အခန်း (၂၉)
Vol. 2 Ch. 29
ကြယ်ရောင်များ တလက်လက် တောက်ပနေသည့်အချိန်တွင် လူငယ်လေးက မြို့ငယ်လေးထဲမှ စမ်းချောင်းဆီသို့ ထွက်သွားခဲ့သည်။ ညအချိန် ဖြစ်သော်လည်း ချန်းပင်အန်း ပြေးသည့်အရှိန်က နှေးကွေးသွားခဲ့ခြင်း မရှိချေ။
ချန်းပင်အန်းက ရေအနက်ဆုံး ဖြစ်သည့် အမိုးတံတား၏ အောက်ဖက်ကိုတော့ တမင်တကာ ရှောင်တိမ်းသွားခဲ့သည်။ ထိုနေရာတွင် ရှိနေသော စမ်းချောင်းက တခြားနေရာများထက် ပို၍နက်၏။ ချန်းပင်အန်းက ဒူးလောက် ပမာဏသာ ရေရှိသော စမ်းချောင်း၏အပိုင်းကိုသာ ရွေးချယ်ခဲ့သည်။
သူက နောက်ကျောတွင် လွယ်ထားသော ဝါးခြင်းတောင်းကြီးကို ဖြုတ်လိုက်ပြီး အတွင်းထဲတွင် ရှိနေသော ဝါးခြင်းတောင်းအသေးတစ်ခုကို ငုံ့ယူလိုက်သည်။ သူက ထိုအရာကို ခါးတွင် တင်းတင်းကြပ်ကြပ် ချည်လိုက်ပြီး သူ၏မြက်ဖိနပ်များကို ချွတ်လိုက်၏။
ထို့နောက် ဘောင်းဘီကို လိပ်တင်လိုက်ပြီး ရေထဲသို့ဆင်း၍ ကျောက်တုံးများကို ခံစားကြည့်နေခဲ့သည်။ သူ၏ဘယ်ဘက်လက်တွင် ရှိနေသော ဒဏ်ရာကတော့ နာကျင်နေသေးသည်။ သူက ထိုအရာကို ရေထဲတွင် မနှစ်ခဲ့ပေ။
လူငယ်လေးက ညာဘက်လက်ကိုသုံးပြီး စမ်းချောင်းထဲတွင်ရှိသော ကျောက်တုံးများကို ကောက်ယူနေခဲ့၏။ အမှန်အတိုင်း ပြောရလျှင် ခြောက်သွေ့နေသော မြစ်ကြမ်းခင်းမှ ကျောက်တုံးများက ကောက်ရသည်မှာ အလွယ်ဆုံးဖြစ်သည်။ သို့သော် လျှိုရှန်းယန် ပြောသည့်အတိုင်း အရောင်က လျင်မြန်စွာ မှေးမှိန်သွားခဲ့၏။
ယခုတော့ ချန်းပင်အန်းက အနက်ဝတ်မိန်းမပျိုပြောခဲ့သော စကားလုံးများ၏ နောက်ကွယ်တွင် ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်မှုကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ ထိုအရာက နားလည်ရန် မခက်လှပေ။
ထိုကျောက်တုံးများက အဘိုးယောင်၏ နောက်မှနေ၍ တောင်ပေါ်သို့ လိုက်သွားသည့် အချိန်တွင် မြည်းစမ်းခဲ့ရသော မြေသားများကဲ့သို့ဖြစ်သည်။ ထိုမြေသားများက သာမန်သာ ထင်မှတ်ရသော်လည်း တချို့နေရာများတွင်တော့ တောင်တစ်တောင် ခြားသွားလျှင်ပင် ပါးစပ်ထဲသို့ ရောက်သွားသည့်အချိန်၌ အရသာက လုံးဝကွဲပြားသွားနိုင်သည်။
ထိုအရာက သစ်ပင်များ ရွေ့လျားခြင်းဖြစ်ပြီး ထိုမြေသားများ ရွေ့လျားမှုဟု အဘိုးယောင်က ပြောခဲ့သည်။ လက်ထဲတွင် ကိုင်ထားသော မြေသားက မူလမြေကြီးထဲမှ ထွက်လာသည့်အချိန်တွင် အရသာက လျင်မြန်စွာ ပြောင်းလဲသွားတတ်သည်။
ထိုစမ်းချောင်းတွင် နာမည်မရှိချေ။ စမ်းချောင်းထဲတွင် ရှိနေသော ကျောက်တုံးများက ငါးတစ်ကောင်ကဲ့သို့ ကြီးမားပြီး တချို့ကတော့ လက်မအရွယ်အစားခန့် သေးငယ်လာသည်။ သူတို့က ရောင်စုံဖြစ်နေပြီး မြို့ထဲတွင် ရှိနေသော လူများကတော့ စမ်းချောင်းထဲတွင် ရှိနေသော ကျောက်တုံးများကို မျိုးရိုးစဉ်ဆက် တွေ့နေရသည်မှာ အသားကျနေပါပြီ။
