အခန်း (၂၃)
Vol. 2 Ch. 23
ထိုစကားကို ပြောလိုက်ပြီးနောက် စာသင်သားက ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ ချီကျင့်ချွန်၏ တပည့်တစ်ယောက်ဖြစ်လာလျှင်ရော ဘာများတန်ဖိုးရှိမည်နည်း။
စာသင်ခန်းထဲတွင် ကလေးများ ပြည့်နေပြီး တစ်ယောက်ချင်းဆီက တစ်နှစ်လျှင် ကြေးပြား(၃၀၀) ပေးကြရသည်။ ဆင်းရဲသောကလေးတချို့ကတော့ လှီးဖြတ်ထားသော အသားမြောင်း(၃)မြောင်းသာ ပေးနိုင်ကြသည်။
ချီကျင့်ချွန်က အလွန်ခေါင်းမာသော လူငယ်လေးကိုကြည့်ပြီး မေးလိုက်သည်။
"မင်းရဲ့ရင်ထဲမှာတော့ သူ့ကိုမသတ်ချင်ဘူး။ ဒါပေမဲ့ ပြဿနာကတော့ ဘယ်လိုဖြစ်ဖြစ် ဒီကောင်လေးက မင်းကို သတ်ချင်နေပုံရတယ်။ ဒါကြောင့် မင်းက သူ့ကိုသတ်ပြီး အရာအားလုံးကို ရှင်းပစ်ချင်နေတယ်။ မင်းက အသက်ရှင်ချင်နေပြီး မနက်ဖြန်ကိစ္စကိုတော့ မနက်ဖြန်အတွက်ပဲ ထားလိုက်တယ်။ ဒါမှမဟုတ် ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့အတွက် ကိစ္စကြီးကို ကိစ္စလေးအဖြစ် ပြောင်းလဲလိုက်တာလား။ ငါပြောတာမှန်တယ် မဟုတ်လား…"
တံခါးဘေးတွင် ကျောင်းသားများ ကဗျာရွတ်သည့်အသံကို လာရောက်နားထောင်ဖူးသော လူငယ်လေးက ပြောလိုက်သည်။
"ဆရာက ကျွန်တော့်ကို ဘယ်လိုဆုံးမမှာလဲ…"
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
"ချန်းပင်အန်း …
အရင်ဆုံး ညာဘက်လက်ကို လွှတ်ပေးလိုက်ပါ။ ပြီးမှဘာလုပ်သင့်လဲဆိုတာ ငါနဲ့အတူ လမ်းလျှောက်ရင်း ပြောကြတာပေါ့။ တချို့အရာတွေက ငါကိုယ်တိုင် မဖြေရှင်းနိုင်သေးတဲ့အရာတွေ ရှိသေးတယ်။ ဒါကြောင့် ငါကိုယ်တိုင်ပဲ မင်းကို ရှင်းပြပေးမယ်…"
ချန်းပင်အန်းက ခဏကြာ တွေဝေနေခဲ့သည်။ သူ၏ညာဘက်လက်(၅)ချောင်းကို လွှတ်ပေးလိုက်ပြီးနောက် ဖူနန်းဟွာက မလှုပ်တော့ကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်လုံး၊ ဆံပင်နှင့် အသက်ရှုသံများအားလုံးက ငြိမ်သက်နေခဲ့၏။
ချီကျင့်ချွန်က ဝင်္ကပါကြီးကို အသက်သွင်းခဲ့ပြီးနောက် မြို့ငယ်လေးက တိတ်ဆိတ်နေခဲ့သည်။ သူက တီးတိုးပြောလိုက်၏။
“ငါ့နောက်ကနေ ကပ်လိုက်လာခဲ့။ ခြေလှမ်း(၁၀)လှမ်းရဲ့အပြင်ကို မရောက်စေနဲ့.."
သက်လတ်ပိုင်းအရွယ် စာသင်သား၏အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေပြီး သူက လမ်းကြားလေး၏အဆုံးသို့ တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။
ချန်းပင်အန်းကတော့ သူ့နောက်မှကပ်၍ လိုက်သွားခဲ့၏။ ဤအချိန်အတောအတွင်း သူက ဘယ်ဘက်လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ ထိုလက်ဖဝါးက ဆိုးဆိုးရွားရွား ဒဏ်ရာရနေပြီး အရိုးများကိုပင် မြင်တွေ့ရ၏။ သို့သော် သာမန်မျက်လုံးနှင့် မြင်တွေ့နေရသော သွေးများက စီးဆင်းနေခြင်း မရှိတော့ချေ။
ရှေ့မှလျှောက်သွားသော ချီကျင့်ချွန်က အပြုံးနှင့်မေးလိုက်၏။
"ချန်းပင်အန်း …
ဒီကမ္ဘာကြီးထဲမှာ အင်မော်တယ်တွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေ၊ သရဲတွေရှိတာကို ယုံလား.."
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် ယုံပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့အမေက ပုံပြင်တချို့ကို ပြောခဲ့ဖူးတယ်။ ကောင်းတာ လုပ်တဲ့သူက ကောင်းတာရပြီး မကောင်းတာလုပ်တဲ့သူက အပြစ်ပေးခံရမယ်လို့ မကြာမကြာ ပြောတတ်တယ်။ ဒါကြောင့် ကျွန်တော်က ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ဥပမာအနေနဲ့ ပြောရရင် ရေသရဲတွေက စမ်းချောင်းထဲမှာ ကလေးတွေ ဆွဲချသွားတဲ့အခါ မြို့ရဲ့မြောက်ပိုင်းက ပျက်စီးနေတဲ့ ဘိုးဘေးခန်းမထဲမှာ ငရဲသားတွေက ညအချိန် အမှုတွေ စစ်ဆေးကြတယ်။ ကျွန်တော်တို့အိမ်တံခါးတွေမှာ ကပ်ထားတဲ့ တံခါးနတ်ဘုရားတွေကတော့ ညအချိန် အသက်ဝင်လာပြီး ကျွန်တော်တို့ရဲ့အိမ်ကို ကာကွယ်ပေးဖို့ ကူညီပေးတယ်လို့လည်း ပြောခဲ့တယ်။ အရင်တုန်းကတော့ အဲဒီစကားတွေကို မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အများစုက မှန်တယ်ထင်တာပဲ.."
