← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

လျှိုရှန်းယန် ရွှံ့ပုလင်းလမ်းကြားထဲသို့ ရောက်လာပြီး သိပ်မကြာမီ ထိုလမ်းကြားထဲသို့ နောက်ထပ် ရှားရှားပါးပါး ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။ ထိုအရာကတော့ ဆရာချီကျင့်ချွန်နှင့် ပုံစံတူညီသော အပြာဝတ်စာသင်သား ကျိုးယောင်ဖြစ်၏။ ကျိုးယောင်က မြို့ငယ်လေးထဲတွင်ရှိနေသော မျိုးရိုးကြီး(၄)ခုထဲမှ တစ်ခု၏ အကြီးဆုံးမြေးတစ်ယောက်ဖြစ်၏။

လုကျန့်ချွန်တို့ကဲ့သို့ လူ့ပေါ်ကြော့သခင်လေးများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ချမ်းသာသော မိသားစုမှ မွေးဖွားလာသော ကျိုးယောင်က နာမည်ဂုဏ်သတင်း ကြီးမားလှသည်။ မြို့ငယ်လေးထဲတွင် တစ်ယောက်တည်း နေထိုင်သော အဘိုးအိုများစွာက ထိုလူငယ်လေး၏ ကရုဏာတရားများကို လက်ခံခဲ့ကြရသည်။

အကယ်၍ ထိုအရာက ကျေးရွာတွင် မျှော်လင့်ချက်များကို ပျိုးထောင်ပေးသော နာမည်ကျော် စာသင်သားတစ်ယောက်ဟု ဆိုရမည်ဆိုလျှင်ပင် ကျိုးယောင်၏ ရည်မှန်းချက်များကို အထင်ကြီးသလို ထင်ရပါလိမ့်မည်။ လူကြီးလူကောင်း တစ်ယောက်၏ နှလုံးသားကို ပေတံနှင့် တိုင်းတာကြည့်ရန် အနည်းငယ် ခက်ခဲလှသည်။

မည်သို့ဖြစ်စေကာမူ ထို‌လူငယ်လေးက အသက်(၁၀)နှစ် အရွယ်ကတည်းကစပြီး တခြားသူများအပေါ် သနားကြင်နာတတ်သည်။ တစ်နှစ်ပြီး တစ်နှစ် သူက အနည်းငယ်လေးပင် ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ ဖုလုလမ်းကြားထဲတွင် ထိုလူငယ်လေး ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့သော အဘိုးအိုများက သူ့ကို လက်မထောင်ပြခဲ့ကြသည်။

သူတို့က ကလေးများကို ဆူပူကြိမ်းမောင်းသည့် အချိန်တိုင်း ကျိုး‌ယောင်ကို စံပြအနေနှင့် သတ်မှတ်ပြီး ပြောတတ်ကြ၏။ ထို့ကြောင့် ကျိုးယောင်က သက်တူရွယ်တူကြားထဲတွင် မိတ်ဆွေများများ မရှိခဲ့ပေ။

လုကျန့်ချွန်နှင့် တခြားသူများကလည်း သူ့လို စားကြမ်းပိုးတစ်ယောက်ကို စိတ်မဝင်စားကြပေ။ နံရံပေါ်ကိုတက်ပြီး ပြတင်းပေါက်မှ ခိုးကြည့်နေသူများကို တွေ့သည့်အချိန်တွင်ပင် သူက ဘေးမှ ဝင်ပြောတတ်သေး၏။

"အောက်တန်းကျတဲ့ အလုပ်မျိုးတွေမလုပ်နဲ့။ ဒါက ပျော်စရာကောင်းလို့လား.."

အချုပ်အားဖြင့် ပြောရလျှင် ကျိုးယောင်က ဖုလုလမ်းကြား၏ အပြင်ဘက်တွင် ရှိနေသူများနှင့် ဆက်ဆံရခြင်းကို ပို၍သဘောကျသည်။ သူက ရွှံ့ပုလင်းလမ်းကြားမှလွဲ၍ လမ်းကြားငယ်လေးအများစုထဲတွင် လှည့်ပတ်သွားလာတတ်သည်။

ထိုအရာကလည်း ရွှံ့ပုလင်းလမ်းကြားထဲတွင် သူ့ကို အရှက်ရစေခဲ့သော စုန့်ကျိရှင်း နေထိုင်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် မိတ်ဆွေ၊အပေါင်းအသင်းနှင့် ပတ်သက်လာသည့် အချိန်တွင်တော့ ကျိုးယောင်က စုန့်ကျိရှင်းကို သူ၏ကျားကစားဖော်အဖြစ် အသိအမှတ်ပြုထာခဲ့သည်။

သူက စုန့်ကျိရှင်း၏ လက်ထဲတွင် နှစ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သော်လည်း အနိုင်ရချင်ရုံ ဆန္ဒသက်သက်သာ ဖြစ်သည်။ ကျိုး‌ယောင်၏ ရင်ထဲတွင်‌တော့ စုန့်ကျိရှင်း၏ ပါရမီကို အားကျနေခဲ့၏။ သို့သော် ကျိုးယောင်က အနည်းနှင့်အများတော့ စိတ်ပျက်နေခဲ့သေးသည်။

အဘယ်ကြောင့်ဆိုသော် စုန့်ကျိရှင်းနှင့်သူက အချင်းချင်း ရင်းနှီးနေသယောင် ထင်ရသော်လည်း စုန့်ကျိရှင်းက သူ့ကို အစစ်အမှန် မိတ်ဆွေတစ်‌ယောက်အဖြစ် လုံးဝမသတ်မှတ်ထားကြောင်း သူ၏မသိစိတ်က ပြောပြနေခဲ့သည်။ ယခင်တုန်းကတော့ ကျိုးယောင်က စုန့်ကျိရှင်း၏ အိမ်ကို သွားရောက်လည်ပတ်ခဲ့ခြင်း မရှိချေ။

