အခန်း (၃၂)
Vol. 3 Ch. 32
ချန်းပင်အန်းက ရေပုံးကို လျှိုရှန်းယန်၏ ခြံဝန်းထဲသို့ ပြန်သယ်လာပြီး မီးဖိုချောင်ထဲတွင်ရှိနေသော ရေအိုးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သူက တံခါးပေါက်သို့ပြေးသွားပြီး အော်ပြောလိုက်၏။
"လျှိုရှန်းယန် …
ငါ မိန်းကလေးနင် အားရှိသွားအောင် ငါးစွပ်ပြုတ် လုပ်ပေးချင်လို့။ မင်းရဲ့ထင်း၊ ဆီနဲ့ဆားတွေ သုံးချင်တယ်။ အဆင်ပြေရဲ့လား…"
ဟောက်သံထွက်၍ အိပ်ပျော်နေသော လျှိုရှန်းယန်က နိုးလာပြီး ပြောလိုက်သည်။
"ချန်းမျိုးရိုး …
မင်းက တော်တော်စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ ကျစ်ကွေးက ငါ့ကိုပြုံးပြနေတယ်လို့ အိပ်မက်နေတာ။ မင်း ငါ့ကို ကျစ်ကွေးနဲ့ လျော်ကြေးပေးစမ်း…"
ချန်းပင်အန်းက ခေါင်းခါပြီး တစုံတစ်ခုကို အမှတ်ရသွားခဲ့၏။ သူက တောင်းပန်လိုက်သည်။
"ငါက အခုလေးပဲ သံကြိုးရေတွင်းမှာ ကျစ်ကွေးနဲ့ တွေ့ခဲ့တယ်။ ဒါပေမဲ့ အဘွားမာက နှောင့်ယှက်နေတော့ မင်း ကိုယ်စား စကားပြောပေးဖို့ မေ့သွားတယ်။ ငါက မိန်းကလေးနင်ကို ငါးစွပ်ပြုတ်သွားပို့တဲ့ အချိန်ကျရင် မင်းကို ကူညီပေးဖို့ ကတိပေးတယ်…"
လျှိုရှန်းယန်က ငါးတစ်ကောင်ကဲ့သို့ ခုန်ထလိုက်ပြီး အင်္ကျီအဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်လိုက်သည်။ သူက ခန်းမအပြင်ဘက်တွင် ရှိနေသော တံခါးဆီသို့ ပြေးသွားပြီး ထိုင်ချလိုက်၏။
သူက မီးဖိုချောင်ထဲတွင် အလုပ်များနေသော ပိန်ပိန်ပါးပါး လူငယ်လေးကိုကြည့်ပြီး တိုးတိုးလေး ရယ်လိုက်မိသည်။
"ဒါဆိုရင် ငါလည်း မင်းနဲ့အတူ ငါးစွပ်ပြုတ်ပို့ဖို့ လိုက်ခဲ့မယ်။ ဪ ဒါနဲ့ .. ကျစ်ကွေးက ဒီနေ့ အနီရောင်ဝတ်စုံလေး ဝတ်လာတာလား။ ဒါမှမဟုတ် အစိမ်းဖျော့ရောင်လား။ ငါက နောက်ပိုင်း ကြေးပြား(၂၀၀)လောက် စုပြီးသွားရင် သူ့အတွက် နဂါးချေမျက်နှာလိမ်းဆေး ဝယ်ပေးရမယ်။ သူက အဲဒါကို မျက်စိကျနေလို့ ဝယ်ဖို့ စဉ်းစားနေတာ ငါ သိတယ်။ ဒါတွေအားလုံးက စုန့်ကျိရှင်းရဲ့အမှားပဲ။ သူက တော်တော်ကပ်စေးနည်းတာ။ သူ ဝတ်တဲ့ပုံစံကလည်း ဖုလုလမ်းကြားထဲမှာရှိတဲ့ ခွေးတွေ၊ကြောင်တွေလိုပဲ။ သနားကောင်းတဲ့ ကျစ်ကွေးလေးကတော့ တစ်နှစ်လုံး အင်္ကျီအသစ်တောင် များများရှိပုံမရဘူး။ တကယ်လို့ ငါသာ သူ့သခင်လေးဆိုရင် သူကြိုက်တာ ဝယ်ခိုင်းမှာပဲ။ သူ့ကို ဖုလုလမ်းကြားထဲမှာရှိတဲ့ သခင်မလေးတွေ ထက်တောင် ပိုပြီးတော့ ချမ်းသာအောင်ထားဦးမှာ။ သူက ချမ်းသာတဲ့ သခင်မလေး တစ်ယောက်ဖြစ်လာလိမ့်မယ်…"
ချန်းပင်အန်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသော လျှိုရှန်းယန်ကို လျစ်လျူရှုထားခဲ့သည်။ လျှိုရှန်းယန်က ဘာကြောင့် ကျစ်ကွေးကိုသဘောကျကြောင်း သူလည်း နားမလည်ခဲ့ပေ။
ထိုအရာကလည်း သူမက စုန့်ကျိရှင်း၏ အစေခံဖြစ်သည့်အတွက် အထင်သေးနေခြင်း မဟုတ်သလို ကျစ်ကွေးက ကြည့်မကောင်းခြင်းကြောင့်ဟု တွေးနေခြင်းကြောင့်လည်း မဟုတ်ချေ။ သူမနှင့် လျှိုရှန်းယန်တို့က လက်ထပ်ရန်ရေစက်မရှိဟု ခံစားမိနေကြောင့်သာ ဖြစ်သည်။
ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်၏။
"မင်းက ဘာလို့ဝမ်ကျူးလို့ခေါ်မဲ့အစား ကျစ်ကွေးလို့ပဲ ခေါ်နေရတာလဲ…"
လျှိုရှန်းယန်က အပြုံးနှင့်ပြောလိုက်၏။
"မင်းက ကျစ်ကွေးဆိုတဲ့စကားလုံးကိုတောင် ဘယ်လိုရေးရမလဲဆိုတာ မသိမှတော့ ဂရုစိုက်မနေပါနဲ့.."