ချီကျင့်ချွန်က တိုးတိုးလေး ပြောလိုက်သည်။
"သူပြောတဲ့ စကားတချို့က မှန်ပါတယ်။ ဒါပေမဲ့ တချို့ကမှားတယ်။ ကောင်းတာလုပ်တဲ့သူက ကောင်းတာရပြီး မကောင်းတာ လုပ်တဲ့သူက အပြစ်ပေးခံရမယ်ဆိုတာကတော့ ပြောဖို့ တော်တော်လေး ခက်သေးတယ်။ ဘာလို့လဲဆိုတော့ သာမန်လူတွေ၊ ဘုရင်တွေ၊ စစ်သူကြီးတွေ၊ မှူးမတ်တွေနဲ့ အင်မော်တယ်တွေရဲ့ကြားထဲမှာ ကောင်းခြင်း၊ဆိုးခြင်းဆိုတဲ့အရာကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက မတူကြဘူး။ ဒါကြောင့် အခြေအနေတွေကလည်း အရမ်းကို ကွဲပြားတယ်…"
ချန်းပင်အန်းက ကြွေထည်အပိုင်းအစလေးကို သိမ်းလိုက်ပြီး ဆရာချီနှင့် ဘေးချင်းယှဉ်၍ လျှောက်လိုက်သည်။ သူက ခေါင်းမော့ပြီး မေးလိုက်၏။
"ဆရာချီ …
ကျွန်တော်မေးခွန်းတစ်ခုလောက် မေးလို့ရမလား…"
ချီကျင့်ချွန်က ထိုလူငယ်လေး၏အတွေးကို မြင်နေရသည့်အလား တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီမြို့ငယ်လေးက ဒီကမ္ဘာကြီးထဲမှာ နောက်ဆုံးနဂါးရဲ့သင်္ချိုင်းနယ်မြေတစ်ခုပဲ။ ဒီနေရာက အကျော်ကြားဆုံးနေရာတစ်ခု ဖြစ်လာမယ်လို့ ဒီကမ္ဘာကြီးထဲမှာ နေထိုင်တဲ့ ပညာရှင်တွေက ယုံကြည်နေခဲ့ကြတယ်။ တနေ့နေ့မှာ နဂါးတစ်ကောင် မွေးဖွားလာမယ်လို့တောင် ပြောခဲ့ကြတယ်။ အမှန်အတိုင်းပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀)လုံးလုံး နဂါးတစ်ကောင် မွေးဖွားလာတဲ့အဖြစ်မျိုး လုံးဝမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒီမြို့ငယ်လေးထဲမှာ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တွေက အပြင်ဘက်မှာ မွေးဖွားလာတဲ့ သက်တူရွယ်တူတွေထက် ခန္ဓာကိုယ်တည်ဆောက်ပုံ၊ စိတ်နေစိတ်ထားနဲ့ အခွင့်အလမ်းတွေအရ အဆပေါင်းများစွာ ပိုသာကြတယ်။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ နေထိုင်တဲ့ နာမည်ကျော် အင်မော်တယ်စုံတွဲတွေရဲ့ သားသမီးတွေကတောင် သာမန်အဆင့်ပဲရှိတယ်။ ဒါပေမဲ့ မြို့ငယ်လေးထဲမှာရှိတဲ့ ကလေးတိုင်းမှာ အဲဒီလိုထူးချွန်တဲ့ပါရမီတွေ ပါနေတာတော့ မဟုတ်ဘူး…"
ချီကျင့်ချွန်က ပြုံးလိုက်ပြီး ထိုကိစ္စကို ဆက်၍ရှင်းမပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ထိုလူငယ်၏ နှလုံးသားကို ထိခိုက်သွားအောင် လုပ်မိမှာ စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။
သူက ခေါင်းစဉ်ပြောင်း၍ပြောလိုက်၏။
"နဂါးသတ်ဖြတ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ အကြီးအကဲ ကျင့်ကြံသူတွေအားလုံးနီးပါး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ကြတယ်။ သူတို့တွေအများစုက ဒီနေရာမှာ အခြေချပြီး လေ့ကျင့်နေခဲ့ကြတာပဲ။ သူတို့က သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်လို့ ပြောနိုင်တယ်။ ကံကောင်းမှုကြောင့် အသက်ရှင်နေတဲ့ အင်မော်တယ်စုံတွဲတွေ ၊ ဘေးချင်းယှဉ်တိုက်ခိုက်ရာကနေ ရင်းနီးလာတဲ့ မိတ်ဆွေလည်း ရှိနေသေးတယ်…”
“နှစ်ပေါင်း(၃၀၀၀)ကျော် မျိုးဆက်ပြန့်ပွားလာပြီးနောက် ဒီမြို့လေးက လက်ရှိအနေအထားကို ရောက်လာတာပဲ။ ပထမတုန်းကတော့ တာ့လီအင်ပါယာရဲ့ပိုက်နက်ထဲမှာ ရှိနေတဲ့ ဒီနေရာကို တာ့ကျိုးကျေးရွာလို့ ခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ သူတော်စင်က နဂါးတွင်းနက်ကြီးလို့ နာမည်ပြောင်းခဲ့တယ်။ အဲဒီနောက်မှာတော့ တာ့လီအင်ပါယာရဲ့ အန္တရာယ်ကိုရှောင်တိမ်းဖို့အတွက် နာမည်တွေ အမျိုးမျိုး ပြောင်းလဲလာခဲ့တယ်.."
