အခန်း (၂၅)
Vol. 2 Ch. 25
ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် ရှိနေသော အိမ်တစ်အိမ်၏ အပြင်ဘက်တွင် နှပ်ချေးတွဲလောင်းနှင့် ရိုင်းစိုင်းသော ကလေးတစ်ယောက် ရှိနေခဲ့သည်။ သူက တံခါးကို ခြေထောက်နှင့် ပြင်းထန်စွာ ကန်နေပြီး နေရာတိုင်းတွင် ဆဲဆိုနေခဲ့၏။
"ချန်းပင်အန်း …
မင်း ထွက်မလာရင် ငါက မင်းကိုလူငှားပြီး သေအောင် သတ်ခိုင်းမယ်။ မင်း အိမ်တံခါးကို တစစီဖျက်ဆီးခိုင်းမယ်။ မင်းအိမ်ထဲမှာ ရှိတာ ငါသိတယ်။ မင်းက ဘာတွေ အလုပ်များနေတာလဲ။ မင်းက စုန့်ကျိရှင်းရဲ့မယားနဲ့ အိပ်နေတာလား။ အခုမှ နေ့ခင်းကြောင်တောင်ပဲ ရှိသေးတယ်လေ။ မင်းက စုန့်ကျိရှင်းရဲ့ခံစားချက်တွေကို ဂရုမစိုက်တော့ဘူးလား။ ရတယ် ..ရတယ် .. မင်းက ထွက်မလာချင်ဘူးမလား...။ ငါ သွားတော့မယ်... ငါ တကယ်သွားတော့မှာ။ ငါ ထွက်သွားရင် မင်းက ငါ့ကိုတစ်ဘဝလုံး ထပ်တွေ့ရမှာ မဟုတ်တော့ဘူး။ နဂိုတုန်းကတော့ ငါက ရတနာတွေအားလုံး မင်းဆီမှာ ပေးထားခဲ့ဖို့ စဉ်းစားနေတာ။ ချန်းပင်အန်း… မြန်မြန်ထွက်လာခဲ့…"
ဘာကြောင့်မှန်းမသိသော်လည်း ဆဲဆိုကြိမ်းမောင်းနေသည့် အဆုံးတွင် ကလေးငယ်၏အသံက ငိုချတော့မည့်အသံမျိုး ဖြစ်လာခဲ့သည်။ သူက နှပ်ချေးများကို နှာရှုံ့၍ ပြန်သိမ်းလိုက်ပြန်သည်။
ထိုအချိန်တွင် ကုစန့်က ခေါင်းတွင် နာကျင်သွားသလို ခံစားလိုက်ရ၏။ သူက လျင်မြန်စွာ ပြန်လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ကလေးငယ်က ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်းလိုက်၏။
"ချန်းပင်အန်း …ခွေးမျိုး… "
မြက်ဖိနပ်နှင့် လူငယ်လေး၏ အမူအရာက ကောင်းမွန်နေခြင်း မရှိချေ။
ကုစန့်က ချက်ချင်းပင် ခေါင်းစဉ်ပြောင်း၍ ထပ်ပြောလိုက်၏။
"မင်းရဲ့ခန္ဓာကိုယ်က ဘာဖြစ်တာလဲ…"
သူ့စကားက သဘာဝအတိုင်းဖြစ်ပြီး တမင်တကာ လုပ်ပြောနေခြင်း မဟုတ်ချေ။ ချန်းပင်အန်းကတော့ ထိုကလေး၏စကားလုံးများနှင့် ရင်းနီးနေခဲ့၏။ သူက အိုးသစ်တစ်လုံးကို လက်ထဲတွင် ကိုင်ထားရင်း မပျော်မရွှင် ပြောလိုက်သည်။
"ငါ ကောင်းလား မကောင်းလား မင်း မမြင်ဘူးလား…"
သူက သွားစရာကိစ္စ ရှိနေသေးကြောင်း ကုစန့်က နားလည်နေသေး၏။ ထို့ကြောင့် သူက ချက်ချင်းပင် ချန်းပင်အန်းကို တံခါးဆီသို့ လျင်မြန်စွာ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် ချန်းပင်အန်း၏လက်ထဲသို့ ပန်းထိုးအိတ်နှစ်လုံး ထည့်ပေးလိုက်သည်။
ကလေးငယ်က အသံတိုးတိုးနှင့် မေးလိုက်၏။
"အရင်နှစ်တုန်းက ငါ မင်းဆီကနေ တောင်းခဲ့တဲ့ ငါးသလဲထိုးလေးကို မှတ်မိသေးလား.."