ထိုအရာက ရှားပါးသောပစ္စည်းများဖြစ်ကြောင်း မည်သူကမျှမတွေးခဲ့ကြပေ။ ထိုကျောက်တုံးများကို သယ်ပြီး အိမ်ပြန်သွားသည့် လူတိုင်းကို အရူးတစ်ယောက်ဟုသာ သတ်မှတ်ကြပါလိမ့်မည်။ အကယ်၍ လူတစ်ယောက်က အစားစားပြီးနောက် လယ်အလုပ်လုပ်ရန် အစွမ်းမရှိလျှင်ပင် အရူးတစ်ယောက်တော့ မဟုတ်သေးပေ။
ရေထဲတွင် ငုံ့၍ကောက်နေသော ချန်းပင်အန်းက ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်သွားနေပြီး စမ်းချောင်း၏အောက်ခြေတွင် ရှိနေသော ကျောက်တုံးကြီးများကို လှမ်းကြည့်နေသည်။ သူက ကျောက်တုံး(၇)တုံး၊ (၈)တုံးခန့်ကို ကောက်ပြီးသွားပြီဖြစ်ပြီး ဝါးခြင်းတောင်းထဲကို ထည့်ထားခဲ့၏။
သူတို့က အရွယ်အစားမျိုးစုံ၊အရောင်မျိုးစုံဖြစ်ကြ၏။ ကျောက်တုံး၏ အရောင်များကတော့ ဆောင်းဦးရာသီသစ်ကိုင်းများပေါ်တွင် ရှိသော ရွှေအိုရောင်၊ ကလေးငယ်၏ အသားရောင်ကဲ့သို့ ဖြူဖျော့ဖျော့အရောင်၊ နက်မှောင်ပြီး တောက်ပသော အရောင် ၊ မက်မွန်ပွင့်များကဲ့သို့ နီရဲနေသော အရောင်နှင့် အများစုကတော့ အစိမ်းရောင်များဖြစ်ကြသည်။ နယ်မြေခံများက ထိုကျောက်တုံးများကို မြွေကျောက်တုံးများဟု ခေါ်ကြ၏။
အများစုက ကြီးမားမှုမရှိဘဲ လက်ထဲ၌ ကိုင်လိုက်သည့်အချိန်တွင် ချောကျိကျိနှင့် လေးလံသည်။ အကယ်၍ နေ့အချိန် နေရောင်ထဲ၌ မြှောက်ထားလိုက်မည်ဆိုလျှင် သို့မဟုတ် ညအချိန် ဖယောင်းတိုင်မီးရောင်အောက်တွင် သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် ကျောက်တုံး၏အတွင်းထဲကို ဝိုးတဝါးမြင်ရသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် ထိုကျောက်တုံးများက ငါးကြေးခွံ သို့မဟုတ် မြွေကြေးခွံများကဲ့သို့ လင်းလက်တောက်ပနေခဲ့၏။
(၂)နာရီခန့် ကြာပြီးနောက် ချန်းပင်အန်း၏ ဝါးခြင်းတောင်းလေးထဲတွင် အပြည့်နီးပါး ဖြစ်နေသည်။ သူက မြက်ဖိနပ်နှင့်ခြင်းတောင်းကြီး ချထားခဲ့သော စမ်းချောင်းအစပ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် သူက ကမ်းစပ်သို့ အရင်ဆုံး လျှောက်သွားခဲ့ပြီး ကိုင်းပင်တချို့ကို ဆွဲနှုတ်လိုက်သည်။
ထိုအရာများကို ခြင်းတောင်း၏အောက်ခြေတွင် သေချာခင်းလိုက်၏။ ထို့နောက်တွင်မှသာ သူက ကျောက်တုံးများကို ခြင်းတောင်းကြီးထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ သူက မြက်ဖိနပ်ကို သယ်ဆောင်ပြီး ဝါးခြင်းတောင်းကို ယူလိုက်၏။ ထို့နောက် ခြင်းတောင်းကို နောက်ကျောတွင် သယ်လိုက်သည်။
တဖန် သူပြန်လှည့်လာသော စမ်းချောင်းအစပ်ကို ပြန်သွားခဲ့၏။ ထိုနေရာတွင် မြက်ဖိနပ်နှင့် ခြင်းတောင်းကို နောက်တစ်ကြိမ်ချခဲ့ပြီး ကျောက်တုံးရှာရန် စမ်းချောင်းထဲကို ဆင်းသွားခဲ့ပြန်သည်။
ဝါးခြင်းတောင်းငယ်လေး တစ်ဝက်ခန့် ကောက်လိုက်ပြီးနောက် ချန်းပင်အန်းက အကျောဆန့်လိုက်ပြီး ကြယ်တာရာကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူက ညအချိန်တွင် ကြယ်ကြွေရန် မျှော်လင့်နေခဲ့၏။ သို့သော် ယနေ့တော့ ကံကောင်းမည့်ပုံမရှိချေ။
