← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

စုန့်ကျိရှင်း၏ အိမ်တံခါးမှနေ၍ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ လျှိုရှန်းယန်က နံရံပေါ်မှ ခုန်ဆင်းတော့မည့်အချိန်တွင် လူကို မမြင်ခင် အသံကိုအရင်ဆုံး ကြားလိုက်ရသည်။

လူတစ်ယောက်က နွေးထွေးသော အပြုံးနှင့် မေးလိုက်ခြင်းဖြစ်၏။

"မင်းက ပေါင်ကျိမီးဖိုကြီးရဲ့ ဝင်ပေါက်မှာရှိတဲ့ အဘိုးယောင်ရဲ့တပည့်လား။ မင်းက လျှိုမျိုးရိုးလား…"

ထိုအရာက အဖြူရောင်ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသော မီးဖိုကြီးကြပ်သူ ဖြစ်သည်။ သူက တံခါးပေါက်သို့ လျှောက်လာပြီး နံရံဆီကို အပြုံးနှင့် လှမ်းကြည့်လိုက်၏။

လျှိုရှန်းယန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ပြီး သူက နံရံပေါ်မှခုန်ချရန် စွမ်းအားမရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူက အနည်းငယ်ပြုံး၍ ပြောလိုက်၏။

"ဟုတ်ပါတယ် ကျွန်တော်ပါပဲ။ ဆရာကြီးက ကျွန်တော်တို့ နဂါးမီးဖိုကြီးကို ရောက်လာတဲ့အချိန်မှာ ကျွန်တော့်ဆရာက အလုပ်တချို့ကိုပြသဖို့အတွက် ကျွန်တော့်ကို ခိုင်းခဲ့ဖူးတယ်…"

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး အရပ်ရှည်ရှည် လူငယ်လေးကို ကြည့်လိုက်သည်။ သူက တည့်တည့်ပြောခဲ့၏။

"ကောင်လေး …

မင်းက အပြင်ဘက်ကိုထွက်ပြီး သွားမကြည့်ချင်ဘူးလား။ ဥပမာအနေနဲ့ ပြောရရင် မင်းက ရဲမက်တွေနဲ့အတူတူ တိုက်ပွဲထဲမှာ တိုက်ခိုက်လို့ရတယ်။ မင်းသာ (၁၀) နှစ် အသက်ရှင်နိုင်မယ်ဆိုရင် ငါက မင်းကို အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ် ရာထူးပေးမယ်။ အဲဒီအချိန်ကျရင် ငါ ကိုယ်တိုင် မင်းကိုဂုဏ်ပြုဖို့အတွက် မြို့တော်ထဲမှာ စားသောက်ပွဲတစ်ခု ကျင်းပပေးမယ်။ ဘယ်လိုလဲ…"

ထိုလူ၏နောက်တွင် ရပ်နေသော စုန့်ကျိရှင်းက မျက်နှာပျက်နေခဲ့သည်။ သူက ဖူနန်းဟွာပေးခဲ့သော ကျောက်စိမ်းပြားလေးကို တင်းတင်းဆုပ်ကိုင်ထားမိ၏။ တရားမဝင်ကလေးနှင့် ခွေးမျိုးလေးဟု နှစ်ပေါင်းများစွာ အခေါ်ခံခဲ့ရသော စားသင်သားက သူဘေးတွင် ရှိနေသူ၏ အဆင့်အတန်းကို ယခုတော့ သိသွားခဲ့ပါပြီ။

ထို့ကြောင့် ထိုလူ၏စကားလုံးကို သူက သေချာနားလည်နေခဲ့၏။ သူကိုယ်တိုင် စားသောက်ပွဲ ကျင်းပပေးမည်ဟူသော စကားလုံးများက တာ့လီအင်ပါယာထဲတွင် အသက်ကယ်အဆောင်တစ်ခုကဲ့သို့ ဖြစ်နိုင်ပြီး နန်းတွင်းထဲတွင် အရှည်ဆုံး လှေကားတစ်စင်းလည်း ဖြစ်သည်။

လျှိုရှန်းယန်က ခေါင်းထဲတွင် သေချာစဉ်းစားနေပြီး ခေါင်းကုတ်၍ ပြန်ဖြေလိုက်၏။

"ဆရာကြီးရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ပန်းပဲဆိုင်မှာရှိတဲ့ ဆရာရွမ်ရဲ့တပည့်ဖြစ်နေပြီ။ ကျွန်တော်က စကားမတည်လို့ မရတော့ဘူး။ ကျွန်တော်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…"

အရပ်ရှည်ရှည် လူငယ်လေး ပြောချင်နေသော စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေခဲ့သည်။ သူက အကြိမ်ပေါင်းမည်မျှ ကြိုးစားခဲ့ကြောင်းပင် မမှတ်မိနိုင်တော့ပေ။ သူက အလွန်စိုးရိမ်နေခဲ့သည့်အတွက် မျက်နှာကပင် နီရဲနေခဲ့၏။

စုန့်ကျိရှင်းကတော့ စဉ်းစားနေပုံရပြီး သူ့ကို သတိပေးလိုက်သည်။

"အငြိုးအတေးတွေ မထားတတ်တဲ့လူတစ်ယောက်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံရတာ ကံကောင်းပါတယ်…"

အဖြူဝတ်လူကြီးကတော့ အပြုံးနှင့် ပြောလိုက်၏။

"ဒါက ကိစ္စမရှိပါဘူး။ မင်းက တစ်နေ့နေ့ မြို့ထဲကနေ ထွက်လာဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် တန်းရန်တောင်တန်းတံခါးကိုသွားပြီး လျှိုလင်ရှီးလို့ခေါ်တဲ့ အရာရှိတစ်ယောက်ကို သွားရှာလိုက်..။ မြို့တော်က စုန့်ချန်ကျင့်က သူ့တပ်ဖွဲ့နဲ့ ပူးပေါင်းဖို့အတွက် မင်းကို ထောက်ခံပေးလိုက်တယ်လို့ ပြောလိုက်...။ တကယ်လို့ သူက မင်းပြောတဲ့စကားကို မယုံသေးဘူးဆိုရင် ငါက သူ့အပေါ်မှာ တာ့ဆွေမြင်းတပ်က ဦးခေါင်း (၃)သောင်း အကြွေးတင်နေတယ်လို့ ပြောလိုက်လို့ရတယ်…”

လျှိုရှန်းယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ…"

ထိုလူက အပြုံးနှင့် ထွက်သွားခဲ့၏။ စုန့်ကျိရှင်းက တံခါးဆီကို လျှောက်သွားပြီး တားဆီးချင်ခဲ့သည်။ သို့သော် ထိုလူကတော့ သူ တွေးနေသည့်အရာများကို သိနေသလို ထင်ရ၏။

သူက နောက်ပြန်လှည့်ကြည့်နေခြင်း မရှိဘဲ ပြောလိုက်သည်။

"ကြီးကြပ်သူရဲ့ရုံးတော်ကို ငါနဲ့အတူ လိုက်ခဲ့...။ ငါက မင်းကို လူတစ်ယောက်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်…"

စုန့်ကျိရှင်း၏ ခြေထောက်ကတော့ မြေပေါ်တွင် သံမှိုနှင့် ဆွဲထားသလို ရပ်နေခဲ့သည်။ သူက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"ကျွန်တော် မသွားဘူး…"

ထိုနေရာက မြို့ထဲတွင် ရှိနေသော လူများအတွက် အလွန်အမင်းကို ခက်ခဲလှသည်။ သို့သော် နှစ်ပေါင်းများစွာ ကောလာဟလများကို နားထောင်ပြီး ကြီးပြင်းလာခဲ့ရသည့် လူငယ်လေးအတွက်တော့ ထိုအရာက နဂါးရေကန်နှင့် ကျားရဲတွင်းတစ်ခု ဖြစ်သည်။ သူက ထိုနေရာကို မသွားနိုင်ပေ။

