အခန်း ၄၀
Vol. 3 Ch. 40
ကျန်းရှစ်ချီသည် ဟန်စုန့်ရွှယ်လိုမဟုတ်ဘဲ ခံယူချက်ခိုင်ခိုင်မာမာရှိသည့် သူမျိုးဖြစ်တာမို့ စုချန်ယန်လည်း လူအကဲခတ်တာ လိုသွားသလို ခံစားမိလေသည်။
သူမ သွားနေတာကိုကြည့်ရင်း စုချန်ယန်လည်း သက်ပြင်းချမိကာ ဘာမှမပြောတော့ချေ။
ကားလမ်းကူးရမည့် နားရောက်တော့ ကျန်းရှစ်ချီသည်တစ်ယောက်ထဲသာ ရှေ့ကိုဆက်သွားနေဆဲပင်။
စုချန်ယန်လည်းရပ်လိုက်ပြီး သူမအား မခေါ်လိုက်မိခင်တုံ့ဆိုင်းနေမိသည်။
"နင်သွားတာ ဘက်မှားနေတယ်"
ကျန်းရှစ်ချီလည်း တုံ့ခနဲရပ်သွားပြီး ဘာမှပြန်မပြောလာခဲ့ပေမဲ့ ခရီးဆောင်အိတ်ကို ဆွဲကာ စုချန်ယန်နားရောက်လာလေကာ မျက်နှာကိုတစ်ဖက်လှည့်ထားရင်း မပွင့်တပွင့်အသံဖြင့် မေးလာသည်။
"ဘယ်ဘက်ကသွားရမှာလဲ?"
ကလေးတစ်ယောက်လို ပြုမူနေသည့် ကျန်းရှစ်ချီကြောင့် စုချန်ယန်လည်း ပြောစရာစကားများပျောက်ဆုံးသွားမိသည်။ သွားရမည့်နေရာဘက်ကိုသာ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဒီဘက်"
ကျန်းရှစ်ချီသည် သူမဘက်ကိုပင် ငဲ့မကြည့်လာခဲ့ဘဲ
ညွှန်ပြသည့်ဘက်သို့ ခရီးဆောင်အိတ်ဆွဲကာ တည့်တည့်မတ်မတ် လျှောက်သွားလေသည်။
ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးနောက် သူမကရုတ်တရတ်လှည့်လာရင်း စုချန်ယန်ကိုကြည့်လိုက်ကာ အနားထိရောက်လာပြီးပြောလိုက်ပြန်သည်။
"နင်အရင်သွား"
စုချန်ယန် - "..."
စုချန်ယန်လည်း သူမအား မသိမသာကြည့်ကာ ဘာမှမပြောတော့ဘဲ သူမဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။
ကျန်းရှစ်ချီလည်း သူမနောက်မှာ အသာတကြည်လိုက်လာပြီး စုချန်ယန်ဘက်မှ လမ်းတစ်လျှောက်လုံး ဘာတွေ တွေးနေလဲဆိုတာတော့ မသိခဲ့ပေ။
မကြာခင်မှာပင် အဖွဲ့သားများသည် အိမ်ခန်း၈နှင့် ၉ တည်ရှိရာနေရာသို့ ရောက်လာခဲ့ကြသည်ပင်။
သူတို့ရှေ့တွင် တော်တော်ကြာကြာ စွန့်ပစ်ခံထားရသည့် ခပ်သေးသေး ခြံဝင်းလေးရှိနေလေသည်။
ခြံခတ်ထားသည့် အုတ်နံရံများပေါ်တွင် နွယ်ပင်များမှာလည်း ဖြစ်ကတတ်ဆန်း ပေါက်ရောက်နေကြပေမဲ့ မြေကြီးကတော့ ဝန်ထမ်း များမှ ချက်ချင်းလာပြီး သန့်ရှင်းပေးသွားနိုင်ချေရှိတာကြောင့် သိသိသာသာကို
ရှင်းလင်းနေလေသည်။
စုချန်ယန်သည် တည်းခိုရာနေရာအတွက် ထွေထွေထူးထူး လိုအပ်တာမျိုးမရှိခဲ့ပေ။ ဘယ်နေရာမဆို စိတ်တိုင်းကျလှဲနေကာ စိတ်ကူးယဉ်နေချင်ရုံသာ။
သို့ပေမဲ့ ကျန်းရှစ်ချီကတော့ သူမနှင့်တခြားစီပင်။
