← Chapters

အခန်း ၃၄

Vol. 3 Ch. 34

အခန်း ၃၄

Vol. 3 Ch. 34

"ကြည့် ဟိုမှာရှဉ့်လေးတွေ!"စုချန်ယန်က အလန့်တကြား လမ်းမဘေးက သစ်ပင်ကိုလက်ညှိုးထိုးပြကာ ပြောခဲ့သည်။

"ဘယ်မှာလဲ! ဘယ်မှာလဲ!" ဟန်စုန့်ရွှယ်က ချက်ချင်း ကားပြတင်းပေါက် အပြင်ဘက်ကို ခေါင်းထိုးထွက်ပြီးကားတံခါးကို လက်ထောက်ကာ လိုက်ကြည့်ခဲ့သည်။

"ဟိုမှာလေ မမြင်ရဘူးလား နှစ်ကောင်တောင်!"

အရင်က စုချန်ယန်အတွက် ဒီလိုနေရာမျိုး ရောက်လာရဖို့အခွင့်အရေးမရခဲ့ပေ။ တချို့ဇာတ်ကွက်များမှာ ရိုက်ကူးဖို့ လိုအပ်လာရင်တောင်မှ ရိုက်ကူးပြီးသည်နှင့် လိုက်ပြင်ရတာမျိုးတောင် မရှိလောက်တာမို့ ထုတ်လုပ်ရေး အဖွဲ့အများစုအတွက် တည်းဖြတ်ရ လွယ်ကူသွားမှာဖြစ်သည်။

"ဝါးးးး တကယ်ကြီး အဲ့မှာရှိတာပဲ!" ဟန်စုန့်ရွှယ်လည်းတအံ့တဩဖြင့် အော်မိတော့မလိုပင်။

တောင်ပတ်လမ်းတစ်လျှောက် အကွေ့အဝိုက်များစွာ ရှိနေတာကြောင့် ထုတ်လုပ်ရေးအဖွဲ့၏ ယာဉ်တန်းသည်လည်း တော်တော်လေးကို အရှိန်လျှော့ကာ မောင်းနှင်နေကြရသည်။

စုချန်ယန် လိုက်ပါလာသောကားမှာ ထိုကားများ၏ အနောက်မှ မောင်းနှင်လာခြင်းပင်။ ရှောင်လုလည်း စုချန်ယန် အသံကိုကြားသွားတာမို့ ကားခေါင်မိုးက မှန်ပြတင်းပေါက်ကိုဖွင့်ကာ မတ်တပ်ထရပ်ပြီး အော်ပြောလိုက်သည်။

"ချန်ယန်!! ဘာမြင်လိုက်တာလဲ!"

စုချန်ယန်လည်း ကြားသွားပြီး ပြတင်းပေါက်ဘက်ကိုခေါင်းထွက်ရင်း အော်ပြောလိုက်သည်။ "အမြှီးထူ ရှဉ့်လေးတွေ!"

"အမြှီးထူ ရှဉ့်လေးတွေ!?" ရှဉ့်တွေက ဒီနားမှာရှိတာလား!!"

"အင်း! ဟုတ်တယ်! ကြည့်ရတာ မိသားစု၃ကောင်

နေတာထင်တယ်"

ရှောင်လုလည်း သူမလက်ညှိုးထိုးပြနေသည့်ဘက်ကိုလှမ်းကြည့်မိတော့ တောထဲတွင် ရှဉ့်တွေအများကြီးခုန်ပေါက်ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။

"ရှဉ့်လေးတွေ ဒီ့ထက်ပိုပြီးရှိနေရမှာ။ တခြားအကောင်သေးသေးလေးတွေလည်း ရှိသေးတယ်" ရှောင်လုက စုချန်ယန်ကို အော်ပြောလိုက်သည်။

"တကယ်လား?!" စုချန်ယန်က ပြတင်းပေါက်ဘောင်ကိုကိုင်ကာ ခေါင်းကိုအပြင်နည်းနည်းထွက်ပြီး လှမ်းမေးသည်။

ဟန်စုန့်ရွှယ်လည်း စုချန်ယန်ဘက်ကို မှီလာကာ ပြောခဲ့သည်။ "ဘယ်လို တခြားအကောင်လေးတွေလဲ ငါလည်းကြည့်ချင်တယ်"

"မတွေ့သေးပါဘူး"

ခဏနေတော့ ရှောင်လုကို ကားထဲက တစ်စုံတစ်ယောက်က ခေါ်လိုက်သည်။ ခေါင်မိုးအောက်ထဲ ပြန်ငုံ့သွားပြီး ပြန်ထွက်မလာခင် ကားထဲရှိ လူတချို့နှင့်စကားပြောနေပုံရသည်။

"ချန်ယန်!"

