အခန်း (၃၃)
Vol. 3 Ch. 33
ချန်းပင်အန်းက အစိမ်းဝတ်မိန်းမပျိုကို နောက်တစ်ကြိမ် မြင်လိုက်ရသည်။ သူမက သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်၏ နောက်မှနေ၍ တိတ်တဆိတ် လိုက်နေပြီး ကြက်ဥကိတ်တစ်ခုကို ခေါင်းငုံ့၍ စားနေခဲ့သည်။ ထိုလူကြီးကတော့ မည်သည့်အရာကိုမျှ ဂရုစိုက်နေပုံ မရချေ။
ချန်းပင်အန်းကို မြင်လိုက်ရပြီးနောက် ထိုလူကြီးက ရပ်ပြီး မေးလိုက်၏။
“မင်းက အရင်တစ်ခေါက် ငါ မောင်းထုတ်လိုက်တဲ့ ကောင်လေးမလား…”
ထိုအချိန်တွင် သူ၏ နောက်ကျောကို တစ်စုံတစ်ခုက အရှိန်ပြင်းစွာ တိုက်မိသွားခဲ့၏။ နံရံတစ်ခုကို တိုက်မိလိုက်သလို ဖြစ်သွားခဲ့သော အစိမ်းဝတ်မိန်းမပျိုက ဇဝေဇဝါ အမူအရာနှင့် မော့ကြည့်လိုက်သည်။
ထိုအခါ ရယ်ချင်နေသော ချန်းပင်အန်းကို မြင်လိုက်ရ၏။ ထိုမိန်းမပျိုက ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်မိသည်။
ချန်းပင်အန်းက ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး ထိုလူကို ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါတယ် ဆရာရွမ်…”
ကြည့်ရသည်မှာ ထိုမိန်းကလေးက ဆရာရွမ်၏သမီး ဖြစ်ပုံရသည်။ သို့သော် အဖေနှင့် သမီးပုံစံနှင့် မတူလှပေ။ သူတို့၏ပုံစံက မတူသည်မှာလည်း ကံကောင်းသွား၏။ ဆရာရွမ်ဟုခေါ်သော လူကြီးက မြို့ထဲကို ရောက်လာပြီး သိပ်မကြာခင် စမ်းချောင်းတောင်ဘက်ပိုင်းကို ရွှေ့သွားခဲ့သော ပန်းပဲပညာရှင် ဖြစ်သည်။
သူက ဆက်ပြောလိုက်၏။
“ဒီ(၂)ရက်အတွင်း လျှိုရှန်းရန်ကိုဘာလို့ မတွေ့ရတာလဲ…”
ချန်းပင်အန်းက လျှိုရှန်းရန်အတွက် ရှင်းပြတော့မည့်အချိန်တွင် ထိုလူက အေးစက်စွာ ပြောလိုက်သည်။
“အဲဒီကောင်လေးကို ပြောလိုက်။ ဒီနေ့ သူ့ကို မတွေ့ရဘူးဆိုရင် မနက်ဖြန် ပန်းပဲဖိုကို လာစရာ လိုဘူးလို့ ပြောလိုက်…”
ချန်းပင်အန်းက အလျင်အမြန် ပြောလိုက်သည်။
“ဆရာရွမ်…
သူ့မိသားစုထဲမှာ အရေးကြီးကိစ္စ ဖြစ်နေလို့ပါ…”
ထိုလူကြီးက လူငယ်လေးကို ကြားဖြတ်ပြီး ရိုင်းစိုင်းစွာ ပြောလိုက်သည်။
“ဒါက သူ့အလုပ်ပဲလေ။ ငါနဲ့ ဘာဆိုင်လို့လဲ…”
ချန်းပင်အန်းက စကားပြောရာတွင် ကောင်းမွန်ခြင်း မရှိချေ။ သူက တွေဝေသွားခဲ့ပြီး မျက်နှာက နီရဲသွားခဲ့သည်။ သူ ပြောလိုက်သော စကားက အနှောင့်အယှက်ဖြစ်မှာ စိုးသည့်အတွက် သူလည်း ဘာပြောရမှန်း မသိတော့ပေ။ ဆရာရွမ်၏ သဘောထားကို သူကိုယ်တိုင် ကြုံခဲ့ဖူးသည်။
အစိမ်းဝတ်မိန်းမပျိုက ချန်းပင်အန်းကို ကူညီချင်ပေးနေသော်လည်း သူမအကြောင်းကို ကောင်းကောင်းသိနေသော လူကြီးက ဆုံးမလိုက်သည်။
“ကိုယ် စားစရာ ရှိတာကိုသာ စားစမ်းပါ…”