ချန်းပင်အန်းက သတိပြန်ဝင်လာပြီးနောက် မှိန်ဖျော့ဖျော့ ကြယ်အလင်းရောင်များကို အားကိုးနေပြီး ငွေကြေးမက်မောသူတစ်ယောက်ကဲ့သို့ ဆက်၍ ကြိုးစားနေခဲ့၏။ သူက ကျောက်တုံးတစ်တုံးကို အောင်အောင်မြင်မြင် ကောက်ယူနိုင်သည့်အချိန်တိုင်း ဝမ်းသာနေသလို ခံစားမိခဲ့သည်။ သူ့အတွက်တော့ ကျောက်တုံးတိုင်းက မျှော်လင့်ချက်တစ်ခုဖြစ်၏။
ချန်းပင်အန်းက အချိန်မည်မျှကြာသွားမှန်း မသိသော်လည်း ခြင်းတောင်းထဲတွင် ကျောက်တုံးတစ်ဝက်ကျော် ရှာထားနိုင်ခဲ့သည်။ စုစုပေါင်း ကျောက်တုံး(၈၀)ခန့်ရှိ၏။ သူတို့ထဲတွင် အကြီးဆုံးကျောက်တုံးကတော့ သူ့လက်သီးထက် ပို၍ကြီးမားသည်။ အရောင်ကလည်း အလွန်လှပပြီး ကြက်သွေးရောင်ကဲ့သို့ ဖြစ်နေ၏။
ထိုအရောင်က အလွန်တောက်ပပြီး မသက်မသာ ခံစားမှုမျိုး မရှိခဲ့ပေ။ ထိုကဲ့သို့ ကျောက်တုံးကြီးတစ်တုံးက အားနည်းချက်မရှိဘဲ အက်ကွဲကြောင်းများလည်း မရှိချေ။
ထို့နောက် ချန်းပင်အန်းက စမ်းချောင်း၏ နောက်ထပ်တစ်နေရာကို လမ်းလျှောက်သွားခဲ့ပြန်သည်။ သူက အလယ်အလတ် အရွယ်အစားရှိနေသော မြွေကျောက်တုံးတစ်တုံးကို လက်ထဲတွင် ဆော့ကစားနေခဲ့၏။ ထိုအရာက အစိမ်းဖျော့ရောင်ဖြစ်ပြီး မြို့ငယ်လေး၏ ကြွေထည်တွင် အတွေ့များသော အစိမ်းရောင်ထက်ပင် အနည်းငယ်ပို၍ဖျော့နေသေးသည်။
ထိုကျောက်တုံးက လုံးဝန်းပြီး ချောမွေ့၏။ ချန်းပင်အန်းကတော့ ပထမဆုံး တွေ့သည့် အချိန်ကတည်းက အလွန်သဘောကျခဲ့သည်။ ချန်းပင်အန်းက ကမ်းစပ်တွင် ရှိနေသော ကျောက်တုံးပြာကမ်းပါးဆီကို လျှောက်သွားခဲ့သည်။ မြို့ငယ်လေးထဲတွင် ရှိနေသော ကလေးငယ်များက ပူပြင်းသည့် နွေရာသီရောက်သည့်အချိန်တိုင်း စမ်းချောင်း၏ ထိုနေရာတွင် မကြာခဏရေချိုးတတ်သည်။
ထိုကမ်းပါး၏ အောက်ခြေတွင် ရှိနေသော စမ်းချောင်းက အနည်းငယ်နက်သည်။ အနက်ဆုံးအပိုင်းကတော့ ချန်းပင်အန်း၏အရပ်နှစ်ပြန်လောက် မြင့်သည်။ ထိုနေရာက အမိုးတံတား၏အောက်ဘက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် စမ်းချောင်း၏ ဒုတိယအနက်ဆုံးနေရာဟု ဆိုနိုင်၏။
ရေကူးကျွမ်းကျင်သော လူငယ်လေးများက ထိုနေရာတွင် အချိန်အကြာဆုံး နေနိုင်ခြင်းကို ယှဉ်ပြိုင်ကြသည်။ ချန်းပင်အန်းက ထိုနေရာကို ရွေးချယ်လိုက်သည်မှာ သူနှင့်လျှိုရှန်းယန်က ထိုနေရာတွင် ရေချိုးခဲ့ကြဖူးသည်။ သူတို့က ထိုတွင်းနက်၏ အောက်ခြေတွင် မြွေကျောက်တုံးများစွာရှိကြောင်း တွေ့ထားခဲ့၏။
လျှိုရှန်းယန်ကတော့ အလွန်ထူးချွန်သော ရေငုတ်စွမ်းရည်ကို ပြသရန်အတွက် ရေအောက်ထဲသို့ ငုတ်သွားခဲ့ပြီး မြွေကျောက်တုံး(၁)တုံးကို သယ်ဆောင်လာခဲ့သည်။ ထိုကျောက်တုံးက အနည်းဆုံး ကုစန့်၏ခေါင်းတစ်လုံးနီးပါးခန့် ကြီးမားကြောင်း ချန်းပင်အန်းက မှတ်မိနေခဲ့၏။ ထိုကျောက်တုံးက အနည်းငယ် အဖြူရောင်သန်းနေပြီး ကြည်လင်တောက်ပနေသည်။ သို့သော် အတွင်းထဲတွင်တော့ တောက်ပသော အနီရောင်အလင်းစက်များ ရှိခဲ့သည်။ ထိုအရာက အေးခဲနေသော မက်မွန်ပွင့်များကဲ့သို့ဖြစ်နေခဲ့၏။
