အခန်း ၂၆
Vol. 3 Ch. 26
ဒီအတောအတွင်း ရှောင်လုက သူမ အစာလျှော့စားပြီး ဝိတ်ချတာကို တစ်ချိန်လုံး စောင့်ကြည့်ပေးနေသည်ပင်။ ရှောင်လုနှင့် ရင်းရင်းနှီးနှီးရှိလာအောင် ကြိုးစားနေထိုင်ခဲ့ပြီး ရင်ဖွင့်ရန်နှင့် တခါတလေဆို အတူတူမုန့်ခိုးထွက်စားဖို့တောင် ကြံထားဖူးသည်။ ဒါပေမဲ့ အခုတော့ ရှောင်လုနှင့် လင်းယွီက အတွင်းသိ အစင်းသိများပင်။
စုချန်ယန်ရဲ့ ခိုးပြီး မုန့်ထွက်စားမယ့် အစီအစဉ်က ပျက်စီးသွားပြီပင်။
.........
ညတာရှည်သည့် အတောအတွင်း လက်တွေ့မဆန်
သည့် အတွေးများနှင့် စိုးရိမ်ပူပန်မှုများ မတွေးမိအောင်ညနေခင်းမှာပဲ လူအနည်းစု၏ အကူညီဖြင့် ပစ္စည်းများထုပ်ပိုးကာ ရှောင်လုနဲ့ အတူနေဖို့ စီစဉ်ခဲ့သည်။
ကုမ္ပဏီမှမောင်းလျှင် တစ်နာရီမျှသာကြာသော ခြံနှင့်ဝန်းနှင့် ကျယ်ဝန်းသည့် ဗီလာရှိရာနေရာဆီ ပြောင်းရွေ့ခဲ့သည်။
သွားမည့်နေရာဆီ ရောက်သောအခါ ထိုအိမ်ကြီးထဲ
သူမ အထုတ်အပိုးများကို လူ၄ယောက်မှ ဝိုင်းသယ်ပေးလာကြကာ ရှုယန်ကတော့ တစ်ယောက်ထဲ ကားမောင်းပြီးပြန်သွားခဲ့သည်။
စုချန်ယန်သည် တံခါးပေါက်ဝတွင်ရှိနေသော လင်းယွီကိုကြည့်ကာ ရှုယန်သာ သူမပါဘဲ ဒီတိုင်းမောင်းထွက်သွားတာများ သိရင် ဘယ်လိုနေမလဲဟု သိချင်မိသည်။
သူက ဒီမှာနေမှာတော့ မဟုတ်ပါဘူးနော်!
စုချန်ယန် စိတ်လှုပ်ရှားနေသည်မှာလည်း အံ့ဩစရာမရှိပေ။ လင်းယွီက သူမကို ဖော်ဖော်ရွေရွေ ဆက်ဆံပေမယ့် သူက စည်းကမ်းတင်းကြပ်သည့် ခေါင်းဆောင်တစ်ယောက်မှန်း သူမထဲထဲဝင်ဝင်ကို ခံစားမိသည်။
သူနဲ့မျက်နှာချင်းဆိုင်လိုက်တိုင်း မူကြိုသွားရမှာကြောက်တဲ့ကလေးက မူကြိုဆရာမနဲ့ ပက်ပင်းတိုးသလို ကြောက်ရွံ့နေသလိုမျိုး ခံစားမိသည်။
ထိုအချိန် လင်းယွီက သူမကိုကြည့်နေစဉ် သူမရဲ့ ထူးထူးဆန်းဆန်း ကြောက်ရွံ့နေပုံကို တွေ့လိုက်ရသည်။ သူမသည်ဒီနေ့ဖြစ်သွားသည့်ကိစ္စအားစိတ်ထဲစွဲကျန်နေသေးသည်ဟု ထင်ပြီး ပြောခဲ့သည်။
"စိတ်မပူပါနဲ့ ဒီမှာက လုံခြုံပါတယ် လုရင်က မင်းနဲ့အဖော်နေပေးလိမ့်မယ်။ ကျွန်တော့ အိမ်ကလည်း နီးနီးလေးပဲ။ တကယ်လို့ ပြဿနာတစ်ခုခုရှိရင် အလုပ်ပြီးတာနဲ့ အချိန်မရွေး ကျွန်တော့ဆီ လာပြောလို့ရပါတယ်"
{ဇွတ်ကြီးတော့်( ꈍᴗꈍ) }
စုချန်ယန် - "..."