စကားလုံးများကို မျိုသိပ်ထားခဲ့သော လူငယ်လေးက ချီကျင့်ချွန်ကို ဖြတ်၍မေးလိုက်သည်။ သူက လက်သီးကို တင်းတင်းဆုပ်ပြီး မျှော်လင့်ချက်များအပြည့်နှင့် ပြောလိုက်၏။
"ဆရာ…
ကျွန်တော် တကယ်မေးချင်တာက ကျွန်တော့်မိဘတွေ အကြောင်းပါ။ သူတို့က ဘယ်လိုလူမျိုးတွေလဲ…"
ချီကျင့်ချွန်က လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
"တာအိုလမ်းစဉ်က မင်းဆီကို လျှို့ဝှက်ချက်တွေ သယ်လာပေးမှတော့ ငါကလည်း မင်းကိုတချို့အရာတွေ ပြောပြရတော့မှာပေါ့။ ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင် မင်းရဲ့အဖေက ရိုးသားပြီး သိမ်မွေ့တဲ့လူတစ်ယောက်ပဲ။ သူ့ရဲ့ပါရမီက သာမန်ပဲဖြစ်တဲ့အတွက် မြို့အပြင်ဘက်မှာရှိတဲ့လူက ခေါ်သွားဖို့ မထိုက်တန်ခဲ့ဘူး။ ဒီတော့ သူက လူတချို့ရဲ့မျက်လုံးထဲမှာ မျက်စိဆံပင်မွေးစူးစရာဖြစ်လာသလို အကျိုးမရှိတဲ့ အလုပ်တစ်ခုအဖြစ် မြင်လာခဲ့ကြတယ်။ သူတို့က ဒေါသထွက်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက ဆင်းရဲလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…”
“အချုပ်အားဖြင့်ပြောရမယ်ဆိုရင် မြို့အပြင်ဘက်မှာရှိတဲ့ ကြွေထည်ဝယ်သူက မင်းအဖေရဲ့အသက်ကြွေကို တစ်ခုခု လုပ်ခဲ့တာပဲ။ အဲဒီနောက်မှာတော့ သူ့ရဲ့ဘဝတလျှောက်လုံး ကံဆိုးမှုတွေ ပြည့်နှက်လာပြီး မင်းနဲ့မင်းအမေကလည်း အတူတူခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ဘာကြောင့်မှန်း မသိပေမဲ့ သူက အသက်ကြွေရဲ့ လျှို့ဝှက်ချက်တွေကို မထင်မှတ်ဘဲ သိသွားခဲ့တယ်။ အဲဒီအရာကိုဖွင့်ပြီး မြို့ထဲကနေ ယူသွားလိုက်မယ်ဆိုရင် ဘဝတလျှောက်လုံး ရုပ်သေးရုပ် ဖြစ်သွားမှာကိုလည်း သိသွားခဲ့တယ်။ ဒီတော့ သူက မင်းရဲ့အသက်ကြွေကို တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့တယ်။ ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင်တော့ အဲဒါက စာရွက်အလေးချိန်လောက်ပဲရှိတဲ့ ကြွေထည်တစ်ခုပဲ…"
ချီကျင့်ချွန်က လေးလေးနက်နက်ပြောလိုက်၏။
"ဒီမြို့လေးထဲမှာ နှစ်စဉ်နှစ်တိုင်း မွေးဖွားလာကြတဲ့ ကလေးတွေမှာ နံပါတ်တစ်ခုဆီရှိကြတယ်။ အဲဒီအရာတွေကို လျှို့ဝှက်စာအုပ်တစ်ခုထဲမှာ မှတ်တမ်းတင်ထားတယ်။ မြို့ထဲမှာရှိတဲ့သူတွေက ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး အဲဒီကလေးရဲ့နှလုံးသွေးတစ်စက်ကို ထုတ်ယူရတယ်။ ပြီးတော့ နောက်ပိုင်းမီးဖုတ်မဲ့ အသက်ကြွေထဲကို ပေါင်းထည့်ရတယ်။ မိန်းကလေး တစ်ယောက်ရဲ့ အသက်ကြွေက မီးစဖုတ်ပြီဆိုတာနဲ့ (၆)နှစ်တိတိ မီးပေးထားရတယ်…”
“ယောကျ်ားလေးတစ်ယောက်ရဲ့ အသက်ကြွေကတော့ ပိုပြီးတော့တောင် အချိန်ပေးရတယ်။ မီးဖိုကြီးရဲ့မီးတောက်တွေကို မရပ်မနား မီးထိုးပေးရပြီး (၉)နှစ်တိတိ ဆက်တိုက်မီးဖုတ်ရတယ်။ ကလေးတစ်ယောက်ရဲ့ပါရမီကလည်း မီးဖိုကြီးထဲမှာရှိတဲ့ ကြွေထည်ရဲ့ အရည်အသွေးလိုပဲ။ အဲဒီအရာကတော့ ကံကြမ္မာနဲ့ ကံတရားအပေါ်ပဲ မူတည်နေတယ်…”
“ဒါပေမဲ့ ကြွေထည်အလောင်းအစား တန်ကြေးက အရမ်းကိုများတယ်။ အခုချိန်မှာ မင်းရဲ့ပါရမီက သာမန်လို့ပဲ ပြောနိုင်ပေမဲ့ မင်းအဖေက မင်းရဲ့ကြွေထည်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြို့အပြင်ဘက်က ကြွေထည်ဝယ်သူရဲ့ဒေါသကို အလွယ်တကူ ခန့်မှန်းကြည့်လို့ ရနိုင်တယ်လေ။ မင်းရဲ့အမေကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ မိန်းမပျိုတစ်ယောက်ပါပဲ…"
ချီကျင့်ချွန်က ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ရုတ်တရက်ပြုံးလိုက်မိသည်။
"မင်းအဖေက မင်းအမေနဲ့ လက်ထပ်ခဲ့တဲ့အချိန်မှာ မြို့ထဲမှာရှိတဲ့ သက်တူရွယ်တူ ကောင်လေးအများစုက စိတ်ပျက်သွားခဲ့ကြတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ မင်းရဲ့မိဘတွေ အသက်ရှင်စဉ် အဖြစ်အပျက် အသေးစိတ်ကိုတော့ ငါလည်း သေချာပြောမပြနိုင်ဘူး။ ဒီနေရာကို ရောက်လာပြီးတဲ့နောက် ငါ့မှာ စာသင်တာအပြင် လုပ်စရာကိစ္စတွေ အများကြီးရှိတယ်.."