အလွန်လျင်မြန်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော လူကြီးက လူငယ်လေး၏ အပြုအမူကြောင့် စိတ်ပျက်သွားခဲ့ခြင်း မရှိချေ။ သူက လမ်းလျှောက်ခြင်း ရပ်တန့်နေခဲ့ခြင်းမရှိဘဲ အနည်းငယ် နှေးကွေးလိုက်၏။

"ရုံးတော်ထဲမှာရှိတဲ့ သူလျှိုတွေရဲ့မှတ်တမ်းအရ မင်းက တာ့ဆွေအင်ပါယာက ကောင်းမျိုးရိုး မင်းသားနဲ့ တွေ့ခဲ့တယ် မဟုတ်လား။ တာ့ဆွေအင်ပါယာရဲ့ ကောင်းမျိုးနွယ်နဲ့ ငါတို့စုန်မျိုးနွယ်က နှစ်ပေါင်းတစ်ထောင်ကျော် မပြေလည်နိုင်တဲ့ ရန်သူတွေ ဖြစ်ခဲ့တယ်ဆိုတာလည်း မင်းသိတယ် မဟုတ်လား။ မင်းတို့ (၂)ယောက်လုံးက မင်းသားတွေပဲ။ ဒါပေမယ့် သူကတောင် ရန်သူ့တိုင်းပြည်ထဲမှာရှိတဲ့ ဒီမြို့လေးထဲကို လာရဲသေးတယ်။ မင်း စုန့်ကျိရှင်းကလည်း မင်းသားတစ်ယောက်ပဲ။ မင်းက မင်းရဲ့ပိုင်နက်ထဲမှာ ရှိတဲ့ ရုံးတော်အဆောက်အဦးကိုတောင် မသွားရဲဘူးလား."

စုန့်ကျိရှင်းကတော့ ထိုစကားလုံးများ၏ လေးနက်သော အဓိပ္ပါယ်ကို စဉ်းစားမနေခဲ့ပေ။ ထိုအစား သူက လျှိုရှန်းယန်ကို ပြန်လှည့်ကြည့်လိုက်၏။

နံရံပေါ်တွင် ထိုင်နေသော အရပ်ရှည်ရှည် လူငယ်လေးက လက် (၂) ဖက်ကို ပွတ်နေပြီး သူတို့၏စကားကို မကြားသလို ထင်ရသည်။

ရွှံ့ပုလင်းလမ်းကြားထဲတွင် လမ်းလျှောက်နေသော အဖြူရောင်ဝတ်စုံနှင့် တာ့လီဦးရီးတော်က ပြုံးလိုက်၏။ ထိုလူက အနည်းငယ် အံ့သြသွားခဲ့သည်။

"ငါတို့စုန့်ကလန်ရဲ့ မျိုးဆက်တစ်ယောက် ပီသပါပေတယ်…"

သို့သော် လူငယ်လေးက ထိုအမျိုးသမီး၏ သားဖြစ်ကြောင်း စဉ်းစားမိသည့်အချိန်တွင် တာ့လီအင်ပါယာ၏ နံပါတ်(၁) သိုင်းပညာရှင်တစ်ယောက်ဖြစ်သလို အစွမ်းထက် ဦးရီးတော် တစ်ယောက်ဖြစ်သော သူက အနည်းငယ် ပြဿနာများသလို ခံစားခဲ့ရသည်။

စုန့်ကျိရှင်းက အံကြိတ်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ကျစ်ကွေးကို လှည့်ကြည့်လိုက်၏။ သူက ပြောလိုက်သည်။

"သိပ်မကြာခင် ငါ ပြန်လာခဲ့မယ်။ ငါ့ကိုနေ့လယ်စာစားဖို့ မစောင့်နဲ့တော့..."

စုန့်ကျိရှင်းက ခြံဝန်းထဲမှ ထွက်သွားခဲ့ပြီး ပြန်လှည့်၍ ပြုံးပြလိုက်သည်။

"ငါ့ရဲ့အိပ်ရာဘေးမှာရှိတဲ့ ငွေထုပ်ကိုယူပြီး တူမိသားစုဈေးဆိုင်မှာ နဂါးဇာမဏီဆွဲပြားတစ်စုံ သွားဝယ်လိုက်။ နောက်ပိုင်း ငါတို့က ငွေကြေး ချွေတာနေစရာ မလိုတော့ဘူး…"

ကျစ်ကွေးက ခေါင်းညိတ်ပြလိုက်ပြီး နားလည်ကြောင်း ပြောလိုက်သည်။ စုန့်ကျိရှင်းက အေးအေးဆေးဆေး အမူအရာနှင့် ထွက်ခွာသွားခဲ့၏။

စုန့်ကျိရှင်း အဝေးကို ထွက်ခွာသွားသည့်အချိန်တွင် နံရံပေါ်၌ ထိုင်နေသော လျှိုရှန်းယန်က မေးလိုက်သည်။

"ကျစ်ကွေး …

စုန့်ကျိရှင်းနဲ့ အဲဒီကြီးကြပ်သူက ဘယ်လိုပတ်သက်တာလဲ…"

ကျစ်ကွေးက ထိုလူငယ်လေးကို သနားစဖွယ် လှည့်ကြည့်လိုက်သည်။

လျှိုရှန်းယန်က သူမ၏အကြည့်ကို မခံနိုင်ခဲ့ပေ။

"ဘာလဲ … သူက ကြွေထည်တာဝန်ယူရတဲ့ အရာရှိတစ်ယောက်ကိုသိရုံနဲ့ပဲ ဘာများထူးခြားသွားလို့လဲ…"

ကျစ်ကွေးကတော့ ပြုံးရုံလေး ပြုံးလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူမက ခြံဝန်းထဲတွင် ကြက်မကြီးများနှင့် ကြက်ကလေးများကို အစာကျွေးနေခဲ့၏။

လျှိုရှန်းယန်ကတော့ ဘာကြောင့်မှန်းမသိဘဲ စိတ်ပျက်သွားမိခဲ့၏။ သူက နံရံပေါ်မှ ခုန်ချလိုက်ပြီး အိမ်ထဲသို့ လိုက်အော်လိုက်သည်။

"ချန်းပင်အန်း …

ပန်းပဲဆိုင်ကို သွားကြစို့။ ငါက ဒီနေရာမှာနေရတာ စိတ်ရှုပ်တယ်.."

ထိုမိန်းမပျိုကတော့ တစ်ဖက်ခြံကို ကျောပေးနေခဲ့သည်။ သူမက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။

"ဗုဒ္ဓက အမွှေးတိုင်အတွက် တိုက်ခိုက်တယ်။ လူသားတွေကတော့ အသက်ရှူခွင့်ရဖို့အတွက် တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ အသုံးမကျတဲ့ လူတစ်ယောက်ကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာပဲ.."

လျှိုရှန်းယန်၏ ခေါင်းထဲတွင် သွေးများ ဆူပွက်လာခဲ့သည်။ သူ၏နား (၂) ဖက်ကပင် နီရဲလာခဲ့၏။ သူက အဝါရောင်ရွှံ့နံရံဆီသို့ လျှောက်သွားခဲ့ပြီး နံရံကို လက်သီးနှင့် ပြင်းထန်စွာ ထိုးလိုက်သည်။

"ဝမ်ကျူး…

နင် နောက်တစ်ကြိမ် ထပ်ပြောကြည့်လိုက်စမ်း…"

အ‌စေခံမလေးက ပြောင်းဖူးများ အရွက်များကို အဝေးသို့ ပစ်ချလိုက်ပြီး လက် (၂)ဖက်ကိုခါ၍ ပြုံးလိုက်သည်။

"နင့်ကိုယ်နင် ဘယ်သူထင်နေတာလဲ။ နင်က ငါ့ကို ထပ်ပြီးပြောစေချင်သေးတာလား.."