မကျေမနပ်သွားသော မိန်းမပျိုက ရုတ်တရက် အရှိန်တင်လိုက်ပြီး ထိုလူကြီး၏ ခြေထောက်ကို နင်းလိုက်သည်။ ထို့နောက် တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ ထိုလူကြီးကတော့ သက်ပြင်းချလိုက်မိပြီး ချန်းပင်အန်းကို လျစ်လျူရှု၍ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ချန်းပင်အန်းကလည်း သက်ပြင်းချလိုက်မိ၏။ သူက မနက်စာဆိုင်သို့ ပြေးသွားခဲ့ပြီး ဘိန်းမုန့်(၆)ခုဝယ်၍ ရွှံ့ပုလဲလမ်းကြားထဲကို ပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်သည့် အချိန်တွင် လျှိုရှန်းရန်က နံရံပေါ်၌ ထိုင်နေပြီး ခန္ဓာကိုယ် တစ်ဝက်က စုန့်ကျိရှင်း၏ ခြံဝန်းထဲကို ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူက ခိုးနားထောင်နေပုံရသည်။
တစ်ခါတရံ လျှိုရှန်းရန်က အရိုက်ခံရသင့်သည်ဟုပင် ချန်းပင်အန်းက ခံစားမိခဲ့၏။ သူက သတိပေးလိုက်သည်။
“ငါက ဆရာရွမ်ကို တွေ့ခဲ့တယ်။ သူက ဒီနေ့ မင်းကို ပန်းပဲဆိုင်ကို လာခဲ့ဖို့ ပြောတယ်။ တကယ်လို့ ဒီနေ့ မင်းကို မတွေ့ရဘူးဆိုရင် မင်းကို အလုပ်ထုတ်မယ် လို့လည်း ပြောလိုက်သေးတယ်…”
လျှိုရှန်းရန်က တွေဝေသွားခဲ့၏။
“ဘာတွေ အလျင်လိုနေတာလဲ။ ငါ့လို ကြိုးကြိုးစားစား အလုပ်လုပ်တဲ့ တပည့်တစ်ယောက်ကိုရှာဖို့ ခက်တယ်လေ။ တကယ်လို့ ဆရာရွမ်က ကြမ်းကြမ်းတမ်းတမ်း ပြောမယ်ဆိုရင်တောင် မနက်ဖြန်သွားရင် အဆင်ပြေပါတယ်..”
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ဆရာရွမ်က စနောက်နေတာ မဟုတ်ဘူး…”
လျှိုရှန်းရန်က ဒေါသတကြီး ပြောလိုက်၏။
“ဒါဆိုလည်း နောက်မှ သွားတော့မယ်။ ငါ့အလုပ်ကို မနှောင့်ယှက်နဲ့…”
ချန်းပင်အန်းက အနက်ဝတ်မိန်းမပျိုအတွက် မနက်စာ ဝယ်လာခဲ့သည်။ သူက လျှိုရှန်းယန်ကို ဘိန်းမုန့်(၃)ခု ပေးခဲ့ပြီး သူ့အတွက်တော့ တစ်ခုသာ ယူထားခဲ့၏။
လျှိုရှန်းယန်က ဘိန်းမုန့်အားလုံးကို လျင်မြန်စွာ စားလိုက်ပြီး ပါးစပ်ကို လက်နှင့်သုပ်၍ တီးတိုး ပြောလိုက်သည်။
“အခုလေးပဲ စုန့်ကျိရှင်းရဲ့အိမ်ထဲကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူက ပညာရှင်တစ်ယောက်ဆိုတာ ငါ သေချာပြောနိုင်တယ်။ တကယ်လို့ ငါထင်တာမမှားရင် သူက လက်ရှိနန်းတွင်းမီးဖိုကြီးရဲ့ ကြီးကြပ်သူပဲ ဖြစ်လိမ့်မယ်။ နဂါးမီးဖိုဝတ်စုံကို ဝတ်ဆင်ထားတဲ့အချိန်မှာ မင်းတို့က မျက်စိစပါးမွှေးစူးစရာ အသုံးမဝင်တဲ့ တပည့်တွေလို့ အဘိုးယောင်က တွေးခဲ့ဖူးတယ်။ ငါကတော့ လက်မခံဘူး။ အဘိုးယောင်က ငါ့ကို ခုန်ပျံခြင်းဓားသိုင်းတောင် ပြသဖို့ တောင်းဆိုခဲ့တယ်လေ..”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
“ကြီးကြပ်သူအသစ်က စုန့်ကျိရှင်းကို ပိုပြီးတော့ဂရုစိုက်နေတယ် ထင်တယ်။ ဒါက မြို့ထဲမှာရှိတဲ့ လူတိုင်း သိနေတာပဲလေ။ ဘာတွေသံသယဝင်စရာကောင်းနေလို့ပဲ..”