လူငယ်လေးက ခေါင်းညိတ်ပြလိုက်၏။ သူက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး မျက်နှာကို လက်နှင့် သုတ်လိုက်မိသည်။ လူငယ်လေးက ဘယ်ဘက်လက်၏ ဆိုးရွားသော အခြေအနေကိုပင် မေ့လျော့နေပုံရသည်။ သူ၏မျက်နှာပေါ်တွင် သွေးများ ဖုံးလွှမ်းနေပြီး အင်္ကျီလက်နှင့် ပွတ်လိုက်၏။
သူတို့နှစ်ယောက်က တိုင်(၁၂)လုံးရှိနေသော အမိုးခုံးအဆောက်အဦးကို ဖြတ်ကျော်သွားခဲ့သည်။ ချီကျင့်ချွန်က ထိုအရာကို မကြည့်ခဲ့ပေ။ သူက လူငယ်လေးကို ထူးဆန်းစွာ ပြောလိုက်၏။
"အစစ်အမှန်နဂါးက ဒီနေရာမှာ သေသွားခဲ့တဲ့အချိန် သူတော်စင်(၄)ပါး ကိုယ်တိုင်ပေါ်လာပြီး ဒီနေရာမှာ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်။ နှစ်ပေါင်း(၆၀)ကြာတဲ့ အချိန်တိုင်း ဒီနေရာကို လူတစ်ယောက်က ထိန်းချုပ်ပြီး အစစ်အမှန်နဂါးရဲ့ ကျန်ရှိနေတဲ့ ကံကြမ္မာတွေကို ဂရုစိုက်ဖို့ ကူညီပေးရလိမ့်မယ်။ အမှန်အတိုင်းပြောရရင်တော့ ပြဿနာရဲ့အရင်းအမြစ်ကို ဖယ်မလား၊မဖယ်ဘူးလားဆိုတာကလည်း ပဋိပက္ခတွေပဲ။ ဒါပေမဲ့ မင်းကို ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေ ပြောပြလိုက်မယ်ဆိုရင် မင်းကိုပဲ ထိခိုက်စေနိုင်လိမ့်မယ်။ ပုံမှန်အားဖြင့်တော့ ကွန်ဖြူးရှပ်ဝါဒ၊ဗုဒ္ဓဝါဒ၊တာအိုဝါဒနဲ့ စစ်ဝါဒီတွေက အရပ်မျက်နှာ(၄)ခုလိုပဲ။ တခြားကျန်ရှိနေတဲ့သူတွေကတော့ အတွေး(၁၀၀)ကျောင်း၊သုခဘုံတွေ၊အင်မော်တယ်ဂိုဏ်းတွေ၊မှူးမတ်တွေပဲ။ သူတို့က ဒီနေရာမှာရှိတဲ့ အကျိုးအမြတ်တွေကို ရနိုင်ကြတယ်။ နှစ်ပေါင်း(၁၀၀)အတွင်း ကြွေထည်ဝယ်ယူဖို့ ခွဲတမ်းက ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် မိသားစုတစ်ခုရဲ့ အဆင့်အတန်းပေါ် မှီခိုနေတာ တော်တော်လေးတော့ ရယ်ဖို့ကောင်းတယ်.."