ချန်းပင်အန်းက မသက်မသာ ပြောလိုက်၏။
"မင်းက ဘာလို့ ငါနဲ့လာပြီး ယှဉ်နေတာလဲ။ မင်းက စုန့်ကျိရှင်းနဲ့ ယှဉ်ရမှာလေ။ ကျစ်ကွေးက ငါ့ရဲ့အစေခံမှ မဟုတ်တာ.."
လျှိုရှန်းယန်က အပြုံးနှင့် ပြောလိုက်သည်။
"အဲကောင်က နေရာတိုင်းမှာ မင်းထက် ဘာမှပိုသာနေတာ မရှိဘူးလေ။ ဥပမာအနေနဲ့ ပြောရရင် သူ့ဘဝတလျှောက်လုံး အဖေ အမေခေါ်စရာရှိခဲ့လို့လား။ ငါတော့ မထင်ပါဘူး။ ဒါကြောင့် သူက ချန်းပင်အန်းဆိုတဲ့မင်းထက် ဘာများ ပိုသာနေလို့လဲ။ ဒါကြောင့်လည်း ကုစန့်ရဲ့အမေနဲ့ အဘွားမာက ဆဲဆိုကြိမ်းမောင်းနေကြတာ..”
“အဲဒီစုန့်ကျိရှင်းကလည်း အပြစ်ကင်းတဲ့ကောင်မှ မဟုတ်တာ။ မဟုတ်ရင် သူက ရုံးတော်ထဲမှာ ဘာလို့သွားမနေရတာလဲ။ သူက ရွှံ့ပုလင်းလမ်းကြားထဲမှာ ခက်ခက်ခဲခဲ နေစရာလိုလို့လား။ သူက တခြားသူတွေကိုတောင် အထင်သေးရဲသေးတယ်။ ဒါကြောင့်လည်း သူက တခြားသူတွေ အထင်သေးတာကို ခံရသင့်တယ်.."
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်တံခါးဆီသို့ လျှောက်သွားခဲ့သည်။
"လျှိုရှန်းယန် …
စုန့်ကျိရှင်းနဲ့ငါက မိတ်ဆွေတွေ မဟုတ်ကြပေမဲ့ မင်းက သူ့အကြောင်း အဲဒီလို ပြောနေမယ်ဆိုရင်တော့...”
လျှိုရှန်းယန်က လက်နှစ်ဖက်ကိုမြှောက်ပြီး ချန်းပင်အန်းကို ဆက်ပြောခွင့်မပေခဲ့ပေ။ သူက ကောက်ကျစ်စွာ ပြောလိုက်၏။
"ငါထပ်ပြီး မပြောတော့ဘူး အဆင်ပြေလား။ ချန်းပင်အန်း…မင်းရဲ့သဘောထားက ဘယ်သူ့ဆီကနေများ ယူထားတာလဲ။ မင်းရဲ့မိဘတွေက စကားပြောတာ အရမ်းသိမ်မွေ့တယ်လို့ ငါ့အဘိုးက ပြောခဲ့ဖူးတယ်။ အထူးသဖြင့် မင်းရဲ့အမေပဲ။ သူက စကားကို တိုးတိုးပဲပြောပြီး အမြဲတမ်း ရယ်နေတတ်တယ်တဲ့။ သူ့ရဲ့အကျင့်စရိုက်ကလည်း အရမ်းကောင်းတယ်။ အစောပိုင်းနှစ်တွေမှာ အဘွားမာက လမ်းကြားထဲမှာရှိတဲ့ လူတိုင်းကို ပြစ်တင်ကြိမ်းမောင်းတတ်တယ်။ ဒါပေမဲ့ သူက မင်းအမေနဲ့တွေ့တဲ့အချိန်တိုင်း သူ့ကို ဆဲဆိုကြိမ်းမောင်းတာမျိုးမရှိတဲ့အပြင် ပြုံးတောင်ပြုံးပြသေးတယ်လို့ ပြောတယ်…"
ချန်းပင်အန်းက ပြုံးလိုက်မိ၏။
လျှိုရှန်းယန်က သူ့ကို လက်ဝှေ့ယမ်းပြီး မောင်းထုတ်လိုက်သည်။
“မင်းရဲ့ဇနီးလေးအတွက် မြန်မြန် စွပ်ပြုတ်လုပ်ပေးလိုက်…”
ချန်းပင်အန်းက မျက်ခုံးပင့်၍ ကြည့်လိုက်သည်။
“မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် မိန်းကလေးနင်ရဲ့ ရှေ့မှာပြောပါလား..”
လျှိုရှန်းယန်က ရယ်လိုက်၏။
“မင်းသာ ရူးတာ။ ငါ မရူးဘူးလေ..”