လျှိုရှန်းယန်က စိုးရိမ်စွာ ပြောလိုက်သည်။
“စုန့်ကျိရှင်းက လူချောတစ်ယောက်လေ။ ဒါပေမဲ့ သူက ငါနဲ့ လုံးဝမယှဉ်နိုင်ပါဘူး။ တကယ်လို့ ကျစ်ကွေးကသာ အဲဒီအရာရှိကို သဘောကျသွားမယ်ဆိုရင် ငါရနိုင်မယ့် အခွင့်အရေးက သိပ်မများတော့ဘူး။ အဲဒီအချိန်ကျရင် မင်းရဲ့မရီးလောင်းက သူနဲ့အတူ အဝေးကို ရောက်သွားလိမ့်မယ်။ ငါ ဘာလုပ်ရမလဲ။ မင်းက ဘာလုပ်ပေးမှာလဲ..”
ချန်းပင်အန်းကတော့ အိမ်ထဲကိုသာ ပြန်ဝင်သွားခဲ့သည်။ လျှိုရှန်းယန်ကတော့ နံရံပေါ်တွင် ထိုင်နေပြီး တစ်ယောက်တည်း ဝမ်းနည်းနေပုံရ၏။
အနက်ဝတ်မိန်းမပျိုက စားပွဲတွင် မတ်မတ်ထိုင်နေခဲ့သည်။ သူမက လက်တစ်ဖက်နှင့် ဓားလက်ကိုင်ကို ကိုင်ထားပြီး ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေသလို ထင်မှတ်ရ၏။ သူမ၏နဖူးပေါ်မှ ချွေးများ စီးကျလာခဲ့သည်။
ချန်းပင်အန်းက ထိုမိန်းမပျိုကို ထိုကဲ့သို့ ပုံစံမျိုး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူမ၏ခန္ဓာကိုယ်က တစ်ကိုယ်လုံး တင်းမာပြီး သတိထားနေသော်လည်း မျက်လုံးများကတော့ တောက်ပပြီး ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
ချန်းပင်အန်းက တံခါးနားသို့ ရောက်သွားသည့်အချိန်တွင် သူမက မေးလိုက်၏။
“နင်က ဟိုဘက်ခြံမှာရှိတဲ့ ဧည့်သည်ကို သိလား…”
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
“အဲဒါက ကျွန်တော်တို့မြို့ရဲ့လက်ရှိ မီးဖိုကြီးကြပ်သူလို့ လျှိုရှန်းယန် ပြောတာ ကြားတာပဲ။ သူက တော်တော်လေး သဘောကောင်းပါတယ်။ လမ်းကြားလေးရဲ့ဝင်ပေါက်မှာ တွေ့တာတောင် ကျွန်တော့်အတွက် လမ်းဖယ်ပေးသေးတယ်…”
မိန်းမပျိုက ခနဲ့သလို ပြောလိုက်၏။
“အဲဒီလိုလူမျိုးကမှ ကြောက်စရာကောင်းတာ…”
ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်သွားသည်။
သူမက ပြန်မေးလိုက်၏။
“လူတစ်ယောက်က လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ပုရွက်ဆိတ် တစ်ကောင်ကိုမြင်ရင် တမင်တကာ တက်နင်းမယ်လို့ ထင်လား…”
ချန်းပင်အန်းက ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ကုစန့်ဆိုရင်တော့ သေချာပေါက် နင်းလိမ့်မယ်။ သူက ပုရွက်ဆိတ် အသိုက်ထဲကိုတောင် ရေတွေ မကြာခဏ လောင်းထည့်ပြီး ထွက်ပေါက်ကိုတောင် ကျောက်တုံးနဲ့ ပိတ်ထားတတ်တယ်။ လျှိုရှန်းယန် စိတ်အခြေအနေ မကောင်းရင် သူလည်း လုပ်လိမ့်မယ်…”
အနက်ဝတ်မိန်းမပျိုက ဘာပြောရမှန်း မသိတော့ချေ။
