ့တစ်ခု ထွက်ပေါ်လာခဲ့၏။ မိန်းကလေးကို ကျောပေးထားသော ချန်းပင်အန်းက သက်ပြင်းချလိုက်မိပြီး အံကြိတ်လိုက်သည်။

ထို့နောက် သူ၏ဘယ်ဘက်လက်တွင် ရှိနေသော အဝတ်စကို ဖြည်လိုက်၏။ သူ၏နဖူးမှနေ၍ ချွေးများ လျင်မြန်စွာ စီးကျလာခဲ့ပြီး ခေါင်းပေါ်တွင် ရှိနေသော ရေများကို လွှမ်းခြုံသွားခဲ့သည်။ သွေးထွက်နေသော ဒဏ်ရာက ဆေးမစည်းခင် အရိုးဖြူထက် အနည်းငယ်ပို၍ကောင်းမွန်နေသော်လည်း ယခုတော့ ဖြူဖပ်ဖြူရော် ဖြစ်နေသေးသည်။

သူ၏ဘယ်ဘက်လက်က စမ်းချောင်းရေကို ထိရလိမ့်မည်ဟု ချန်းပင်အန်းက တွေးမထားခဲ့ပေ။ ထို့ကြောင့် သူက အဝတ်စတစ်ခု ပြင်ဆင်ထားခဲ့ခြင်း မရှိချေ။ သူ့စိတ်ထဲတွင်တော့ ငွေရှာနိုင်သော မြွေကျောက်တုံးများနှင့် စွပ်ပြုတ်အတွက် ငါးဖမ်းရန်သာ တွေးမိခဲ့သည်။ ယခုအချိန်မှသာ သူက အမှားကြီးတစ်ခု လုပ်မိခဲ့ကြောင်း နားလည်သွားခဲ့၏။ လူငယ်လေးက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် လက်ဖဝါးတစ်ခု ပေါ်လာခဲ့၏။ ထိုလက်ဖဝါးပေါ်တွင်တော့ ခြောက်သွေ့ပြီး သန့်ရှင်းသော အဝတ်စတစ်ခု ရှိသည်။ အစိမ်းဝတ်မိန်းမပျိုက သူမ၏အင်္ကျီ တစ်စိတ်တစ်ပိုင်းကို ဖြဲပေးလိုက်ခြင်းဖြစ်ပုံရ၏။

ချန်းပင်အန်းက မချိပြုံးပြုံးလိုက်မိသည်။ သူကတော့ ယဉ်ကျေးမှုကို ဂရုစိုက်နေခြင်း မရှိတော့ချေ။ သူ၏လက်ဖဝါးပေါ်တွင် ရှိနေသော ဒဏ်ရာကို ဆေးနှင့်အုံလိုက်ပြီးနောက် အဝတ်စကို ပါးစပ်နှင့် ကိုက်လိုက်သည်။ ထို့နောက် ညာဘက်လက်နှင့် တင်းအောင်ချည်လိုက်ပြီး လက်ခုံပေါ်တွင် (၂) ပတ်ပတ်လိုက်သည်။

ထိုလှုပ်ရှားမှုများက အစီအစဉ်တကျဖြစ်နေပြီး သစ်ကိုင်းပေါ်တွင် လိပ်ပြာတစ်ကောင် ပျံဝဲနေသလို ဖြစ်နေခဲ့သည်။ စည်းနှောင်ပြီးသွားသည့်အချိန်တွင် ချန်းပင်အန်းက ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ သူ၏လက် (၂) ဖက်က အနည်းငယ် တုန်ယင်နေခဲ့၏။

ချန်းပင်အန်း၏ ဘေးတွင် ထိုင်နေသော အစိမ်းဝတ်မိန်းကလေးက သူ့ကို လက်မထောင်ပြလိုက်သည်။ သူမ၏မျက်နှာပေါ်တွင်တော့ ချီးကျူးမှုများ ပြည့်နေခဲ့၏။ ချန်းပင်အန်းက သူ့ကိုယ်သူ ညာလက်နှင့် ထိုးပြလိုက်ပြီး ခပ်ယဲ့ယဲ့အပြုံးနှင့် ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင်တော့ တော်တော်ကိုနာတယ်။ မျက်ရည်ကျမတတ်ပဲ.."