ချန်းပင်အန်းက ပြောလိုက်သည်။
"ဆရာပြောနေတာတွေကို ကျွန်တော် နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော် သေချာမှတ်ထားပါတယ်။ ကျွန်တော့်ရဲ့မိဘတွေက လူကောင်းတွေဆိုတာ သိလိုက်ရတော့ ကျွန်တော် ကျေနပ်ပါပြီ…"
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်သည်။
"မင်းက အဲဒီအရာကို ချက်ချင်းနားလည်မယ်လို့ ငါလည်း မထင်ထားဘူး။ ဒါကတော့ အရိပ်ပြတဲ့သဘောမျိုးပါပဲ။ မဟုတ်ရင် ငါကသာ ဖူနန်းဟွာကို မသတ်ဖို့ မင်းကို ရိုးရိုးလေး ပြောလိုက်မယ်ဆိုရင် မင်းက သေချာပေါက် စကားနားထောင်မှာ မဟုတ်ဘူး။ ငါသူ့ကို မသတ်စေချင်တာက လူတစ်ယောက် ဆုံးရှုံးသွားမှာကို သနားနေလို့ မဟုတ်ဘူး။ ငါက ဖူနန်းဟွာနဲ့ နဂါးအိုမြို့အပေါ် ကျေးဇူးမရှိသလို သူတို့ဆီက အကျိုးအမြတ်တွေ တောင်းဆိုမှာလည်း မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင်တော့ ဆန့်ကျင်ဘက်ပဲ…”
“ငါတို့ကွန်ဖြူးရှပ်ကျောင်းတော်က တပည့်တွေက ကမ္ဘာကြီးရဲ့ပုံမှန်လမ်းကြောင်းကိုပဲ လျှောက်လှမ်းကြတယ်။ ဒါကြောင့် သူတို့တွေ အများစုက ကျင့်ကြံရေးကမ္ဘာကြီးထဲက မဆင်မခြင် လုပ်တတ်တဲ့သူတွေကို ပိုပြီးတော့ ဆန့်ကျင်ကြတယ်။ နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်းရော၊ ခိုးကြောင်ခိုးဝှက်ရော တိုက်ခိုက်နေကြတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ တကယ်လို့ ငါကသာ ချောက်ကမ်းပါးကျောင်းတော်ကို လေ့လာဖို့ ရောက်လာတဲ့ ပထမဆုံး ရောက်လာခဲ့တဲ့ အချိန်တုန်းကသာဆိုရင် လျှိုကျစ်မောက်နဲ့ ဖူနန်းဟွာတို့က အသက်ရှင်ဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး။ ငါက လက်ဝါးတစ်ဖက်တည်းနဲ့ သူတို့ကို ဖျက်ဆီးပစ်နိုင်တယ်…"
ဆရာချီ၏စကားသံက သိမ်မွေ့ညင်သာနေသေးပြီး သူ လမ်းလျှောက်သည့်ပုံစံက တည်ငြိမ်အေးဆေးနေသော်လည်း သူက မတူညီသော လူတစ်ယောက် ဖြစ်သွားသည့် ခံစားမှုကို လူငယ်လေးက ခံစားမိနေသည်။
အဘိုးယောင်က အရက်မူးလာသည့်အချိန်တိုင်း သူက ဘုရင်ကြီးအတွက် ကြွေထည်များ ပြုလုပ်ပေးနေသူဟု ပြောခဲ့ဖူးသည်။ သူနှင့်မည်သူက ယှဉ်နိုင်မည်နည်း။ ဆရာချီက လက်ဝါးတစ်ဖက်တည်းနှင့် သူတို့ကို ဖျက်ဆီးပစ်နိုင်သည်ဟု ပြောလိုက်သည့်အချိန်တွင် သူ၏လေသံက အဘိုးယောင်နှင့် ကွဲပြားသော်လည်း အမူအယာကတော့ တစ်ထပ်တည်းသာ ဖြစ်သည်။
ချီကျင့်ချွန်က မျက်မှောင်ကြုတ်လိုက်မိပြီး ရွှံ့ပုလင်းလမ်းကြားလေးရှိရာကို လှမ်းကြည့်လိုက်မိသည်။ သူက လူတစ်ယောက် စကားပြောနေသည်ကို နားထာင်နေသလို ထင်ရ၏။ သူက စိတ်ပျက်မှုကို ပြသခဲ့ခြင်း မရှိသော်လည်း မျက်လုံးထဲတွင် ကျေနပ်မှုမရှိသည့်အရာများကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
နောက်ဆုံးတွင်တော့ သူက အေးစက်စွာ ပြောလိုက်၏။
"မြန်မြန်ထွက်သွားစမ်း…"
ချန်းပင်အန်းက အလွန်ရှုပ်ထွေးသွားခဲ့သည်။
ချီကျင့်ချွန်က ရှင်းပြလိုက်၏။
"အဲဒါက ပုံပြောသမားပါ။ သူ့ရဲ့အစစ်အမှန်နာမည်က လျှိုကျစ်မောက်လို့ခေါ်တယ်။ သူ့ရဲ့တာအိုနာမည်ကတော့ တာအိုသခင်ကျန်းကျယ်လို့ခေါ်တယ်။ သူက လမ်းမှားကျောင်းတော်တစ်ခုက တာအိုသခင်တစ်ယောက်ပဲ။ သူ့ရဲ့ကျင့်စဉ်အဆင့်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ အကျင့်စရိုက်ကတော့ တော်တော်ဆိုးတယ်…”
“မင်းနဲ့ချိုက်ကျင်းကျန့်တို့၊ ဖူနန်းဟွာတို့ရဲ့ပြဿနာတွေက သူ့ကြောင့် ဖြစ်လာခဲ့တာ။ သူက မင်းရဲ့နှလုံးသားထဲမှာ မကောင်းဆိုးဝါးအဆောင်တစ်ခု ထည့်လိုက်တယ်။ အဲဒါက လေးဖက်လေးလံသေဆုံးခြင်းဆိုတဲ့ စကားလုံးကို ရေးသားထားတဲ့ မန္တန်တစ်ခုပဲ။ သူ့ရဲ့နည်းလမ်းတွေက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်.."
ချန်းပင်အန်းက လျှိုကျစ်မောက်ဟူသော နာမည်ကို တိတ်တဆိတ် မှတ်ထားခဲ့သည်။
ချီကျင့်ချွန်က သက်ပြင်းချပြီး မေးလိုက်၏။
"ငါက ဘာလို့ ဘာမှမလုပ်ခဲ့တာလဲဆိုတာ မသိချင်ဘူးလား.."