သိပ်မကြာခင် ချန်းပင်အန်းက မြေအိုးလေးတစ်လုံးနှင့်အတူ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်က တံခါးကို သော့ပိတ်ပြီး ရွှံ့ပုလင်းလမ်းကြားထဲသို့ အတူတူ လျှောက်လာခဲ့ကြ၏။ သူတို့က ချန်းပင်အန်း၏ ခြံဝန်းတံခါးသို့ ရောက်လာသည့်အချိန်တွင် ချန်းပင်အန်းက တံခါးကို ခေါက်နေကြောင်း လျှိုရှန်းယန်က တွေ့လိုက်ရသည်။
ထိုအချိန်ကျမှသာ ထိုကောင်လေးက အိမ်သော့များအားလုံးကို အနက်ဝတ်မိန်းကလေးဆီသို့ ပေးခဲ့ကြောင်း လျှိုရှန်းယန်လည်း သိသွားခဲ့၏။ ထိုလူငယ်က အမှန်တကယ်ကို မျှော်လင့်ချက်မရှိတော့ကြောင်း လျှိုရှန်းယန်က ခံစားမိခဲ့သည်။
အနက်ဝတ်မိန်းမပျိုက အိမ်၌ ရှိနေသည့်အချိန်တွင် မျက်နှာကာဦးထုပ်ကို ဆောင်းထားခဲ့ခြင်း မရှိချေ။ သူမက တံခါးဖွင့်လိုက်သည့်အချိန်တွင် ကြည်လင်နေသော မျက်နှာလေး ပေါ်လာခဲ့၏။
လျှိုရှန်းယန်က အပြုံးမရှိသော ထိုမိန်းမပျိုကို အနည်းငယ် ကြောက်လန့်နေသည်။ အကြောင်းပြချက်ကိုတော့ သူလည်း သေချာမသိခဲ့ပေ။ အေးစက်သော သူမ၏စိတ်နေစိတ်ထားနှင့် ပတ်သက်လာသည့်အချိန်တွင် တစ်ဖက်ခြံမှကျစ်ကွေးကပင် ပို၍ဆိုးရွားနေသေး၏။ လျှိုရှန်းယန်ကတော့ အရှက်မရှိဟု ပြော၍ရသည်။
အကယ်၍ ထိုအရာက အနက်ဝတ်မိန်းမပျို၏ ဓားကြောင့်ဟု ပြောလျှင်လည်း မှားပါလိမ့်မည်။ လျှိုရှန်းယန်က ဖုလုလမ်းကြားထဲတွင် ရှိနေသော လူချမ်းသာများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အကြိမ်ပေါင်းများစွာ ထွက်ပြေးခဲ့ဖူးသည်။ ထိုလူငယ်၏ ရင်ထဲတွင်တော့ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် အကြောက်တရား လုံးဝမရှိခဲ့ချေ။
သို့သော် မြို့ငယ်လေးမှ မဟုတ်သော ထိုမိန်းမပျိုကိုတော့ သူလည်း အနည်းငယ် ကြောက်နေခဲ့သည်။ အနက်ဝတ်မိန်းမပျိုက စားပွဲတွင် ထိုင်လိုက်ပြီး အိုးကို ဖွင့်လိုက်သည်။ ရနံ့ခံကြည့်လိုက်ပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်…"
ချန်းပင်အန်း၏အမြင်အာရုံက အသေးစိတ်ကျလွန်းလှသည်။ ထိုစကားလုံးများအရ ထိုမိန်းကလေး၏ ခံစားချက်များ ကောင်းနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပထမဆုံး ချန်းပင်အန်းက သူမအတွက် စွပ်ပြတ်တစ်အိုး ချက်ပေးလိုက်ခြင်းဖြစ်သည့်အတွက် အပူချိန်ကို ဂရုစိုက်ရန် သူမကို ပြောခဲ့သည်။
ထို့နောက် သူက လျှိုရှန်းယန်ကို ပြောလိုက်၏။
“မင်းက ကျစ်ကွေး ထွက်လာတဲ့အချိန်ကို စောင့်နေတာလား။ ငါ သူ့ကို စာသွားပေးလိုက်ရမလား…”
လျှိုရှန်းယန်ကတော့ အပေါက်ဝတွင် ထိုင်နေပြီး တစ်ဖက်ခြံမှ လျုပ်ရှားမှုများကို နားထောင်နေခဲ့သည်။ သူက အင်မော်တယ် တိုက်ခိုက်သည့်အသံများ ကြားရမှာကို ကြောက်လန့်နေခဲ့၏။
စိတ်အခြေအနေ မကောင်းသော အရပ်ရှည်ရှည် လူငယ်လေးက စိတ်မရှည်နိုင်စွာ ပြောလိုက်သည်။
“မင်းလုပ်စရာ ရှိတာကိုသာ သွားလုပ်စမ်းပါ…”
ချန်းပင်အန်းက ခြံဝန်းထဲမှ ထွက်သွားခဲ့သည်။ သူက ရွှံ့ပုလင်းလမ်းကြား၏ ဝင်ပေါက်ဆီကို ပြေးသွားခဲ့သည့်အချိန်တွင် ရှေ့ဘက်ခြမ်းက မှောင်နေကြောင်း တွေ့လိုက်ရသည်။
သူက မော့ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်ကတော့ ခါးတွင် ပတ်ထားသော အဖြူရောင် ကျောက်စိမ်းခါးပတ်ကို ကိုင်ထားခဲ့သည်။ သူက အဝေးကို ဝေးကြည့်နေခဲ့၏။ သူက လမ်းကြမ်းလေးကို ပိတ်ထားမိကြောင်း နာလည်သွားသည့်အတွက် ချန်းပင်အန်းကို အပြုံးနှင့် လမ်းဖယ်ပေးလိုက်သည်။
