အခန်း (၃၁)
Vol. 3 Ch. 31
ချန်းပင်အန်းက ရေပုံးနှင့်အတူ သံကြိုးရေကန်သို့ ရောက်လာခဲ့သည့်အချိန်တွင် တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော မနက်စာဆိုင်ပေါင်းများစွာကို ဖြတ်လာခဲ့ရသည်။ သူ့ဗိုက်ထဲက တဂွီဂွီ မည်လာခဲ့၏။ သို့သော် ငွေမရှိသည့်အတွက် သူလည်း သူ့ကိုယ်သူ အားတင်းပြီး ရေခပ်ရန်သာ တန်းစီလိုက်သည်။
သူ့ရှေ့တွင် မိသားစု(၃)စုရှိနေ၏။ သူ့အလှည့်ကို ရောက်သည့်အချိန်တွင်တော့ ကျစ်ကွေးက ရေပုံးငယ်လေးတစ်ခုနှင့်အတူ ကြားဖြတ်တန်းစီလိုက်သည်။ နောက်တွင် ရှိနေသူများကတော့ မကျေမနပ်ဖြစ်သွားခဲ့ကြ၏။ သူတို့က ကျိန်ဆဲနေကြခြင်း မရှိသော်လည်း သူတို့၏စကားလုံးများက နားထောင်ရသည်မှာ မကောင်းလှပေ။
အထူးသဖြင့် အဘွားမာဟုခေါ်သော ခါးကုန်းကုန်းနှင့် အဘွားအိုတစ်ယောက်ဖြစ်သည်။ သူ့သားနှစ်ယောက်လုံးက အလွန်ထူးချွန်ကြ၏။ သူတို့က ကိုယ်ပိုင်နဂါးမီးဖိုကြီးတစ်ခုဆီ ပိုင်ဆိုင်ထားကြသည်။ ထိုနဂါးမီးဖိုများက သေးငယ်ပြီး နဂါးမီးဖို(၃၀)၏ အောက်ဆုံးတွင် ဖြစ်သော်လည်း သူတို့က တရုတ်ဇီးသီးပွင့် လမ်းကြားထဲတွင် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုဟု သတ်မှတ်နိုင်သည်။
သို့သော် ဘာကြောင့်မှန်း မသိသော်လည်း အဘွားအိုနှင့်ချွေးမနှစ်ယောက်၏ ပတ်သက်မှုက ကောင်းမွန်ခြင်း မရှိချေ။ သူ့သားများနှင့် ချွေးမများက မက်မွန်ပွင့်လမ်းကြားထဲသို့ ပြောင်းရွေ့သွားကြ၏။ အဘွားအိုကသာ တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော ဘိုးဘေးနေအိမ်တွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်။
ချန်းပင်အန်းနှင့် လျှိုရှန်းယန်တို့ လူငယ်လေးများ၏ မျက်လုံးထဲတွင်တော့ အဘွားမာက အလွန်ကြောက်စရာကောင်းသော အဘွားအို တစ်ယောက်ဖြစ်သည်။ သူမက တခြားသူကို ဆဲဆိုရာတွင် အလွန်အပေါက်ဆိုးသည့်အပြင် အလွန်ကပ်စေးနည်း၏။
ဆောင်းရာသီရောက်ချိန်တွင် သူမက ခြံဝန်းအပြင်ဘက်၌ ရှိနေသော နှင်းများကိုပင် အိမ်ထဲသို့ သယ်ဆောင်တတ်၏။ အကယ်၍ အိမ်ရှေ့တွင် နှင်းများနှင့် လာဆော့နေသော ကလေးငယ်များ သို့မဟုတ် သူမ၏ အိမ်တံစက်မြိတ်အောက်တွင် ရေခဲတုံးလေးများ ယူနေသော ကလေးငယ်များတွေ့လျှင် သူမက တံမြက်စည်းနှင့် လိုက်ရိုက်တတ်သည်။
ယခင်တုန်းကတော့ ကုစန့်၏အမေတစ်ယောက်တည်းကသာ မြို့အနောက်ပိုင်းတွင် ရှိနေသော လမ်းကြားလေးထဲများတွင် အဘွားမာကို ဖိနှိပ်နိုင်ခဲ့သည်။ ယခုတော့ ထိုမုဆိုးမကုက သေဆုံးသွားသော ယောကျ်ား၏ဆွေမျိုးများ ရှိနေသော မွေးရပ်မြေကို သွားတော့မည်ဟု ပြောခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ အတောအတွင်း အနည်းငယ် ပြောင်းလဲနေခဲ့သော အဘွားမာက ချက်ချင်းပင် သိုင်းလောကကို ပြန်ရောက်လာသလို ဖြစ်နေပြီး စွမ်းအားများ ပြည့်ဝနေခဲ့သည်။ သူမက တွေ့နေရသော လူတိုင်းကို မကြိုက်ပေ။