ချန်းပင်အန်းက ပြုံးလိုက်၏။
“အမှန်အတိုင်း ပြောရရင် ကျွန်တော်က မိန်းကလေးနင် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်…”
သူမက အံ့အားသင့်စွာ ပြန်မေးလိုက်သည်။
“ဟုတ်ရဲ့လား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။
“မိန်းကလေးနင်ရဲ့စကားမှာ အဓိပ္ပာယ် (၂)ခု ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ပထမဆုံး အဓိပ္ပာယ်ကတော့ မိန်းကလေးလို အပြင်လူတွေရဲ့ မျက်လုံးထဲမှာ ကျွန်တော်တို့မြို့က လူတွေက ခြေထောက်အောက်မှာ သွားနေတဲ့ ပုရွက်ဆိတ်တွေလိုပဲ။ ဒုတိယအဓိပ္ပာယ်ကတော့ အပြင်လူတွေထဲမှာတောင် အဆင့်အတန်းက ကွဲပြားတယ်။ ဖူနန်းဟွာနဲ့ ချိုက်ကျင်းကျန့်တို့က ကုစန့်လို ကလေးသာသာအဆင့်ပဲ ရှိသေးတယ်။ ဒါကြောင့် သူတို့က ပုရွက်ဆိတ်တွေရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ဖို့ စိတ်ဝင်စားနိုင်သလို စိတ်ညစ်တာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အခု ရွှံ့ပုလင်းလမ်းကြားထဲကို ရောက်လာတဲ့ အရာရှိကတော့ မတူတော့ဘူး။ သူ့ရဲ့စကားလုံးတွေ၊ အပြုအမူတွေက သူ့ရဲ့အဆင့်အတန်းနဲ့ ကိုက်ညီနေတယ်။ အထူးသဖြင့် သူက အရမ်းကို ယဉ်ကျေးတယ်။ မိန်းကလေးနင်…ကျွန်တော်ပြောတာ ဟုတ်တယ်မဟုတ်လား…”
မိန်းမပျိုက ပြန်မေးလိုက်သည်။
“နင်က ဒါကို ဘယ်လိုသုံးသပ်နိုင်ခဲ့တာလဲ…”
လူငယ်က အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ကျွန်တော် အသက်ပြန်ရှင်လာပြီးတဲ့နောက် ကျွန်တော့်ရဲ့ ဦးနှောက်က ပိုပြီးတော့ ကောင်းလာတယ် ထင်ပါတယ်…”
မိန်းမပျိုက တည်ငြိမ်စွာ မေးလိုက်သည်။
“နင်က မသေခင် ဘာတွေ တွေ့ခဲ့ရလို့လဲ…”
“ကျွန်တော် ဘာမှ မတွေ့ခဲ့ပါဘူး…”
ချန်းပင်အန်းက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
သို့သော် သူက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
“အမှန်အတိုင်း ပြောရရင် ဒီလမ်းကြားလေးထဲမှာ စလာတဲ့ အချိန်ကနေ ဆုံးတဲ့အချိန်အထိ ကျွန်တော် ဘာမှမတွေးထားခဲ့ဘူး။ မိန်းကလေးနင် … မိန်းကလေးက ဖူနန်းဟွာနဲ့ ချိုက်ကျင်းကျန့်တို့ကို ဒီမေးခွန်းမျိုးမေးမယ်ဆိုရင် ပိုပြီးတော့ ကောင်းလိမ့်မယ်။ သူတို့ကတော့ တစ်ခုခုကို တွေးချင်တွေးမှာပေါ့…”
သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“နင်က စကားကြီး စကားကျယ်တွေ ပြောနေတာပဲ…”
ထိုစကားကို ပြောလိုက်ပြီးနောက် သူက မြက်ဖိနပ်နှင့် လူငယ်လေးကို စိုက်ကြည့်နေမိခဲ့သည်။