"ဟမ်!"

စုချန်ယန်က တောအုပ်ထဲ အခြားအကောင်သေးသေးလေးတချို့ကို လိုက်ရှာနေရင်း ခေါ်သံကြားလိုက်တာမို့ဇဝေဇဝါဖြင့် ပြန်ကြည့်လာသည်။

"အဟမ်း.." ရှောင်လုလည်း လည်ချောင်း ရှင်းလိုက်ကာ ပြန်အော်ခဲ့သည်။

"ဘော့စ်လင်းက ခေါင်းကိုအပြင်မထုတ်ဘဲ အထဲပြန်ဝင်ဖို့ပြောနေတယ်!"

စုချန်ယန်လည်း လန့်သွားပြီး အလိုလို ခေါင်းကို အထဲသွင်းကာ အနောက်လှည့်ပြီး မှန်မှတစ်ဆင့်လှမ်းကြည့်လိုက်သည်။

ထို့နောက် ရှေ့ခန်းတွင်ထိုင်ကာ မှန်မှတစ်ဆင့် သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည့် ရင်းနှီးသည့်ပုံစံနှင့်သူကို လှမ်းမြင်လိုက်ရသည်။

စုချန်ယန် - "..."

မနက်မိုးလင်း သူမနိုးထဲက လင်းယွီကို မတွေ့ခဲ့တာမို့

ရိုက်ကွင်းထိ လိုက်လာလို့မရတဲ့အထိကို အလုပ်ရှုပ်နေတယ်လို့ ထင်ခဲ့သည်။ ဒါပေမဲ့ ခုလိုလိုက်လာမယ်လို့တော့ မထင်ထားခဲ့မိပေ။

အမှန်တိုင်းပြောရလျှင် မနက်ထဲက လင်းယွီကို မမြင်မိတာကြောင့် သူမနောက်ကို လိုက်မလာလောက်ဘူးဟုထင်မိတာမို့ စုချန်ယန်က သေးသေးပိစိလောက်လေးတော့ပျော်မိသလိုဖြစ်ခဲ့သည်။

"အို့.." စုချန်ယန်လည်း မပြုံးချင်ပြုံးချင် ပြုံးလျက် ခေါင်းကို ရှေ့ဘက်ပြန်လှည့်သွားသည်။

လင်းယွီ လိုက်လာသည်ကို ကြားလိုက်တော့ ဟန့်စုန့်ရွှယ်လည်း တအံ့တဩဖြင့် သူမဘက် လှည့်ကြည့်လာခဲ့သည်။

"ချန်ယန်! သူလည်း လိုက်လာမယ်ဆိုတာ ဘာလို့မပြောတာလဲ။ အဲ့လိုလိုက်လာမယ်မှန်းသာ သိခဲ့ရင် နည်းနည်းလှတပတလေး ဝတ်လာပါတယ်။ သူက ငါ့စိတ်ကူးထဲကအပြည့်စုံဆုံး ယောက်ျားမျိုးဟ!"

သိူ့သော် စုချန်ယန်မှ နုံးချိလှစွာ ပြောလာသည်။

"ငါလည်း မသိခဲ့ဘူးလေ ငါလည်း သူ မလာလောက်ဘူးလို့ထင်ထားတာ"

ဤအခြင်းအရာကြောင့် စုချန်ယန်၏ ပျော်ရွှင်နေရသည်မှာ ချက်ချင်း သဲထဲရေသွန်သလို ဖြစ်ခဲ့ရသည်။ ရှောင်လုကို ဘယ်လိုသိမ်းသွင်းရမလဲဆိုတာ စိတ်ထဲမှာအစီစဉ်တကျ ရေးဆွဲနေခဲ့ပြီး ထိုမှသာ ရှိုး၏ အပိုင်း၆ပိုင်းလုံး ရိုက်ကူးနေသည့် တစ်လျှောက်တွင် ရံဖန်ရံခါဆိုသလို အလိုလိုက်ခံရမည်ပင်။

သူမ စိတ်ဓာတ်ကျနေတာကို မြင်တာကြောင့် ဟန်စုန့်ရွှယ်လည်း မနေနိုင်ဘဲ မေးမိတော့သည်။

"မစ္စတာလင်းက ကြောက်ဖို့ကောင်းလား။ အငြှိုးအတေးကောကြီးလား သူလိုက်လာတာကို ဘာလို့ အဲ့လောက် စိတ်မချမ်းမသာဖြစ်နေရတာလဲ"

စုချန်ယန်လည်း ခေါင်းခါကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး မစ္စတာလင်းက ကြောက်ဖို့မကောင်းပါဘူး ဒါပေမဲ့..."