သူမသည် အနည်းငယ် မှိုစော်နံကာ ဟာလာဟင်းလင်းကြီးဖြစ်နေသည့် ခြံဝင်းအား မြင်သောအခါ မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်လာပြီး ခရီးဆောင်အိတ်ကို ဆွဲလာပေမဲ့ ခြေတစ်လှမ်းမှ အထဲထိ လှမ်းမသွားဘဲ တံခါးဝနားတင် ရပ်နေမိသည်။
စုချန်ယန်ကပဲ ခြံဝင်းထဲအရင်ဝင်လိုက်ကာ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ပြီး အေးအေးလူလူပင် စူးစမ်းနေပြီးမှ ကျန်းရှစ်ချီဆီသွားလိုက်သည်။
"အခန်း၈ရော ၉ရောက အထဲမှာပဲ
အထဲဝင်ကြရအောင်"
ခရီးဆောင်အိတ်ကို ကိုင်ထားသည့် ကျန်းရှစ်ချီ၏
လက်များမှာ မရည်ရွယ်ပါဘဲနှင့် တုန်ယင်သွားကြသည်။ သူမအနေဖြင့် ချက်ချင်းပင် လှည့်ပြန်ချင်စိတ်ပါပေါက်သွားတော့သည်။ လျော်ကြေးပေးရမယ်ဆိုရင်တောင်မှ ဒီလိုဒုက္ခခံရမှာမျိုးကိုတော့ မခံစားနိုင်ပေ။
သို့သော် စုချန်ယန် ဘာမှမဖြစ်သည့်ပုံစံကိုမြင်မိတော့
ဒီတခါသာ သူမလက်လျှော့လိုက်ရင် ရှုံးလိမ့်မယ်ဟု ခံစားမိလိုက်သည်။
ကျမ်းရှစ်ချီလည်း အသက်ပြင်းပြင်းရှူပြီး မာန်တင်းကာ ရှုပ်ပွနေသည့် ခြံဝင်းထဲ ဝင်လိုက်သည်။
နောက်ထပ်ခဏအကြာမှာပင် ခြံအားကန့်လန့်ဖြတ်
အနေအထားဖြင့် မျက်နှာချင်းဆိုင် အခန်းနှစ်ခုအားတွေ့လိုက်ရပြီး တံခါးပင်မပါကြချေ။ အပေါက်ဝတွင်
အမည်းရောင် အဝတ်ကိုသာလိုက်ကာအဖြစ် တပ်ဆင်ထားသည်။
သူမလည်း ဆက်ပြီး သည်းမခံနိုင်တော့တာမို့ သူမနောက်မှာရပ်နေသည့် အဖွဲ့သားတွေထဲမှ ဝန်ထမ်း တစ်ယောက်ကိုလှည့်ကြည့်ကာ အံကြိတ်ရင်း ပြောလိုက်သည်။
"ဒါကလူနေတဲ့ နေရာလား?"
ထိုအချိန်တွင် စုချန်ယန်မှာ အခန်းတစ်ခုထဲသို့ ဝင်ကြည့်နေတုန်းပင်။
ထို အဖွဲ့ဝင် ဝန်ထမ်း လေးသည်လည်းဘာမှ
ပြန်မပြောလာခဲ့ဘဲ စုချန်ယန်ဘက်ကို အားကိုးတကြီးဖြင့် သူမသွားသည့်ဘက်ကိုသာ မသိမသာ လှမ်းကြည့်မိတော့သည်။
ကျန်းရှစ်ချီလည်း သူတို့ဆိုလိုချင်တာကို သဘောပေါက်လိုက်သည်။ အသံရှူသံများမှာပင် တုန်ယင်ကာ ရှိုက်သံတွေထွက်သည်အထိ ဒေါသထွက်နေမိတော့သည်။
ရူးနှမ်းပြီးစိတ်မနှံ့နေသည့် သူမျိုးသာပင် ဒီလိုခြောက်ခြားစရာ ရသစုံရှိုးမျိုးကို ငွေကြေးအကုန်ကျခံပြီး ပါဝင်လိမ့်မည်။
ဟုတ်ပါတယ်! သူမသည်လည်းပဲ ဒီရသစုံရှိုးထဲ ပါဝင်ရဖို့ကို ငွေအတော်သုံးခဲ့ရသည်ပင်။
သူမလည်း တုံ့ဆိုင်းမနေတော့ဘဲ မဆင်မခြင်သာ ပြောမိလေသည်။
" ဒီလိုအစုတ်ပြတ် ရသစုံရှိုးမျိုးမှာပါဖို့ ငါ့မှာ ငွေကြေးပမာဏအတွက် ပြောမပြနိုင်လောက်အောင်ကို
အကုန်ကျခံခဲ့ရတာ။ အဲ့ဒါကို ငါ့ကိုဒီလိုနေရာမျိုးမှာနေခိုင်းတယ် ဟုတ်လား?! ခုချိန် ထွက်လိုက်လို့ရမလား? ပိုက်ဆံပြန်မပေးလည်းရတယ် အနည်းဆုံး ဟိုတယ်တစ်ခုပဲရှာပေး ဟုတ်ပြီလား?"