စုန့်ကျိရှင်း၏ အစေခံမလေးက ထိုကဲ့သို့ လုပ်ဆောင်လိုက်သည့်အချိန်တွင်တော့ အဘွားမာက ကြောက်စရာကောင်းစွာ စတင်ပြောဆိုနေခဲ့၏။ သူမ၏အသံက ကျယ်လောင်မှု မရှိသော်လည်း မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ရှိနေခဲ့သည်။
သူမက အနားတွင် ရှိနေသော မိန်းမပျိုများနှင့် တမင်တကာ စကားပြောနေပြီး မိန်းကလေးတချို့က နောက်ဆုံးမှ ပေါ်လာကာ ကြားဖြတ်ကြောင်း ပြောနေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့လမ်းလျှောက်သည့်အချိန်တွင် တည့်တည့် လျှောက်လှမ်းနိုင်ခြင်း မရှိကြချေ။
နောက်ဆုံးတွင်တော့ သူတို့က မိန်းမပျိုတစ်ယောက် ဟူသော အဆင့်အတန်းကို မသုံးနိုင်တော့ဘဲ အစေခံတစ်ယောက်၏ ဘဝမျိုးသာ နေထိုင်၍ မိန်းမကြီးအဖြစ်ကို ရောက်သွားနိုင်သည်ဟု ပြောခဲ့သည်။
ထိုစကားကို ကြားသည့်အချိန်တွင် ချန်းပင်အန်းက တကိုယ်လုံး ကြက်သီးမွေးညင်းထသွားခဲ့သည်။ သို့သော် သူက အရင်မှားခဲ့သော ကျစ်ကွေးကို မောင်းထုတ်နိုင်ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူတို့က နှစ်ပေါင်းများစွာ အိမ်နီးချင်းများ ဖြစ်ခဲ့ကြ၏။
သူက လျှိုရှန်းယန်၏ ရေ(၂)ပုံးကို ဖြည့်ပေးလိုက်ပြီးနောက် သူမအတွက် ရေတစ်ပုံး ခပ်ပေးလိုက်သည်။ သူက ထိုမိန်းကလေးအဖွဲ့ထဲမှ မြန်မြန်ထွက်သွားချင်နေခဲ့၏။
စုန့်မိသားစု အစေခံမလေးက သူမ၏စကားကို မကြားချင်ယောင်ဆောင်နေကြောင်း မြင်လိုက်ရသည့်အခါ အဘွားမာက ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။ ထိုအရာက ပညာရှင်များ အချင်းချင်း တိုက်ခိုက်သကဲ့သို့ ဖြစ်နေ၏။ သူတို့အကြောက်ဆုံးကတော့ ပြိုင်ဘက်က တုံ့ပြန်မှုမရှိမှာကိုသာဖြစ်သည်။ အကယ်၍ သူတို့ဆီတွင် ကောင်းမွန်သော သိုင်းပညာရှိနေလျှင်ပင် တိုက်ခိုက်ရန် အစွမ်းပြနိုင်ခြင်းမရှိချေ။
ယခင်တုန်းကတော့ အဘွားမာက မုဆိုးမကုနှင့် ရန်ဖြစ်သည့်အချိန်တိုင်း ရှုံးနိမ့်သွားတတ်သည်။ သို့သော် အချိန်တိုင်း အချိန်တိုင်း သူမ၏စွမ်းရည်က တိုးတက်လာသည်ဟု အဘွားအိုက ခံစားမိခဲ့၏။ သူမက နောက်တစ်ကြိမ် ရန်ဖြစ်ရမည်ဆိုလျှင် ပြန်ပြောနိုင်တော့မည်ဟု သေချာပေါက် ခံစားမိလာခဲ့သည်။
သူမက ရွှံ့ပုလင်းလမ်းကြားထဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ထိုမိန်းကလေးနှင့်တော့ မတူညီပေ။ သို့သော် ထိုမိန်းကလေး ထွက်သွားသည့်အချိန်၌ သူမ၏မျက်လုံးအကြည့်ကြောင့် အဘွားအိုက အတော်လေး မသက်မသာ ခံစားနေရ၏။