ချန်းပင်အန်းက ရှုပ်ထွေးသွားခဲ့သည်။ လေးလံသောအိတ်များကို ကိုင်ကြည့်လိုက်ရာ သူက ထိုအရာများကို ရင်းနီးနေကြောင်း သတိထားမိခဲ့၏။ ယခင်တစ်ခေါက် ရွှေငါးကို အတင်းအကြပ် ဝယ်သွားခဲ့သည့် ပိုးဖဲဝတ်ရုံနှင့် လူငယ်လေးကလည်း သူ့ကို ကြေးပြားတစ်အိတ် ပေးခဲ့သေးသည်။
ချန်းပင်အန်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ ရွှံ့ပုလင်းလမ်းကြားထဲတွင် လူသွားလူလာ မရှိချေ။ သူက တံခါးကို အလျင်အမြန် ဖွင့်လိုက်ပြီး ကုစန့်ကို ခြံဝန်းထဲသို့ ခေါ်လာခဲ့၏။ အိုးကို ဘေးတွင် ချထားလိုက်ပြီးနောက် သူက တည့်တည့်မေးလိုက်သည်။
"လူစိမ်းက မင်းဆီကနေ ငါးသလဲထိုးလေးကို ဝယ်ချင်နေတာ မဟုတ်လား။ ကုစန့်… အဲဒီအရာကို မရောင်းဖို့ ငါ အကြံပေးချင်တယ်။ သူက မင်းကိုသေအောင် ရိုက်မယ်ဆိုရင်တောင် မရောင်းနဲ့။ မင်းက နောက်ပိုင်းမှာ ငါ့ကို ကောင်းကောင်း ရှင်သန်စေချင်တယ် မဟုတ်လား။ အဲဒီငါးသလဲထိုးလေးကို သိမ်းထားလိုက်။ ငါပြောတာနားလည်လား…"
ကုစန့်ဆီမှ မျက်ရည်များ စီးကျလာပြီး ချန်းပင်အန်း၏ အင်္ကျီကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားလိုက်၏။ သူက တရှုံ့ရှုံ့ငိုနေရင်း ပြောလိုက်သည်။
"ငါက အဲဒီငါးသလဲထိုးလေးကို မင်းဆီပြန်ပေးချင်ပါတယ်။ ဒါပေမဲ့ အမေက ငါ့ကို ပြန်မပေးခိုင်းဘူး။ သူက ငါ့မျက်နှာကိုတောင် ရိုက်ခဲ့သေးတယ်။ အမေက ငါ ငယ်ငယ်ကတည်းက ငါ့ကို လုံးဝမရိုက်ခဲ့ဘူး…”
“အဲဒီပုံပြောသမားက နတ်ဘုရားလား၊ သရဲတစ္ဆေလားဆိုတာတော့ ငါလည်း မသိဘူး။ သူက တော်တော်ကြောက်ဖို့ကောင်းတယ်။ ပထမဆုံး ငါ့ကိုပန်းကန်လုံးဖြူထဲ ခေါ်သွားခဲ့တဲ့အချိန်မှာ အဲဒီငါးသလဲထိုးလေးက အရမ်းကိုကြီးလာခဲ့တာ။ အဲဒါက ငါတို့မိသားစုရဲ့ ရေကန်ကြီးထက်တောင် ပိုပြီးတော့ ကြီးသေးတယ်…"
ချန်းပင်အန်းကတော့ ကလေးငယ်၏ပါးစပ်ကို လက်နှင့်အုပ်လိုက်ပြီး သူ့ကို ရှုတည်တည်နှင့် စိုက်ကြည့်လိုက်သည်။
"ငါက မင်းကို အဲဒီငါးသလဲထိုးလေး ပေးပြီးသွားပြီ။ အဲဒါကြောင့် မင်းပိုင်တဲ့အရာ ဖြစ်ပြီးသွားပြီ။ ကုစန့်… နောက်ပိုင်းမှာ မင်းအမေကို ကောင်းကောင်းနေစေချင်တယ် မဟုတ်လား။ မင်းက နေ့တိုင်းအသားစားပြီး မင်းအမေကို အလှပြင်ပစ္စည်းတွေ၊ ပိုးထည်ပစ္စည်းတွေ ကောင်းကောင်းသုံးစေချင်တယ် မဟုတ်လား…"
ကုစန့်က တရှုံ့ရှုံ့နှင့် ခေါင်းညိတ်ပြလိုက်သည်။
ချန်းပင်အန်းက သူ့လက်ကို လွှတ်ပေးလိုက်ပြီး သူ့ဘေးတွင် ထိုင်ချလိုက်၏။ သူက ပြန်မေးလိုက်သည်။
"ဒီငွေအိတ်နှစ်အိတ်က ဘယ်က ရလာတာလဲ။ မင်း ခိုးလာတာလား…"
ကုစန့်၏မျက်လုံးများက ပြောင်းလဲသွားပြီး လိမ်ပြောရန် ပြင်လိုက်သည်။ ချန်းပင်အန်းနှင့် သူ၏ပတ်သက်မှုက ရင်းနှီးသည်ထက်ပင် ပိုနေခဲ့၏။ သူက ဘာပြောတော့မည်ကို သိနေခဲ့သည့်အတွက် ချန်းပင်အန်းက ကုစန့်၏တင်ပါးကို ရိုက်လိုက်သည်။
သူက ကုစန့်ကိုကြည့်ပြီး ရှုတည်တည်နှင့် ပြောလိုက်၏။
"ပိုင်ရှင်ကို ပြန်ပေးလိုက်…"
ထိုအခါ ခေါင်းမာသော ကုစန့်၏ ခံစားချက်များ ပေါ်လာခဲ့သည်။
"ငါ ပြန်မပေးဘူး…"
ချန်းပင်အန်းက အလွန်ဒေါသထွက်သွားသည့်အတွက် သူ့မျက်နှာက နီရဲလာခဲ့သည်။ သူက လက်မြှောက်ပြီးရိုက်ရန် ပြင်လိုက်၏။ သို့သော် အလွန်ခေါင်းမာသော ကလေးငယ်၏ အမူအရာကို မြင်လိုက်သည့်အချိန်တွင် နှလုံးသားက ပျော့ပြောင်းသွားခဲ့ရသည်။
သူက ခဏကြာစဉ်းစားပြီး လေသံတိုးတိုးနှင့် ပြောလိုက်၏။
"ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကိုပြောပြဦး…"
ကုစန့်က စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် ချန်းပင်အန်းကို ပြောပြလိုက်သည်။ ထိုကလေးကို လူတိုင်းက မုန်းတီးနေသည်မှာ အမှန်ဖြစ်သည်။ သို့သော် သူက ငယ်ငယ်ကတည်းက အလွန်ဉာဏ်ကောင်းသော ကလေးတစ်ယောက်ဖြစ်၏။