ဝန်ထမ်း လေးလည်း ဘာလုပ်ရမှန်းမသိတာမို့ ဘုမသိ ဘမသိနှင့် သူမပြောတာကို မသိချင်ယောင်ဆောင်နေလိုက်သည်။
ကျန်းရှစ်ချီသည် သူတို့အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်ရင်း စုချန်ယန် နောက်တစ်ခန်းသို့ ဝင်မကြည့်ခင်
သူမကိုလည်း လှမ်းကြည့်လိုက်သည်။
"အဟွတ် ...ဟွတ် ..အဟွတ်!!"
သူမတံခါးဖွင့်လိုက်သည်နှင့် မျက်နှာတည့်တည့်ကို ဖုန်တွေဝင်တိုးလာသလိုပင်။
စုချန်ယန်သည် အခန်းထဲဝင်ကာ ရပ်ကြည့်နေရင်း ဟိုဟိုဒီဒီပတ်ကြည့်ကာ ခဏလောက်တော့ နောင်တရလာမိသလိုပင်။
သူမသည် တည်းခိုဖို့နေရာအတွက် ထွေထွေထူးထူးလိုအပ်တာမျိုးတော့ မရှိခဲ့ပေမဲ့ ဟာလာဟင်းလင်းကြီးဖြစ်ကာ ကုတင်ပေါ်မှာတောင် ပင့်ကူအိမ်များနှင့် ရှုပ်ပွနေသည့် နေရာမျိုးကိုသာ နေခွင့်ပေးတာမို့ စုချန်ယန်လို ဘာမှမဖြစ်တတ်သည့် လူမျိုးတောင် သိပ်အဆင်မပြေသလိုခံစားရသည်။
အခန်းထဲ ရေရော မီးရော ဘာမှရှိမနေခဲ့ရင်တောင်မှ အနည်းဆုံးတော့ အဲ့လောက်ထိ အမှောင်ကျနေလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ပြီးလျှင် သူတို့က ဒါတွေကို
တီဗီမှာလွှင့်ပြကြပေဦးမည်။
သို့သော် သူမရှေ့ရှိအခန်းသည် ဆယ်စုနှစ်များစွာ လူမနေသည်မှာကြာတာကြောင့် ပိုးမွှားများနေထိုင်ရာအသိုက်နှင့် တူနေလေသည်။
ဆောင်းဦးကာလ မရောက်သေးတာတောင်မှ ညဘက်ဆိုလျှင် ခြင်အရမ်းပေါသည်။ တံခါးဝတွင် လိုက်ကာစရှိနေပေမဲ့လည်း သိပ်ပြီးအသုံးမဝင်ပေ။
အခန်းထဲတွင်လည်း ပြတင်းပေါက်တောင်မရှိသည့်အပြင် အမည်းရောင် လိုက်ကာစကလည်း အလင်းမဖောက်နိုင်ချေ။ နေ့ခင်းပိုင်းတွင်လည်း လိုက်ကာစချထားလျှင် အလင်းရောင် မရတာမို့ ဒီတိုင်းသာဟထားလိုက်ရသည်။
သူမတို့လို လူတွေနေထိုင်ရာ မြို့ထဲမှာတော့
ဘယ်အချိန်ရောက်နေပါစေ ညဘက်ဆိုလျှင် ပြတင်းပေါက်အပြင်ဘက်မှ အလင်းရောင်တချို့ရှိတာကြောင့် အခန်းအတွင်းပိုင်းထဲမှာတော့ မှုန်ဝါးဝါးလေးတော့ မြင်နိုင်သည်ပင်။