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
ချီကျင့်ချွန်က တစ်ကိုယ်တည်း ဆက်ပြောလိုက်၏။
"ဒီမြို့ငယ်လေးက နေဒဏ် လေဒဏ်ကို နှစ်ပေါင်း(၃၀၀၀)လောက် ခံနေရတဲ့ ကြွေထည်အဟောင်းတစ်ခုလိုပဲ။ ပျက်စီးခါနီးနေပြီ။ မင်းကတော့ အပြင်လူတစ်ယောက်ပဲ။ ဝင်္ကပါရဲ့အကာအကွယ်လည်း ရှိနေတယ်။ မင်းက ဘာတွေပဲလုပ်လုပ် အလွန်အကျွံ မလုပ်ဘူးဆိုရင် ကြွေထည်က ပျက်စီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ ဒီကြွေထည်ကို ကိုင်ထားရတဲ့ လူတစ်ယောက်ပဲ။ ငါ့ရဲ့လုပ်ရပ်တိုင်းက ကြွေထည်ကို အက်ကွဲကြောင်းတွေ ဖြစ်လာစေနိုင်တယ်။ ဒါကြောင့် ငါက ဘာပဲလုပ်လုပ် အက်ကွဲကြောင်းတွေ ပျံ့နှံ့လာတဲ့အရှိန်ကို တိုးမြင့်စေလာရုံပဲ ရှိတယ်။ တကယ်လို့ ကြွေထည်က ပျက်စီးသွားမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ မြို့ထဲမှာရှိနေတဲ့ လူပေါင်း(၅၀၀၀)၊(၆၀၀၀)လောက်ရဲ့ အသက်တွေ၊ ကံကြမ္မာတွေက ငါ့ရဲ့လက်ထဲမှာ ရှိနေတယ်။ ငါက သတိမထားလို့ ရမလား…"
ရင်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းလာခဲ့သော စကားလုံးများကို ဆရာချီက တိုတိုးလေး ပြောလိုက်လေသည်။
ချန်းပင်အန်းက သေချာနားထောင်နေသော်လည်း ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ပေ။ ချီကျင့်ချွန်က ညာဘက်လက်နှင့် မျက်နှာကို မကြာခဏ ပွတ်သတ်နေသော လူငယ်လေးကို ကြည့်လိုက်၏။
သူတို့နှစ်ယောက်က တရုတ်ဇီးသီးပွင့်လမ်းကြားလေးထဲတွင် ရှိနေသော သံကြိုးရေကန်ဆီသို့ လျှောက်လာခဲ့သည်။ ထိုအချိန်တွင် မိန်းမပျိုတစ်ယောက်က ရေခပ်နေခဲ့၏။
ချီကျင့်ချွန်က မေးလိုက်သည်။
"တကယ်လို့ လူစိမ်းတစ်ယောက်က ရေတွင်းထဲကို ပြုတ်ကျသွားတယ်။ မင်းက သူ့ကို ကယ်ရင်သေရမယ်။ ဒါဆိုရင် မင်းက သူ့ကိုကယ်မှာလား၊ မကယ်ဘူးလား.."
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ပြန်မေးလိုက်သည်။
"ကျွန်တော်က အဲဒီလူကို တကယ်ကယ်နိုင်မလား သိချင်တယ်.."
ချီကျင့်ချွန်က လူငယ်၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"လူကြီးလူကောင်းတစ်ယောက်က လူတိုင်းကို မကယ်ဘူးဆိုတာ မမေ့နဲ့.."
လူငယ်လေးက အံ့ဩမှင်တက်သွားပြီး သံသယဝင်နေသော အမူအရာနှင့် မေးလိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်လား…"
ချီကျင့်ချွန်က ခဏကြာ တွေဝေသွားခဲ့သည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြက်ဖိနပ်နှင့် လူငယ်လေး၏အဝတ်အစားများကို ပြင်ဆင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူ့လက်နှင့် သွေးများကို သုတ်ပေးပြီး တိုးတိုးလေး ပြောလိုက်၏။
"မင်းက ကံဆိုးမှုတစ်ခုနဲ့ ကြုံရတဲ့အချိန် ပထမဦးဆုံး မင်းဆီမှာ ကရုဏာတရား ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာက ရှေးရိုးစွဲတဲ့လူ တစ်ယောက်မဟုတ်ဘူး။ မင်းက ရေတွင်းကိုသွားပြီး လူကယ်နိုင်ပေမဲ့ ကိုယ်တိုင်နစ်မွန်းသွားမဲ့အရာမျိုး လုံးဝမလုပ်ရဘူး…"
ထိုမေးခွန်းက သူ့အတွေးများကို လှုံ့ဆော်ပေးစေခဲ့သည်။ လူငယ်ကအလေးအနက် မေးလိုက်၏။
"ဆရာ …
အခုကျွန်တော်က အသက်ရှင်နိုင်သေးလား။ တကယ်လို့ ကျွန်တော် အသက်ရှင်ဦးမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမှာလဲ…"
ချီကျင့်ချွန်က သေချာစဉ်းစားပြီး ခဏကြာမတ်တပ်ရပ်လိုက်သည်။ သူက ခိုင်မြဲစွာ ပြောလိုက်၏။
"တကယ်လို့ မင်းကသာ ရှေ့ဆက်လျှောက်ရမဲ့ လမ်းကြမ်းတွေ၊ အခက်အခဲတွေကို မကြောက်ဘူးဆိုရင် သေချာပေါက် အသက်ရှင်နိုင်ပါလိမ့်မယ်…"
လူငယ်လေးက ချက်ချင်းပင် အပြုံးနှင့်ပြောလိုက်၏။
"ကျွန်တော်က အခက်အခဲတွေကို လုံးဝ မကြောက်ဘူး…"
ချီကျင့်ချွန်က လမ်းတလျှောက်တွင် လူငယ်လေး၏ တည်ငြိမ်အေးချမ်းမှုကို တွေးနေမိပြီး စိတ်ထဲတွင် အေးချမ်းသွားသလို ခံစားလိုက်ရ၏။