စုချန်ယန်က ဝိရောဓိများဖြင့် စိတ်ထွေနေခဲ့သည်။ - .....

"ဒါပေမဲ့ ဘာဖြစ်လဲ?" ဟန်စုန့်ရွှယ်လည်း စပ်စပ်စုစုလိုက်မေးသည်။

"သူက ငါ့အပေါ်ကောင်းပါတယ် ပြဿနာတွေလည်း ဝင်ဖြေရှင်းပေးတယ် လျော်ကြေးကိစ္စလည်း ကူညီပေးတယ် အမှုလိုက်ပေးဖို့လည်း ရှေ့နေငှားပေးသေးတယ်

နေစရာနေရာလည်း ရှာပေးတယ် ဒါပေမဲ့....ငါ့ကို လွတ်လပ်ခွင့်မပေးဘူး"

ဟန်စုန့်ရွှယ် - "ဘယ်လို လွတ်လပ်မှုမျိုးလဲ?"

"စားချင်တာ မစားရတာမျိုး!"

ယာဉ်မောင်းနှင့် စုန်မင်ကန်မှာ စွံ့အသွားမိသည်။

စုချန်ယန်က ဆက်ပြီး စောဒကတက်ခဲ့သည်။

"Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ပြီးထဲက တစ်လလုံး ရိုးရိုးအသားလေးတစ်ခုတောင် မစားခဲ့ရဘူးဆိုတာ နင်ထင်တောင် ထင်မိမှာမဟုတ်ဘူး! ဒါပေမဲ့ မစ္စတာလင်းက တကယ်လူကောင်းပါ။ မနေ့က ရှိုးပွဲပြီးတော့ ငါလုပ်ခဲ့တာ တော်တယ်ဆိုပြီး လုံးဝခမ်းနားတဲ့ စားပွဲပြင်ဆင်ပြီး ဆုချပေးခဲ့သေးတယ်"

ဟန်စုန့်ရွှယ်မှာ မျက်လုံးပြူးကြီးဖြင့် ကြောင်ကြည့်နေမိကာ စုချန်ယန်ကို အော်ပစ်လိုက်သည်။

"နင်ဘယ်လာက် ကံကောင်းလဲ နင့်ကိုယ်နင်မသိဘူးလား! Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ချင်နေတဲ့သူတွေ ဘယ်လောက်တောင်ရှိလဲ နင်သိလား! ရှိုးပွဲအတွက် ကုမ္ပဏီဘက်က ဟိုတယ်ငှားပေးထားရတာ ဘယ်လောက် ဈေးကြီးလဲသိရဲ့လား! မစ္စတာလင်းက သူ့ကိုယ်ပိုင်ဝင်ငွေနဲ့ နင့်စားစရိတ်ကို ပေးထားရတယ အဲ့လောက် ကျေးဇူးမသိတတ်တဲ့ ပုံစံမျိုးမလုပ်ဖို့ ငါ သတိပေးလိုက်မယ်။ နင်သဘောမကျရင် စာချုပ်ကိုဖျက်သိမ်းလိုက် ပြီးရင် ငါနဲ့စာချုပ်ချုပ်ဖို့ တိုက်တွန်းပေး.."