လျှိုရှန်းယန်က တဖြည်းဖြည်း ပို၍လှပလာသော မိန်းမပျိုကို ကြည့်လိုက်သည်။ သူလည်း ဘာပြန်ပြောရမှန်း မသိခဲ့ပေ။ သူ့ရင်ထဲတွင် လှစ်ဟာနေသလို ခံစားနေရပြီး ကြွေပုလင်းလေးက မြေပေါ်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ လျှိုရှန်းယန်က တံခါးဝတွင် အချိန်အတော်ကြာ ရပ်နေမိခဲ့သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ချန်းပင်အန်းက ခြံဝန်းထဲသို့ လျင်မြန်စွာ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်၏။

"သွားကြစို့…"

လူငယ် (၂) ယောက်က လမ်းကြားထဲတွင် ဘေးချင်းယှဉ်၍ လျှောက်နေခဲ့သည်။ အရပ်ရှည်ရှည် လူငယ်လေးက ရုတ်တရက် မေးလိုက်၏။

"ချန်းပင်အန်း …

ငါက ဘာမှအသုံးမကျတဲ့ လူတစ်ယောက်လား…"

ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး အလေးအနက် ပြောလိုက်သည်။

"လမ်းကြားလေးထဲမှာရှိတဲ့ အိမ်နီးချင်းတွေအားလုံး ငါ့အမေက အရမ်းကောင်းတယ်လို့ ပြောကြတယ်။ ငါ့အဖေကလည်း ရေငုံနှုတ်ပိတ်နေတတ်ပေမယ့် နာမည်ကျော်ကြားတယ်လို့ ပြောကြတယ်။ ဒါကြောင့် မင်းက တခြားလူအတွက် အသုံးကျတယ် မကျဘူးဆိုတာ ဘာများအသုံးဝင်မှာလဲ…"

လျှိုရှန်းယန်၏မျက်နှာက ဝမ်းနည်းနေခဲ့သည်။

"ဒါဆိုရင်တော့ ငါက ပိုပြီးတော့တောင် ဆိုးသေးတယ်။ ငါက နောက်ပိုင်း အလုပ်ကြိုးစားပြီး နဂါးမီးဖိုကြီးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် ဒါမှမဟုတ် ဆရာရွမ်ရဲ့ ပန်းပဲပညာတွေအားလုံးကို သင်ကြားနိုင်ခဲ့မယ်ဆိုရင်တောင် သူက ငါ့ကို ကြိုက်မှာမဟုတ်ဘူး…"

ချန်းပင်အန်းက ပါးစပ်ပိတ်ထားပြီး မီးလောင်ရာလေပင့် မပေးချင်တော့ပေ။ ချန်းပင်အန်းက ရင်းနှီးသော လမ်းကြားလေးထဲတွင် လျှောက်သွားနေရင်း မြင်ကွင်းတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့၏။

အစောပိုင်းနှစ်များတွင် သူက အဘိုးယောင်၏ နောက်မှလိုက်၍ စမ်းချောင်းကိုဖြတ်ပြီး တောင်တန်းများထဲသို့ သွားလာခဲ့ဖူးသည်။ ထိုအချိန်တွင် စမ်းချောင်းဘေး၌ ရေသောက်နေသော သမင်တစ်ကောင်ကို မြင်ခဲ့ဖူး၏။

ထိုသမင်က သူ့ကို ကြောက်မနေခဲ့ပေ။ သမင်က ရေသောက်လိုက်ပြီးနောက် ခေါင်းငုံ့ပြီး စမ်းချောင်းထဲကိုကြည့်၍ အချိန်တော်တော်ကြာသည့်တိုင်အောင် ထွက်ခွာသွားခဲ့ခြင်း မရှိချေ။ စမ်းချောင်း၏ မျက်နှာပြင်ပေါ်တွင်တော့ သမင်၏ပုံရိပ်အပြင် ရေထဲ၌ ကူးခတ်နေသော ငါးလေးတစ်ကောင်လည်း ရှိနေခဲ့သည်။

ဘိုးဘေးနေအိမ်မှ ထွက်မလာခင် သူ့ဆီ၌ သစ်ခါးပင်သစ်ရွက်တစ်ခု ရှိလာသည်နှင့် မြို့ထဲမှ မြန်မြန်ထွက်သွားသင့်ကြောင်း မိန်းကလေးနင်က သူ့ကို အကြံပေးခဲ့သည်။ ထိုသစ်ခါးပင်သစ်ရွက်၏ မမြင်နိုင်သော အကာအကွယ်ကြောင့် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ချေ။ သူက မြို့ထဲတွင် အချိန်ကြာကြာမနေလျှင် အကောင်းဆုံး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လျှိုရှန်းယန်၏ ပြဿနာများက ချန်းပင်အန်းအပေါ် သက်ရောက်မှုရှိမရှိ သူမလည်း မသိနိုင်ပေ။ သို့သော် လျှိုရှန်းယန်ကို ဆရာရွမ်က တပည့်အဖြစ် လက်ခံလိုက်ကြောင်း သူမျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ပြီးမှသာ ဤနေရာမှ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်မည်ဟု ချန်းပင်အန်းက ခေါင်းမာနေခဲ့၏။

လျှိုရှန်းယန်ကြောင့်သာ မဟုတ်လျှင် သူက ဆာလောင်ပြီး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ မိန်းကလေးနင်ကလည်း သူ့နေအိမ်တွင် ဒဏ်ရာများမှ သက်သာလာနိုင်ရန် ချန်းပင်အန်းက မျှော်လင့်နေခဲ့၏။ သို့သော် ထိုစကားကိုတော့ မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို တဏှာရူးဟုထင်မှာ စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။

ချန်းပင်အန်းက ရုတ်တရက် မေးလိုက်သည်။

"မင်းအဘိုး မင်းအတွက် ချန်ထားခဲ့တဲ့ ချပ်ဝတ်အင်္ကျီကို အပြင်လူတစ်ယောက်ဆီ ရောင်းဦးမှာလား…"

လျှိုရှန်းယန်က အမှန်တရားဘက်တော်သားတစ်ယောက်၏ အမူအရာနှင့် ပြောလိုက်၏။

"မရောင်းပါဘူး။ ငါ သေမယ်ဆိုရင်တောင် မရောင်းဘူး…"

သူက သူ့ဘေးတွင် ရှိနေသော လူငယ်လေး၏ပုခုံးကို လက်သီးနှင့်ထိုး၍ စနောက်လိုက်သည်။

"ငါက မင်းလို ငွေမက်တဲ့သူမှ မဟုတ်တာ..."