"သွားကြစို့ ။ ငါ မင်းကိုနေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ ငါက မင်းကို ဘာမှမပေးနိုင်ပေမဲ့ အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာခဲ့ပြီ။ မင်းကို ဒီကပ်ဘေးဖြတ်ကျော်နိုင်အောင် ကူညီပေးလိုက်တာက စည်းမျဉ်းချိုးဖောက်တာတော့ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ငါက မင်းကို အခွင့်အရေးတစ်ခု လျော်ကြေးပေးသင့်တာ…"
လူငယ်လေးက ရှုပ်ထွေးနေခဲ့၏။ သူတို့နှစ်ယောက်က ရှေးဟောင်းသစ်ခါးပင်ကြီး၏ အောက်ကို ရောက်လာခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း မြို့ထဲနှင့် မြို့ပြင်ဘက်တွင် တိတ်ဆိတ်နေခဲ့၏။
ထိုရှေးဟောင်းသစ်ခါးပင်ကြီး တစ်ပင်တည်းကသာ ချွင်းချက်ဖြစ်နေခဲ့သည်။ သစ်ရွက်များက အနည်းငယ် လှုပ်ရှားနေခဲ့၏။ ချီကျင့်ချွန်က အလွန်တည်ငြိမ်လေးနက်သော အမူအယာနှင့် ရပ်လိုက်သည်။
သူက ဦးညွှတ်ပြီး ခေါင်းမော့၍ တောင်းဆိုလိုက်၏။
"ကျုပ် ချီကျင့်ချွန်က သစ်ခါးပင်သစ်ရွက်တစ်ခု တောင်းဆိုလို့ရနိုင်မလား။ ဒါဆိုရင် ကျွန်တော်က နောက်ပိုင်းမြို့ထဲကနေ လုံလုံခြုံခြုံ ထွက်သွားနိုင်ပြီး အနည်းဆုံး(၃)နှစ်လောက်တော့ ဒုက္ခမရောက်နိုင်တော့ဘူး…”
နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရှေးဟောင်းသစ်ခါးပင်ကြီးက တိတ်ဆိတ်နေခဲ့၏။
ချီကျင့်ချွန် နောက်တကြိမ် ထပ်မေးလိုက်သည်။
"ကျုပ် ချီကျင့်ချွန်က ဒီနေရာကို စောင့်ကြပ်ပေးနေတာ (၅၉)နှစ်တောင် ရှိနေပြီ။ တကယ်လို့ ကျုပ်က ဘာအကျိုးဆောင်မှုမှ မလုပ်ခဲ့ဘူးဆိုရင်တောင် ကြိုးကြိုးစားစား လုပ်ဆောင်ပေးခဲ့တယ်။ ကျုပ်က သစ်ရွက်တစ်ရွက်တောင် တောင်းဆိုဖို့ မတန်ဘူးလား။ ပြီးတော့ ဒီကလေးက ခင်ဗျားတို့ရဲ့မြို့ကပဲ။ ဘာလို့ခင်ဗျားတို့က ဒီလောက်တောင် ကပ်စီးနည်းနေရတာလဲ…"
သစ်ခါးပင်ကြီးက တုံ့ပြန်မှုမရှိခဲ့ချေ။ ထိုအချိန်တွင် တိတ်ဆိတ်မှုက သူ့ကို လှောင်ပြောင်နေသလို ထင်ရ၏။
'ချီကျင့်ချွန်ဆိုတဲ့ မင်းဆီမှာ ကြောက်စရာကောင်းတဲ့ မှော်စွမ်းအားတွေရှိတယ်။ ဒါပေမဲ့ မင်းက ကောင်းကင်ဘုံရဲ့တစိတ်တပိုင်းပဲ ဖြစ်နေသေးတယ်။ မင်းက ဝင်္ကပါဗဟိုကို ထိန်းချုပ်ရတဲ့ သနားစရာ လူတစ်ယောက်ပဲ။ ငါတို့က မင်းကို အဲဒီလိုအရာမျိုး မပေးချင်ဘူး။ မင်းက ငါတို့ကို ဘာလုပ်နိုင်မှာလဲ…'
ချီကျင့်ချွန်၏အမူအယာက ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ အဆုံးတွင်တော့ သူက သက်ပြင်းချပြီး အပြစ်ရှိသလို ခေါင်းငုံ့လိုက်မိ၏။
လူငယ်လေးက အပြုံးနှင့် နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်တော်ကသာ မြို့တောင်ပိုင်းကိုသွားပြီး ရွမ်မျိုးရိုး ပန်းပဲဆရာရဲ့ တပည့်ဖြစ်လာမယ်ဆိုရင် အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ တအိုသခင်လုက ပြောခဲ့တယ်။ ဒီသစ်ရွက်မရှိလည်း ကျွန်တော်က အသက်ရှင်နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်…"
ချီကျင့်ချွန်က အပြုံးနှင့် မေးလိုက်၏။
"တကယ်ယုံတာလား…"
လူငယ်လေးက ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။
"မဟုတ်ပါဘူး။ လိမ်ပြောလိုက်တာပါ…"
ချီကျင့်ချွန်က ပြုံးလိုက်မိ၏။ ရုတ်တရက်ဆိုသလို သစ်ပင်ပေါ်မှနေ၍ အလွန်လတ်ဆတ်သော သစ်ရွက်တစ်ရွက် ကျဆင်းလာခဲ့သည်။
လူငယ်လေးက လက်ကို ဆန့်ထုတ်လိုက်ရာ သစ်ရွက်က သူ့လက်ပေါ်သို့ ကျဆင်းလာခဲ့၏။ သစ်ရွက်ပေါ်တွင်တော့ ရွှေရောင်စကားလုံးတစ်ခု တောက်ပလာပြီး ပျောက်ကွယ်သွားခဲ့သည်။
ချီကျင့်ချွန်က အနည်းငယ် အံ့သြသွားခဲ့၏။ ခဏကြာပြီးနောက် သူက လေးလေးနက်နက် ပြောလိုက်သည်။
"ဒီစကားလုံးက ယောင်ဆိုတဲ့ စကားလုံးပဲ။ ချန်းပင်အန်း… မင်းက နောက်ပိုင်းမှာ သေရေးရှင်ရေး ပြဿနာ ဘယ်လောက်ပဲရှိရှိ ယောင်မိသားစုရဲ့ကျေးဇူးတရားကို ပြန်ပြီး ပေးဆပ်မှာလား။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီသစ်ရွက်မရှိရင်တောင် မင်းက အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်။ ငါက ဒါကိုမင်းသိအောင် ရှင်းရှင်းလင်းလင်းပြောပြထားတာ။ ဒီတော့ မင်းက သေချာစဉ်းစားသင့်တယ်.."