ရှေးဟောင်းသစ်ခါးပင်ကြီးမှနေ၍ သံကြိုးရေကန်ထိ.. ထို့နောက် ရွှံ့ပုလင်းလမ်းကြားထဲရှိ ခြံဝန်းထဲတွင် ဖြစ်ခဲ့သော အကြောင်းအရာများကို စီကာပတ်ကုံး ပြောပြလိုက်သည်။ ထို့ပြင် ပုံပြောသမားက သူ့ကို တပည့်အဖြစ် လက်ခံချင်နေကြောင်းကိုလည်း ပြောပြခဲ့၏။
ထိုအချိန်တွင် ချန်းပင်အန်း၏ရင်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့၏။ ကုစန့်က သစ်ခါးပင်ကြီးဆီမှ ကောင်းချီးပေးမှုကို ရရှိထားခဲ့သော မြို့ငယ်လေးထဲမှ ကလေးတစ်ယောက် ဖြစ်ပုံရ၏။ ထိုအရာက ရှေးဟောင်းသစ်ခါးပင်ဆီမှဖြစ်စေ ဆရာချီနှင့် တာအိုသခင်လုတို့ ပြောသကဲ့သို့ ကံကောင်းသော အခွင့်အရေးတစ်ခုဖြစ်စေ ကုစန့်ကို ပုံပြောသမားက မြို့ငယ်လေးထဲမှ ခေါ်သွားတော့မည်ဖြစ်သည်။
သို့သော် မြစ်ဖြတ်အင်မော်တယ် လျှိုကျစ်မောက်၏ အကြောင်းကို တွေးလိုက်မိသည့်အချိန်တွင် ချန်းပင်အန်း၏ ရင်ထဲ၌ တင်းကြပ်သွားခဲ့၏။ ဆရာချီ၏ စကားအရ ထိုလူ၏ အကျင့်စရိုက်က အမှန်တကယ် ဆိုးရွားလှသည်။ ထိုလူက သူ့ကို လျင်မြန်စွာ ရှင်းပစ်ချင်နေပြီး သူနှင့် ချိုက်ကျင်းကျန့်တို့ကို ဖျက်ဆီးရန် အင်မော်တယ်စွမ်းအားများကိုလည်း သုံးခဲ့သေးသည်။
ကုစန့်က ထိုလူကို ဆရာအဖြစ် သတ်မှတ်ရမည်မှာ ကောင်းသောအရာ ဖြစ်လာမည်လော။ သို့သော် သေချာပြန်စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုလူကသာ ကုစန့်ကို သူ့တပည့်အဖြစ် လက်ခံချင်နေသည်ဆိုလျှင် သူ့ကို ရောင်းစားမည် မဟုတ်သလို လှည့်စားမည်လည်း မဟုတ်ချေ။ အချိန်အတိုင်းအတာတစ်ခုထိ ကုစန့်၏ဘဝက အန္တရာယ်ရှိလာနိုင်မည် မဟုတ်ချေ။
ကလေးငယ်၏ မျက်လုံးထဲတွင် ရှိနေသော အလင်းရောင်များက လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။ ချန်းပင်အန်းက သေချာစဉ်းစားနေခဲ့သည့်အချိန်တွင် သူက ချန်းပင်အန်း၏ လက်ထဲတွင် ကိုင်ထားသော ငွေအိတ်နှစ်အိတ်ကို ရုတ်တရက် လုယူပြီး အိမ်ခန်းထဲသို့ လှမ်းပစ်လိုက်သည်။ ထို့နောက် သူက ပြန်လှည့်ပြီး ထွက်ပြေးလိုက်၏။
အဆုံးတွင်တော့ ချန်းပင်အန်းက သူ၏အင်္ကျီကော်လံကိုဆွဲထားပြီး သူ့ကို မူလနေရာတွင် ပြန်ချထားလိုက်သည်။
ကုစန့်က လက်နှစ်ဖက်နှင့် ရုန်းထွက်နေသည်မှာ အလွန်သနားစရာကောင်း၏။
ချန်းပင်အန်းက ကလေးကို အတင်းအကြပ် ပြန်ဆွဲထားလိုက်သော်လည်း မည်သို့ဖြေရှင်းရမည်ဖြစ်ကြောင်း တွေဝေနေခဲ့သည်။ ထိုပြသနာက အလွန်ကြီးမားလှ၏။ ချန်းပင်အန်းက ရွေးချယ်မှု မှားယွင်းသွားပြီး ကုစန့်တို့သားအမိ ပြဿနာဖြစ်မှာကို ကြောက်လန့်နေခဲ့သည်။ အကယ်၍ သူတစ်ယောက်တည်း ဆိုလျှင်တော့ မြက်ဖိနပ်နှင့် လူငယ်လေးက မည်သူ့ကိုမျှ ဂရိုက်နေခြင်း မရှိချေ။
ထိုအချိန်တွင် အိပ်ရာမှ ထလာသော အနက်ဝတ်မိန်းမပျိုက တံခါးနောက်တွင် ရပ်နေခဲ့၏။
"လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြတယ်လို့ ငါ့အမေက ပြောခဲ့ဖူးတယ်။ ဒီကလေးက နောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် အသက်ရှည်နိုင်ဦးမှာပါ။ နောက်ပိုင်းမှာ သူက ကံကောင်းမှုတွေ ရှိလေူတစ်ယောက် ဖြစ်လာနိုင်ပါသေးတယ်…"
ကုစန့်၏မျက်လုံးများက ဝင်းလက်သွားခဲ့သည်။ သူက နှာရည်များကို အလျင်အမြန် သုတ်လိုက်၏။ ထို့နောက် သူက ကျိုးနေသော သွားပေါ်အောင် ရယ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“အစ်မကြီးက တော်တော်လှတာပဲ။ အစ်မကြီးက ကျွန်တော့်ရဲ့အစ်မနဲ့တောင် တော်တော်တူတယ်။ ဒီနေရာက ကျဉ်းကျဉ်းလေးပဲ။ ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါလား.."