ထိုအချိန်တွင်တော့ ထိုပုံစံများက အတော်လေး အဓိပ္ပာယ်ရှိကြောင်း လျှိုရှန်းယန်က တွေးမိခဲ့သည်။ ထို့ကြောင့် သူက ကျောက်တုံးကြီးကို အိမ်သို့သယ်လာရန် ချန်းပင်အန်းကို အကူအညီတောင်းခဲ့သည်။ ရလဒ်အနေနှင့် သူတို့က မြို့ကို ပြန်ရောက်လာသည့်အချိန်တွင် ထိုအရာက ပျင်းစရာကောင်းသည်ဟု အရပ်ရှည်ရှည်နှင့် လူငယ်လေးက တွေးမိခဲ့၏။ ထို့ကြောင့် သူက ချန်းပင်အန်းဆီကိုသာ ကျောက်တုံးကို ပေးထားခဲ့သည်။
ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲ၌ လျှောက်လာခဲ့သည့်အချိန်တွင် တစ်ဖက်ခြံမှ ကျစ်ကွေးက သူ့နောက်တွင်ရှိနေကြောင်း တွေ့လိုက်ရ၏။ သူမက စကားတခွန်းမျှမပြောခဲ့သော်လည်း သူ့လက်ထဲတွင် ကိုင်ထားသော ကျောက်တုံးကို စိုက်ကြည့်နေခဲ့သည်။
သူမ၏မျက်လုံးထဲတွင် ရှိနေသော အကြည့်များက တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရောင်းချသော အကင်ချောင်းများကို မြင်သည့်အချိန်တွင် ချန်းပင်အန်း ကြည့်တတ်သည့် အကြည့်မျိုးနှင့် တူညီနေသည်။
ချန်းပင်အန်းက သူမ၏အကြည့်များကို ခံနိုင်ရည် မရှိသည့်အတွက် သူမကို ထိုကျောက်တုံးပေးလိုက်သည်။ သူမက ကိုယ်တိုင်မသယ်နိုင်သည့်အတွက် ခြေထောက်ပေါ်သို့ လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ ချန်းပင်အန်းလည်း စုန့်ကျိရှင်း၏ ခြံဝန်းထဲသို့ သယ်သွားပေးလိုက်ရသည်။ ထိုကျောက်တုံး၏ နောက်ဆုံးနေရာကိုတော့ ချန်းပင်အန်းလည်းမသိတော့ချေ။
ထိုကျောက်တုံးက ရေလှိုင်းကဲ့သို့ အဖြူရောင်ဖြစ်နေပြီး အတွင်းထဲတွင် မက်မွန်ပွင့်လေးများ လွင့်မျောနေသည်။ ထိုအရာက မိုးရွာပြီးနောက် လမ်းကြားထဲတွင် ကျဆင်းလာသော မက်မွန်ပွင့်လေးများကဲ့သို့ အစိမ်းရောင် တောက်ပနေခဲ့သည်။ အကယ်၍ ချန်းပင်အန်းက ထိုကျောက်တုံးများ၏ လျှို့ဝှက်ချက်ကို မသိခဲ့လျှင်ပင် ထိုကျောက်တုံးကြီးက အလွန်လှပကြောင်း သူ့ရင်ထဲတွင် ခံစားမိနေသေးသည်။
ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး ရုတ်တရက်ရပ်လိုက်မိ၏။ သူနှင့် ခြေလှမ်း(၃၀)အကွာ စမ်းချောင်း၏အပေါ်ဘက်တွင် ရှိနေသော ကျောက်တုံးပြာကမ်းပါးပေါ်တွင် အစိမ်းဝတ်မိန်းမပျိုလေးတစ်ယောက် ထိုင်နေခဲ့၏။ သူ၏ပါးနှစ်ဖက်က ဖောင်းကားနေပြီး သူမက ပါးစပ်ထဲသို့ စားစရာများ ထိုးသိပ်ထည့်နေခဲ့သည်။
ချန်းပင်အန်း ပထမဆုံး မြင်လိုက်ရသည့်အချိန်တွင် ထိုမိန်းကလေးက အစားသရဲလေး လူပြန်ဝင်စားခြင်းဖြစ်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့်လည်း သူမက ညလယ်ခေါင်တွင် သရဲစီးသလို စားသောက်နေခဲ့ခြင်းဖြစ်နိုင်၏။
ချန်းပင်အန်းက ထိုအရာကို တွေးလိုက်မိသော်လည်း အနားကို ကပ်မသွားခဲ့ပေ။ သူက အစားကို စိတ်ဝင်စားနေသော မိန်းကလေးကို နှောင့်ယှက်မိမှာ စိုးရိမ်နေခဲ့၏။ သို့သော် သူက ပြန်လှည့်ပြီး ထွက်မသွားခဲ့ပေ။