မိန်းမပျိုက ပြန်လှည့်ကြည့်လိုက်ပြီး ခြင်းတောင်းကြီးနှင့် လူငယ်လေး ကိုယ်တိုင်ရက်ထားသော ငါးခြင်းတောင်းကို ကြည့်လိုက်သည်။ သူမက အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရ၏။

ချန်းပင်အန်းက ရှက်ရွံ့သွားပုံရသည်။

"အဲဒီကျောက်တုံးတွေက ငွေရှာနိုင်တယ်။ ငါးဖမ်းတာကလည်း အရမ်းအရေးကြီးတယ်.."

မိန်းမပျိုက ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သို့သော် သူမက စကားမပြောခဲ့ပေ။ သူမ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခု တွေးနေပုံရ၏။ သူမက တလက်လက် တောက်ပနေသော စမ်းချောင်းလေးကိုသာ စိုက်ကြည့်နေမိခဲ့သည်။

စမ်းချောင်းရေများက ကျောက်တုံးများကို ပွတ်တိုက်သွားသည့်အချိန်တွင် အသံအနည်းငယ် ထွက်ပေါ်လာနေ၏။ ထိုအချိန်တွင် ကြယ်တာရာကောင်းကင်ကြီးက တောက်ပနေပြီး ကမ္ဘာမြေကြီးက တိတ်ဆိတ်နေခဲ့သည်။ ကြည့်ရသည်မှာ ဤကမ္ဘာကြီးထဲ၌ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်သာ ရှိပုံရသည်။

ချန်းပင်အန်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။ မူလတုန်းက မြန်နေသော အသက်ရှုသံကလည်း ငြိမ်သက်သွားခဲ့သည်။ ထိုအရာက ပုံမှန်အတိုင်း စီးဆင်းသွားသော စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။ လူငယ်ကတော့ တိတ်ဆိတ်သော ပြောင်းလဲမှုကို ဂရုမစိုက်ပေ။ ထိုအရာက သဘာဝအတိုင်းသာ ဖြစ်၏။

သူ့ခန္ဓာကိုယ်က စိုစွတ်နေပြီး နွေဦးရာသီ အစောပိုင်း လေအေးများကို အချိန်ကြာကြာ ခံနိုင်ရည်မရှိကြောင်း သိနေခဲ့သည်။ သူက အဝတ်အစားလဲရန် မြို့သို့ အမြန်ပြန်ရမည် ဖြစ်သည်။

ထိုလူငယ်လေးက ကျန်းမာရေးနှင့်ပတ်သက်ပြီး နားမလည်သော်လည်း နေမကောင်းဖြစ်မှာကို ကြောက်သည့်အတွက် ရာသီဥတု အပြောင်းအလဲနှင့် ခန္ဓာကိုယ်၏ ခံနိုင်ရည်ကို သေချာစောင့်ကြည့်တတ်သည်။ ထို့ကြောင့် သူက မြက်ဖိနပ်ကို လျင်မြန်စွာ စီးလိုက်ပြီး ငါးခြင်းတောင်းလေးကို ခါးတွင် ချည်လိုက်သည်။ ထို့နောက် နောက်ကျောတွင် ခြင်းတောင်းကို သယ်လိုက်၏။

သူက အစိမ်းဝတ်မိန်းမပျိုကို လက်ပြပြီး အပြုံးနှင့် ပြောလိုက်သည်။

"ငါ သွားတော့မယ် မိန်းကလေး ..။ မင်းလည်း အိမ်ကိုစောစောပြန်သင့်တယ်…"

ချန်းပင်အန်းက ကမ်းပါးပေါ်မှ ဆင်းလာပြီးနောက် မနေနိုင်ဘဲ ပြန်လှည့်ပြီး ပြောလိုက်သည်။