ထို့ကြောင့် အဘွားအိုက မုန်းတီးစွာ အံကြိတ်လိုက်မိခြင်းဖြစ်သည်။ သူမက ထိုမိန်းကလေး၏မျက်နှာကို ကုတ်ခြစ်ပစ်ချင်နေခဲ့၏။ ထိုသို့ဆိုလျှင် အနီးနားလမ်းကြားလေးထဲတွင် နေထိုင်သော လူငယ်လေးများ၊ အစွမ်းထက်ပညာရှင်များက အရှက်မရှိသော အစေခံမိန်းကလေးကို တစစီဖျက်ဆီးပစ်ပါလိမ့်မည်။
အထူးသဖြင့် သူမ၏မြေးလေး ဖြစ်သည်။ သူက အပြင်လူများ၏ မျက်လုံးထဲတွင် အရူးတစ်ယောက် ဖြစ်ခဲ့သော်လည်း မကြာသေးခင် အချိန်ကတော့ အဘွားတစ်ယောက်ဖြစ်သော သူမ၏မျက်လုံးထဲတွင်ပင် ထိုကလေးက ဦးနှောက်ပျက်သွားပြီဟု ခံစားမိခဲ့သည်။
သူက တနေ့လုံး အဓိပ္ပာယ်မရှိသည့်စကားများကိုသာ ပြောနေခဲ့ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ အစေခံမလေးကို သူ့ဇနီးအဖြစ် လက်ထပ်မည်ဟု ပြောနေခဲ့သည်။ ထို့နောက် သူက ကောင်းကင်ဘုံကို လက်သီးနှင့်ထိုးမည်ဟု ပြောခဲ့၏။
မုန်းစရာကောင်းသော မိန်းကလေးက တုန့်ပြန်မှုမရှိကြောင်း မြင်သည့်အခါ အဘွားမာက ဆင်းရဲသောကောင်လေးကို အာရုံစိုက်လာခဲ့သည်။ သူမက ပြန်လှည့်ပြီး ပြောလိုက်၏။
"ဘာမှတန်ဖိုးမရှိတဲ့ ရွှံ့သန္ဓေပဲ။ မိဘတွေ အသတ်ခံလိုက်ရတာကိုတောင် ဒီကမ္ဘာကြီးမှာ ဆက်နေရဲသေးတယ်။ ကံကြမ္မာအရ မိန်းမတစ်ယောက် လက်ထပ်ဖို့ စွမ်းရည်မရှိတာကို သိနေတော့ တခြားသူတွေရဲ့ အစေခံတွေကို အရှက်မရှိ ဖျားယောင်းနေတာ။ တကယ့်ကို လိုက်လည်းလိုက်တဲ့ စုံတွဲ။ ဘာလို့များ သူတို့က အတူတူမနေကြသေးတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှံ့ပုလင်းလမ်းကြားက အမှိုက်တွေထက် အဆင့်နိမ့်တဲ့သူတွေပဲ နေတဲ့နေရာလေ.."
ချန်းပင်အန်းက ငုံ့လိုက်ပြီး ပုခုံးတွင် ရှိနေသော ဝန်ထုပ်ဝန်ပိုးများကို ချရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အစေခံမလေးကျစ်ကွေးက ရေပုံးကိုချလိုက်ပြီး အကြောက်အလန့်မရှိသော အဘွားအိုဆီသို့ လျှောက်သွားခဲ့၏။ သူမက စကားတစ်ခွန်းမျှမပြောဘဲ အဘွားမာ၏ပါးကို ရိုက်ချလိုက်သည်။
အဘွားမာ၏ခန္ဓာကိုယ်က တစ်ပတ်လည်သွားခဲ့၏။ သူမက မူးဝေဝေ ဖြစ်သွားသော်လည်း လဲကျသွားခဲ့ခြင်း မရှိချေ။ အနားတွင် ရှိနေသော မိန်းကလေးများက သူမကို ထိန်းထားပေးလိုက်၏။
ကျစ်ကွေးကတော့ ထိုအဘွားအို သတိပြန်ဝင်လာသည့်အချိန်ထိ စောင့်မနေခဲ့ပေ။ သူမက ရှေ့ကို နောက်တစ်လှမ်း တက်လိုက်ပြီး မျက်နှာကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။ သူမက ပြောလိုက်၏။
"အဘွားကြီး ….