ချန်းပင်အန်းက ဇဝေဇဝါဖြစ်သွားခဲ့၏။ သို့သော် သူက ရွှံ့ပုလင်းလမ်းကြားထဲမှနေ၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူ နောက်ကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုလူကတော့ ရွှံ့ပုလင်းလမ်းကြားထဲသို့ ဖြည်းညင်းစွာ လျှောက်သွားနေပြီဖြစ်သည်။
အစောပိုင်းတွင် ခဏလေးသာ မြင်လိုက်သော်လည်း အဖြူရောင်ဝတ်စုံပေါ်တွင် အစက်အပြောက်တစ်စက်ပင် မရှိကြောင်း ချန်းပင်အန်းက သတိထားလိုက်မိသည်။ သူ၏ရင်ဘတ်နှင့် နောက်ကျောပေါ်တွင် ရွှေချည်မျှင်များ ထိုးထားခဲ့၏။ သူတို့က ပုံစံနှစ်ခု ပေါ်နေခဲ့သည်။ ထိုအရာကတော့ တောင်တန်းမြူခိုးများနှင့် တိမ်ပင်လယ်ကြီးထဲတွင် လှုပ်ရှားနေသော သက်ရှိသတ္တဝါများကဲ့သို့ ထင်ရသည်။ ထိုအရာက အလွန်အံ့ဩစရာကောင်း၏။
ချန်းပင်အန်းကတော့ ထိုအကြောင်းကို စဉ်းစားမနေတော့ပေ။ ထိုလူက ဖူနန်းဟွာတို့ကဲ့သို့ ရွှံ့ပုလင်းလမ်းကြားကိုလာပြီး အခွင့်အရေးရှာနေသူ လူစိမ်းတစ်ယောက်ဟုသာ တွေးလိုက်မိသည်။
အရင်ရက်တွင် ဆရာချီနှင့်အတူ ရှေးဟောင်းသစ်ခါးပင်ကြီးအောက်သို့ ရောက်ခဲ့ပြီးနောက် မြက်ဖိနပ်နှင့် လူငယ်လေးက အလွန်အမင်း စိုးရိမ်နေခြင်း မရှိတော့ချေ။ ဆရာချီသာ မြို့ထဲတွင် ရှိနေသေးသ၍ တစ်စုံတစ်ခု ဖြစ်လာလျှင်လည်း အနည်းဆုံးတော့ တရားမျှတမှုကို တောင်းဆို၍ရနိုင်သည်ဟု ခံစားမိနေခဲ့သည်။
ချန်းပင်အန်းက တရုတ်ဇီးသီးပွင့်လမ်းကြားကို ဖြတ်ကျော်လာသည့်အချိန်တွင် မနေ့ညက တွေ့ခဲ့သော အစိမ်းဝတ်မိန်းမပျိုကို မြင်လိုက်ရသည်။ သူမက စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေခဲ့သည်။ သူမ၏ လက်တဖက်ဆီတွင်တော့ အကင်တုတ်တစ်ချောင်းဆီရှိနေပြီး သူမက စားပွဲတွင် မတ်တပ်ရပ်နေခဲ့သည်။
ကလေးဆန်သော သူမ၏မျက်နှာလေးက တက်ကြွမှုများ ပြည့်နှက်နေခဲ့၏။ သူမ၏ မျက်လုံးထဲတွင်တော့ အိုးထဲတွင် ရှိနေသော အကင်များသာ ပြည့်နှက်နေပြီး ခြေ(၅)လှမ်း၊ (၆)လှမ်းခန့် အကွာတွင် ရှိနေသော ချန်းပင်အန်းကိုပင် သတိမထားမိခဲ့ပေ။
အစိမ်းဝတ်မိန်းမပျိုအတွက်တော့ သူမ၏ရှေ့၌ အရသာရှိသော စားစရာများသာ ရှိနေလျှင် ကောင်းကင်ကြီး ပြိုကျလာလျှင်လည်း ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက ထူးဆန်းသော မိန်းမပျိုကို အတော်လေးစားသွားခဲ့သည်။ သူက သူမကို နှောင့်ယှက်နေခြင်း မရှိတော့ဘဲ မြို့အရှေ့ဘက်ကို အပြုံးနှင့် ပြေးသွားခဲ့၏။ တချို့လူများနှင့် တချို့အရာများအတွက်တော့ လမ်းဘေးမြင်ကွင်းများကပင် အလွန်လှပနေတတ်သည်။
ချန်းပင်အန်းက အရှေ့တံခါးသို့ ရောက်လာသည့်အချိန်တွင် တံခါးစောင့်လူကြီးက သစ်ငုတ်တိုပေါ်တွင် ထိုင်နေခဲ့သည်။ သူက ထိုနေရာတွင် ခြေဖျားထောက်၍ အရှေ့ဘက်ကို မျှော်ကြည့်နေပြီး အရေးပါသည့် လူတစ်ယောက်ကို စောင့်နေသလို ထင်ရသည်။
အစောပိုင်းတွင်လည်း ရှေးဟောင်းသစ်ခါးပင်ကြီးအောက်တွင် စကားပြောနေသော အဘိုးအိုများ ပြောနေသည့်အရာကို ချန်းပင်အန်း ကြားခဲ့ရသည်။ လက်ရှိကြီးကြပ်သူ မြို့ထဲသို့ ပထမဆုံး ရောက်လာသည့်အချိန်တွင် သူတို့က ရိုသေလေးစားမှုကို ပြသရမည်ဟု ပြောနေခဲ့ကြ၏။ မိသားစု(၄)ခုနှင့် ကလန်(၁၀)ခုမှ အကြီးအကဲများအားလုံးက သူ့ကိုကြိုဆိုရန် အရှေ့တံခါးဆီကို ထွက်လာခဲ့ကြသည်။
သို့သော် နေရောင်အောက်တွင် နာရီအနည်းငယ်ကြာ စောင့်နေပြီးနောက် ရုံးတော်မှ အစေခံတစ်ယောက်က အရှေ့တံခါးသို့ ပြေးလာပြီး ကြီးကြပ်ရေးမှူးရုံးတော်၏ အနောက်ဘက်ခြံဝန်းထဲတွင် နေ့လယ်ကတည်းက ရောက်နေကြောင်း ပြောခဲ့၏။ လူတိုင်းက သူနှင့်တွေ့ဆုံချင်လျှင် ရုံးတော်ကိုသာ တိုက်ရိုက်သွားသင့်ကြောင်း သူက ပြောလိုက်သည်။