အရပ်ရှည်ရှည် လူငယ်လေးက ခေါင်းနောက်တွင် လက် (၂) ဖက်ကို တင်ထားခဲ့သည်။

"တချို့ကိစ္စတွေက အခုချက်ချင်း အကျိုးအမြတ်မရှိရင်တောင် နောက်ပိုင်း ငွေကြေးရလာနိုင်တယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ ဒီဘဝကြီးထဲမှာ လုံးဝပျောက်ကွယ်သွားပြီလေ…"

ချန်းပင်အန်းက တစ်ယောက်တည်း ရေရွတ်လိုက်၏။

"ငါ နားလည်ပါတယ်…"

သူတို့က ရွှံ့ပုလင်းလမ်းကြား၏အဝသို့ ရောက်လာသည့်အချိန်တွင် လျှိုရှန်းယန်က ကျိန်ဆဲလိုက်မိ၏။

ချန်းပင်အန်းကလည်း အတွေးများကို ဖယ်ရှားပြီး မော့ကြည့်လိုက်ရာ ရုတ်တရက် ရင်ထဲတွင် လေးလံသွားသလို ခံစားလိုက်ရသည်။ ထိုအရာကတော့ ဖုလုလမ်းကြားထဲမှ လုမိသားစု၏ အကြီးဆုံးမြေး ဖြစ်သည်။

အတိတ်တုန်းကတော့ ထိုလူငယ်က လူဆိုးလေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဤလမ်းကြားလေးထဲတွင် လျှိုရှန်းယန်ကို ပိတ်၍ ရိုက်နှက်ခဲ့ဖူးသည်။ အကယ်၍ ပြေးလာပြီး အော်ဟစ်ခဲ့သော ချန်းပင်အန်းကြောင့်သာ မဟုတ်လျှင် အိမ်တွင် အကြီးအကဲ ဆွေမျိုးများ မရှိသော လျှိုရှန်းယန်က အုတ်ဂူထဲကို ရောက်သွားလောက်ပါပြီ။

ထိုအချိန်တွင် စုန့်ကျိရှင်းကတော့ နံရံပေါ်တွင်ထိုင်ပြီး ထိုပြပွဲကို ကြည့်နေခဲ့သည်။ သူက မီးလောင်ရာ လေပင့်ပေးခဲ့ခြင်း ဖြစ်၏။ နောက်ပိုင်းတွင်တော့ လုကျန့်ချွန်၏ အပြုအမူများက မြို့အပြင်ဘက်တွင် အထင်ကြီးစေရန်အလို့ငှာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အကြောက်တရားများ ပြည့်နှက်နေခဲ့သော ချန်းပင်အန်းက ပြောခဲ့သည်။

လုကျန့်ချွန်က လျှိုရှန်းယန်၏လမ်းကို တားဆီးထားခဲ့ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့။ ငါက မင်းနဲ့ ပြဿနာဖြစ်ဖို့ရောက်လာတာ မဟုတ်ဘူး။ ဒါပေမဲ့..."

လျှိုရှန်းယန်က လုမိသားစုမှ လူငယ်လေးကို စကားဖြတ်ပြောလိုက်သည်။

"နောက်တစ်ကြိမ် လာပြန်ပြီလား။ မင်းက ငါ့လမ်းကို ပိတ်မထားနဲ့။ ဝေးဝေးထွက်သွားလိုက်..."

လုကျန့်ချွန်က ရှက်ရွံ့သွားခဲ့သည်။ သူက အားတင်း၍ အပြုံးနှင့် ပြောလိုက်၏။

"လျှိုရှန်းယန် …

ဒီတစ်ကြိမ် ငါ့ဆီမှာ တကယ်ပဲ မင်းနဲ့ဆွေးနွေးစရာရှိတယ်။ အရင်တစ်ခေါက်တုန်းက မင်းက ငါ စကားပြောတာ မစောင့်ဘဲ အဝေးကို ထွက်ပြေးသွားတယ်။ အဲဒါက မကောင်းဘူးလေ။ အနည်းဆုံးတော့ မင်းက ငါပြောတဲ့ အခြေအနေတွေကို နားထောင်ပေးသင့်တယ် မဟုတ်လား…”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ ငါတို့ညီအစ်ကို (၂)ယောက်က မိတ်ဆွေတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလောက်ထိလည်း တင်းမာနေဖို့ မလိုပါဘူး။ အဲဒီဧည့်သည်တွေနဲ့ ငါက စိတ်ရင်းနဲ့ တောင်းဆိုနေတာပါ.."

လျှိုရှန်းယန်က ခေါင်းငဲ့ကြည့်လိုက်ပြီး ထေ့ငေါ့၍ ပြောလိုက်၏။

"ဘာလဲ မင်းက ပွဲစားလုပ်ချင်သေးတာလား။ မင်း လုကျန့်ချွန်က ငါတို့မြို့ထဲမှာ အချမ်းသာဆုံး မိသားစုရဲ့မြေးလေ။ ဘာလို့ အပြင်လူတွေရဲ့ နောက်လိုက် ဖြစ်နေရတာလဲ…"

လုကျန့်ချွန်၏မျက်နှာက မည်းမှောင်သွားခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးက ဆက်၍ ရှိနေသေးသည်။ သူ့ပုံစံက အလွန်ရယ်စရာကောင်းပြီး သူက တောင်းပန်လုမတတ် ဖြစ်နေခဲ့၏။

"လျှိုရှန်းယန် …

မင်းသာ ဆန္ဒရှိတယ်ဆိုရင် မင်းကြိုက်တဲ့အရာကို တောင်းဆိုလို့ရတယ်။ သူတို့က မင်း ကျေနပ်အောင် အကောင်းဆုံး ကြိုးစားပေးပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် မင်းက ကြေးပြားတွေ လိုချင်လား။ မင်းလိုချင်တဲ့ ကြေးပြားပမာဏ ပြောလိုက်ပါလား။ ဥပမာ ကြေးပြား (၁၅၀) ၊ ကြေးပြား (၂၀၀) ဆိုရင်တောင် ငါက မင်းအတွက် ပြောပေးမှာပေါ့။ ကြေးပြား (၂၀၀) ဆိုရင် မင်းက ဖုလုလမ်းကြားထဲမှာ အိမ်တစ်ဝက် ဝယ်ဖို့တောင် လုံလောက်တယ်လေ…"

လျှိုရှန်းယန်က သူ့ရှေ့တွင် ရှိနေသော လူငယ်၏မျက်နှာနှင့် မျက်လုံးကို စိုက်ကြည့်ပြီး အထင်သေးစွာ ပြောလိုက်သည်။

"ကြေးပြား (၂၀၀) လား။ မင်းက ငါ့ကို သူတောင်းစားထင်နေတာလား။ စိတ်ရင်းနဲ့ တောင်းဆိုနေတာလား။ မင်းက ငါ့ကို ပြဿနာမရှာဖို့ အကြံပေးချင်တယ်။ ငါ သွားစရာ ကိစ္စရှိသေးတယ်။ ငါ လမ်းကနေ ဖယ်လိုက်..."

ရွှံ့ပုလင်းလမ်းကြား၏ထောင့်တွင်တော့ သန်သန်မာမာ အဘိုးတစ်ယောက်၏ ပုခုံးပေါ်တွင် ထိုင်နေသော ကလေးမလေးတစ်ယောက် ရှိသည်။

အနီဝတ်ကောင်လေးကလည်း အမျိုးသမီးတစ်ယောက်၏ လက်ကို ကိုင်ထားခဲ့၏။ သူက အပြစ်ကင်းစင်သော အသက်အရွယ်သာ ရှိသေးသော်လည်း သူ့မျက်နှာပေါ်တွင်တော့ အသက်နှင့်မလိုက်သော ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခု ရှိသည်။

သူက မွေးရပ်မြေဘာသာစကားနှင့် ပြောလိုက်၏။

"ဒီလုမျိုးနွယ်က တော်တော်လေး ဉာဏ်တုံးတာ မဟုတ်လား။ ဒါက ဘာများအသုံးဝင်လို့လဲ…"

အမျိုးသမီးက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

"မင်းက တခြားသူတွေဆီကနေ အခွင့်အရေးတစ်ခု တောင်းဆိုတဲ့အချိန်ကျရင် သူတို့နဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိဖို့လိုတယ်။ အလုပ်ကိစ္စ အကြောင်း ပြောတဲ့အချိန်မှာ မင်းက အကျိုးအမြတ်အများဆုံး လိုချင်တယ်ဆိုရင် လုကျန့်ချွန်လိုပဲ ဖြစ်သင့်တယ်။ တစ်ဖက်လူရဲ့စိတ်ထဲမှာ တွေးထားတဲ့ ဈေးနှုန်းကို စမ်းသပ်ကြည့်ရတယ်…"