သို့ပေမဲ့ ဒီလိုနေရာမျိုးမှာတော့ မှုန်ဝါးဝါး မပြောနှင့် ဘာဆိုဘာမှ သဲသဲကွဲကွဲမမြင်ရသည့် အပြင် ကိုယ့်ကိုကိုယ်တောင်မမြင်ရချေ။
စုချန်ယန်သည် အမှောင်ထုကို မကြောက်သော်ငြားလည်း ပတ်ဝန်းကျင် အသစ်အဆန်းတစ်ခုခုမှာ အိပ်ရမည်ဆိုလျှင် မျက်လုံးဖွင့်လိုက်သည့်အခါ ဘေးပတ်ပတ်လည်က ပစ္စည်းတချို့ကိုမြင်နိုင်လောက်သည့်အလင်းရောင်မျိုးရှိမှ အိပ်တတ်သည့် အကျင့်တစ်ခုတော့ သူမတွင် ရှိသည်။
မြို့ကြီးပြကြီးတွင်နေခဲ့တုန်းက ဒီလိုကိစ္စမျိုတွေ တခါမှမပူပန်ခဲ့ဖူးချေ။ ညဘက်တွင်ဆိုလည်း လိုက်ကာတွေကိုလုံးဝမပိတ်ဘဲထားတာမို့ ညဘက်လမ်းမီးရောင်က အိပ်ခန်းထဲထိ ဖောက်ထွင်းမြင်ရဖို့ လုံလောက်လေသည်။
စုချန်ယန် နောက်ကိုလိုက်ရင်း ပရိုဂရမ်အဖွဲ့သားများကအခန်းထောင့်တွင် ကင်မရာများ တပ်ဆင်ထားခဲ့သည်။
မွေ့ယာနှင့်အိပ်ယာခင်းများမရှိဘဲ အိပ်ယာတစ်ခုထဲသာသာရှိသည့် အခန်းအားကြည့်ကာ စုချန်ယန်
တစ်ယောက် တော်တော်ကြာကြာပင် စွံ့အနေမိတော့သည်။
"ကျစ်...ဒါကလူနေတဲ့ နေရာမျိုးမှမဟုတ်တာ နင်တို့တွေတော်တော် အကြင်နာတရားမရှိကြတာပဲ!"
အပြင်ဘက်က ရှောင်လု၏ အသံအား စုချန်ယန်ကြားလိုက်မိသည်။ စောဒကတက်နေတာမှန်ပေမဲ့
စကားပြောပုံမှာ မာန်နေသလိုပင်။
စုချန်ယန်လည်း တကယ့်ကို နောင်တရနေမိသည်ပင်။
သို့သော်လည်း ဘာမှလုပ်မရတော့တဲ့ထိ နောက်ကောက်ကျသွားခဲ့သည်သာ။
စုချန်ယန်လည်း သက်ပြင်းချဖို့သာတတ်နိုင်တော့သည်မို့ ထောင့်တစ်နေရာတွင် ခရီးဆောင်အိတ်ကို ကပ်ထားလိုက်သည်။
ထို့နောက် ခြံထဲတွင် မတ်တပ်တံမြက်စည်းတစ်ချောင်း ဟိုဟိုဒီဒီ လိုက်ရှာပြီး ရှောင်လုအား ရေတစ်ဘူးယူလာပေးဖို့ ပြော လိုက်သည်။ ကြမ်းပြင်အား ရေဖြန်းပြီးနောက် သန့်ရှင်းရေးစလုပ်လိုက်သည်။
သူမလှည့်ကြည့်လိုက်တော့ ရှောင်လုနှင့် ဝန်ထမ်းအဖွဲ့ဝင်များမှာ စကားပြောနေကြသည်ကိုတွေ့လိုက်ရသည်။
စုချန်ယန်လည်း ချက်ချင်းပဲ ဝင်ပြောလိုက်သည်။
"မင်းတို့အဲ့လောက်ပျင်းနေကြရင် လာကူပေးကြ။
ပြီးတော့ ဒီမှာ အိပ်ယာခင်းနဲ့ မွေ့ယာလည်းမရှိဘူး
နှစ်ယောက်စာ အစုံလိုက် ယူလာပေးလို့ရမလား?"