အိမ်တစ်အိမ်ကို မြင်သည့်အချိန်တွင် ထိုအရာက စုန့်ကျိရှင်း၏အိမ်ဖြစ်မည်ဟု သူက သိနေခဲ့၏။ တံခါးပေါ်တွင် နှစ်သစ်ကူးစာသားများကို ရေးသားထားသည်။ ထိုစကားလုံးများက စုန့်ကျိရှင်း၏လက်ရေးဖြစ်ကြောင်း သိနိုင်နေ၏။

အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ လက်ရေးထဲတွင် ပြောင်းလဲမှုများစွာ ရှိနေခဲ့၏။ စကားလုံးတစ်ခုချင်းဆီက မတူညီကြောင်း ပြောပြနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် တော်ဝင်လေလှိုင်းဟူသော စကားလုံးက ချောချောမွေ့မွေ့ လွတ်လပ်စွာ ရေးသားထားခြင်းဖြစ်ပြီး လေထဲတွင် လွင့်မျောနေသော ခံစားမှုတစ်ခု ရှိသည်။

ရေဟူသော စကားလုံး၏ဘေးတွင် ရေးသားထားသော ယွမ်ဟူသည့် စကားလုံးကတော့ လေးနက်သောအဓိပ္ပာယ်တစ်ခု ရှိသည်။ ချီ ဟူသော စကားလုံးကတော့ ရဲစွမ်းသတ္တိရှိမှုကို ပြသနေပြီး မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကောဟူသော စကားလုံးကတော့ တည်ငြိမ်အေးချမ်းသောပုံစံ ရေးသားထားခြင်းဖြစ်ပြီး သူတော်စင်တစ်ပါး မတ်မတ်ထိုင်နေသလိုဖြစ်၏။

သူ၏လက်ရေးတွင် အားနည်းချက်အနည်းငယ်လေးပင် မတွေ့ရပေ။ ကျိုးယောင်က တံခါးဝတွင်ရ ပ်ပြီး တံခါးခေါက်ရန်ပင် မေ့နေခဲ့၏။ သူက ရှေ့ကို ကုန်းလိုက်ပြီး ထိုစကားလုံးများကိုသာ မှင်တက်စွာ စိုက်ကြည့်နေခဲ့မိသည်။ သူက တံခါးခေါက်ရန် သတ္တိပင် ‌ဆုံးရှုံးသွားရသလို ခံစားလိုက်ရ၏။

သူက လက်ရေးပညာကို အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသောကြောင့် ထိုစကားလုံးများထဲတွင် ပါဝင်နေသော စွမ်းအား၊ လေးနက်မှုနှင့် ဝိညာဉ်စွမ်းအားကို ပို၍သတိထားမိသည်။

ကျိုးယောင်က စိတ်ပျက်သွားမိ၏။ သူက ငွေတစ်အိတ် ထုတ်ယူပြီး တံခါးဝတွင် ချထားလိုက်သည်။ သူက နှုတ်မဆက်ဘဲ ထွက်သွားရန် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် ခြံဝန်းတံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။ ကျိုးယောင်က မော့ကြည့်လိုက်ရာ စုန့်ကျိရှင်းက သူ၏အစေခံမလေး ကျစ်ကွေးနှင့်အတူ အပြင်ထွက်ရန် ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ရယ်ကာမောကာနှင့် စကားပြောနေကြ၏။

စုန့်ကျိရှင်းက အံ့ဩသွားချင်ယောင်ဆောင်လိုက်ပြီး စနောက်လိုက်သည်။

"ကျိုးယောင် …

မင်းက ဘာလို့ တလေးတစား အရိုအသေပေးနေရတာလဲ…"

ကျိုးယောင်က အိုးတိုးအမ်းတမ်းအမူအရာနှင့် ငွေအိတ်ကို ကောက်ယူလိုက်သည်။

သူက ရှင်းပြရန်ပြင်လိုက်စဉ် စုန့်ကျိရှင်းက ထိုငွေအိတ်ကိုယူလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ကျိုးယောင် …

မင်းက ဒီကိုလာပြီး လက်ဆောင်တစ်ခု လာပေးတာပဲ။ ငါက လက်ခံလိုက်မယ်လေ။ ဒါပေမဲ့ ငါက အရင်ဆုံးတော့ ပြောထားရဦးမယ်။ ငါက ဆင်းရဲတဲ့မိသားစုကပဲ။ ဒါကြောင့် ငါ့ဆီမှာ မင်းကို ပြန်ပေးနိုင်တဲ့ပစ္စည်းမျိုး မရှိဘူး။ တကယ်လို့ ငါက ပြန်မပေးနိုင်ရင် ရိုင်းရာကျလိမ့်မယ်…"

ကျိုးယောင်က မချိပြုံးပြုံးလိုက်မိသည်။

"ဒီအိတ်ထဲမှာရှိတဲ့ ကြေးပြားတွေက ငွေစတွေထက်ပိုပြီး‌တော့ တန်ကြေးရှိတယ်။ ဒါကို ငါရဲ့နှုတ်ဆက်လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ။ ပြန်ပေးဖို့မလိုပါဘူး…"

စုန့်ကျိရှင်းက အစေခံမလေးကို လှည့်ပြီး ပြုံးပြလိုက်သည်။ သူက သူမကို အပြုံးနှင့် ပြောလိုက်၏။

"မြင်လား..။ ကျိုးယောင်က မြို့ထဲမှာ အယဉ်ကျေးဆုံး စာသင်သားတစ်ယောက်လို့ ငါ ပြောပါတယ်။ ဘယ်လိုလဲ..."