"ဒါက ဆရာကြီးယောင်ရဲ့ယောင်ဆိုတဲ့ စကားလုံးလား.."
ချီကျင့်ချွန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ဟုတ်တယ်…"
လူငယ်လေးက လက်နှစ်ဖက်ကို ဖိလိုက်ပြီး သူ၏လက်ဖဝါးထဲတွင် သစ်ရွက်ကို ညင်သာစွာ ကိုင်ထားခဲ့သည်။ သူက ခေါင်းမော့ပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်၏။
"ကျွန်တော် ချန်းပင်အန်း အသက်ရှင်နေသေးသ၍ ယောင်မျိုးရိုး လူတစ်ယောက်သာ တစ်ခုခုဖြစ်တယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ ဆရာချီ ပြောခဲ့တဲ့အတိုင်း တကယ်လို့ သူက ရေတွင်းထဲကို ပြုတ်ကျသွားလို့ ပြန်ကယ်ရင် ကျွန်တော် သေရမယ်ဆိုရင်တောင် ကျွန်တော် ချန်းပင်အန်းက သူ့ကို ကယ်တင်ပေးမှာပဲ.."
သဘာဝတရားကြီး၏အသံများက တိတ်ဆိတ်သွားခဲ့သည်။ ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
"သွားကြစို့…"
သူက လူငယ်လေးနှင့် ထွက်သွားသည့်အချိန်တွင် သစ်ခါးပင်ကြီး၏အပေါ်ဘက်ကို တိတ်တဆိတ် လှည့်ကြည့်လိုက်မိသည်။ ချီကျင့်ချွန်၏မျက်နှာကတော့ ကြောက်စရာကောင်းနေခဲ့၏။
ထိုရှေးဟောင်းသစ်ခါးပင်ကြီးပေါ်တွင် ချန်းမျိုးရိုး မရှိခြင်း မဟုတ်ချေ။ အမှန်အတိုင်းပြောရလျှင် တစ်ခု နှစ်ခုထက်မက ရှိသည်။ သို့သော် ဤနေရာက ပျက်စီးတော့မည်ဖြစ်ကြောင်း သိနေသည့်အတွက် သူတို့က တခြားသော လက်ခံသူတစ်ယောက်ကိုသာ ရှာဖွေချင်နေကြသည်။ လက်ခံသူ၏ မျိုးရိုးနာမည်က ‘ချန်း’ မဟုတ်လျှင်လည်း ကိစ္စမရှိတော့ချေ။
သူတို့ကို စောင့်ရှောက်ပေးနိုင်သော ရှေးဟောင်းသစ်ခါးပင်ကြီးက ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော မြက်ဖိနပ်နှင့် လူငယ်လေး တစ်ယောက်တည်းကို ကြည့်ရှုစောင့်ရှောက်ပေးနေရခြင်း မဟုတ်ချေ။
ချီကျင့်ချွန်က ပြန်လှည့်လာပြီး လူငယ်လေး၏ခေါင်းကို ပုတ်လိုက်သည်။ သူက စနောက်သလို ပြောလိုက်၏။
"တကယ်လို့ စုန့်ကျိရှင်း၊ကျိုးယောင်၊ကုစန့်နဲ့ တခြားသူတွေကသာ ဆန္ဒပြုလိုက်မယ်ဆိုရင် သူတို့က ကမ္ဘာမြေကြီးကိုတောင် လှုံ့ဆော်နိုင်လောက်တယ်.."
လူငယ်လေးက ပြုံးလိုက်၏။
"ဒါက ကျွန်တော့်အလုပ်မှ မဟုတ်တာ။ ကျွန်တော်က ကိုယ့်အလုပ်ကိုပဲ လုပ်နေတာပါ…"
ချီကျင့်ချွန်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
"ဒီတစ်ကြိမ်ရော အမှန်အတိုင်း ပြောတာလား…"
လူငယ်လေးက အပြုံးနှင့် ပြောလိုက်သည်။
"ဟုတ်ပါတယ်…"