ကလေးငယ်က ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။

"အဲဒီမြို့ခံတွေနဲ့ အလုပ်လုပ်ရတာ ဒီလောက်တောင် ပြဿနာများတာလား…"

အမျိုးသမီးက အပြုံးနှင့် ပြောလိုက်၏။

"လူသားသဘာဝက အရမ်းရှုပ်ထွေးတယ်။ လူသားတွေရဲ့ နှလုံးသားကလည်း မည်းမှောင်နေတယ်။ ဒါက ကျင့်စဉ်အဆင့်အပေါ် အခြေခံထားတာ မဟုတ်ဘူး။ ဒီနေရာငယ်လေးမှာ နေတဲ့သူတွေက အသိဉာဏ်ဗဟုသုတ နည်းပါးမယ်ဆိုရင်တောင် သူတို့အားလုံးက အရူးတွေ မဟုတ်ကြဘူး။ တကယ်လို့ သားဆီမှာ အဲဒီလိုအတွေးမျိုး ရှိနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်…"

ကလေးက ပြောလိုက်သည်။

"အမေ …

အမေက လူတွေရဲ့နှလုံးသားကို ရင်းနှီးနေတာပဲ။ ဘာလို့ ကိုယ်တိုင် သူနဲ့မျက်နှာချင်းဆိုင် မပြောရတာလဲ…"

အမျိုးသမီးက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"အမေတို့ ဝတ်ထားတဲ့ပုံစံကို ကြည့်လေ။ အမေတို့က ဘယ်ဆိုင်ကိုပဲသွားသွား ရောင်းသူကသာ နည်းနည်းလောက် လှည့်စားလိုက်မယ်ဆိုရင် အမေတို့က ဘာတတ်နိုင်မှာလဲ။ သူတို့က ရိုးသားမှာ မဟုတ်ဘူး…"

ကလေးငယ်က သက်ပြင်းချလိုက်မိသည်။

"ကျွန်တော်တို့က အရမ်းသိသာနေတော့ မသက်မသာ ဖြစ်နေရတာပေါ့.."

အမျိုးသမီးက ထိုင်ချလိုက်ပြီး ကလေးငယ်၏ပါးကို လက် (၂) ဖက်နှင့် ဖျစ်လိုက်သည်။ သူမက အဖေတူသားဖြစ်သော ကလေးငယ်ကိုကြည့်ပြီး အလေးအနက် ပြောလိုက်၏။

"နှလုံးသားကို လေ့ကျင့်တာကလည်း ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းဆိုတာ မှတ်ထားပါ။ အခြေအနေကောင်းတာက စွမ်းအားကို လေ့ကျင့်ပြီး အခြေအနေဆိုးတာက နှလုံးသားကို လေ့ကျင့်နိုင်တယ်။ နှစ်ခုလုံးမရှိဘဲ ဘာမှလုပ်လို့မရဘူး…"

ကလေးငယ်က ခေါင်းခါပြီး အမျိုးသမီးလက်ထဲမှ ရုန်းထွက်လိုက်သည်။ သူက ဒေါသတကြီး ပြောလိုက်၏။

"ဒီလိုအဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေပဲ နောက်တစ်ကြိမ် ထပ်ပြောပြန်ပြီ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲ…"

အမျိုးသမီးက အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့၏။ သို့သော် သူမက အမှန်တရားအတိုင်း သင်ကြားပေးခဲ့ခြင်း မရှိချေ။ သူမ၏ကလေးက အလွန်ပါရမီထူးချွန်ပြီး ကောင်းမွန်သော အုတ်မြစ်တစ်ခုရှိသည်ဟု သူမက ခံစားမိခဲ့သည်။

သူ့ဆီတွင် မိသားစုကြီး (၂) ခု၏ နောက်ခံလည်းရှိနေပြီး အနာဂတ်တွင် လျှောက်လှမ်းရန် လမ်းရှည်ကြီး ကျန်နေသေးသည်။ သူ၏အကျင့်စရိုက်က အနည်းငယ် တဇွတ်ထိုးဆန်ပြီး ခေါင်းမာသော်လည်း ဖြည်းဖြည်းခြင်း သင်ကြားပေးရမည်သာ ဖြစ်သည်။ မျိုးဆက်များကို မြှောက်ပင့်နေခြင်းကလည်း သူတို့၏ ကြီးပြင်းမှုတွင် အကြီးမားဆုံး အမှားတစ်ခု ဖြစ်နိုင်၏။

လမ်းကြားလေးထဲတွင် ပျင်းစရာကောင်းသော စကားများကို နားထောင်နေရင်း ကလေးမလေးက အနည်းငယ် စိုးရိမ်နေခဲ့သည်။

"အဘိုးလူဝံကြီး…

တကယ်လို့ အဲဒီလူကသာ ဘာမှမရောင်းဘူးဆိုရင် ကျွန်မတို့က ဘာလုပ်ကြမလဲ.."

ဒူးပေါ်သို့ လက် (၂) ဖက် တင်ထားသော အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။

"ဒါဆိုရင်တော့ အဘိုးက သူ့ကို သတ်လိုက်မှာပေါ့။ အဘိုးက အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ပြီး ဒီနေရာကို ရောက်လာခဲ့တာ...။ မဟုတ်ရင် အဲဒီငွေကြေးတွေက အချည်းနှီး ဆုံးရှုံးသွားသလို ဖြစ်တော့မှာပေါ့။ ဒါပေမယ့် အဲဒီအချိန်ရောက်လာရင် သခင်မလေးရဲ့လုံခြုံမှုက နည်းနည်းလေး ပြဿနာများတယ်။ ဒီတော့ သခင်မလေးကို စုန့်မိသားစု ဒါမှမဟုတ် လီမိသားစုဆီကို အပ်နှံခဲ့ရလိမ့်မယ်.."

အရာအားလုံး ဘေးဖယ်ထားပြီး သူက လူတစ်ယောက်ကို သတ်တော့မည်ဆိုလျှင် ထိုအဘိုးအိုက သူတော်စင်၏ ဖယ်ရှားခြင်းကို ခံရနိုင်သော်လည်း အချည်းနှီး ကုန်ဆုံးသွားခြင်းကလွဲလျှင် အဆင်ပြေနိုင်သေးသည်။ အနည်းဆုံးတော့ ရေဗွက်ထင်နိုင်သေး၏။

သို့သော် ထိုအဘိုးအိုက တခြားရွေးချယ်စရာမရှိဘဲ ထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ဓားသိုင်းကျမ်းက အလွန်အစွမ်းထက်မည်ဆိုလျှင်ပင် သူ၏ပုခုံးပေါ်တွင် ရှိနေသော ကျန့်ယန်တောင်မှ အဖိုးတန်ကလေးမလေး၏ အင်မော်တယ်လမ်းကြောင်းနှင့် ယှဉ်လိုက်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။ အနည်းဆုံးတော့ အဘိုးအို တွေးထားသလိုသာ ဖြစ်နိုင်၏။

လုမိသားစုက မြို့ငယ်လေးထဲတွင် ရှိနေသော မိသားစု (၄) ခုနှင့် ကလန်(၁၀)ခု၏ ခေါင်းဆောင် ဖြစ်သည်။ သို့သော် အပြင်ဘက်တွင်တော့ ပြောင်းပြန်ဖြစ်၏။ လုမိသားစုက နောက်ဆုံးတွင်ဖြစ်သည်။