ကျွန်မက သည်းခံနေတာ တော်တော်လေး ကြာနေပြီ…"
အဘွားအိုက ခေါင်းခါလိုက်မိ၏။ သူမက အလွန်ဒေါသထွက်နေသည့်အတွက် မျက်နှာပေါ်မှ အခိုးအငွေ့များ ထွက်လာသလို ထင်မှတ်ရသည်။ သူမက ပြန်လည်တိုက်ခိုက်ချင်ခဲ့မိ၏။
သို့သော် အနားတွင် ရှိနေသော မိန်းကလေး(၂)ယောက်က သူမကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသလို ဖြစ်နေသည့်အတွက် သူမက တခဏအတွင်း ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။ ရလဒ်အနေနှင့် သူမက တတိယအကြိမ် အစော်ကားခံလိုက်ရ၏။
အစေခံမလေးက အဘွားအိုကို တတိယအကြိမ် ရိုက်လိုက်သည်။ သူမက လက်ညှိုးနှင့် အဘွားအို၏နဖူးကို ထိုးလိုက်၏။
"တကယ်လို့ ရှင်ကသာ နောက်တစ်ကြိမ် ကျိန်ဆဲဦးမယ်ဆိုရင် တစ်ကြိမ်ကျိန်ဆဲတဲ့အချိန်တိုင်း ရှင့်ရဲ့လျှာကို အပ်နဲ့တစ်ကြိမ်ထိုးမယ်…"
အဘွားအိုက အလွန်ကြောက်လန့်သွားသည့်အတွက် စကားပင် ပြန်မပြောနိုင်ခဲ့ပေ။ ပြန်လည်တိုက်ခိုက်ရန်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
မိန်းမပျိုက ပြန်လှည့်သွားပြီး အဝေးသို့ အလျင်အမြန် လျှောက်သွားခဲ့၏။ ထိုအချိန်တွင် အိမ်နီးချင်းကောင်လေးကတော့ သူမ၏ရေပုံးကို သယ်ပေးလာကြောင်း တွေ့လိုက်ရသည်။ သူမက ပြုံးလိုက်ပြီး သူနှင့်အတူ ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်လှည့်လာခဲ့၏။
ချန်းပင်အန်း စကားပြောသည်ကို စောင့်မနေဘဲ မိန်းကလေးက ပြောလိုက်သည်။
"ငါ့ကို ကျေးဇူးမတင်နဲ့။ ငါ ကျိန်ဆဲလိုက်တာက နင်နဲ့ဘာမှမဆိုင်ဘူး…"
ချန်းပင်အန်းက ဘာပြောရမှန်း မသိခဲ့ချေ။ လက်ဗလာနှင့် ဖြစ်နေသော မိန်းကလေးက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူမက မြက်ဖိနပ်နှင့် လူငယ်လေးဆီမှ ရေပုံးကိုပြန်ယူရန် စိတ်ကူးမရှိချေ။
……………
သံကြိုးရေတွင်း၏ တစ်ဖက်တွင်တော့ အဘွားအိုက မြေပေါ်တွင် ထိုင်ချလိုက်ပြီး အော်ဟစ်ငိုကြွေးနေခဲ့၏။
"ခွေးမလေး …
နင့်ကို နတ်ဘုရားတွေက အပြစ်ပေးရမှာ။ ငါ့ဘဝကြီးကလည်း ခါးသီးလိုက်တာ။ နတ်ဘုရားတွေမှာ မျက်လုံးမရှိဘူးပဲ။ ဘာလို့ ဒီကလေးမကို မိုးကြိုးပစ်ချပြီး မသတ်ရတာလဲ…"
………….
မိန်းမပျို၏ခြေလှမ်းများက သွက်လက်ပေါ့ပါးနေခဲ့၏။ သူမက လက်နှစ်ဖက်ကို ကောင်းကင်ပေါ်သို့ မြှောက်ထားခဲ့သည်။ ထိုအရာက အလွန်ထူးဆန်းသော ပုံစံတစ်ခု ဖြစ်၏။ ချန်းပင်အန်းကတော့ သူမနှင့် အိမ်နီးချင်းဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထို့ကြောင့် ထိုအမူအယာက ထူးဆန်းနေခြင်း မရှိချေ။
သူတို့နှစ်ယောက်က မနက်စာဈေးဆိုင်များကို ဖြတ်သွားသည့်အချိန်တွင် ချန်းပင်အန်းက ရင်းနီးနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက အသားလုံးကင်များကို ဝယ်နေခဲ့သည်။ အငွေ့ထွက်နေသော အသားလုံးကင်များ၏ရနံ့က လမ်းတစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။
ယနေ့မနက်တွင်တော့ တိမ်တိုက်များက အနည်းငယ် နိမ့်ကျနေပြီး အတော်လေးကို သိပ်သည်းနေသည်။ ချမ်းသာသော မိသားစုတစ်ခုက နေရောင်အောက်တွင် နေစာလှုံနေခဲ့၏။
ဂျိမ်း....ဂျိမ်းးး….