ချန်းပင်အန်းက မသက်မသာ ပြောလိုက်သည်။
"ဘယ်အချိန်တုန်းကများ မင်းအမေက မင်းအဖေနဲ့ပြန်ပြီး လက်ထပ်လိုက်တာလဲ.."
ထိုစကားကို ကြားသည့်အခါ ကလေးငယ်က မျက်ခုံးပင့်လိုက်မိပြီး သူ၏အမူအရာနှင့် လေသံကလည်း ပြောင်းလဲသွားခဲ့သည်။ သူက လျှာထုတ်ပြီး ပြောလိုက်၏။
"ချန်းပင်အန်း…
မဆိုးပါဘူး။ မင်းက အိမ်ထဲကို ဘယ်အချိန်တုန်းကများ မိန်းမခိုးလာတာလဲ။ မင်းက မင်္ဂလာအခန်းကို နှောင့်ယှက်စေချင်နေတာလား။ ငါက အချိန်မရတော့တာ ကံဆိုးတာပဲ။ မဟုတ်ရင်တော့ ငါက အခန်းထောင့်မှာထိုင်ပြီး မင်းတို့ရဲ့ အိပ်ရာပေါ်ကတိုက်ပွဲကို ကြည့်နေချင်သေးတာ…"
ချန်းပင်အန်းက ကုစန့်၏ခေါင်းကို ရိုက်လိုက်ပြီး အနက်ဝတ်မိန်းမပျိုကို တောင်းပန်လိုက်သည်။
"သူက အမြဲတမ်းဒီလိုမျိုးပဲ။ မိန်းကလေးက စိတ်မဆိုးပါနဲ့…"
မိန်းမပျိုက ကလေးကိုကြည့်လိုက်သည်။
"အရူးလေးပဲ…"
ကုစန့်က သူ့မိသားစုစွမ်းရည်များကို ပြသရန် ပြင်လိုက်စဉ် သူ့ခေါင်းကို ကိုင်ထားသော ချန်းပင်အန်း၏လက်က စွမ်းအားများ တိတ်တဆိတ် များလာကြောင်း ခံစားလိုက်မိသည်။
သူက ချက်ချင်းပင် အားနည်းစွာ ပြောလိုက်၏။
"အစ်မကြီးက တော်တော်လှတယ်။ အစ်မကြီး ပြောတဲ့စကားတွေက အမှန်ပါပဲ.."
အနက်ဝတ်မိန်းမပျိုက ထိုကလေးကို လျစ်လျူရှုထားခဲ့ပြီး ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။ သူမက အဓိပ္ပာယ်ရှိစွာ ပြောလိုက်၏။
"နင်က အဲဒီကြေးပြားအိတ်နှစ်အိတ်ကို လက်ခံလိုက်တာ ပိုပြီးကောင်းမယ်။ မဟုတ်ရင် နောက်ပိုင်းမှာ နင်တို့က အချင်းချင်း ဆန့်ကျင်နေရလိမ့်မယ်။ ပြီးတော့ ဒီကလေးကသာ နောက်ပိုင်း ကျင့်ကြံမှုအောင်မြင်သွားပြီဆိုရင် သူ့ကို ဒီနေ့ကိစ္စကြောင့် အပြစ်ရှိသလို မခံစားရစေနဲ့။ မဟုတ်ရင် သူ့ရဲ့ တာအိုနှလုံးသားက မတည်မငြိမ်ဖြစ်သွားပြီး ပြင်ပနတ်ဆိုးတွေ ဝင်လာလိမ့်မယ်…"
ကုစန့်က ထိုစကားကို သဘောကျသည်။ သူက အစ်မကြီးကို လက်မထောင်ပြလိုက်၏။
"ဆံပင်ရှည်ရှည်နဲ့အစ်မကြီးကမှ ဗဟုသုတပြည့်စုံသေးတယ်။ အစ်မကြီးက ဟိုဘက်ခြံက မိန်းကလေးထက် ပိုပြီးတော့သဘောကောင်းတယ်…"
အနက်ဝတ်မိန်းမပျိုက မျက်ခုံးပင့်လိုက်ပြီး ထိုစကားကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
ထိုအချိန်တွင် ရွှံ့ပုလင်းလမ်းကြားလေး၏ အဝေးမှနေ၍ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ကုစန့်…"
ကလေးငယ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။
"ချန်းပင်အန်း …ငါ သွားတော့မယ်…"
သူက သွားတော့မည်ဟု ပြောနေသော်လည်း သူကိုယ်တိုင်က ချန်းပင်အန်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြောင်း နားမလည်ခဲ့ပေ။ ထိုကလေးက သူ၏မသိစိတ်ထဲတွင်တော့ သူ့အမေကလွဲလျှင် ချန်းပင်အန်းကို သူ့မိသားစုဝင်အဖြစ် သတ်မှတ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။