ချမ်းသာသော အဘိုးကြီးများက အလွန်ဒေါသထွက်သွားသော်လည်း ရုံးတော်ထဲသို့ ရောက်လာပြီးနောက် မည်သူမျှအပြစ်မတင်ရဲကြပေ။ သူတို့က မိသားစုကြီးထဲတွင် အမိန့်နာခံတတ်သော ကလေးများကဲ့သို့ဖြစ်နေကြသည်။ ထိုအရာက အလွန်ထူးဆန်းသည်ဟု ချန်းပင်အန်းက ခံစားနေရခဲ့ရ၏။
အဘိုးအိုများက ကိုယ့်မျက်လုံးနှင့် မြင်နေရသည့်အလား အရာအားလုံးကို ပြောတတ်ကြသည်။ သူတို့က ဖုလုလမ်းကြားနှင့် ရွှံ့ပုလင်းလမ်းကြားထဲရှိ အတင်းအဖျင်းများ ပြောသည့်အချိန်တွင်လည်း အမှန်တရားထက် အတင်းများကိုသာ ပြောကြသည်။
ဥပမာအနေနှင့် ပြောရလျှင် သူတို့က လုမိသားစုမှ ဒုတိယသခင်မလေးနှင့် အစောင့်ခေါင်းဆောင်တို့ အကြောင်းကို ပြောသည့်အချိန်တွင် တံခါးပျက်စီးသွားသည့် အကြောင်းများပါ ပြောခဲ့ခြင်းမျိုး ဖြစ်သည်။
ဒုတိယသခင်မလေးက သူမ၏အဝတ်အစားများကို သိမ်းဆည်းပြီး စိုးရိမ်ထိတ်လန့်နေသည့် အမူအရာနှင့် သူမ၏ရင်နှစ်မွှာကို ဖုံးကွယ်ထားသည့် မြင်ကွင်းမျိုးကိုပင် အသေးစိတ်များကိုပင် တိတိကျကျ ပြောခဲ့သည်။ ထိုအကြောင်းကို ပြောပြနေသည့်သူကတော့ သူ ကိုယ်တိုင် အစောင့်ခေါင်းဆောင်နေရာကို ရောက်နေသကဲ့သို့ ထင်ရသည်။
လျှိုရှန်းယန်ကတော့ ထိုအကြောင်းကို ကြားသည့်အချိန်တိုင်း တံတွေးမျိုချတတ်၏။ စုန့်ကျိရှင်းကလည်း ရံဖန်ရံခါ သွားနားထောင်ခဲ့ပြီး ကျစ်ကွေးကိုတော့ ခေါ်မလာခဲ့ပေ။ သူ့အပြုံးက လျှိုရှန်းယန်ထက်ပို၍ ထိန်းထိန်းသိမ်းသိမ်းရှိသော်လည်း တခြားသူများနှင့်အတူ တိတ်တဆိတ် ကျေနပ်နေခဲ့သည်။ သူ့အသံက မနက်ခင်းနှင့် ညနေပိုင်းတွင် စာဖတ်သည့်အချိန်ကထက်ပင် ပို၍ကျယ်လောင်နေပေသေး၏။
ချန်းပင်အန်းက သစ်ငုတ်တိုပေါ်တွင် ထိုင်နေသော တံခါးစောင့်ဆီကို သွားလိုက်သည်။ ထိုလူက ကျိန်ဆဲပြီး သစ်ငုတ်တိုပေါ်မှ ခုန်ဆင်းလာခဲ့၏။ မြက်ဖိနပ်နှင့် လူငယ်လေးကို မြင်သည့်အချိန်တွင် သူက စကားတစ်လုံးမျှ မပြောခဲ့ပေ။ သူက အဝါရောင် ရွှံ့အိမ်လေးထဲသို့ ဝင်သွားခဲ့ပြီး စာအိတ်တစ်ထပ်ကို ယူလာခဲ့သည်။ ထိုအရာကတော့ စာ(၆)စောင်ရှိသော်လည်း သူကတော့ ကြေးပြား(၅)ပြားသာ ပေးခဲ့၏။
ချန်းပင်အန်းက ထိုစာပေါ်တွင် ရှိနေသော လိပ်စာများကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စာ(၂)စောင်ကတော့ ဖုလုလမ်းကြားထဲတွင် ရှိနေသော အိမ်နီးချင်းများ ဖြစ်ကြသည်။
ချန်းပင်အန်းက ထိုအရာကို အခွင့်ကောင်းမယူချင်ခဲ့ပေ။ အကယ်၍ ထိုလူက ပထမဆုံးအကြိမ် ကရုဏာရှိပြီး ကြေးပြား(၆)ပြားပေးလျှင်လည်း ချန်းပင်အန်းက သေချာပေါက် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက စာပို့မည့်အကြောင်း စဉ်းစားနေရင်း သူက ပြန်မေးလိုက်၏။
"ခင်ဗျားက လူစောင့်နေတာလား…"
ထိုလူက အရှေ့ဘက်တွင် ရှိနေသော လမ်းမကျယ်ကြီးကိုလှမ်းကြည့်ပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ငါ့ကိုယ်ငါ စောင့်နေတာဟေ့။ ဘာဖြစ်လို့တုန်း…"
ချန်းပင်အန်းကတော့ ဆက်နေလျှင် အထိုးခံရမှာဆိုးသည့်အတွက် လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
ထိုလူက ဒေါသတကြီး ရယ်လိုက်မိ၏။
"တော်သေးတာပေါ့ မင်းမှာ အသိစိတ်လေး နည်းနည်း ရှိနေသေးလို့…"
ထိုလူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။ မိုးခြိမ်းသံများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်၏။ တံစက်မြိတ်မှ ဖိနှိပ်ထားပုံရသော တိမ်တိုက်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုလူကတော့ သစ်ငုတ်တိုပေါ်တွင် ထိုင်နေပြီး တဖြည်းဖြည်း သက်ပြင်းချလိုက်၏။
"အင်မော်တယ်တွေ တိုက်ခိုက်တဲ့အချိန်မှာ လူသားတွေပဲ ထိခိုက်ခံစားခဲ့ကြရတယ်.."