မည်သို့ဖြစ်စေကာမူ သူက ယနေ့ညတွင် ထိုတွင်းထဲ၌ ကံစမ်းရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူက ကျောက်တုံးတစ်တုံး၊(၂)တုံးကို ထိလိုက်မိသည့်အချိန်တိုင်း ကမ်းစပ်ကို သွား၍ရသည်။ အကယ်၍ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးလျှင်တော့ သူက အောင်မြင်နိုင်၏။
ထို့ပြင် ထိုတွင်းထဲ၌ ရှိနေသော မြွေကျောက်တုံးများက စမ်းချောင်း၏ တခြားနေရာတွင် ရှိနေသော ကျောက်တုံးများထက် ပို၍ကြီးမားသည်။ အရောင်ကလည်း ပို၍နက်ရှိုင်းပုံရ၏။ ချန်းပင်အန်း၏ ရေကူးစွမ်းရည်က လျှိုရှန်းယန်ကို မမီသော်လည်း နိမ့်ကျနေခြင်းတော့ မရှိချေ။
ထူးဆန်းသောမိန်းမပျိုက အစားတမျိုး စားလိုက်ပြီးနောက် နောက်တစ်ခုကို စားရန် ယူဦးမည်ဟု ချန်းပင်အန်းလည်း မထင်ထားခဲ့ပေ။ သူမက မရပ်မနား စားနေသည့်အတွက် သူမ၏ပါးနှစ်ဖက်က ဖောင်းနေခဲ့၏။
ချန်းပင်အန်းက နောက်ကျောတွင် လေးလံသော ကျောက်တုံး ခြင်းတစ်ဝက်ကျော်ကို သယ်ဆောင်ထားသည်။ ရေထဲတွင် ကျောက်တုံးများကို သယ်ဆောင်ရသည်က ပင်ပန်းကြောင်း စဉ်းစားမိသည့်အခါ သူက ဘေးဘက်သို့ ပြန်လှည့်လိုက်ပြီး ခြင်းတောင်းကို မြေပေါ်တွင် ချထားလိုက်၏။
ချန်းပင်အန်းက အစိမ်းဝတ်မိန်းမပျို၏ အကြားအာရုံကို လျော့တွက်လိုက်မိသည်။ ရလဒ်အနေနှင့် သူက ခြင်းတောင်းကို အသာအယာ ချလိုက်သည့်အချိန်တွင် မိန်းမပျို၏ နား(၂)ဖက်က ရုတ်တရက်ထောင်လာပြီး မျက်လုံးက သူ့ကို လှည့်ကြည့်လိုက်သည်။
မိန်းမပျိုက ဖြည်းညင်းစွာ စားနေခြင်းရှိ၊မရှိ သေချာမပြောနိုင်သော်လည်း သူကတော့ အိုးတိုးအမ်းတမ်း ပြုံးပြလိုက်မိသည်။ မိန်းမပျို၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမက (၂)ကြိမ် သီးသွားခဲ့၏။ ထို့နောက်သူမက အသက်ရှုကြပ်သွားပုံရပြီး ရင်ဘတ်ကို အားနှင့်ထုနေခဲ့သည်။
ထိုအချိန်ကျမှသာ သူမက အသက်မကြီးသေးကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့၏။ သူမ၏လည်ပင်းမှနေ၍ ခန္ဓာကိုယ် အောက်ဖက်ကို ကြည့်လိုက်မည်ဆိုလျှင် အတော်လေးကို ကြည့်ပျော်ရှုပျော်ရှိသည်။ သူမက ကလေးမွေးပြီး ပြုစုပျိုးထောင်တတ်သော အမျိုးသမီးများထက် လျော့ကျနေခြင်း မရှိချေ။ သူမ၏ရင်ဘတ်ရှေ့တွင် ရှိနေသော အဝတ်အစားများကတော့ အလွန်တင်းကြပ်သည်။
ချန်းပင်အန်းက အကြည့်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်တော့ မကောင်းသည့်အတွေးများ မရှိခဲ့ချေ။ ထိုအချိန်ကျမှသာ အစိမ်းဝတ်မိန်းမပျိုက ရေဘူး(၁)ဘူး ယူလာကြောင်း မှတ်မိသွားပုံရ၏။ သူမက ချန်းပင်အန်းကို ကျောပေးပြီး ရေတကျိုက် မော့သောက်လိုက်သည်။ ထိုအချိန်ကျမှသာ အသက်ရှုသံက အဆင်ပြေသွားခဲ့၏။
ထိုအချိန်တွင် မြက်ဖိနပ်ကို ကိုင်ထားသော လူငယ်လေးဆီ၌ ရိုးရှင်းသော အတွေးတစ်ခုတည်းသာ ရှိသည်။ ထိုမိန်းကလေး၏ အဝတ်အစားများက ဈေးပေါမည့်ပုံ မရှိချေ။ မဟုတ်လျှင် သူမက ထိုမျှကြီးမားသော အစွမ်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