ချန်းပင်အန်းက ထိုကလေးကို ခြံဝန်းအပြင်သို့ ခေါ်လာခဲ့၏။ သူက ဘေးတွင်ထိုင်ပြီး တိတ်တဆိတ် ပြောလိုက်သည်။
"ကုစန့် …
မင်းဆရာကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မင်းအမေကိုလည်း ဂရုစိုက်ပါ။ မင်းက ယောကျ်ားတစ်ယောက်ပဲ။ နောက်ပိုင်းမှာ မင်းအမေက မင်းကိုပဲ အားကိုးရလိမ့်မယ်။ သူ့ကို စိုးရိမ်ရအောင်မလုပ်နဲ့…"
ကုစန့်က ခေါင်းညိတ်ပြလိုက်သည်။
ချန်းပင်အန်းက ဆက်ပြောလိုက်၏။
"မင်းက အပြင်ဘက်ကို ရောက်သွားရင် အလုပ်ကိုများများလုပ်ပြီး စကားကို နည်းနည်းပဲပြော။ မင်းရဲ့ပါးစပ်ကို သတိထားပါ။ မင်းက ဆုံးရှုံးမှုကြုံရတယ် ဆိုရင်တောင် အဲဒီအတိုင်းပဲ ထားလိုက်။ မင်းက သူတို့ကို ပါးစပ်နဲ့အနိုင်ယူဖို့မကြိုးစားနဲ့။ အပြင်ဘက်မှာရှိတဲ့သူတွေက ငါတို့လိုမဟုတ်ဘူး။ သူတို့က အငြိုးအတေး ထားတတ်တယ်…"
ကလေးငယ်၏မျက်လုံးက နီရဲလာခဲ့ပြီး သူက ထိုစကားကိုလက်မခံခဲ့ပေ။
"ငါတို့မြို့မှာရှိတဲ့သူတွေကလည်း အငြိုးအတေး ထားတာပဲလေ။ မင်းတစ်ယောက်တည်းသာ အငြိုးအတေးမထားတာ…"
ချန်ပင်အန်းက ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ သူက ခဏကြာ ပြောစရာစကားလုံး ပျောက်ရှသွားခဲ့ရ၏။ ချန်းပင်အန်းက ရုတ်တရက် သတိဝင်လာပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ကုစန့် …
မင်းက သစ်ခါးပင်ကြီးရဲ့ သစ်ရွက်တစ်ရွက် ရခဲ့တာလား…."
အကယ်၍ သူ မရလျှင်တော့ ကုစန့်က အင်မော်တယ်၏ အခွင့်အရေးတစ်ခုကို ရလိမ့်မည်ဟု ချန်းပင်အန်းက မတွေးမိခဲ့ပေ။ ပုံပြောသမားရောက်လာခြင်းက သူ၏သေဆုံးခြင်းကို လျင်မြန်စေသော အဆောင်တစ်ခုသာ ဖြစ်နိုင်သည်။
ထိုစကားကိုကြားသောအခါ ကလေးငယ်က ဒေါသထွက်သွားခဲ့၏။ သူက အိတ်ကပ်ထဲမှနေ၍ လက်တဆုပ် ထုတ်လိုက်ပြီး သူ့အကျင့်အတိုင်း ကျိန်ဆဲနေခဲ့ပြန်သည်။
"ဘယ်ခွေးကောင်ကများ ငါ့အိတ်ကပ်ထဲကို သစ်ရွက်တွေ အများကြီးထည့်လိုက်လဲ မသိဘူး။ ငါက အိမ်အပြင်ကို ထွက်လာပြီး ဒီငွေအိတ်နှစ်အိတ်ကို ထည့်တော့မဲ့ အချိန်မှပဲ မြင်ခဲ့ရတယ်။ အဲဒါ ဖက်တီးကျိုး မဟုတ်ရင် ရှိုမင်ပဲ ဖြစ်နိုင်တယ်။ ငါ့အမေကသာ အဝတ်လျှော်နေတုန်း ဒါကို တွေ့သွားမယ်ဆိုရင် ငါ့ကို နောက်တစ်ကြိမ် ဆူဦးမှာပဲ။ အခု ငါက ထွက်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါက သူတို့ရဲ့အိမ်သာထဲကို ကျောက်တုံးနဲ့ ပစ်ခဲ့ဦးမှာ…"
ကလေးငယ်က အားတက်သရော ကြိမ်းမောင်းနေခဲ့သည်။ ပထမတွင် ချန်းပင်အန်းက အံ့ဩနေသော်လည်း နောက်ပိုင်းတွင် စိတ်သက်သာရာရသွားခဲ့၏။ ထိုကလေးငယ်က ကျောက်တုံးများကို ပစ်ချမည့်အကြောင်း ပြောသည့်အခါ သူက အလျင်အမြန် တားဆီးလိုက်သည်။
သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်၏။
"ကုစန့် …
ဒါတွေကို ကောင်းကောင်းသိမ်းထား။ မင်းက သေချာသိမ်းထားမှ ရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီသစ်ရွက်တွေကို မင်းအမေ မမြင်တာအကောင်းဆုံးပဲ။ ဒါကလည်း သူကောင်းဖို့အတွက်ပါပဲ.."