…………..
စာ(၆)စောင်တွင် (၄)စောင်က ဖုလုလမ်းကြားထဲတွင် ရှိနေသော လု၊လီ၊ကျိုးနှင့် စုန့်မျိုးစုဆီမှ ဖြစ်ကြသည်။ (၂)စောင်ကတော့ မက်မွန်ပွင့်လမ်းကြားထဲမှ ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် စာတစ်စောင်က နှစ်လိုဖွယ်ရှိသော အဘိုးအိုဆီမှစာ ဖြစ်သည်။ ပို၍တိုက်ဆိုင်နေသည်မှာ တံခါးကိုဖွင့်၍ စာလက်ခံသည့်သူကလည်း အဘိုးအိုသာ ဖြစ်သည်။
ချန်းပင်အန်းဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ အဘိုးအိုက မြက်ဖိနပ်နှင့် လူငယ်လေးကို မှတ်မိသွားပြီး ပြောလိုက်သည်။
"ကလေး …
မင်းက အထဲကိုဝင်လာပြီး ရေနွေးမသောက်တော့ဘူးလား…"
ချန်းပင်အန်းက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
အဘိုးအိုက အံ့ဩနေခဲ့ခြင်း မရှိချေ။ သူက အင်္ကျီအိတ်ထဲမှ ကြေးပြားအနည်းငယ်ကို ထုတ်ယူပြီး ချန်းပင်အန်းကို ပေးလိုက်၏။ သူက အပြုံးနှင့် ရှင်းပြလိုက်သည်။
"ဒီနေ့ မိသားစုထဲမှာ ကံကောင်းခြင်းတွေ ရှိနေတယ်။ ဒါက ငွေလေးနည်းနည်းပါပဲ။ ကံကောင်းဖို့အတွက်ပေးတာ အများကြီးမဟုတ်ဘူး။ ဒီတော့ မင်းက စိတ်ချလက်ချယူလို့ရတယ်…"
ချန်းပင်အန်းကကြေးပြားများကို ယူပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုးဝေ့…"
အဘိုးအိုက ခေါင်းညိတ်ပြီး ရုတ်တရက် ပြောလိုက်၏။
"ကလေး …
သိပ်မကြာခင်အတောအတွင်း မင်းက ဘာမှလုပ်စရာမရှိတဲ့အချိန်တိုင်း ရှေးဟောင်းသစ်ခါးပင်ကြီးအောက်ကို မကြာမကြာ သွားထိုင်နေ။ အဲဒီမှာ သစ်ခါးပင်ရဲ့ သစ်ကိုင်းတွေ၊သစ်ရွက်တွေ မြေပေါ်ကျနေတာတွေ့ရင် အိမ်ယူသွားပြီး သိမ်းထားလိုက်။ အဲဒါက မင်းကို ပုရွက်ဆိတ်တွေ၊ ပိုးကောင်တွေနဲ့ ကင်းခြေများတွေ ရန်ကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။ အဲဒါက ကောင်းတယ်မို့လား။ မင်းက ငွေကြေးကုန်ကျစရာ မလိုတော့ဘူးလေ…"
ချန်းပင်အန်းက အဘိုးအိုကို ဦးညွတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
အဘိုးအိုက ပြုံးလိုက်၏။
"သွားတော့ သွားတော့ … တစ်နှစ်တာ အစီအစဉ်က နွေဦးရာသီမှာပဲရှိတာ။ လူငယ်လေး တစ်ယောက်က ကြွက်သားတွေ၊ အရိုးတွေကို လေ့ကျင့်ခန်းလုပ်တာ သေချာပေါက် ကောင်းတဲ့အရာပါပဲ…"
လူငယ်က အပြာရောင်ကျောက်တုံးလမ်းပေါ်တွင် လျှောက်ပြီး မက်မွန်ပွင့်လမ်းကြားမှ အဝေးကို ပြေးထွက်သွားခဲ့သည်။ အဘိုးအိုကတော့ တံခါးရှေ့တွင် အချိန်တော်တော်ကြာ ရပ်နေခဲ့၏။ သူက တံခါးရှေ့တွင် ရပ်နေပြီး ဘေးနှစ်ဖက်တွင်ရှိနေသော မက်မွန်ပင်ကြီးများကို ငေးကြည့်နေခိ့သည်။
ထိုအချိန်တွင် အလွန်လှပသော အစေခံမလေးတစ်ယောက်က အဘိုးအို၏ဘေးကို ရောက်လာပြီး တီးတိုးပြောလိုက်၏။
"အဘိုး ..