အစိမ်းဝတ်မိန်းမပျိုက ဆက်၍ စားသောက်နေခဲ့၏။ ယခုတစ်ကြိမ်တွင်တော့ သူမက ပို၍သတိထားနေခဲ့သည်။ အနည်းဆုံးတော့ ပါးနှစ်ဖက်က ဖောင်းလာခြင်း မရှိတော့ချေ။ သူမက ခေါင်းငုံ့ပြီး တတိတိသာ စားနေခဲ့၏။ ရံဖန်ရံခါ ထူးဆန်းသော လူငယ်လေးကို လှမ်းကြည့်နေခဲ့သည်။
သူမ၏မျက်လုံးတစ်စုံက အနည်းငယ် မော့ကြည့်လိုက်သည့်အချိန်၌ ထိုမိန်းကလေးက မြေခွေးမလေး တစ်ကောင်ကဲ့သို့ ထင်ရသည်။ သူမက မျက်လုံးနှင့် လူငယ်ကို မေးခွန်းများ မေးနေသလို ထင်ရသည်။
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် မသက်မသာ ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ သူက ကမ်းပါး၏ အောက်ထဲတွင် ရှိနေသော စမ်းချောင်းကို လက်ညှိုးထိုးပြလိုက်ပြီး အော်ပြောလိုက်၏။
“ငါက ဒီနေရာကို ဖြတ်သွားတာ မဟုတ်ဘူး။ ငါက နင့်ဘေးမှာရှိတဲ့ စမ်းချောင်းကို လာတာ…”
သူမက ပိန်ပိန်ပါးပါး လူငယ်လေးကိုကြည့်ပြီး စကားတော့ ပြန်မပြောခဲ့ပေ။
ချန်းပင်အန်းက ခြင်းတောင်းထဲမှ ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး ဆက်၍ ရှင်းပြလိုက်သည်။
“ငါက ဒီကျောက်တုံးတွေကောက်ဖို့ စမ်းချောင်းထဲကိုသွားမလို့…”
ထိုအချိန်တွင် မိန်းမပျိုက အရေးကြီးသည့်အရာတစ်ခု လုပ်ဆောင်ရန် ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူက ချက်ချင်းပင် လက်ညှိုးကို နှုတ်ခမ်းပေါ်သို့ တင်လိုက်ပြီး ချန်းပင်အန်းကို စကားမပြောရန် အချက်ပြလိုက်သည်။ ထို့နောက် သူမက နေရာရွေ့လိုက်သည့်အတွက် ချန်းပင်အန်းကို ဆက်သွားခွင့်ပေးလိုက်သည်မှာ သိသာနေသည်။ သူမက ရေထဲတွင် ကျောက်တုံးများ ကောက်နေသော သူ့ကို အနှောင့်အယှက်မပေးခဲ့ပေ။
ချန်းပင်အန်းက ခြင်းတောင်းကို သယ်သွားပြီး ရှေ့ကိုဆက်၍ လျှောက်သွားခဲ့၏။ ထိုကျောက်တုံးပြာကမ်းပါးက အလွန်ကြီးမားသည်မှာ ကံကောင်းသွားသည်။ ထိုနေရာတွင် လူ(၁၀)ယောက်ကျော် ရပ်နေနိုင်၏။ ထို့ပြင် မိန်းမပျိုက အစွန်တွင် ထိုင်နေခဲ့သည်။
ယခင်တုန်းကကဲ့သို့ သူမက ခြေထောက်နှစ်ဖက်ကို ဆန့်ထားခြင်း မဟုတ်တော့ပေ။ သူမက တင်ပျဉ်ခွေထိုင်နေပြီး ပေါင်ပေါ်တွင် ပွင့်နေသော အိတ်တစ်အိတ် ရှိနေသည်။ ထိုအိတ်ထဲတွင် စားစရာမုန့်မျိုးစုံက တောင်ငယ်လေးတစ်လုံးကဲ့သို့ ရှိနေသည်။ ထိုမိန်းမပျိုကတော့ ထိုအရာများကို စားနေခဲ့၏။
ချန်းပင်အန်းက မြက်ဖိနပ် ၊ ခြင်းတောင်းကြီးနှင့် ဝါးခြင်းတောင်းတို့ကို ချလိုက်သည်။ မူလတုန်းကတော့ သူက အင်္ကျီချွတ်ပြီး ရေလယ်ခေါင်ကို သွားချင်နေခဲ့သည်။ သို့သော် ယခုတော့ ထိုအရာကို မစဉ်းစားတော့ပေ။ သူ့ဘေးတွင် မရင်းနှီးသော မိန်းကလေး တစ်ယောက် ထိုင်နေ၏။ အကယ်၍ သူမကသာ အော်လိုက်မည်ဆိုလျှင် သို့မဟုတ် သူမ၏အကြီးအကဲများက ထိုအရာကို မြင်သွားမည်ဆိုလျှင် သို့မဟုတ် သူ့အသံကို ကြားသွားမည်ဆိုလျှင် ချန်းပင်အန်းက ခြေကျိုးသွားပါလိမ့်မည်။