ကလေးငယ်က နားလည်ပုံမရချေ။ သို့သော် သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ…"
ချန်းပင်အန်းက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး တစ်ယောက်တည်း ပြောလိုက်၏။
"အခုတော့ ငါက စိတ်အေးသွားပါပြီ…"
ကုစန့်က ရှေ့သို့ ကပ်လာပြီး သူ့နဖူးနှင့် ချန်းပင်အန်း၏နဖူးကို တိုက်လိုက်သည်။ သူက တီးတိုးပြောလိုက်၏။
"ငါ တောင်းပန်ပါတယ်…"
ချန်းပင်အန်းက သူ့ခေါင်းကို ပွတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"အရူးလေး…"
ထို့နောက် ကုစန့်က သူ့နား နားကို ကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ချန်းပင်အန်းက နေရာတွင် မှင်တက်နေခဲ့၏။ ကလေးငယ်က လှည့်ထွက်ပြီး အဝေးကို ပြေးသွားခဲ့သည်။ သူက ပြေးနေရင်း ပြန်လှည့်ပြီး လက်ဝှေ့ယမ်းပြလိုက်၏။
"အဘိုးအိုက ငါနဲ့ငါ့အမေကို စာအုပ်ရေကန်နဲ့ ချင်းရှကျွန်းလို့ခေါ်တဲ့နေရာကို ခေါ်သွားမယ်လို့ ကြားတယ်။ နောက်ပိုင်း မင်းက မိန်းမ မယူခဲ့ဘူးဆိုရင် ငါ့ကို လာရှာလို့ရတယ်။ ငါက မင်းကို ဟိုဘက်ခြံက ကျစ်ကွေးလို မိန်းကလေးတွေ အများကြီး ရှာပေးနိုင်ပါတယ်…"
ချန်းပင်အန်းက နေရာတွင်ရပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူလည်း အနည်းငယ် ဝမ်းနည်းနေသလို ခံစားနေရ၏။ မည်သို့ဖြစ်စေကာမူ ကုစန့်က သူ၏ညီငယ်လေးကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက ကုစန့်လိုချင်သည့်အရာတိုင်းကို ခွင့်ပြုနေခဲ့ခြင်းဖြစ်၏။
မြက်ဖိနပ်နှင့် လူငယ်လေးက တဖြည်းဖြည်း ဝေးကွာသွားသော ကလေးငယ်ကိုကြည့်ပြီး တစ်ယောက်တည်း တွေးနေခဲ့သည်။ သူ့ဘဝကြီးက ထိုကဲ့သို့သာဖြစ်၏။ သူအမှန်တကယ် ဂရုစိုက်သောသူများကို သူ့အနားတွင် ထိန်းထားနိုင်ခြင်း မရှိချေ။
ထိုလူငယ်လေးက တစ်ယောက်တည်း ပြုံးလိုက်မိ၏။ ကောင်းကင်ဘုံက အမှန်တကယ်ကို ကပ်စေးနည်းလွန်းလှသည်။
ထိုအချိန်တွင် တစ်ဖက်ခြံဝန်း၏တံခါးက ပွင့်သွားပြီး အစေခံမလေးကျစ်ကွေး ထွက်လာခဲ့သည်။ သူက သေးသေးသွယ်သွယ်နှင့် ရေကန်ထဲတွင် ရှိနေသော ကြာပန်းလေးတစ်ပွင့်ကဲ့သို့ ဖြစ်နေခဲ့၏။
ချန်းပင်အန်းက မေးလိုက်သည်။
"ကုစန့်က နင့်အကြောင်းတွေ ဆိုးဆိုးရွားရွား ပြောခဲ့တာတွေ နင်မကြားဘူးလား.."
သူမက မျက်တောင်များကိုခပ်ပြီး ပြောလိုက်သည်။
"ငါက မကြားချင်ယောင်ဆောင်နေတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အဲဒီသားအမိနဲ့ ပြိုင်ပြီး ရန်မဖြစ်နိုင်ဘူး…"
ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ သူက ကုစန့်ဘက်မှ ကူညီပြောပေးချင်ခဲ့သည်။
"အမှန်အတိုင်း ပြောရရင် သူ့ရဲ့နှလုံးသားက မဆိုးပါဘူး။ သူ့ရဲ့စကားတွေက နားမခံနိုင်လောက်ရုံပဲ ရှိတာပါ…"
ကျစ်ကွေးက နှုတ်ခမ်းကို တွန့်ကွေး၍ ပြောလိုက်သည်။
"ကုစန့်ရဲ့နှလုံးသားက ကောင်းတယ်ဆိုးတယ်ဆိုတာကို ငါမသိဘူး။ သူ့ရဲ့ မုဆိုးမအမေကတော့ ရင်ဆိုင်ဖို့ မလွယ်တာ သေချာတယ်…"
ချန်းပင်အန်းက မည်သို့ပြန်ဖြေရမှန်း မသိခဲ့ချေ။ သူကတော့ မကြားချင်ယောင်ဆောင်နေခဲ့၏။
သူမက ရုတ်တရက် မေးလိုက်သည်။
"ချန်းပင်အန်း …
နင် တကယ် နောင်တမရဘူးလား.."