ဘာတွေကြည့်နေတာလဲ။ အပြင်ဘက်မှာ အေးနေပြီ။ အအေးပတ်နေဦးမယ်.."
အစေခံမလေးက အဘိုးအိုကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာခဲ့သည်။ အဘိုးအို၏နှလုံးသားထဲတွင် ကရုဏာတရားများရှိကြောင်း သူမက သိနေခဲ့၏။ ထိုမိန်းကလေးဆီတွင် အကြောက်တရားမရှိဘဲ အဘိုးအိုအပေါ် လေးစားနေခဲ့သည်။
သူမက အပြုံးနှင့် မေးလိုက်၏။
"အဘိုး …
အဘိုးငယ်ငယ်တုန်းက တွေ့ခဲ့တဲ့ မိန်းကလေးအကြောင်းကို စဉ်းစားနေတာလား။ အဲဒီအချိန်တုန်းက အဲဒီမိန်းကလေးက မက်မွန်ပင်ကြီးအောက်မှာ ရပ်နေတာလား…"
ဆံဖြူအဘိုးအိုက ပြုံးလိုက်သည်။
"ထောင်ယာ …
မင်းလည်း စာလာပို့တဲ့လူငယ်လေးနဲ့ အတူတူပဲ။ မင်းလည်း အကြံနဲ့ပဲ…"
အစေခံမလေးက လှပစွာ ပြုံးလိုက်သည်။
အဘိုးအိုက အပြုံးနှင့်ပြောလိုက်၏။
"(၂)ရက်အတွင်း အဝေးက ဆွေမျိုးတစ်ယောက် လာလည်လိမ့်မယ်။ အချိန်ကျလာရင်တော့ မင်းနဲ့ မိသားစုထဲမှာရှိတဲ့ တခြားကလေးတွေက မြို့ထဲကနေ အတူတူထွက်သွားရမယ် ထောင်ယာ…"
အစေခံမလေးက မှင်တက်သွားခဲ့ပြီး မျက်လုံးများက နီရဲလာခဲ့သည်။ သူမက တရှုံ့ရှုံ့ငိုပြီး ပြောလိုက်၏။
"အဘိုး …
ကျွန်မ ဒီနေရာကနေ ထွက်မသွားချင်ဘူး…"
အမြဲလိုလို စကားကို ကောင်းကောင်းပြောတတ်သော အဘိုးအိုက လက်ကာပြလိုက်သည်။
"ငါက လမ်းကြားထဲက မြင်ကွင်းတွေကို ကြည့်လိုက်ဦးမယ်။ မင်းအရင်ဆုံး ပြန်သွားလိုက်တော့။ ထောင်ယာ ပြောစကား နားထောင်..၊ မဟုတ်ရင် ငါ ဒေါသထွက်မိလိမ့်မယ်…"
အစေခံမလေးက ကြောက်ရွံ့စွာ ထွက်ခွာသွားခဲ့ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း (၃)ကြိမ်တိတိ ပြန်လှည့်ကြည့်ခဲ့သည်။
မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော မက်မွန်ပင်များက စိမ်းလန်းနေသော်လည်း မက်မွန်ပန်းပွင့် တစ်ပွင့်မျှ မရှိချေ။ အဘိုးအိုက လေပူများကို မှုတ်ထုတ်လိုက်မိ၏။ သူက အပေါက်ဝမှထွက်ပြီး အနီးဆုံး မက်မွန်ပင်ကြီးဆီသို့ လျှောက်သွားခဲ့သည်။
သစ်ပင်အောက်တွင် ရပ်နေရင်း အဘိုးအိုက ဝမ်းနည်းစွာ ပြောလိုက်၏။
"မက်မွန်ပွင့်တွေက အရမ်းကို လှတယ်။ ငါကတော့ သူတို့ကို နောက်တစ်ကြိမ် ပြန်မတွေ့ရတော့ဘူး…"
အဘိုးအိုက သူ့အိမ်လေးကိုပြန်ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"ဒီမြို့ငယ်လေးက ကောင်းကင်ဘုံရဲ့ အခွင့်အရေးပေးမှုကို ရခဲ့တယ်။ ဒါက မဟာတာအိုလမ်းစဉ်နဲ့တော့ မသင့်တော်ဘူး။ အရင်တုန်းက သူတော်စင်တွေက ကမ္ဘာကြီးကို ပြောင်းလဲခဲ့တယ်။ ပြီးတော့ ငါတို့ကို နှစ်ပေါင်း(၃၀၀၀)လောက် ကံကောင်းမှုတွေ ခံစားနိုင်အောင် ခွင့်ပြုပေးခဲ့တယ်…”
“အတိတ်တုန်းက မြို့ထဲကနေ ထွက်သွားတဲ့ လူအများစုကတော့ အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာ မိသားစုတစ်ခုအဖြစ်နဲ့ စတင်နေကြတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက ဉာဏ်ကောင်းပါတယ်။ အခုအချိန်က ပြဿနာတွေကို ဖြေရှင်းပြီး ငါတို့ဆီကနေ အကျိုးအမြတ်တွေ သိမ်းယူရမဲ့ အချိန်ပဲ။ မင်းတို့ကလေးတွေက ဒီနေရာကနေ မြန်မြန်ထွက်မသွားဘူးဆိုရင် ငါတို့ရဲ့နောက်ကနေ လိုက်လာကြရလိမ့်မယ်…”
“ငါတို့ကတော့ ပျက်စီးနေတဲ့ ကြွေထည်အိုကြီးတွေလိုပဲ သေခြင်းတရားကို အတူတူ စောင့်နေကြရမှာ။ သေခြင်းတရားဆိုတာ ကြီးသလား၊ သေးသလား မင်းတို့က မသိသေးဘူး။ ငါတို့မြို့လေးထဲမှာ လူတွေ ထောင်ပေါင်းများစွာရှိတယ်။ တကယ်လို့ ငါတို့သေသွားမယ်ဆိုရင်တော့ အဲဒါက တော်တော်လေး ကြီးမားတဲ့သေခြင်းတရားပဲ ဖြစ်လိမ့်မယ်။ ငါတို့မှာ နောက်ဘဝဆိုတာတောင် မရှိနိုင်တော့ဘူး။ ဒါကြောင့်လည်း ကောင်းကင်ဘုံက ငါတို့ကို မျက်ကွယ်ပြုထားတဲ့အချိန်မှာ ငါတို့က အခွင့်အရေးကို အရယူသင့်တယ်။ တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြတော့…"
အဘိုးအိုက ရှုံ့တွနေသော လက်တစ်ဖက်ကို ဆန့်လိုက်ပြီး မက်မွန်သစ်ကိုင်းတစ်ကိုင်းကို ကိုင်လိုက်မိသည်။
"ဆန္ဒရှိရင် ဖြစ်လာမှာပါပဲ။ ကောင်းကင်ဘုံက ငါတို့ကို ပစ်မထားဖို့ မျှော်လင့်မိပါတယ်.."