မိန်းမပျိုက ထိုငွေအိတ်ကို ယူလိုက်ပြီး ‌ရင်ဘတ်ထဲတွင် ပိုက်ထားလိုက်သည်။ သူမက အလွန်ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူမက အလွန်ဝမ်းသာနေသည့်အတွက် အနည်းငယ် ငုံ့ပြီး အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးကျိုး။ ကရုဏာတရားတွေ စုဆောင်းနေတဲ့ မိသားစုတစ်ခုက သေချာပေါက် အောင်မြင်နိုင်တယ်လို့ ကျွန်မရဲ့သခင်လေးက ပြောခဲ့ဖူးတယ်။ ကောင်းတာလုပ်တဲ့သူက ကောင်းတဲ့ ကံတရားပဲ ရမှာပါ။ သခင်လေးကျိုးမှာ အောင်မြင်ပြီး တောက်ပတဲ့ အနာဂတ်တစ်ခုရှိလာပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်.."

ကျိုးယောင်က အလျင်အမြန် ပြန်ပြောလိုက်သည်။

"မိန်းကလေးကျစ်ရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်…"

စုန့်ကျိရှင်းက နောက်စေ့ကိုပွတ်လိုက်ပြီး သန်းဝေလိုက်သည်။

"မင်းက မပင်ပန်းဘူးလား…"

ကျစ်ကွေးက ပြုံးလိုက်၏။

"တကယ်လို့ ကျွန်မကသာ အချိန်တိုင်း ငွေအိတ်တစ်အိတ်သာ ရနိုင်မယ်ဆိုရင် အကြိမ်(၁)သောင်းလောက် အရိုအသေပေးရမယ်ဆိုရင်လည်း မပင်ပန်းဘူး…"

ကျိုးယောင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ငါက မိန်းကလေးကျစ်ကွေးကို စိတ်ပျက်အောင် လုပ်မိမယ်ထင်တယ်…"

စုန့်ကျိရှင်းက လက်ကာပြလိုက်သည်။

"လာလေ အရက်သွားသောက်ကြစို့…"

ကျိုးယောင်က အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့၏။

စုန့်ကျိရှင်းက သူ့ကိုဖျောင်းဖျရန်ကြိုးစားလိုက်သည်။

"မင်းက‌ တော်တော်ရိုးတာပဲ။ မင်းက တင်းကြပ်တဲ့စည်းမျဉ်းတွေ အကြောင်းကိုပဲ ဖတ်ခဲ့ဖူးတယ်။ နာမည်ကျော်စာသင်သားတွေရဲ့ လွတ်လပ်ပေါ့ပါးမှုအကြောင်းကို မဖတ်ဖူးဘူးလား…"

ကျိုးယောင်က သေချာမေးလိုက်သည်။

‌"ခံစားချက်တွေ ပေါ့ပါးသွားအောင် နည်းနည်းသောက်ရမှာလား…"

စုန့်ကျိရှင်းက မျက်ခုံးပင့်လိုက်သည်။

"သွားသောက်မှာလား…"

ကျိုးယောင်က ပြန်ပြောတော့မည့်အချိန်တွင် စုန့်ကျိရှင်းက သူ့လည်ပင်းကိုဆွဲပြီး အဝေးသို့ ခေါ်သွားခဲ့သည်။ အစေခံမလေးကျစ်ကွေးက တံခါးကို သော့ခတ်လိုက်သည့် အချိန်တွင် ခြေ(၄)ချောင်းမြွေလေးက ခိုးထွက်လာရန် ကြိုးစားလိုက်၏။ သို့သော် သူမက ခြံဝန်းထဲကို ပြန်ကန်ထည့်လိုက်သည်။

သူမက တံခါးဘေးတွင် ရှိနေသော အိမ်ကို ဖြတ်သွားသည့်အချိန်တွင် ခြေဖျားထောက်၍ အတွင်းထဲကို ခိုးကြည့်လိုက်သည်။ ထိုအချိန်တွင် သူမက အရပ်ရှည်ရှည် လျှိုရှန်းယန်ကို တွေ့လိုက်ရ၏။

လျှိုရှန်းယန်ကလည်း သူမကို သတိထားမိသွားသည့်အတွက် ချက်ချင်း ပြုံးပြလိုက်သည်။ လျှိုရှန်းယန်က သူမကို နှုတ်ဆက်ရန် ပြင်လိုက်စဉ် သူမက ချက်ချင်း အဝေးကို ထွက်သွားလိုက်၏။

……………

မြို့ငယ်လေးထဲတွင် ‌စားသောက်ဆိုင်တစ်ခု ရှိသည်။ ထိုစားသောက်ဆိုင်က ကြီးမားမှု မရှိသော်လည်း ကုန်ကျစားရိတ်က သေးငယ်မှု မရှိချေ။ သို့သော် ကျိုးယောင်ကတော့ ကျိုးမိသားစုမှ မျိုးဆက်တစ်ယောက်ဖြစ်ပြီး နာမည်ဂုဏ်သတင်းကောင်းမွန်သည်။ စားသောက်ဆိုင်၏ တာဝန်ခံက ကပ်စေးနည်းသည်ဟု ကျော်ကြား၏။