မလုံမလဲနှင့် အားနာနေမိကြတာကြောင့် စုချန်ယန်တောင်းဆိုသည်ကို ကြားကြားချင်းပင် အချောင်ခို
မနေတော့ဘဲ ခြံထဲမှာလုပ်စရာရှိသည်များကို ရှာဖွေကူညီပေးခဲ့ကြသည်။
အိမ်မှုကိစ္စလုပ်ရခြင်းကို စုချန်ယန်အနေနဲ့ ကြိုက်တယ်လည်းမဟုတ် မကြိုက်ဘူးလည်း မဟုတ်ချေ။ သူမသာမလုပ်ပဲ ဒီတိုင်းထားမယ်ဆိုလျှင် သေချာပေါက် ဒီတိုင်းနေမှာဖြစ်သည်။ သို့ပေတည့် အခြားရွေးချယ်စရာမရှိတာကြောင့် စောဒကတက်ဖို့ရာ မစွမ်းသာနိုင်ခဲ့ချေ။
ကံကောင်းထောက်မစွာနှင့် အခန်းမှာ သိပ်မကြီးတာကြောင့် သန်ရှင်းရေးလုပ်ရသည်မှာ သိပ်မခဲယဉ်းလှပေ။ အခန်းနှင့် အိပ်ယာကို စနစ်တကျ ခင်းကျင်းပြီးချိန်တွင် ဝန်ထမ်း တစ်ယောက်မှ သူမတို့နှစ်ဦးအတွက်
ခြင်ဖြန်းဆေး နှစ်ဘူးယူလာခဲ့ပေးသည်။
စုချန်ယန်သည် အခန်းထောင့်အား အနည်းငယ်ဖြန်းလိုက်သည်။ ညစ်ပတ်နေသည့်အခန်းလေးမှာ ချက်ချင်းပင် အသစ်အတိုင်း သန့်ရှင်းသပ်ရပ်သွားလေသည်။
စုချန်ယန်လည်း အမောဖြေသလို သက်မချလိုက်မိလေသည်။
"အကုန်ရှင်းလိုက်တာလား?" ရှောင်လုမှ တံခါးအားမှီနေရင်း မေးလိုက်သည်။
စုချန်ယန်လည်း လက်နှစ်ဖက်ကိုရိုက်ကာ ဖုန်ခါပြီးလျှင် သူမမျက်နှာကိုလည်း ရေနှင့်သပ်ချလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း"
ရှောင်လုလည်း တတွတ်တွတ် ပွစိပွစိနှင့် ရေရွတ်နေမိတော့သည်။
"ပရိုဂရမ်အဖွဲ့က တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။
နင့်ကို ဒီလိုနေရာမှာနေခိုင်းဖို့ တကယ်ကြီး စီစဉ်ထားကြတာလားပဲ"
စုချန်ယန်လည်း မတတ်သာသလိုသာ ပြောလိုက်သည်။
"ဒါကလည်း ဒီပရိုဂရမ်အတွက်ပဲမို့လား?"
ရှောင်လုသည် ထီမထင်သည့်မျက်နှာထားဖြင့် ပြုံးကာ တစ်ဖက်အခန်းကို လက်ညှိုးထိုးပြလိုက်သည်။
"တကယ်ကို ထိရောက်တာပဲ"
စုချန်ယန်သည် သူမ၏အခန်းကိုတော့ သန့်ရှင်းပြီးပြီမို့ အိပ်ယာခင်းနှင့် စောင်များရောက်လာသည်နှင့် အနားယူလို့ရပြီပင်။
ရှောင်လုသည် အိမ်ခန်းနံပါတ်၈ဆီ ဦးတည်သွားနေတာမို့ သူမလည်းအနည်းငယ် စပ်စုပြီး သိချင်နေသေးတာကြောင့် အနောက်ကနေလိုက်သွားသည်။
"အဟွတ်.."
မရောက်ခင်နားလေးမှာတောင်မှ ကျန်းရှစ်ချီ၏ ချောင်းဆိုးသံကို စုချန်ယန်လည်း အတိုင်းသားကြားနေရသည်။