"အမိုးတံတားနားမှာ ရှိတဲ့ရေက အရမ်းနက်တယ်။ ချော်မကျစေနဲ့။ အိမ်ပြန်တဲ့အချိန်ကျရင် လယ်ကွင်းတွေဘက်ကနေသွားတာ အကောင်းဆုံးပဲ။ တကယ်လို့ လဲကျသွားမယ်ဆိုရင်တောင် စမ်းချောင်းထဲကို ကျသွားတာထက် ရွှံ့ပေတာကမှ ပိုကောင်းသေးတယ်…"

ချန်းပင်အန်းက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူ၏စကားလုံးများက နိမိတ်မရှိကြောင်း နားလည်သွားခဲ့သည်။ ထိုအရာက စကားလုံးကောင်းများ ဟုတ်ပုံမရချေ။ ထိုအစား ရွှံ့ပုလင်းလမ်းကြားထဲမှ ကုစန့်အမေ၏ ကျိန်စာတိုက်သလို ဖြစ်နေခဲ့၏။

ချန်းပင်အန်းက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး မြို့၏မြောက်ဘက်သို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ ထိုခြင်းတောင်းက အလွန်လေးလံနေခဲ့သည်။ သို့သော် မြက်ဖိနပ်နှင့် လူငယ်လေးကတော့ အတော်လေး ဝမ်းသာနေခဲ့၏။

ရင်ထဲတွင် လေးလံနေသော အနှောင်အဖွဲ့များကို ဖယ်ရှားလိုက်ပြီးနောက် ချန်းပင်အန်းက ပထမဆုံးအကြိမ်အဖြစ် ကောင်းကောင်းအသက်ရှင်နေထိုင်ရန် ခံစားမိခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူက ချမ်းသာရမည် ဖြစ်၏။

သူက ထူးခြားသော မှင်ရနံ့များ ပြည့်နှက်နေသော နှစ်သစ်ကူးစကားလုံးများ၊ တံခါးနတ်ဘုရားပန်းချီ၊ မိန်းကလေးမြောင်၏ ဈေးဆိုင်မှ အကင်ချောင်းများကို စားနိုင်ပြီး နွားတစ်ကောင် ဝယ်နိုင်ရမည် ဖြစ်သည်။ သူက တစ်ဖက်ခြံတွင် ရှိနေသော စုန့်ကျိရှင်းကဲ့သို့ ကြက်များကိုလည်း မွေးချင်နေသေး၏။

အစိမ်းဝတ်မိန်းမပျိုကတော့ လေးလေးနက်နက် အမူအရာနှင့် မုန့်များကို မရပ်မနား စားနေသေးသည်။ သူမက မုန့်အသစ်တစ်ခုကို ယူစားလိုက်သည့်အချိန်တိုင်း ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ထင်မှတ်ရ၏။

သူမက မက်မွန်ပွင့်ပုံသဏ္ဍာန် မုန့်တစ်ခုကို စားနေသည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားသည့်အချိန်တွင် သူမက ထွက်မပြေးခဲ့ပေ။ ထိုအစား ပါးစပ်ဟလိုက်ပြီး မုန့်တစ်ခုလုံးကို မျိုချလိုက်၏။ ထို့နောက် လက် (၂) ဖက်ကိုခါလိုက်ပြီး သေခြင်းတရားကို ထိုင်စောင့်နေသလို ထင်ရသည်။

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဘယ်ကမှန်းမသိ ပေါ်လာခဲ့၏။ သူက အရပ်မရှည်သော်လည်း ကြံ့ခိုင်သန်စွမ်းသည့် ပုံစံရှိသည်။ သို့သော် သူ့ပုံစံက ရွာသားတစ်ယောက်နှင့် အထင်မှားစရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးများက အလွန်တောက်ပနေသည့်အတွက် လူအများစုက သူနှင့် မျက်လုံးချင်း ယှဉ်ကြည့်ရဲမည် မဟုတ်ချေ။