စုချန်ယန် နောင်တရသလိုခံစားမိသည်။
'ဘော်ဒါဆောင်မှာ ဆရာမနဲ့ ဘေးချင်းကပ်ရပ်နေနေရတဲ့အတိုင်းပဲ!'
'သူမသာ ကြိုသိခဲ့ရင် နေစရာနေရာ ရှာတွေ့ပြီလို့
လင်းယွီကို ပြောလိုက်မှာ!'
လင်းယွီလည်း သူမတို့ကို စောစောနားဖို့နဲ့
မှာစရာရှိတာမှာပြီး သိပ်မကြာခင်မှာပဲ ပြန်သွားခဲ့သည်။
သူထွက်သွားတော့မှ စုချန်ယန်လည်း သက်ပြင်းချလိုက်မိသည်။
ရှောင်လုသည် သူမ နေရထိုင်ရ မသက်သာသည်ကိုသတိထားမိကာ နောက်လိုက်သည်။"ဘာလို့ နင် သူ့ကိုကြောက်တယ်လို့ စိတ်ထဲမှာ ထင်နေမိတာပါလိမ့်"
"သိသာတယ်လား? သူက ကျွန်မရဲ့အထက်လူကြီးပဲလေ။ အသား စားခွင့်လည်း မပေးတဲ့အပြင် အမြဲတမ်း စာချုပ်စည်းကမ်းကို မလိုက်နာဘဲ ပျက်ကွက်ရင် လျော်ကြေးပေးရမယ်ဆိုပြီး ခြိမ်းခြောက်ထားတာလေ"
သို့ပေတည့် လင်းယွီက ပြီးပြည့်စုံသော အထက်လူကြီးပင်။
တစ်ခဏလောက်တော့ သူက မကောင်းတိုးဝါးဆန်ချင်ပေမဲ့ နောက်တခါကျရင်တော့ နတ်သားလေးလိုပဲ။
စုချန်ယန် သူနဲ့ မျက်နှာချင်းဆိုင်ရတိုင်း စိတ်ဓာတ်ကျလုနီးပါးခံစားမိသည်။
ရှောင်လုက ပြုံးရင်း ပြောလိုက်သည်။ "ငါငယ်ငယ်တုန်းကလည်း သူ့ကိုအရမ်းကြောက်တာ"
သူမခဏ တုံ့ဆိုင်းသွားပြီးပြောခဲ့သည်။"တကယ်တော့ ငါ စစ်မှုထမ်းပြီး ပြန်လာတဲ့အထိ သူ့ကိုကြောက်နေမိတုန်းပဲ"
"အစ်မလည်း သူ့ကိုကြောက်တာလား?" စုချန်ယန်လည်း အံ့ဩစွာမေးလိုက်သည်။
သူမ အတွေးထဲတွင် လင်းယွီက ပြီးပြည့်စုံသော လူတစ်ယောက်ဖြစ်ပြီး ရှောင်လုကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာကြောင့် သူတို့၂ဦးရဲ့ ဆက်ဆံရေးက အဆင်ပြေလိမ့်မယ်လို့ ထင်ထားသည်ပင်။
ရှောင်လုက ဆိုဖာတွင် ထိုင်ပြီးပြောပြခဲ့သည်။ "ပြောရမယ်ဆိုရင် ငါ့ဝမ်းကွဲအစ်ကိုက တစ်ခါပြောဖူးတယ်။ သူက တကယ့်ကို လူကောင်းတစ်ယောက်ပါတဲ့။ ဒါပေမဲ့ တချို့အချိန်တွေမှာ စာနာစိတ်မရှိတော့တဲ့အချိန်ကျရင် အရမ်းရက်စက်ပြီးကြမ်းတမ်းတယ်။ တခါတလေကျရင် သူက နည်းနည်းဆိုးတတ်ပြီး လိုရင်လိုသလို ထုတ်သုံးဖို့ ဝှက်ဖဲတချို့လည်း ကိုင်ထားတတ်သေးတယ်။ သူစိတ်အခြေအနေ ကောင်းနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီလို့ တခါတလေ ကိုယ့်ဘာသာကိုယ်တွေးဖူးတယ်"
စုချန်ယန် - "ဘာလို့လဲ"