မြို့ငယ်လေး၏ အပေါ်ဘက် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ထွက်လာခဲ့သည်။
ထိုအသံကြောင့် သံကြိုးရေတွင်း၏ တစ်ဖက်တွင် ရှိနေသော အဘွားမာက မတ်တပ်ရပ်လိုက်ပြီး အိမ်သို့ အမြန်ပြန်ပြေးသွားခဲ့၏။ ရေပုံးငယ်လေးက ယမ်းခါနေပြီး လမ်းတလျှောက်တွင် ရေများ ဖိတ်စင်ကျနေခဲ့သည်။ သူမ အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ပုံးထဲတွင် ရေတစ်ဝက်ပင် ကျန်တော့မည် မဟုတ်ချေ။
အကယ်၍ ကောင်းကင်ဘုံတွင်သာ အမှန်တကယ် မျက်လုံးရှိမည်ဆိုလျှင် ပထမဆုံးလျှပ်စီးက သူမ၏ ခေါင်းပေါ်သို့ ကျလာမည်ဖြစ်ကြောင်း အဘွားအိုက ကောင်းကောင်းကြီးသိနေခဲ့၏။
………………
မိုးခြိမ်းသံကို ကြားသည့်အခါ ချန်းပင်အန်းက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့သည်။ ကြည့်ရသည်မှာ မိုးရွာမည့် လက္ခဏာလည်း မရှိသေးပေ။
မိန်းမပျိုက အပြုံးနှင့် ပြောလိုက်၏။
"ငါ့သခင်လေးက စာအုပ်တစ်အုပ်ထဲမှာ တွေ့ဖူးတယ်လို့ ပြောဖူးတယ်။ နွေဦးရာသီအစောပိုင်းကို ရောက်တဲ့အချိန်တိုင်း ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရားတစ်ပါးက ရွှေရောင်ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ပြီး ကောင်းကင်ပေါ်မှာ ဗုံတီးနေတယ်လို့ ပြောတယ်။ သူတို့က နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုနေကြတာလေ…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"နင့်ရဲ့သခင်လေးက စာတော်တော်ဖတ်တာပဲ…"
မိန်းမပျိုက သက်ပြင်းချပြီး ပြောလိုက်၏။
"ငါ့သခင်လေးက အရာအားလုံးကောင်းပါတယ်။ ဒါပေမဲ့ သူက နည်းနည်းအပျင်းထူပြီး နတ်ဘုရားတွေကို ကျိန်ဆဲတတ်တယ်။ အဲဒါက ကောင်းတယ်လို့တော့ မထင်ဘူး…"
ချန်းပင်အန်းက တခြားသူများ၏နောက်ကွယ်တွင် အတင်းပြောသည့် ဝါသနာမရှိချေ။ ထို့ကြောင့် သူကတော့ ထိုအရာကို တစ်ခွန်းမျှပြန်မပြောခဲ့ပေ။ တစ်ဖက်ခြံတွင် ရှိနေသော စုန့်ကျိရှင်းက အလွန်ထူးဆန်းသော စိတ်နေစိတ်ထား ရှိသည်။ သူကလည်း အဘွားမာကဲ့သို့ နတ်ဘုရားများကို အပြစ်တင်တတ်၏။
သူက မျက်လုံးဖွင့်မကြည့်သည့်အတွက် နတ်ဘုရားများကို အပြစ်တင်ခြင်းမျိုး ဖြစ်သည်။ သို့သော် စာသင်သားများတွင် သူတို့၏ ကိုယ်ပိုင်အကျင့်စရိုက်များ ရှိကြ၏။ နှင်းကျနေသော ညအချိန်၊ မိုးကြိုးမုန်တိုင်း တိုက်ခတ်နေသည့်အချိန်နှင့် ကောင်းကင်ပေါ်၌ အနီရောင်တိမ်တိုက်များ ပြည့်နှက်နေသည့် အချိန်တွင်တော့ စုန့်ကျိရှင်းက အပြစ်တင်ခဲ့ခြင်း မရှိချေ။