သူကတော့ စားစရာများကို ကြည့်ပြီး မသက်မသာ ခံစားလိုက်ရ၏။ သူက သူမကို ဆူငေါက်ချင်နေသော်လည်း မလုပ်နိုင်ခဲ့ပေ။ အလွန်ခေါင်းမာသော သူ့သမီးကို တိတ်တဆိတ်ကြည့်နေပြီး သူမက အမှားလုပ်ထားသည့်အတွက် အပြစ်ပေးမှုကို ခံရမည်ဟု ပြောချင်နေခဲ့၏။ သူ့ရင်ထဲတွင်တော့ အတော်လေး ရှုပ်ထွေးနေခဲ့သည်။

သူကိုယ်တိုင်ကသာ အမှားလုပ်ထားသလို ခံစားနေရ၏။ ထိုလူကြီးက အခြေအနေ ပြေလျော့သွားစေရန် တစ်စုံတစ်ခု ပြောချင်နေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူ့သမီး ဗိုက်ဆာလျှင် ဓားမီးဖိုထဲ၌ သွားစားနိုင်သည်ဟု ပြောချင်နေခဲ့၏။ စားသောက်ပြီးသွားလျှင် သူတို့က မနက်ဖြန် သူမ စားရန်အတွက် မြို့ထဲသို့သွားမည်ဟုလည်း ပြောချင်နေခဲ့သည်။

သို့သော် စကားလုံးများက ပါးစပ်ဖျားသို့ ရောက်လာသည့်အချိန်တွင် မပြောနိုင်ခဲ့ပေ။ စကားလုံးတစ်ခုချင်းဆီတိုင်းက ပေါင် (၁၀၀၀)ခန့် အလေးချိန်ရှိသလို ခံစားနေရ၏။ သူက ပါးစပ်ကို တင်းတင်းစေ့နေပြီး သူ့သမီးကို မည်သို့နှစ်သိမ့်ရမှန်း မသိခဲ့ပေ။ ထိုအချိန်တွင် သူကတော့ မြက်ဖိနပ်နှင့် လူငယ်လေးကဲ့သို့ပင် စွမ်းဆောင်ရည်မရှိကြောင်း ခံစားမိခဲ့၏။ မည်သို့ဖြစ်စေကာမူ သူ့သမီးအပေါ် ထိုမျှစိုးရိမ်နေရန် မလိုအပ်ပေ။

အစိမ်းဝတ်မိန်းကလေးက ရုတ်တရက် ခေါင်းမော့ပြီး မေးလိုက်၏။

"အဖေ …

ဘာလို့သူ့ကို တပည့်အဖြစ် လက်မခံခဲ့ရတာလဲ…"

သူ့သမီးက အရင်ဆုံး စကားပြောလိုက်သည့်အတွက် ထိုလူကြီးကလည်း စိတ်အေးသွားခဲ့သည်။ ထိုလူ၏မျက်နှာက ခပ်တင်းတင်း ရှိနေသေးသော်လည်း သူက သူ့သမီး၏ဘေးတွင် ထိုင်ချလိုက်ပြီး ရှင်းပြလိုက်သည်။

"အဲဒီကလေးရဲ့ စိတ်နေသဘောထားက အရမ်းကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့အခြေခံအုတ်မြစ်က အရမ်းကို နိမ့်ကျလွန်းတယ်။ တကယ်လို့ အဖေကသူ့ကို တပည့်အဖြစ် လက်ခံလိုက်မယ်ဆိုရင်တောင် သူ့ကို တခြားလူငယ်တွေက ဆွဲခေါ်နေကြရလိမ့်မယ်။ ဘယ်လောက်ပဲ အလုပ်ကြိုးစားကြိုးစား သူတို့ရဲ့ကွာဟမှုက ပိုပြီးတော့ ကြီးမားလာတာကိုပဲ ကြည့်နေရမှာပဲ။ အဲဒီအချိန်ရောက်လာရင် နောက်ထပ်တပည့်ကြီး အစ်ကိုလျှိုလို ဖြစ်လာလိမ့်မယ်…"