ချန်းပင်အန်းက မှင်တက်သွားခဲ့၏။
"ဘာကိုပြောချင်တာလဲ…"
ထိုလူငယ်က ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း ကျစ်ကွေးက မြင်လိုက်ရသည်။ ထို့ကြောင့် သူမက သက်ပြင်းချပြီး ခြံဝန်းထဲသို့ ပြန်လှည့်၍ သစ်သားတံခါးကို ပိတ်လိုက်၏။
အလွန်အမြင်အာရုံစူးရှသော ချန်းပင်အန်းက လမ်းကြားလေးထဲတွင် ရပ်နေသေးသည်။ နောက်ဆုံးတွင်တော့ ကုစန့်တို့ ခြံဝန်းတံခါးပွင့်သွားပြီး လူ(၃)ယောက်ထွက်လာကြောင်း မြင်လိုက်ရ၏။ ထိုသားအမိက အိတ်ကြီးအိတ်ငယ်များ သယ်ဆောင်ပြီး ရွှံ့ပုလင်းလမ်းကြား၏ တခြားတစ်ဖက်သို့ ဖြည်းညင်းစွာ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။
ပုံပြောသမားက သူ့ကိုပြန်လှည့်ကြည့်ပြီး ကြောက်စရာကောင်းစွာ ပြုံးနေကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူတို့(၃)ယောက်က လမ်းကြားလေး၏အဆုံးတွင် ပျောက်ကွယ်သွားပြီးနောက် ချန်းပင်အန်းက ခြံဝန်းထဲသို့ ပြန်လျှောက်လာခဲ့ရာ အနက်ဝတ်မိန်းမပျိုက လှေကားထစ်တွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်က သံနှင့် ဖန်တီးထားခြင်းပေလော။
ချန်းပင်အန်းက ဆရာချီပေးခဲ့သော ကျောက်စိမ်းဆံထိုးလေးနှင့် ကုစန့်ပေးခဲ့သော ကြေးပြားနှစ်အိတ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူက ရေနွေးကြိုလိုက်ပြီး ဆေးရွက်များထည့်၍ ဆေးကျိုလိုက်၏။ သူက ထိုအရာများကို အလွန်ရင်းနှီးနေပြီး သူ့ပုံစံက မီးဖိုအလုပ်သမားတစ်ယောက်နှင့်ပင် မတူပေ။ သူက ဆေးဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်နေသော ဆေးဆိုင်အကူတစ်ယောက်ကဲ့သို့ ထင်ရ၏။
အနက်ဝတ်မိန်းမပျိုက အနည်းငယ် ရှုပ်ထွေးသွားသော်လည်း မမေးခဲ့ပေ။ သူမက ပျင်းနေသည့်အတွက် မတ်တပ်ရပ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားခဲ့၏။ ခဏကြာစဉ်းစားပြီးနောက် သူမက ပုလင်းတစ်ခုထဲတွင် ချန်းပင်အန်း ဖွက်ထားသော အိတ်တစ်အိတ်ကိုလည်း ထုတ်ယူလိုက်သည်။
သူမက ထိုင်လိုက်ပြီးနောက် ငွေအိတ်(၃)အိတ်နှင့် ကျောက်စိမ်းဆံထိုးလေးကို ကြည့်နေခဲ့၏။ အခန်းထောင့်တွင်တော့ စိတ်ဝိညာဉ်စွမ်းအား ရှိနေသော ဓားရှည်တစ်လက်က ပုန်းနေခဲ့သည်။ ချန်းပင်အန်းက သူမကို တားဆီးခဲ့ခြင်းမရှိဘဲ သတိသာ ပေးလိုက်၏။
"ကျောက်စိမ်းဆံထိုးလေးက ကျွန်တော့်ကို ဆရာချီပေးခဲ့တာ…"
မိန်းကလေးနင်က ဂရုမစိုက်ချေ။
ထိုမိန်းကလေးက အလေးအနက် မထားမှာဆိုးသည့်အတွက် ချန်းပင်အန်းက နောက်တစ်ကြိမ် သတိပေးလိုက်ပြန်သည်။
"မိန်းကလေးနင် သေချာဂရုစိုက်နော်.."
မိန်းမပျိုက မျက်ခုံးပင့်လိုက်သည်။ ထိုကြေးပြား(၃)အိတ်က နွေဦးငွေကြေး၊ ခွင့်ပြုငွေကြေးနှင့် ဝူရှန့်ငွေကြေးတို့ ဖြစ်ကြသည်။ တိုက်ဆိုင်နေသည်မှာ သူ့ဆီတွင် အရာအားလုံးရှိနေခဲ့၏။ ထိုမိန်းကလေးက ပါးကို လက်တစ်ဖက်နှင့် ထောက်ပြီး ကြေးပြား(၃)အိတ်ကို ဆော့ကစားနေခဲ့သည်။
သူမက မေးလိုက်၏။
"ဘယ်လိုဖြစ်သွားတာလဲ။ ငါ့ကို ပြောပြလို့ရနိုင်မလား…"
ချန်းပင်အန်းက ပြတင်းပေါက်နားတွင် ရှိနေသော နံရံကိုမှီ၍ မီးတောက်ကို စိုက်ကြည့်နေခဲ့သည်။ သူက ဆေးအညွှန်း(၃)ခုကိုလည်း မကြာခဏ ဖတ်ကြည့်နေခဲ့၏။
ထိုမေးခွန်းကို ကြားသည့်အခါ သူက ပြောလိုက်သည်။
"ကျွန်တော် ပြောလို့ သင့်တော်ပါ့မလား…"
မိန်းမပျိုက အပြုံးနှင့် ပြောလိုက်၏။
"နင်က ဒီလောက်ဆိုးဆိုးရွားရွား အခြေအနေကိုတောင် ရောက်နေပြီ။ ငါက လျှို့ဝှက်ချက်တွေ သိသွားလို့ အသတ်ခံရမှာကို စိုးရိမ်နေသေးတာလား။ ချန်းပင်အန်း.. ငါ နင့်ကိုအပြစ်မတင်ချင်ဘူး။ နင်က လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ နင်က ဘဝတလျှောက်လုံး ဒီမြို့ထဲကနေ ထွက်မသွားဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် နင်က ဘယ်လိုသေသွားလဲဆိုတာတောင် သိမှာမဟုတ်ဘူး…"