ချန်းပင်အန်းကတော့ သူမ၏အကြည့်ကြောင့် မျက်နှာက နီရဲသွားခဲ့သည်။ “ဘာဖြစ်လို့လဲ…”
မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိပြီး အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။ သူမကတော့ သူမ၏ မွေးရပ်မြေ ဘာသာစကားနှင့် တစ်ယောက်တည်း တီးတိုးပြောနေခဲ့၏။
“ငါ့မိသားစုရဲ့ဓားသိုင်းပညာက ဓားသမားတစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ ဓားသမား မဟုတ်တဲ့လူအတွက်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို သန့်စင်ဖို့ အသုံးပြုတဲ့ နည်းလမ်းတွေက လျို့ဝှက်ချက်တွေပဲ။ ငါက အဲဒီအရာတွေအားလုံးကို မသင်ရသေးဘူး။ ငါက သူ့ကို ဘယ်လို သင်ပေးရဲမှာလဲ။ ပြီးတော့ ငါက တခြားနေရာက အပေါ်ယံကိစ္စတွေကိုလည်း ဘာမှနားမလည်သေးဘူး။ မဟုတ်ရင် ငါက သူ့ကို လမ်းပြပေးနိုင်တယ်။ တကယ်လို့ ငါက သူ့ရဲ့ခန္ဓာကိုယ်ကို မြှင့်တင်ပေးပြီး သူ့ရဲ့အသက်ကို ဆွဲဆန့်ပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ အခုတော့ ငါက အနိမ့်ဆုံးအဆင့် လိုအပ်ချက် ရှိနေတဲ့ ကျင့်စဉ်တစ်ခုကို ဘယ်မှာသွားရှာရမှာလဲ…”
မိန်းမပျို၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
“ဓားပြတိုက်ရမှာလား။ မဟုတ်သေးဘူး။ ဓားပြတိုက်လို့လည်း မရဘူး။ တစ်ယောက်ယောက်ကို ရှာပြီး လျှို့ဝှက်ကျင့်စဉ်ကို ငှားရမယ်။ ငှားပြီးရင် ငှားပြီးတဲ့ အရာကိုတော့ ပြန်ပေးရမှာပဲ…”
သူမ၏ မျက်နှာလေးက မှေးမှိန်သွားခဲ့ပြီး မုန်းတီးစွာ ပြောလိုက်အ်သည်။ “မိန်းမဆိုးအိုကြီး...ရှင် စောင့်နေလိုက်။ ကျွန်မက ရှင်တို့ နန်းတော်ကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်မယ်…”
သူမက ဝမ်းနည်းနေသော အမူအရာနှင့် ပြောလိုက်သည်။
“ငါက ရွမ်မျိုးရိုး ပန်းပဲပညာရှင်ကို အကူအညီတောင်းလို့ ရပါ့မလား။ ငါ့ဆီမှာ ငါ့အမေရဲ့စွမ်းအား (၄၀) (၅၀)ရာခိုင်းနှုန်းလောက် ရှိနေတဲ့အတွက် လူသတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ဒါပေမဲ့ အကူအညီတောင်းရတဲ့နေရာမှာ မကျွမ်းကျင်ဘူး…”
မြက်ဖိနပ်နှင့် လူငယ်လေးကတော့ လှေကားထစ်တွင် ထိုင်နေပြီး နင်ယောင်ဟုခေါ်သော မိန်းမပျိုကို ငေးကြည့်နေခဲ့သည်။ သူမက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့ပြီး သူမ၏မျက်နှာအမူအရာကလည်း ကောင်းကင်ပေါ်တွင် ရှိနေသော တိမ်တိုက်များကဲ့သို့ ဆက်တိုက်ပြောင်းလဲနေခဲ့၏။
…………..