အစိမ်းဝတ်မိန်းမပျိုက မျက်နှာပျက်သွားခဲ့၏။ သူမက တပည့်ကြီး အစ်ကိုလျှိုဟူသောစကားကို ကြားသည့်အချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးကို တွေးမိခဲ့သည်။

ထိုလူကြီးက ခဏကြာ စဉ်းစားပြီးနောက် သူ့သမီးအပေါ် ဖုံးကွယ်နေလိုခြင်း မရှိချေ။ အနည်းဆုံးတော့ သူမက သူတော်စင်၏ အစီအစဉ်ကို ပျက်စီးအောင်လုပ်မိမှာ စိုးရိမ်နေခဲ့သည်။

"ပြီးတော့ ဒီကောင်လေးက လုံးဝကို ပုံမှန်မဟုတ်ဘူး။ ဒီမြို့ငယ်လေးထဲမှာ သူက အရမ်းထူးခြားတယ်။ ရှို့အာ … ဒီကလေးရဲ့အသက်ကြွေက ပျက်စီးသွားတာ တော်တော်လေးကြာနေပြီ ဆိုတာကို သမီးမသိဘူးလား။ ဒါကြောင့် သူက သူ့ဘိုးဘေးတွေရဲ့ အကာအကွယ်မရှိတဲ့ တစ်ကောင်ကြွက်ဖြစ်နေခဲ့တာ...။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့အရာတွေမျိုးစုံက စစ်ဆေးကြည့်ဖို့ခက်ခဲတယ်။ ဒါကြောင့်လည်း စုန့်ကျိရှင်းနဲ့ အဲဒီမိန်းကလေးက အိမ်နီးချင်းတွေအဖြစ် ရွေးချယ်ခဲ့ကြတာပေါ့။ မဟုတ်ရင် စုန့်ကျိရှင်းရဲ့ အဆင့်အတန်းမျိုးနဲ့ ဖုလုလမ်းကြားထဲမှာ မနေဘဲ နေပါ့မလား။ ဒါက လုံးဝမဖြစ်နိုင်ဘူးလေ.."

မိန်းမပျိုက လေးလေးနက်နက် စဉ်းစားပြီး ပြောလိုက်သည်။

"အဖေ …

ဒါဆိုရင် သူက ငါးစာတစ်ခုလို ဖြစ်နေတယ်လို့ ပြောချင်တာလား…"

ထိုလူကြီးက ခေါင်းကုတ်လိုက်မိသည်။

"အနည်းနဲ့ အများတော့ ဟုတ်တယ်…"

ထို့နောက် သူက အပြုံးနှင့် ပြောလိုက်၏။

"တကယ်လို့ အဖေနဲ့သမီးကသာ ပြင်ပကိစ္စတွေ၊ အခွင့်အရေးတွေနဲ့ ကံကြမ္မာတွေကို ဂရုမစိုက်တဲ့ ဓားကျင့်ကြံသူတွေ မဟုတ်ဘူးဆိုရင် အဖေက သူ့အနားမှာနေပြီး အကျိုးအမြတ်ရှိနိုင်မလား သိချင်နေသေးတာ..."

အစိမ်းဝတ်မိန်းမပျိုက အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး ခံစားချက် မကောင်းတော့ပေ။

ထိုလူကြီးက သက်ပြင်းချလိုက်မိ၏။

"ရှို့အာ …

အဖေ့ရဲ့စကားတွေက ကြမ်းချင်ကြမ်းလိမ့်မယ်။ ဒါပေမဲ့ ကျိုးကြောင်းဆီလျော်မှုရှိတယ်။ အဲဒါကို ခေါင်းထဲထည့်မထားပါနဲ့…"

အစိမ်းဝတ်မိန်းမပျိုကတော့ ခပ်ယဲ့ယဲ့ပြုံးလိုက်မိပြီး စကားပြောရန် အင်အားမရှိတော့သလို ထင်ရသည်။