စုန့်မင်ကန်လည်း ကြားဖြတ်ပြောခဲ့သည်။ "အစ်ကိုနဲ့လည်း စာချုပ်ချုပ်လို့ရတယ်လို့ ပြောပေးပါဦး အခုကစပြီး အသားမစားပဲ နေနိုင်တယ်"

စုချန်ယန်မှ လေသံတိုးတိုးလေးနှင့် ပြောခဲ့သည်။

"ကျွန်မက ဘယ်တုန်းကမှ မကျော်ကြားချင်ခဲ့ဘူးလေ"

သူတို့၏ စကားသံများကိုကြားပြီးနောက် ယာဉ်မောင်း

တောင်မှ ဝင်ပြောမိသည်။

"တကယ်လို့ ညီမနဲ့အဆင်မပြေရင် ကျွန်တော့်ကိုလည်း စဉ်းစားပေးဖို့ ပြောပေးပါနော်"

သူတို့အဖွဲ့သားများမှာ တောင်ထိပ်ရောက်သည်အထိ ဘာမဟုတ်သည့် ကိစ္စအတွက်နှင့် ငြင်းခုန်နေခဲ့ကြသည်။

ယာဉ်တန်းမှာ ကွင်းပြင်ကျယ်ကြီးနားရောက်လျှင် ရပ်လိုက်သည်။ ထုတ်လုပ်ရေးအဖွဲ့မှ စက်ပစ္စည်းများ နေရာချထားပြီးဖြစ်ကာ ကြော်ငြာသင်္ကေတများလွှင့်ထူထားသည်ကို စုချန်ယန်လည်း တွေ့လိုက်ရသည်။

"ဆင်းလို့ရပြီနော်" ယာဉ်မောင်းက သူတို့ကို သတိပေးသလိုပြောခဲ့‌သည်။

"ကျေးဇူးပါ" စုန့်မင်ကန်က ယာဉ်မောင်းကို ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။

ယာဉ်မောင်းပုဂ္ဂိုလ်က မဲ့ရွဲ့သလို တုံ့ပြန်ခဲ့သည်။

"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမှန်တိုင်းပြောရရင် ကားထဲက အနံ့အသက်က သိပ်မကောင်းဘူး အသီးပုပ်နံ့လိုမျိုးပဲ" စုန့်မင်ကန်က ထပ်ပြောခဲ့သည်။

ယာဉ်မောင်း မျက်နှာက ပိုလို့ပင် ပုပ်သိုးသွားဟန်ပင်။

စုချန်ယန်တစ်ယောက်သာ နောက်ဆုံးဆင်းရမည့်သူဖြစ်သည်။ သူမလည်း ယာဉ်မောင်းကို မျက်နှာသေဖြင့် ပြောလိုက်သည်။ "သူတို့ပြောတာ အတည်မယူပါနဲ့"

ယာဉ်မောင်းက သူမကို လက်ပြကာ မြန်မြန်ဆင်းဖို့ပြောလေသည်။

စုချန်ယန် ကားတံခါးပိတ်ပြီးတာနဲ့ ယာဉ်မောင်းက ဂတ်စ်တပ်ထားသလို ဝှီးခနဲမောင်းသွားလိုက်ပုံမှာ နောက်တစ်စက္ကန့်ထပ်နေရင်ပဲ ခေါင်းကိုက်တော့မလိုပင်။

သူတို့ဆင်းပြီးသည်နှင့် ဖိတ်ကြားခံရသူများက ကွင်းပြင်၏ အလယ်တွင် မတ်တပ်ရပ်ဖို့ မှာထားခဲ့ကြပြီး ရိုက်ကူးရေး ဝန်ထမ်းများက သူတို့၏ခရီးဆောင်အိတ်များကို သယ်သွားပေးခဲ့ကြသည်။

အကုန်လုံးရောက်ပြီးတာနှင့် ရှောင်လုနှင့် အခြားသူများကို ၎င်းတို့၏ ခရီးဆောင်အိတ်တွေ သိမ်းပေးဖို့ အနီးအနားရှိရွာ တစ်ခုဆီ ခေါ်သွားခဲ့ချိန် လင်းယွီကတော့ ဒါရိုက်တာများနှင့် တစ်ဖက်တွင် ထိုင်နေခဲ့ကာ ကိစ္စတစ်ခုခုအတွက် စကားပြောနေခဲ့ကြသည်။

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော်တို့ရဲ့ ဝမ်ကျင့်တောင်ပေါ်မှ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့က အရင်ဘိုးဘေးတွေ နေခဲ့ဖူးတဲ့ ဒီတောင်ပေါ်က ဝမ်ကျင့်လို့ ခေါ်တဲ့ရွာကပါ ဒါကတော့ ရွာသူကြီးပါ"