အဖြူရောင်ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ် ပတ်ထားသော ခပ်ချောချောလူကြီးက စုန့်ကျိရှင်း၏ အခန်းထဲတွင် ရပ်နေခဲ့သည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
“အဲဒီစုန့်မျိုးရိုးက မင်းအတွက် ဒီလိုနေရာမျိုးပဲ စီစဉ်ပေးခဲ့တာလား…”
စုန့်ကျိရှင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ အစေခံမလေး ကျစ်ကွေးကတော့ အခန်းတစ်ခုထဲတွင် ပုန်းနေခဲ့သည်။ မြို့ထဲတွင် နာမည်အကျော်ကြားဆုံး သတင်းတစ်ခုအရ ယခင် ကြီးကြပ်သူဖြစ်သော အရာရှိစုန့်က သူ့အလုပ်တွင် ကျွမ်းကျင်မှုမရှိဘဲ နန်းတွင်းက ကျေနပ်လောက်သည့် ကြွေထည်တစ်ခု ပြုလုပ်ပေးနိုင်ခဲ့ခြင်း မရှိချေ။
သူ၏ကြိုးစားအားထုတ်မှုကို အားကိုးပြီး သူက အမိုးတံတားကို ချန်ထား၍ မြို့တော်ကို ပြန်သွားခဲ့သည်။ သူက သူ၏တရားမဝင် သားတစ်ယောက် ဖြစ်သော စုန့်ကျိရှင်းကိုတော့ ချန်ထားခဲ့၏။ ထို့နောက် သူ့သား၏ နေ့စဉ်ကိစ္စရပ်များကို ဂရုစိုက်ပေးရန် အစေခံမလေးကို ဝယ်ယူပေးခဲ့သည်။
ထို့နောက် သူ ယုံကြည်ရသော မိတ်ဆွေများနှင့် သူ့နေရာတွင် ရောက်လာနိုင်သော ကြီးကြပ်သူဆီသို့ အပ်နှံထားခဲ့သည်။ ထိုလူ၏ မျိုးရိုးနာမည်ကလည်း စုန့်မျိုးရိုးဟု ပြောကြ၏။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုလူကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ဖူးသေးပေ။ ဘေးတွင် ရပ်ကြည့်နေသူများကပင် ထိုအခြေအနေကို နားမလည်နိုင်ကြသေးပေ။
သူ့အဖေနှင့် သူ့ရှေ့တွင် ရှိနေသောလူက မည်ကဲ့သို့သော ပတ်သက်မှုမျိုး ရှိနေကြောင်း စုန့်ကျိရှင်း ကိုယ်တိုင်လည်း မသိခဲ့ပေ။ သူတို့က နန်းတွင်းထဲတွင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်နေခြင်းပေလော။ သူတို့က အတိတ်တွင် အတန်းဖော်များ၊ မိတ်ဆွေကောင်းများ ဖြစ်နေခြင်းပေလော။ သို့မဟုတ် မြို့တော်ထဲရှိ တခြားအဖွဲ့အစည်းများမှ ရန်သူများပေလော။
စုန့်ကျိရှင်း၏အဖေ ထွက်မသွားခင် မြို့သို့ ရောက်လာမည့် ကြီးကြပ်သူအသစ်နှင့် ပတ်သက်ပြီး စကားအနည်းငယ် ပြောခဲ့ဖူး၏။ ကြီးကြပ်သူအသစ် မြို့ကို ရောက်လာလျှင် သူတို့နှစ်ယောက်ကို ခေါ်ပြီး မြို့ထဲမှ ထွက်သွားမည်ဟု ပြောခဲ့သည်။ စုန့်ကျိရှင်း၏အဖေက သူ့ကို လေးလေးစားစား ဆက်ဆံရန် မှာကြားခဲ့ပြီး လျစ်လျူရှု၍ မရကြောင်း သေချာပြောခဲ့သည်။