လုမိသားစု အုပ်စိုးခဲ့သော တိုင်းပြည်ကို တာ့လီအင်ပါယာ၏ နယ်ခြားစောင့်တပ်ဖွဲ့ (၂)ခုက ဖျက်ဆီးခဲ့ပြီးနောက် အရှေ့ပိုင်းကုန်းမြေကြီးပေါ်တွင် လုမိသားစု၏ အခြေအနေက ပျက်စီးလုနီးနီး ဖြစ်လာခဲ့သည်။

လမ်းကြား၏တစ်ဖက်တွင်တော့ …

လျှိုရှန်းယန်က အဆင့်မြင့်ရာထူးများ ရက်ရက်ရောရော ကမ်းလှမ်းနေသော ငွေကြေးများအကြောင်း ပြောနေသည်ကို နားထောင်နေခဲ့သည်။ သူက စာအုပ်ထဲမှ ပြုတ်ကျလာသော စုန့်ကျိရှင်းကို ရင်ဆိုင်နေရသလို ခံစားနေရပြီး အတော်လေးကို စိတ်ရှုပ်နေခဲ့သည်။

သူက ရှေ့ကို တစ်လှမ်းလျှောက်သွားပြီး လုကျန့်ချွန်၏နှာခေါင်းကို လက်ညှိုးထိုး၍ ပြတ်သားစွာ ပြောလိုက်၏။

"အဲဒီချပ်ဝတ်အင်္ကျီက ငါတို့လျှိုမိသားစုရဲ့ ဘိုးဘွားအမွေအနှစ်ပဲ။ အဲဒါကို ငွေကြေးနဲ့ တိုင်းတာလို့မရဘူး။ မင်းက ငါ့ကို ဒီနေ့မင်းရဲ့အိမ်ပေးမယ်ဆိုရင်တောင် ငါ လျှိုရှန်းယန်က ဂရုမစိုက်ဘူး။ မင်းက ငါ့ကို နေ့တိုင်း အဘိုးလို့ ခေါ်မယ်ဆိုရင်တော့ စဉ်းစားပေးမယ်။ ငါပြောတာ ကြားလား.."

ရွှံ့ပုလင်းလမ်းကြား၏ ဝင်ပေါက်တွင် တစ်ယောက်တည်း ရပ်နေသော လုကျန့်ချွန်က သူ့ရှေ့တွင် ရှိနေသော လူငယ်ကို စိုက်ကြည့်နေခဲ့သည်။ သူ့ဆီတွင် မည်သည့်အရာကိုမျှ ဆုံးရှုံးစရာ မရှိတော့ပေ။

လုမိသားစုမှ လူငယ်လေးကတော့ ဤနေရာတွင် သူ့ကိုယ်သူ သတ်သေရန်ပင် တွေးမိခဲ့သည်။ မူလတုန်းကတော့ သူက အမိုးတံတားတွင် ကြားခံလူတစ်ယောက် အနေနှင့် လျှိုရှန်းယန်၏ လမ်းကို တားဆီးထားခဲ့သည်။ သို့သော် ထိုနေရာတွင် မအောင်မြင်ခဲ့ပေ။

သူက ဖုလုလမ်းကြားထဲရှိ အိမ်ကို ပြန်ရောက်လာသည့်အချိန်တွင် သူ့အဘိုးက အဆင့်မြင့်ဧည့်သည်များနှင့် မိတ်ဆက်ပေးခဲ့သည်။ သူက လျှို့ဝှက်အခန်းထဲသို့ တည်ငြိမ်စွာ ခေါ်ပြောခဲ့၏။ သူက ကြမ်းကြမ်းတမ်းတမ်း မပြောခဲ့သလို မိသားစု၏ စီးပွားရေးကိစ္စများကိုလည်း မပြောခဲ့ပေ။

သူက အဝတ်ဖြူအောက်တွင် ရှိနေသော အလောင်းကိုသာ လက်ညှိုးထိုးပြခဲ့၏။

"ကျန့်ချွန် …

အဘိုးက တခြားဘာမှမတောင်းဆိုချင်ဘူး။ မင်းရဲ့ညီလေးက ငြိမ်းငြိမ်းချမ်းချမ်း သေသွားဖို့ပဲ မျှော်လင့်ပါတယ်။ သူ သေသွားပြီး (၇) ရက်မြောက်နေ့မှာ မင်းက မြို့ငယ်လေးထဲကနေ ထွက်သွားနိုင်ဖို့ မျှော်လင့်တယ်။ မင်းက သူ့ရဲ့ကိုယ်စား အပြင်ဘက်မြင်ကွင်းတွေကို ကြည့်ပေးနေတယ်လို့ သတ်မှတ်လိုက်ပါ.."

လုကျန့်ချွန်၏ မျက်လုံးများက စိုစွတ်လာခဲ့သည်။ သူက ငိုရှိုက်ပြီး တုန်ယင်နေသော လေသံနှင့် ပြောလိုက်၏။

"လျှိုရှန်းယန် ငါ မင်းကိုတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါလား…"

လျှိုရှန်းယန်က အံ့သြမှင်တက်သွားခဲ့၏။ ဘဝတလျှောက်လုံး အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့သော လူငယ်လေးက ပို၍ပင် မသက်မသာ ခံစားနေခဲ့ရ၏။ သူ၏နှုတ်ခမ်းများက တုန်ယင်နေခဲ့ပြီး ရှိုက်၍ ငိုကြွေးနေခဲ့သည်။

"ငါ မင်းရှေ့မှာ ဒူးထောက်ပါ့မယ်။ ငါ မင်းကို တောင်းပန်ပါတယ်။ ငါပြောတာကို လက်ခံပေးလို့ရမလား.."

လုကျန့်ချွန်က ရွှံ့ပုလင်းလမ်းကြား၏ မြေကြီးပေါ်တွင် ဒူးထောက်ပြီး အရိုအသေပေးလိုက်သည်။ ထိုလူငယ်က ရွှေပုံပေါ်တွင် နေခဲ့ရသော လူငယ်တစ်ယောက် ဖြစ်သည်။ ယခုတော့ စဉ်းစားမနေဘဲ (၃) ကြိမ် အရိုအသေပေးခဲ့၏။

ရွှံ့ပုလင်းလမ်းကြား၏ နံရံအပြင်ဘက် ခြေတစ်လှမ်းအကွာတွင် ကလေးမလေးက အဘိုးအို၏ ရင်ဘတ်ကို ခြေထောက်နှင့် ညင်သာစွာ ကန်လိုက်၏။ သူမကတော့ လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသော တောင်မြင့်ကြီးများအကြောင်းကို စဉ်းစားနေခဲ့သည်။ သူမက မည်သည့်တောင်မြင့်ကြီးကို သူမ၏မွေးရပ်‌မြေသို့ ရွှေ့သွားလျှင်ကောင်းမလဲ စဉ်းစားနေခဲ့သည်။

ကလေးငယ်ကတော့ ဝမ်းသာနေသော အမူအရာနှင့် မေးလိုက်သည်။

"အမေ …

အဲဒီလုမျိုးရိုးက ရူးနေပြီလား။ နောက်ပိုင်း အဲဒီအရူးကို ဒီမြို့ထဲကနေ တကယ်ခေါ်သွားမလို့လား။ ဒါက တော်တော်လေးကို ရှက်စရာကောင်းတယ် မဟုတ်လား…"

အမျိုးသမီး၏ အမူအရာကတော့ အလွန်ရှုပ်ထွေးနေခဲ့သည်။ သူမက ထူးဆန်းသော လူပေါင်းများစွာကို မြင်တွေ့ခဲ့ဖူး၏။ သူမက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တွေဝေနေခဲ့သည်။ အဆုံးတွင်တော့ ခေါင်းခါပြီး ပြောလိုက်၏။

"မဟုတ်ပါဘူး…"