ထိုလူက ခဏကြာစဉ်းစားပြီး စမ်းချောင်းကို ဖြတ်သန်းသွားနေသော အနက်ရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ဖြစ်နေသည့် အမိုးတံတားကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီအမိုးတံတား တည်ဆောက်မှုက တာ့လီအင်ပါယာရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ။ အဲဒါက ထူးခြားမှုမရှိတဲ့ သံဓားကို ဖိနှိပ်ဖို့သက်သက်ပဲ ရည်ရွယ်ခဲ့တာ။ စဉ်းစားကြည့်လိုက်စမ်း။ နှစ်ပေါင်း (၃၀၀၀) ကြာသွားတော့ အဲဒီဓားက ပျက်စီးနေတဲ့ ကမ္ဘာဦးဝိညာဉ်ရှိတဲ့ ပိုင်ရှင်မဲ့ဓားတစ်ချောင်း ဖြစ်လာတယ်။ နောက်ထပ် နှစ်ပေါင်း (၃၀၀၀) ကြာပြီးသွားတော့ သူ့ရဲ့ကျန်ရှိ‌နေတဲ့စွမ်းအားတွေကို ဖိနှိပ်ဖို့အတွက် အင်ပါယာတစ်ခုကတောင် ဒီလိုပမာဏတစ်ခုကို ပေးဆပ်ထားရသေးတယ်။ သူတို့လိုချင်တာက ခဏလောက် အနားယူခွင့်ရဖို့ပဲ…"

မိန်းမပျိုက အံ့သြသွားခဲ့ပြီး ခေါင်းငုံ့လိုက်မိ၏။ သူမက စားစရာများကိုကြည့်လိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဒါက တော်တော်အံ့သြဖို့ကောင်းတာပဲ…"

သက်လတ်ပိုင်းလူကြီးက ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။ သူ့နဖူးကိုသာ ပွတ်နေခဲ့၏။ ကမ္ဘာကြီးက ကြီးမားလှသော်လည်း သူမအတွက်တော့ စားသောက်ခြင်းကသာ အရေးကြီးဆုံး ဖြစ်နေသည်။ သို့သော် ထိုကလေးမ၏အမေက ထိုကဲ့သို့ အမျိုးသမီးတစ်ယောက် မဟုတ်ခဲ့ပေ။ ထိုသို့ဆိုလျှင် သူမ၏အကျင့်စရိုက်က မည်သူ့ဆီမှ ရောက်လာသနည်း။

သက်လတ်ပိုင်းလူက သူ့သမီး၏ပုခုံးကိုပုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အဖေက လူတစ်ယောက်နဲ့ သွားတွေ့ရမယ်။ ဖြည်းဖြည်းစား ဘယ်သူမှ သမီးဆီကနေ လုမစားဘူး…"

မိန်းမပျိုက ခေါင်းမော့ကြည့်လိုက်ပြီး သက်လတ်ပိုင်းလူ၏ လက်မောင်းကို ကိုင်လိုက်သည်။ သူမ၏လက်ကောက်ဝတ်တွင် အနီရောင်လက်ကောက်တစ်ခု ရှိနေပြီး အလင်းရောင်များ တောက်ပနေခဲ့၏။

ထိုလက်ကောက်က ခေါင်းနှင့်အမြီးဆက်နေသော နဂါးတစ်ကောင်ပုံသဏ္ဍာန် ဖြစ်သည်။ မိန်းမပျို၏ လက်ကောက်ဝတ်တွင် အသက်ရှင်နေသော မီးနဂါးတစ်ကောင် ပတ်ထားသလို ထင်ရ၏။

ထိုလူကြီးက ကျေနပ်စွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ သမီးဆီမှာ အသိစိတ် ရှိနေသေးတာပဲ။ ဘာမှစိုးရိမ်မနေနဲ့။ အဖေက ဆရာချီကို သွားတွေ့မလို့..."