စုန့်ကျိရှင်းကတော့ သူ့ရှေ့တွင် ရှိနေသော လူအပေါ် ကောင်းမွန်သော ခံစားချက်လည်း မရှိခဲ့ပေ။ ထိုအရာကလည်း သူက ဤအိမ်နှင့် သူ့အဖေကို မုန်းတီးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
အစေခံမလေး ကျစ်ကွေး၏ရှေ့တွင် ရှိနေသော ယုံကြည်ချက်နှင့် တည်ငြိမ်မှုကတော့ မွေးရပ်မြေမှ ထွက်သွားတော့မည့် လူငယ်လေးတစ်ယောက်၏ မာနသက်သက်သာ ဖြစ်သည်။
ထိုလူက အပြုံးနှင့် ပြောလိုက်၏။
“ထားလိုက်ပါတော့။ အဲဒီစာသင်သားစုန့်က တော်တော် သတိထားတဲ့ လူတစ်ယောက်ပဲ။ သူက ယောကျ်ားတစ်ယောက်နဲ့မတူဘဲ မိန်းမတစ်ယောက်နဲ့တောင် တူနေတယ်။ မဟုတ်ရင် မင်းကို ဂရုစိုက်ဖို့ ငါကိုယ်တိုင်တောင် လာခွင့်ရမှာ မဟုတ်ဘူး”
စုန့်ကျိရှင်းက မျက်နှာပျက်နေခဲ့၏။
ထိုလူက လူငယ်လေး၏ ပစ္စည်းများ သိမ်းထားသော သေတ္တာကြီးကို လှည့်ကြည့်လိုက်သည်။ သူက နှုတ်ခမ်းကို တွန့်ကွေး၍ အထင်သေးစွာ ပြောလိုက်၏။
“ဒီနေရာကို ရောက်မလာခင် ငါက နဂါးအိုမြို့က ဖူနန်းဟွာနဲ့ တွေ့ခဲ့တယ်။ သူက တော်တော်ကံဆိုးတာပဲ။ သူ့ရဲ့တာအိုနှလုံးသားက ဒီမှာပျက်စီးလုနီးပါး ဖြစ်သွားပြီ။ မင်းက သူနဲ့ အရောင်းအဝယ်ကို ဆက်ပြီး လုပ်နိုင်တယ်။ ပြီးတော့ မင်းက သူ့ရဲ့ ဆုံးရှုံးမှုတွေအတွက် တာဝန်ရှိတယ်။ ငါက ဒီလို အသေးအဖွဲ ကိစ္စတွေကိုတော့ ဝင်မပါပါဘူး။ ဒါပေမဲ့ မင်းက ထွက်မသွားခင် ငါနဲ့အတူ အမိုးတံတားကို လိုက်ခဲ့ပြီး အရိုအသေ ပေးရမယ်။ ပြီးရင်တော့ ဘာမှလုပ်စရာ မရှိတော့ဘူး။ ငါနဲ့အတူ လိုက်လာပြီး မင်းလုပ်သင့်တဲ့ အရာတွေကို လုပ်ရမယ်။ မင်းထိုင်သင့်တဲ့နေရာမှာ ထိုင်ပြီး မင်းရဲ့တာဝန်တွေကို ယူရမယ်။ အဲဒီလောက် ရိုးရှင်းတယ်။ မင်းက ငါပြောတာ နားလည်ရဲ့လား…”
“ကျွန်တော် နားလည်ပါတယ်။ အရာရှိစုန့်ရဲ့စကားတွေက နားမလည်စရာမှ မရှိတာ”
လူငယ်က ခနဲ့သလို ပြောလိုက်သည်။
“ဒါပေမဲ့ ဘာကြောင့်လဲ…”
ထိုလူက ပြုံးလိုက်၏။ ထိုလူက လူငယ်လေးကို ပထမဆုံးအကြိမ် ပြန်လှည့်ကြည့်လိုက်သည်။ သူက ပြန်မေးလိုက်၏။
“အဲဒီစုန့်မျိုးရိုးက မင်းဆီမှာ ထူးခြားတဲ့စွမ်းရည် ရှိတယ်လို့ ပြောလိုက်တယ်။ မင်းက တကယ်ပဲ လျှာကိုက်မိမှာ မကြောက်ဘူးလား။ မင်းကိုယ်တိုင် ခန့်မှန်းကြည့်လိုက်ပါလား။ ငါ ဘာကြောင့် ရှိနေရလဲဆိုတာ မခန့်မှန်းနိုင်ဘူးလား..”