လျှိုရှန်းယန်လည်း ပြောစရာစကားလုံးများ ပျောက်ကွယ်သွားသည်။ လုကျန့်ချွန်က ထိုကဲ့သို့အရာမျိုး လုပ်လိမ့်မည်ဟု သူလည်း လုံးဝ မတွေးမိခဲ့ပေ။ မြို့ငယ်လေးထဲတွင် အချမ်းသာဆုံးမိသားစု၏ အကြီးဆုံးမြေးက သူ့ရှေ့တွင် ဒူးထောက်ပြီး အရိုအသေ ပေးနေခြင်းပေလော။

လုကျန့်ချွန်၏ မျက်နှာက မည်းမှောင်နေခဲ့သည်။ ထိုအချိန်တွင် လုကျန့်ချွန်နှင့် လျှိုရှန်းယန်တို့ကို တိတ်တဆိတ် စောင့်ကြည့်နေသော မြက်ဖိနပ်လူငယ်လေးက သူ၏အင်္ကျီစကိုဆွဲ၍ ညင်သာစွာ ခေါင်းခါပြလိုက်သည်။

လျှိုရှန်းယန်ကတော့ သူ့ကို မကြည့်တော့ပဲ ပြောလိုက်၏။

"ဒါက တော်တော်လေးကို ဆိုးသွားပြီ…"

သူ၏မျက်လုံးထဲတွင် ပြတ်သားမှုများကို မြင်နေရသည်။ မည်သည့်အရာကိုမျှ ဂရုမစိုက်သော အရပ်ရှည်ရှည်လူငယ်လေးက ပျော့ပျောင်းတော့မည့် လက္ခဏာမျိုး ပေါ်နေခဲ့၏။ သို့သော် လက်ရှိအချိန်တွင် အနက်ဝတ်မိန်းမပျို၏ မျက်လုံးထဲတွင် လူကောင်းတစ်ယောက် ဖြစ်သော မြက်ဖိနပ်နှင့်လူငယ်လေးကတော့ အလွန်အေးစက်နေပုံရသည်။

အကယ်၍ လျှိုရှန်းယန်ကသာ သူ့ရှေ့တွင် ဒူးထောက်နေသော လုကျန့်ချွန်နှင့် အပေးအယူ သဘောတူလိုက်မည်ဆိုလျှင် သူက အများဆုံး အနည်းငယ်သာ ထိခိုက်သွားရနိုင်ပြီး အသက်အန္တရာယ် မရှိနိုင်ဟု တွေးခဲ့မိသည်။ သို့သော် ယခုတော့ လျှိုရှန်းယန်ကလည်း ထိုကဲ့သို့ တွေးလာခဲ့၏။

ထိုအချိန်တွင်တော့ ဆရာချီသာ ဝင်ရောက်နှောင့်ယှက်ခြင်းမရှိလျှင် ဖူနန်းဟွာကို သတ်ပစ်လိုက်သည့်အတွက် သူ၏ကံကြမ္မာအရ ယွင်ရှားတောင်နှင့် ‌နဂါးအိုမြို့တို့၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။ ကြောက်စရာ အကောင်းဆုံးကတော့ မိန်းကလေးနင်က စည်းမျဉ်းများအကြောင်း သူ့ကို ပြောခဲ့ဖူးသည်။

အကယ်၍ မြို့ငယ်လေးမှဖြစ်သော လုကျန့်ချွန်ကသာ သူကိုယ်တိုင် သို့မဟုတ် လုမိသားစုက လျှိုရှန်းယန်ကို သတ်ချင်နေသည်ဆိုလျှင် ဆရာချီက သူတို့ကို တားဆီးလိမ့်မည် မဟုတ်ချေ။

ချန်းပင်အန်း၏ အတွေးများက ပြောင်းလဲသွားခဲ့၏။ လုကျန့်ချွန်က အရိုအသေ ပေးနေသေးသည့်အချိန်တွင် သူက အသံတိုးတိုးနှင့် လျှိုရှန်းယန်ကို ပြောလိုက်သည်။

"တကယ်လို့ မင်းက အဲဒါကို တကယ် မလုပ်ချင်ဘူးဆိုရင်တောင် သူ့ကို သဘောတူချင်ယောင်ဆောင်ပြီး အချိန်ဆွဲထားလိုက်...။ ငါတို့က ဆရာရွမ်ကို အရင်သွားတွေ့ပြီး မင်းကို တပည့်အဖြစ် လက်ခံနိုင်မလား ပြောကြမယ်.."

လျှိုရှန်းယန်က ခေါင်းညိတ်ပြီး လုကျန့်ချွန်ကို ပြောလိုက်သည်။

"ညီအစ်ကို …

မင်းက အရင်ဆုံး မတ်တပ်ရပ်လိုက်ပါ။ ပြီးမှ စကားပြောကြတာပေါ့။ မင်းက ဘာတွေလုပ်နေတာလဲ…"

လုကျန့်ချွန်က မတ်တပ်မရပ်ခဲ့ပေ။ လုကျန့်ချွန်က မော့ကြည့်လိုက်ရာ သူ၏မျက်နှာက နီရဲနေပြီး နဖူးက ယောင်ကိုင်းနေခဲ့သည်။

လျှိုရှန်းယန်က မသက်မသာ ပြောလိုက်ရ၏။

"မင်းက အရင်ဆုံးပြန်ပြီး သူတို့နဲ့ ဆွေးနွေးလိုက်ပါ။ ပြီးမှသင့်တော်တဲ့ ဈေးနှုန်းတစ်ခုနဲ့ လာခဲ့လိုက်...။ ငါ့ကိုတော့ ထပ်ပြီးအရူးမလုပ်နဲ့။ ငါက အရူးမဟုတ်ဘူး။ ကြေးပြား(၂၀၀) လား။ ငါက ငွေကြေးဆုံးရှုံးတာ မဆုံးရှုံးတာကို ပြောနေတာ မဟုတ်ဘူး။ အဲဒီအဆင့်မြင့်တဲ့သူတွေက ငါတို့ကို အထင်သေးသလို မဆက်ဆံစေနဲ့.."

လုကျန့်ချွန်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ဟုတ်တယ်။ မင်းသာ သဘောတူမယ်ဆိုရင် ငါ လုကျန့်ချွန်က အခုကစပြီး မင်းရဲ့ညီအစ်ကို ဖြစ်စေရမယ်။ မင်းက ငါ့ကို အသိအမှတ်ပြုပြု မပြုပြု ကိစ္စမရှိဘူး။ ငါက မင်းကို အသိအမှတ်ပြုတယ်.."

လျှိုရှန်းယန်က ဆက်လျှောက်သွားပြီး လုကျန့်ချွန်၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ သူတို့က လမ်းကြား၏ ဝင်ပေါက်ဆီသို့ အတူတူလျှောက်သွားပြီး သူ့ကို နှစ်သိမ့်လိုက်၏။

"အစ်ကိုလု …

မင်းက နောက်ပိုင်းမှာ အေးအေးချမ်းချမ်းနေဖို့အတွက် ငါ့ကို ခေါ်သွားရလိမ့်မယ်။ ဒီအပေးအယူ အောင်မြင်သွားပြီဆိုရင် ငါ မင်းကို အရက်တိုက်မယ်…"

လုကျန့်ချွန်က နဖူးကို သုတ်လိုက်ပြီး ဝမ်းသာအားရ ရယ်လိုက်သည်။

"အရက်သောက်တာက လွယ်လွယ်လေးပဲ မဟုတ်လား။ ဘာတွေခက်ခဲနေတာလဲ။ ပြီးတော့ ငါကပဲ မင်းကို ပြုစုပါ့မယ်…။ မင်းက ငါ့အတွက် ငွေကြေးသုံးလို့ ရနိုင်မလား။ ဒါဆိုရင်တော့ သဘောတူလိုက်ပြီနော်။ မဟုတ်ရင် ငါက ဒေါသထွက်မိလိမ့်မယ်.."