"ဘာလို့ဆို သူက အရမ်းဖြတ်ထိုးဉာဏ် ကောင်းလွန်းပြီး ဘယ်ဟာမဆို ဟာကွက်မရှိအောင် လုပ်နိုင်စွမ်းရှိတယ်လေ။ ကြောက်ဖို့ကောင်းတယ် မထင်ဘူးလား? အဲ့လိုလူမျိုးတွေက စိတ်ရောဂါ ဖြစ်နိုင်ချေပိုများတယ်လို့ ငါကြားဖူးတယ်"
စုချန်ယန်မှာ ရီလျက်ပင်။ - " အစ်မက ကိုယ့်ဝမ်းကွဲအစ်ကိုအကြောင်းကို အဲ့လိုပဲပြောနေကျလား"
ရှောင်လုက နှုတ်ခမ်းစူခဲ့သည်။ "အဲ့ဒါကတော့ သူငါ့ကိုဆက်ဆံတဲ့ပုံစံပဲလေ။ စစ်တပ်ထဲက ခေါင်းဆောင်ထက်တောင် သူက ပိုကြောက်ဖို့ ကောင်းနေသေးတယ်။ ဒါပေမဲ့ ငါ့အပေါ်နဲ့ သူ့ဘေးနားက လူတွေအပေါ်မှာတော့ကောင်းပါတယ် "
စုချန်ယန်လည်း ခေါင်းငြိမ့်ကာ ပြောခဲ့သည်။
"မစ္စတာလင်းက တကယ်ကို လူကောင်းပါ"
နောက်နေ့တွင် အချိန်ကြာလာတာနှင့်အမျှ နေသားကျလာသည်ပင်။
ယန်ရှို့ရီက သူ့ပရိသတ်တွေကို ကြာရှည်စွာ တောင်းပန်ခဲ့ကာ တရားဥပဒေများစွာနှင့် ရင်ဆိုင်နေရသည်။ စုချန်ယန်ကို တိုက်ခိုက်သည့် လူ၂ယောက်သည်လည်း လူသတ်ရန် ကြံစည်မှုနှင့် ထောင်ချခံလိုက်ရသည်။
သူတို့က စုချန်ယန်ကို လူချင်းတွေ့ဖို့ တောင်းဆိုလာကြပြီး ထိုမှသာ စုချန်ယန်ကို တောင်းပန်နိုင်မှာဖြစ်ကာ သီးသန့်ညှိနှိုင်းပြီး ကြေအေးနိုင်မည်ဖြစ်ကြောင်းပြောကြသည်။ အဲ့လိုဖြစ်နိုင်ခဲ့ရင်တောင်မှ စုချန်ယန်က တွေ့ဖို့သဘောတူမည်မဟုတ်ပါ။
သူမသာ ကံမကောင်းလို့ ရှောင်လုသာ အဲ့နေ့ကအနားမှာရှိမနေခဲ့ရင် သူမကံကြမ္မာက သေရင်သေ၊ မသေရင် ထာဝရ ဆွံ့အ နားမကြား ဖြစ်သွားနိုင်သည်။
နာမည်ကြီး အနုပညာရှင် တစ်ယောက်အတွက်နဲ့ တခြားသူကို အဲ့လောက်ထိ အန္တရာယ်ပြုနိုင်ခဲ့ရင် သူတို့လုပ်ရပ်အတွက်တော့ ပြန်ပေးဆပ်သင့်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ယန်ရှို့ရီ၏ သတင်းဆိုးများကြားတွင် စုချန်ယန်လို မကျော်ကြားသေးသည့် D-listစာရင်းဝင် တက်သစ်စ အနုပညာရှင်လေးအကြောင်းကို မေ့လျော့သွားကြသည်။
ဤသည်မှာ အနုပညာလောက၏ ရက်စက်မှုပင်။ လူတွေရဲ့နှလုံးသားထဲအထိ မတိုးပေါက်နိုင်ခဲ့ရင် ဘယ်သူမှ မင်းကို ကြာကြာမှတ်မိမှာ မဟုတ်ဘူး။
ကံကောင်းတာက စုချန်ယန်က ထိုအကြောင်းအရာတွေကို နည်းနည်းမှ စိတ်မဝင်စားပေ။ ထိုနေ့ကတည်းက စုချန်ယန်သည် Weiboထဲ ထပ်ပြီး ဝင်မကြည့်ခဲ့ပါ။
နေ့စဉ် လေ့ကျင့်ခန်းလုပ်လိုက် အစားလျှော့စားလိုက်နှင့် ဝိတ်ချဖို့သာ ကြိုးစားနေရတော့သည်။ ပထမလဝက်တွင် စုချန်ယန်မှာ နေသားကျကာ အဆင်ပြေလာပြီးအဆီမပါသည့် အသားကို တခါတလေတော့ စားနိုင်သေးသည်။