အနီးကပ် သေချာကြည့်လိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်ကြားထဲ၌ တူညီမှုများကို ရှာတွေ့ပါလိမ့်မည်။ စုန့်ကျိရှင်းက ပို၍ဒေါသထွက်လာသော်လည်း စိတ်ထိန်းထားခဲ့သည်။
ထိုလူက သူ့ကို သေချာစိုက်ကြည့်ပြီး ရွှတ်နောက်နောက် ပြောလိုက်၏။
“ဘာလဲ။ ငါက ကံမကောင်းတဲ့ လူတစ်ယောက်ပါပဲလေ။ ငါက မင်းရဲ့ ဦးလေး ဖြစ်နေမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး…”
စုန့်ကျိရှင်းက အလွန်ထိတ်လန့်သွားခဲ့ပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့် လူကတော့ ထိုအရာကို မမြင်ချင်ယောင်ဆောင်ထားခဲ့သည်။ သူက ကျောက်စိမ်းခါးပတ်ကို လက်(၂)ဖက်နှင့် ကိုင်ထားပြီး ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက တာ့လီအင်ပါယာမှာ နံပါတ်(၁)ပညာရှင် ဖြစ်နေလို့ပဲ…”
အမှန်အတိုင်းပြောရလျှင် ထိုစကားလုံးက ပို၍ ထိတ်လန့်အံ့သြစရာ ကောင်းလွန်းလှ၏။ သို့သော် ထိုလူကတော့ ဘုရင်တစ်ပါး၏ မဟုတ်ဘဲ သာမန်လူများ၏ ခေါင်းဆောင်သာ ဖြစ်ချင်ခဲ့သည်။ သူသာ တခြားသူများ၏နောက်တွင် ရှိနေသေးသရွေ့ မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုအပ်ပေ။
သူက ဤနေရာကို ထိန်းချုပ်နေသော စာသင်သားသူတော်စင် အကြောင်း တွေးလိုက်မိသည့်အခါ အထင်သေးစွာ ပြုံးလိုက်၏။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။ သူ့ရင်ထဲတွင်လည်း လှုပ်ရှားနေသေးသည်။
“တကယ်လို့ ငါသာ ဒီကမ္ဘာကြီးထဲမှာ မဟုတ်ရင် ငါက သူ့ကို သတ်ပစ်နိုင်တယ်။ ချီကျင့်ချွန်နဲ့ အခြားဂိုဏ်း(၃)ဂိုဏ်းက အင်မော်တယ်(၃)ယောက်ကို လက်တစ်ဖက်တည်းနဲ့တောင် သတ်ပစ်နိုင်တယ်…”
……………
ကျောင်းထဲတွင် ရှိသော အခန်းထဲတွင် ဆရာချီက ကလေးများ စာဖတ်သည့်အသံကို နားထောင်နေခဲ့သည်။ သူက မတ်မတ်ထိုင်နေခဲ့၏။ စုန့်ကျိရှင်းနှင့် ကျိုးယောင်တို့ကဲ့သို့သော စာသင်သားများကပင် မတ်မတ်ထိုင်သည်ဟူသော အနှစ်သာရကို နားမလည်နိုင်ခဲ့ပေ။
ထိုအရာက ကွန်ဖြူးရှပ်ဝါဒ ရှိနေသော ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရသည့် အခြေခံလည်း ဖြစ်သည်။ ထိုအရာကို မဟာလောကကျင့်ဝတ်ဟု ခေါ်ကြပြီး လူကြီးလူကောင်း တစ်ယောက်က အလောင်းတစ်လောင်းကဲ့သို့ ထိုင်သင့်သည်ဟု ကိုယ်တိုင်လေ့ကျင့်ခြင်း သင်ခန်းစာတွင် အထူးတလည် ဖော်ပြထားသည်။ အလောင်းတစ်လောင်းကဲ့သို့ ထိုင်ခြင်းက တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်၏။
ချီကျင့်ချွန်တော့ အဖြူဝတ်လူ၏ အတွေးများကို သေချာကြားနေရပုံပေါ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ဒီလို သိုင်းပညာရှင်တစ်ယောက်က တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေတာ တော်တော် အံ့သြဖို့ ကောင်းတာပဲ။ ဒါပေမဲ့ မကောင်းတဲ့လူတစ်ယောက်က နဂါးဖြူတစ်ကောင်တော့ ဖြစ်မလာပါဘူးလေ…”
Translated by Hein Htet