ထိုအချိန်တွင် စာသင်သားကျိုးယောင်၏ အဘွားက လမ်းလျှောက်တုတ် တစ်ချောင်းနှင့်အတူ လျှောက်လာခဲ့သည်။
"အုတ်ဂူထဲကို ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးက အိမ်မက် မက်နေသေးတာပဲ။ အဘွားကြီးတစ်ယောက် အလှအပပြင်နေသလိုပဲလေ။ နင်က တော်တော်လေး မဆင်မခြင် လုပ်တတ်တယ်။ ဒီကပ်ဘေးဆိုတာက နင့်ရဲ့ကရုဏာတရားတစ်ခုတည်းနဲ့ ပြောင်းလဲနိုင်တဲ့အရာမျိုးလား.."
အဘိုးအိုက တွေဝေသွားပုံရသည်။ သူက ဆံပင်ဖြူနှင့် အဘွားကြီးကိုကြည့်ပြီး ရှုပ်ထွေးစွာ ပြောလိုက်၏။
"နင် ရောက်လာပြီပဲ…"
ပထမတွင် အဘွားအိုက မှင်တက်သွားခဲ့၏။ သို့သော် ခဏကြာပြီးနောက် သူမက ဒေါသထွက်သွားခဲ့သည်။ သူမက လမ်းလျှောက်တုတ်နှင့် သူ့ကို လွှဲရိုက်လိုက်၏။
"အရှက်မရှိတဲ့ ခွေးအိုကြီး…
ဒီအသက်အရွယ်ထိတောင် အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောရဲသေးတာလား…"
လမ်းလျှောက်တုတ်က မိုးရေစက်များကဲ့သို့ သူ့အပေါ်ကို ကျရောက်လာခဲ့သည်။ နောက်ဆုံးတော့ အဘိုးအိုလည်း အဝေးကို ထွက်ပြေးသွားခဲ့ပြီး ကျယ်လောင်စွာ ရယ်မောနေခဲ့၏။
မက်မွန်ပင်ကြီးအောက်တွင် ရပ်နေသော အဘွားအိုက ဒေါသထွက်နေသေးသည်။ သူမက စိတ်ပြောင်းပြီး မက်မွန်ပွင့်လမ်းကြားထဲကို လာမိခဲ့သည့်အတွက် နောင်တရနေခဲ့၏။ နောက်ဆုံးတွင်တော့ အဘွားအိုက အဖူးလေးများ ထွက်နေသော မက်မွန်ရွက်ကို မော့ကြည့်လိုက်မိသည်။ သူလည်း လမ်းလျှောက်တုတ်ကိုကိုင်၍ ဖုလုလမ်းကြားဆီသို့ တစ်လမ်းချင်းဆီ ပြန်လျှောက်သွားခဲ့၏။
ငြိမ်းချမ်းသော မြို့ငယ်လေးက နှစ်ပေါင်းထောင်ကျော် စည်ကားနေခဲ့သည်။ အဆုံးသတ်တွင်တော့ ဤနေရာတွင် နေထိုင်သူများက နောက်ဘဝပင် မရှိနိုင်သော သနားစရာလူသားများ ဖြစ်လာလိမ့်မည်ဟု မည်သူကရော တွေးမိကြမည်နည်း။ သူတို့ဆီတွင် အသက်ရှင်ရပ်တည်ရန် အမှန်တကယ် အခွင့်အရေး မရှိတော့ခြင်းပေလော။
စမ်းချောင်းက တဖြည်းဖြည်းတိမ်လာပြီး ရေတွင်းက တဖြည်းဖြည်း အေးစက်လာသည်။ ရှေးဟောင်းသစ်ခါးပင်ကြီးက ပို၍အိုမင်းလာပြီး သံကြိုးများက သံချေးတက်နေခဲ့၏။ တိမ်တိုက်ကြီးများကလည်း တဖြည်းဖြည်းနိမ့်ကျလာသည်။ ယခုနှစ် မက်မွန်ရွက်များပေါ်တွင် မက်မွန်ပွင့်များ မရှိခဲ့ချေ။