သို့သော် စုချန်ယန်သည် သူမ ကိုယ်အလေးချိန်က နည်းနည်းမှ ပြောင်းလဲမလာသည်ကို သတိထားမိသွားပြီး ကျမသွားဘဲ တက်ချင်သလိုတောင် ဖြစ်နေသေးသည်။
လင်းယွီက သူမနဲ့ရှောင်လုကို သူ့ရုံးခန်းဆီလာပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းမှု ပုံစံအတွက် သေသေချာချာ ဆွေးနွေးဖို့ ခေါ်လိုက်သည်။
ရူံခန်းထဲ ဝင်ဝင်ချင်း စုချန်ယန်ရဲ့ စစချင်းအပြုအမူမှာ ကျိန်ဆိုသည့်ပုံစံဖြင့် သူမ ညာဘက်လက်ကို ထောင်ကာ ပြောခဲ့တာဖြစ်သည်။ "မစ္စတာလင်း..ကျွန်မကျိန်ရဲပါတယ် အစားလျှော့စားနေတဲ့ တစ်လျှောက်လုံး ဘာကိုမှခိုးမစားဖူးပါဘူး!"
ရှောင်လုလည်း သူမက လမ်းမှာ တဖန်းပို့နေတယ် အထင်ခံရမှာ စိုးတာကြောင့် ရှေ့နောက်စဉ်းစားမနေတော့ဘဲ သစ္စာဆိုပြလိုက်သည်။ "ငါလည်း ကျိန်တယ် ချန်ယန်ကို ခိုးစားလို့ရအောင် တစ်ခါမှ မကူညီဖူးဘူး!"
လင်းယွီက ခုံးနောက် မှီထိုင်ကာ သူမတို့၂ယောက်ကို ထိုင်ကြည့်နေခဲ့သည်။ နောက်နေ့တွင် စုချန်ယန်ရဲ့ တစ်နေ့ သုံးနပ်စာက ၂နပ်စာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ နေ့လည်စာတွင်လည်း ဘာအသားမှ မပါတော့ချေ။
စုချန်ယန်အတွက် ဝိတ်ချရသည့် အလုပ်မှာ အတော့်ကို
ခံရခက်ပြီး ပင်ပန်းသည့် အဖြစ်မှန်း ဘဝတွင် ပထမဆုံးအနေနှင့် သိလိုက်ရသည်။ ဝမလာဘဲ စားချင်သလောက်စားနိုင်သည့် သူမ အရင်ခန္ဓာကိုယ်ကို လွမ်းမိသလိုပင်။
ထိုနေ့မှစပြီး တခါတရံ စုချန်ယန်က အသီးအနှံနှင့် အရွက်များပါဝင်သည့် ဘူးကို ငိုထားသည့် မျက်လုံးများနှင့် ထိုင်ကြည့်နေသည်ကို ရှောင်လု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
ညဘက်တွေဆိုလျှင် mukbang ဗီဒီယိုများနဲ့ အိပ်ယာထဲတွင် လူးလိန့်ကာ သည်းခံရင်း ကြည့်နေတတ်သေးသည်။ တစ်ညတွင် မျက်လုံးတွေပြာလာတဲ့အထိ ဗိုက်ဆာလာတာမို့ ရေပူရေအေးစက်မှ ရေခဲရေများထိုင်သောက်နေသည်။ နောက်နေ့၌ ဝမ်းလျှောပြီး ဝိတ်အနည်းငယ် ကျသွားခဲ့သည်။
စုချန်ယန်တစ်ယောက် အသားစားသည်မှာ ရှားသော်လည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတိုင်းကို ဖြည့်စွက်စားရန် လစ်ဟာခြင်း မရှိခဲ့တာကြောင့် သူမကျန်းမာရေးကို မထိခိုက်ခဲ့ပေ။
ရှောင်လုက သူမအတွက် ခဏခဏ စိတ်မကောင်းဖြစ်ရတာကြောင့် ကောင်းကောင်းလေးစားလို့ရအောင် အပြင်ကို တိတ်တိတ်လေး ခေါ်သွားချင်မိသည်။