ယနေ့တော့ သူက ဘာမှားနေလဲ မသိသော်လည်း ရင်ဘတ်ကိုပုတ်ပြီး ‌ငွေတစ်ပြားမှ မယူကြောင်း ပြောခဲ့သည်။ သူ၏စားသောက်ဆိုင်က အရက်လာသောက်သော စာသင်သားနှစ်ယောက်ကို ဧည့်ခံရသည့်အတွက် ဂုဏ်ရှိသည်ဟု ပြောခဲ့၏။ ထိုအစား သခင်လေးနှစ်ယောက်ကသာ သူ့ငွေကို လက်ခံသင့်သည်ဟု ပြောခဲ့သည်။

ထိုစကားကြောင့် စုန့်ကျိရှင်းက ရယ်လိုက်ပြီး ချက်ချင်းပင် လက်ဖြန့်၍ တောင်းခဲ့၏။ ဆိုင်ရှင်က ဒေါသထွက်သွားသော်လည်း သူက စုန့်ကျိရှင်းကို အကြွေးမှတ်ထားရန် ပြော၍ မနက်ဖြန်ကျလျှင် သ‌ခင်လေးစုန့်၏အိမ်သို့ အရက်အနည်းငယ် ပို့ပေးမည်ဟု ပြောခဲ့သည်။

ကျိုး‌ယောင်ကတော့ ဝင်ပါခဲ့ခြင်းမရှိချေ။ ဆိုင်တာဝန်ခံက သခင်လေးစုန့်၏ ထူးဆန်းသော သဘောထားကို သိနေခဲ့သည့်အတွက် အမှန်တကယ် ဒေါသထွက်ခဲ့ခြင်း မရှိချေ။

သူက ဒုတိယထပ်တွင် သူတို့(၃)ယောက်အတွက် တိတ်ဆိတ်သော ပြတင်းပေါက်အနား စားပွဲတစ်ခုတွင် နေရာချပေးလိုက်သည်။ စုန့်ကျိရှင်းနှင့် ကျိုးယောင်တို့က များများမသောက်ခဲ့ကြပေ။ စုန့်ကျိရှင်းက သူ့ကိုအရက်နှင့် လှည့်စားရန်လည်း ကြိုးစားခဲ့ခြင်း မရှိချေ။

ထို့ကြောင့် ကျိုးယောင်က အလွန်ထူးဆန်းနေသလို ခံစားနေရ၏။ စားသောက်ဆိုင်၏ ဒုတိယထပ်တွင် ရှိနေသော ပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်လိုက်မည်ဆိုလျှင် ခြေ(၁၂)ချောင်းရှိနေသော အထိမ်းအမှတ် အဆောက်အဦး၏ မျက်နှာပြင်တစ်ဖက်ကို မြင်နေရသည်။

စုန့်ကျိရှင်းက မေးလိုက်၏။

"ဆရာချီက မင်းနဲ့အတူ မြို့ငယ်လေးထဲကနေ တကယ်ထွက်မသွားဘူးလား…"

ကျိုးယောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဆရာချီက နောက်ဆုံးအကြိမ်မှာ သူ့ရဲ့အချိန်ဇယားကို ပြောင်းလဲလိုက်တယ်။ သူက ကျောင်းမှာဆက်နေပြီး လောကကျင့်ဝတ်ဆိုတဲ့သင်ခန်းစာကို သင်ကြားပေးလိမ့်မယ်.."

စုန့်ကျိရှင်းက သက်ပြင်းချပြီး ပြောလိုက်၏။

"ဒါဆိုရင်တော့ ဆရာချီက စည်းမျဉ်းစည်းကမ်းတွေအကြောင်းကို ပြောတော့‌မှာပေါ့။ သူက ကွန်ဖြူးရှပ်သူတော်စင်ရဲ့ကိုယ်စား ကမ္ဘာကြီးကို သင်ကြားပေးချင်နေတာ။ ကမ္ဘာကြီးရဲ့အစမှာ စည်းမျဉ်းလို အရာမျိုးမရှိဘူးဆိုတာ သူက ပြောပြတော့မှာပဲ။ သူတော်စင်တွေက သက်ရှိတိုင်းကို သင်ကြားပေးဖို့အတွက် လောကကျင့်ဝတ်တွေကို အသုံးပြုခဲ့တယ်။ အဲဒီတုန်းက ဘုရင်တွေအားလုံးကလည်း လောကကျင့်ဝတ်တွေကို လိုက်နာခဲ့ရတယ်။ တကယ်လို့ လောကကျင့်ဝတ်တွေမှာ တစ်ခုခုမှားယွင်းသွားခဲ့တာရှိရင် အပြစ်ပေးခံရမယ်လို့ သူတို့က ယုံကြည်နေကြတယ်…"

ကျိုးယောင်က အနည်းငယ် ရီဝေဝေဖြစ်နေပြီး သူတို့၏စကားလုံးများက ခပ်လေးလေး ဖြစ်နေခဲ့သည်။ သူက မေးလိုက်၏။

"ဆရာချီက လောကကျင့်ဝတ်သိမြင်ခြင်းဆိုတဲ့ နောက်ဆုံးသင်ခန်းစာကို ဘာကြောင့် သင်ပေးရတာလဲဆိုတာ မင်း မတွေးမိဘူးလား…"

စုန့်ကျိရှင်းက သူ့မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ပေ။

"မြို့ငယ်လေးကနေ ထွက်မသွားခင် တောင်တန်းဝိညာဉ်တွေ၊ ရေသရဲတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးရွားတွေ ရှိနေကြတယ်ဆိုတာ သိရမယ်။ မင်းက အဲဒါကို ယုံကြည်မယ်ဆိုရင် သူတို့က ရှိနေမှာပဲ။ မယုံကြည်ဘူးဆိုရင်တော့ သူတို့က ရှိနေမှာ မဟုတ်ဘူး။ ဆရာချီက ဘယ်လို‌‌သင်ပေးမလဲဆိုတာနဲ့ ကျောင်းသားတွေက ဘယ်လိုနားထောင်မလဲဆိုတာကတော့ ကံတရားအပေါ်ပဲ မူတည်တယ်…"