ထိုမိန်းမပျိုက သူ၏ကံတရားကို အပြစ်တင်နေပြီး သူက ထိုအရာကို မတိုက်ခိုက်နိုင်သည့်အတွက် ဒေါသထွက်နေခဲ့၏။ အကယ်၍ ထိုကောင်လေးက အလွန်အစွမ်းထက်သော ဓားအင်မော်တယ် တစ်ယောက်ဖြစ်မည်ဆိုလျှင်ပင် တနေ့တွင် သေချာပေါက် သေဆုံးသွားနိုင်သည်။ သူ့အလောင်းပင် မကျန်ခဲ့နိုင်ပေ။
မြက်ဖိနပ်နှင့်လူငယ်လေးက ဝမ်းသာအားရ ပြောလိုက်၏။
"ဒါဆိုရင်တော့ ကျွန်တော် ပြောပြပါ့မယ်…"
မိန်းမပျိုက လက်(၃)ချောင်းကိုသုံးပြီး ကြေးပြား(၃)ပြားကို ဖိထားသည်။ ထို့နောက် စားပွဲခုံနှင့် ပွတ်နေခဲ့၏။
"ပြောတာ မပြောတာ နင့်သဘောပဲ…"
ချန်းပင်အန်းက ဆရာချီ ပေါ်မလာခင် အဖြစ်အပျက်များကို ပြောပြလိုက်သည်။ ဆရာချီပေါ်လာပြီး နောက်ပိုင်းကိစ္စများကိုတော့ သေချာရွေးချယ်၍ ပြောခဲ့၏။
သူ့စကားကို နားထောင်ပြီးနောက် မိန်းမပျိုက တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲဒီလျှိုကျစ်မောက်က အဓိကတရားခံပဲ။ ဒါပေမဲ့ ချိုက်ကျင်းကျန့်နဲ့ ဖူနန်းဟွာတို့ကလည်း လူကောင်းတွေ မဟုတ်ကြဘူး။ တကယ်လို့ ဆရာချီကြောင့်သာ မဟုတ်ရင် နင်က မိုးအဆုံး မြေအဆုံး ထွက်ပြေးမယ်ဆိုရင်တောင် အဲဒီအင်အားစု(၃)ခုရဲ့ လက်ကနေ လွတ်မှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် သူတို့က နင့်ကိုအလွယ်တကူ သတ်ပစ်နိုင်တယ်။ တကယ်လို့ ငါတို့ကသာ မြို့ငယ်လေးထဲမှာ မဟုတ်ရင် လျှိုကျစ်မောက်ကို မပြောနဲ့ ယွင်ရှားတောင်က မိန်းကလေးကတောင် လက်ညှိုးတစ်ချောင်းနဲ့ နင့်ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လို့ရတယ်.."
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ကျွန်တော် သိပါတယ်…"
မိန်းမပျိုက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"နင်က ဘာသိတာလဲ.."
ချန်းပင်အန်းက သူမနှင့် ငြင်းခုန်နေခြင်းမရှိဘဲ ဆေးကိုသာ ဆက်၍ကြိုနေခဲ့သည်။
သူမက မေးလိုက်၏။
"နင်က ဒီအရှုပ်အထွေးတွေ အားလုံးထဲကို ရောက်သွားရတဲ့ အကြောင်းပြချက်က အဲဒီငါးသလဲထိုးလေးကြောင့်ပဲ။ ဘာလို့နင်က အဲဒီကလေးကို အမှန်အတိုင်း ပြောမပြခဲ့ရတာလဲ…"
ချန်းပင်အန်းက ယခုတစ်ကြိမ်တော့ တိတ်ဆိတ်နေခဲ့သည်။ သူက ပြန်လှည့်မကြည့်ဘဲ ထိုင်ခုံလေးတွင်ထိုင်ပြီး အစိမ်းရောင်နှင့် အနီရောင်မီးတောက်များကိုသာ ကြည့်နေခဲ့၏။ သူက တိုးတိုးလေး ပြောလိုက်သည်။
"အဲဒါကလည်း မမှန်ဘူးလေ…"
မိန်းမပျိုက စကားဆက်ပြောချင်နေသော်လည်း ရပ်လိုက်သည်။ သူမက ပိန်ပိန်ပါးပါးနှင့် အားနည်းပုံရသော လူငယ်လေးကိုကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
"နင့်ရဲ့လက်သီးကသာ မာကျောမနေဘူးဆိုရင် အမှားအမှန်ကို ဘယ်သူကမှ ဂရုမစိုက်ဘူးဆိုတာ နင်သိပြီလား…"
လူငယ်က ခေါင်းခါပြီး ပြောလိုက်သည်။
"အခြားသူတွေ နားထောင်တာ နားမထောင်တာ အရေးမကြီးဘူး။ အကြောင်းပြချက်ကတော့ အကြောင်းပြချက်ပဲ.."
သူက အနည်းငယ် မသေမချာ ခံစားနေရသေးသည်။ သူက ပြန်လှည့်ပြီး အပြုံးနှင့် မေးလိုက်၏။
"ကျွန်တော်ပြောတာ မှန်တယ်မလား…"
မိန်းမပျိုက သူ့ကို စိုက်ကြည့်လိုက်၏။
"နင့်ဘာသာ မှန်နေလိုက်…"
လူငယ်က နောက်ပြန်လှည့်သွားပြီး ဆေးကိုသာ ဆက်၍ကျိုနေခဲ့၏။ မြို့အပြင်ဘက်မှ နင်ယောင်ဟုခေါ်သော အနက်ဝတ်မိန်းမပျိုက ကျောက်စိမ်းဆံထိုးလေးကို သေချာစိုက်ကြည့်နေခဲ့သည်။ သူမက ထိုဆံထိုးပေါ်တွင် ထွင်းထုထားသော စကားလုံးများကို တွေ့နေရ၏။
ထို့နောက် သူမက ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။ ထိုဆံထိုးပေါ်တွင်တော့ စကားလုံး(၈)လုံးရှိနေ၏။ ထိုအရာများက လှုပ်ရှားနေသည်ကို စာပေအနည်းငယ် တတ်ကျွမ်းသော မိန်းမပျိုကပင် ခံစားမိနေခဲ့သည်။
“လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ပြောရရင် ကျောက်စိမ်းဆိုတာက သိမ်မွေ့နူးညံ့တယ်..”
Translated by Hein Htet.