သို့သော် လင်းယွီနှင့် အခြားမည်သူတစ်ဦးတစ်ယောက်မျှ သတိမထားမိလောက်ပေ။ ဒါပေမဲ့ ရှောင်လု စိုးရိမ်တာက ချန်ယန် စိတ်ကြိုက်တစ်ခုခုစားလိုက်မိရင် အစားလျှော့စားဖို့ သူမအတွက်ပိုပြီး ခဲယဉ်းပေလိမ့်မည်။
ဒါကြောင့်မို့ ရှောင်လုကိုယ်တိုင်လည်း သွေးအေးအေးနှင့် သူမ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေရန် ကြီးကြပ်ရမည်ပင်။
ဒီကမ္ဘာထဲကို ရောက်လာခဲ့တာ ခဏလေးဆိုပေမဲ့ သူမတစ်ခါမှ မကြုံဖူးသည့် ဆင်းရဲဒုက္ခများစွာကို ကြုံဖူးလိုက်ရသလို ခံစားမိသည်။
သူမ၏ လင်းယွီအပေါ် မကျေနပ်မှုများက တစ်စထက်တစ်စ ပိုပိုပြီးကြီးထွားလာသည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားတာနဲ့ ဝဝတုတ်တုတ်ကြီး ဖြစ်တဲ့အထိ စားပစ်ပြီး ဘယ်လောက်ဝလာလဲဆိုတာကိုပါ နေ့တိုင်းနေ့တိုင်း လင်းယွီရှေ့ သွားပြကာ ကြွားပစ်မယ်လို့ စိတ်ထဲ ကြုံးဝါးထားခဲ့သည်။
နောက်တော့ ရှောင်လုက စုချန်ယန်ကို အပြေးလေ့ကျင့်ခန်း ထွက်ကြဖို့ ခေါ်သွားတဲ့အခါတိုင်း
မုန့်ဆိုင်တွေနှင့် မစ်တီးဆိုင်တချို့ရှိသောနေရာများကို တမင်ရှောင်ကာ ခေါ်သွားရတော့သည်။ မဟုတ်လျှင် စုချန်ယန် အဲ့နားမှာတင် တစ်လှမ်းမှ မခွာနိုင်တော့ဘဲ စားချင်စိတ်ကို ထိန်းမရတော့မှာ စိုးလို့ပင်။
ကြိုးစားနေသည့် အတောအတွင်း ခဏတော့ ပင်ပန်းပေမဲ့ ရလဒ်ကတော့ အရာထင်ခဲ့သည်။ လဝက်လောက် အသားငါးစားခြင်းကို မရမက သည်းခံခဲ့ပြီးနောက် သူမလက်မောင်းများတွင် ကြွက်သားအရာလေးများ ထင်းလာသည်အထိ ကိုယ်အလေးချိန်က သိသိသာသာ လျော့သွားခဲ့သည်။
အောင်မြင်မှုက မျက်မြင်ကိုယ်တွေ့ပင်။ စုချန်ယန်လည်း အရမ်း စိတ်လှုပ်ရှားနေမိသည်။ ရသစုံရှိုးပွဲမတိုင်ခင်အထိသာ တောင့်ခံထားနိုင်ရင် ပုံမှန်အနေအထားအတိုင်း ပြန်စားလို့ရနိုင်ပြီဖြစ်သည်။
ရှိုးပွဲမစခင် ၂ရက်အလိုမှာတော့ စုချန်ယန်က အိမ်မှာ တရားဝင် နားခွင့်ရခဲ့ပေမဲ့ အစားကတော့ လျော့စားရဦးမည်ပင်။ သို့သော် စုချန်ယန်ကတော့ လုံးဝဂရုမစိုက်တော့ပေ။
သူမရဲ့ ဒုက္ခသုခပေါင်းစုံက အဆုံးသတ်ခါနီးပြီပင်။ ရသစုံရှိုးရိုက်နေစဉ် အခြားဧည့်သည်အဖြစ် လာသည့်သူများက အစားကောင်း အသောက်ကောင်းစားနေစဉ် သူမကတော့ အသီးအနှံနှင့် အရွက်များသာ စားရမယ်ဆိုတာကို လက်မခံချင်ပေ။