အစေခံမလေးကျစ်ကွေးကလည်း အရက်တစ်ခွက်ကို သောက်လိုက်သည်။ သူမကလည်း ရီဝေဝေ ဖြစ်နေသည့်အတွက် အနည်းငယ် ချစ်စရာကောင်း၏။ သူမကတော့ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် မြင့်မားသော အထိမ်းအမှတ်‌အဆောက်အဦးကြီးကို လှည့်မကြည့်ခဲ့ပေ။

ထိုအဆောက်အဦးတွင် တိုင်(၁၂)လုံးရှိနေပြီး တိုင်တစ်ခုချင်းဆီ၏ အောက်တွင်တော့ မတူညီသော မှော်သားရဲ(၉‌)ကောင် ရှိနေသည်။ အပြင်ဘက်‌တွင်တော့ ကျားဖြူ၊လိပ်နက်နှင့်မီးငှက်တို့ ရှိကြသည်။ မြို့ငယ်လေးထဲတွင် နေထိုင်ကြသော လူများကတော့ ဤနေရာတွင် မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြသည့်အတွက် ထိုအရာများနှင့် အသားကျနေခဲ့သည်။

ကျိုးယောင်က မနေနိုင်တော့ဘဲ ပြောလိုက်၏။ သူက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"နှုတ်ဆက်ခဲ့ပါတယ်။ ငါတို့က နောက်တစ်ကြိမ် ပြန်တွေ့ရဖို့ မျှော်လင့်တယ်…"

စုန့်ကျိရှင်းက ခဏကြာစဉ်းစားပြီး သူလည်း မတ်တပ်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ငါတို့က နောက်တစ်ကြိမ် သေချာပေါက်တွေ့ရမှာပါ…ကျိုးယောင်။ မျက်နှာချင်းဆိုင် ပြန်တွေ့ရင် မိတ်ဆွေအဖြစ် မမှတ်မိမှာကို စိုးရိမ်မနေပါနဲ့…"

မျက်လုံးများ ဝေဝါးနေသော ကျိုးယောင်က လျှာကိုကိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

"စုန့်ကျိရှင်း …

မင်းက ဒီမြို့ထဲကနေ မြန်မြန်ထွက်သွားသင့်တယ်။ မင်းကို ဘယ်သူက မသိလို့လဲ။ မင်းက လုပ်နိုင်ပါတယ်…"

စုန့်ကျိရှင်းကတော့ သူ့စကားကို အလေးအနက် မထားခဲ့ပေ။ သူက လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။

"သွားကြစို့... သွားကြစို့။ အရက်မူးနေတုန်း စကားပြောတာက လူကြီးလူကောင်းတစ်ယောက်ကို သိက္ခာကျစေနိုင်တယ်…"

ကျိုးယောင်နှင့် စုန့်ကျိရှင်းတို့ စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် သူတို့က တစ်လမ်းဆီ ပြန်သွားကြသည်။

ကျိုးယောင် ထွက်မသွားခင် သူ့ကို မေးလိုက်၏။

"စုန့်ကျိရှင်း …

မင်းက မီးဖိုကြီးကြပ်သူရဲ့အိမ်ကို သွားကြည့်ချင်လား။ ငါက တံခါးစောင့်ကို ပြောပေးလို့ရတယ်….."

စုန့်ကျိရှင်း၏ မျက်နှာက ‌အေးစက်သွားသည်။

"နေပါစေ... ရတယ်…"

ကျိုး‌ယောင်က တိတ်တဆိတ် ထွက်ခွာသွာခဲ့သည်။

အစေခံမလေးကျစ်ကွေးက သူ၏နောက်ကျောကိုကြည့်ပြီး တီးတိုးပြောလိုက်၏။

"သခင်လေး …

သူ့မှာ ရည်ရွယ်‌ချက်ကောင်းတွေ ရှိနေမှာပါ…"

စုန့်ကျိရှင်းက ခနဲ့သလို ပြောလိုက်သည်။

"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လူကောင်းတွေမှာကောင်းတဲ့ ရည်ရွက်ချက်တွေပဲရှိကြတယ်။ ဒါပေမဲ့ အဆုံးမှာ‌‌တော့ ရလဒ်ဆိုးတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ရတယ်။ အဲဒါတွေ အများကြီးပဲ မဟုတ်လား…"

သူမက ခဏကြာစဉ်းစားနေခဲ့သည်။ ကြည့်ရသည်မှာလည်း ထိုအရာက အမှန်တရားတစ်ခု ဖြစ်နေပုံရသည့်အတွက် သူမက ငြင်းခုံနေခြင်းမရှိတော့ချေ။

ကျိုး‌ယောင်က မြို့ငယ်‌လေး၏ မြောက်ဘက်တွင် ရှိနေသော ဖုလုလမ်းကြားထဲတွင် နေထိုင်ခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားလေးက အနောက်ဘက်တွင် ရှိနေပြီး ဆင်းရဲသားများသာ ရှိနေကြ၏။

စုန့်ကျိရှင်းနှင့် အစေခံမလေးက အထိမ်းအမှတ် အဆောက်အဦးကိုဖြတ်၍ လျှောက်သွားသည့်အချိန်တွင် တိုက်ခိုက်ခြင်း၊ ကျွဲဟူသော စကားလုံးများကို မော့ကြည့်လိုက်မိလေသည်။ သူမကတော့ ယခင်အမြင့်ဆုံးအခြေအနေမှ အဘွားအို တစ်ယောက်ကဲ့သို့ ထင်ရသည်။ နာမည်အစစ်အမှန် ဝမ်ကျူးဟုခေါ်သော သူမက တစ်ယောက်တည်း ပြုံးလိုက်မိသည်။

………….