သူကတော့ နတ်ဘုရားများ ငိုက်မြည်းနေသည့် အချိန်မျိုးတွင်သာ အပြစ်တင်ရန် ကြိုးစားတတ်သည်။ အကယ်၍ နတ်ဘုရားများသာ သူ့စကားကို မကြားလျှင် ဒေါသထွက်မည် မဟုတ်ဘဲ သူ၏ဒေါသများကိုလည်း လမ်းလွှဲပေးနိုင်ပါလိမ့်မည်။ ထိုအရာက ကျောက်တုံးတစ်ခုတည်းနှင့် ငှက်နှစ်ကောင်ကို သတ်လိုက်ခြင်းဖြစ်၏။
ချန်းပင်အန်းက ပြန်မဖြေကြောင်း မြင်သည့်အခါ ကျစ်ကွေးက ပြောလိုက်သည်။
"နင်မနေ့ညတုန်းက အိမ်ပြန်မလာဘူး မဟုတ်လား။ နင်က လျှိုရှန်းယန်ရဲ့အိမ်ကို သွားနေခဲ့တာလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အိမ်မှာ ဧည့်သည်ရှိတယ်လေ။ ဒီတော့ မသင့်တော်ဘူး…"
သူမက ရုတ်တရက် မေးလိုက်၏။
"ဒါနဲ့စကားမစပ် ဆရာချီနဲ့ တွေ့ခဲ့သေးလား။ သူ နင့်ကို ဘာတွေပြောခဲ့သေးလဲ…"
ချန်းပင်အန်းက မေးလိုက်သည်။
"နင်က ဘာလုပ်မလို့ မေးရတာလဲ…"
သူမက အပြစ်ကင်းစင်စွာပြုံး၍ ပြောလိုက်လေသည်။
"ဒီတိုင်းပဲ မေးလိုက်တာပါ။ ငါ ဒီနေ့ ရေခပ်ဖို့ ထွက်လာတဲ့အချိန် ဆရာချီနဲ့တွေ့ခဲ့တယ်။ သူက မနက်စောစော လမ်းလျှောက်နေတယ်လို့ ပြောတာပဲ။ ပြီးတော့ နင်အိမ်မှာရှိ၊မရှိမေးလို့ ငါက အမှန်အတိုင်း ပြန်ဖြေလိုက်တယ်…"
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
"ငါက ဆရာချီနဲ့ မတော်တဆ တွေ့ခဲ့ဖူးတယ်။ သူက ငါ့ကို စကားနည်းနည်းတော့ ပြောဖူးပါတယ်။ အဓိက အချက်တွေကတော့ ငါက လျှိုရှန်းယန်နဲ့အတူ ကျောင်းကို လာသင့်တယ်လို့ ပြောခဲ့တာ။ ငါ့မိသားစုက အရမ်းဆင်းရဲတော့ ငါ့ဆီမှာရွေးချယ်ခွင့် မရှိခဲ့ဘူးလေ။ မဟုတ်ရင် ငါလည်း စာပေသင်ကြားရမှာပေါ့…"
ကျစ်ကွေးက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။
"အဲဒါပဲလား…"
ချန်းပင်အန်းက သူမကို ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့်မေးလိုက်သည်။
"နင်က ဘာတွေ တွေးနေလို့လဲ…"
သူမက တိုးတိုးလေး ရယ်လိုက်မိ၏။
သူတို့နှစ်ယောက်က လမ်းထောင့်တွင် လူချင်းခွဲလိုက်ကြသည်။ ကျစ်ကွေးက ရေပုံးကို သယ်လိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်လာခဲ့၏။
ချန်းပင်အန်းကတော့ လျှိုရှန်းယန်၏အိမ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် သူက မြို့အရှေ့တံခါးသို့သွားပြီး စာပို့ရန် သွားရဦးမည်ဖြစ်သည်။ စာတစ်စောင်ကို ကြေးပြားတစ်ပြား တန်ကြေးရှိ၏။ အကယ်၍ သူ့ဆီတွင် ထိုအလုပ်သာ ရှိခဲ့မည်ဆိုလျှင် ချန်းပင်အန်းက မိုင်(၁၀၀)အတွင်း ရှိနေသော တောင်တန်းများပေါ်သို့ သွားပြီး မိန်းမယူရန် ငွေကြေးများစုဆောင်းနိုင်ပါလိမ့်မည်။
ရွှံ့ပုလင်းလမ်းကြား၏ ဝင်ပေါက်တွင် ကျစ်ကွေးက မတ်တပ်ရပ်ပြီး သမ်းဝေနေသော သူမ၏သခင်လေးကို တွေ့လိုက်ရသည်။ သူမက လျင်မြန်စွာ လျှောက်သွားပြီး စိတ်ဝင်တစား မေးလိုက်၏။
"သခင်လေး ဘာလို့ ထွက်လာရတာလဲ…."