မျက်နှာချင်းဆိုင်၌ အသက်ကြီးကြီး ဆံပင်ဖြူဖြူနှင့် တံငှါသည် ဦးထုပ်ဆောင်းထားကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် တောင့်ဖြောင့်နေသည့် လူကြီးတစ်ဦးရပ်နေခဲ့သည်။ မယုံနိုင်လောက်အောင်ပဲ အသက်အရွယ်နှင့်မလိုက်အောင်နုသည်ဟု ပြောရမည်။

"ဝမ်ကျင့်ရွာက ကြိုဆိုပါတယ်"

လူစိမ်းအုပ်စုဘက်ကို မျက်နှာချင်းဆိုင်ပြီး တည်ငြိမ်စွာဖြင့် ရွာသူကြီးက ပြောခဲ့သည်။

"ဝမ်ကျင့်ရွာက ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး သီးခြားခွဲထွက်နေတဲ့ ရွာလေးတစ်ရွာပါ။ ရွာထဲမှာခေတ်မှီဇိမ်ခံပစ္စည်းတွေ မရှိဘူး။ အများစုကို ရှေးက ထိန်းသိမ်းနေကျပုံစံတွေနဲ့ပဲ ထိန်းသိမ်းထားပါတယ်။ လျှပ်စစ်မီးနဲ့ ဂတ်စ်တွေကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမှစပြီး တင်သွင်းတာမို့လို့ အရမ်းကြီးတော့ မဖွံ့ဖြိုးသေးဘူး။ ရိုက်ကူးပြီး၂ရက်အကြာကျရင် အကုန်လုံးက ရွာထဲမှာကျန်နေသေးတဲ့ ရှေးဟောင်း အငွေ့အသက်တွေကြားမှာ နေရမှာဖြစ်ပါတယ်"

လျှပ်စစ်မီးက သိပ်ပြီးမဖွံ့ဖြိုးသေးဘူးဆိုတာကို ကြားလျှင် တချို့သရုပ်ဆောင် မျက်နှာတွေက ရှုံ့မဲ့သွားကြသည်မှာ ကျန်းရှန်ချီလည်း အပါအဝင်ဖြစ်သည်။ သူမသည်လည်း အသက်ခပ်ငယ်ငယ် သရုပ်ဆောင်ဖြစ်ပြီး ကုမ္ပဏီတစ်ခုထဲကပင်။

"ဒါရိုက်တာကြီး ဒီမှာလျှပ်စစ်မီးရှိလား? ကျွန်မက

ညဘက်အိပ်တဲ့အခါကျရင် မီးဖွင့်အိပ်မှ ရတာမို့လို့"

ကျန်းရှန်ချီက မကျေမနပ် ပြောခဲ့သည်။ သူမပြောပြီးသည်နှင့် အကုန်လုံး၏ အကြည့်က သူမဆီ ရောက်ရှိလာခဲ့သည်။

စုချန်ယန်က သူမနဲ့မျက်နှာချင်းဆိုင်၌ မျက်နှာကြောခပ်တင်းတင်းဖြင့် ကျန်းရှန်ချီ၏ တာဝန်ခံဟုထင်ရသောအမျိုးသမီးတစ်ယောက်ကို တွေ့နေရသည်။

ကျန်းရှန်ချီက ကျောထောက်နောက်ခံ အပြည့် ရှိပုံရပြီး သူမလက်ထဲ ရောက်ရှိလာသည့် သတင်းအချက်အလက်တချို့မှာလည်း တကယ့်အရေးပါသည့်အရင်းအမြစ်များပင်ဖြစ်သည်။

သူမ ပါဝင်သရုပ်ဆောင်ဖူးသမျှ ဒရာမာ ဇာတ်လမ်းတချို့မှာ နာမည်ကြီးများနှင့်အတူသရုပ်ဆောင်တာဖြစ်ပြီး တီဗီရှိုးများနှင့် အအောင်မြင်ဆုံး ဇာတ်ကား၂ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

သို့သော် မရေရာသည့် အကြောင်းပြချက် တချို့ကြောင့် အချို့ ဇာတ်ပို့နှင့် အဓိကဇာတ်ဆောင်များက အောင်မြင်ကျော်ကြားခဲ့သော်လည်း သူမကတော့ မပါဝင်ခဲ့ပေ။ သူမ အေဂျင်စီက သူမကို ရသစုံရှိုးများမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ကြပြီး ငွေပမာဏ အမြောက်အမြားဖြင့် ကမ်းလှမ်းခဲ့ကြသည်။

All Chapters