ကျိုး‌ယောင်က ဖုလုလမ်းကြားထဲတွင် ရှိနေသော ဘိုးဘေးစံအိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် စာကြည့်ခန်းထဲတွင် အဘွားက သူ့ကိုစောင့်နေကြောင်း အစေခံက ပြောခဲ့သည်။ အရက်မူးနေသော စာသင်သားက အနည်းငယ် ခေါင်းကိုက်သွားပြီး စာကြည့်ခန်း‌ဆီသို့ ပြေးသွားခဲ့၏။

ကျိုးမိသားစုက မြို့ငယ်လေးထဲတွင် ဟန်ရေးပြနေခဲ့ခြင်းမရှိချေ။ သူတို့၏ ကြွယ်ဝချမ်းသာမှုများကို ထိန်းချုပ်ထားခဲ့၏။ သူတို့က မောက်မာသော လုမိသားစုကဲ့သို့ မဟုတ်ကြပေ။ သူတို့ကတော့ စာသင်သားမိသားစုဖြစ်ကြောင်း ဂုဏ်ဖော်ရသည်ကို အလွန်သဘောကျကြသည်။

စာကြည့်ခန်းက အလွန်ရှေးကျကြ၏။ လမ်းလျှောက်တုတ် ကိုင်ထားသော အဘွားအိုတစ်ယောက်က စားပွဲခုံ၏ဘေးတွင် ရပ်နေခဲ့သည်။ သူမက စားပွဲခုံ၏ မျက်နှာပြင်ကို လက်နှင့် ပွတ်ကြည့်နေခဲ့၏။ သူမ၏မျက်နှာပေါ်‌တွင်လည်း ဝမ်းနည်းမှုများ ၊ လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေခဲ့သည်။

အဘွားအိုက ရောက်လာသော သူမ၏မြေးဆီမှ အရက်နံ့ကို ရသည့်အချိန်တွင် ဒေါသထွက်သွားခဲ့ခြင်း မရှိချေ။ သူမက အပြုံးနှင့် ပြောလိုက်၏။

"ယောင်အာ ဝင်လာခဲ့။ တံခါးမှာ ဘာရပ်လုပ်နေတာလဲ။ အရက်သောက်လာတာ ရှက်စရာမဟုတ်ပါဘူး…"

ကျိုးယောင်က မချိပြုံးပြုံးလိုက်ပြီး အထဲကို ဝင်လာခဲ့သည်။ သူက အဘွားကို တရိုတသေ ဦးညွတ်လိုက်သည်။

အဘွားအိုက မကြည်မသာ ပြောလိုက်သည်။

"စာပေကို အလွန်အကျွံ လေ့လာနေတာကလည်း ဆိုးတဲ့ကိစ္စပဲ။ နေရာတိုင်းမှာ စည်းမျဉ်းတွေ သတ်မှတ်‌ချက်တွေ ရှိတယ်။ စာသင်သားတွေကတော့ ဘဝတစ်လျှောက်လုံး အဲဒီအရာတွေကို ပွေ့ပိုက်ပြီး သွားနေရတယ်လို့ ခံစားနေကြရတယ်။ ဒါက တော်တော်ပျင်းဖို့ကောင်းတယ်…”

“မင်းအဘိုးကိုပဲ ဥပမာထားလိုက်လေ။ သူက အရာအားလုံးမှာတော်တယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတေ ွအကြောင်းပြောတဲ့ အချိန်မှာတော့ တော်တော်လေးကို အရစ်ရှည်ပြီး စိတ်ရှုပ်စရာကောင်းတယ်။ အထူးသဖြင့် သူ့ရဲ့သဘောထားပဲ။ သူက အရိုက်ခံဖို့ပဲ ထိုက်တန်တယ်။ အဘွားကတော့ သူနဲ့စကားနိုင်လုလို့မရဘူး.."

အဘွားအိုက တစ်ယောက်တည်းတွေးပြီး အားရပါးရ ရယ်လိုက်မိသည်။

"အဘွား မေ့တော့မလို့။ အရင်တုန်းကဆိုရင် အဘွားက လမ်းလျှောက်တုတ်မလိုခဲ့ဘူး…"

သူမက အပြုံးနှင့် မေးလိုက်သည်။

"ဘာလဲ ..မင်းက ဟိုခွေးကောင်လေးစုန့်နဲ့ အရက်သောက်လာတာလား"

ကျိုးယောင်က မသက်မသာ ပြောလိုက်၏။

"အဘွား …

ကျွန်တော် ဘယ်နှစ်ကြိမ်ပြောရမလဲ။ စုန့်ကျိရှင်းက အရမ်းကို ထူးချွန်တယ်။ သူ့ရဲ့နားလည်နိုင်စွမ်းက တော်တော်လေးမြင့်သလို သူက အကြောင်းအရာတွေကို သင်ယူတဲ့အချိန် တခြားသူတွေထက် ခြေတစ်လှမ်း သာနေတတ်တယ်.."