စုန့်ကျိရှင်းက အကြောဆန့်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
"ဒီမှာနေရတာ ပျင်းစရာကောင်းတယ်…"
သူမက တီးတိုးပြောလိုက်၏။
"သခင်လေး…
မြို့ထဲကို ကြီးကြပ်သူအသစ် ဘယ်အချိန်ရောက်လာမှာလဲ။ အဲဒါပြီးမှပဲ ကျွန်မတို့က မြို့တော်ကို သွားရမှာလား…"
စုန့်ကျိရှင်းက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"(၁၀)ရက်အတွင်း ရောက်လာမယ်ထင်တာပဲ…"
ကျစ်ကွေးက တွေဝေနေပြီး သူမ၏လက်ထဲတွင် ကိုင်ထားသော ရေပုံးငယ်လေးက လှုပ်ရှားသွားသည်။
စုန့်ကျိရှင်းက အပြုံးနှင့်ပြောလိုက်၏။
"ဘာလဲ။ ခေါင်းထဲမှာ တစ်ခုခုတွေးနေတာလား…."
သူမက စိုးရိမ်စွာ ပြောလိုက်သည်။
"သခင်လေး …
ကျွန်မကို ရာစုနှစ်မှတ်တမ်းစာအုပ် ငှားပေးလို့ရမလား တစ်ညလောက်ပါပဲ။ ကျွန်မက ဘယ်လိုစာဖတ်ရမလဲဆိုတာ သင်ချင်တယ်။ မဟုတ်ရင် မြို့တော်ကို ရောက်တာနဲ့ လူတွေက ကျွန်မကို အထင်သေးပြီး စနောက်ကြလိမ့်မယ်…"
စုန့်ကျိရှင်းက မနေနိုင်ဘဲ ရယ်မိလိုက်သည်။ ခဏကြာစဉ်းစားပြီးနောက် သူက ပြောလိုက်၏။
"ဘာများရှက်စရာရှိလို့လဲ။ ဒါပေမဲ့ စာအုပ်ကို မဖွင့်ခင် လက်ကို သေချာဆေးရမယ်။ စာရွက်တွေပေါ်မှာ မညစ်ပတ်စေနဲ့။ ပြီးတော့ စာရွက်ပေါ်ကို ဖယောင်းစက်တွေ မကျစေနဲ့။ အဲဒါက လွဲရင် တခြားဘာမှအလေးထားဖို့မလိုပါဘူး။ ဒါကပျက်စီးနေတဲ့ စာအုပ်တစ်အုပ်ပါပဲ…"
ကျစ်ကွေးက အပြုံးနှင့် ပြောလိုက်၏။
"ဒါဆိုရင်တော့ သခင်လေးကို ကျေးဇူးတင်ပါတယ်…"
စုန့်ကျိရှင်းက ကျေနပ်စွာ ရယ်လိုက်သည်။
"လာ.. လာ.. လာ .. သခင်လေးက ရေပုံးသယ်ပေးမယ်…"
ကျစ်ကွေးက ရှောင်လိုက်ပြီး အလေးအနက် ပြောလိုက်၏။
"သခင်လေး …
ယောကျ်ားကောင်းတစ်ယောက်က မီးဖိုချောင်နဲ့ ဝေးဝေးနေရမယ်လို့ ကျွန်မတို့က သဘောတူထားတာ မဟုတ်လား။ သခင်လေးက ဝေယျာဝစ္စတွေ မလုပ်သင့်ဘူးး။ တကယ်လို့ ဒီသတင်းပြန့်သွားမယ်ဆိုရင် အိမ်နီးချင်းတွေက ဝိုင်းပြီး အပြစ်တင်ကြလိမ့်မယ်…"
စုန့်ကျိရှင်းက ဒေါသတကြီး ရယ်လိုက်ပြီး ပြောလိုက်သည်။
"စည်းမျဉ်းတွေ၊ စည်းကမ်းတွေ၊ လောကကျင့်ဝတ်တွေ … အဲဒီအရာတွေက တခြားသူတွေကို အရူးလုပ်ပြီး ခြောက်လှန့်နိုင်ပေမဲ့ ငါကတော့…"
ထိုအချိန်တွင် လမ်းကြားငယ်လေး၌ ကြီးပြင်းလာသော စာသင်သားက ရပ်လိုက်သည်။
သူမက စိတ်ဝင်တစား မေးလိုက်၏။
"သခင်လေး တစ်ယောက်ဆိုတာဘာလဲ…"
စုန့်ကျိရှင်းက သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါက လယ်သမားတစ်ယောက်ပဲလေ။ ငါက လယ်ယာမြေတွေကို ပိုင်ထားတယ်။ ပြီးတော့ အလုပ်သမားတွေကို ခိုင်းပြီး မျိုးစေ့တွေကျဲခိုင်း၊ ရေပေးခိုင်းတယ်။ ငါကတော့ ရိတ်သိမ်းမဲ့အချိန်ထိ စောင့်နေရုံပဲ။ တစ်နှစ်ပြီး တစ်နှစ် အဲဒါပဲလေ.."