မိန်းကလေးက လက်ကို လွှတ်ပေးလိုက်ပြီး စားစရာများကို ချက်ချင်းယူ၍ ဆက်စားနေခဲ့သည်။ သက်လတ်ပိုင်းလူကြီးက ဒေါသတကြီး ပြောလိုက်၏။ သူက ယခုအချိန်ထိ သည်းခံနေခဲ့ပြီး နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"စားစား အဲဒါတွေပဲ စားနေလိုက်...။ လျှိုမျိုးရိုး ကောင်လေးပြောတဲ့စကားက မမှားဘူး။ အနှေးနဲ့အမြန် သမီးက ဝတုတ်ကြီး ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူက သမီးကို လက်ထပ်မှာလဲ။ သမီးက သတို့သား သွားခိုးချင်နေတာလား…"

မိန်းမပျိုက စားသောက်နေခြင်းကို ရပ်တန့်လိုက်ပြီး လက် (၂) ဖက်ထဲတွင် စားစရာများ ကိုင်၍ ငိုမဲ့မဲ့ ဖြစ်နေသည်။ ထိုအချိန်တွင် သက်လတ်ပိုင်းလူကြီးက အဝေးကို ပြေးသွားခဲ့၏။ အချိန်တိုင်း သူတို့က ထိုကဲ့သို့သာ ဖြစ်နေခဲ့သည်။

………….

ညလယ်ခေါင်တွင် ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ်သို့ ပြေးလာခဲ့သည်။ သူ တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် လျှိုရှန်းယန်၏ ဟောက်သံကို ကြားလိုက်ရ၏။ အကယ်၍ သူသာဆိုလျှင် ညအချိန် ကောင်းကောင်းအိပ်စက်နိုင်လိမ့်မည် မဟုတ်ချေ။

ပထမဆုံး သူက ခြင်းတောင်းကြီးနှင့် ငါးခြင်းတောင်းတို့ကို ခြံဝန်းထဲတွင် ဆောက်ထားသော မီးဖိုချောင်တွင် တင်လိုက်သည်။ ထို့နောက် လျှိုရှန်းယန် သူ့အတွက် ပြင်ပေးထားသော အခန်းဆီသို့ လျှောက်သွားခဲ့၏။

ချန်းပင်အန်းက အဝတ်အစား အသစ်တစ်စုံကို အမြန်လဲလိုက်ပြီး ခြံဝန်းထဲတွင် ရှိနေသော မီးဖိုချောင်ဆီသို့ ပြန်သွားခဲ့သည်။ သူက ကျောက်ငါးများကို စတင်ပြင်ဆင်နေခဲ့၏။ သူက ထိုငါးများကို ဗိုက်ဖောက်ပြီး ဆေးကြောလိုက်သည်။ ထို့နောက် သန့်ရှင်းသော ကြွေပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်ပြီး မြွေ၊ ကြွက်နှင့် ပိုးကောင်များ မလာစေရန် နောက်ထပ် ပန်းကန်တစ်လုံးနှင့် အုပ်ထားလိုက်သည်။

နောက်ဆုံး ချန်းပင်အန်းက ခြင်းတောင်းထဲမှနေ၍ အလှဆုံး မြွေကျောက်တုံး (၅) တုံး၊ (၆) တုံးခန့်ကို ထုတ်ယူထားလိုက်ပြီး သူ အိပ်စက်သော အခန်းထဲသို့ ရေွှ့ထားခဲ့သည်။ သူက ဗီရိုပေါ်တွင် မိန်းကလေးနင် တင်ထားခဲ့သော ဓားရှည်ကို ကြည့်လိုက်မိ၏။ ထိုဓားကတော့ တိတ်တဆိတ် ရှိနေသေး၏။

ထိုအရာများအားလုံးကို လုပ်ဆောင်လိုက်ပြီးနောက် ချန်းပင်အန်းက အိပ်ရာထဲတွင် လဲလျောင်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နွေးလာပြီး လူငယ်လေး၏ မျက်လုံးများက တောက်ပလာခဲ့၏။