အဘွားအိုက ခနဲ့သလို ပြောလိုက်သည်။

"သူက ဉာဏ်အကောင်းဆုံးဆိုတာ မင်းအဘိုး (၃)နှစ်သားအရွယ်လောက်က အဆင့်ပဲရှိတယ်။ အဘွားကတော့ အဲဒီအရာလေးတွေကို လေးစားခဲ့တာလေ။ မင်းရဲ့အဘိုးက ဘာပြောခဲ့လဲဆိုတာ သိချင်လား…"

ကျိုး‌ယောင်က အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် မသိချင်ပါဘူး…"

အဘွားအိုကတော့ သူ၏အဖိုးတန်မြေးလေး နားထောင်လိုခြင်းရှိမရှိကို ဂရုမစိုက်ပေ။ သူမက ‌ဆက်၍ ပြောလိုက်သည်။

"မင်းအဘိုးက အသက်ငယ်ငယ်လေးနဲ့ ‌တော်တော် ဉာဏ်နီဉာဏ်နက်များတာဆိုတော့ သူက သူ့ရဲ့ဘိုးဘေးတွေကို ဂုဏ်သတင်း ပျက်စီးစေခဲ့တဲ့ လူတစ်ယောက်ဖြစ်သွားတာ နှမြောစရာပဲ…"

ထို့နောက်သူမက ကျိုး‌ယောင်ကို လက်ညိုးထိုးပြလိုက်သည်။

"မင်းအဘိုးက သိမ်မွေ့ခြင်း၊ ရိုသေလေးစားခြင်းနဲ့ ခြိုးခြံချွေတာခြင်းဆိုတဲ့ (၃)ခုကိုလည်း ပြောခဲ့သေးတယ်။ ပထမတော့ သူက ဘာမှမထူးပါဘူး။ ဒါပေမဲ့ သူက မျိုးဆက်တွေကို မြှင့်တင်ပေးနိုင်တဲ့ လူတစ်ယောက်ပဲ။ သူက သေချာပေါက် ငါ့ရဲ့မြေးကိုပဲ လက်ဆင့်ကမ်းပေးရမှာပေါ့…"

အဘွားအို ပြောပြီးသွားသည့်အချိန်တွင် သူမက ပြောလိုက်သည်။

"အဲဒီအဘိုးကြီးကတော့ ဘဝတလျှောက်လုံး ဆိုးတာတွေလုပ်ခဲ့ပြီး နောက်ဆုံးကျမှ ကောင်းတဲ့စကားတွေ ပြောခဲ့တာ…"

ကျိုးယောင်က စကားပြောရန်ပြင်လိုက်စဉ် သူ့အဘွား၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

"ငါက အိုနေပါပြီ။ ငါက တော်တော်လေး အိုနေပြီ"

လူငယ်လေးက ပြောချင်နေသော စကားလုံးများကို မျိုချလိုက်ရ၏။ သူက ပြုံးလိုက်ပြီး ရှေ့ကိုလျှောက်လာ၍ အဘွားအို၏လက်မောင်းကို ကိုင်လိုက်သည်။

"အဘွား...

အဘွားက တောင်ပိုင်းတောင်တန်းကြီးတွေလောက် အသက်ကြီးပေမဲ့ နုပျိုပါသေးတယ်.."

အဘွားအိုကတော့ ရွတ်တွနေသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အဖိုးတန်မြေးလေး၏ လက်ခုံကို ပုတ်လိုက်သည်။

"မင်းက မင်းအဘိုးထက် ပိုပြီး‌တော့ တော်ပါ‌တယ်။ မင်းက ဘယ်လိုလေ့လာရမလဲဆိုတာ မသိပေမဲ့ စကားကောင်းကောင်းပြောတတ်တယ်.."

လူငယ်က ပြုံးလိုက်၏။

"အဘိုးက တော်တော်လေးကို ဗဟုသုတပြည့်စုံပါတယ်။ အဘိုးက စာပေလေ့လာတဲ့နေရာမှာ အရမ်းတော်‌တယ်လို့ ဆရာ‌ချီက ပြောဖူးတယ်။ သူက အမှန်တရားဆိုတဲ့‌ စကားလုံးအကြောင်းကိုလည်း တော်တော်လေး နားလည်ထားတယ်…"

အဘွားအိုက ချက်ချင်းပင် ပြန်ပြောပြလိုက်သည်။

"ဒါပေါ့.. ဒါ‌က အဘွားကိုယ်တိုင်ရွေးထားတဲ့ ယောကျ်ားပဲလေ…"

ကျိုးယောင်ကတော့ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းထားခဲ့ရ၏။ ထို့နောက် အဘွားအိုက ကျိုး‌ယောင်ကို စားပွဲခုံနောက်တွင် ရှိနေသော ထိုင်ခုံဆီသို့ ခေါ်လာခဲ့သည်။

ထိုစားပွဲခုံပေါ်တွင် အိပ်စက်နေသော နဂါးတစ်ကောင် သစ်သားရုပ်တုရှိနေကြောင်း လူငယ်က တွေ့လိုက်ရ၏။ ထိုအရာက ထင်ရှားပြီး အသက်ရှိနေသလို ထင်ရသည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအပြာရောင်သစ်သားနဂါးပေါ်တွင် မျက်လုံးသာရှိပြီး မျက်ဆံမရှိကြောင်း တွေ့လိုက်ရ၏။

အဘွားအိုက စုတ်တံတစ်ချောင်းကို ကောက်ယူလိုက်ပြီး မှင်ရည်ထဲသို့ စိမ်လိုက်သည်။ ထိုအရာက ရှေးဟောင်းသစ်ခါးပင်ကြီး၏သစ်ကိုင်းမှ ဖန်တီးထားသော စုတ်တံအသစ် တစ်ချောင်းဖြစ်သည်။ သူမက ထိုအရာကို လက်နှစ်ဖက်နှင့် ကိုင်ပြီး သူမ၏ အကြီးဆုံးမြေးဆီသို့ တုန်ရီနေသော လက်နှစ်ဖက်နှင့် ပေးလိုက်သည်။