ကျစ်ကွေးကတော့ မှင်တက်သွားခဲ့၏။
စုန့်ကျိရှင်းက ရယ်လိုက်သည်။ သူက ရုတ်တရက် လေးလေးနက်နက်ပြောလိုက်၏။
"ကျစ်ကွေး …
ချန်းမျိုးရိုးက နင့်ကို တစ်လမ်းလုံး ရေပုံးသယ်ဖို့ ကူညီပေးခဲ့တာလား…"
အစေခံမလေးက အပြစ်ကင်းစင်သည့် အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။
လူငယ်က လေးလေးနက်နက် ပြောလိုက်၏။
"သူတော်စင်တစ်ပါးက ပြောခဲ့ဖူးတယ်။ လူစိမ်းတွေကို ကူညီပေးတာက မှားတယ်။ ဒါပေမဲ့ ရင်းနှီးနေတဲ့သူတွေကို ကူညီပေးတာကျတော့ သူတို့က မမြင်ချင်ယောင်ဆောင်ထားကြတယ်တဲ့…"
အစေခံမလေးက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။ လူငယ်က မေးစေ့ကိုပွတ်ပြီး တစ်ယောက်တည်း ပြောလိုက်သည်။
"သူက ငါ့စကားရဲ့အဓိပ္ပာယ်ကို နားမလည်ဘူး။ ငါက ဘယ်လိုပြောပြရမလဲ။ ငါ မြို့တော်ကို ရောက်တဲ့အချိန်ကျရင် ပိုပြီးဉာဏ်ကောင်းတဲ့ အစေခံတစ်ယောက် ရှာရမလား…"
အစေခံမလေးက တိုးတိုးလေးရယ်လိုက်သည်။ သူမကတော့ သခင်လေး၏ ခြိမ်းခြောက်မှုကို ရင်ထဲထည့်မထားဘဲ အမှန်အတိုင်း ပြောလိုက်၏။
"သခင်လေး …
ဘယ်စာသင်သားကမှန်လဲဆိုတာကို မေးချင်နေတာ မဟုတ်လား။ အဲဒါက သခင်လေးဆိုတာကို ကျွန်မသိပါတယ်…"
စုန့်ကျိရှင်းက ကျေနပ်သွားကာ ရယ်လိုက်သည်။
"ငါ့အကြောင်းကိုသိတာ ကျစ်ကွေး တစ်ယောက်တည်းရှိတယ်…"
…………
ကျောင်း၏ စာသင်ခန်းထဲတွင် သတ်လတ်ပိုင်းအရွယ် စာသင်သားက မတ်မတ်ထိုင်နေခဲ့၏။ သူ့ရှေ့တွင် ရှိနေသော ကျားကွက်ခုံပေါ်ရှိ အဖြူ၊အနက် ကျားစေ့လေးများက မိုးခြိမ်းသံကြောင့် အမှုန့်ဖြစ်သွားခဲ့သည်။
……………….
မြို့ငယ်လေးထဲတွင် ရှိနေသော ကလေးငယ်များက စမ်းချောင်းထဲတွင် ကျောက်ငါးများ ဖမ်းနေကြ၏။ စမ်းချောင်းထဲတွင် ရှိနေသော ကျောက်တုံးကို တူနှင့်ထု၍ ငါးဖမ်းသော နည်းလမ်းတစ်ခု ရှိသည်။ ကျောက်တုံး၏အောက်ခြေတွင် ပုန်းနေသော ငါးများက တူရိုက်သံကြောင့် မေ့မျောသွားကြပြီး ရေပေါ်သို့ ပေါ်လာကြသည်။ ထိုအရာက တောထဲမှ ကျား ထွက်လာရန် တောကို ခြောက်လိုက်ခြင်းဟူသော စာအုပ်ထဲရှိ အခြေအနေကဲ့သို့ ဖြစ်သည်။
အကယ်၍ သူတော်စင်တစ်ယောက်က ကောင်းကင်ဘုံနှင့် တာအိုကို မဆန့်ကျင်သင့်ကြောင်း သတိပေးချင်သည်ဆိုလျှင် သူ၏အဆင့်အတန်းနှင့် ကိုက်ညီသည့် တစ်ခုတည်းသော အရာက ကောင်းကင်မိုးကြိုးများသာ ဖြစ်နိုင်သည်။