တစ်ဖက်တွင်တော့ သူ၏ဘယ်လက်က တဆစ်ဆစ်ကိုက်နေပြီး တစ်ဖက်တွင်တော့ သူက အိပ်၍မရသေးပေ။ အဓိကအကြောင်းပြချက်ကတော့ ချန်းပင်အန်းက လျှိုရှန်းယန်ထက်ပို၍ လူစိမ်းများအကြောင်းကို သိနေခဲ့သည်။ ထိုလူငယ်လေးက သစ်တုံးတစ်တုံးကဲ့သို့ မအိပ်ရဲပေ။ ထို့ကြောင့် ချန်းပင်အန်းက တစ်ညလုံး မအိပ်ခဲ့ပေ။ သူက ခြံဝန်းတံခါးနှင့် အခန်းတံခါးကို စောင့်ကြည့်နေခဲ့၏။

အရုဏ်တက်ချိန် ရောက်သည့်အချိန်တွင် ချန်းပင်အန်းက မတ်တတ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ သွားခဲ့သည်။ သူက ထမ်းပိုးတစ်ချောင်းကို ယူလိုက်ပြီး တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော သံကြိုးရေကန်သို့သွား၍ ရေခပ်ရန် ပြင်လိုက်၏။

အအိပ်မက်သော လျှိုရှန်းယန်ကတော့ အိပ်ရာထဲတွင် ကွေးနေသေးသည်။ သူက ခေါင်းလေးသာ ပြူကြည့်လိုက်၏။ ဆူညံသံ အနည်းငယ်ကို ကြားသည့်အခါ သူက အိပ်ချင်မူးတူးနှင့် လှမ်းအော်လိုက်သည်။

"ချန်းပင်အန်း …မနက်စောစောထတာလား။ ဘယ်သွားမလို့လဲ…"

"ရေသွားခပ်မလို့လေ…"

ချန်းပင်အန်းက ပြန်ပြောလိုက်သည်။

လျှိုရှန်းယန်က နောက်တစ်ကြိမ် အော်ပြောလိုက်၏။

"မင်းက ကျစ်ကွေးကိုတွေ့ရင် ငါက နှုတ်ဆက်လိုက်တယ်လို့ ပြောပေးစမ်းပါ…"

ချန်းပင်အန်းကတော့ သူ့ကို အလေးမထားခဲ့ပေ။ သူက ခြံဝန်းထဲမှ ထွက်သွားတော့မည့် အချိန်တွင် လျှိုရှန်းယန်က ရုတ်တရက် လှမ်းအော်လိုက်၏။

"ချန်းပင်အန်း …

မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် ငါက မင်းနဲ့အတူ ရေအောက်တွင်းနက်ထဲမှာ ကျောက်တုံးတွေ လိုက်ကောက်ပေးမယ်…"

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုလည်း ကောင်းပြီလေ…"

လျှိုရှန်းယန်က မျက်ခုံးပင့်လိုက်ပြီး စောင်အောက်ထဲတွင် ပုန်းနေရင်း တီးတိုး ရေရွတ်လိုက်၏။

"သစ္စာမရှိတဲ့ကောင်...

ဒီလှည့်ကွက်က အလုပ်ဖြစ်မယ်ဆိုတာ ငါသိသားပဲ…"

သက်လတ်ပိုင်းအရွယ် စာသင်သားက အမိုးတံတား၏ ကျောက်တုံးလှေကားထစ်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူက ထိုနေရာတွင် အရုဏ်တက်ချိန်ထိ ထိုင်နေခဲ့ခြင်း ဖြစ်၏။

ကောင်းကင်ပေါ်၌ ပထမဆုံးအလင်းတန်း ပေါ်လာခဲ့သည့်အချိန်တွင် သူက မော့ကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။

"နှစ်ပေါင်း (၁၀၀၀)လောက် မှောင်မည်းနေတဲ့ အခန်းအိုကြီးက အလင်းတန်းတစ်ခုကြောင့် လင်းထိန်သွားခဲ့ရတယ်…"

Translated by Hein Htet.

All Chapters