ကျိုးယောင်က ထိုစုတ်တံကို ရှုပ်ထွေးစွာ ကြည့်နေခဲ့မိ၏။ သူက ပုခုံးပေါ်သို့ ရောက်လာသော ဖိအားတစ်ခုကိုလည်း ခံစားမိခဲ့သည်။ သူ့အဘွားက သု့ပုခုံးပေါ်သို့ လက်တင်လိုက်၏။ သူကတော့ ကျိုးမိသားစုခေါင်းဆောင်များသာ ထိုင်ရသော ထိုင်ခုံပေါ်တွင် ထိုင်ရန် အခွင့်အရေးရခဲ့သည်။

အဘွားအိုက နောက်ကို တစ်လှမ်းဆုပ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကျိုးယောင် …

ဒီထိုင်ခုံမှာ ထိုင်လိုက်။ ဒီနေ့ မင်းက ကျိုးမိသားစုဘိုးဘေးတွေအတွက် ဒီနဂါးကို အဆုံးသတ်ပေးရလိမ့်မယ်…"

……………….

မြေကြီးပေါ်တွင် လဲကျနေသော နတ်ရုပ်တုများက ပေါင်းပင်များ ဖုံးလွှမ်းနေသော်လည်း မည်သူကမျှ သူတို့ကို အလေးမထားခဲ့ကြပေ။ ထိုအရာက နှစ်ပေါင်း(၁၀၀၀)ကျော် ကြာခဲ့ပြီဖြစ်၏။ ဤနေရာတွင် လဲကျနေသော နတ်ရုပ်တုများစွာ ရှိခဲ့သည်။ သို့သော် ထိုအရာများက မြို့ထဲတွင် ရှိနေသော လူအများအတွက် မြင်နေကျအရာများဖြစ်သလို ထိုနတ်ရုပ်တုများ‌အပေါ် လေးစားနေခြင်းလည်း မရှိကြပေ။

အကြီးအကဲများကတော့ ထိုနေရာတွင် လာ၍မကစားရန် ကလေးများကို ရံဖန်ရံခါ ပြောတတ်ကြသည်။ သို့သော် ကလေးများကတော့ ဤနေရာတွင် တူတူပုန်းတမ်း ကစားရခြင်းကို သဘောကျကြ၏။ ကလေးများ ကြီးပြင်းလာသည့်အချိန်တွင်လည်း သူတို့၏သားသမီးများကို ဤနေရာတွင် လာရောက်မကစားရန် ပြောဆိုကြပေသည်။

မျိုးဆက်တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားသော်လည်း ဤနေရာက လေဒဏ်မိုးဒဏ်များကို ခံစားခဲ့ရသည်။ ထိုအရာက ကွင်းပြင်ကြီးဖြစ်ပြီး မည်သည့်အရာမျှလည်း မရှိချေ။ ဤနေရာတွင် ခေါင်းပြတ်များ၊ ပျက်စီးနေသော ခြေလက်အပိုင်းအစများနှင့် သီးခြားဆီဖြစ်နေသော လက်ဝါးများရှိသည်။

သူတို့ကိုတော့ တစုံတစ်ယောက်က မူလပုံဏ္ဍာန်မျိုးရအောင် အတင်းအကြပ် ပေါင်းစပ်ထားသလို ထင်ရ၏။ သို့သော် ထိုအရာကတော့ နောက်ဆုံးကျန်ရှိနေသည့် အရုပ်များသာ ဖြစ်သည်။

မြက်ဖိနပ်နှင့် လူငယ်လေးက ရွှံ့ပုလင်းလမ်းကြားမှနေ၍ ဤနေရာကို အလျင်အမြန် ပြေးလာခဲ့သည်။ သူ့လက်ထဲတွင်တော့ ကြေးပြားသုံးပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။

သူ ဤနေရာသို့ ရောက်လာခဲ့သည့်အချိန်တွင် တစ်ပတ်လျှောက်သွားခဲ့ပြီး တစ်ယောက်တည်း တီးတိုးရွတ်နေခဲ့၏။ ထို့နောက် သူနှင့် ရင်းနှီးနေသော ရုပ်တုတစ်ခုကို တွေ့လိုက်ရသည်။

သူက ဆောင့်ကြောင့် ထိုင်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ အနားတွင် မည်သူမျှမရှိကြောင်း တွေ့လိုက်ရသည့်အခါ ကြေးပြားတစ်ပြားကို ရုပ်တု၏ အက်ကွဲကြောင်းထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။

ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး ဒုတိယမြောက်ရုပ်တုနှင့် တတိယမြောက်ရုပ်တုကို သွားရောက်ရှာဖွေခဲ့ပြန်၏။ သူက တူညီစွာ လုပ်ဆောင်ခဲ့ပြန်သည်။

ထိုလူငယ်လေး ထွက်မသွားခင် အစိမ်းရောင်မြက်ခင်းပြင်ကြီးထဲ၌ တစ်ယောက်တည်း ရပ်နေခဲ့၏။ သူက လက်အုပ်ချီပြီး ခေါင်းငုံ့၍ တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

"ငြိမ်းချမ်းပါစေ။ ငြိမ်းချမ်းပါစေ။ ကျွန်တော့်ရဲ့မိဘတွေက နောက်ဘဝမှာ ဒုက္ခတွေ မခံစားရဖို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော် ကောင်းကောင်း အသက်ရှင်နေကြောင်း ကျွန်တော့်မိဘတွေကို ပြောပေးပါ။ သူတို့ကို မစိုးရိမ်စေချင်‌ဘူး.."

All Chapters