ချန်းပင်အန်းက ကမ်းပါး၏ အစွန်သို့လျှောက်သွားပြီး အောက်သို့ ဒိုင်ဗင်ထိုးချလိုက်၏။ သူက ထိုရေအောက်တွင်းနက်ထဲသို့ ကူးခတ်သွားခဲ့သည်။ သိပ်မကြာခင် လက်ဝါးအရွယ် ကျောက်တုံးတစ်တုံးကို ကိုင်မိခဲ့၏။ ထိုအရာက မြွေကျောက်တုံးတစ်တုံး မဟုတ်သည်မှာ ကံဆိုးသွားခဲ့သည်။
သူက မျက်နှာကို လက်နှင့်သုတ်လိုက်ပြီး ဆက်၍ ဒိုင်ဗင်ထိုးလိုက်ပြန်သည်။ (၃)ကြိမ် ကြိုးစားလိုက်ပြီးနောက် သူက အစိမ်းရင့်ရောင် မြွေကျောက်တုံးတစ်တုံးကို ထိမိခဲ့၏။ ချန်းပင်အန်းက ကမ်းပါးဆီသို့ ပြန်တက်လာပြီး ကျောက်တုံးကို ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ရေထဲသို့ ဆက်၍ ငုပ်နေခဲ့၏။
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် မိန်းကလေးက သူ့ကို ကျောပေးထားပြီး အစားစားခြင်းနှင့် အလုပ်များနေသည်။
နာရီဝက်ပင် မကြာသောအချိန်တွင် ချန်းပင်အန်းက ကျောက်တုံး(၇)တုံး (၈)တုံးခန့်ကို ရထားခဲ့သည်။ ပထမဆုံး ကျောက်တုံးကလွဲလျှင် တခြားကျောက်တုံးများက ကြီးမားပြီး တောက်ပနေခဲ့၏။ နောက်ဆုံးတစ်ကြိမ် ရေငုပ်သွားသည့် အချိန်တွင်တော့ သူက ကျောက်တုံးတစ်တုံးကို မစမ်းမိဘဲ လက်ဖဝါးအရွယ် သက်ရှိငါးတစ်ကောင်ကို ဖမ်းမိခဲ့သည်။
မြို့ငယ်လေးထဲတွင်တော့ ထိုအရာကို ကျောက်ငါးဟု လူသိများ၏။ ထိုကျောက်ငါးက လူနှင့် တွေ့သည့်အချိန်တွင် ကျောက်တုံးများအောက်၌ ပုန်းနေတတ်သည်။ ထိုငါးက အလွန်အရသာရှိ၏။ ပြောရမည်ဆိုလျှင် သူက လက်ညှိုးထက် အနည်းငယ်သာ ပို၍ကြီးသည်။ ချန်းပင်အန်း၏ လက်ထဲတွင် ရှိနေသော အကောင်ကဲ့သို့ ကြီးမားသော ကျောက်ငါးတစ်ကောင်ကို တွေ့ရသည်မှာ အလွန်ရှားသည်။
ချန်းပင်အန်းက ထိုတွင်းနက်၏ အောက်ခြေတွင် ရှိနေသော ကျောက်ကြားထဲ၌ လိုက်လံရှာဖွေကြည့်လိုက်ရာ နောက်ထပ်အကောင်အနည်းငယ် တွေ့လိုက်ရသည်။ သို့သော် ကျောက်တုံးများကြောင့် သူတို့ကို သွားခွင့်ပေးလိုက်၏။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ အကယ်၍ သူကသာ ယနေ့ည ငါးအနည်းငယ် ဖမ်းနိုင်မည်ဆိုလျှင် မနက်ဖြန် မိန်းကလေးနင်အတွက် ငါးစွပ်ပြုတ် ချက်ကျွေးရန် အဆင်ပြေမည်ဟု တွေးခဲ့မိသည်။
ချန်းပင်အန်း ကမ်းစပ်သို့ ပြန်ရောက်လာပြီးနောက် ထိုငါးကို ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်၏။ ဒုတိယတစ်ကြိမ် ငါးတစ်ကောင် ဖမ်းပြီးသွားသည့်အချိန်တွင် မိန်းကလေးက ခြင်းတောင်ဘေးတွင် ထိုင်နေကြောင်း တွေ့လိုက်ရ၏။ သူက ခြင်းတောင်းထဲတွင် ရှိနေသော ငါးကိုကြည့်နေခဲ့သည်။
သူမ၏မျက်နှာပေါ်တွင် တက်ကြွမှုများ ပြည့်နှက်နေပြီး လမ်းကြားထဲတွင် ကျောက်တုံးကို ကြည့်နေသော ကျစ်ကွေးကဲ့သို့ ဖြစ်နေသည်။ ချန်းပင်အန်းက ဒုတိယမြောက် ကျောက်ငါးကို ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်၏။