လျှိုရှန်းယန်က ရယ်ပြီး ပြောလိုက်သည်။

"မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်။ ငါက နောက်ပိုင်း မင်းနောက်ကို သေချာပေါက် လိုက်လာခဲ့မယ်…"

ချန်းပင်အန်းက သူတို့ (၂) ယောက်၏နောက်မှ လိုက်လာပြီး လမ်းကြားလေး၏နံရံကို အနည်းငယ်မှီ၍ လမ်းကြား၏ဝင်ပေါက်ဆီကို လှမ်းကြည့်နေခဲ့သည်။

…………

အဖြူဝတ်လူက စုန့်ကျိရှင်းကို သူ၏ကြီးကြပ်မှုအောက်တွင် ရှိနေသော ရုံးတော်ခန်းမထဲသို့ ခေါ်လာခဲ့သည်။ အဝေးမှရောက်လာသော ကျောင်းတော်မှ ဆရာလီက ဤနေရာတွင် စောင့်နေသည်မှာ နာရီဝက်ခန့် ရှိနေပြီးဖြစ်ကြောင်း အစောင့်က ပြောခဲ့သည်။

သူက အကြီးအကဲ တစ်ယောက်ဆီကိုသွားလည်ရန် ကျောင်းကိုသွားရမည်ဟု ပြောခဲ့၏။ စုန့်ချန်ကျင့်က ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

သူက မေးလိုက်၏။

"လမ်းကြားထဲမှာ သေနေတဲ့လုပ်ကြံသူက ဘယ်သူလဲဆိုတာ သိရပြီလား.."

အစောင့်က တိတ်ဆိတ်သွားခဲ့သည်။ စုန့်ချန်ကျင့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ဘာလဲ မသိရသေးဘူးလား…"

ထိုလူက ဦးညွှတ်ပြီး ကြောက်လန့်တကြား ပြောလိုက်၏။

"အဲဒါက ဖုလုလမ်းကြားထဲက စုန့်မိသားစုဝင်ပါ.."

စုန့်ချန်ကျင့်က ခနဲ့သလိုပြုံး၍ ပြောလိုက်သည်။

"မင်းက ငါ့ကို အံ့သြစရာကိစ္စတွေ ဘယ်လိုပြောရမလဲ မသိခဲ့ဘူးပဲ.."

အစောင့်က တစ်ကိုယ်လုံး ချွေးပြန်နေခဲ့သည်။ စုန့်ကျိ‌ရှင်းကတော့ တိတ်ဆိတ်နေခဲ့ပြီး သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။

………….

ကျောင်းတော်ထဲတွင် ချီကျန့်ချွန်က သူ၏စာအုပ်ကို ညင်သာစွာ ချထားလိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ တံခါးဝတွင်တော့ ဆံထိုးမြင့်မြင့်နှင့် ခပ်ချောချော လူငယ်လေးတစ်ယောက် ရပ်နေ၏။ သူက ပြုံးနေသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ချီကျန့်ချွန်၏မျက်နှာက တည်ငြိမ်ပြီး လေးနက်နေခဲ့၏။ မြို့ငယ်လေးထဲတွင်တော့ ထူးဆန်းသော အဝတ်အစားဝတ်ထားသည့် ဘုန်းတော်ကြီးတစ်ပါးက ခြေဗလာနှင့် လမ်းလျှောက်နေခဲ့သည်။ သူ့ပုံစံက ခါးကုန်းနေပြီး သူက သံကြိုးရေတွင်းဆီကို လျှောက်လာခဲ့၏။ သူက အလွန်နက်ရှိုင်းသော ရေတွင်းကိုကြည့်ပြီး လက်အုပ်ချီ၍ မျက်လုံးမှိတ်လိုက်သည်။ သူက တီးတိုးရေရွတ်လိုက်၏။

"ဗုဒ္ဓရဲ့မျက်လုံးထဲမှာတော့ ရေတစ်ခွက်မှာ ပိုးကောင် (၁၀၈၀၀၀)ရှိတယ်…"

မြို့အပြင်ဘက်တောင်ထိပ်တစ်ခုပေါ်တွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်၌ လူတစ်ယောက် ရပ်နေခဲ့သည်။ သူက မြို့ကြီးတစ်ခုလုံးကို ကြည့်နေပြီး သူ၏ခါးတွင် ကျားပုံစံအဆောင်နှင့် နောက်ကျောတွင် ဓားရှည်တစ်လက် ရှိသည်။

ထိုကမ္ဘာကြီး၏ အပြင်ဘက်တွင် …

အပေါ်ဘက်သို့ စောင်းသွားသော လမ်းမရှည်ကြီးတစ်ခုက ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသည့်အလား ထင်မှတ်ရသည်။ အဝါရောင်သရဖူနှင့် တာအိုသခင်မ တစ်ယောက်က အဖြူရောင်သမင်တစ်ကောင်ကို စီးနင်းလာပြီး လမ်းမပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။

သူမ၏ဘေးတွင်တော့ ကျောက်စိမ်းကဲ့သို့ မျက်နှာရှိနေသော တာအိုသခင်တစ်ယောက် ရှိသည်။ သူ၏ခြေလှမ်းများက ရေလှိုင်းများ စီးဆင်းသကဲ့သို့ ဖြစ်နေ၏။ သူ၏ပတ်ပတ်လည်တွင်တော့ နှုတ်ခမ်းမွှေးရှည်ရှည်နှင့် ငါးကြီး (၂) ကောင်ရှိနေပြီး တစ်ကောင်က အနီရောင် တစ်ကောင်က အစိမ်းရောင် ဖြစ်သည်။

တာအိုလမ်းစဉ်၊ ကွန်ဖြူးရှပ်လမ်းစဉ်နှင့် စစ်ကျောင်းတော်၊ ဘာသာကြီး (၃) မျိုးနှင့် မိသားစုတစ်ခုက မြို့ထဲတွင် စုစည်းလာကြတော့မည် ဖြစ်သည်။

မြို့တောင်ဘက် စမ်းချောင်းလေးထဲတွင် ရှိနေသော ပန်းပဲဖိုတွင်တော့ သားအဖ (၂) ယောက်က ပန်းပဲထုဆစ်နေကြသည်။ မီးပွားလေးများကလည်း မီးတောက်မိုးရေစက်များကဲ့သို့ ပျံသန်းလာနေခဲ့၏။

ထိုလူက ဓားသန္ဓေတစ်ခုကို ကိုင်ထားပြီး မြင်းမြီးဆံပင်နှင့် မိန်းမပျိုကို တူထုရန် ပြောလိုက်သည်။

"ဒီအချိန်အတောအတွင်း မြို့ထဲကို မသွားနဲ့…"

ထိုမိန်းမပျို၏လက်အစွမ်းက ချက်ချင်း အားနည်းသွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အားအင်များအားလုံးက မြို့ထဲတွင် ရှိနေသော မုန့်များနှင့်အတူ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

ထိုလူကြီးက ဒေါသတကြီးရယ်ပြီး ပြောလိုက်၏။

"တော်တော်အသုံးမကျတာပဲ…"

မိန်းမပျိုက သူ၏ဝမ်းနည်းမှုများကို စွမ်းအားများအဖြစ် ပြောင်းလဲလိုက်ပြီး အနီရောင်ဓားကို အားနှင့် ထုလိုက်သည်။ တောက်ပသော မီးပွားများအောက်တွင် ထိုမိန်းမပျိုက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရ၏။

Translated by Hein Htet.

All Chapters