မိန်းမပျိုက ဖြည်းညင်းစွာ ခေါင်းမော့ကြည့်ခဲ့သည်။ခြေဗလာနှင့် လူငယ်လေးကတော့ ပြန်လှည့်ပြီး စမ်းချောင်းထဲသို့ လျင်မြန်စွာ ဆင်းသွားခဲ့၏။
လူငယ် ရေငုပ်သွားသည့်အသံကို ကြားလိုက်ရပြီးနောက် သူမက ဝါးခြင်းတောင်းထဲမှ ငါးတစ်ကောင်ကို လျင်မြန်စွာ ယူလိုက်ပြီး အောက်ချကြည့်လိုက်ရာ ငါးများက ခုန်သေးကြောင်း တွေ့လိုက်ရသည်။
သူမက လေးလေးနက်နက် အမူအယာနှင့် ခေါင်းညိတ်လိုက်မိသည်။
"အံ့ဩစရာကောင်းလိုက်တာ…"
ဤမြို့ငယ်လေးထဲတွင် ထူးဆန်းသော အရာများစွာ ရှိနေကြောင်း အစိမ်းဝတ်မိန်းကလေးက သိနေခဲ့သည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရေတွင်းတစ်ခု ရှိနေပြီး ထိုသံကြိုးက အချိန်မည်မျှကြာပြီဖြစ်ကြောင်း မည်သူမျှမသိကြပေ။
မလှမ်းမကမ်းတွင်တော့ အမိုးတံတားတစ်ခု ရှိနေပြီး ကျောက်တုံးနှင့် တည်ဆောက်ထားသော တံတားခုံးက စမ်းချောင်းလေးကိုဖြတ်၍ ဆောက်ထားသည်မှာ နှစ်ပေါင်း(၃၀၀၀)လောက် ကြာနေပါပြီ။ တံတား၏အောက်ခြေတွင်တော့ သံချေးတက်နေသော ဓားတစ်ချောင်း ရှိနေပြီး ဓား၏ထိပ်ဖျားက အဆုံးမဲ့ အစိမ်းရင့်ရောင် ရေကန်ကြီးကို ချိန်ထားခဲ့သည်။
ထိုမြို့ငယ်လေးထဲတွင် တိုင်(၁၂)တိုင် ရှိသော အထိမ်းအမှတ်အဆောက်အဦးတစ်ခု၊ ဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် ရှိနေသော မြက်ခင်းပြင်နှင့် ပျက်စီးနေသော ရွှံ့ရုပ်ထုများလည်း ရှိနေသေးသည်။ မြောက်ဘက်တွင် ကြွေထည်တောင်ကြီး တစ်တောင်ရှိပြီး အပြစ်အနာအဆာ ရှိနေသော ကြွေထည်ပစ္စည်းများကို ထိုနေရာတွင် ပုံထားကြ၏။ ထိုကြွေထည်များအားလုံးက ပျက်စီးနေခဲ့သည်။
သူမကတော့ အကြောင်းအရင်းအများစုကိုပင် သိနေခဲ့၏။ သူမ ငယ်ရွယ်စဉ်တွင် သူမ၏အဖေနှင့် နေရာတိုင်းကို လိုက်သွားခဲ့သည်။ ထို့ကြောင့် သူမက ကမ္ဘာကြီးကို မြင်တွေ့ခဲ့ဖူးသော လူတစ်ယောက်ဟု ခေါ်ရမည်ဖြစ်၏။
သို့သော် ချန်းပင်အန်းက တတိယမြောက် ကျောက်ငါးကို ဖမ်းလာခဲ့သည့်အချိန်တွင် လက်ဗလာနှင့် မိန်းမပျိုက ငါးခြင်းတောင်းဘေးတွင် ထိုင်နေသေးကြောင်း တွေ့လိုက်ရသည်။ သို့သော် သူမ၏လက်နှစ်ဖက်ကတော့ အဝတ်ကို တိတ်တဆိတ် သုတ်နေခဲ့၏။
သူမက အနားသို့ရောက်လာသော ခြေဗလာနှင့် လူငယ်လေးကို ကြည့်လိုက်သည်။ သူမ၏အကြည့်က အင်မော်တယ်တစ်ယောက်ကို ကြည့်နေသော သာမန်လူတစ်ယောက်ကဲ့သို့ ထင်ရ၏။
ချန်းပင်အန်းက ထူးဆန်းသော သူမ၏ အကြည့်ကြောင့် မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက မေးလိုက်၏။
“နင်က ဒီငါးတွေကို လိုချင်လို့လား…”
မိန်းမပျိုက ခေါင်းညိတ်ပြလိုက်သည်။
ချန်းပင်အန်းက ပြုံးလိုက်၏။
“ဒါဆိုလည်း ငါ နင့်ကို (၃)ကောင်လုံးပေးမယ်။ ငါက ပြီးမှပဲ ထပ်ဖမ်းလိုက်တော့မယ်…”
မိန်းကလေး၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့ပြီး သူမက ဝမ်းသာအားရ ပြုံးလိုက်မိသည်။ သူမ၏အပြုံးက မြေခွေးတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှု ရှိနေ၏။